Monday, December 19, 2016

ကာမတဏှာ (ဦးနု)

ဝမ်းနည်းခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်း ဆိုတာတွေဟာ ချစ်ခြင်းကြောင့် ဖြစ်တာဘဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေရဲ့ အမွန်အစ ဖြစ်တယ် (ဂေါတမမြတ်စွာဘုရား)

မေး ။ ။ အိနြေ္ဒဆိုတာဘာလဲ
ဖြေ ။ ။ အိနြေ္ဒဆိုတာ စောင့်ထိန်းတာ
မေး ။ ။ ဘာကိုစောင့်ထိန်းရမလဲ
ဖြေ ။ ။ မျက်စိရယ် နားရယ် နှာခေါင်းရယ် လျှာရယ် ကိုယ်ရယ် စိတ်ရယ် စောင့်ထိန်းရမယ်
မေး ။ ။ ဒါတွေကို ဘယ်လိုစောင့်ထိန်းရမလဲ
ဖြေ ။ ။ မျက်စိနဲ့ တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ဘဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့ ၊ တည်တည်ကြည်ကြည် ကြည့်ပြီးတော့ အကုသိုလ်ဖြစ်မယ့်ဟာတွေ ဆိုရင် မကြည့်မိအောင် နားမထောင်မိအောင် မရှူရှိုက်မိအောင် မစားမသောက်မိအောင် မထိမတွေ့မိအောင် စိတ်မကူးမိအောင် အစွမ်းကုန်ထိန်းရမယ်။

ဒီအတိုင်း ထိန်းနိုင်ရင် မိန်းမလဲ မိန်းမကောင်း ယောက်ျားလဲ ယောက်ျား ကောင်းဘဲ၊
ဒီအတိုင်းထိန်းနိုင်ရင် ယောက်ျားလဲ အိနြေ္ဒရှိတဲ့ ယောက်ျား ဘဲ၊ မိန်းမလဲ အိနြေ္ဒ ရှိတဲ့ မိန်းမဘဲ ၊ မထိန်းနိုင်ကြရင်တော့ အိနြေ္ဒမဲ့တဲ့ မကောင်းတဲ့ ဆိုးတဲ့ ယောက်ျားတွေ မိန်းမတွေ ဖြစ်ကုန်ကြမှာဘဲ။

ပွဲလမ်းသဘင်ဟာ အကျင့်စာရိတ္တပျက်စေတယ်၊ ပိုက်ဆံကုန်တယ်၊ အချိန်ကုန်တယ်၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ မမေ့မလျော့ သတိရဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်…

ရှက်ဖွယ် မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော
ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟုရှူလေ့ရှိကြကုန်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ်မဟုတ်ဟု ရှူလေ့ရှိကြကုန်သော
အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်ဟု ရှူလေ့ရှိကုန်သော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

ကျေးဇူးရှင် မိဘနှစ်ပါးကို နဖူးကချွေး ခြေမ ကျအောင် ပင်ပင်ပန်းပန်း ပစ္စည်းရှာပြီး လုပ်ကျွေးရတာ ကျေးဇူးဆပ်ရတာကို မရှက်ရဘူး၊ ကိုယ့်မှာရှိတဲ့ ပစ္စည်းအင်အားနဲ့ သင့်တော်အောင် ခြိုးခြိုးခြံခြံနေရ စားရ ၀တ်ရတာကို မရှက်ရဘူး၊ တရားနဲ့အညီ စင်စင်ကြယ်ကြယ် ရိုးရိုးသားသားနဲ့ လုပ်ရမယ်ဆိုရင် ဘယ်လောက်ဘဲ အောက်ကျတဲ့ အလုပ်ဖြစ်ပစေ လုပ်ရမှာကို မရှက်ရဘူး၊ ကျေးဇူးရှင် မိဘတွေကို ကျေးဇူးပြန်မဆပ်ဘဲ ပစ်ထားရမှာကို ရှက်ရမယ်၊ ကိုယ့်မှာရှိတာထက် ပိုဝတ်ပိုစား ပိုသုံးပြီး မရှိတော့မှ သူများဆီမှာ မျက်နှာအောက်ချ လက်ဖြန့်ပြီး တောင်း၇မှာကို ရှက်ရမယ်၊ တရားတော်နဲ့ ဆန့်ကျင်တဲ့ အလုပ်ဆိုရင် ပစ္စည်းဘယ်လောက်ဘဲရရ လုပ်ရမှာကို ရှက်ရမယ်
လူဖြစ်ရင် အနည်းဆုံး ငါးပါးသီလလောက်တော့ မြဲရမယ် အိနြေ္ဒရှိရမယ် အဲဒါကြောင့် သီလမရှိတဲ့ လူဖြစ်ရမှာကို ရှက်ရမယ် အိနြေ္ဒ မရှိတဲ့လူဖြစ်ရမှာကို ရှက်ရမယ် ငါးပါးသီလမြဲရင်ကိုဘဲ လူကောင်းတစ်ယောက်ဖြစ်နေပြီ၊ ဒါပေမဲ့ ကောင်းသထက် ကောင်းအောင် ကုန်းတိုက်ပေးတာ ကြမ်းကြမ်းတမ်းတမ်း ပြောတာ အကျိုးမရှိတဲ့ တွေ့ကရာရှစ်သောင်းစကားတွေကို လျှော့ပြောတာဆိုတဲ့ ၀စီကံ သုံးပါးကို ရှောင်နိုင်ရမယ်။

