စကားတစ်ခွန်း

ဆိုခဲစေမြဲစေဟူသော ဆိုရိုးစကားသည် စကားတစ်ခွန်း၏ အတိမ်အနက်ကို ဖော်ပြသော နီတိစကားဖြစ်၏။
စကားကို လွယ်လွယ်ပေါ့ပေါ့်မပြောသင့်ကြောင်း၊ ပြောပြီးသည့်စကားကို မပြောင်းလဲသင့်ကြောင်းညွှန်းဆိုထားခြင်း ဖြစ်လေသည်။ ကတိတည်ပါစေဟု တိုတိုရှင်းရှင်းနှင့် လိုရင်းကို ညွှန်းဆိုထားခြင်းလည်း ဖြစ်လေသည်။
ဤလူ့ဘောင်ကြီး၌ လူမူဆက်ဆံရေးသည် လွန်စွာအရေးကြီးလှကြောင်း၊ စကားပြောဆိုမှုသည် အရေးပါလှကြောင်း၊ စကားပြောဆိုမှုကိုအကြောင်းပြု၍ ကိစ္စကြီးငယ်တို့ပြီးစီး အောင်မြင်သည့်ဖြစ်ရပ်များ များစွာရှိလေသည်။ မပြီးစီးမအောင်မြင်သည့်ဖြစ်ရပ်များလည်း များစွာပင်ရှိလေသည်။
စကားတစ်ခွန်းကို အသပြာတစ်သိန်းပေး၍ ၀ယ်ယူခြင်း၊ စကားတစ်ခွန်းကြောင့် အသတ်ခံရခြင်း၊ စကားတစ်ခွန်းကြောင့် အသက်ဘေးမှလွတ်မြောက်ခြင်းစသည့်ဖြစ်ရပ်များသည် ဤလူ့ဘောင်၌မြောက်များစွာရှိခဲ့သည်သာ ဖြစ်၏။
မြန်မာ့လူ့ဘောင်၌လည်း စကားတစ်ခွန်းကြောင့် ကောင်းကျိုးဆိုးကျိုးပေါ်ပေါက်လာသည့် ဖြစ်ရပ်များသည် အရိပ်အသွင်နိမိတ်ထင်ခဲ့ပုံကို ထပ်မံဖော်ပြရပေသည်။
အစားမှားသောကင်းဝန်
မင်းတုန်းမင်းကြီးယုံကြည်စိတ်ချမှုထားရှိသူ မှုးမတ်သေနာပတိတို့တွင် ကင်းဝန်မင်းကြီးလည်း ပါဝင်လေသည်။
ကင်းဝန်မင်းကြီး၏ငယ်နာမည်မှာ မောင်ချင်းဖြစ်၏။ မင်းတုန်းမင်းက မောင်ကောင်းဟု အမည်ပြောင်းပေးသည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ကုန်းဘောင်ခေတ်ဦးနိုင်ငံတော်ကိုထူထောင်ရာ၌ ယုံကြည်အားကိုးရသော လက်ရွေးစင်မှုးမတ်သေနာပတိများ ရှိခဲ့၏။ ယင်းတို့တွင် သေနတ်ဝန်ဦးကောင်းသည် နိုင်ငံတော်ထူထောင်ဖက်တစ်ဦးအဖြစ်ကိုပါ သတ်မှတ်ပေးအပ်လိုက်ခြင်းဖြစ်၏။
မင်းတုန်းမင်းသည် မိမိမင်းသားဘ၀ကတည်းကပင် မောင်ကောင်းကိုခေါ်ယူ၍ အိမ်တော်၌ အမှုထမ်းရွက်စေခဲ့၏။
ယင်းသို့ခေါ်ယူခြင်းမှာလည်း မောင်ကောင်း၏ အရည်အချင်းများကြောင့် ဖြစ်လေသည်။
