အကြင်ရဟန်းသည်ကား လူတို့၏ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် သာလွန်မြင့်မြတ်လှစွာသော ဈာန်၊မဂ်ဖိုလ်တရားများ မိမိ၌ထင်ရှားမရှိသေးမှန်းအတပ်သိပြီးဖြစ်နေပါလျက်က ကိလေသာတို့ကို ဖျက်ခွင်းနိုင်စွမ်းရှိသည့် ထိုဉာဏ်မြင်အထူးပါရှိသော ဥတ္တရိမနုဿဓမ္မ(လူတို့၏အားထားရာ ကုသိုလ်ကမ္မပထခေါ် ကုသိုလ်ကံမြောက်စေသည့် ပုညကိရိယ၀တ္ထုဆယ်ပါး သို့မဟုတ် ဒုစရိုက်တို့၏ဆန့်ကျင်ဘက်သုစရိုက်တရားဆယ်ပါးထက် သာလွန်မြင့်မြတ်သော ထိုဈာန်တရား မဂ်တရား ဖိုလ်တရား)များ မိမိ၌ရှိလေဟန်ဆောင်၍
-ဤအကြောင်းကြောင့် ငါသိ၏။
-ဤအကြောင်းကြောင့် ငါမြင်၏။
ဤသို့ဝါကြွားသောအားဖြင့် လူတို့ကို ပြောကြားငြားအံ့။ ထိုသို့ပြောကြားပြီးရာကာလမှနောက် သူတစ်ပါးတို့က ထိုကိစ္စမေးစစ်လာ၍ပဲဖြစ်ဖြစ်၊ မမေးဘဲဖြစ်ဖြစ် မိမိမှာအာပတ်သင့်ပြီး(ပါရာဇိကကျပြီး)ဖြစ်ချေရကား စင်ကြယ်ရာစင်ကြယ်ကြောင်း လူ၊ သာမဏေအဖြစ်သို့ လိုလားတောင့်တလျက်က
ငါ့ရှင် ငါသည်ကား ဤဈာန်မဂ်ဖိုလ်တရားများကို တကယ်လျှင်မသိပါဘဲလျက်က သိ၏ဟူ၍လည်းကောင်း၊ တကယ်လျှင် မမြင်ပါဘဲလျက်ကလည်း မြင်၏ဟူ၍လည်းကောင်း၊ အချီးနှီးစကား တမင်သက်သက်ဝါကြွား၍ နှုတ်ထွက်မှားခဲ့ပါပြီ။ ဤသို့ဝန်ခံစကားပြောကြားရာ၏။
က။ မိမိထိုတရားရရာရကြောင်း တကယ်လည်း အားထုတ်နေသည်။
ခ။ မိမိထိုတရားမျိုး တကယ်ရနေပြီဟုလည်း အထင်ရှိနေသည်။
ထိုရဟန်းမျိုးကို ပလပ်၍ သက်သက်ဝါကြွားအချီးနှီးစကားပြောကြားမှားသော ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးပြီဖြစ်တော့သဖြင့် ရဟန်းကောင်းများနှင့်ပေါင်းသင်းခွင့်မရှိစေရ။
စတုတ္ထမြောက်ပါရာဇိက၏နောက်ခံဝတ္ထုဇာတ်ကြောင်း
ဝဇ္ဇီတိုင်း ၀ဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းတို့သည် ထိုတိုင်းဝယ် ငတ်မွတ်ခေါင်းပါးမှုဘေးဆိုးကြီးကြုံသဖြင့် ဆွမ်းကွမ်းကိစ္စများမလွယ်ကူကြလေတော့ရကား အသက်မွေးဝမ်းကျောင်းမှုလွယ်ကူလာစေရန် အကြံအဖန်များဖြင့် တစ်ပါးလျှင်တစ်ပါးအပြန်အလှန်
မည်သူကား ဈာန်ရပုဂ္ဂိုလ်ကြီးဖြစ်နေပြီ။
မည်သူကား သောတာပန်အဆင့်ထိ ခရီးရောက်သွားပြီ။
မည်သူကား ရဟန္တာကြီးပင် ဖြစ်သွားပြီ။
