Wednesday, December 28, 2016

"ဝေယျာဝစ္စကုသိုလ်၏အကျိုး"

ရတနာသုံးပါး၏ ဝေယျာဝစ္စ၊ မိဘနှစ်ပါး၏ဝေယျာဝစ္စ၊ ဆရာသမား၏ဝေယျာဝစ္စများကို လုပ်ဆောင်လေ့ရှိကြသည့် ရဟန်းရှင်လူ၊ အမျိုးကောင်းသား အမျိုးကောင်းသမီးများအတွက် ရရှိမည့် အကျိုးတရားကား များပေစွ။ သူတစ်ပါး၏ အလှူဒါနပြုလုပ်သည့်အခါ ဝေယျာဝစ္စကုသိုလ်များ လုပ်ဆောင်လေ့ရှိကြသည့် သူများအတွက် အကျိုးတရားသည်လည်း အနန္တပင်။ ဘုရားရောက်သည့်အခါ ဝေယျာဝစ္စဆောင်ရွတ်ကြသူများ၊ ဘုန်းတော်ကြီးကျောင်းများရောက်သည့်အခါ ဝေယျာဝစ္စဆောင်ရွတ် ကြသူများ၊ ဓမ္မသဘင်များ၊ အများအကျိုးပြုလုပ်ငန်းများ စသည့် လောကအတွက် သာသနာအတွက် ဘယ်နေရာရောက်ရောက် ဝေယျာဝစ္စဆောင်ရွတ်လုပ်ကိုင်လေ့ရှိသူများ အတွက် ကောင်းကျိုးချမ်းသာ တရားတို့ကား တိုင်းတာပြ၍ပင် မရလောက်အောင်ပင် ကြီးမားပေစွ။ ဝေယျာဝစ္စကုသိုလ်နဲ့ ပတ်သက်၍
ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်၌ ဝေယျာဝစ္စလုပ်ဆောင်လေ့ရှိတဲ့ အရှင်ဝေယျာဝစ္စမထေရ် လောင်းလျာဆိုတာ ရှိခဲ့ပါတယ်။ ဝိပဿီမြတ်စွာဘုရား၏ သာသနာတော်မှာလည်း များစွာသော ကုသိုလ်ရေး အသင်းအဖွဲ့များ ရှိခဲ့ပေ၏။

အဲဒီအဖွဲ့အစည်းများတွင် ဝေယျာဝစ္စမထေရ်လောင်းလျာဟာ မည်သည့် အလုပ်ကိစ္စမဆို စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင် ကုသိုလ်ပြုလေ့ရှိ၏။ မထေရ်မှာ လှူဖွယ်ပစ္စည်းဆိုတာလည်းမရှိခဲ့ပါ။ သူတစ်ပါးတို့အလှူဒါနပြုလုပ်သည့်အခါမှာ လှူဖွယ်ပစ္စည်းမရှိသည့် အတွက် ဝေယျာဝစ္စကုသိုလ်များကိုသာ အားသွန်ခွန်စိုက် သဒ္ဓါတရားထက်သန်စွာ ဆောင်ရွတ်လေ့ရှိ၏။ ထိုကောင်းမှုများကြောင့်ပင် မထေရ်သည် ထိုဘဝမှ စုတေသည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ခဲ့ပါ။

ဤဘဒ္ဒကမ္ဘာမှ ပြန်လည်ရေတွက်သည်ရှိသော် ရှစ်ကမ္ဘာမြောက်၌ ရတနာခုနစ်ပါးနှင့်ပြည့်စုံ၍ စစ်သည်ဗိုလ်ပါ အခြံအရံများစွာရှိသည့် သုစိန္တိတ စကြဝတေးမင်း ဖြစ်ခဲ့ပါတယ်။ ယခုဂေါတမမြတ်စွာဘုရားရှင် လက်ထက်ရောက်သည့်အခါမှာ ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့နှင့်ပြည့်စုံသော ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့တာပါ။
ဒါကြောင့် စာရိတ္တသီလဟုခေါ်သည့် ရတနာသုံးပါး၏ဝေယျာဝစ္စ၊ မိဘဆရာသမား၏ဝေယျာဝစ္စ လောကအတွက် သာသနာအတွက် အကျိုးကျေးဇူးများသည့် ဝေယျာဝစ္စကုသိုလ်များကို စိတ်အားထက်သန်စွာ၊ ဆောင်ရွတ်စေလိုကြောင်း အသိပေးလိုက်ရ၏။

(ဝေယျာဝစ္စကတ္ထေရအပဒါန်)
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment