အဒိန္နဒါန ပါရာဇိက မူလပညတ်
အမှုသည်= ရှင်ဓနိယ
အမှု= ဘုရင်၏သစ်တော်ကို လှည့်စားယူမှု
အရှင်ဓနိယကျောင်းကလေး
အရှင်ဓနိယသည် ရာဇဂြိုလ်မြို့ဣသိဂိလိတောင်ကမ်းပါး၌ မြက်မိုးမြက်ကာ ကျောင်းကုဋ်ကလေးတဆောင်ဆောက်၍ နေ၏။ အခါတပါး၌ သူဆွမ်းခံသွားစဉ် မြက်ရိပ်သမားနှင့်ထင်းခုတ်သမားတို့သည် မြက်ကျောင်းကုဋ်ကလေးကိုဖျက်၍ မြက်နှင့်ထင်းတို့ကို ယူသွားကြလေသည်။ ထို့အတူသုံးကြိမ်တိုင်အောင် ထိုကျောင်းကလေးမျိုးကိုဆောက်၍ သုံးကြိမ်တိုင်အောင်ပင် အဖျက်အဆီးအယူအငင်ခံရလေသည်။ အရှင်ဓနိယသည် အိုးလုပ်ငန်း၌ကောင်းစွာကျွမ်းကျင်သောအိုးထိန်းသည်၏သားဖြစ်ရကား ထိုမြက်ကျောင်းကုဋ်ကလေးမျိုးနောက်ထပ်မဆောက်တော့ဘဲ ရွံ့တွေကိုကိုယ်တိုင်နယ်၍ မြေကျောင်းကလေးလုပ်ပြီးလျှင် မီးဖုတ်လိုက်သည့်အခါ နီနီရဲရဲနှင့်အလွန်ရှု့ချင်စဖွယ်ကောင်းသော မြေတိုက်ကလေးဖြစ်လာလေသည်။
ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်မှဆင်းတော်မူလာသောအခါ ထိုမြေတိုက်ကလေးကိုမြင်တော်မူ၍ ``ဤမောဃပုရိသသည် မြေတိုက်လုပ်ဘို့ရန် မြေတူးစဉ် မြေကိုရွံ့ဖြစ်အောင်နယ်စဉ်မီးဖုတ်စဉ်တုန်းက ပျက်စီးရှာမည့်ပိုးကောင်ကလေးများကိုမှ မသနားလေရော့သလား၊ သူလုပ်ပုံကိုအတုလိုက်၍ နောင်လာနောက်သားတို့သည် အလုပ်ကိစ္စဆိုင်ရာဝယ် ပိုးမွှားတိရစ္ဆာန်ကလေးများကိုသတ်လို့ပါဏာတိပါတကံမထိုက်ဟု အထင်မှားရစ်ဖွယ်ရှိသည်´´ဟုမိန့်တော်မူပြီးလျှင် ``နောင်ခါဤမြေတိုက်မျိုး မလုပ်ရ´´ဟု သိက္ခာပုဒ်ပညတ်တော်မူလေသည်။ ထိုမြေတိုက်ကလေးကိုလည်း အဖျက်ခိုင်းတော်မူလေရာ ရဟန်းများသွား၍ဖျက်ကြလေသည်။ အရှင်ဓနိယသည် အခြားတနေရာမှကျောင်းတိုက်ကလေးဖျက်သံကြား၍လာပြီးလျှင်``ဘာကြောင့်ဖျက်ကြပါသလဲ´´ဟုမေးရာ``မြတ်စွာဘုရားက အဖျက်ခိုင်း၍ ဖျက်ကြောင်းကိုပြောကြလေသော် ``ဘုရားရှင်ကခိုင်းစေလျှင် ဖျက်ကြပါတော့´´ဟု ကျေကျေနပ်နပ်ပင်ခွင့်ပြုရှာလေသည်။
