Sunday, December 4, 2016

သစ္စာတန်ခိုးကောင်းကျိုးချမ်းသာ


သီဟိုဠ်ကျွန်းနိုင်ငံတော်၏ အချက်အချာ မဟာဂါမမြို့တော်၏အနီးတွင် မဟာဝိဟာရကျောင်းတိုက်ကြီးတည်ရှိ၏။ မဟာဝိဟာရကျောင်းတိုက်ကြီး၏ ဒါယကာသည်ကား ဒေ၀ါနံပီယတိဿမင်းကြီး၏ ညီတော်အရင်းဖြစ်သော မဟာနာမအဘယမင်းကြီးဖြစ်ပေသည်။

မဟာဝိဟာရကျောင်းတိုက်ကြီး၏ အလယ်တွင် မဏိစေတီ တည်ရှိ၏။ နွားနို့သစ်သစ်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော တံတိုင်းဖြင့် ထိုစေတီကိုကာရံထား၏။ စေတီတော်၏ပရိဝုဏ်တစ်ခုလုံးကို ငွေစင်ငွေသားကဲ့သို့ ဖြူဖွေးသော သဲများကြဲဖြန့်ထား၏။ မြေပြင်ကိုဖောက်ခွဲကာ ငွားငွားစွင့်စွင့်မြင့်တက်နေသော ငွေတောင်ထွတ်ကို မကိုဋ်တန်ဆာဆင်ယင်ပေးထားဘိသကဲ့သို့ မဏိစေတီတော်သည် အလွန်တရာ ကြည်ညိုဖွယ်ကောင်းလှပေသည်။

ထိုမဏိစေတီတော်၏ တံခါးမုခ်အနီးတွင် တရားဟောရာမဏ္ဍပ်ကြီးတစ်ဆောင် ဆောက်လုပ်ထား၏။ ထိုမဏ္ဍပ်ကြီးထဲတွင် နေ့စဉ်နေ့တိုင်းတရားပွဲကြီးများ ကျင်းပကြ၏။

တစ်နေ့သ၌ သဒ္ဓါယိကာအမည်ရှိသောအမျိုးသမီးကြီးတစ်ယောက်သည် ထိုတရားမဏ္ဍပ်ကြီးသို့ တရားနာရန် ရောက်ရှိလာ၏။ သူ၏သားငယ်ကလေးကလည်း အတူလိုက်ပါလာသဖြင့် ခရီးမတွင်နိုင်အောင်ဖြစ်ကာ သူများတကာထက်နောက်ကျနေသဖြင့် မဏ္ဍပ်အတွင်းမှာ နေရာမရနိုင်တော့ပေ။ သို့ဖြစ်၍အစွန်းအဖျားနေရာကသာ တရားနာခွင့် ရလေတော့သည်။

အစွန်အဖျားမှ ကြားနာရသော်လည်း သဒ္ဓါယိကာအဖို့တော့ စိတ်အနှောင့်အယှက်မဖြစ်ပါ။ ရတနာသုံးပါး၌ စူးစူးစိုက်စိုက်မြဲပြီး သဒ္ဓါတရားရှိသူဖြစ်၍ တရားတော်ကိုအာရုံစူးစိုက်ကာ ရိုသေလေးမြတ်စွာ နာကြား၍ နေပေသည်။ ထိုအခိုက်တွင် လိုက်ပါလာသော သားကလေးသည် တံတိုင်းနားသို့သွားကာ လွတ်လပ်စွာဆော့ကစားနေ၏။ သဲမှုန့်များကို လက်နှင့်ကျုံးယူကာ လေထဲမှာလွှင့်၍လွှင့်၍ ကစားနေ၏။

ထိုသဲမှုန့်များသည် အုတ်တံတိုင်းကြားမှာရှိနေသော မြွေဆိုးတစ်ကောင်၏ မျက်လုံးထဲသို့ဝင်ရောက်သွားလေရာ မြွေဆိုးသည် မခံမရပ်ဖြစ်ကာ အုတ်တံတိုင်းထဲကထွက်၍ ကလေးငယ်ကို ကိုက်လိုက်လေတော့သည်။

သဒ္ဓါယိကာသည် သားငယ်ကလေးအားမြွေဆိုးက လာ၍ကိုယ်လိုက်သည်ကိုလည်းမြင်လိုက်၏။ ကိုက်ပြီးသည့်နောက် အုတ်တံတိုင်းကြားသို့ပြန်ဝင်သွားသည်ကိုလည်း မြင်လိုက်၏။

မိမိချစ်လှစွာသော သားကလေးအားမြွေဆိုးကိုက်လိုက်သည့်ဖြစ်အင်ကို တွေ့လိုက်ရသော်လည်း မည်သူ့ကိုမျှ မပြောကြားပေ။ မည်သူ့ကိုမျှ အကူအညီမတောင်းချေ။ အကယ်၍ တစ်စုံတစ်ယောက်အား ဤအကြောင်းကိုငါပြောပြလိုက်ပါလျှင် တရားနာသူအတွက် အနှောင့်အယှက်ဖြစ်သွားပေလိမ့်မည်။ မြွေဆိုးကိုက်လိုက်သောဒဏ်ရာဖြင့် သားငယ်ကလေးမှာ သေချင်သေသွားပေလိမ့်မည်။ သို့ရာတွင် သားတစ်ယောက်ရရှိရေးထက် ဘုရားတရားတော်ကိုကြားနာခွင့်ရရေးက ပိုခက်ခဲလှ၏။ ငါသည်လည်း ရနိုင်ခဲလှသောလူ့ဘ၀ကို ရရှိထား၏။ နာရခဲလှသော တရားတော်ကိုလည်း ကြားနာခွင့်ရရှိထား၏။ ငါ၏ဘ၀သည်ကား မြင့်မြတ်လှပေစွတကား။ ဤကဲ့သို့ အသင့်အတင့်နှလုံးသွင်းကာ သားငယ်အတွက်ကြောင့်ကြစိုက်မနေဘဲ တရားတော်ကို အာရုံမပြတ်စေဘဲစွဲမြဲစွာ နာကြား၍နေလေသည်။

