မနုဿဝိဂ္ဂဟပါရာဇိက
အမှုသည်= ရဟန်းအများ
အမှု= အချင်းချင်းသတ်မှု
မြတ်စွာဘုရားသည်ဝေသာလီမြို့မဟာဝုန်တော ကုဋာဂါရသာလာ၌ သီတင်းသုံးတော်မူစဉ် အသုဘကမ္မဋ္ဌာန်း၏အကျိုးကို အမျိုးမျိုးဟောတော်မူပြီးနောက် ၁၅ရက်လုံးဆွမ်းပို့မည့်ရဟန်းတပါးမှလွဲ၍ အခြားသူများ၏အဖူးအမျှော်အတွေ့ခံတော်မမူဘဲ တပါးတည်းကိန်းအောင်းတော်မူလေသည်။ ထိုအချိန်၌များစွာသောရဟန်းတို့သည် အသုဘကမ္မဋ္ဌာန်းကိုအားထုတ်ကြစဉ် မိမိတို့ခန္ဓာကိုယ်ကို စက်ဆုပ်ရွံမုန်းလာကြရကား ကိုယ့်ကိုယ်ကိုလည်းကိုယ်တိုင်သတ်ကြ တပါးကတပါးကိုလည်းသတ်ကြ ``မိဂလဏ္ဍိက´´မည်သော ရှင်ယောင်ကြီး (ရဟန်းအသွင်ဖြင့်နေသော်လည်းရဟန်းမဟုတ် ရသေ့လိုနေသူ) ကိုလည်း ``ငါတို့သေလျှင် သပိတ်သင်္ကန်းကိုသင်ရရစ်ပါလိမ့်မည် ငါတို့ကိုသတ်ပါ´´ဟု ခိုင်းကြသဖြင့် ထိုရှင်ယောင်ကြီးကလည်း တနေ့လျှင်တပါးကျနှစ်ပါးကျမှစ၍ တနေ့လျှင် ၆ကျိတ်တိုင်အောင်ပင် သတ်ပေးလေသည်။ (ဤနည်းအားဖြင့် ရဟန်းပေါင်းငါးရာ ပျက်စီးကြလေသတတ်)
ဘုရားရှင်သည် ၁၅ရက်လွန်၍ ကိုယ်တော်တပါးတည်းနေရာမှ ထွက်တော်မူလာသည့်အခါ ကျောင်းတိုက်တွင်း၌ ရဟန်းများနည်းပါး၍ ကြဲတောက်တောက်ဖြစ်နေသောကြောင့် အရှင်အာနန္ဒာကိုမေးတော်မူလေသော် အရှင်အာနန္ဒာက အကျိုးအကြောင်းလျှောက်လေရာ မြတ်စွာဘုရားသည် အာနာပါနကမ္မဋ္ဌာန်းကို ထပ်မံဟောတော်မူ၍ ရဟန်းတို့သတ်ကြဖြတ်ကြသော အမှုကိုကဲ့ရဲကတော်မူပြီးလျှင်
``ယောပနဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာဝေါရောပေယျ သတ္ထဟာရကံ ၀ါဿ ပရိယေသေယျ၊ အယမ္ပိပါရာဇိကော ဟောတိ အသံဝါသော´´ ဟု မူလပညတ်ကိုထားတော်မူရလေသည်။ (အကြင်ရဟန်းသည် သတ္တ၀ါမှန်းသိသောသညာနှင့်တကွ (သေစေလိုသောစေတနာဖြင့်)စေ့ဆော်၍ လူ၏ကိုယ်ကို ဇီဝိတိနြေ္ဒမှချအံ့။ (သတ်အံ့ဟူလို) ထိုသေလိုသူအနီး၌ (အလွယ်တကူရအောင်) လက်နက်တစုံတခုကိုမူလည်း ရှာ၍ချထားအံ့။ ဤရဟန်းသည် ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့်ပေါင်းသင်းဆက်ဆံခွင့်မရတော့ချေ။ ဤမူလပညတ်၌ ``မရဏ၀ဏ္ဏံဝါ သံဝဏ္ဏေယျ´´စသောစကားများမပါသေးသည်ကို သတိပြုပါ။)
