Wednesday, December 7, 2016

သိက္ခာထပ်ခြင်းအကြောင်းသိကောင်းစရာ

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာအလှူမင်္ဂလာပွဲတွေထဲမှာ
“သိက္ခာထပ်ခြင်းမင်္ဂလာ” ဟာလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။
များသောအားဖြင့် အလှူမင်္ဂလာပွဲတွေ ပြုလုပ်ကြတဲ့အခါ
မိမိတို့ကိုးကွယ်တဲ့ ဆရာတော်များကို သိက္ခာထပ်၊ မိမိတို့
တူ၊သား၊မြေးများကို ရဟန်းခံရှင်ပြု၊ သမီးများကို နားသတဲ့ပွဲတွေမှာ
အတွေ့ရများတဲ့ မင်္ဂလာတစ်ခုပဲဖြစ်ပါတယ်။

ဥပမာ..
မြန်မာလူမျိုးတွေမှာ မိမိအိမ်က သားယောင်္ကျားလေးများရှိရင်
သားကြီးကို ရဟန်းခံ၊ သားငယ်ကိုရှင်ပြုတဲ့ပွဲများကို
မဖြစ်မနေလုပ်ဆောင်လေ့ရှိကြပါတယ်။ အဲဒီလိုလုပ်ဆောင်ကြတဲ့အခါ သိက္ခာထပ်၊ရဟန်းခံ၊ရှင်ပြု၊နားသအလှူတော်မင်္ဂလာရယ်လို့
ပူးတွဲပြီးပြုလုပ်လေ့ရှိကြတာကိုတွေ့ရပါတယ်။
စုံသွားအောင်ဆိုတဲ့သဘောနဲ့ သိက္ခာထပ်မင်္ဂလာကိုပါ ပြုလုပ်ကြတာဖြစ်ပါတယ်။

ဒါဆိုရင်..
ဘာကြောင့် သိက္ခာထပ်မင်္ဂလာကို ပြုလုပ်ကြတာလဲ?

သိက္ခာထပ်မင်္ဂလာကိုပြုလုပ်ခံရတဲ့ရဟန်းနဲ့ပြုလုပ်ကြသူ ဒကာ၊ဒကာမတွေအနေနဲ့ ဘယ်လိုအကျိုးတရားတွေရကြသလဲ? သိထားသင့်ပါတယ်။

ဘယ်အရာမဆိုအကျိုး အပြစ်မသိဘဲလုပ်တာထက် အကျိုးအပြစ်ကိုသိပြီး
လုပ်တာက ပိုကောင်းတယ်မဟုတ်ပါလား?

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက ‘သိက္ခာထပ်တယ်’ ‘ကံဆင့်တယ်’
‘သိမ်ထပ်တယ်’ လို့ အမျိုးမျိုးခေါ်ဝေါ်ခြင်းပြုကြတဲ့ မင်္ဂလာကို
ပါဠိစာလုံးနဲ့ ဖလှယ်တဲ့အခါ ‘ပုနောပသမ္ပဒါမင်္ဂလာ’ လို့ ခေါ်ပါတယ်။
ဒီစကားလုံးကို သဒ္ဒါနည်းနဲ့ ခွဲကြည့်တဲ့အခါမှာတော့…

၁။ ပုန
၂။ ဥပသမ္ပဒါ
၃။ မင်္ဂလာ- လို့သုံးမျိုးထွက်ပါတယ်။

ပုန- တစ်ဖန်ထပ်ပြီးတော့
ဥပသမ္ပဒါ-ပဉ္ဇင်း၊ရဟန်းခံခြင်းဟု ဆိုအပ်သော
မင်္ဂလာ-ကောင်းသောအလုပ်လို့ မြန်မာမှုပြုနိုင်ပါတယ်။

အဖြောင့် မြန်မာဘာသာပြန်ဆိုရင်တော့ ‘နောက်တစ်ခါ ရဟန်းခံခြင်း’လို့
ဆိုရပါလိမ့်မယ်။ ဒီတော့ သိက္ခာထပ်တယ်ဆိုတာ..
ဉတ္တိစတုတ္ထကမ္မ၀ါစာနဲ့ ရဟန်းဖြစ်ပြီးသား ပုဂ္ဂိုလ်ကို
နောက်တစ်ခါထပ်ပြီးတော့ ရဟန်းခံခြင်းကိုပဲ သိက္ခာထပ်တယ်လို့ဆိုပါတယ်။

