ရေအလှူရှင်မယ်ကြည်လင်

သုပသန္နာဟူသောပါဠိစကားအရ အလွန်တရာကြည်လင်လှစွာသော ရေကိုလည်း ကောက်ယူနိုင်၏။ အလွန်တရာကြည်လင်လှစွာသော သဒ္ဓါတရားကိုလည်း ကောက်ယူနိုင်၏။
မည်သည့်အနက်အဓိပ္ပါယ်ကိုကောက်ယူသည်ဖြစ်စေ ဤအမည်နာမသည် ဤမိန်းကလေးနှင့်လိုက်ဖက်နေသည်သာ ဖြစ်ပေသည်။
နေကျက်ကျက်ပူနေချိန်တွင် ခရီးသွားရဟန်းတစ်ပါးသည် သုပသန္နာတို့ပဲနုတ်နေသည့် ပဲလွန်းခင်းနားသို့ ကြွလာ၏။ ရဟန်းသံဃာကိုဖူးလိုက်ရသည်ဆိုလျှင်ပင် သုပသန္နာသည် ရွှင်ရွှင်လန်းလန်းဖြစ်ကာ လက်အုပ်ချီ၍နေ၏။
မကြာမီမှာပင်ခရီးသွားရဟန်းကလည်း သုပသန္နာ၏လက်အုပ်ရှေ့သို့ရောက်လာ၏။
သုပသန္နာသည် ခရီးသွားရဟန်း၏မျက်နှာပြင်ကိုကြည့်ရှု့လိုက်ရာ အလွန်တရာရေဆာလှသဖြင့် ပင်ပန်းနွမ်းနယ်နေသည်ကို တွေ့လိုက်ရ၏။
ဤတွင်သုပသန္နာသည် သစ်ပင်ရိပ်မှာခေါင်းခုကရွတ်ခွေခံ၍ တည်ထားသောသောက်ရေအိုးကို ဆက်ကပ်လိုက်၏။ အလွန်တရာရေဆာနေသည့် ရဟန်းကလည်း အားရပါးရမော့၍သောက်လိုက်ရာ အိုးတစ်ဝက်လောက်ကုန်သွားပေသည်။
မိမိဆက်ကပ်သောရေကို အားရပါးရဘုန်းပေးနေသည်ကိုကြည့်ကာ သုပသန္နာသည် ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။
အိုးသစ်ထဲကရေသည်ညစ်ကျူမထင် သန့်ရှင်းကြည်လင်နေသကဲ့သို့ပင် သုပသန္နာ၏စိတ်ကလည်း သန့်ရှင်းကြည်လင်နေ၏။
အိုးသစ်ထဲကရေသည် ပူလောင်ခြင်းမရှိ၊ အေးမြခြင်းအတိပြီးနေဘိသကဲ့သို့ပင် သုပသန္နာ၏စိတ်သည်လည်း ပူလောင်ခြင်းမရှိ အေးမြခြင်းအတိပြီးလျက်ရှိ၏။
အကြောင်းဆုံလာသည့်အခိုက်ကလေးတွင် မိမိနှင့်ထိုက်တန်၍ အရယူလိုက်သော ကုသိုလ်ကောင်းမှုအစုအပုံကလေးကို အာရုံပြုကာ မိမိဘာသာ သာဓုခေါ်၍နေမိ၏။ ရေဆာသည့်ဒုက္ခပြေငြိမ်းသွားပြီဖြစ်၍ လိုရာခရီးသို့ဆက်လက်ကြွသွားသော ရဟန်းဆီသို့ သူ့လက်အုပ်က ချီလျက်သာ ရှိနေသေး၏။
သို့ရာတွင် သုပသန္နာမှာ ကြာရှည်သဖြင့်ကြည်ညိုနေခွင့်မရနိုင်ပါ။
ပဲနုတ်ရာတွင်ပါဝင်ကြသော ယောက်များများ၊ မိန်းမများက
သှူရှိရာပြေးလာကြပါပြီ။ နေပူကကြမ်းကြမ်း၊ အလုပ်ကလည်းပင်ပန်းလှသဖြင့်