ဤသို့လျှင်မရှိတရားတွင် အရှိတရားပြင်ဆင်၍တင်ကာ တစ်ပါးနှင့်တစ်ပါးအပြန်အလှန် မြှောက်စားပေးကြချေရာ လူတို့ခမျာ အဟုတ်မှတ်ထင်လျက်က ၄င်းတို့အတွက်ကြီးပွားတိုးတက်ပါစေတော့ အကြံဖြင့်
အချို့ကား မိဘတို့ကိုပင် မကျွေးမွေးနိုင်သည့် အစားအစာများဖြင့် ပူဇော်ကြကုန်၏။
အချို့ကား သားသမီးကိုပင် မစားစေဘဲ ထိုရဟန်းတို့ကိုသာ လှူဒါန်းကြကုန်၏။
အချို့မှာမူကား မိမိသည်ပင် အငတ်ခံလျက်က ထိုရဟန်းများကိုသာ ပေးလှူကြကုန်၏။ ထို့ကြောင့်ရဟန်းများစားပေါက်ချောင်ကြလေကုန်သတည်း။
သီတင်းကျွတ်ပြီ ထုံးစံအတိုင်းထိုရဟန်းများလည်း ဘုရားထံအဖူးမျှော်ဝင်ကြလေရာ ဘုရားရှင်ကားသိတော်မူမြင်တော်မူသည့်တိုင် စကားစရစေရန် ရည်သန်တော်မူ၍ ``ဘယ့်နှယ့်လဲ သင်တို့ကား ၀ါတွင်းကာလ ဆွမ်းကိစ္စ မျှတကြပါ၏လော´´မေးရာ မျှတပါကြောင်းပြန်လည်ကာ လျှောက်ထားကြလေကုန်၏။
``အဘယ်သို့မျှတကြလေသနည်း ´´ တဆင့်တက်မေးတော်မူရာ ဖြစ်ကြောင်းစုံအကုန်ပင်ပေါ်လွင်ချေတော့၏။ ထိုအခါဘုရားရှင်သည် ``ရဟန်းတို့ သင်တို့၏လုပ်ရပ်သည်ကား ရဟန်းကောင်းများ၏အလုပ်မျိုးမဟုတ်ခဲ့ချေပြီ။ သင်တို့၏တစ်ဝမ်းတစ်ခါး ဆွမ်း၏တစ်နပ်စားမျှကို လိမ်လည်လှည့်ဖြား ၀ါကြွားလျက်က ဤရယူခြင်းမျိုးများသည် သင်တို့ကိုယ်သင်တို့ ကိုယ့်ဗိုက်ကို သားလှီးဓါးဖြင့် ဖြတ်တောက်၍သရသည်လောက် မမြတ်ချေပြီ´´။ ဤသို့လျှင် ကဲ့ရဲ့ချုံ့ချတော်မူ၏။ ဆက်လက်၍ ဓါးပြကြီးငါးဦးအကြောင်းကို ဟောကြားတော်မူပါ၏။
သာသနာ့တောအုပ်ကြားမှ ဓါးပြကြီးငါးဦး
ရဟန်းတို့
၁။ ရဟန်းတစ်ပါးသည်ကား ရာထောင်များစွာသော တပည့်ပရိသတ်များခြံရံလျက်က မြို့ရွာအနှံ့ဒေသစာရီခရီးဆန့်၏။ ဆန့်လျက်ကပင် ``အင်း ဘယ်တော့များမှ ဒါယကာ ဒါယိကာမတို့၏ ပူဇော်အထူးကိုခံယူရပါမည်နည်း။´´ ဤသို့စဉ်းစားနေဘိ၏။ ထိုသို့လှည့်လျက်က စဉ်းစား စဉ်းစားလျက်က လှည့်သည့်အတိုင်းပင်လျှင် လူဒါယကာ ဒါယိကာမများ၏ ပူဇော်အထူးကိုခံရချေ၏။
ရဟန်းတို့ ထိုရဟန်းမျိုးသည်ကား ငါဘုရားသာသနာ၏ ကြီးပွားရေးကိုလည်း မကြံရွယ်၊ ဝေနေယျတို့၏ အကျိုးကိုလည်း မရွယ်ကိုး။ စင်စစ်ငါဘုရား၏ သာသနာကိုမှီလျက်က မိမိ၏ကြီးပွားရာကြီးပွားကြောင်းကိုသာ ငဲ့သောကြောင့် ထိုရဟန်းကား ပထမတန်းစား ဓါးပြကြီးတည်း။ ရဟန်းတို့