မှတ်ချက်။ ။ ဤ၀တ္ထု၌ ကျောင်းတိုက်ကလေးအဖျက်ခိုင်းပုံကိုထောက်၍ ယခုကာလ၌လည်း ရဟန်းများနှင့်မအပ်စပ်သော ပရိက္ခရာတစုံတခုကိုသုံးစွဲနေတာတွေ့လျှင် ၀ိနည်းဓိုရ်ပုဂ္ဂိုလ်သည် ထိုမအပ်သောပရိက္ခရာကို(ထိုဥစ္စာရှင်အား အာပတ်မသင့်စေလိုသော စိတ်ကောင်းဖြင့်)ဖျက်ပစ်ကောင်း၏ဟု အဋ္ဌကထာမိန့်သည်။
``ငါ၏မြက်ကျောင်းကလေးများကို သူတပါးတို့ဖျက်ဆီးယူသွားခြင်းခံရသည်မှာ ၃-ခါရှိပြီ။ မြေတိုက်ကလေးကိုလည်း ဘုရားရှင်အဖျက်ခိုင်းတော်မူသောကြောင့် ရဟန်းအများဖျက်သွားကြလေပြီ။ ဗိမ္ဗိသာရမင်း၏သစ်တော်တို့ကိုရေတွက်မှတ်သားရသော သစ်တောဘက်ဆိုင်ရာစာရေးကြီးတစ်ယောက်ကား ငါ့မိတ်ဆွေဖြစ်ဖူး၏။ သူ့အထံမှာသစ်သားတို့ကိုတောင်း၍ သစ်သားကျောင်းငယ်ဆောက်လုပ်ရလျှင် ကောင်းမှာဘဲ´´ဟု အရှင်ဓနိယမှာ အကြံဖြစ်လေသည်။ ဤသို့ကြံပြီးနောက် စာရေးကြီးထံသစ်များကိုတောင်းလေသော် ``အရှင်ဘုရား လှူရန်သစ်များမရှိပါ။ မြို့ကိုပြုပြင်ရန်ထားသော ဘုရင့်သစ်တော်များသာ ရှိပါသည်။ ထိုသစ်တော်တို့ကို မင်းတရားက လှူစေဟုအမိန့်ချလျှင် အရှင်ဘုရားယူပါတော့´´ဟု လျှောက်လေလျှင် အရှင်ဓနိယလည်း ``မင်းတရားက လှူပြီးသားပဲ´´ဟု ညာဖြန်းပြောဆို၍ သစ်တော်တို့ကိုလှည်းဖြင့်တိုက်ယူစေလေသည်။
ထိုကိစ္စအတွက် ဆိုင်ရာအမတ်တို့က သစ်တောစာရေးကြီးကိုဖမ်းကြသဖြင့် ရှင်ဓနိယကိုယ်တိုင် ဘုရင့်ထံသို့ဝင်ကာ ``ဘိသိက်ခံစဉ်တုန်းက မြက်ထင်းရေများကို ရဟန်းပုဏ္ဏားတို့အား ပေးလှူပါသည်´´ဟု မင်းတရားပြောဘူးသောစကားကြောင့် သစ်တော်များကိုယူမိကြောင်းရှင်းပြလေသည်။ ``ထိုစကားမှာ တောထဲ၌ပိုင်ရှင်မရှိသော မြက်ထင်းရေတို့ကိုရည်ရွယ်ပြောသော စကားဖြစ်ပါတယ်။ ယခုလိုပိုင်ရှင်ရှိသော အရာကို မဆိုလိုပါ။ ကိုယ်တော်ဟာ သေသောက်ကြူးလက်ရောက်ပြီးဖြစ်လျက် အမွေးတန်ဘိုးရှိ၍ လူတယောက်ကနှုတ်ယူသောကြောင့် အသတ်မခံရသော သိုးကလေးကဲ့သို့ ဘုရားရှင်၏အရေအမွှေးတော်ကြောင့် သတ်လောက်သောအပြစ်မှလွတ်ရပါတယ်။ နောင်လဲ ဤအမှုမျိုးမပြုပါနှင့်´´ဟု ပြောဆိုလွှတ်လိုက်လေသည်။ (ရှင်ဓနိယက သူ့အပြစ်ကိုဝန်ခံသောကြောင့် စာရေးကြီးလည်းလွှတ်ရမည်သာ။) ထိုအကြောင်းကို