ဒါဆိုရင်..
‘သိက္ခာထပ်ခြင်းမင်္ဂလာ’ ဟာ အပိုလုပ်တာဖြစ်မနေဘူးလား?
ရဟန်းဖြစ်ပြီးသားကို ရဟန်းထပ်ခံလို့ ဘာတွေထူးခြားလဲ?
ဘာတွေကွားခြားသွားလဲ? လို့ မေးစရာကရှိလာပါတယ်။

ကြိုးစားပြီးတော့ ဖြေကြည့်ပါ့မယ်။

မြတ်စွာဘုရားသာသနာမှာ ရဟန်းတစ်ပါးဖြစ်ဖို့ အဓိကကျတဲ့
လိုအပ်ချက်နှစ်ခုရှိပါတယ်။

အဲဒါတွေကတော့..
၁။ သိမ်ရဲ့ပြည့်စုံခြင်း
၂။ ကမ္မ၀ါစာဆရာရဲ့ပြည့်စုံခြင်းတို့ပါပဲ။
ကျန်တဲ့အချက်တွေကိုတော့ ဒီမှာ မပြောပြတော့ပါဘူး။
ဒီအကြောင်းအရာမှာ ဒီနှစ်ချက်က အဓိကလိုအပ်လို့ပါ။
သိမ်ရဲ့ပြည့်စုံခြင်းဆိုတာ.. ‘သိမ်စစ်ခြင်း၊သိမ်အောင်ခြင်း’ ကိုဆိုလိုတာပါ။
ရဟန်းတစ်ပါးဖြစ်ဖို့ ဘုန်းကြီးကျောင်းဝန်းအတွင်းက တွေ့ရာ
အဆောက်အဦ ဘုရားဝန်းအတွင်းမှာ ရဟန်းခံလို့မရပါဘူး။
သိမ်ဆိုတဲ့ အဆောက်အဦ အတွင်းမှာသာ ရဟန်းခံခွင့်ရှိပါတယ်။
သိမ်အမည်တပ်ထားတိုင်းလည်း သိမ်မစစ်ပါဘူး။
သိမ်အမည်တပ်ထားတိုင်း သိမ် စစ်/မစစ်ကိုလည်း သာမန် အားဖြင့် သိနိုင်ဖို့ခက်ခဲပါတယ်။ သိမ်သမုတ်နည်းဟာလည်း သီးခြား ရှိပါတယ်။
ဒီတော့ အလွယ်မှတ်ထားရမှာက ရဟန်းခံခဲ့ပေမယ့်လည်း
မအောင်တဲ့သိမ်(သိမ်မစစ်ပါက) ရဟန်းမဖြစ်ပါဘူး။

ဒုတိယတစ်ချက်က..
ကမ္မ၀ါစာရဲ့ပြည့်စုံခြင်း ပါ။ ရဟန်းတစ်ပါးဖြစ်ဖို့ဆိုပါက
သိမ်ထဲကိုဝင်ပြီး ဉတ္တိစတုတ္ထကမ္မ၀ါစာနဲ့ လုံလောက်တဲ့
သံဃာတော်များထံကရွတ်ဖတ်မှုကို ခံယူရပါတယ်။
(ရဟန်းခံတဲ့နေရာမှာ အသုံးပြုတဲ့ ကမ္မ၀ါစာရှိပါတယ်)
အဲဒီမှာ ရဟန်းလောင်းကို ကမ္မ၀ါစာရွတ်ဖတ်ပေးတဲ့
ကမ္မ၀ါစာဆရာ၊ သံဃာများက ကမ္မ၀ါစာပါဠိများကို
ပီသစွာ အသံအနိမ့်အမြင့်၊ အတက်အကျ၊ တိုသောအသံ၊
ရှည်သောအသံ၊ ပြင်းပြင်းရွတ်ရသောအသံ၊
ဖွဖွရွတ်ရသောအသံများနဲ့ ရွတ်ဖတ်ကြရပါတယ်။
(ကမ္မ၀ါစာရွတ်ဖတ်နည်း သီးခြားရှိပါတယ်)

