Saturday, December 31, 2016

ပါဝေယျကတက္ကတွန်း

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ပါဝေယျကအမည်ရှိသော တက္ကတွန်းကိုအကြောင်း
ပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

သာဝတ္ထိမြို့တော်မှ သူကြွယ်မတစ်ဦးသည် အိမ်နီးချင်းတို့ထံမှ ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို ကြားသိရသ
ဖြင့် ဘုရားကျောင်းတော်သို့သွား၍ တရားနာရန်ကြံ
စည်၏။ မိမိ၏အကြံအစည်ကို မိမိက သားကဲ့သို့ ကျွေး
မွေးပြုစုထားသော ပါဝေယျကတက္ကတွန်းက အကြိမ်
ကြိမ် တားမြစ်နေသဖြင့် ဘုရားရှင်ကိုအိမ်သို့ပင့်၍ဆွမ်းကပ်ရန် အိမ်မှာရှိနေသော သားကိုအပင့်အလျောက်
စေလွှတ်လိုက်လေ၏။ သားဖြစ်သူသည် ဘုရား
ကျောင်းတော်သို့ အသွားတွင် ပါဝေယျကတက္ကတွန်း၏ ကျောင်းသို့လည်း ၀င်ရောက်ကာ မိခင်ခိုင်းလိုက်သော
ကိစ္စကိုပြောပြ၏။ တက္ကတွန်းက ``ရဟန်းဂေါတမထံသွားမပင့်နှင့်။ ရဟန်းဂေါတမအတွက် ချက်ပြုတ်ထား
သော စားကောင်းသောက်ဖွယ်ကို ငါတို့နှစ်ယောက်သာ စားကြစို့´´ဟု ဆို၏။ သားဖြစ်သူက ``အိမ်ကိုကြောက်၍ မသွားဘဲမနေနိုင်ပါ´´ဟုဆိုသောအခါ တက္ကတွန်းက
``ဤသို့ဖြစ်လျှင် ရဟန်းဂေါတမကို သင်တို့အိမ်တည်ရှိရာမပြောပြဘဲပင့်ခဲ့လော့´´ဟုဆို၏။ သားဖြစ်သူက
လည်း တက္ကတွန်းဆိုသည့်အတိုင်း အိမ်နေရာဌာနကို မလျှောက်ထားဘဲဘုရားရှင်ကို ပင့်ခဲ့လေသည်။

အိမ်နီးချင်းအမျိုးသမီးတို့သည် သူကြွယ်မကြီး၏
အိမ်၌ဘုရားရှင်အတွက် နေစရာထိုင်စရာခင်းကျင်း၍
ပေးကြရ၏။ ရတနာသုံးပါးဆည်းကပ် မကိုးကွယ်
ဖူးသော သူတို့သည် သင့်တင့်လျောက်ပတ်သော နေစရာထိုင်စရာကို မခင်းတတ်ကြသဖြင့် ဤသို့ကူညီပေးရ
ခြင်းဖြစ်၏။ ပါဝေယျကတက္ကတွန်းသည် စောစောကပင်
ရောက်နေကာ တိုက်ခန်း၏နောက်ကွယ်၌ ပုန်းလျှိုး၍
နေလေသည်။

လျှောက်ထားသူက အိမ်တည်ရှိရာဌာနကို မလျှောက်ထားခဲ့သော်လည်း ဘုရားရှင်က သိရှိတော်မူသည်သာ
ဖြစ်၏။ ဘုရားရှင်တို့သည် အပါယ်လေးပါး
သွားရာလမ်းကြောင်း၊ လူ့ပြည်နှင့်နတ်ပြည် သွားရာ
လမ်းကြောင်းနှင့်တကွနိဗ္ဗာန်သွားရာလမ်းကြောင်းများကို သိတော်မူထားပြီးဖြစ်၍ မြေပြင်ပေါ်မှခရီးလမ်းများကို လျှောက်ထားနေရန်မလိုချေ။ သို့ဖြစ်၍အချိန်ကျ
ရောက်သောအခါ ဘုရားရှင်လည်း သပိတ်ကိုလွယ်ကာ သင်္ကန်းကိုရုံလျက် သူကြွယ်မကြီး၏အိမ်သို့ ကြွတော်မူ၏။ သူကြွယ်မကြီးသည် ဘုရားရှင်ကိုအိမ်တွင်းသို့
ပင့်၍ ဆွမ်းဆက်ကပ်ပြီးလျှင် တရားနာယူလေသည်။

ဘုရားရှင်၏တရားတော်ကို သူကြွယ်မကြီးကအားရ
ဝမ်းသာ သာဓုခေါ်၍နာယူနေသည်ကို တက္ကတွန်းက
သည်းမခံနိုင်သဖြင့် ပုန်းကွယ်နေရာမှထွက်လာပြီးလျှင် သူကြွယ်မကြီးနှင့်တကွ ဘုရားရှင်ကိုပါဆဲရေး၍ ထွက်
ပြေး၏။ သူကြွယ်မကြီးသည် တက္ကတွန်း၏ ဆဲရေးစကားတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ တရားကိုစိတ်ဖြောင့်ဖြောင့်မနာနိုင်ပေ။ သို့ဖြစ်၍ဘုရားရှင်က ဒါယိကာမကြီးအား သတိပေးသောအားဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသည်။

သူတစ်ပါး၏ မသင့်လျော်သော အပြစ်ဒေါသကို
မကြည့်ရှု့ရာ။ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှုပြုမပြုကို မကြည့်ရှု့ရာ။ မိမိ၏ကောင်းမှု မကောင်းမှု ပြု
မပြုကိုသာလျှင် ကြည့်ရှု့ရာ၏။

ဒေသနာတော်အဆုံး၌ သူကြွယ်မကြီးသည် သောတာ
ပန်ဖြစ်လေ၏။

မာဏ၀၊ဓမ္မပဒ။

ရန်လိုလျှင် ရန်ပိုတတ်၍ ရန်မလိုမှ ရန်ပြိုသည်။

ရန်လိုလျှင် ရန်ပိုတတ်၍ ရန်မလိုမှ ရန်ပြိုသည်။

ဤစကားသည် ဘုရားရှင်ဟောကြားခဲ့သော စကားတော်ပင်ဖြစ်သည်။

န ဟိ ဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ။
အဝေရေနစ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။

မြန်မာပြန် "ဤလောက၌ ရန်တို့သည် ရန်တုံ့မူသဖြင့် ဘယ်သောအခါမှ မငြိမ်းကုန်၊ ရန်မတုံ့မူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသဘောတရားသည် ရှေးသူဟောင်းတို့၏ သဘောတရားပေတည်း" ဟု ဟောတော်မူခဲ့သည်။

