Friday, December 23, 2016

လေသိမ်မွေ့နေခဲ့သော်

လေသိမ်မွေ့ခြင်းသည် အာနာပါန စတင် အားထုတ်သော ယောဂီတိုင်း နီးနီး ဖြတ်ကျော် ရမည့် အချက်ပင် ဖြစ်သည်။ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်စဉ် ဘာဝနာ သမာဓိ စွမ်းအား ရှိန်စော် အာနုဘော် ကြောင့် ၀င်သက်လေ ထွက်သက်လေ တို့သည် အဆင့်ဆင့် သိမ်မွေ့ရာမှ ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မထင်လာ မမြင်လာ သဖြင့် နေရာမှ ထ၍ သွားခဲ့သော် ကမ္မဋ္ဌာန်း အသစ်အသစ် ဖြစ်ရခြင်းမှာ ဤသို့ ဖြစ်၏ ---

နောက်ထပ်တစ်ဖန် ပြန်၍ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ် ပြန်လျှင်လည်း ထိုသို့ပင် ၀င်သက်လေ ထွက်သက်လေ တို့သည် မထင်မရှား တစ်ဖန် ပြန်၍ ဖြစ်လာကြဦး မည်သာ ဖြစ်သည်။ မထင်ရှားတိုင်း ထ၍ ထ၍သာ သွားနေပါက တစ်ဖန်ပြန်၍ တရားထိုင်တိုင်း ထိုင်တိုင်း မထင်မရှားသာ ပြန်၍ ဖြစ်နေဦးမည် ဖြစ်သည်။ သို့အတွက် ကမ္မဋ္ဌာန်း အသစ် အသစ်သာ ဖြစ်နေမည်ဟု မိန့်ဆိုခြင်း ဖြစ်ပေသည်။

ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ၀င်သက်လေ ထွက်သက်လေ သည် မထင်မရှား ဖြစ်လတ်သော် ရှေးက မိမိ မှတ်ယူဖူးသော ပကတိသော ၀င်သက်လေ ထွက်သက်လေ ၏ ထိရာ အရပ်ဒေသ ဌာနမှ ၀င်သက်လေ ထွက်သက်လေကို ဉာဏ်ဖြင့် မြင်အောင် ဆောင်ယူ ရမည် ဖြစ်သည်။ ဆောင်ယူပုံ အကြောင်း ဥပါယ်ကား ဤသို့တည်း။ ထိုယောဂါဝစရ ရဟန်းတော် သည် ၀င်သက်လေ- ထွက်သက်လေ ဟူသော ကမ္မဋ္ဌာန်း၏ ဉာဏ်ဝ၌ မထင်ရှားသည်၏ အဖြစ်ကို သိသည် ရှိသော် ဤသို့ အဖန်တလဲလဲ စူးစမ်း ဆင်ခြင် အပ်၏ ---

ဤ ၀င်သက်လေ ထွက်သက်လေတို့ မည်ကုန်သည် အဘယ်အရပ်၌ ရှိကုန်သနည်း၊ အဘယ်အရပ်၌ မရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌ မူလည်း ရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌ မူလည်း မရှိကုန်သနည်း - ဤသို့ အဖန်တလဲလဲ စူးစမ်း ဆင်ခြင် အပ်၏။ မိမိနောက်ဆုံး လေ၏ ထိမှုကို သိခဲ့သော နေရာမှာပင် စောင့်၍ ကြည့်နေပါ မကြာမီပင်
ပြန်ပေါ်လာ ပါလိမ့်မည် ။

#ဖားအောက်တောရဆရာတော်

No comments:

Post a Comment