အရပ်သူအရပ်သားတို့ သိသဖြင့် ကဲ့ရဲ့ကြရာ တဆင့်စကားတဆင့်နားဖြင့် ဘုရားရှင်ထံတော်ပါးသို့ ရောက်သွားလေသော် ဘုရားရှင်လည်း မောဃပုရိသ= အလကားယောက်ျားဟု ကဲ့ရဲ့ပြစ်တင်တော်မူလေသည်။ (အရှင်ဓနိယသည် ဤနေရာဝယ် ကဲ့ရဲ့ရှုတ်ချခံရသော်လည်း နောင်အခါ၌မူ တရားရ၍ရဟန္တာဖြစ်လေသည်။ ဥပနိဿယေ သတိပိ တသ္မိံခဏေ မဂ္ဂေ၀ါ ဖလေ၀ါ အသတိ မောဃပုရိသာတိ ၀ဒန္တိယေ၀ ဓနိယ ဥပသေနတ္ထေရာဒိကာဝိယ။ သာရတ္ထဋီကာ၊
ပဌမပါရာဇိကအဖွင့်။)
ထိုအမှုရောက်လာချိန်မှာ တရားသူကြီးလုပ်ခဲ့ဖူးသော ရဟန်းတပါးလည်း ဘုရားအနီး၌ရှိလေရာ ``ဗိမ္ဗိသာရမင်းသည် ဘယ်လောက်တန်ဘိုးရှိသော ပစ္စည်းကိုခိုးလျှင် ထိုသူ့ကိုဖမ်း၍ညှင်းဆဲမှုချုပ်ထားမှု တိုင်းပြည်မှနှင်ထုတ်မှုကို ပြုသနည်း´´ဟု ဘုရားရှင်မေးတော်မူလေသည်။ ထိုအခါ တရားသူကြီးဟောင်းရဟန်းက ``ငွေစင်တမတ်ကိုဖြစ်စေ၊ တမတ်တန်ပစ္စည်းကိုဖြစ်စေ ခိုးလျှင် ညှင်းဆဲမှုစသည်ကို ပြုပါကြောင်း´´လျှောက်လေသော် ထိုလျှောက်ချက်အရ ရာဇဂြိုလ်ပြည်သုံးဖြစ်သော ``ငွေတမတ် သို့မဟုတ် တမတ်တန်ခိုးလျှင် ပါရာဇိကကျစေ´´ဟု ``ယောပနဘိက္ခု အဒိန္နံ ထေယျသင်္ခါတံ အာဒိယေယျ´´မှစ၍ ပါရာဇိကောဟောတိ အသံဝါသော´´တိုင်အောင် မူလပညတ်ကို ထားတော်မူလေသည်။ (ထိုသိက္ခာပုဒ်ပညတ်တော်မူချိန်၌ ရာဇဂြိုလ်ပြည်ဝယ် ``ရွှေ ၅ပဲသား၊ ငွေ ၅ပဲသား၊ ကြေးနီ ၁၀ပဲသား၊ ပေါင်း ပဲ၂၀ကို တကျပ်´´ဟု သုံးစွဲ၏။ ထို့ကြောင့်ပြခဲ့သော ရွှေ၊ငွေ၊ကြေးနီပေါင်းထားသော ၅ပဲသားကို တမတ် ခေါ်သည်ဟု မှတ်။)
အနုပညတ်
အမှုသည်-ဆဗ္ဗဂ္ဂီရဟန်းများ၊ အမှု-ခ၀ါထုပ်ကိုခိုးမှု။
ထိုသိက္ခာပုဒ်ပညတ်တော်မူပြီးနောက် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခ၀ါဆိပ်ကမ်းသို့သွား၍ ခ၀ါသည်တို့၏အထုပ်ကြီးကို ခိုးလာလေသည်။ ထိုသို့ခိုးယူပြီးနောက် ဝေစုဝေနေသည်ကို အခြားရဟန်းတို့မြင်၍ ``ငါ့ရှင်တို့ တယ်ဘုန်းကြီးကြပါကလား၊ သင်္ကန်းချုပ်ဘို့အ၀တ်တွေ အများကြီးရလာသကိုး´´ဟု ပြောဆိုကြလေရာ ဘယ်မှာဘုန်းကြီးလို့တုံး၊ ခ၀ါဆိပ်က ခိုးလာကြတာဘဲ´´ဟု ပြောဆိုလေသည်။ ထိုအခါ ``သူများဥစ္စာကိုပိုင်ရှင်ကမပေးဘဲမယူရဘူး´´လို့ ပညတ်တော်မူထားတယ်မဟုတ်ပါလား။´´``ပညတ်ထားတာမှန်တယ်၊ အဲဒီသိက္ခာပုဒ်ကို မြို့ထဲရွာထဲအတွက် ပညတ်တာဖြစ်တယ်။ ယခုမြို့ပြင်ကယူတာဘဲ´´ဟု ဆင်ခြင်လဲကြသည်ကို ဘုရားရှင်အား ကြားလျှောက်ကြလေသော် ဘုရားရှင်သည် ``ဂါမာဝါရညာဝါ=ရွာမှမြို့မှဖြစ်စေ တောမှဖြစ်စေ´´ဟု ထည့်စွက်၍ အနုပညတ် ထပ်တော်မူရလေသည်။
သိက္ခာပုဒ် မြန်မာပြန်
အကြင်ရဟန်းသည် ရွာမှဖြစ်စေ၊ တောမှဖြစ်စေ၊ သစ္စာရှင်တို့သည် မပေးအပ်သော လူ့ဥစ္စာကိုခိုးလိုသောစိတ်(လိမ်ယူလို၊ ညာယူလိုသောစိတ်)ဖြင့် ယူအံ့။ အနည်းဆုံးအားဖြင့် တမတ်၊ တမတ်လောက်သောဥစ္စာကိုခိုးလျှင် အစိုးရမင်းတို့က ခိုးသူကိုဖမ်း၍ နှိပ်စက်ညှင်းဆဲမှု ချုပ်နှောင်မှု နှင်ထုတ်မှု တခုခုကို ပြုကြစေရာရှိ၏။ ``ဟဲ့သူခိုး၊ ဟဲ့လူမိုက်၊ ဟဲ့လူဖျင်း၊ ဟဲ့သူဝှက်´´ဟုဆဲဆိုကြိမ်းမောင်းမူလည်း ကြိမ်းမောင်းကြစရာရှိ၏။ ထိုတမတ် တမတ်တန်ကစ၍ ခိုးသောရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့်ပေါင်းသင်းခွင့် မရှိတော့ချေ။
ဒုတိယပါရာဇိကအင်္ဂါ
၁။ လူဇာတ်ရှိသူ(လူစင်စစ်)၏ ဥစ္စာဖြစ်ခြင်း။
၂။ သူတပါးဥစ္စာမှန်းသိခြင်း။
၃။ ခိုးလိုသောစိတ်ရှိခြင်း။
၎။ ဂရုပရိက္ခရာဖြစ်ခြင်း။
၅။ ခိုးယူခြင်း။ ဤအင်္ဂါ ၅ ပါးညီညွတ်မှ ပါရာဇိကအာပတ်သင့်၏။
၁။ လူဇာတ်ရှိသူ လူစင်စစ်၏ဥစ္စာကိုခိုးမှ ပါရာဇိကကျသောကြောင့် နတ်၊ဥစ္စာစောင့်စသော ပြိတ္တာ တိရစ္ဆာန်တို့၏ဥစ္စာကို ခိုးဝှက်ယူလျှင် ပါရာဇိကမကျ၊ သို့သော် ထုံးစံအတိုင်း ငါးပါးသီလကား ပျက်၏။
၂။ သူတပါးဥစ္စာမှန်းသိလျက် ခိုးယူမှ ပါရာဇိကကျသည်။ သူ့ဥစ္စာပင်ဖြစ်သော်လည်း ကိုယ့်ဥစ္စာထင်၍ ယူမိလျှင်၎င်း၊ ပိုင်ရှင်မရှိသော ပံသုကူဥစ္စာဟုထင်၍ ယူလျှင်၎င်း၊ ပါရာဇိကမကျ။ သို့သော် သိသောအခါ ပြန်ပေးရမည်။