မှတ်ချက်- ဤစကားသည် - ကမ္ဘာကျော် လူကြိုက်များသော စကားတစ်ခု ဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ဘုရားရှင်က ဆက်လက်၍ ရှေးအခါက ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်အမည်ရှိသော ကာသိမင်းတစ်ပါးရှိ၏။ ထိုမင်းကား ချမ်းသာကြွယ်ဝ၏။ များသောစစ်သည် ဗိုလ်ပါလည်း ရှိ၏။ ဒီဃီတိ အမည်ရှိသော ကောသလမင်းကား ဆင်းရဲ၍ နည်းသောဥစ္စာရှိ၏။ နည်းသော စစ်သည်ရှိ၏။ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃီတိကောသလမင်းနှင့် တိုင်းပြည်အားသိမ်းပိုက်ရန် စစ်ပြင်ဆင်စေသည်ကို ဒီဃီတိကောသလမင်းကြီး ကြားသိလတ်သော် မယှဉ်ပြိုင်နိုင်သည်ဖြစ်၍ ဗာရာဏသီပြည် အစွန်အဖျား၌ တိမ်းရှောင်ကာနေရ၏။
ထိုစဉ် ဒီဃီတိကောသမင်းကြီး၏ မိဖုရားကြီးသည် သားတစ်ယောက်ဖွားလေသည်။ ဒီဃာဝု အမည်ရသည်။ ထိုသူငယ် အရွယ်ရောက်လတ်သော် ကာသိမင်း၏ ဘေးရန်မှ ကြောက်၍ ဒီဃာဝုအားမြို့ပြင်၌ နေစေပြီး အတတ်မျိုးစုံကို သင်စေရာ မကြာမီပင် အတတ်မျိုးစုံ တတ်မြောက်လေသည်။
ဒီဃာဝုမင်းသားသည် အမိအဖတို့အား မတွေ့ရသည်မှာ ကြာပြီးဖြစ်၍ ဗာရာဏသီပြည်သို့ ဝင်စဉ် ကြိုးဖြင့်လက်ပြန်တုပ်နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျှင် ပြင်းစွာမြည်သော ထက်စည်ကိုတီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့၊ လမ်းစုံတစ်ခုမှ လမ်းစုံတစ်သို့ ဆွဲရုံးဆောင်ယူလာသော သွေးများအလိမ်းလိမ်း ပေကျံနေသော အမိအဖတို့အား တွေမြင် လိုက်ရသည် ဖြစ်၍ စိတ်အလွန်ထိခိုက်သွားသည်။ တစ်စုံတစ်ခု စိတ်တွင်ခံစားရကာ မျက်ရည်ဝဲလျက် အံကိုကြိတ်ထားသည်။
လူအုပ်ကြားတွင် ရှိနေသော သားဖြစ်သူကို ဖခင်ဖြစ်သော ဒီဃီတိကောသလမင်းကြီးသည် သေသေချာချာ မြင်လိုက်ရသည်ဖြစ်၍ နောက်ဆုံးဖခင်၏ အမွေလည်းဖြစ် နောက်ဆုံး စကားလည်းဖြစ်၍ သားဖြစ်သူ ဒီဃာဝုအား အရေးတကြီးမှာကြားစရာ အလွန်အဖိုးတန်သော စကားသုံးခွန်းကို မှာကြားခဲ့သည်။။
ဒီဃာဝုသည် သေဆုံးခဲ့ပြီဖြစ်သော မိဘတို့အား မိးသဂြိုဟ်ပြီး လက်အုပ်ချီကာ ကန်တော့ခဲ့သည်။ ဆင်းထိန်းအကူအညီဖြင့် ရှင်ဘုရင်ထံ ဆည်းကပ်ခွင့်ရသည်၊ ကာသိမင်းသည် ဒီဃာဝုကိုခေါ်ဆောင်ကာ ရထားဖြင့် သမင်လိုက်ရန် သမင်တောသို့ သွားခဲ့၏။ ဒီဃာဝုသည် ရထားကို အခြား စစ်သည်များ လမ်းသို့ မလိုက်ပဲ နောက်လမ်းတစ်ခုသို့ မောင်းနှင်ခဲ့သည်။ ကာသိမင်းသည် အဝေးသို့ရောက်သော် ရထားကို ရပ်နားစေကာ ပင်ပန်းလှသည်ဖြစ်၍ ဒီဃာဝု၏ ရင်ခွင်ထဲ၌ အိပ်စက်နားနေခဲ့၏။
ဒီဃာဝုသည် လက်စားခေရန်အတွက် စောင်ဆိုင်းခဲ့သည်မှာ အသင့်တော်ဆုံး အချိန်သို့ ရောက်ခဲ့လေပြီတည်း။ သူသည် ရင်ခွင်ထက်၌ အိမ်မောကျနေသည့် ကာသိမင်းအား သတ်ရန် သန်လျက်အိမ်မှ သန်လျက်ကို ထုတ်လိုက် သွင်းလိုက် ပြုလုပ်နေသည်မှာ သုံးကြိမ်ပင်ရှိခဲ့၏။ ဖခင် မှာကြားခဲ့သော အသံကို ကြားယောင်နေသောကြောင့်ပင်ဖြစ်သည်။
ထိုအဖြစ်ကို အိပ်မောကျနေသော ကာသိမင်းလည်း အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိမည်သော ကောသလမင်းကြီး၏ သားဖြစ်သော ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် ပြေးရသည်ဟု မြင်မက်သည်။ ထိုကြောင့်ပင် ကြောက်ရွှံထိတ်လန့်စွာဖြင့် အဆောတလျင်နိုးထ၏။
ထိုစဉ် ဒီဃာဝုမင်းသားက ကာသိမင်းကြီး၏ ဦးခေါင်းကို ဝဲလက်ဖြင့်ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကိုကိုင်ကာ ကာသိမင်းကြီးကို "အရှင်မင်းကြီး ဒီဃီတိ အမည်ရှိသော ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားသည်ကား ငါပင်တည်း၊ သင်သည် ငါတို့၏ အကျိုးမဲ့ကို များစွာပြု၏၊ သင်သည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ စည်းစိမ် ဥစ္စာ တို့ကိုလည်း လုယူဖျက်ဆီး၏၊ ယခုအခါသည်ကား ငါ ရန်တုံ့မူရမည့်အခါတည်း" ဟု ပြောဆိုသည်။
သို့သော်လည်း ကာသိမင်းနှင့် ဒီဃာဝုတို့ အပြန်အလှန် ရန်တုံ့မမူကြရန် ကတိသစ္စာပြုကာ ငြိမ်းချမ်းရေးယူခဲ့ပြီး ကာသိမင်းသည် ဒီဃာဝု၏ ဖခင်မှာခဲ့သော စကားသုံးခွန်း၏ အဓိပ္ပါယ်ကို မေးသည်ရှိသော်-------