မိန်းကလေးတစ်ယောက်မှာ မျက်စိအိနြေ္ဒ ကိုယ်အိနြေ္ဒ စိတ်အိနြေ္ဒ ဆိုတာတွေဟာ သိပ်အရေးကြီးတယ်…..
မျက်စိကို မကလက်ဘဲ တည်တည်ကြည်ကြည်ဖြစ်နေအောင် ထိန်းထားတာကို မျက်စိ အိနြေ္ဒလို့ခေါ်တယ်
ရပ်တဲ့အခါ လျှောက်တဲ့အခါ ထိုင်တဲ့ အခါ လှဲတဲ့အခါ ခြေလက် ကိုးယိုးကိုးယား ထိုးထိုးထန့်ထန့် ပျက်တီးပျက်ချော် မဖြစ်ဘဲ သိမ်သိမ်မွေ့မွေ့ ပိပိရိရိ ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ခြေလက်ကိုယ်ကို ထိန်းသိမ်းထားတာကို ကိုယ်အိနြေ္ဒလို့ခေါ်တယ်
မိန်းကလေးတွေမှာ သူတစ်ပါးမမြင်အောင် ဖုံးထားရမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရှိတယ်၊ အဲဒီအစား သူတစ်ပါးမမြင် မြင်အောင် အင်္ကျီပါး လုံချည်ပါးကို ၀တ်မယ် ၀တ်ပြန်တော့လဲ မပေါ့်တပေါ် ဖြစ်နေအောင် ၀တ်မယ်ဆိုရင် ကိုယ်အိနြေ္ဒ မဲ့တယ်လို့ခေါ်တယ်
စိတ်ကို လွှတ်ချင်တိုင်း လွှတ်ထားရင် တံခါးမရှိတဲ့အိမ်ကို သူခိုး ဓါးပြတွေဟာ ၀င်ချင်တိုင်းဝင်လို့ရသလို ရာဂစိတ်တွေ လောဘစိတ်တွေ ဒေါသစိတ်တွေဟာ ကိုယ်ထဲကို ၀င်ချင်တိုင်းဝင်လာကြလိမ့်မယ်၊ ဒီစိတ်တွေ မ၀င်နိုင်အောင် ဘု၇ား တရား သံဂါ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တွေ အာရုံပြုပြီး စိတ်ကို ထိန်းထားတာကို စိတ်အိနြေ္ဒလို့ ခေါ်တယ်

သံဖြင့်လုပ်သော ခြေချင်း စသော အနှောင်အဖွဲ့ သစ်သားဖြင့်လုပ်သော ထိပ်တုံးစသော အနှောင်အဖွဲ့ မြက် /လျှော် တို့ဖြင့်လုပ်သော ကြိုး စသော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကြကုန် ၊ ပတ္တမြား နားတောင်းစသော ရတနာတို့၌လည်းကောင်း သားသမီး မယားတို့ ၌လည်းကောင်း အလွန် တပ်နှစ်သက်သော ငဲ့ကွက်မှု တဏှာ အနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ဆိုကြကုန်၏။ ဖွဲ့မှန်းမသိဖွဲ့သဖြင့် လျော့ရဲဟန်ရှိသော်လည်း လွတ်မြောက်နိုင်ရန်ခဲယဉ်းသော အပယ်လေးပါးတည်းဟူသော ယုတ်နိမ့်ရာသို့ ဆောင်တတ်သော ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို ပညာရှိတို့သည် ရုန်းဖြတ်၍ မငဲ့ကွက်ဘဲ ကာမချမ်းသာကို စွန့်လျက် တောထွက်ကြကုန်၏။
အရိယာတို့၏ အရပ်ခြောက်မျက်နှာ

