Wednesday, December 7, 2016

သုတကျေးဇူးစွမ်းရည်ထူး

သုတံ သဒ္ဓါယ သုတဿ စာဂဿ ပညာယ ဥပနိဿယပစ္စယေနပစ္စယော၊၊

“လုပ်ရန်အခွင့်၊ သင့် မသင့်ကို၊ နှိုင်းချိန်တိုင်းတာ၊ ကောင်းစွာသိတတ် ၊ဆုံးဖြတ်တတ်
မချွတ်လူခေါ်သည်"
လူ့ဘဝ၌ ကံသည်လူ့ပုံသဏ္ဍာန်ကိုဖော်ပေးခဲ့၍ ဥာဏ်သည် လူ့အရည်အချင်းကို
ထည့်သွင့်မြှင့်တင်ပေးနေရသည်၊၊ လူဖြစ်ဖို့မှာ ကံ၏တာဝန်ဖြစ်၍ လူစစ်စစ်ဖြစ်ဖို့ကား
ဥာဏ်၏တာဝန်ဖြစ်သည်၊၊ ကံရုပ်ကိုဥာဏ်အလုပ်ဖြင့် အလုပ်ပေးနိုင်ပါမှ လူ၏ထည်ဝါမှု
ကို ရရှိမည် လူစစ်မှ လူ့အလုပ်စေ့စပ်သေချာ၍ လူ့စွမ်းအားပေါ်လွင်မည်၊၊ လူစစ်မှလည်း လူ့အနှစ်ပြည့်ဝမည်၊၊

လူ့စွမ်းအားအစစ်သည် တရားသာဖြစ်သည် လူ့ဘဝ၏ အဖုအဆစ် အထစ်အငေါ့
အခက်အခဲ အရှုပ်အထွေးပြဿနာမျိုးစုံကို တရားကလွဲ၍ မည်သည့်အရာမျှ အားလုံး
ချောမွေ့ပြေလည်အောင် ဖြေရှင်းနိုင်စွမ်းမရှိချေ၊၊ လူ့စွမ်းအားတရားရနိုင်ရန်
အမြင်ထက်မြက်ပြတ်သားသော ဥာဏ်ကိုအထူးလိုအပ်သည် အတိတ်ကံနှင့်တွဲပါလာ
သော ဘဝကပေးထားသည့်ဥာဏ်သည် ပစ္စုပ္ပန်ဥာဏ်ဝီရိယဖြင့်တူးဆွဖော်ထုတ်ပေးမှ
ပေါ်လာတတ်သည် ၊၊ကံကောင်း မကောင်း ဥာဏ်ဝီရိယဖြင့်တူးဆွကြည့်ရသည်၊၊

လူ့အသိဥာဏ်ကို သုတဖြင့်သာရယူနိုင်သည် မျက်စိဖြင့်မြင်ရခြင်း နားဖြင့်ကြားရခြင်း
နှစ်မျိုးကိုပေါင်း၍ သုတဟုခေါ်ထားခြင်းဖြစ်သည် မျက်စိ နားနှစ်ပေါက်မှသာ
အသိဥာဏ်ကိုသွင်းယူရသည် မျက်စိနားပျောက်ကွယ်ပျက်စီးသွားလျှင် လူ့အသိဥာဏ်
ဝင်ပေါက်ပိတ်သွားတော့သည် ဘုရားပစ္စေကဗုဒ္ဓါမှလွဲ၍ လူသည် မသင်မကြားရဘဲ
ဘာမှမတတ် အသိဦးသူ အသိထူးသူတို့ထံမှ တစ်ဆင့်ရရှိသောသုတဖြင့်သာ
အသိဥာဏ်ရရှိဖြစ်ပေါ်တိုးပွားကြရသည်၊၊