သူတို့အားလုံးရေငတ်နေကြပါပြီ။
ထို့ပြင်သုပသန္နာက ခရီးသွားရဟန်းအား သောက်ရေအိုးနှင့်တကွဆက်ကပ်လိုက်သည်ကို လှမ်းမြင်မိကြသဖြင့် မိမိတို့အတွက်ဝေစုမကျန်မှာလည်း စိုးလာကြ၏။
ထို့ကြောင့်သောက်ရေအိုးရှိရာသို့ သူ့ထက်ငါအပြေးအလွှား ပြေးလာကြရာ ရှေးဦးစွာရောက်လာသူများက ရေ၀၀သောက်ရ၍ နောက်ကျသူများအတွက်ကား အိုးဖင်ကပ်သာ ကျန်ပေတော့သည်။
ဤယာတောတစ်ပြင်လုံး၌ သောက်ရေရနိုင်သည့်နေရာဟူ၍ လုံးဝမရှိပေ။ ချောင်း၊
မြောင်း၊ အင်း၊ အိုင်များလည်း မရှိပေ။ မိုးရေကိုသာ အားကိုးရသည့်
ယာတောများဖြစ်ကြသဖြင့် သောက်ရေကိုရွာက ထွက်လာကတည်းက လုံလောက်အောင်
ခပ်လာကြရ၏။
ယခုတော့ သုပသန္နာက ခရီးသွားရဟန်းကို ဦးဦးဖျားဖျား ကပ်လှူလိုက်သဖြင့် မလောက်မငဖြစ်ကုန်ကြရပေပြီ။
ထို့ကြောင့်လုပ်ဖော်ကိုင်ဖက် ယောက်ျား မိန်းမများသည် သုပသန္နာအား ရေတစ်အိုးအစားခပ်ပေးရန် ဒေါသတကြီး တောင်းဆိုကြ၏။
သုပသန္နာကလည်း လှူစဉ်တုန်းကပင် ဤသို့ရည်မှန်းထားခဲ့ပြီးဖြစ်၍ သောက်ရေအိုးကိုအသာရွက်၍ ထွက်ခွါလာခဲ့ပေသည်။
နွေဦးကာလ မွန်းတည့်နေ၏ အပူရှိန်သည်ပြင်းထန်လှပေ၏။ နေပူရှိန်ပြင်းထန်လွန်းသဖြင့်ပတ်ဝန်းကျင်လေထုတစ်ခုလုံးကပါ ပူလောင်နေ၏။ တံလှပ်တွေက တရိပ်ရိပ်ထနေ၏။ အောက်ခံမြေပြင်မှာလည်း မနင်းရဲလောက်အောင် ပူလောင်နေ၏။
သို့ရာတွင် သုပသန္နာကတော့ သုံးဖက်သုံးတန်ဝိုင်းအုံနေသော
ဤအပူများကိုအလေးမထားပါ။ ကံကောင်းထောက်မ၍ အရယူနိုင်ခဲ့သော
ရေကုသိုလ်ကလေးကိုသာ ထပ်ကာထပ်ကာ အာရုံပြုလာခဲ့၏။ အလှူဒါနနှင့်စပ်၍
သံဃာတော်အရှင်မြတ်များဟောကြားခဲ့သည့် တရားတို့ကိုနှလုံးသွင်း၍ လာခဲ့၏။
အလှူဒါနအရင်းခံအကြောင်းတရားသည်ကား သဒ္ဓါတရားဖြစ်၏။ မလှူမီက၀မ်းသာခြင်း၊ လှူနေဆဲမှာဝမ်းသာခြင်း၊ လှူပြီးသည့်နောက် ၀မ်းသာခြင်းဟူ၍ သဒ္ဓါတရားနှင့်ပြည့်စုံနေခြင်းသုံးမျိုးရှိကြကုန်၏။ ပြည့်စုံခြင်းသုံးမျိုးဖြင့် ပြည့်ဖြိုးနေသော သဒ္ဓါတရားဖြင့်ပြုလုပ်အပ်သောအလှူဒါနသည် အနည်းငယ်မျှသာဖြစ်သော်ငြားလည်း အချိန်ကာလမခြားဘဲ အကျိုးထူးပေးနိုင်ပေသည်။