ဒီနေရာမှာ အဓိကသိထားရမှာက ရဟန်းခံတဲ့အခါမှာ
သိမ်တော့စစ်ပေမယ့် ကမ္မ၀ါစာရွတ်ဖတ်တာ
လိုအပ်ချက်ရှိပြန်ရင်လည်း ရဟန်းမဖြစ်ပါဘူး။

ရဟန်းခံတဲ့အခါ ဒီနှစ်ချက်က အရေးကြီးပါတယ်။
ဒီနှစ်ချက်စလုံးဟာလည်း မှန်၊မမှန် စစ်၊မစစ်ဆိုတာကို
သာမန်အားဖြင့်သိနိုင်ဖို့ ခက်ခဲပြန်ပါတယ်။

ဒီတော့..
ရဟန်းခံတဲ့အခါ သိမ်နဲ့ကမ္မ၀ါစာ နှစ်ချက်လုံးဟာ
သံသယရှိစရာ အချက်တွေပါ။

ဒါဆိုရင်..
သံသယကင်းအောင် ဘယ်လိုလုပ်မလဲ?

ရာဇ၀င်ထဲကို နည်းနည်းလေးဝင်ကြည့်ကြရအောင်..။

“မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းက သိမ်ထပ်တာ ရှိခဲ့သလား”
“လုံးဝမရှိခဲ့ပါဘူး”
“ဘာကြောင့်ပါလဲ”

ဘုရား၊ရဟန္တာအရှင်မြတ်တွေ စီမံထားတဲ့ သိမ်ဖြစ်နေလို့သိမ်နဲ့
ပတ်သက်ပြီးတော့ ဘုရားရှင်လက်ထက်တော်မှာ
လုံးဝသံသယဖြစ်စရာမရှိ ကင်းရှင်းပါတယ်။
ဒုတိယအချက် ကမ္မ၀ါစာရွတ်ဖတ်တာကလည်း
ရဟန္တာအရှင်မြတ်ကြီးတွေဖြစ်လို့ မပီသခြင်း၊ချွတ်ချော်ခြင်း၊
တိမ်းစောင်းခြင်း၊ မှားယွင်းခြင်းလုံးဝမရှိပါဘူး။

သံသယမရှိတော့ သိမ်ပြန်မထပ်ပါဘူး။
ဒါပေမယ့်..
သာသနာနောက်ပိုင်းကာလရောက်လာတဲ့အခါမှာတော့
သံသယတည်းဟူသော အကြောင်းတရားတွေကြောင့် သိမ်ထပ်ခြင်း
ကိစ္စတွေဟာတွေ့လာရပါတယ်။

ပုဂံခေတ် နရပတိစည်သူမင်းလက်ထက်က
ပေါင်းလောင်းအရှင်မဟာကဿပဟာ သီဟိုဠ်နိုင်ငံ(သီရိလင်္ကာ)ကို ကြွသွားပါတယ်။
သီဟိုဠ်ရောက်တော့ သီဟိုဠ်သံဃာတွေက သူ့အပေါ်
ရဟန်း ဖြစ်၊မဖြစ် သံသယရှိတဲ့စကားပြောရာမှ တဆင့်
ထပ်ပြီးတော့ သိမ်ဝင်ခြင်း သိမ်ထပ်ခြင်းကိစ္စရှိခဲ့တယ်လို့ သမိုင်းထဲမှာ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း တချို့သောသံဃာ့ဂိုဏ်း
(မြန်မာနိုင်ငံမှာ ရွှေကျင်ဂိုဏ်း သုဓမ္မာဂိုဏ်း၊ဝေဠုဝန်ဂိုဏ်း
ငှက်တွင်းဂိုဏ်းစသည်အားဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က
တရားဝင်အသိမှတ်ပြုထားတဲ့ သံဃာ့ဂိုဏ်ကြီး ၉ ဂိုဏ်းရှိပါတယ်)
သားတွေက မိမိတို့ကျောင်းတိုက်ကို တခြားသောဂိုဏ်းက
ရဟန်းများရောက်ရှိလာရင် ဥပုသ်အတူပြုဖို့ ကံကြီး ကံငယ်ဆောင်ဖို့
သံသယကင်းရှင်းအောင် သိမ်ထပ်ရတယ်လို့ ဆိုကြပြန်ပါတယ်။

မြန်မာသမိုင်းမှာ..
ရဟန်း ဖြစ်၊မဖြစ် သံသယအကြီးမားဆုံးခေတ်ကတော့
ဓမ္မစေတီမင်း ခေတ်ပါ။ ဓမ္မစေတီမင်းဆိုတာက ဘုန်းကြီးလူထွက်ပါ။
ကျောင်းထိုင်ဘုန်းကြီး ဘ၀နဲ့(ဓမ္မစေတီမင်း မဖြစ်ခင် သင်္ကန်းဝတ်ဖြင့်
ကျောင်းထိုင်ခဲ့တဲ့ကျောင်းဟာ ယနေ့ ပဲခူးမြို့၊လိပ်ပြာကန်အနောက်က
လိပ်ပြာကန်ကျောင်းတိုက်ပါ။ ယခု အချိန်ထိရှိပါသေးတယ်)
နေထိုင်ရင်းမှ ဘုရင်မကြီးရှင်စောပုက လူထွက်ခိုင်းပြီး သမီးနဲ့ပေးစားကာ
တိုင်းပြည်ကိုအုပ်ချုပ်ခိုင်းလို့ ရှင်ဘုရင်ဖြစ်လာတဲ့ မင်းတစ်ပါးပါ။
ဓမ္မစေတီမင်းနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့
အဖြစ်အပျက်တွေအများကြီးပါ။
ယနေ့အချိန်ထိထင်ရှားဆဲသမိုင်းတစ်ခုကတော့
ဓမ္မစေတီခေါင်းလောင်းပါ။
ဘုန်းကြီးလူထွက်ရှင်ဘုရင်ဖြစ်လာတော့
သာသနာအရေးကိုအထူးစိတ်ဝင်စားပါတယ်။

အဲဒီကာလမှာ သိမ်နဲ့ပတ်သက်ပြီးတော့ သံသယတွေ
အကြီးအကျယ်ဖြစ်နေတဲ့အချိန်ဆိုတော့ ဓမ္မစေတီမင်းရဲ့
စပွန်ဆာနဲ့ မြန်မာရဟန်းတော်တွေဟာ
သီဟိုဠ်နိုင်ငံ(သီရိလင်္ကာ)ကိုသွားပြီး သိမ်ပြန်ထပ်ပြီးမှ
ဟံသာဝတီနေပြည် တော်(ပဲခူးမြို့)မှာ သိမ်ပြန်ပြီးသမုတ်ကြပါတယ်။

အဲဒီခေတ်က သီဟိုဠ်သာသနာဟာ အားအလွန်ကောင်းခဲ့ပြီး
မြန်မာ့သာသနာသမိုင်းမှာတော့ ပွဲကျောင်း ဂိုဏ်းဘုန်းကြီးများ
ခေတ်စားမှုနဲ့အတူ သာသနာတော်အရောင်ဟာ ဖျော့တော့နေခဲ့ပါတယ်။

သီဟိုဠ်ပြန်ရဟန်းတော်များ ပထမဆုံးသမုတ်တဲ့သိမ်အမည်က
ကလျာဏီသိမ်ပါ။ (ပဲခူးမြို့၊မဇင်းလမ်း၊ကလျာဏီရပ်ကွက်မှာ
အခုအချိန်ထိထင်ရှားစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံသားတွေ
စိတ်ဝင်စား လေ့လာမှုအားနည်းပေမယ့် နိုင်ငံခြားသားတွေကတော့
ကလျာဏီသိမ်ကို အထူးစိတ်ဝင်တစားလေ့လာကြတာတွေ့ရပါတယ်။
အဲဒီသိမ်ကျောင်းထဲမှာ ဓမ္မစေတီကျောက်စာတွေရဲ့
ရှေးဟောင်းအမွေအနှစ်တွေဟာလည်း တန်ဖိုးကြီးပြီးလေ့လာချင်စရာပါ)

