ဗုဒ္ဓဘာသာတို့လောကတွင် ပဉ္စင်းခံပြီးစသိမ်ကအထွက် ဆီးပြီးလှူဒါန်းကြ၏။ အကြောင်းကားနှစ်ရပ်ရှိ၏။
၁။ ပဉ္စင်းသစ်အား အသုံးအဆောင်များရရှိစေလိုခြင်း။
၂။ လှူဒါန်းသူမိမိအတွက် အကျိုးကြီးကြီးရစေလိုခြင်းတို့ဖြစ်၏။
ပဉ္စင်းတက်ပြီးခါစ ပဉ္စင်းသစ်သည် သိမ်ထဲ၌မြတ်စွာဘုရားခွင့်ပြုအပ်နှင်းလိုက်သော သပိတ်တစ်လုံး သင်္ကန်းသုံးထည်သာလျှင် ပိုင်ဆိုင်သေးသည်။ ဥပမာ မင်္ဂလာဦးအခါ၌ အိမ်ထောင်စုတစ်ခုအတွက် လိုအပ်သောပစ္စည်း ပစ္စယများ မပြည့်စုံသေးသောသဘောမျိုးဖြစ်၏။ ထို့ကြောင့်ပဉ္စင်းသစ်ကလေးအား ရဟန်းအသုံးအဆောင်များပြည့်စုံပါစေခြင်းအကျိုးငှါ သိမ်ဆင်းသိမ်ထွက်၌ ၀ိုင်းဝန်းလှူဒါန်းကြခြင်းဖြစ်၏။
ထို့ထက်အရေးကြီးသောအချက်တစ်ချက်မှာ သီလစင်ကြယ်သူကိုလှူလျှင် မိမိ၏အလှူအကျိုးကြီးသည်။ အလှူခံပုဂ္ဂိုလ်စင်ကြယ်ခြင်းသည် မြေသြဇာအလွန်ကောင်းသောပထမတန်းစားမြေနှင့်တူ၏။ ထိုမြေ၌မျိုးစေ့ချစိုက်ပျိုးလိုက်လျှင် သီးနှံဖွံ့ဖြိုးအထွက်တိုး၏။ ထိုနည်းတူ သီလ၀င်ကြယ်သောအလှူခံပုဂ္ဂိုလ်အားလှူရလျှင် ဒါနမျိုးမှန်၍ အကျိုးပေးသန်လှပေသည်။
ရဟန်းဘ၀ အကျဉ်းအားဖြင့် ၂၂၇သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် သိက္ခာပုဒ်များက ထိန်းသိမ်းရသည်ဖြစ်ရာ အာပတ်အပြစ်ကင်းရန် မဖြစ်နိုင်ပေ။ ရဟန်းမှန်က အာပတ်သင့်စမြဲဟု ဆိုရာသည်။ သို့သော်ရဟန်းဖြစ်ခါစ ပဉ္စင်းသစ်ကလေးမူကား ဆိုခဲ့ပါအာပတ်များမသင့်သေး၍ သီလ၀င်ကြယ်ခိုက်အချိန်ကာလဖြစ်ပေသည်။
ယင်းသို့ပဉ္စင်းခံပြီးခါစ ပဉ္စင်းသစ်ကလေးအနေဖြင့် မည်သည့်အာပတ်မျှမသင့်သေးဘဲ အသစ်စက်စက်သီလစင်ကြယ်နေခိုက်ဖြစ်၍ ထိုအချိန်ထိုအခါ၌ လှူလိုက်ရလျှင် အကျိုးပေးထူးခြားမည်ဖြစ်ပေသည်။
သာသနာ့ဦးသျှောင်ဆရာတော်ကြီးများပင် ပဉ္စင်းသစ်၏နောက်မှလိုက်ပါကြလေသည်။ မြတ်စွာဘုရား၏သာသနာတော်တွင်`၀ါ´သည် အလွန်အရေးကြီး၍ ၀ါကြီးသောရဟန်းက ရှေ့က ၀ါငယ်သောရဟန်းက နောက်မှ သွားရမြဲဖြစ်၏။ ယခုလိုပဉ္စင်းတက်ပွဲမျိုး၌သာ ၀ါငယ်သောဝါမရသေးသော ပဉ္စင်းသစ်အနေဖြင့် မထေရ်ကြီးများ၏ရှေ့မှကြွသွားခွင့်ရခြင်းဖြစ်ပေသည်။ ဤသည်မှာချီးမြှောက်သည့်သဘောလည်း သက်ရောက်ပေသည်။
ဘဒ္ဒန္တတိလောကသာရ
မြတ်မင်္ဂလာမဂ္ဂဇင်းမှ
No comments:
Post a Comment