Saturday, December 10, 2016

ပါရာဇိကကျမကျ

မသမာတဲ့နည်းနဲ့စာမေးပွဲခိုးဖြေရင်အောင်မြင်သွားပြီး
ဂုဏ်ပြုပူဇော်ပွဲလုပ်ရင်ခုခေတ်နဲ့ဆိုငွေ ၄/၅သိန်းလောက်အနည်းဆုံးရတယ်
ဒီငွေနဲ့ပါရာဇိကကျမကျသိချင်တယ်တတ်နိုင်ရင် အကျယ်တဝင့် စာသင်သားများအတွက် ဖြေကြားပေးချင်ပါတယ်။

စာမေးပွဲ ခိုးဖြေခြင်းနှင့် ပတ်သက်၍ ရဟန်းတော်များ ပါရာဇိက ကျ-မကျ ဆုံးဖြတ်ရာဝယ် စာအောင်ဆု တန်ဖိုးဖြင့် နှိုင်းယှဉ်ကြရာ တမတ် တမတ်ထိုက်သော တန်ဖိုးကို ခိုးယူလျှင် ပါရာဇိက ကျပေသည်။ ထိုတမတ်သည် ယခုခေတ်တမတ်ကို မယူရ။ ရွှေစင်တမတ်=ရွှေကဟာပဏ ရွှေငွေကြေးသုံးမျိုး ရောသော မိဿက ကဟာပဏကို ယူရမည်ဟု ၀ိနည်းအဋ္ဌကထာ၊ ဋီကာတို့၌ မိန့်ဆိုကြကုန်၏။

ဝိမတိဋီကာ၌ ရွှေစင်တမတ်ကို ယူ၍ ၀ိနစ္ဆယဋီကာနှင့် ရှေးသီဟိုဠ် (သီရိလင်္ကာ) ဆရာကြီးများက မိဿက ကဟာပဏကို ယူသည်။ ဤနှစ်မျိုးကိုသာ ရှေးကာလ၌ အယူများကြ၏။ ရွှေစင်တမတ်နှင့် မိဿက ကဟာပဏ တမတ်တန် ဆုငွေ၊ ၀တ္ထုပစ္စည်းကို အလှူခံလျှင် ပါရာဇိက ကျပေရာ၏။ ယခုခေတ် ရွှေတကျပ်သားသည် ၁-သိန်း ၈-သောင်းခန့် တန်ကြေးရှိရာ ရွှေတမတ်သားသည် ၄-သောင်းခွဲခန့် တန်ပေ၏။ သို့သော် တန်ဖိုးဆိုသည် အချိန်ကာလလိုက်၍ ပြောင်းလဲတတ်ပေရာ ဒုဗ္ဘိက္ခကာလ၌ -ဒုဗ္ဘိက္ခေ အာပဏိကဿ တိလမုဋ္ဌိ ထေယျစိတ္တော အ၀ဟရိ အာပတ္တိ တွံ ဘိက္ခု အာပန္နော ပါရာဇိက,န္တိ-အစရှိသော ၀ိနီတ၀တ္ထု (၀ိ-၁၊ ၈၁) ၌ ငတ်မွတ်ခေါင်းပါးချိန်၌ နှမ်းတဆုပ်သည်ပင် နီလကဟာပဏ တမတ်၊ ရွှေငါးရွေးမတန်ဟု မဆိုင်နိုင်ပေ။ အထူးဆင်ခြင်သင့်လှပေ၏။

ဤနေရာ၌ စာမေးပွဲဖြေဆိုခြင်းသည် လှူဖွယ်ဆု ရရှိခြင်းကို အဓိက မထားဘဲ ဂုဏ်လိုချင်မှု၊ ထင်ပေါ်ကျော်စောလိုမှုလောက်သာ ရည်မှန်း၍ ခိုးခြင်းဖြစ်လျှင် ခိုးခြင်းအင်္ဂါများနှင့် ထေယျစိတ္တပါ-မပါ ဆိုသည်ကိုကား ကာယကံရှင်များသာ သိနိုင်ပေလိမ့်မည်။

သို့သော် ရဟန်းတော်များသည် မိမိ၌ တကယ်မရှိသော ပရိယတ်ဂုဏ်များကို တကယ်ရှိသယောင် ဟန်ဆောင်ခြင်းမှာ သာဌေယျ=ကောက်ကျစ်မှု တမျိုးဖြစ်၍ ဥဇုကဂုဏ်၊ ဥဇုပ္ပဋိပန္နဂုဏ် ပျက်ယွင်းသောကြောင့် သူတော်ကောင်းရဟန်းကား မဖြစ်နိုင်။

လူပုဂ္ဂိုလ်များမှာလည်း ကာယုဇုကတာ၊ စိတ္တုဇုကတာ-ဟု ကိုယ်ရောစိတ်ပါ။
မာယာ+သာဌေယျ=မနှော ဖြောင့်မတ်ရမည်ဟု ဆိုပါသည်။
သို့မှသာ သောဘန=တင့်တယ်သော လူမွန်လူမြတ် ဖြစ်ပေမည်။
မရှိသော အရည်အချင်းဖြင့် ရှိဟန်ဆောင်ကာ ကြွားဝါဂုဏ်ယူခြင်းသည် ကောက်ကျစ်မှု=သာဌေယျသဘော ဖြစ်၍ သူတော်ကောင်း ပုဂ္ဂိုလ်ကား မဖြစ်နိုင်။

ထို့ပြင် အမှန်တကယ် အတတ်မသိသော ပညာဘွဲ့ ဒီဂရီများဖြင့် မိမိအကျိုး၊ အများအကျိုး၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်သည့် အပြင် သိသင့်သိထိုက်သော အခြေခံသင်ရိုးများ မကျေညက် မသိရှိသည့်အတွက် အထက်အထက် စာပေပညာများကို ဆင်လက်သင်ကြားရန် နားမလည်တော့ပေ။ မိမိ၏ ပညာရေးခရီးနှင့် အရာရာ တိုးတက်မှုကို မိမိကိုယ်တိုင်ပင် ဖျက်ဆီးရာရောက်ပေ၏။ ထို့ကြောင့် ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းတို့၏ အပြုအမူလည်း မဟုတ်။ မိမိ၏ ပညာရေးခရီးကို ချိုးဖဲ့ဖျက်ဆီးရာလည်း ရောက်သော စာမေးပွဲ ခိုးချဖြေဆိုခြင်းကို ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ အထူးရှောင်ရှား သင့်ကြပေသည်။

ခိုးစာ (ခိုးကူးဖို့ရန် စာ) ရောင်းသူများသည် လှပမွှေးကြိုင်ပြီး တန်ဖိုးရှိစွာ ပွင့်လန်းလာမည့် ကျောင်းသူ-ကျောင်းသားများ၊ ရှင်ရဟန်းများ၏ မြင့်မြတ်သန့်စင်သော ဘ၀ပန်းကလေးများကို ဖျက်ဆီးသူအဖြစ်လည်းကောင်း၊ တိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာကို ဖျက်ဆီးသူအဖြစ်လည်းကောင်း၊ လောကကို အကျည်းတန် အရုပ်ဆိုးအောင်၊ လောကကို ပျက်စီးအောင်လုပ်သူများ အဖြစ်လည်းကောင် ပြုရာကျသည်။ သံသရာတွင် အပြစ်ကြီးလေးလှပေသည်။

မင်္ဂလာသတင်းစဉ်
ဘာသာရေးပြဿနာများ

No comments:

Post a Comment