နောက်ပိုင်းကာလတွေမှာတော့ မြန်မာနိုင်ငံမှာ
သာသနာတော်ဟာ သန့်ရှင်း အားကောင်းလာပြီး
သီဟိုဠ်မှာကသာသနာအရောင် တစ်ဖန်မှေးမှိန်လို့
သီဟိုဠ်ရဟန်းတော်များက မြန်မာနိုင်ငံလာပြီး
တစ်ဖန်သိက္ခာပြန်ထပ်ကြရ ပြန်ပါတယ်။
ဟံသာဝတီခေတ်နောက်ပိုင်းမှာတော့ သိမ်ထပ်ခြင်းကိစ္စဟာ
တဖြည်းဖြည်းကျယ်ပြန့်လာခဲ့ပြီး နောက်ပိုင်းမှာတော့
‘သိမ်ထပ်ခြင်းမင်္ဂလာ’ ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု
အမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ သိထားရမှာက ရဟန်းခံစဉ်မှာ
ရွတ်ဖတ်တဲ့ကမ္မ၀ါစာနဲ့သိမ်ထပ်တဲ့အခါရွတ်ဖတ်တဲ့ကမ္မ၀ါစာဟာ အတူတူပါပဲ။

ရဟန်းစခံစဉ်မှာတော့ မေးမြန်းဆုံးမစရာလေးတွေရှိနေလို့
အချိန်ကြာမြင့်လေ့ရှိပြီး သိမ်ထပ်တဲ့အခါမှာတော့
(ရဟန်းဖြစ်စဉ်က မေးမြန်းဆုံးမပြီးသားမို့ )
တစ်ခါတည်းကမ္မ၀ါစာတန်းဖတ်တာမို့ အချိန်က သိပ်မကြာဘူးဖြစ်တာပါ။

ရဟန်းတစ်ပါးအနေနဲ့ ဘာကြောင့် သိက္ခာထပ်သလဲဆိုပါက
‘သံသယကင်း ရှင်းအောင်လို့ပါ’ ဒီနေရာမှာ အဓိကအရေးကြီးတဲ့
သံသယနှစ်ချက်ထဲကိုသာ ဦးစားပေးရေးခဲ့ပေမယ့်
ရဟန်းခံစဉ်မှာ အသက်(၂၀)ပြည့် မပြည့် သံသယရှိခြင်း၊
သိမ်အတွင်းဝင်ရဟန်းများကို သံသယဖြစ်ခြင်းကိစ္စတွေဟာလည်း
ရှိနိုင်ပါတယ်။ အရေးကြီးပြီး သံသယဖြစ်နိုင်တာကတော့ သိမ်နဲ့ကမ္မ၀ါစာပါ။

ဥပမာအနေနဲ့…
ဝန်ထုတ်ဝန်ပိုးများစွာကို ကြိုးတစ်ချောင်းတည်းနဲ့
တစ်ကြိမ်တည်း ချည်နှောင် ထားရင် ပစ္စည်းခိုင်ခံ့မှုကို စိတ်မချရဘူး။
နှစ်ချောင်း သုံးချောင်းနဲ့ချည်နှောင် ထားမယ်ဆိုရင်တော့ ပိုခိုင်သလိုပါပဲ။

ဆိုရရင်..
ရဟန်းတစ်ပါးအနေနဲ့ သံသယတွေကင်းရှင်းအောင် သိမ်ထပ်ခြင်းအမှုကို ပြုတာပါ။
သံသယတွေကင်းချင်ရင် သံသယတွေကိုရှင်းအောင်လုပ်ရမှာပဲလေ။

သိမ်ထပ်ခြင်းကိစ္စကို ရဟန်းခံစဉ်မှာ မိမိကိုယ်ကို သံသယရှိတဲ့
မထေရ်တွေက တစ်ဖန်အလျင်အမြန် သိမ်ပြန်ထပ်တာကိုတွေ့ရသလို
သံသယ မရှိတဲ့ တစ်ချို့မထေရ်မြတ်ကြီးတွေကတော့
လိုလားနှစ်သက်မှု မရှိကြတာကိုလည်း တွေ့ရပါတယ်။

ဘာကြောင့်လည်းဆိုတော့..
ရဟန်းတစ်ပါးအနေနဲ့ သိမ်တွေခဏခဏ အထပ်ခံပေမယ့်လည်း
ထူးထူး ခြားခြား သိက္ခာတွေတိုးမလားသလို၊
သိမ်အထပ်မခံရလည်း သိက္ခာက ကျမသွားပါဘူး။