၃။ ခိုးယူလို ဒမြတိုက်၍လုယူလို ညာယူလိုသောစိတ်ဖြင့် ယူမှ ပါရာဇိကကျသည်။ ခေတ္တခဏငှါးယူလျှင်၎င်း၊ အကျွမ်းဝင်သူဥစ္စာဖြစ်၍ ငါယူသည်ကို ကျေနပ်ပါလိမ့်မည်ဟု ထင်၍ယူလျှင်၎င်း ပါရာဇိကမကျ။
၎။ တမတ်-တမတ်တန်ဥစ္စာကို``ဂရု=ကြီးလေးသော+ပရိက္ခရာ=ပစ္စည်းအသုံးအဆောင်´´ဟု ခေါ်၏။ ထိုဂရုပရိက္ခရာကိုယူမှ ပါရာဇိကကျသည်။ တပဲတန်အထက် တမတ်တန်အောက်ယူလျှင် ထုလ္လစင်းအာပတ်၊ တပဲနှင့် တပဲတန်အောက်ယူလျှင် ဒုက္ကဋ်အာပတ်သင့်၏။
၅။ သည်းခြေပျက်၍ တကယ်ရှုးနေစဉ်၎င်း၊ ဘီလူးစသည် လှည့်၍စိတ်ပြန့်လွှင့်နေစဉ်၎င်း၊ ဒုက္ခဝေဒနာအပြင်းအထန်ခံနေရစဉ်၎င်း သူ့ဥစ္စာကိုယူမိသော်လည်း ပါရာဇိကမကျ။ အစဆုံးအမှုသည်ဖြစ်သော အရှင်ဓနိယလည်း ပါရာဇိကမကျ။
အဒိန္နဒါနအမျိုးမျိုး
မတရားသဖြင့်ယူခြင်း မရိုးမသားယူခြင်းဟုသမျှကို ဤသိက္ခာပုဒ်အရ `အဒိန္နဒါန´ဟု ခေါ်ရ၏။ ထိုအဒိန္နာဒါန်သည်
၁။ အာဒိယန - သူ့ဥစ္စာကို ကိုယ်ရအောင် တရားစွဲ၍ယူခြင်း။
၂။ ဟရဏ - သူ့ဥစ္စာကိုအရိုးခံအတိုင်း ဆောင်ယူသွားခြင်း၊ လမ်းကျမှလိုချင်၍ ယူခြင်း။
၃။ အ၀ဟရဏ - မိမိအထံအပ်နှံထားသည်ကို ပြန်တောင်းသောအခါ မပေးဘဲ (မအပ်ပါဘူးစသည်ဖြင့်လိမ်၍ညာ၍)ယူခြင်း။
၎။ ဣရိယာပထ၀ိကောပန - အသက်ရှိသောဥစ္စာကို သူ့နေမြဲဣရိယာပုတ်ပျက်အောင်ဖျက်၍ (နေရာပြောင်းအောင်ချောက်လှန့်၍)ယုခြင်း။
၅။ ဌာနာစာဝန - မြှုပ်ထားသော ရွှေအိုးစသည်ကို နဂိုနေရာမှရွေ့အောင်လုပ်၍ ယူခြင်း။
၆။ သင်္ကေတ၀ီတိနာမန - ကင်းခွန်ကောက်ရာအရပ်ကို ရှောင်လွှဲ၍ အခွန်မပေးဘဲသွားခြင်း။
၇။ သေယျာဝိဟာရ - ပုန်းရှိုးကွယ်ရှိုးခိုးခြင်း၊ အလေးတင်းတောင်းစဉ်းလဲ၍ ခိုးခြင်း။
၈။ ပသယှာဝဟာရ - ဥစ္စာရှင်ကိုလွှမ်းမိုးနှိပ်စက်၍ (ဒဏ်တပ်မည် ထောင်ချမည်၊ သပိတ်မှောက်မည် စသည်ဖြင့် ခြိမ်းချောက်၍) ယူခြင်း။
၉။ ကုသာဝဟာရ - မဲချရာ၌ မိမိကျသောညံ့သောမဲကို သူတပါး၏ ကောင်းသောမဲနှင့် လဲ၍ယူခြင်း။
၁၀။ ပဋိစ္ဆန္နာဝဟာရ - ဥယျာဉ်စသောအရပ်၌ သူတပါး၏လက်ဝယ်တန်ဆာကို မြက်စသည်ဖြင့်ဖုံး၍နောင်မှလာယူခြင်း။