မှတ်ချက် ။ ။ ရှေးလွန်လေပြီးသောအခါ မုဆိုးငါးရာတို့သည် တသက်ပတ်လုံးသားငှက်တို့ကိုသတ်၍ အသက်မွေးခဲ့ကြပြီးနောက် ငရဲရောက်၍ ငရဲမှလွတ်သောအခါ လူ့ဘ၀ရကြပြန်သဖြင့် ဘုရားအထံတော်၌ ရဟန်းပြုကြလေသည်။ ထိုသူတို့တွင် အချို့မှာသောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်ကြ၍ အချို့ကားပုထုဇဉ်ဘ၀၌သာ တည်နေကြသေး၏။. မုဆိုးဘ၀၌ပြုခဲ့သော အကုသိုလ်ကံကြွင်းသည် ယခုအခါအခွင့်သာတော့မည်ဖြစ်၍ ကိုယ့်ကိုယ်ကိုယ်သတ်၍ ဖြစ်စေ၊ သူတပါး၏အသတ်ခံ၍ဖြစ်စေ ဧကန်မုချပျက်စီးကြရတော့မည်။ ကံအကျိုးပေးခွင့်ကြုံလာလျှင် ဘုရားရှင်လည်း မတားမြစ်နိုင်။
ထိုသူတို့တွင် သောတာပန်စသည်ဖြစ်ပြီးသူတို့မှာ ဂတိမလွဲနိုင်သော်လည်း ပုထုဇဉ်ရဟန်းတို့အတွက် လားရမည့်ဘ၀ကိုစိတ်မချရ၊ သေခါနီး၌မိမိကိုယ်ကို စွဲလမ်းခင်မင်နေလျှင် ဧကန်အပါယ်ကျရလိမ့်မည်။ ခန္ဓာကိုယ်ကိုမစွဲလမ်းလျှင်ကား မိမိတရားကိုနှလုံးသွင်းခါ နတ်ပြည်သို့ရောက်နိုင်ရာ၏ဟု မြှော်မြင်တော်မူသောကြောင့် ဘုရားရှင်လည်းအသုဘကမ္မဋ္ဌာန်းကို ဟောထားတော်မူနှင့်လေသည်။
ထိုသို့တရားဟောတော်မူပြီးလျှင် ``လာမည့် ၁၅ရက်အတွင်းမှာ ထိုသတ်ဖြတ်မှုကိစ္စပေါ်လာတော့မည်။ ငါဘုရားမကယ်နိုင်သော ကံအကျိုးတရားကြီးကို တွေ့မြင်နေရသဖြင့် အကျိုးမရှိ´´ဟု သဘောတော်ရ၍ ၁၅ရက်လုံးလုံး အဖူးအမျှော်အတွေ့ခံတော်မမူဘဲ တပါးတည်းကိန်းအောင်းနေတော်မူ၍ ရဟန်းငါးရာလုံးကုန်ဆုံးပြီးမှ ထွက်တော်မူလာပြီးလျှင် ရဟန်းများနည်းသွားရခြင်း၏အကြောင်းကို သိတော်မူသော်လည်း စကားလက်စရမှသိက္ခာပုဒ်ပညတ်တော်မူလိုသောကြောင့် အရှင်အာနန္ဒာအား ရဟန်းများနည်းပါးခြင်း၏အကြောင်းကို မေးတော်မူလေသည်။
အနုပညတ်
အမှုသည်-ဆဗ္ဗဂ္ဂီရဟန်းများ
အမှု- သေခြင်း၌ကျေးဇူးရှိပုံကို ပြောမှု။
ဥပါသကာတစ်ယောက်သည် မကျန်းမမာဖြစ်နေ၏။ သူ၏ဇနီးသည်အလွန်လှပ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့ကား ထိုဇနီး၌စွဲလမ်းနေကြလေသည်။ ထို့ကြောင့် `ဥပါသကာသေလျှင် သူ့ဇနီးကိုရလိမ့်မည်´ဟု မျှော်လင့်ချက်ဖြင့် ဥပါသကာအား ပြောပြကြသည်မှာ `ဒကာ သင်သည် မကောင်းမှုကို ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုကိုပြုထားသူဖြစ်၏။ သင့်မှာရောဂါစွဲကပ်၍ ဆင်းရဲသောအသက်ရှင်ခြင်းဖြင့် ဘာအကျိုးရှိမှာလဲ။ အသက်ရှင်နေရခြင်းထက် သေရခြင်းကမြတ်ပါသေး၏။ သေလျှင်နတ်ပြည်ရောက်၍ ချမ်းချမ်းသာသာနေရလိမ့်မည်´´ ဤသို့ပြောကြလေသော် ဥပါသကာလည်း ``ကိုယ်တော်များပြောတာ မှန်ပေသည်´´ဟု ယူဆ၍ မသင့်သောအစာများကို စားသောက်လေရာ မကြာခင်ရောဂါတိုးသဖြင့် စုတေလေသည်။ ထိုအခါ ``ရဟန်းတွေက သေခြင်း၏အကျိုးကျေးဇူးကိုပြောသောကြောင့်သာ သူ့ယောက်ျားသေရသည်´´ဟု ဇနီးသည်ကအတတ်စွဲ၍ ကဲ့ရဲ့သည်ကို တဆင့်စကားတဆင့်နားဖြင့် ဘုရားရှင်ကြားတော်မူသောကြောင့်