ဒါပေမယ့်..
သိက္ခာထပ်သူများရင်တော့ ပစ္စည်းလာဘ်လာဘများမှာ အမှန်ပါပဲ။
ပစ္စည်း လာဘ်လာဘဆိုတာဟာလည်း ရဟန်းတစ်ပါးအတွက်
သုံးတတ်ရင် ဆေး ဖြစ်ပါတယ်။ မသုံးတတ်ရင်တော့
ဘေးဖြစ်မှာ မုချဧကန်အမှန်ပါပဲ။

ဒါ့ကြောင့် ရှေးဆရာတော်ကြီးတွေက
သိမ်ထပ်ခြင်းအမှု များစွာပြုလုပ်တာကို သိပ်နှစ်သက်တော်မမူကြပါဘူး။

သိမ်ထပ်ခြင်းနဲ့ပတ်သက်ပြီး မဟာစည်ဆရာတော်ကြီးက..
“ဥပသမ္ပဒကံထပ်ပြီး သံယောဇဉ်ပွားတဲ့အလုပ်ကို မလုပ်ကြဖို့ပါပဲ။
မူလ ရဟန်းခံစဉ်က သံသယရှိလို့ သိမ်ထပ်တာ၊ကံထပ်တာကိုတော့
မပြောလိုပါဘူး။ မူလ က ဘာသံသယမှမရှိဘဲနဲ့
ရဟန်းဒါယကာ၊ဒါယိကာမများရုံအတွက် ကံထပ်တာကတော့
သံယောဇဉ်ပွားစေတဲ့အလုပ်ပါပဲ။ ရဟန်း ဒကာ၊ဒကာမခံတဲ့သူများမှာလည်း
ရဟန်းဒါယကာအစစ်မဖြစ်ပါဘူး။ အမည်ခံမျှပါပဲ။
သပိတ်၊သင်္ကန်းလှူရတဲ့ကုသိုလ်အပြင် အခြားကုသိုလ်ထူးကိုလည်း မရပါဘူး။
ကံထပ်တဲ့ရဟန်းမှာရော၊အမည်ခံ ရဟန်းဒါယကာ၊ ဒါယိကာမများမှာပါ
သံယောဇဉ်ပွားရုံပါပဲ။ ဒါ့ကြောင့် ကံထပ်ခြင်းအမှုကို ရှောင်ရန်အထူးသတိပေးပါတယ်”
(၀ိနယ၀ိနိစ္ဆယ သင်္ဂဟကျမ်း)

မဟာစည်ဆရာတော်ကြီးဟာ သိမ်ထပ်ဖို့ လာလျှောက်တဲ့အလှူရှင် ရှိရင်လည်း
‘ဒီအရွယ်ရောက်မှ ကံထပ်လျှင် ရှက်စရာကြီး’ ဟုဆိုကာ ငြင်းပယ်လေ့ရှိပါတယ်။

သိမ်ထပ်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ကျမ်းပြုအကျော် တောင်မြို့
မဟာဂန္ဓာရုံ ဆရာတော်ကို မြေပိုင်ရှင် ဒါယိကာမတစ်ဦးက သိမ်ထပ်ဖို့လာလျှောက်တဲ့အခါ..

“သိမ်ထပ်ခွင့် မပြုပါဘူး။ သိမ်ထပ်တယ်ဆိုတာက ဘာမှထူးတာမဟုတ်ပါဘူး။
ရင်းနှီးတဲ့ ဒါယကာ၊ဒါယိကာမ ပိုလာတယ်ဆိုရုံလေး အကျိုးရှိတာပါ။
ဦးဇင်းက သာသနာတော်ရဲ့နောင်ရေးကို ပြုပြင်ချင်တာတွေ တော်တော်များများရှိပါတယ်။
အဲဒီအခါမှာ ဦးဇင်းကိုလည်း ဘုန်းကြီးအောင်၊ ဒါယကာ၊ ဒါယိကာမပေါအောင်၊ ပထမကျော်အောင်ပြီးကာမှ၊ကြီးတောင့်ကြီးကဲဖြစ်မှ၊ မြေပိုင်ရှင် ရဟန်းအမအသစ်နဲ့
သိမ်ထပ်တယ်လို့ အပြောခံနေရပါ့မယ်”ဟု ဆိုကာ ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမယ့်..
ရဟန်းခံတယ်ဆိုတာ.. ခဏ၀တ်တဲ့သူတွေအတွက်
ဘာမှပြောပစရာကိစ္စမဟုတ်ပေမယ့် သာသနာ့ဘောင်မှာ
အမြဲမပြတ်နေကြတဲ့ စာသင်သား ရဟန်းများအတွက်တော့ ပြောစရာကိစ္စတစ်ခုပါ။