ဒီဃာဝုမင်းသားက--
(၁) "အရှည်ကို မကြည့်လင့်" ဟူသော စကား၏ အဓိပ္ပါယ်မှာ--
"ရှည်မြင့်စွာ ရန်ကို မပြုလင့်" ဟု ဆိုလိုပါသည်။
(၂) "အတိုကိုလည်း မကြည့်လင့်" ဟူသော စကား၏ အဓိပ္ပါယ်မှာ--
"အဆွေခင်ပွန်းတို့နှင့် လျင်မြန်စွာ မိတ်မပျက်စေလင့်" ဟု ဆိုလိုပါသည်။
(၃) "ရန်တုံမူသဖြင့် ရန်တို့မငြိမ်းကုန် ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏" ဟု မှာထားခဲ့သော စကားသည်ကား-- "အရှင်မင်းကြီးသည် ကျွန်ုပ်၏ မိဘတို့ကို သတ်၍၊ ကျွန်ုပ်သည် အရှင်းမင်းကြီးကို တစ်ဖန်ပြန်၍ သတ်ငြားအံ့၊ သင်မင်းကြီး၏ အကျိုးကို အလိုရှိသောသူတို့က ကျွန်ုပ်အား ပြန်လည်း၍ သတ်ရာ၏၊ ကျွန်ုပ်၏ အကျိုးကို အလိုရှိသော သူတို့က တစ်ဖန် ထိုသူတို့ကို ပြန်လည်းသတ်ကုန်ရာ၏။ ဤသို့သတ်သည်ရှိသော် ထိုရန်တို့သည် မငြိမ်းနိုင်ကုန်ရာ" ဟု ပြောကြားလေသည်။။။။
ထိုသို့လျောက်ထားချက်ကို သဘောကျသော ကာသိမင်းသည် "ဤဒီဃာဝုမင်းသားသည် အလွန်ပညာရှိ၏၊ အဖ မှာခဲ့သော အကျဉ်းချုပ်စကား၏ အဓိပ္ပါယ်ကို အကျယ်အားဖြင့်သိပေ၏" ဟု ဝမ်းသာစွာဖြင့် ဒီဃာဝုအဖေပိုင်ဆိုင်ခဲ့သော တိုင်းပြည်နှင့် ဥစ္စာပစ္စည်းအားလုံးကို ပြည်လည်းပေးရုံမျှမက သမိးတော်နှင့် ထိမ်းမြားကာ လက်ဆက်ခဲ့၍ နောင်တွင် နှစ်ပြည်ထောင်လုံးကို အုပ်စိုးရသော မင်မြတ်တစ်ပါးပင် ဖြစ်လာရသည်။
ထိုသို့ဖြစ်ရခြင်းသည် ဒေါသ အာဃာတဖြင့် တုံ့ပြန်ရမည့်အချိန်၌ အောင်နိုင်ရန် အလွန်ခက်ခဲ့လှသည့် ဒေါသကို အောင်နိုင်ခြင်း၏ အမှတ်လက္ခဏာအဖြစ် နှလုံးသားတစ်ခွင် စိတ်အစဉ်ဝယ် အေးမြကြည်လင်သော မေတ္တာရေစင်တို့ တသွင်သွင် စီးဆင်းနိုင်ခြင်း၏ အကျိုးတရားပင်ဖြစ်သည်။
ထို့ကြောင့် "ရန်မလိုမှ ရန်ပြိုသည်" ။