၂။ နောက်ရဟန်းသည်ကား ငါလျှင်ဟောထားအမြို့က်တရားများကို ၄င်းကိုယ်တိုင်ထိုးထွင်းသိအလား ဟောကြားလျက်က ငါဘုရား၏တရားတော်ကိုခိုးယူဘိ၏။ ထိုရဟန်းကား ဒုတိယတန်းစား ဓါးပြကြီးတည်း။ ရဟန်းတို့
၃။ နောက်ရဟန်းသည်ကား သီလစင်ကြယ်လေသူရဟန်းကောင်းများကို သီလမစင်ကြယ်သူများဟူ၍ စော်ကားပုတ်ခတ်ဘိ၏။ ထိုရဟန်းသည်ကား တတိယတန်းစား ဓါးပြကြီးတည်း။ ရဟန်းတို့
၎။ နောက်တစ်ပါးရဟန်းကား သံဃာပိုင်ကျောင်းမှစ၍ မြက်ဝါးစသည်များကို လူတို့အားလက်ဆောင်ပဏ္ဏာအဖြစ် ပေးလေကမ်းလေ၏။ ထိုရဟန်းသည်ကား စတုတ္ထအတန်းအစားဓါးပြကြီးတည်း။ ရဟန်းတို့
၅။ နောက်ဆုံးရဟန်းမှာမူကား မိမိ၌ထင်ရှားမရှိသော ဈာန်မဂ်ဖိုလ်တရားများ မိမိ၌ရှိနေလေဟန်တမင်ဝါကြွားလျက်က လူတို့အား ပြောကြားဘိ၏။ ထိုရဟန်းမျိုးသည်ကား တစ်ဦးတစ်ယောက်ကိုမျှသာ လိမ်ညာရာကျစေသည်မဟုတ်။ တစ်လောကလုံးကိုပါ လိမ်ရာညာရာရောက်နေပြီဖြစ်ခြင်းကြောင့် အကြီးအကျယ်ဆုံးသောပဉ္စမတန်းစား (အတန်းကုန်) ဓါးပြကြီးပင်တည်း။ ဤသို့လျှင်ဓါးပြကြီးငါးဦးအကြောင်း အကျယ်တ၀င့်ဟောကြားတော်မူပြီးနောက် ဤသိက္ခာပုဒ်တော်ကို ပညတ်တော်မူခဲ့ပါသတည်း။
အထင်မှား၍ပြောမိလေရာ
တစ်ဖန်သီလအထူးစင်ကြယ်လျက်က ကမ္မဋ္ဌာန်းတရားကိုချည်းတကယ်အဟုတ်အဟတ် အားထုတ်နေကြပါကုန်သော ရဟန်းများစွာတို့သည်
မိမိတို့၏ သမာဓိဖိအားနှင့်တကွ ဈာန်ကိစ္စများကပါ လွှမ်းမိုးထားဆဲ၊ နီဝရဏများနှင့်တကွ ရာဂ၊ဒေါသ၊မောဟများ မထကြွလာတော့သောအခါ ၄င်းရာဂစသည်တို့ သေပြီအထင်ဖြင့် ရဟန်းကိစ္စပြီးကြောင်း ပြောမိကြလေကုန်၏။
မိမိတို့ရှိ သမာဓိအားများကလည်းနည်း၊ ဈာန်အင်္ဂါများကလည်း မဖိစီးထားနိုင်ချိန်နီဝရဏများနှင့် ထိုကိလေသာများတစ်ဖန်ခေါင်းထောင်ထလာကြပြန်ကုန်၏။ ထိုအခါသံသယများ ကိုယ်စီဝင်လာကြ၏။ ငါတို့ယခင်က ဟုတ်လေအံ့ အထင်ဖြင့် ပြောခဲ့မိသည်မှာ ပါရာဇိကများကျလေရော့သလားဟူ၍ ထိုကိစ္စညီတော်အာနန္ဒာမှတဆင့် ဘုရားထံနားတော်သွင်းလျှောက်ထားကြလေရာ တကယ်ရပြီထင်မိသဖြင့် ပြောဆိုမိသောရဟန်း လိမ်ညာဝါကြွား မုသားအရာမမြောက်၊ ထို့ကြောင့် ဤသိက္ခာပုဒ်မှ ကင်းလွတ်စေခြွင်းချက် ထုတ်တော်မူခဲ့ပါသတည်း။
အတွင်းသိနှင့်အတွင်းရှိမဟုတ်လေဘဲ
ရဟန်း