တချို့သော ဒါယကာ၊ဒါယိကာမတွေဟာ
အမြဲတမ်းပစ္စည်းလေးပါးတာဝန် ယူမည်ဟု ဆိုကာ
ရဟန်းတစ်ပါးကို ရဟန်းခံပြီး မထောက်ပံ့ပဲ ဒီအတိုင်း
ပစ်ထားကြတာတွေကလည်း ရှိကြပါတယ်။

ဒီတော့...
မူလ ရဟန်း ဒါယကာ၊ဒါယိကာမအရင်းက ထောက်ပံ့လှူဒါန်းမှုနည်းတဲ့
ရဟန်းဟာလည်း ပစ္စည်းလာဘ်လာဘချို့တဲ့တော့ သူ့ရဲ့
ပညာရေး၊ ကျန်းမာရေး စတဲ့ သာသနာ့အရေးကိစ္စတွေကို
အထောက်အကူဖြစ်စေဖို့ သိက္ခာထပ်ခြင်းအမှုကို ခွင့်ပြုရတာလည်း ရှိပါတယ်။

ဒီလိုအကြောင်းအရာတွေကို ထောက်ဆသောအားဖြင့်
ဘုန်းကံနည်းပါးသော စာသင်သား သံဃာများကို သိက္ခာထပ်ချင်ထပ်ပါ ဟု
တောင်မြို့ဆရာတော် က မတတ်သာ၍ ခွင့်ပြုပေးခဲ့တာလည်း ရှိပါတယ်။

သို့သော်..
ယနေ့ခေတ်မှာတော့ ငယ်ရွယ်ပြီး ဘုန်းကံနည်းပါးသော
ရဟန်းငယ်များကို သိက္ခာထပ်တာဟာ တဖြည်းဖြည်း နည်းပါးလာပေမယ့်
ဘုန်းကံကြီးမားပြီး နာမည်ကြီး ဓမ္မကထိကဆရာတော်ကြီးများကိုတော့
တဖြည်းဖြည်း သိက္ခာ ထပ်ခြင်းအမှုကို ပိုမိုပြီး ပြုလုပ်လာကြတာကို အတွေ့ရပိုများပါတယ်။

လုပ်ချင်တာနဲ့လုပ်သင့်တာကို ခွဲခြားသိမှုအားနည်းခြင်းဟာလည်း
မကောင်းပါဘူး။ ရဟန်းတော်များအဖို့ သိမ်ထပ်တယ်ဆိုတာ
‘သံသယရှိခြင်း’ နဲ့ ‘ဘုန်းကံနည်းပါးခြင်း’ ဟူသော
အခြေခံလိုအပ်ချက်နှစ်ခု ပြည့်စုံစေဖို့ အကောင်းဆုံး အထောက်အကူဖြစ်စေတဲ့ အရာပါပဲ။

ဒါဆိုရင်..
ရဟန်း ဒါယကာ၊ဒါယိကာမတွေအဖို့ကော။

မြတ်စွာဘုရားရှင် လက်ထက်တော်အခါကာလ က
သာသနာ့ဘောင်ကို ၀င်ရောက်မည့် တချို့သောပုဂ္ဂိုလ်တွေကို
မြတ်ဗုဒ္ဓက ‘ဧဟိ ဘိက္ခု’ ဟု ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ရဟန်းဖြစ်သွားပါတယ်။

‘ဧဟိ ဘိက္ခု’ ခေါ်ခြင်းခံရဖို့ဆိုပါက ပရိက္ခရာရှစ်ပါးကို
လှူခဲ့ဖူးသူဖြစ်ဖို့ လိုပါတယ်။ ပရိက္ခရာရှစ်ပါး လှူဖြစ်ဖို့ဆိုပါက
ရဟန်းလောင်းတစ်ပါးကို ရဟန်းခံပေးမှ၊ သိက္ခာထပ်ပေးမှ လှူဖြစ်တာပါ။

