သတိလေးကခက်နေတာ

အာကာမိုးတိမ်။ ။ တပည့်တော် သိချင်တာက ဆရာတော်ဘုရားကြီး လက်ရှိကျင့်ကြံအားထုတ်နေခဲ့တဲ့ အာနာပါန ကမ္မဌာန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြသ လမ်းညွှန်ပေးတော်မှုပါအရှင်ဘုရား။
ဆရာတော်။ ။ ခုဒီနေရာမှာ အကုန်ရှင်းပြရမှာလား။
အာကာမိုးတိမ် ။ ။လိုရင်းတိုရှင်းပါဘုရား (ပရိတ်သတ်..သဘောကျလျှက်)။
ဆရာတော်။ ။အာနာပါန ကိုမေးတယ်ဆိုကတည်းက ကြားဖူးနားဝ နှင့်
အားထုတ်ဖူးလို့ပါ။ လိုရင်းတိုရှင်းကို ပဓာနပြောပါမယ်။ အာနာပါန ထွက်လေ၊
ဝင်လေကိုကြည့်တဲ့ ကမ္မဌာန်းကို အားထုတ်တဲ့အခါမှာ နှာသီးဝ နှင့်
နှခမ်းဖျားကို တိုးတာ၊ ထိတာ သိတဲ့နည်းရှိတယ်။ရင်ဘတ်မှာ ဒုတ်ဒုတ်ခုန်တာကို
ကြည့်တဲ့နည်းရှိတယ်။ ၀မ်းဗိုက်မှာ ပိန်တာ၊ ဖောင်းတာကို ကြည့်တဲ့နည်းရှိတယ်။
ဒါအကြမ်းအားဖြင့်ပေါ့ ဒါဖြင့် ဘယ်ဟာက နည်းမှန်သလဲလို့ ပြောရရင် ဒီထွက်လေ
ဝင်လေဟာ နှခေါင်းနှင့်လည်းဆိုင်တယ်၊
ရင်ဘတ်နဲ့လည်း ဆိုင်တယ်၊ ၀မ်းဗိုက်နဲ့လည်း ဆိုင်တော့ ဒါတွေက နေရာတွေ
ပဓာနမဟုတ်ဘူး၊ ဘယ်နည်းနဲ့ အားထုတ် အားထုတ် ဘုန်းဘုန်းတို့ ကြည်ညိုတယ်၊
သဘောကျတယ် အားထုတ်၊ ဒါက နေရာဘဲ နေရာကွဲလို့ ရန်ဖြစ်စရာမလိုဘူး ဟုတ်ပြီလား။
နောက်တစ်ခု နှာခေါင်းကိုဘဲ လွယ်လွယ်ပြောမယ် နှာခေါင်းမှာ ထွက်လေလေး
ထွက်သွားတယ်၊ ၀င်လေလေးဝင်သွားတယ်။ ထွက်လေ ၀င်လေနဲ့ နှာခေါင်းမှာ
မတိုးဘူးလား။ (တိုးပါတယ် ဘုရား) အဲ့ဒီတိုးတာလေးကို သိအောင်မကြည့်ရဘူးလား၊
ကြည့်ရသလား၊ (ကြည့်ရပါတယ်ဘုရား)။ အခုကြည့်လို့မရဘူးလား အခုမတိုးဘူးလား
(တိုးပါတယ်ဘုရား) တိုးတာလေး သိတာပဲ ရှင်းလား ဒါကိုရှင်းလား၊
တိုးတာလေးသိအောင်ကို ဟိုလိုကြီး ဒီလိုကြီး သီးခြားလုပ်စရာမလိုတော့ဘူး။ တင်ဗင်ခွေထိုင်နေလည်းရတယ်၊ တကယ်အပါးဝသွားရင် လမ်းလျှောက်ရင်းနဲ့တောင်ရတယ်၊
တခြားနေရာမှာ ထိုင်နေလည်းရတယ်၊ အိပ်နေလည်းရတယ်။ ဒါလည်းလက်ခံတယ်နော်
(လက်ခံပါတယ် ဘုရား) ဒါနဲ့ အဲ့လိုတိုးတာလေးကို သိအောင်ကြိုးစားနေတာ၊ သိတာကို
တရားအားထုတ်တယ် ဆိုပါစို့၊ တိုးတဲ့အခိုက်မှာ တိုးတာလေးကို
သိဖို့ရာကခက်တာလား၊ သိအောင်လုပ်ဖို့ သတိပေးဖို့ကခက်တာလား၊
(သတိပေးဖို့ကခက်တာပါဘုရား။) တိုးတာလေးကို သိအောင်လုပ်ဖို့ဆိုတာရှိတယ်လေ
တိုးတာ ကိုယ်လုပ်တာလား သူ့ဖာသာသူလုပ်ရတာလား၊ (သူ့ဖာသာသူ လုပ်တာပါဘုရား)။
တိုးတဲ့အခိုက်လေး သိအောင်လုပ်ရတာ ပင်ပန်းလား (မပင်ပန်းပါဘူးဘုရား)၊
တိုးတာလေးကို သိအောင်လုပ်ဖို့ခက်တာလား တိုးတာလေးကို သိအောင်လုပ်ဖြစ်ဖို့
သတိပေးတာကခက်တာလား (လုပ်ဖြစ်ဖို့သတိပေးတာကခက်ပါတယ် ဘုရား)။ သိအောင်လုပ်ဖြစ်ဖို့ ဘယ်သူကပြောမှာလဲ (သတိကပြောမှာပါ ဘုရား) အေး အဲ့ဒီသတိလေးရှိဖို့အရေးကြီးတယ်။
အဲ့ဒီသတိလေးရှိလိုက်ရင် ခုသိတာဘဲ။ ဒါပေမဲ့ များသောအားဖြင့်က တိုးတာလေး
သိဖို့က ခက်တယ်ထင်နေတာ၊ အဲ့ဒါကမခက်ဘူး စိတ်ကလေး ဘတ်ဆိုသတိပေးလို့
ရောက်သွားတာနဲ့ သိရော။ စိတ်ကလေး ဘတ်ဆို သတိပေးလို့ရောက်သွားတာနဲ့ သိရော၊
အဲ့ဒီ သတိပေးဖို့က ခက်နေတာ အက်ဒါကြောင့်မို့ မဟာသတိပဌာနလို့ ခေါ်တယ် ကဲ
ရှင်းပြီလား သတိလေးက ပဓာနကျလို့၊ ဟုတ်ပြီလားသား အဲ့ဒါလိုရင်းတိုရှင်းပဲ။
(တင်ပါ့ဘုရား)။
ဓမ္မဒူတအရှင်ဆေကိန္ဒ
No comments:
Post a Comment