Friday, December 16, 2016

လူတွေရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို အများဆုံး ထိခိုက်ညှိုးနွမ်းသွားစေတဲ့ အရာ


လူတွေရဲ့ စိတ်နဲ့ လူတွေရဲ့ခန္ဓာကိုယ်ကို အများဆုံး ထိခိုက်သွားစေတဲ့ ညှိုးနွမ်းသွားစေတဲ့ အရာကတော့ ဒေါသပါပဲ။
ဒေါသဘာကြောင့်ဖြစ်ရတာလဲဆိုတော့ လောဘကြောင့်ပါပဲ...ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့အခါ ကိုယ်လိုချင်တာ မရတဲ့အခါ ကိုယ်မျှော်လင့်သလိုမဖြစ်တဲ့အခါမှာ ဒေါသဆိုတာ ဖြစ်တတ်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတာ လူတွေရဲ့ စိတ်ကိုထိခိုက်စေတာမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ၊ စိတ်နောက်စရာ၊ စိုးရိမ်တာ ပူပန်တာ ကြောက်တာ အားငယ်တာ စိတ်ဆိုးတာ စိတ်တိုတာ စိတ်ရှုပ်တာ စိတ်မကြည်လင်တာ ဒါတွေအကုန်လုံးဟာ ဒေါသတွေချည်းပါပဲ။

အဲဒီအရာတွေအားလုံးဟာ အချိန်နဲ့ အင်အားကို အများကြီးကုန်သွားစေပါတယ် လူ့ရဲ့ ရုပ်ရည်အဆင်းကိုပါ ပျက်စီးသွားစေပါတယ် ကျန်းမာရေးကို အများကြီး ထိခိုက်စေပါတယ်။ အဲဒီလို ဒေါသဖြစ်ရတာရဲ့အကြောင်းအရင်းကို ရှာမယ်ဆိုရင် အထက်မှာပြောခဲ့သလိုပါပဲ လုပ်ချင်တာမလုပ်ရတဲ့ လိုချင်တာမရတဲ့ လောဘကြောင့်ပါ။ အဲဒီလောဘကို မဖြည့်စည်း နိုင်တော့ ဒေါသဖြစ်ပါတယ်။ ချီးမွန်းခံချင်တာကြောင့်လဲ ဒေါသဖြစ်တတ်ပါတယ်။ ကိုယ့်ကိုသူများ အထင်ကြီးတာရိုသေတာ လေးစားတာ လိုချင်တယ် ဒါလဲလောဘပါပဲ။ လူဆိုတာ အသိမှတ်ပြုတာ နေရာပေးတာ လေးစားတာ ယုံကြည်တာ ခံချင်တယ်။ အဲဒါတွေရဖို့ ဂုဏ်ရှိအောင် ရာထူးရှိအောင် ငွေရှိအောင် လုပ်ပြတယ် ကြိုးစားပြတယ်။ ဒီလိုလုပ်ပြရဲ့သားနဲ့ အသိအမှတ်မပြုခံရရင်လဲ ဒေါသဖြစ်တတ်ပါတယ်။ အဲဒီလို ကိုယ့်စိတ်ကို မခံချင်အောင် ဆင်းရဲအောင် စိတ်ညစ်အောင် စိတ်နှောက်အောင် လုပ်နေတဲ့ကိစ္စတွေဟာ ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှရှိနေပါတယ်။ ဒီလိုကိစ္စတွေ နေ့တိုင်းရှိနေတဲ့အတွက် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို နည်းလမ်းရှာရပါမယ်။ အကယ်၍ ဒါတွေကို ပယ်ရှားလို့ရမယ်ဆိုရင်လည်းပဲ ပယ်ရှားရပါမယ် အကယ်၍ ပယ်လို့မရဘူးဆိုရင်လည်းပဲ ဖြစ်အောင်တော့ လုပ်သွားရမှာပေါ့။

လောကကြီးဟာ ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ကြိုတင်ဖန်တီးထားပြီးတော့ ကိုယ့်အလာကို စောင့်မျှော်နေတာ မဟုတ်ပါဘူး။