ဤသိက္ခာပုဒ်ပါဠိ၌ အနဘိဇာနံ(န+အဘိ+ဇာနံ)ဟူ၍ အဘိသဒ္ဒါဖြင့် အထူးပြုထားသည်မှာ စာလာပေလာအားဖြင့်လည်းကောင်း၊ သူတစ်ပါးစကားနားကြား၍ မှတ်သားထားခြင်းဖြင့်လည်းကောင်း၊ သိရှိထားသော သုတသိ။ တဖန် ထိုသုတသိကိုအခြေခံ၍ မိမိ၏အတွေးအခေါ်အမြော်အမြင်အားဖြင့် သိရှိထားသော စိန္တသိ အနုဗောဓသိမျိုးမဟုတ်။ မိမိကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မိမိခန္ဓာတွင်း ရှုသိပွားများရင်းမှသိသော ပဋိဝေဓသိမျိုးကိုသာ ဥတ္တရိမနုဿဓမ္မဟူ၍ သိစေလိုသည်မှတ်။
ထိုအသိမျိုး(ထိုးထွင်းသိမျိုး)သည်သာ ဆိုင်ရာကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်းငှါစွမ်းနိုင်သဖြင့် အလမရိယဉာဏဒဿနံ ဟူ၍ထပ်ဆင့်ဆိုသည်မှတ်။ ထိုအသိမျိုး (ဆိုင်ရာကိလေသာကိုအမြစ်ကျွတ်ပယ်နိုင်စွမ်းရှိသောအသိမျိုး) မိမိ၌ထိုးထွင်းသိအားဖြင့် အထင်အရှားမရှိပါဘဲလျက်က ငါသိ ငါမြင်ဟူ၍ တမင်ဝါကြွား အဆံမပါအသံသာကြားသိစေသောသင့်အား ဤသိက္ခာပုဒ်က တားမြစ်ထားသည်မှတ်။ အာပန္နော ၀ိသုဒ္ဓါပေက္ခောဟူ၍ ပါဠိ၌လာရှိသည်မှာကား သင်သည်ထိုသို့ မိမိတစ်ဘ၀စာတစ်ခဏစာအတွက် ထွင်လုံးသုံးပြီးရှာမှီးခဲ့သဖြင့် ဤသိက္ခာပုဒ်အရ ပါရာဇိကကျပြီးသော
-ထိုအပြစ်တန်းလန်းဖြင့် သင်သာမဏေအဆင့်လျောချနေလည်း ဒုက္ခတွေ့တော့မည်။
-ထိုအပြစ်တန်းလန်းဖြင့် သင်လူအဖြစ်ထိ ကူးပြောင်းနေလည်း ဒုက္ခတွေ့တော့မည်။
ထိုဒုက္ခအားလုံးတို့မှ ကင်းဝေးစေရန် မိမိအပြစ်ကိုဝန်ခံပြီးမှ အသွင်ပြောင်း အဆင်ပြောင်းရမည်ကို သိစေလို၍မှတ်။ ဆိုလိုသည်မှာ အပြစ်သင့်ပြီးသောရဟန်း ထိုအပြစ်မှစင်ကြယ်လိုလျှင် ၀န်ခံစကားပြောကြားရမည်ဆိုလိုသည်။ တစ်ခြား(ပါစိတ်၊ဒုက္ကဋ်စသည်)အာပတ်တို့ကဲ့သို့ ၀န်ခံစကားပြောကြားခြင်းဖြင့် ထိုပါရာဇိကအပြစ်မှ ကျေပျောက်မည်ကား မဟုတ်။ ပါရာဇိကအပြစ်၏ ထုံးစံအတိုင်း လူ၊ သာမဏေတစ်ခုခုသို့ အဆင့်ပြောင်းရွှေ့ပြီးနေလေရာ၌ လိမ်လည်မှုဖြင့် ရာဇ၀တ်မှုကျုးလွန်ပြီးသူ ထောင်ဒဏ်ကျခံပြီး ထောင်မှထွက်လေမှသာ ထိုအမှုမှကျေအေးပြီးသူဖြစ်ရလေသည့်ပမာ ၀န်ခံရသည်ကို ဆိုချေသည်ရဟန်း။
အညတြ အဓိမာနာဝယ် အဓိသဒ္ဒါဖြင့် အထူးပြုထားသည်မှာကား
