Saturday, December 3, 2016

မရဏာသန္န သေခါနီးကာလတွင်၊ ဒါနကလည်း မပြောင်၊ သီလကလည်း အကြောင်၊ ဘာဝနာကလည်း အယောင်ယောင်၊ ခပ်ခြောင်ခြောင် အမှတ်တမဲ့၊ တော်အောင်သာ နေခဲ့၍၊ သေတော့မည့်အခိုက်၊ ဇောငါးတန်အဆိုက်နှင့်၊ အရှိုက်သို့ထိခါမှ၊ ကျိတိကြောင်တောင်၊ နားယောင်ပတ်ကား၊ မြွေမိဖားကဲ့သို့၊ သွားရမယ့်ရှေ့ဘဝ၊ တွေ့ရမယ့် အခင်းတွေနှင့်၊ ပက်ပင်းပါဆုံမိပါမှ၊ သတိကြီးရ ကြ၍၊

(၁) ဒါနကို ပြန်ရှု့သော်လည်း၊ ပြုဖူးသည့်ဒါနက၊ ကာလနှင့်ခပ်ရောရော၊ လောကနှင့် ခပ်ဖက်ဖက်၊ ထွေးယှက်လူးလဲ၊ အစင်ကြယ် နဲခဲ့၍၊ စိတ်ထဲမှာ မကြည်လာ၊

(၂) သီလကိုပြန်ရှာသော်၊ လောကဓံခုခေတ်က၊ လူ့အဖြစ်ကြပ်လှ၍၊ တတ်သမျှ ဝစီကံ၊ အနင့်သား ဖန်နိုင်မှ၊ တော်တန်ရုံ ရှိကြတယ်။

(၃) ဓမ္မိက ကျီးပလီကဲ့သို့၊ တီတီတာတာ၊ ခရာဆန်းပြား၊ အတန်ကြီး များနိုင်မှ၊ စားရန်ဖို့-ဝတ်ရန်ဖို့၊ တချို့ပေးကမ်း၊ လူတမ်းစေ့ကာ၊ အနိုင်သာရှိကြ၍၊ သိလျက်နှင့်မိုက်ရသော၊ အတိတ်ရ ခေတ်ပေမို့၊ ဖြစ်သမျှ ကိုယ်နှတ်က၊ ဗြုတ်အတိပေါလှ၍၊ မနောက မကြည်သာ၊

(၄) ဘာဝနာဆိုသည်မှာ၊ မြည်ရိုးမို့ မြည်ကြသည့်၊ သမထ မနော၊ ဝိပဿနာဇောများနှင့်၊ ပကောဋိ အသင်္ချာ၊ တသက်လုံး စင်ကွာ၏။

(၅) ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်ကို၊ အာရုံခံအောက်မေ့ဟု၊ တထေ့ထေ့ဆိုရပါသော်လည်း၊ နဂိုရ်ရင်း ပကတိ၊ လေ့ကျက်ခြင်းမရှိ၍၊ မိအောင်မထင်ပေ။

(၆) ဝေပါ၏ အမျှ၊ တဖွဖွဆိုသော်လည်း၊ ထိုသူ၏ဓာတ် နရက်ကို တတ်အကြပ် သိပြီမို့၊ နားညီးရုံသာ ရှိရှာသည်။

(လယ်တီဆရာတော်)

No comments:

Post a Comment