သူ့သာသူဖြစ်ချင်သလို ဖြစ်နေတဲ့ လောကကြီးထဲမှာ ကိုယ်က မွေးဖွားလာတာပါ။ ကိုယ်ကဒါကိုနားလည်ပြီးတော့ ဖြေရှင်းသွားရမှာပါ။ အဲဒီတော့ ဒေါသဖြစ်တဲ့အခါမှာ စိတ်တိုတာတွေ စိတ်မတည်ငြိမ်မှုတွေ စိတ်ရောက်ရက်ခက်တာတွေ အများကြီးဖြစ်တတ်ပါတယ်။ စိတ်တိုတယ်ဆိုကတည်းက အဲဒီစကားထဲမှာ စိတ်မရှည်ဘူးဆိုတဲ့ အဓိပ္ပါယ်က ပါနေပါပြီ။ အဲဒီတော့ဘယ်အရာကိုပဲဖြစ်ဖြစ် အရင်စလိုလုပ်မိရင် မှားတတ်ပါတယ် စကားတွေ လွန်သွားတတ်ပါတယ်။ အဲဒီလို ဒေါသထွက်စရာ စိတ်ရှုပ်စရာတွေနဲ့တွေ့တဲ့အခါမှာ ကိုယ့်စိတ်ကိုကိုယ် အရင်သေချာ ပြန်ကြည့်လိုက်ပါ။

ဘုရားဟောတဲ့အထဲမှာလဲ ပါပါတယ် "ဒေါသနဲ့တကွ ဖြစ်သော စိတ်ကို၊ ဒေါသနှင့်တကွ ဖြစ်သောစိတ်ဟူ၍ သိ၏။"
ဒီထက်ရိုးအောင် အဓိပ္ပါယ်ပြန်ရရင်တော့ "ဒေါသစိတ်ကို ဒေါသ စိတ်ဟူ၍ သိ၏။"...ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်တွေ များများလုပ်လာလို့ရှိရင် တခါတလေ ဒေါသစိတ်တိုတာ နည်းနည်းလေးပေါ်လာတာနဲ့ ချက်ချင်း အဲဒါကို မြင်လိုက်တဲ့အခါမှာ ကိုယ်က မဖန်တီးပဲနဲ့ ဖြစ်လာတာပါလားဆိုပြီး ကောင်းကောင်းသိပါတယ်။ သူအလိုမကျတဲ့ အာရုံလေးတခုခုနဲ့ ကြုံလိုက်တဲ့အခါ ဗြုန်းခနဲ ဒေါသက ပေါ်လာတယ် အဲဒီလို မြင်လိုက်တဲ့အခါမှာ ဒီဒေါသဟာ ငါမဟုတ်ပါလားဆိုတာ ပိုရှင်းပါတယ်။ ဒီလို ဒေါသနဲ့ ငါနဲ့ တခြားစီဖြစ်သွားတဲ့အခါ အဲဒီဒေါသကို ထိန်းချုပ်ရတာ ပိုလွယ်သွားတယ်။ အဲဒီတခုကို သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်။ ဘယ်ကိလေသာပဲဖြစ်ဖြစ် ငါဆိုတဲ့ အတ္တပါရင် အင်အားပိုကြီးသွားပါတယ်။ ငါဆိုတဲ့ အတ္တအထောက်အပံ့ကိုမရလို့ရှိရင် သိပ်အားမကြီးဘူး မြန်မြန်နဲ့ ပြေသွားတယ်။ အဲဒီတော့ ဒေါသဖြစ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်လိုခံစားရသလဲ အဲဒါလေးကို သေချာကြည့်ပါ။ ခန္ဓာကိုယ် ပူလာတယ်၊ ချွေးတွေပြန်လာတယ်၊ အသက်ရှုတာ မြန်လာတယ်၊ နှလုံးခုန်တွေ ပိုခုန်တယ်။ အဲဒီအချိန်မှာစိတ်ကလဲ မငြိမ်တဲ့အတွက်ကြောင့် စဉ်းစားတာ တွေးခေါ်တာဟာ အေးအေးဆေးဆေး မဖြစ်တော့ဘူး ရောက်ရက်ခက်နေတယ်။ အဲဒါတွေကြောင့် စိုးရိမ်တာတွေ ပူလောင်တာတွေ ကြောက်ရွံ့တာတွေ အားငယ်တာတွေ စိတ်ဓါတ်ကျတာတွေပါ ဖြစ်လာတယ်။