(က) ၀ီရိယလေးပါး(သွေးသားခမ်းလိုက ခမ်းစေ၊ အရိုးအကြောအရေမျှကျန်လိုက ကျန်စေဟူသော မလှုပ်ရဲတင်းခြင်္သေ့မင်း၏၀ီရိယမျိုးလေးပါး)တို့၏ မနေမနားအားထုတ်လေသူ။
(ခ) အဓိပတိလေးပါး (အားထုတ်လိုမှုပြင်းပြသောဆန္ဒ၊ ထိုဆန္ဒအတိုင်း တင်းတင်းအားထုတ်ခြင်း စိတ်ပါလက်ပါရှိလှခြင်း စိတ်စူးစိုက်မှုရှိခြင်း)တို့ဖြင့် မနေမနားအားထုတ်လေသူ။ ဤပုဂ္ဂိုလ်နှစ်ဦးတို့ကိုရည်၍ ဆိုသည်မှတ်။ မှတ်ချက်။ ။ ထိုပုဂ္ဂိုလ်မျိုးများ၌ ကိလေသာများငုတ်ကွယ်နေတတ်လှချေသည်။
ပါရာဇိကမြောက်သည့်အင်္ဂါရပ်များ
ရဟန်း သင်သည်
၁။ သင့်၌ဈာန်မဂ်လည်း တကယ်မရှိဖြစ်ခဲ့မည်။
၂။ သူတကာ အထင်ကြီးစေလိုသဖြင့် ဟိတ်ဟန်ထုတ်သော ကြွားလိုစိတ်လည်းရှိနေမည်။
၃။ ငါ ဈာန်ရ၊ မဂ်ရဟူ၍လည်း မိမိသို့တိုက်ရိုက်လည်း ညွှန်းဆိုနေမည်။
၎။ နားထောင်သူက လူသားစစ်စစ်လည်း ဖြစ်နေမည်။
၅။ ထိုလူသား အကင်းအညှာပါးသဖြင့် ချက်ချင်းလည်းသိသွားမည်။ ဤငါးချက်နှင့်ပြည့်စုံနေပါက သင့်မှာ ဤသိက္ခာပုဒ်အရ ပါရာဇိကကျလေပြီ။
အပြစ်မှကင်းလွတ်ခွင့်ရရှိခြင်း
ရဟန်း သင်သည်
၁။ (က) ရဟန်းတရားဇွဲစုံချလျက်က ခြေစုံပစ်ပွားနေချိန် သင့်သမာဓိအားအရှိန်လွန်ကာ အားကောင်းနေတတ်လှချေ၏။ ထိုသမာဓိဈာန်ရှိန်များကြောင့်ပင် နီဝရဏတရားများအနားမသီနိုင်တော့ရကား ကိလေသာများလည်း ငုတ်ကွယ်နေတတ်လှချေသေး၏။ ထိုအချိန် ယင်းကိလေသာများသေပြီးအထင်ဖြင့် သင်ရိုးသားစွာ ငါကားမဂ်ရပြီ ပြောမိခဲ့ချေသော် ဤသိက္ခာပုဒ်မှ ကင်းလွတ်သည်။
(ခ) တဖန် သင်တကယ်လည်း မဂ်ရပုဂ္ဂိုလ်ဖြစ်နေပြီး နားထောင်သူကလည်း သီတင်းသုံးဖော်(သင်နှင့်တရားကျင့်ဘက်)လည်းဖြစ်နေမည်။ ထိုသူ(ရဟန်း)သူ့သဒ္ဓါပန်းများ လန်းဆန်းတက်ကြွလာစေရန် သင်ပြောမိကလည်း ပါရာဇိကပြစ်(ပါစိတ်ပြစ်ကပါ) ကင်းလွတ်ရချေသည်။
၂။ င့ါဥပဇ္ဈာယ်၏ တပည့်မှန်သရွေ့ရဟန္တာတွေချည်းပါပဲ ဟူ၍ သွယ်ဝိုက်သောနည်းဝါကြွားလိုစိတ်ဖြင့်ပြောသော်မှလည်း မိမိလည်း ထိုတပည့်ထဲပါဝင်နေပေမယ့် ငါဟူသော တိုက်ရိုက်ညွှန်းလည်း မပါရှိခဲ့။ တပည့်တော်ဟူသော တိုက်ရိုက်ညွှန်းလည်း မပါရှိခဲ့။ ထိုသို့ သင်သို့ တိုက်ရိုက်ညွှန်းမပါဝင်ရကား သင့်မှာပါရာဇိကမကျ။ ထုလ္လစ္စဉ်းမျှသာ။