၁၁။ ပရိကပ္ပါဝဟာရ - အ၀တ်ဖြစ်လျှင်ယူမည် အခြားဝတ္ထုဖြစ်လျှင်မယူဟု ကြံစည်စိတ်ကူး၍ အထုပ်ကိုယူခြင်း၊ မည်သည့်အရပ်လွန်မှ ယူမည်၊ ဒီအတွင်းမှာ ဥစ္စာရှင်မြင်လျှင်ခဏယူသလိုလုပ်၍ ပြန်ထားမည် စသည်ဖြင့် အရပ်ဌာနကိုကြံဆ၍ ယူခြင်း။(အဋ္ဌကထာတို့၏ ခိုးနည်း ၂၅-ပါးလာ၏။ ထိုတွင်တချို့မှာ သဘောတူဖြစ်၍ ခုဒ္ဒသိက္ခာလာတိုင်း ၁၁ပါးကိုသာ ရေးလိုက်သည်။)
သတိထားဘွယ် ။ ။ ဤဒုတိယပါရာဇိကသည် အလွန်သတိထားထိုက်သော အာပတ်တည်း။ (တိရစ္ဆာန်စသည်မဟုတ်သော) လူ့ဥစ္စာမှန်လျှင် မိခင်ဥစ္စာကိုပင်သော်လည်း ခိုးလိုသော လိမ်လိုညာလိုလှည့်စားလိုသော စိတ်ဖြင့်မယူကောင်း၊ ထို့ကြောင့် ဈေးသွား၍ကိုယ်တိုင် ကပ္ပီဝယ်ယူရာ၌ ကိုင်ကြည့်ရင်းက ခိုးယူချင်စိတ်ပေါက်လာလျှင် တနေရာဝှက်လိုက်ရုံဖြင့် အပြစ်သင့်နေတတ်၏။ ရထားသင်္ဘော၌ လက်မှတ်မပါဘဲစီးပြီးနောက် လက်မှတ်စစ်သည့်အခါ ရှောင်တိမ်းနေရုံမျှဖြင့်၎င်း၊ လက်မှတ်စစ်ရာအပေါက်မှမထွက်ဘဲ ရှောင်တိမ်း၍ထွက်ရုံဖြင့်၎င်း အပြစ်သင့်၏။ ကျောင်းသားကပ္ပိယ၏အသက်ကို (လူကြီးလက်မှတ်မယူရအောင်) ညာ၍ပြောခြင်း၊ ပါလာသောကုန်ပစ္စည်းများကို တန်ဆာမလုပ်ရအောင် ဟိုတခြားသည်တခြားထား၍ လှည့်ပတ်ခြင်း၊ သူတပါးထံအပ်နှံထားခြင်းတို့ကြောင့်လည်း အပြစ်သင့်တတ်၏။ ရထားသင်္ဘောစသည်၌ လူတို့ကအခွန်အကောက်မပေးရအောင်မိမိထံလာအပ်၍ ထိုပစ္စည်းကိုမိမိဝှက်ထားလျှင်လည်း အပြစ်သင့်၏။ တချို့အရပ်၌ ငွေထည့်လျှင်ထည့် မထည့်လျှင် သပိတ်မှောက်မည်ဟု ခြိမ်းခြောက်၍လည်း အပြစ်သင့်တတ်၏။ အလွန်မကြာသေးသောရှေးက ရဟန်းကလေးတပါးသည် ၀ိနည်းကိုစောစောက မသင်ခဲ့ဘဲ နောက်မှသင်ယူသောအခါ ဖြေ၍မရနိုင်သော အာပတ်သင့်နေမှန်းသိသဖြင့် ၀ိနည်းတက်ရင်း ချုံးချုံးချငိုရလေသတဲ့။
ထို့ကြောင့် ဤဒုတိယပါရာဇိကနှင့်စပ်၍ သင့်တတ်သောအပြစ်များကို အထူးသတိထားသင့်ကြပေသည်။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံ)
ဘုရားဥပဒေတော်ကြီး
စာစီစာရိုက်ကုသိုလ်ပြု - ဓမ္မပန်းခင်း
No comments:
Post a Comment