သိင်္ဂါလ အရိယာတို့ရဲ့အဆုံးအမမှာ အရပ်ခြောက်မျက်နှာဆိုတာ အခြား မဟုတ်ဘူး
၁) အမိ အဖဟာ အရှေ့ အရပ်ဖြစ်တယ်
၂) ဆရာသမားဟာ တောင်အရပ်ဖြစ်တယ်
၃) သားမယား ဟာအနောက်အရပ်ဖြစ်တယ်
၎) မိတ်ဆွေကောင်းဟာ မြောက်အရပ်ဖြစ်တယ်
၅) အစေအပါးအလုပ်သမားတွေ ဟာအောက်အရပ်ဖြစ်တယ်
၆) သမဏ ဗြာဟ္မဏ တွေဟာ အထက်အရပ်ဖြစ်တယ်

အရပ်ခြောက်မျက်နှာ လုံခြုံအောင် ဘေးကင်းအောင် ဆောင်ရွက်ခြင်းဆိုတာ အထက်ပါ အဆွေခင်ပွန်းခြောက်ပါးကို ထိုက်တန်တဲ့ အမှုနဲ့ ပေးကမ်း ပြုစု ကြည့်ရှုစောင့်ရှောက်ခြင်းဖြစ်တယ်။

ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုတယ်ဆိုတာ ဒီ ကာမရာဂ ကိစ္စအတွက်ဘဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊ ဒါပေမဲ့ လူရယ်လို့ဖြစ်လာရတာ ဒီကာမရာဂ ကိစ္စ တစ်ခုထဲအတွက်မဟုတ်ဘူး၊ ကံအင်မတန်ကြီးကောင်းလို့ ရလာတဲ့ လူ့ဘ၀ လေးကို အခွင့်ကောင်းယူပြီး သံသရာဝဋ်ဆင်းရဲတွေက လွတ်အောင် ဒါနကုသိုလ်တွေ သီလကုသိုလ်တွေ ဘာဝနာကုသိုလ်တွေလုပ်ဖို့ လူတိုင်းမှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ အဲဒီတော့ ဒီကာမရာဂ ကိစ္စတစ်ခုထဲနဲ့ အချိန်မကုန်စေချင်ဘူး၊ ဒီကာမရာဂကိစ္စဟာ အရသာတော့ အတော်ထူးတယ်၊ အဲဒီလို အရသာထူးသလောက် သတ္တ၀ါတွေကို နိဗ္ဗာန်မရောက်နိုင်အောင် နိဗ္ဗာန်နဲ့ဝေးသထက် ဝေးအောင် လုပ်တဲ့နေရာမှာလဲ အင်မတန်ကြီး သတ္တိထူးပါတယ်၊ ဒါကို လူတိုင်း စဉ်းစားဖို့ပါဘဲ။

သတ္တ၀ါတွေမှာ အကုသိုလ်ဖြစ်နိုင်တဲ့ နေရာသုံးခုရှိတယ်…

ကိုယ်ရယ် ၊ စိတ်ရယ် ၊ နှုတ်ရယ် သုံးခုဖြစ်တယ်

ကိုယ်နဲ့အကုသိုလ်
-သူများ အသက်သတ်ရင်
-သူများဥစ္စာခိုးရင်
သူများ သားမယားကျူးလွန်ရင် ကိုယ်ကြောင့် အကုသိုလ်ဖြစ်တယ်

နှုတ်နဲ့အကုသိုလ်
-လိမ်ပြောရင်
-တစ်ယောက်နဲ့တစ်ယောက် မသင့်တင့်ဖြစ်အောင် ကုန်းတိုက်ပေးရင်
-ဆဲရေးတိုင်းထွာရင်၊ကြမ်းကြမ်းတမ်းတမ်းပြောရင်
-အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားကိုပြောရင် နှုတ်ကြောင့် အကုသိုလ်ဖြစ်တယ်