အဲဒါတွေဖြစ်တဲ့အခါ ခန္ဓာကိုယ်လဲ အရမ်းကို ပင်ပန်းသွားတယ်။ တစ်နာရီလောက် ပြင်းပြင်းထန်ထန် သောကဖြစ်လိုက်ရပြီဆိုရင် စိတ်တိုလိုက်ရပြီဆိုရင် အဲဒီ သောက ဖြစ်လိုက်ရတာဟာ ၁၂နာရီလောက် ပင်ပန်းတဲ့ အလုပ်ကို လုပ်လိုက်ရတာထက် အားပိုကုန်သွားပါတယ်။ အဲဒါကြောင့်မို့လို့ ဒေါသဖြစ်လိုက်တာနဲ့ ချက်ချင်း အဲဒီဒေါသကို ပြန်ကြည့်တဲ့ အလေ့အကျင့်များများလုပ်ပါ။ ဒေါသဖြစ်တာကို သိတာများလာလေလေ ရောက်ရက်ခက်တာ ကြောက်တာ စိုးရိမ်တာတွေ တဖြည်းဖြည်း နည်းလာလေလေပါပဲ။ အဲဒါတကယ် လက်တွေ့လုပ်ကြည့်မှပဲ သိမှာပါ။ ချက်ချင်းတော့ ဖြစ်မလာဘူး။

တကယ်ကြိုးစားကြည့်တဲ့ အခါမှာသောကဖြစ်တဲ့စိတ် စိုးရိမ်တဲ့ စိတ်တွေ တဖြည်းဖြည်းချင်း လျော့လာတယ်။ အေးချမ်းလာတယ်။ နောက်နေ့မှာ ကိုယ်လုပ်ရမယ့် ကိစ္စကို ခေါင်းအေးအေးနဲ့ လုပ်နိုင်ပြီးတော့ ပြောစရာရှိတဲ့ ကိစ္စကိုလဲ အေးအေးဆေးဆေး ပြောနိုင်လာတယ်။ အရင်ကထက် ကိုယ့်ကိုယ်ကို ယုံကြည့်မှု အများကြီးတိုးလာတယ်။ စဉ်းစားရဲတယ်၊ အေးအေးဆေးဆေး စဉ်းစားတယ်၊ မျှမျှတတ စဉ်းစားတယ်၊ ဆုံးဖြတ်ရဲလာတယ်။ အရင်တုန်းက တခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် ငါဆုံးဖြတ်တာ မှန်ရဲ့လား ခြေတုန်ချတုန်ဖြစ်ရတာနဲ့တင် နာရီပေါင်းများစွာ ကုန်သွားတာမျိုး မဖြစ်တော့ဘူး။ အခုတခုခုကို စဉ်းစားလိုက်ရင်ပဲ ရှင်းရှင်းလင်းလင်း အေးအေးဆေးဆေး စဉ်းစားပြီးတော့ ဆုံးဖြတ်လိုက်ရင်လဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်သွားတယ်။ ပြောစရာဆိုစရာရှိရင်လဲ ခေါင်းအေးအေး စိတ်အေးအေးနဲ့ပဲ ရှင်းပြလိုက်တယ်။ ဘယ်သူမှ သူတပါး အလိုကျအကို ရာခိုင်းနှုန်းပြည့် လိုက်လုပ်မပေးနိုင်ဘူး။ အဲဒီတော့ ကိုယ်ဘယ်လောက် ကျိုးစားကျိုးစား ရာခိုင်နှုန်းပြည့်တော့ အလိုကျ မဖြစ်ဘူးလို့ သိလာတယ်။ အဲဒီတော့ သတိရှိတဲ့လူဟာ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိလာတယ် သတ္တိလဲ ပိုရှိလာတယ် စိတ်ဓါတ်အင်အားတွေ အသိဥာဏ် အင်းအားတွေ ပိုပိုပြီး တက်လာတယ် အားရှိလာတယ်။ အဲဒါကြောင့် ဒေါသဖြစ်တာနဲ့ ကိုယ်စိတ်ကိုကိုယ် ကြည့်ပြီး သိပြီး ချက်ချင်း ငြိမ်းချမ်းအောင် အေးချမ်းအောင်နေသွားဖို့ပါပဲ...။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

No comments:

Post a Comment