Friday, December 2, 2016

ဝတ်ပန်းကိုချစ် သုံးနှစ်ကျွန်ခံ


ကဿပဘုရားရှင်လက်ထက်တော်၌ ဗာရာဏသီပြည်ဝယ်ဆင်းရဲလှသော အမျိုးသမီးလေးတစ်ယောက်သည် တခုသောနက္ခတ်ပွဲသဘင်ကြီး၌ ဂုဏ်အသရေရှိသော သူဌေးသူကြွယ်ကုန်သည်စသား အမျိုးသမီးများ၏၀တ်ပန်းပုဆိုးခေါ်တဲ့ လုံချည်အဆင်းဆန်းများကိုဝတ်ဆင်ကြကာ ကစားရွှင်မြူးကြသည်ကိုမြင်ရသည်ဖြစ်၍ မိမိလည်းဝတ်ပန်းလုံခြည်ဝတ်ချင်လှတာနှင့် မိဘများထံ ပူဆာတောင်းခံရှာလေတယ်တဲ့။ မိဘများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသည့်အတွက် ၀တ်ပန်းလုံခြည်ကိုမဆိုထားနှင့် ရိုးရိုးလုံခြည်ကိုသော်မှ ရှာကြံဝယ်ယူနိုင်ကြတယ်လေ။

သို့သော်လည်း မသိမလိမ္မာသေးသော သားသမီးများဆိုတာက မိဘများဘယ်လိုအခြေအနေရှိနေသည်ကိုမဆင်ခြင်၊ မိမိတို့ဝတ်ဆင်လိုချင်ကြသည်ကိုသာအရေးထားပြီး ပေးမလား မပေးဘူးလားစသည်ဖြင့်အကျပ်ကိုင်ကာ ဆောင်းဆိုကြမြဲထုံးတမ်းပေါ့နော်။

မိဘများက ဟဲ့ချစ်သမီး ၀တ်ပန်းလုံချည်ဆိုတာ အဘိုးများစွာထိုက်တန်သည်ဖြစ်၍ ငါတို့လိုဆင်းရဲသားများမှာ ၀ယ်ယူနိုင်သောအင်အားမရှိကြချေ။ သင်သည်ပြောဆိုမရ တကယ်တမ်းလိုချင်လှတာဖြစ်ရင် သူဌေးကြီးများအိမ်ကို သွားရောက်အစေခံ လုပ်ချေတော့။ သုံးနှစ်လောက်အစေခံလုပ်ရင်ဖြင့် ၀တ်ပန်းလုံချည်ကိုရပါလိမ့်မည်ဟု ပြောလေတယ်တဲ့။

ထိုအခါ သမီးဖြစ်သူမိန်းကလေးမှာ ၀တ်ပန်းလုံချည်ကို ၀တ်ချင်လှသည့်စိတ်ဇောထက်သန်လှတာနှင့် ဆင်းရဲမည်ကိုမျှ မစဉ်းစားနိုင်ရှာတော့ဘဲ တခါထဲ သူဌေးကြီးတစ်ဦးအိမ်ကိုသွားရောက်ကာ ၀တ်ပန်းလုံချည်ရဖို့အရေးဆွေးနွေးပြောဆိုကာ အစေခံအလုပ်ကို ၀င်ရောက်လုပ်ကိုင်လေတယ်တဲ့နော်။ တဏှာလောဘများ ဘယ်လောက်ကြောက်စရာ ကောင်းသလဲဆိုတာ စဉ်းစားကြည့်ကသိနိုင်ကြဖို့ပေါ့။

အမျိုးသမီးကလေး၏ ပတ်ဝန်းကျင်လုံချည်ရဖို့အရေးအတွက် ထက်မြက်သောစိတ်ထားဖြင့်အလုပ်ကိစ္စအဖြာဖြာတို့၌ ရှောင်ခွါခိုကပ်ခြင်းမရှိ တိကျမှန်ကန်စွာဆောင်ရွက်လုပ်ကိုင်သည်ကို သူဌေးကြီး သူဌေးကတော်ကြီးတို့က နှစ်သက်အားရကျေနပ်သဘောကျသည့်အတွက်ကြောင့် သုံးနှစ်မပြည့်ခင် ၀တ်ပန်းလုံချည်တစ်စုံကိုပေး၍ပြန်လွှတ်လိုက်တယ်တဲ့။