``မရဏ၀ဏ္ဏံဝါ သံဝဏ္ဏေယျ၊ မရဏာယ၀ါ သမာဒါပေယျ အမ္ဘော ပုရိသကိံတုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန မတံတေ ဇီဝိတာ သေယျောတိ၊ ဣတိစိတ္တမနော စိတ္တသင်္ကပ္ပေါ အနေကပရိယာယေန မရဏ၀ဏ္ဏံဝါ သံ၀ေဏၰယ် မရဏာယ၀ါ သမာဒေပယ်´´။ ဟုဖြည့်စွက်၍ အနုပညတ် ထပ်ဆင့်တော်မူရလေသည်။
သိက္ခာပုဒ်မြန်မာပြန်
၁။ ယောပန ဘိက္ခု သဉ္စိစ္စ မနုဿဝိဂ္ဂဟံ ဇီဝိတာဝေါရောပေယျ =အကြင်ရဟန်းသည် သတ္တ၀ါမှန်းသိလျက် တမင်အားထုတ်၍ လူကို ကိုယ်တိုင်သတ်အံ့ သို့မဟုတ် အသတ်ခိုင်းအံ့။
၂။ သတ္ထဟာရကံဝါဿ ပရိယေသေယျ = (ထိုသို့အသတ်ခိုင်းလျှင်) သေချင်နေသူ အလွယ်တကူသေရအောင် ထိုသူ့အနီး၌ လက်နက်တစုံတရာကိုရှာမှီး၍ ချထားအံ့။
၃။ မရဏ၀ဏ္ဏံ ၀ါ သံဝဏ္ဏေယျ = (ဆင်းရဲစွာအသက်ရှင်နေရခြင်း၏ အပြစ်ကိုပြောပြခြင်း သေသည့်အခါရောက်ရမည့် သုဂတိဘ၀ကို ပြောပြခြင်းအားဖြင့်) သေခြင်း၏အကျိုးကျေးဇူးကို (ထိုသူသေချင်စိတ်ပေါက်လာအောင်) ပြောပြအံ့။ (``အမ္ဘော ပုရိသ ကိံ တုယှိမိနာ ပါပကေန ဒုဇ္ဇီဝိတေန၊ မတံ တေ ဇီဝိတာ သေယျော´´ကား သေခြင်း၏ကျေးဇူးကို ပြောပြပုံ စကားတည်း။ အမောင်ယောက်ျား သင့်မှာဆင်းဆင်းရဲရဲစားချင်တာ မစားရ၊ သောက်ချင်တာမသောက်ရနှင့် အသက်ရှင်နေရခြင်းဖြင့် ဘာအကျိုးရှိတော့မှာလဲ။ သင့်အတွက်တော့ အသက်ရှင်နေရခြင်းထက် သေရခြင်းက ကောင်းပါတယ်´´ဟု ပြောသည်။)
၎။ မရဏာယ၀ါ သမာဒါပေယျ = (ကြိုးဆွဲချပြီးလဲသေနိုင်တယ်၊ အဆိပ်သောက်ပြီးလဲ သေနိုင်တယ်၊ ရေထဲခုန်ချပြီးလဲ သေနိုင်တယ်စသည်ဖြင့်) သေဘို့ရာနည်းလမ်းကို ပြောပြအံ့။
အယမ္ပိပါရာဇိကော ဟောတိ အသံဝါသော = လူသတ်လို့ဖြစ်စေ အသတ်ခိုင်းလို့ဖြစ်စေ သေသွားလျှင် သူချထားသော လက်နက်ဖြင့်သေသွားလျှင် သူပြောသည့်အတိုင်း မတော်တာစား၍ ရောဂါတိုးပြီး သေသွားလျှင် သူနည်းပေးသည့်အတိုင်း ကြိုးဆွဲချမှုစသည်ပြု၍ သေလျှင် ဤရဟန်းမှာ ပါရာဇိကကျ၍ ကံကြီးကံငယ်ကိစ္စ၌ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့်မရတော့ချေ။