စိတ်နဲ့အကုသိုလ်
သူများပိုင်တဲ့ စည်းစိမ်ဥစ္စာကို ကြံစည်ရင်
သူတစ်ဖက်သားပျက်စီးရာ ပျက်စီးကြောင်းကြံစည်ရင်
ဘုရား တရား သံဃာရတနာသုံးပါး အစစ်မဟုတ်ဖူး လှူဒါန်းရင် ကုသိုလ်မရဘူး ဥပုသ်စောင့်ရင် ကုသိုလ်မရဘူး
ကမ္မာဌာန်းထိုင်ရင် မဂ်တရား ဖိုလ်တရားတွေမရဘူး လို့ ကြံစည်ရင် စိတ်နဲ့အကုသိုလ်ဖြစ်တယ်။

ပုညကြိယ၀တ္တု ဆယ်ပါး
(ကောင်းကျိုးချမ်းသာ မင်္ဂလာရဲ့ တည်ရာဖြစ်သောကြောင့် ဧကန်စင်စစ်ပြုထိုက်တဲ့ ကောင်းမှုများ)

၁) ဒါန (ပေးကမ်းစွန့်ကြဲခြင်း)
၂) သီလ (စောင့်ထိန်းခြင်း)
၃) ဘာဝနာ (စိတ်တည်ငြိမ်အောင်လုပ်ခြင်း)
၎) အပစာယန (ကြီးသူကို ရိုသေခြင်း)
၅) ဝေယျာဝစ္စ (သူတစ်ဖက်သားး စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင် ကိုယ်ထိလက်ရောက် ကူညီခြင်း)
၆) ပတ္တိဒါန (မိမိကုသိုလ်လူပ်ပြီးတိုင်း သူများတွေလဲ ရအောင် အမျှဝေခြင်း)
၇) ပတ္တာနုမောဒနာ (သူများအမျှဝေလျှင် သာဓုခေါ်ခြင်း)
၈) ဓမ္မသာဝန (သူတော်ကောင်းတရားကို နာယူခြင်း)
၉) ဓမ္မဒေသနာ (မိမိကိုယ်တိုင်လဲ သူတော်ကောင်းတရားကို ဟောပြောခြင်း)
၁၀) ဒိဌိဇုကမ္မ (ဖြောင့်မှန်သော အယူရှိခြင်း၊ ကံ၊ကံ၏အကျိုးတရားကို ယုံကြည်ခြင်း)

မဂ္ဂင်ရှစ်ပါး (သီလ သမာဓိ ပညာ)

၁) မှန်စွာသိခြင်း
၂) မှန်စွာကြံခြင်း
၃) မှန်စွာပြောဆိုခြင်း
၎) မှန်စွာပြုလုပ်ခြင်း
၅) မှန်စွာအသက်မွေးခြင်း
၆) မှန်စွာအားထုတ်ခြင်း
၇) မှန်စွာအောက်မေ့ခြင်း
၈) မှန်စွာတည်ကြည်ခြင်း

သီလ သမာဓိ ပညာဆိုတာ……………

သီလ…ကိုယ်အကုသိုလ်တွေ နှုတ်အကုသိုလ်တွေ မဖြစ်ရအောင် ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းတာကို သီလလို့ ခေါ်တယ်

သမာဓိ……စိတ်အကုသိုလ်တွေ မဖြစ်ဖို့အတွက် စိတ်တွေ ဟိုလွင့်ဒီလွင့် မလွင့်စေဘဲ အာရုံတစ်ခုတည်းမှာ ငြိမ်နေအောင် ထိန်းထားတာကို သမာဓိလို့ခေါ်တယ်

ပညာ…ခန္ဓာငါးပါးမှာ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားတွေကို မြင်အောင် ရှုနိုင်တဲ့ဥာဏ်ကို ပညာလို့ခေါ်တယ်

ခန္ဓာ ငါးပါးဆိုတာ ၁) ရုပ် ခန္ဓာ ၂) ဝေဒနာ ခန္ဓာ ၃) သညာ ခန္ဓာ ၄) သင်္ခါရ ခန္ဓာ ၅) ၀ိဥာဉ် ခန္ဓာ တို့ဖြစ်တယ်
အဲဒီ့ ခန္ဓာ ငါးပါးဟာ မမြဲဘူး ဆင်းရဲတယ် အလိုမလိုက်ဖူး သတ္တ၀ါမဟုတ်ဖူး ဆိုတာ မြင်အောင် ရှုနိုင်တဲ့ ဥာဏ်ကို ပညာဥာဏ်လို့ ခေါ်တယ်..

