(Ashin Osadha)
Thursday, December 15, 2016
တရားထိုင်တာ နေရာလေး လဲမှန်ဖို့လို
“အရှင်ဘုရား....နေရာမသန့်ရ င်ကော တရားထိုင်လို့ ဖြစ်သလား?” လူလတ်ပိုင်းအရွယ် စင်္ကာပူနိုင်ငံသားတစ်ယောက်က
ဒီနေ့မနက် တရားစစ်တော့ မေးတာပါ။ သူက ကုမ္ဗဏီကိစ္စနဲ့ နိုင်ငံစုံ၊
မြို့စုံကို လှည့်နေရပါတယ် တဲ့။ သူက တရားထိုင်လေ့ရှိတော့ ရောက်တဲ့
ဟိုတယ်တိုင်းမှာလဲ အချိန်ရသလောက် တရားထိုင်ပါ သတဲ့။ ဒါပေမဲ့
တချို့ဟိုတယ်တွေမှာ တရားထိုင်ရင်း နာနာဘာဝတွေ အာရုံထဲမှာ ထူးထူးဆန်းဆန်း
ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ အဲသလို မသန့်တဲ့ နေရာမျိုးတွေမှာ
တရားထိုင်ရင် ဖြစ်ပါသလား....လို့ မေးတာပါ။ သူက ဒီလို နေ့စဉ်ဘဝမှာ
တရားထိုင်တဲ့အကြောင်း ပြောလို့ သူ့ရဲ့ လျှောက်လွှာ ဖေါင်ကို
ဖတ်ကြည့်လိုက်တော့ Religion ဆိုတဲ့ နေရာမှာ Free Thinker လို့
ဖြည့်ထားပါတယ်။ ဒီတော့ သူဟာ ဘယ်ဘာသာမှ ကိုးကွယ်သူမဟုတ်၊ “လွတ်လပ်စွာ
တွေးခေါ်မှုကို မြတ်နိုးသူ” လို့ ပြောရမှာပေါ့။ သူက ဘာသာမရှိပေမဲ့
တရားကို အခုလို နေ့စဉ်ဘဝမှာ ထိုင်တယ်ဆိုတော့ အတော်လေး လေးစား မိပါတယ်။
မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာ ဆိုင်းဘုတ်တပ်ထားသူတွေက တရားကို သူလို
မထိုင်နိုင်ကြဘူး။ ဒါနဲ့ ဒီဒကာလေးကို အဲသလို နာနာဘာဝတွေ အာရုံထဲမှာ
တွေ့ရင် မေတ္တာ ကမ္မဋ္ဌာန်းကို သေသေချာချာ အလေးအနက်ထားပြီး စတင်ပွားဖို့၊
ပြီးမှ ဝိပဿနာကို ပွားဖို့ ညွှန်ကြားလိုက်ပါတယ်။ ပြီးတော့ မေတ္တသုတ်
ဖြစ်ပေါ်လာရပုံလေးကိုလဲ ရှင်းပြလိုက်ပါတယ်။ မေတ္တသုတ်ထဲက ရဟန်းတွေဟာ တစ္ဆေ
သရဲတွေ ရှိတဲ့တောမှာ သွားပြီးတရားထိုင်တော့ မနေနိုင်အောင်
ခြောက်လွှတ်လိုက်လို့ ဘုရားဆီကို ပြန်လာခဲ့ကြရတယ်။ အဲဒိ အခါမှာ ဘုရားက
သူတို့ကို မေတ္တာပွားဖို့ သင်ပေးလိုက်တယ်။ ဒီတစ်ခေါက် တောထဲပြန်သွားတော့
တောအဝင်ဝက တယ်လို့ မေတ္တာတွေ ပို့သရင်း သွားကြပါတယ်။ ဒီတော့ တစ္ဆေ
သူရဲတွေကလည်း ကြည်ကြည် ဖြူဖြူနဲ့ ခရီးဦးတွေပါ ကြိုဆိုကြပါတယ်။
အနှောက်အယှက်မရှိဘဲ တရားအားထုတ်နိုင်လို့ ဒီရဟန်းတွေ အားလုံး
ဝါကျွတ်တော့ ရဟန္တာဖြစ်ကုန်ပါတယ်။ နောက်ပြီး နေရာမသင့်တော်လို့ တရားမရတဲ့
မေဃိယရဟန်း ဆိုတာ ရှိသေးတယ်။ သူက မြစ်ကမ်းဘေးက သာယာတဲ့
သရက်ဥယျာဉ်ကြီးတစ်ခုတွေ့လို့
အဲဒိ ဥယျာဉ်မှာ သွားပြီး တရားအားထုတ်ဖို့ ဘုရားဆီမှာ ခွင့်တောင်းပါတယ်။
ဘုရားက ကြည့်လိုက်တော့ အဲဒိ သရက်ဥယျာဉ်က သူ့အတွက် မကောင်းဘူး။
အနှောက်အယှက်တွေ ဖြစ်မယ်။ ဒါနဲ့ ဘုရားက မသွားဖို့ တားတယ်။ မရဘူး။
ပြီးတော့ သူက.... “အရှင်ဘုရားက ဘုရားဖြစ်ပြီးတော့ ကျင့်ကြံစရာ
မလိုတော့ဘူး။ အားလုံးပြီးနေပြီ။ တပည့်တော်က ရဟန္တာမဖြစ်သေးဘူး။
ကျင့်ရအုံးမှာ။” လို့ ပြန်ပြောတော့ ဘုရားလဲ မတားသာတော့ဘူး။
ကဲ့....မင်းသွားချင်လဲ သဘောဘဲ” ဆိုပြီး ခွင့်ပြုလိုက်ရတယ်။ မကြာပါဘူး။
အနှောက်အယှက်တွေ ဝင်လာပါတယ်။ တစ္ဆေ သူရဲတော့ ဟုတ်ပါ ဘူး။ ကာမဝိတက်တွေ
ဝင်လာတာပါ။ နောက်တော့ စိတ်တွေ ပျံ့လွင့်ပြီး တရားကို လုံးဝ
အားထုတ်မရလို့ ဘုရားဆီ ပြန်လာခဲ့ရတယ်။ သူကတော့ နေရာရွေး မှားတာပါ။
ဒါကြောင့် တရားရဖို့ဆိုရင် နေရာသန့်ဖို့လဲ လိုသလို၊ နေရာမှန်ဖို့လဲ
အရေးကြီး ကြောင်း သတိထားစရာပါ....။
(Ashin Osadha)
(Ashin Osadha)
Labels:
work
Subscribe to:
Post Comments (Atom)
No comments:
Post a Comment