မောင်ကောင်းသည် ကဗျာလင်္ကာစာပေအရပ်ရပ်ကို နှံ့စပ်ကျွမ်းကျင်သူဖြစ်၏။ ဓမ္မသတ်၊
ရာဇသတ်နှင့် ပိဋကတ်တော်စာပေများကိုလည်း လေ့လာတတ်ကျွမ်းသူဖြစ်၏။
မင်းတုန်းမင်းထီးနန်းသိမ်းပိုက်ပြီး နောက်ပိုင်း၌ မောင်ကောင်းသည် ဘွဲ့ထူးရာထူးအဆင့်ဆင့်အကြိမ်ကြိမ် တိုးတက်ချီးမြှင့်ခြင်း ခံရ၏။
`မင်းလှသိင်္ခသူ´ဘွဲ့မှသည်`သတိုးမင်းကြီးမဟာစည်သူ´ဘွဲ့အထိ အဆင့်ဆင့်တိုးမြှင့်ခြင်းခံခဲ့ရသည်။
သီပေါမင်းလက်ထက်တွင်မူ`သတိုးဓမ္မမဟာသက်တော်ရှည်´ဘွဲ့ကိုချီးမြှင့်ခြင်း ခံရပြန်သည်။ ထိုဘွဲ့သည် မင်းမှုထမ်းလောကတွင် အမြင့်ဆုံးဘွဲ့ကြီးပေတည်း။
မောင်ကောင်းသည် မင်းတုန်းမင်းလက်ထက် ၁၂၂၈-ခုနှစ်၊ မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းပြီးပြေပြီးနောက်တွင် ရေကင်း ကြီးကင်းများကို ကွပ်ကဲအုပ်ချုပ်ရသော ကင်းဝန်ရာထူးဖြင့်တိုးတက်ချီးမြှင့်ခြင်း ခံခဲ့ရ၏။ ထို့ကြောင့်ကင်းဝန်မင်းကြီးဟုအမည်တွင် ထင်ရှားနေခြင်းဖြစ်လေ၏။
ကင်းဝန်မင်းကြီးအသက်သုံးဆယ်ကျော်အရွယ် ရာထူးဘွဲ့ထူးမကြီးမြင့်သေးမီကာလတစ်နေ့တွင် မမေ့နိုင်သောဖြစ်ရပ်တစ်ခုကိုကြုံခဲ့ရဖူးသည်။ စကားတစ်ခွန်းကြောင့်ပေါ်ပေါက်လာသော အမှတ်ရဖွယ်ဖြစ်ရပ်ပေတည်း။
ထိုစဉ်က မောင်ကောင်းအပါအ၀င်အကြီးတော် ဘဏ္ဍာစာရေးများ ကွမ်းရေတော် ထီးတော်မိုးစသူတို့ မင်းတုန်းမင်း၏အနီးတွင် ရှိနေကြ၏။
``ဟေ့ မင်းတို့အထဲမှာ ဆန်တစ်စေ့ကစပြီး အပြန်သုံးဆယ်အထိကုန်အောင်စားနိုင်တဲ့သူ
ရှိသလား၊ စားနိုင်သူကို မြင်းတစ်စီးနဲ့ ပုဆိုးတစ်ထည်ဆုချမယ်ကွဲ့၊ အေး
ကုန်အောင်မစားနိုင်ရင်တော့ ဥယျာဉ်တော်မှာ ရေလောင်းရလိမ့်မယ်၊ ကဲ
ဘယ်သူစွမ်းသလဲ၊ စားကြည့်ကြပေတော့´´
မင်းတုန်းမင်းသည် ပျော်ရွှင်ရယ်မောလိုသဖြင့် အမှုထမ်းများကိုအကဲစမ်း ပြောကြားလိုက်ခြင်းဖြစ်၏။
``ကျွန်တော်မျိုး စားနိုင်ကြောင်းပါ ဘုရား´´
မောင်ကောင်းနှင့်အခြား ဘဏ္ဍာစာရေးဦးမိုးတို့ ပြိုင်တူပြောကြားလိုက်ခြင်းဖြစ်သည်။