ပဋ္ဌာန်းအလင်းရောင် ဆရာတော်
ဝိဇယသိင်္ဂီကျောင်းနာယက
ပါဠိတက္ကသိုလ် ညောင်တုန်းတိုက်
ဗဟန်း ရန်ကုန်

ကျမ်းကိုး = ဝိနည်းမဟာဝဂ်
= ဇာတက နဝက နိပါတ်
=ဓမ္မပဒအဋ္ဌကထာ

ရဟန်းသံဃာတွေအနေနဲ့ မိဘနှစ်ပါးကို ရှိခိုးကောင်း၊မကောင်း

ဦးဇင်းဘုရား တပည့်တော်က မကြာခင်ကမှ ဒုလ္လဘ၀တ်ထားတဲ့ ရဟန်းတပါးပါဘုရား။ တပည့်တော်ကြားဖူးတာက မိဘဆိုတာဘုရားနဲ့ တဂိုဏ်းထဲလို့သိရပါတယ်။ ဘုရား တရား သံဃာ မိဘ ဆရာ ဆိုပြီး အလေးအမြတ်ပြုစရာ အနန္တောအနန္တ (၅)ပါးထဲမှာလည်း တပါးအပါအ၀ င်ဖြစ်ပါတယ်ဘုရား။
တပည့်တော်သိချင်တာက တပည့်တော်တို့ ရဟန်းသံဃာတွေအနေနဲ့ မိဘနှစ်ပါးကို ရှိခိုးကောင်း၊မကောင်းနဲ့ ရှိခိုးမိရင် အာပတ်သင့်ပါသလား ဆိုတာနဲ့ ရဟန်းသံဃာတွေအနေနဲ့ ဘယ်လိုပုဂ္ဂိုလ်တွေကို ရှိခိုးကောင်းပြီး၊ ဘယ်လိုပုဂ္ဂိုလ်တွေကို မရှိခိုးကောင်းဘူးဆိုတာ သိလိုပါတယ်ဘုရား ။ ဆရာတော် အနေနဲ့ အချိန်အားရင် တပည့်တော်ရဲ့အမေးကို ဖြေကြားပေးပါရန် တောင်းပန်
 လျှောက်ထားပါတယ်ဘုရား။
ဦးရေ၀တ (ခ) ဦးဝင်းအောင်
တောင်ဥက္ကလာ၊ရန်ကုန်မြို့။
~~~~~~~~~~~~~~~~~~~~~~~~
ဦးဇင်းကြီး ဦးရေ၀တဘုရား ရဟန်းသံဃာတော်တွေ ရှိခိုးကောင်းတဲ့ ပုဂ္ဂိုလ် (၃) ဦးပဲ ရှိပါတယ် အဲဒီ (၃)ဦးကတော့-
(က) မိမိထက် သိက္ခာဝါတော်ကြီးတော်မူသည့်ရဟန်း။
(ခ) မိမိနှင့် မတည့်သော်လည်း ဓမ္မ၀ါဒီဖြစ်သည့် သိက္ခာဝါတော်ကြီးတော်မူသည့်ရဟန်း။
(ဘုရားရှင်၏ အယူဝါဒနှင့် ဆန့်ကျင်သည့် အဓမ္မ၀ါဒီတို့ကို မိမိထက် သိက္ခာဝါတော်ကြီးသော်လည်း ရှိမခိုးကောင်း)
(ဂ) မြတ်စွားဘုရား
ဒီသုံးဦးကိုသာ သံဃာတော်များအနေနဲ့ ရှိခိုးကောင်းပါတယ်။ ရှိခိုးထိုက်ပါတယ်။
ရဟန်းသံဃာတော်တွေ ရှိမခိုးကောင်းတဲ့ “အ၀န္ဒိယ” ပုဂ္ဂိုလ် (၂၅) ဦးကိုလည်း တဆက်တည်းဖော်ပြပေးလိုက်ပါတယ်။
(၁) မြို့ထဲ၊ရွာထဲ ၀င်နေသောရဟန်း။
(၂) လမ်းမှာရောက်နေသော ရဟန်း။
(၃) အမှောင်ထဲတွင် ရောက်နေသော ရဟန်း။
(၄) ရှိခိုးနေသည်ကို မြင်လျှက် အလေးမပြု ဂရုမစိုက်ဘဲနေသော ရဟန်း။
(၅) အိပ်ပျော်နေသော ရဟန်း။
(၆) ယာဂုသောက်ရာနေရာတွင် ရောက်နေသောရဟန်း။
(၇) ဆွမ်းယူရာနေရာတွင် ရောက်နေသောရဟန်း။
(၈) တဖက်ရန်သူရှိရာသို့ သွားနေသောရဟန်း။
(၉) အာရုံတပါး စိတ်ရောက်နေသော ရဟန်း။
(၁၀) အ၀တ်ဗလာ ကိုယ်တုံးလုံးဖြစ်နေသော ရဟန်း။
(၁၁) အချိုပွဲစသည့် ခဲဖွယ်ကို ဘုဉ်းပေးနေသော ရဟန်း။
(၁၂) ဆွမ်း ဘောဇဉ်ကို ဘုဉ်းပေးနေသော ရဟန်း။
(၁၃) ကျင်ကြီးစွန့် (ကုဋီတက်) နေသော ရဟန်း။
(၁၄) ကျင်ငယ်စွန့်နေသော ရဟန်း။
(၁၅) သံဃာ့ဘောင်မှ နှင်ထုတ်ထားသည့် ဥက္ခိတ္တက ရဟန်း။
(၁၆) မိမိထက် သိက္ခာဝါတော်ငယ်သည့် သီတင်းငယ်ရဟန်း။