သုတမပါလျှင် အသိဥာဏ်မရနိုင်သဖြင့် ကောင်းမှုရလာဒ်အခွင့်အလမ်းကိုမမြင်
ကောင်းမှုဝေးကွာနေတတ်သည် မဂ်ဖိုလ်ရထိုက်သူပင် သုတမရှိလျှင် မဂ်ဖိုလ်မရဘဲ
ဝေးကွာနေတတ်သည် အရူပဗြဟ္မာသည် တိဟိတ်ဖြစ်သော်လည်း ရုပ်မရှိသဖြင့်
မျက်စိနားမပါရကား သုတမရနိုင်သောကြောင့် ပုထုဇဉ်ဘဝ၌ လုံးဝမဂ်ဖိုလ်မရနိုင်ဟု
ဆိုသည်၊၊ သုတတိုးပွားမှ ကောင်းမှုနှင့်မဂ်ဖိုလ်ရနိုင်ခွင့် အသိဥာဏ်ပွင့်လာတတ်သည်

စာပေလေ့လာသင်ယူခြင်း နာကြားမှတ်သားခြင်း စာပေဖတ်ရှုခြင်းစသောသုတ
ကြောင့် သဒ္ဓါတရားဖြစ်ပေါ်တိုးပွားရသည် သဒ္ဓါတရားပေါ်လာလျှင် ကောင်းမှုတရား
လမ်းပေါက်ပွင့်သွားသည် ကိုယ်ကျင့်သီလမြင့်မားလာရသည် သုတအဆင့်ဆင့်
နောက်ထပ်တိုးပွားလာရသည် အလှုရဲရင့်လာသည် ဘယ်သူအားပေးပေးဒါနဖြစ်အောင်ပေးတတ်သည် နာကြားဥာဏ်မှ စဉ်းစားဥာဏ်
ပွားများဥာဏ်များရရှိတိုးပွားလာရသည် သုတမွဲလျင် အသိမွဲ၍ ကိုယ့်ဟာကိုယ်တောင်
အလိမ်ခံရတတ်သည်၊၊

သုတများ၍ အသိဥာဏ်တိုးပွားလိုသူသည်
(၁)နာယူသင်ကြားလျှင် တရားစကားဖတ်ရှုလေ့လာလျှင် တရားစာပေကိုလေးလေး
စားစား တန်ဖိုးထားရမည်၊၊
(၂)သင်ယူနာကြားလျှင် သင်ပြဟောကြားပေးသူ. "ဖတ်ရှုလျှင် ရေးသားပေးသူကို
ရိုသေမြတ်နိုးလေးစားရမည်၊၊
(၃)မိမိကိုယ်ကို တရားနှင့်ထိုက်တန်သူအဖြစ်မြှင့်တင်၍ ရိုသေလေးစားတန်ဖိုးထားရမည်
(၄)စိတ်မပျံ့လွင့်အောင်ထိန်းသိမ်း၍ တည်ကြည်ငြိမ်သက်လေးနက်စွာ စူးစူးစိုက်စိုက်
နာယူမှတ်သားရမည် အထူးစိတ်ဝင်စားရမည် စိတ်ငြိမ်မှဥာဏ်ပေါ်ထွက်သည်၊
(၅)တရားလမ်းကြောင်းပေါ် စိတ်ကိုတင်၍ နှလုံးသွင်းဆင်ခြင်စဉ်းစားရင်း နာယူမှတ်သားရမည် နာကြားဥာဏ်မှ စဉ်းစားဥာဏ်သို့မြှင့်တင်ပေးနေရမည်၊၊

သုတသည်လောကသုတနှင့် ဓမ္မသုတဟုနှစ်မျိုးရှိသည် လောကသုတသည်
အများအားဖြင့် ဘဝထမ်းပုံနည်းပညာကိုပေး၍ ဓမ္မသုတသည် ဘဝအသုံးချ၍
စွမ်းအားထုတ်ယူနိုင်ပုံနည်းပညာကိုပေးသည်၊၊ လူသည် လောကသုတမျှဖြင့်
အသိမစုံသေး အပူလည်းမငြိမ်းသေး အဆိုးလည်းမနိုင်သေး လောကနှင့်ဘဝဒုက္ခ၏
အနိုင်ကျင့်လွမ်းမိုးမှုကိုခံနေရဦးမည် ဓမ္မသုတရှိပါမှ လူ့အသိနှင့်ပြည့်စုံသည်
အဆိုးနိုင် အပူငြိမ်း စိတ်သောကငြိမ်းသွားနိုင်သည် ၊၊

တိပိဋကဓရ ယောဆရာတော်

No comments:

Post a Comment