``အိမ်း သည်လိုဆိုရင် ဘဏ္ဍာစိုးများက ဆန်ထုတ်ပေးကြပေတော့၊ ဆန်မထုတ်မီ ဆန်ဘယ်မျှလောက်ထုတ်ရမယ် တွက်ချက်ကြည့်ကြအုံးကွယ်ရို့´´
မင်းတုန်းမင်းက ခပ်ရွှင်ရွှင်ခပ်ပြုံးပြုံးဖြင့် မိန့်ကြားလိုက်သဖြင့် ဘဏ္ဍာစာရေးများနှင့်ဘဏ္ဍာစိုးများစားရမည့် ဆန်အရေအတွက်ကို စာရင်းပြုကြရသည်။
ဆန်တစ်စေ့မှနှစ်စေ့၊ နှစ်စေ့မှလေးစေ့၊ လေးစေ့မှရှစ်စေ့၊ ရှစ်စေ့မှတစ်ဆယ့်ခြောက်စေ့၊ တစ်ဆယ့်ခြောက်စေ့မှသုံးဆယ့်နှစ်စေ့၊ သုံးဆယ့်နှစ်စေ့မှခြောက်ဆယ့်လေးစေ့ စသည်ဖြင့်တစ်ပြန်တစ်ဆတိုး၍တိုး၍ရေတွက်ကြရ အကြိမ်သုံးဆယ်ရှိသောအခါ ဆန်စေ့ပေါင်း တစ်ရာ့ခုနှစ်ကုဋေကျော်လာသည်ကို တွေ့ကြရလေ၏။
၎င်းကိုတင်းဖွဲ့လိုက်သောအခါ ဆန်တင်းပေါင်းတစ်ထောင့်သုံးရာကျော်ဖြစ်လာ၏။(ဆန်တစ်တင်းမှာ ဆန်စေ့ပေါင်းခုနှစ်သိန်းခြောက်သောင်းလေးထောင်ရှိသည်ဟူသော မြန်မာ့ရိုးရာသင်္ကေတသင်္ချာနည်းဖြင့် တွက်ယူကြခြင်းဖြစ်၏။)
ဘဏ္ဍာစိုး၊ ဘဏ္ဍာစာရေးစသူတို့သည် တအံ့တသြဖြစ်ကြရသည်။ မောင်ကောင်းနှင့်ဘဏ္ဍာစာရေးဦးမိုးတို့မှာ အံ့သြရုံမကမျက်စိမျက်နှာပျက်လျက် ရှိနေကြ၏။ မင်းတုန်းမင်းကား သဘောတွေ့ကာ ပြုံးရွှင်၍နေလေသည်။
``ကျွန်တော်မျိုးစားနိုင်ကြောင်းပါဘုရား´´ဟု အဆိုပြုသူနှစ်ဦးတို့ ဆန်တင်းပေါင်းတစ်ထောင့်သုံးရာကျော်ကို မည်သို့ကုန်အောင်စားကြမည်နည်း။ လူတစ်ယောက်အဖို့ နှစ်ပေါင်းခြောက်ရာခန့်စားယူရမည့်ဆန်များပေတည်း။
မောင်ကောင်းတို့နှစ်ဦးသည် ၀န်ခံကတိအရ ဥယျာဉ်တော်၌ရေလောင်းရတော့မည်ဖြစ်၏။
ဥယျာဉ်တော်အတွင်း၌ သစ်ပင်ပန်းပင်ကမနည်းလှ။ ရေတွင်းထဲမှရေကို အပေါ်သို့ငင်ယူရဦးမည်။ ထိုရေကိုပုံးထဲသို့လောင်းထည့်ကာ သစ်ပင်ရှိရာသို့ သယ်သူရသွားရမည်။
မောင်ကောင်းသည် မိမိ၏အဖြစ်ကိုတွေးကြည့်ကာ စိတ်မသက်မသာရှိနေမိသည်။ မိမိသည်ဉာဏ်ပညာအမြော်အမြင်ရှိသူအဖြစ်နှင့်မင်းတုန်းမင်းက ခေါ်ယူမြှောက်စားခြင်းခံရသူဖြစ်၏။ ယခုထမ်းဆောင်ရမည့်ရေဒဏ်သည် မိမိနှင့်မည်သို့မျှမလျောက်ပတ်ပါကလား။ ရှက်ဖွယ်ရာပါကလား။