ဒီပညာဟာ လေးဆင့်ရှိတယ်…

၁) သောတာပတ္တိပညာ
၂) သကဓါဂါမိပညာ
၃) အနာဂါမိပညာ
၎) အရဟ္တဖိုလ်ပညာ

ပထမအဆင့်ဖြစ်တဲ့ သောတာပတ္တိပညာ အဆင့်ကိုရရင်ဘဲ အပါယ်တံခါးပိတ်ပါတယ်။

ဘုရားဂုဏ်တော်ကိုးပါး

၁) အရဟံ ၂) သမ္မာသမ္ဘုဒ္ဒေါ ၃) ၀ိဇ္ဖာစရဏသမ္ပန္နော ၄) သုဂတော ၅) လောက၀ိဒူ ၆) အနုတ္တရောပုရိသ ဓမ္မသာရထိ ၇) သတ္တာဒေ၀မနုသာနံ ၈) ဗုဒ္ဒေါ ၉) ဘဂ၀ါ

တရားဂုဏ်တော်ခြောက်ပါး

၁) သွက္ခတော ဘဂ၀တာဓမ္မော ၂) သိန္နိဌိကော ၃) အကာလိကော ၄) ဧဟိပဿိကော ၅) သြပနေယျိကော ၆) ပစ္စတ္တံဝေဒိတဗ္ဘော ၀ိညူဟိ

သံဃာ့ဂုဏ်တော်ကိုးပါး

၁) သုပ္ပတိပန္ဒော ဘဂ၀တော သာဝကသံဃော ၂) ဥာယတ်ပတိပန္ဒော ဘဂ၀တော သာဝကသံဃော ၃) သာမိစိပတိပန္ဒော ဘဂ၀တော သာဝကသံဃော (ယဒိဒံ စတ္တာရိပုရိသ ယုဂါနိ အဌပုရိသ ပုဂ္ဂလာ) ဧသ ဘဂ၀တော သာဝက သံဃော ၅) အာဟုနေယျော ၆) ပါဟုနေယျော ၇) ဒက္ခိနေယျော ၈) အဉ္ဖလီကရဏိယော ၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ

ကိုးပါးသီလ

၁) သူ့အသတ်သတ်တာကို ရှောင်ရမယ်
၂) သူ့ပစ္စည်းခိုးတာကို ရှောင်ရမယ်
၃) မမြတ်တဲ့မေထုန်မှီဝဲတာကို ရှောင်ရမယ်
၎) လိမ်ပြောတာကိုရှောင်ရမယ်
၅) သေရည်သေရက်သောက်တာကိုရှောင်ရမယ်
၆) နေ့လွဲညစာစားတာကိုရှောင်ရမယ
၇) အက အဆိုအတီး အမှုတ် ကိုယ်တိုင်လဲမလုပ်ရဘူး သူများတွေကိုလဲ မလုပ်ခိုင်းရဘူး လုပ်နေတဲ့ဆီကိုလဲ သွားမကြည့်ရဘူး နားမထောင်ရဘူး
၈) ဇိမ်ခံတဲ့နေရာတွေကိုလဲရှောင်ရမယ်

ကိုးပါးသီလဆိုတာကတော့ အခုပြောခဲ့တဲ့ ရှစ်ပါးသီလကို စောင့်ထိန်းပြီး သတ္တ၀ါတွေအားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ကြောင့်ကြခပ်သိမ်းကင်းငြိမ်းပါစေ ဆင်းရဲခပ်သိမ်းကင်းငြိမ်းပါစေ နှလုံးစိတ်ဝမ်း အေးချမ်းပါစေလို့ မေတ္တာပို့နေရမယ် အဲဒီကိုးပါးသီလ စောင့်ထိန်းတဲ့နေ့မှာ ဒေါသမထွက်မိအောင် အထူးဆင်ခြင်ရမယ်

ဦးနု(ကာမတဏှာ)

No comments:

Post a Comment