(၁၇) လူ, သာမဏေ
(၁၈) အဓမ္မ၀ါဒီဖြစ်နေသည့်ရဟန်း ( အဓမ္မ၀ါဒီရဟန်းကို မိမိထက် သိက္ခာဝါတော်ကြီးလည်း ရှိမခိုးထိုက်)
(၁၉) မာတုဂါမ။
(၂၀) နပုံး၊ပဏ္ဍုက်။
(၂၁) ပရိဝါသ်ဆောက်တည်နေသော ရဟန်း။
(၂၂) အရင်းသို့ ငင်ထိုက်သော ရဟန်း။
(၂၃) မာနကျင့်ထိုက်သော ရဟန်း။
(၂၄) မာနကျင့်ဆဲသော ရဟန်း။
(၂၅) အဗ္ဘာန်သွင်းထိုက်သောရဟန်း ဟူ၍ သံဃာတော်များ ရှိမခိုးကောင်းသည့် အ၀န္ဒိယပုဂ္ဂိုလ်(၂၅) ဦးဖြစ်ပါတယ်။
ထိုရှိမခိုးကောင်းသည့် အ၀န္ဒိယပုဂ္ဂိုလ်(၂၅)ဦးတွင် အမှတ်စဉ် (၁၅)မှ (၂၅)အထိပုဂ္ဂိုလ်တို့ကို ရှိခိုးရင် အာပတ်သင့်ပါတယ်။
မိဘ၊ဆရာသမားတို့ဟာ ရှိမခိုးကောင်းတဲ့ စာရင်းထဲမှာပါနေတဲ့အတွက် လုံးဝ ရှိမခိုးကောင်း၊ ရှိမခိုးထိုက်ပါဘူး။
ဖော်ပြပါ ရှိမခိုးကောင်းတဲ့ ပုဂ္ဂိုလ်(၂၅) ဦးဟာ ရဟန်းသံဃာတော် အချင်းချင်း ရှိမခိုးကောင်းတဲ့ ပုဂ္ဂိုလ်များသာဖြစ်ပြီး လူပုဂ္ဂိုလ် ဒကာ၊ဒကာမများ နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

(သုခိတာ အဟောထ၊ ဒုက္ခ မုဉ္စထ)
ဓမ္မ၀ီရ အရှင်တေဇနိယ

“ပုရောဘေဒ သုတ္တန်”..... *မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။ မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။ ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။ မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။ နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။ ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။ လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။ နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။ မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။ ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။ ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။ ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။ ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။ လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။ ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။ ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။ ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။ မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။ မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။ ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။ အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။ သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။ အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။ ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။ ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။ သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။ ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။ ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။ ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။ “တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။ လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။ မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။ ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။ +++++++++++++++++++++++++++++++++++++++++++++++ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ်

အသုဘရှုတယ်ဆိုတာ...

“အသုဘရှုတယ်၊ အသုဘရှုတယ်” ဆိုတဲ့စကားကို
ပြောလေ့ရှိကြတယ်။ တချို့က အသုဘရှုတယ်၊ ရှုတယ် ဆိုတာ ဘယ်လိုရှုရမှာလဲ? တချို့ ကဆောင်းပါးတွေနဲ့ရေးကြတယ်။ အသုဘရှုတယ်ဆိုတာ သုဿန်က သင်္ချိုင်းတွေ သွားပြီးရှုတယ်လို့ တချို့ လည်း အဲလိုရေးတာတွေလည်း တွေ့ဖူးသေးတယ်။ အမှန်က အသုဘရှုတယ်ဆိုတာမိမိခန္ဓာကိုယ်ကို ပြန်ရှုရမှာနော်။ မှတ်ထားကြ။ မိမိရဲ့ ခန္ဓာကိုယ်ကို ပြန်ရှုရမှာ။ အခု ဒီနေရာမှာ တိုက်ဆိုင်လာလို့ အသုဘရှုနည်းပြောမယ်။

အသုဘရှုနည်းပုံမှန် -
မိမိက အိပ်ယာပေါ် ပက်လက်လှန်အိပ်နေလိုက်။ ခြေလက်တွေ ဆန့်ဆန့်ထား၊ မျက်စိမှိတ်ထား၊
စိတ်အာရုံဖြင့် မိမိခန္ဓာကိုယ်ကို ကြည့်ပါ။ စိတ်အာရုံဖြင့် မိမိ ခန္ဓာကိုယ်ကို ကြည့်တော့ အိပ်ယာပေါ် ပက်လက်လှန်ဆန့်ဆန့် အိပ်နေပုံမြင်ရမယ်။
အခုငါ ၀ိညာဉ်မချုပ်သေးလို့ ဒီတိုင်းရှိတာ။ ၀ိညာဉ် ချုပ်သွားလို့ရှိရင် ငါ့ရဲ့  ဒီခန္ဓာကိုယ်ကြီး သေပြီးတော့ အသုဘကြီးဖြစ်မှာ။ အဲဒီလို နှလုံးသွင်းလိုက်ပါ။
အဲဒီတော့ မိမိခန္ဓာကိုယ်ကြီးဟာ အသုဘအဖြစ်ကြီးကို မြင်လာလိမ့်မယ်။ ကိုယ့်ခန္ဓာ ကိုယ့် ဖာသာကြည့်တော့ ကိုယ့်ဖာသာကိုယ်မြင်တယ်။ ကိုယ်နဲ့မဆိုင်သလိုလို ဆိုင်သလိုလိုလည်း ထင်တတ်တယ်။ ပိုင်ပိုင်ကြီးကြည့်ရတယ်။ အဲဒီလိုကြည့်ပါများလာတော့ အသုဘကို ကိုယ့်ဖာသာကိုယ်မြင်ပြီမှတ်