ထိုအခါ အမျိုးသမီးလေးကလဲ နှစ်သက်ကြည်နှုး အထူးဝမ်းသာရွှင်လန်းစွာဖြင့် အိမ်ကိုပြန်လာခဲ့၍ လမ်းခရီးအကြား၌ ရေကန်ကိုတွေ့တာနှင့် ရေမိုးချိုးပြီးမှ ၀တ်ပန်းလုံချည်ကိုဝတ်ဆင်ရတော့ပေမည်ဟု ရေကန်အနီးသို့သွားရောက်ရေချိုးရန် ပြင်ဆင်နေခိုက်မှာပင် ရဟန္တာကိုယ်တော်မြတ်ကြီးတစ်ပါး ဆွမ်းခံလာရင်း သူခိုးများက သင်္ကန်းကိုလုယူသွားသည့်အတွက် ဖက်သစ်ရွက်များကိုဝတ်ဆင်ကာ ဆွမ်းခံလာသည်ကိုတွေ့မြင်ရသဖြင့် အမျိုးကောင်းသမီးလေးက စဉ်းစားဆင်ခြင်သည်မှာ ငါသည်ရှေးအခါက ဒါနကုသိုလ်နည်းပါးသည့်အတွက် လူ့ဘ၀ကိုရလာသော်လည်း ဆင်းရဲနွမ်းပါးလျ အောက်တန်းကျသည်ဖြစ်၍ ၀တ်ပန်းလုံချည်လေးတစ်စုံဝတ်ဆင်ရဖို့အတွက် သူတစ်ပါးတို့အိမ်၌ သုံးနှစ်တာကာလကြာအောင် အစေခံကျွန်အဖြစ်ဖြင့် ဆင်းရဲပင်ပန်းစွာ နေထိုင်ရှာကြံခဲ့ရပေသည်။ ထိုကဲ့သို့ သုံးနှစ်တိုင်တိုင် ကျွန်ခံ၍ဆင်းရဲပင်ပန်းစွာ ရလာသော ၀တ်ပန်းလုံချည်ကို ယခုဘ၀အတွက် မြှော်ကိုးခင်မင်ဝတ်ဆင်ခြင်း မပြုတော့။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရသည့်တိုင်အောင် နောင်အစဉ်ထာဝရ ချမ်းသာရတုံပြည့်စုံစေသည့် အလှူဒါန မြတ်ပုညကိုသာလျှင် အဆင်သင့်တုံးပြုစု ပျိုးထောင်မြှုပ်နှံ၍ထားရပေတော့မည်ဟု ကြံစည်စဉ်းစားထက်သန်သော စေတနာသဒ္ဓါတရားဖြင့် ထေရ်ရှင်ဘုရားအား နိဗ္ဗာန်မျှော်ကာ ၀တ်ပန်းလျာမြတ်
သင်္ကန်းကို လှူဒါန်းဆပ်ကပ်လိုက်လေတယ်တဲ့။

ထိုသို့ဆက်ကပ်သော ၀တ်ပန်းလျာသင်္ကန်းကို ရဟန္တာထေရ်အရှင်က ယူငင်ကာဝတ်ဆင်မြန်းလိုက်သည်ကို သင်္ကန်းလျာဒါယိကာမိလေးဖူးတွေ့ရသည့်အခါ ကြည်ညိုလို့မဆုံး ပီတိလုံးကြွဝမ်းမြောက်လှတာနှင့် ပတ္ထနာဆုထူးများကို ပန်ဆွတ်ခူးလိုက်သည်မှာအောက်ပါဂါထာကလေးအတိုင်း ဖြစ်ပေတယ်တဲ့။