ယင်းသို့လျှင်မောင်ကောင်းသည် မိမိ၏အမှားကိုနောင်တဖြစ်လျက်ရှိနေစဉ် မင်းတုန်းမင်းသည်အခြွေအရံများနှင့်အတူဥယျာဉ်တော်သို့ ရောက်ရှိလာ၏။ မောင်ကောင်း၏ဖြစ်ပုံကိုကြည့်ကာ အားပါးတရ ရယ်မောလေတော့၏။ ထို့နောက် သူ့လူ သုခမိန်လျောင်းလျာကိုသနားစိတ်ဝင်လာသည်။
``မောင်ကောင်းရယ် မင်းရေသယ်ရမှာက ကြည့်မကောင်းပါဘူး။ ကဲ ကဲ မင်း
လက်တန်းကဗျာတစ်ပုဒ်ကို ရုတ်တရက်တင်ဆက်နိုင်ရင် သည်ဒဏ်ကလွတ်စေမယ်။ မင်း
ခုဖြစ်ပျက်တာလဲ ပါရမယ်။ မင်းရဲ့အိမ်သူ ဆင်ကြန်မယ်ရဲ့အမည်လဲ ပါရမယ်။
ဘယ့်နှယ့်လဲမောင်ကောင်း တင်ဆက်နိုင်မလား´´
ထိုအခါ ညှိုးနွမ်းလျက်ရှိသော မောင်ကောင်း၏မျက်နှာရွှင်လန်း၍လာ၏။
``မှန်လှပါ၊ တင်ဆက်နိုင်ပါမည်။ ရွှေနားဆင်တော်မူပါဘုရား´´
ပုဆိုးနှင့်မြင်းပါ
ဆုတော်ခံမယ်လို့
ပြန်သုံးဆယ် ဆန်ကိုစားတယ်
မှားချက်က နာ။
နောက်တစ်ခါ
ကြောက်ပါပေါ့ သက်ဆုံး။
သည်တစ်ပွဲမှာဖြင့်
အလွဲ ကံချော်လို့
ဥယျာဉ်တော် ရေကို လောင်းရတယ်
ငယ်ပေါင်း ယဉ်ဟန်ကြွယ်တဲ့
ဆင်ကြန်မယ် ဖြူပြာနွဲ့ရယ်
မင်း ကူလှဲ့အုံး။
မောင်ကောင်းသည် ကဗျာဉာဏ်စာဉာဏ်ရှိသူဖြစ်၏။ ယင်းကဗျာဉာဏ်စာဉာဏ်ကြောင့်ပင် ဒဏ်ဆောင်ခံရခြင်းမှ ကင်းလွတ်ရပြီဖြစ်သည်။
သို့သော် ဒဏ်ပေးခံရခြင်းကိုမူ မောင်ကောင်းမချေဖျက်နိုင်ပါပေ။ ချေဖျက်၍ရနိုင်ကောင်းသည်လည်း မဟုတ်ပေ။
ကင်းဝန်မင်းကြီးသည် ဆန်တွက်မှားစကားတစ်ခွန်းကြောင့် ရေလောင်းရသည့်ဒဏ်ခံခဲ့ရဖူးကြောင်း ။
သို့သော် ကဗျာဉာဏ်စာဉာဏ်ရှိသူဖြစ်၍ ရေဒဏ်မှကင်းလွတ်ခွင့်ရရှိခဲ့ဖူးကြောင်း ဟူသော သမိုင်းဖြစ်ရပ်ကို မည်သူဖျောက်ဖျက်နိုင်လေမည်နည်း။
စကားတစ်ခွန်းထိရောက်လှပုံကို အရိပ်အသွင်နိမိတ်ထင်၍ပြခဲ့သော ဘ၀ပန်းချီကားတစ်ချပ်ပေတကား။
လေးမြိုင်
လောကကြေးမုံ
စာစီစာရိုက်ဒါနပြု-ဓမ္မပန်းခင်း
No comments:
Post a Comment