အလှူဒါနသည် နတ်ပြည်ရောက်ခြင်း၏ အကြောင်းရင်းဖြစ်၏။ မြှုပ်နှံထားသော ရွှေအိုးနှင့်တူ၏။ ဘ၀သံသရာကျင်လည်ရာဘုံဘ၀တိုင်းသို့ လိုက်ပါ၍ အကျိုးပေးနိုင်၏။ လူသားအားလုံး၏အလိုဆန္ဒကို ပြည့်ဝစေနိုင်၏။ အတုမရှိသော ဆေးကောင်းတစ်လက်ဖြစ်၏။
အလှူဒါနသည် ဘေးအန္တရာယ်ကျရောက်လာသောအခါမျိုးတွင် အားကိုးရသောအဆွေခင်ပွန်းကောင်းဖြစ်၏။ အလိုရှိသမျှရရှိစေနိုင်သော ဣစ္ဆာသယပတ္တမြားလုံးနှင့်တူ၏။ အရံသင့်ခူးခပ်၍ စားနိုင်သောထမင်းအိုးနှင့်တူ၏။ အလိုရှိရာခူးဆွတ်သုံးဆောင်နိုင်သည့် နတ်တို့၏ ပဒေသာပင်နှင့်လည်း တူပေ၏။
ဤသို့စသောအလှူဒါန၏ ဂုဏ်ကျေးဇူးတို့ကို အာရုံပြုရင်းတစ်ယောက်တည်းလှမ်းလာခဲ့ရာ မကြာမီမှာပင် သူ့ခြေလှမ်းများရပ်တန့်သွားကြရပေတော့သည်။
ဘိုးဘေးဘီဘင် အစဉ်အဆက်မှစ၍ ဤနေရာဤဌာနသည် ဖုန်းဆိုးမြေဖြစ်ခဲ့၏။
ချောင်းရေမြောင်းရေ မရနိုင်သဖြင့် စပါးခင်းများမလုပ်နိုင်။ ယာခင်းများသာ
လုပ်၍ရ၏။ မိုးတွင်းကာလများတွင်သာ မြေစိုစိုရေစိုစိုရှိ၍
မိုးကုန်သွားသည်နှင့် ယာတောမြေတစ်ခွင်လုံးခြောက်သွေ့သွားတော့၏။
ထိုမျှလောက်ခြောက်သွေ့လာခဲ့သော ဖုန်းဆိုးမြေတွင် ယခုတော့ချောင်းရေသွင်သွင်စီးဆင်းလျက်ရှိနေပေပြီ။ ရေစီးသန်သော်ငြားလည်း ချောင်းရေသည်နောက်ကျိကျိဖြစ်မနေပေ။ သောက်ချင်စဖွယ် ချိုးချင်စဖွယ် ကြည်ကြည်လင်လင်ရှိနေပေသည်။ အေးအေးမြမြရှိနေပေသည်။
အကယ်၍ချောင်းကလေးကို ပါဠိဘာသာဖြင့်အမည်မှည့်ခေါ်ရပါလျှင် သုပသန္နာဟူ၍ပင် မှည့်ခေါ်ရပါလိမ့်မည်။
မကြုံစဖူးထူးကဲလှသောမြင်ကွင်းကို တွေ့မြင်လိုက်ရသဖြင့် သုပသန္နာမှာတအံ့တသြဖြစ်သွားရ၏။ `အမှန်တကယ် ဟုတ်မှဟုတ်ပါမည်လော´ဟုတွေးတောကာ ကမ်းပါးစပ်မှ မ၀ံ့မရဲနှင့် ဆင်းကြည့်မိ၏။
အေးမြသောရေအတွေ့ကို ကိုယ်တိုင်ခံစားလိုက်ရခါမှ မိမိ၏အလှူဒါနကြောင့် လက်ငင်းဒိဋ္ဌရရှိလာသည့် အကျိုးတရားဖြစ်ကြောင်းသဘောပေါက်လာပေသည်။ ဤတွင်မှသုပသန္နာသည် ခေါင်းပေါ်ကရေအိုးကို ကမ်းစပ်သဲပြင်မှာအသာအယာချကာ ချောင်းရေအေးအေးထဲသို့ ဆင်း၍ကူး၏။ ခံစားလာခဲ့ရသမျှ အပူဒဏ်များကို ချောင်းရေထဲမှာ မျှောပစ်လိုက်၏။