ဣမိနာ ယာဝ နိဗ္ဗာနံ၊ အဘိရူပါ ဘ၀ါမဟံ။
ပဿန္တာ သကလာ ပေါသာ၊ ဥမ္မာဒန္တု ၀ိသညိကာ။

ဆင်းရဲအောက်ကျ တပည့်တော်မသည်သုံးနှစ်တိုင်တိုင် သူတပါးအိမ်မှာအစေခံသူရင်းငှါးအဖြစ် လုပ်ကိုင်နေထိုင်သည့်အတွက်ကြောင့်ရရှိလာသော ၀တ်ပန်းပုဆိုးခေါ်သောဤလုံချည်ကို သင်္ကန်းလျာအဖြစ်ဖြင့် နောင်ခါထင်ရှားကောင်းစားချမ်းသာဖို့အရေးကို မြှော်တွေးမှန်းဆ၀င်စံရသည့်အဖြစ်တိုင်အောင် ဖြစ်လေရာရာ သံသရာဘ၀တိုင်း၌ အပါယ်ငရဲစံတဲ့ ဒုက္ခအမျိုးမျိုးတို့မှ ကင်းလွတ်ရသည်ဖြစ်၍ လူနတ်ချမ်းသာ အဖြာဖြာတို့ကို ခံစားရပြီးလျှင် အထူးအားဖြင့် ရုပ်ဆင်းအင်္ဂါလက္ခဏာတို့သည် ရွှေစင်ရုပ်သဖွယ် မိုးနတ်မယ်ကဲ့သို့ တင့်တယ်လှပအချိုးကျသည်ဖြစ်၍ မြင်မြင်သမျှသော ယောက်ျားအားလုံးတို့သည် မတည်ဣနြေ္ဒယွင်းသွေချက်ချင် သတိကင်း၍ ရှုးသွတ်ခြင်းသို့ရောက်ရစေသတည်းဟူ၍ သင်္ကန်းဒါကိကာမ အမျိုးသမီးလေးသည် ယောက်ျားများကို မိမိအားအောက်တန်းစားအနေဖြင့် အရေးမစိုက်ကြသည်ကို စိတ်နာလွန်းလှ၍ ဆုတောင်းလိုက်တာထင်ပါရဲ့။

ထိုအမျိုးသမီးလေးသည် ထိုဘ၀၌ အသက်ထက်ဆုံးနေထိုင်ပြီး၍ သေလွန်တဲ့အခါ နတ်ပြည်၌ တကြိမ်ဖြစ်ပြီးနောက်သိဝိတိုင်း အရိဋ္ဌပုရမြို့ကြီးဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝချမ်းသာသော သိရိဋိဝစ္ဆသူဌေးကြီး၏ သမီးရတနာကလေးဖြစ်လာ၍ ငယ်ရွယ်စဉ်ကပင်မြင်မြင်သမျှမိန်းမ ယောက်ျားတို့သည် တိမ်းပါးရူးမူးမတတ် လေးမြတ်စဘွယ်တင့်တယ်သောအဆင်း အရောင်ရှိသည်ဖြစ်၍ ဥမ္မာဒန္တီဟူသော အမည်ကိုမှည့်ခေါ်ကြလေတယ်တဲ့။

ထိုအမျိုးသမီးကလေးသည် ၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ မြင်သမျှသောလူအပေါင်းတို့သည် လူထက်မက နတ်သမီးတမျှကဲ့သို့ ချောမောလှပသော ရုပ်ဆင်းဒဏ်ကိုမခံနိုင်ကြသည့်အတွက်ကြောင့် ဖောက်ပြန်တိမ်းချွတ်ရှုးသွပ်ကြရလေတယ်တဲ့။

ထိုထက်မကအလောင်းတော်သိဝီဘုရင်မင်းကြီးနဲ့တကွ လက္ခဏာကြည့်ရှု့ရန်လာကြသော မင်းပုဏ္ဏားကြီးများပါ အားလုံးမြင်မြင်သမျှသော ယောက်ျားအပေါင်းတို့ ဖောက်ပြားတိမ်းချွတ်ရူးသွပ်ခြင်းသို့ရောက်ကြရလေတယ်တဲ့။

အင်း တစ်ဦးတစ်ယောက်ကုသိုလ်ပြုကာဆုတောင်းမှုတိမ်းပါး၍ လူအများဆင်းရဲ ဒုက္ခရောက်ကြရပေတယ်နော်။ ထိုအကြောင်းအရာကို ရှုစားဆင်ခြင်၍ နောင်အစဉ်မလွဲမှားစေအောင်သတိပြုရှောင်ကြဉ်တတ်ကြဖို့ပေါ့။

ဆရာတော်ဦးပညာဇောတ
(သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ)
ခေတ်မှီတရားဒေသနာတော်ပေါင်းချုပ်

No comments:

Post a Comment