တတိယပါရာဇိကအင်္ဂါ
၁။ လူဇာတ်ရှိခြင်း (လူအစစ်ဖြစ်ခြင်း)
၂။ သတ္တ၀ါမှန်းသိခြင်း။
၃။ သတ်လို (သေစေလို) သောစိတ်ရှိခြင်း။
၎။ လုံ့လအားစိုက်ခြင်း။
၅။ သေခြင်း။ ဤငါးပါးစုံမှ ပါရာဇိကကျသည်။
၁။ လူဇာတ်ရှိသူ လူစင်စစ်ကိုသတ်မှ ပါရာဇိကကျသည်။ လူစင်စစ်မဟုတ်လူယောင်ဆောင်နေသော ဘီလူးပြိတ္တာနှင့်နတ်ဘီလူးစသော နတ်မျိုးတို့ကိုသတ်လျှင် ထုလ္လစဉ်းအာပတ်သင့်၏။ တိရစ္ဆာန်ကိုသတ်လျှင်ကား ``ပါစိတ်အာပတ်´´ဟု ပါစိတ်အခဏ်း၌လာလတ္တံ့။(လူဇာတ်ရှိသူဖြစ်လျှင်ကား ပဋိသန္ဓေနေစ ကလလရေကြည်ဘ၀၌ပင် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဗိုက်ကိုအနှိပ်ခံစေခြင်း စသည်ပြုလျှင်ပင် ပါရာဇိကကျ၏။)
၂။ သတ္တ၀ါမှန်းသိမှလည်း အာပတ်သင့်၏။ ညဥ့်မှောင်မှောင်၌ သတ္တ၀ါဟုမထင်ဘဲ သစ်ငုတ်ကြီးထင်၍ လူကိုပစ်ခတ်သော်လည်း သေစေကာမူပါရာဇိကမကျ။
၃။ သေစေလိုသောစိတ်ရှိမှလည်း ပါရာဇိကကျ၏။ သေစေလိုသောစိတ်မရှိဘဲ ညှင်းဆဲလိုသောစိတ်ဖြင့် ရိုက်နှက်ရာ၌ သေသွားစေကာမူ ပါရာဇိကမကျ။ သို့သော် ပါစိတ်ခဏ်း၌လာလတ္တံ့အတိုင်း ပါစိတ်အာပတ်ကား သင့်သည်။
၎။ သေစေလို၍ ရိုက်နှက်မှု ကိုယ်ဝန်ကျဆေးပေးမှုစသော ကိုယ်လက်ဆိုင်ရာ လုံ့လကိုဖြစ်စေ၊ အသတ်ခိုင်းမှု၊ သေဖို့ရာနည်းလမ်းပေးခြင်း၊ ဂါထာမန္တန်စုတ်ခြင်းစသော နှုတ်မှုဆိုင်ရာ လုံ့လကိုဖြစ်စေ (ကိုယ်မှုနှုတ်မှုတခုခု)ပြု၍ သေစေမှ ပါရာဇိကကျသည်။ ကိုယ်မှုနှုတ်မှုတခုခုပြုသော်လည်း မသေလျှင် ပြုသည့်အတွက် (ပြုရုံမျှဖြင့်) ဒုက္ကဋ်အာပတ်သင့်၍ အပြုခံရသူမှာ ဆင်းဆင်းရဲရဲ ခံနေရလျှင် ထုလ္လစဉ်းအာပတ်သင့်၏။
သတိပြုဖွယ်
သေခြင်း၏အကျိုးကျေးဇူးကိုပြောပြရာ၌ ကိုယ်တိုင်လည်းမသတ် သူတပါးကိုလည်း အသတ်မခိုင်းဘဲ သေချင်လာအောင်ပြောပြရုံဖြင့် အာပတ်သင့်ရသည်။ ယခုအခါ လူမမာနား၌ သေရမှာမကြောက်အောင် လူမမာကိုအားပေးစကားပြောတတ်၏။ ဆင်းရဲစွာရောဂါခံနေရသည်ကိုမြင်၍ မြန်မြန်သေအောင်ပြောတတ်ကြ၏။ အသတ်ခံရတော့မည့်ရာဇ၀တ်ကောင်ကို တချက်တည်းနှင့်သေပါစေဟု(သနားသဖြင့်) ပြောတတ်ကြ၏။ ထိုသို့ပြောကြရာ၌ ဤသိက္ခာပုဒ်ဖြင့်အပြစ်သင့်သည်။ ထို့ကြောင့်လူမမာအနား၌ အားပေးမမှားဖို့ သတိပြုသင့်ကြသည်။
အရှင်ဇနကာဘိဝံသ
ဘုရားဥပဒေတော်ကြီး
No comments:
Post a Comment