၃။ အကယ်တိတိ နာခံသူကလည်း လူသားဖြစ်ပါမှ နတ်စသည့် ကမ္မဇိဒ္ဓိရှင်ဖြစ်နေခဲ့သော် ချက်ချင်းပင်သိသော်မှလည်း သင့်မှာ ပါရာဇိကမကျ။ မှတ်ချက်။ နတ်သည် အသိမြန်ဆန်လွန်းခြင်း။ ဟုတ်မဟုတ် အတတ်သိနေခြင်း၊ လူတို့ကဲ့သို့ အထင်မကြီးတတ်ခြင်းများကြောင့်။
၎။ ငါကား ဈာန်ရ မဂ်ရ ပုဂ္ဂိုလ်ပေတည်းဟူ၍ လူသို့ပြောမိသော်မှလည်း ထိုလူကချက်ချင်းမသိ။ အကြာကြီးနေ၍ တွေးကြည့်မှ သဘောပေါက်သော် သင့်မှာ ပါရာဇိကမကျ။ မှတ်ချက်။ အတွင်းသိသည် အမှန်ချည်းဟူ၍ တစ်ထစ်ချမယူဆနိုင်သောကြောင့်။
၅။ အစစွာ လွန်ကျူးမိသူများကား ပညတ်ချက်မရှိသေး၍ ဤသိက္ခာပုဒ်မှ လွတ်ပြီ။
ဤအချက်များ သတိထား
ရဟန်း ဘုရားလက်ထက်တော် ကာလတုန်းက ဖြစ်ရပ်များမှာ
၁။ ရဟန်းများသည် ဤနေရာမှ လက်ဦးထွက်သူသည် ရဟန္တာဟူ၍ ကတိက၀တ်ထား၏။ ထိုစဉ်ရဟန်းတစ်ပါးကား သူ့ကိုရဟန္တာထင်စေလိုသဖြင့် ရဟန္တာမဖြစ်သေးဘဲ အရင်ဆုံးထွက်သွား၏။
၂။ ရဟန်းများသည် မိမိတို့ကို ရဟန္တာတွေဟူ၍ အထင်ရောက်စေရန် ရဟန္တာကြီးများ၏သို့ ဣနြေ္ဒကြီးစွာထားလျက်က ဆွမ်းခံသွားခြင်း၊ စင်္ကြံသွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းစသည့်အမှုအရာ အမျိုးမျိုး လုပ်ပြကြလေကုန်၏။ လူတို့ကလည်း ထိုရဟန်းများကိုကြည့်၍ ရဟန္တာကြီးတွေပဲ အထင်ရောက်ကြလေကုန်၏။ ထိုလိမ်ညာနည်းနှစ်မျိုးတို့တွင် အမှတ်၁ကား ပါရာဇိကကျရှာလေတော့၏။ အမှတ်၂ကား ထုလ္လစ္စဉ်းအာပတ်များ ကျရောက်ကြရလေတော့၏။
သင့်လက်ထက်၌လည်း သင်သည် သူတစ်ဖက်သို့အာရုံပြုလျက်က မိမိ၏ထင်ပေါ်ကျော်ကြားမှု၊ လာဘ်လာဘပေါများစေမှုစသည့် ပါပိစ္ဆာအလိုဆိုးများကိုငဲ့၍ ဣနြေ္ဒဆယ်ဟန်ဆောင်ခြင်း၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပြုကျင့်ခြင်းအမှုမပြုကျင့်သင့်။
အကယ်တိတိ သင့်ကိုယ်သင် အာရုံယူလျက်က ဣနြေ္ဒတရားစောင့်ရှောက်သောအားဖြင့် သွားလာလှုပ်ရှားမှုအမှုအရာထူးများပြုကျင့်နေပါသော်ကား အပြစ်သို့မကျရောက်သည့်အပြင် ကုသိုလ်ပင်လျှင် ရချေသေးတော့သည်။ ထို့ကြောင့် ဣနြေ္ဒကြီးတိုင်းလည်း ဟန်ဆောင်သမားဟူ၍ သူတစ်ပါးသွား သင်မစွပ်စွဲသင့်။ ဟန်ဆောင်မှုဟုတ်မဟုတ်မူကား သူ့အကြောင်းသူသာလျှင် သိလိမ့်မည်။ သင့်အကြောင်းလည်းသင်သာ အသိဆုံးမဟုတ်လော။
ဝိနယဗေဒ-ပါရာဇိကအခန်း
ဝန၀ါသီဉေ ယျဓမ္မသာမိထေရ်
No comments:
Post a Comment