ဤသို့ဖြင့် တရားတော်သည်လည်း ပြီးဆုံးသွား၏။ မြွေကိုက်ခံရသော ကလေးငယ်သည်လည်း မြွေဆိပ်မွှန်ကာ လဲကျသွား၏။ သဒ္ဓါယိကာသည် သားငယ်ကလေးကို အပြေးအလွှားသွား၍ ပွေ့ယူ၏။ ဖြူဖြူဖွေးဖွေးထွေးထွေးအိအိ ရှိလှသောသားငယ်ကလေးသည် ထိုအချိန်တွင်ကား အဆိပ်ဒဏ်ကြောင့် တစ်ကိုယ်လုံးမည်းနေပြီးလျှင် တောင့်တောင့်ကြီးဖြစ်နေလေတော့သည်။

ဤတွင်သဒ္ဓါယိကာသည် သားငယ်ကလေးအသက်ရှင်ရေးအတွက် အခြားတစ်ပါးအားကိုးရာမမြင်တော့သဖြင့် သားငယ်ကလေး၏ ဦးခေါင်းကိုပွတ်လျက် ဤသို့သစ္စာဆိုတိုင်တည်လေတော့သည်။

``ငါသည် ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ၏။ ဤသို့သောသစ္စာစကားကြောင့် ငါ၏သားငယ်ကလေးသည် အဆိပ်ကင်းကွာ ချမ်းသာရာရပါစေသတည်း။ ငါသည် တရားတော်ကို ကြားနာနေစဉ် တစ်ခဏတာကလေးမျှ တရားတော်မှအခြားတစ်ပါးသို့ စိတ်မလွှင့်ပါးခဲ့ပါ။ ဤသို့သော သစ္စာစကားကြောင့် ငါ၏သားငယ်ကလေးသည် အဆိပ်ကင်းကွာချမ်းသာရာရပါစေသတည်း ငါသည် ကြားနာရသောတရားတော်အစဉ်မှ အက္ခရာတစ်လုံးတစ်လုံးကိုလည်းကောင်း၊ ပုဒ်တစ်ခုတစ်ခုကိုလည်းကောင်း၊ မယုတ်လျော့စေဘဲ မြတ်လှစွာသော တရားတော်အစဉ်ကို စုံစုံလင်လင် ကြားနာနိုင်ခဲ့ပါ၏။ ဤသို့သောသစ္စာစကားကြောင့် ငါ၏သားငယ်ကလေးသည် အဆိပ်ကင်းကွာ ချမ်းသာရာရပါစေသတည်း။

သုံးလူ့ထွတ်ထား မြတ်စွာဘုရားသည် သတ္တ၀ါဝေနေယျတို့အား သံသရာဝဋ်မျှလွတ်မြောက်အောင် ပို့ဆောင်ပေးတော်မူပါ၏။ မြတ်စွာဘုရားဟောကြားသောတရားတော်သည် ကိုယ်ပိုင်ဉာဏ်ဖြင့် သိမြင်ထိုက်ပါပေ၏။ အခါမလင့်အကျိုးပေးတတ်ပါပေ၏။ မဂ်လေးတန်ဖိုလ်လေးတန်၌ တည်နေတော်မူသော အရိယာသံဃာတော်သည် ကောင်းမွန်စွာကျင့်သုံးတော်မူပါပေ၏။ ဤသို့သောသစ္စာစကားကြောင့် ငါ၏ သားငယ်ကလေးသည် အဆိပ်ကင်းကွာ ချမ်းသာရာရပါစေသတည်း။ ဤသာသနာတော်သည် နှစ်ပေါင်းများမြောင် ငါးထောင်ရှည်ကြာတည်နေပါလတ္တံ့။ ဤသို့သောသစ္စာစကားကြောင့် ငါ၏သားငယ်ကလေးသည် အဆိပ်ကင်းကွာချမ်းသာရာ ရပါစေသတည်း။ ဤသို့သောအားဖြင့် ရတနာမြတ်သုံးပါးတို့၏ဂုဏ်တော်တို့ကို တိုင်တည်၍ သစ္စာဆိုလိုက်ရာ သစ္စာဆို၍ပြီးဆုံးသော တစ်ခဏမှာပင် သားငယ်ကလေး၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် ပျံ့နှံ့ဝင်ရောက်နေသော မြွေဆိပ်များပြေပျောက်သွားကာ နဂိုရေစိုပြည်ဝင်းအိသော အသားအရေများပေါ်လာလေတော့သည်။
(ဓမ္မသုတဥပါသိကာမ၀တ္ထု၊ ကျမ်းရင်း၌ တရားနာသူအမျိုးသမီးကြီး၏အမည်ကို
ဖော်ပြမထားသဖြင့် သင့်လျော်ရာအမည်ပေး၍ ရေးသားလိုက်ရပါသည်။)

ဝဏ္ဏသီရိ
(သစ္စာတန်ခိုးကောင်းကျိုးချမ်းသာ)
စာစီစာရိုက်- ဓမ္မပန်းခင်းမှ ဓမ္မဒါနအဖြစ် ပူဇော်ပါသည်။

No comments:

Post a Comment