စိတ်တိုင်းကျရေချိုး၍ ရေကူး၍ပြီးခါမျှ ချောင်းရေကြည်ကြည်အေးအေးကို အိုးနှင့်အပြည့် ခပ်ယူလာခဲ့ပေသည်။ ရေမရှိခဲ့ဘူးသောနေရာမှ ရေခပ်၍ ပြန်လာသည်ကိုတွေ့ရသဖြင့် ရွာသူရွာသားများ တအံ့တသြဖြစ်ရ၏။
သုပသန္နာပြောပြသည့်စကားများကို အယုံရခက်နေသဖြင့် ကိုယ်တွေ့မျက်မြင်ဖြစ်အောင်လိုက်၍
ကြည့်ကြသောအခါတွင်ကား ထို့ထက်ပို၍ အံ့သြကြရပေသည်။ ရေအလှူရှင် သုပသန္နာအတွက်
စိတ်တိုင်းကျ ရေချိုးနိုင်ခဲ့သော စိတ်တိုင်းကျကူးခတ်နိုင်ခဲ့သော ချောင်းကလေးသည် အခြားသူများအတွက်ကား လုံးလုံးလျားလျား ကွယ်ပျောက်၍နေပေသည်။ ဤတွင်မှ ရေအလှူရှင်မိန်းကလေးက
``ဤချောင်းရေသည် ကျွန်တော်မ၏ ရေအလှူကုသိုလ်ကံကြောင့်ပေါ်ပေါက်ခဲ့သည်ဟုတ်မှန်ငြားအံ့။ လူသားအားလုံးနှင့်တကွ ကျေးငှက်တိရစ္ဆာန်သက်ရှိသတ္တ၀ါအားလုံးတို့သုံးဆောင်နိုင်ရန် ဖြစ်ပါစေသတည်း။´´
ဤသို့ မိမိပြုခဲ့သော ကုသိုလ်ကောင်းမှုကိုတိုင်တည်၍ အဓိဋ္ဌာန်ပြုလိုက်၏။ ဤတွင်မှ ရွာသူရွာသားတို့၏မြင်ကွင်းတွင် တသွင်သွင်စီးဆင်းနေသည့် ချောင်းရေအလျဉ်ထင်ရှားလာပေသည်။ သူပသန္နာ၏ မိသားစုများနှင့်တကွ ရွာသူရွာသားများသည် သောက်ရေသုံးရေလုံလောက်စွာရရှိသော ချောင်းကလေးနားသို့ ပြောင်းရွေ့လာခဲ့ကြ၏။
ရွာဦးထိပ်တွင် ကျောင်းတိုက်တာတစ်ခုလည်း ပေါ်ပေါက်လာ၏။ သုပသန္နာသည် မိသားစုနှင့်တကွ ထိုကျောင်းတိုက်မှရဟန်းသံဃာတော်များ၏ အဆုံးအမကိုခံယူကာ ကုသိုလ်ကောင်းမှုများ ဆက်လက်၍ ဆည်းပူး၏။
ဤသို့ဖြင့် ကုသိုလ်ကောင်းမှုများဆက်ကာဆက်ကာ ပြုလုပ်လာခဲ့၍ သက်တမ်းကုန်ဆုံးသောအခါ နတ်ပြည်သို့လားရောက်ရ၏။ ပြုခဲ့ဖူးသောကုသိုလ်ကံအားလျော်စွာ သုပသန္နာနတ်သမီး၏ ဘုံဗိမာန်ပတ်ပတ်လည်တွင် ကြာမျိုးငါးပါးဖုံးလွှမ်းလျက်ရှိသော ရေကန်ကြီးများပေါ်ပေါက်လာကြပေသည်။
(ဂါမဒါယိကာမ၀တ္ထုကို အမည်နာမတပ်၍ ရေးသားပါသည်။)
(၀ဏ္ဏသီရိ)
စာစီစာရိုက်ဓမ္မဒါနကုသိုလ်- ဓမ္မပန်းခင်း
No comments:
Post a Comment