ဒီတော့..
ပရိက္ခရာအလှူရှင်ဖြစ်ဖို့ သိက္ခာထပ်ခြင်းကို ပြုသင့်ပါတယ်။

နောက်တစ်ချက်ကတော့.. ရဟန်း ဒါယကာ၊ရဟန်းဒါယိကာမဖြစ်ဖို့
သိမ်ထပ် မင်္ဂလာကို ပြုလုပ်ရပါတယ်။
ရဟန်း ဒါယိကာ၊ရဟန်းဒါယိကာမ ဖြစ်ခွင့်ရတာဟာ
တကယ်တမ်းအားဖြင့် ဘုရားသာသနာနဲ့ အမျိုးတော်လိုက်တာပါ။

ဒီနေရာမှာ ဥပမာတစ်ခု ထုတ်ပြပါရစေ။
သာသနာသမိုင်းမှာ အလှူဒါနကို ကြီးမားကျယ်ပြန့်စွာပြုခဲ့တဲ့
မင်းတွေထဲမှာ အသောကမင်းကြီဟာ ထူးထူးခြားခြားထင်ပေါ်ခဲ့သူတစ်ဦးပါ။

သာသနာတော်နဲ့ပတ်သက်ပြီးတော့ ဒီလိုကြီးမားစွာပြုတဲ့
ဒါနအမှုတွေကို ပြုလုပ်ခဲ့လို့ သူဟာ သာသနာနဲ့ဆွေမျိုးတော်သူ၊
သာသနာ့အမွေခံဖြစ်ပြီလား ဟု အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို မေးမြန်းရာ..

“မင်းကြီး..သင်သည် ဤမျှလောက် ကိုးဆယ့်ခြောက်ကုဋေသော
ဥစ္စာတို့ကို စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်းဖြင့် သာသနာတော်၏
အမွေခံသူ မဟုတ်သေးပါချေ။ စင်စစ်ကား၊ ပစ္စည်းလေးပါး
ဒါယကာ၊သာသနာတော်၏ အလုပ်အကျွေး ဒါယကာဟူ၍သာ
ရေတွက်ခေါ်ဝေါ်အပ်ပေသည်။

မင်းကြီး..အကြင်သူသည်.. မြေအပြင်မှဗြဟ္မာ့ပြည်တိုင်အောင်
အတိုင်းအရှည်ရှိသော ပစ္စည်းအစုကို လှူငြားအံ့။
ထိုသည်လည်း သာသနာတော်၏ အမွေကို ခံသောသူဟု
ရေတွက်ခေါ်ဝေါ်ခြင်းကို မရောက်သေးပါချေ။

မင်းကြီး..ဆင်းရဲသည် ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ
အကြင်သူသည် မိမိရင်မှ ပေါက်ဖွားသော သား၊သမီး၊
သူတစ်ပါးရင်မှ ပေါက်ဖွားသော သား၊ သမီးကို ရှင်၊ရဟန်း ပြုစေ၏။
(ဤ..ရှင်၊ရဟန်း ဒါယကာခံရာ) ရှင်၊ရဟန်း ပြုစေသောသူကို
သာသနာ့အမွေခံဟု ဆိုအပ်၏” ဟု ဆိုထားပါတယ်။

ဒီဆိုလိုချက်ကို ကြည့်ပါက.. သိက္ခာထပ်သော အလှူရှင်များအနေနဲ့
သာသနာ့အမွေခံများ ဖြစ်ကြပါတယ်။

ဒါဟာ ရဟန်းကို အကြောင်းပြုပြီး သာသနာတော်နဲ့
ဆွေမျိုးတော်သွားတယ်။ အဲဒီရဟန်းကို အကြောင်းပြုပြီး
ဒါနပြုခွင့်၊သီလဆောက်တည်ခွင့်၊ တရားဘာဝနာပွားခွင့်စတဲ့
ကောင်းမြတ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရတဲ့အတွက်ကြောင့်
သိက္ခာထပ်ခြင်းမင်္ဂလာဟာ ကောင်းမြတ်တဲ့အလုပ်တစ်ခုဖြစ်ပါတော့တယ်။

အရှင်ဃောသိတ- ဘိုကလေး

No comments:

Post a Comment