အသုဘဆိုတာ မတင့်တယ်တာပြောတာ။ အခု အသက်ဝိညာဉ် မချုပ်သေးခင်က အသုဘအစိမ်း ခေါ်တယ်။ ၀ိညာဉ်ချုပ်ပြီးတဲ့အခါကျတော့ ကြွေပြီးအသုဘ ခေါ်တယ်။ အညှာမှ ကြွေပြီးသော သစ်သီးမှည့်ကဲ့သို့ ကြွေပြီးသော အသုဘခေါ်တယ်။ မကြွေခင် ၀ိညာဉ်မချုပ်သေးခင်က သရက်သီးများ အညှာနဲ့ တန်းလန်းရှိသော (သရက်သီး) အသီးကဲ့သို့ အညှာမကြွေသေးတော့ အသုဘအစိမ်းခေါ်တယ်။ တို့ဝိညာဉ်မချုပ်သေးတော့ ဒီခန္ဓာကိုယ်ကတော့ အသုဘတော့ အသုဘပါပဲ။ တင့်တယ်ခြင်းမရှိဘူး။ တင့်တယ်ခြင်းမရှိသော်လည်းပဲ ၀ိညာဉ်တန်းလန်း ရှိနေသောကြောင့်၊ အညှာမှ မကြွေသေးသောကြောင့် အသုဘအစိမ်းခေါ်တယ်။

ဒီခန္ဓာကိုယ်ကြီး အသုဘကြီးပဲလို့ မြင်ပြီဆိုတော့ နှစ်သက်မှု၊ တွယ်တာမှု ဘာမှမရှိတော့ဘူး။ နှစ်သက်မှု၊ တွယ်တာမှု မရှိတော့ခြင်းက အမြတ်ထွက်လာတယ်။ ခန္ဓာကိုယ်လည်း တွယ်တာမှုမရှိဘူး၊ (ခန္ဓာ)ကိုယ်သာမဟုတ်သေးဘူး။ ပစ္စည်းဥစ္စာလည်း တွယ်တာမှု မရှိဘူး။ ဘုန်းကြီးဆိုလို့ရှိရင် ကျောင်းကန်လည်း တွယ်တာမှုမရှိဘူး။ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းလို့ အသုဘပုံကို ပိုင်ပိုင်မြင်ထားသော ဘုန်းကြီးများ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းထားလေ့မရှိဘူး။ ဘာမှမက်မောခြင်း မရှိဘူး။ အဲဒီလိုဘုန်းကြီးက ကျောင်းကန်နဲ့စပ်လို့ စကားလည်း ပြောလိမ့်မယ် မဟုတ်ဘူး။ စိတ်တွေက အလိုလို အေးချမ်းပြီးတော့ ရဟန္တာပုဂ္ဂိုလ်လိုလိုကို ထင်ရလောက်အောင် စိတ်တွေက အေးချမ်းပျော့ပျောင်း သွားတယ်။ လူလည်း ဒီအတိုင်းပါဘဲနော်။ အဲဒါမှတ်ထားကြ။

အသုသ အသုဘ ဆိုလို့ ခက်ခက်ခဲခဲ ရှုရတာမဟုတ်ဘူး။ ဒီစကားနဲ့ဆက်လို့ ရှေးကဆိုရိုးရှိတယ်။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့စကား ရှေးလူကြီးတွေစကား။ အသုဘ မသာအိမ်ကို တစ်ခေါက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့၊ ဥပုသ်စောင့်၊ တရားနာ ဆယ်ခေါက်သွားတာထက် မသာတစ်ခေါက် သွားလိုက်ခြင်းက ပို၍ခရီးရောက်တယ်။ တနည်းအားဖြင့် ညီမျှသော ကုသိုလ်ရှိတယ်လို့ ဆိုတယ်။ ဆိုလိုသည်မှာ အသုဘ ရုပ်ကြီးကြည့်ပြီးတော့ကာ သြော်...သူ့ခမျာ သေရှာလို့ တကယ် အသုဘ အစစ်ဖြစ်ပြီ။ ငါ့ခန္ဓာကိုယ်လည်း ဒီလိုဖြစ်မှာပဲ၊ အဲဒီလိုတွေးဆကြည့်တော့ကာ အသုဘရှုခြင်း အဓိပ္ပါယ်ရောက်တယ်။ ရှေးအခါက အသုဘနဲ့ စပ်လို့ ဘုန်းကြီးတွေပင့်စာရေးသောအခါ ဘယ်ရွာက ဘယ်သူကွယ်လွန်သွားလို့ အသုဘရှုစား ကြွတော်မှုပါလို့ ပင့်လေ့ရှိကြတယ်။ ဘုန်းကြီးတွေကို။ လူများကိုလည်း အသုဘရှု တရားနာကြွကြပါလို့ ဖိတ်စာရိုက်လေ့ရှိကြတယ်။ လူအများ အသုဘရှုလား မရှုလားတော့ မသိဘူး။ အသုဘတော့ပို့ကြတယ်။ အသုဘပို့တယ်ဆိုတာ ဒီလိုအသုဘရှုနည်းကို ကြည့်ကြ။ ရုပ်ခန္ဓာက သေတ္တာထဲထည့်ထားလို့ မမြင်ရသော်လည်း အဲဒီထဲမှာ ရုပ်ကြွင်းခန္ဓာကြီးက နှစ်သက်ဖွယ် မရှိတော့ဘူး။ ပုပ်ပွနေမယ့်၊ မပုပ်ပွသေးသော်လည်း ပုပ်ပွဖို့ရန် ရှေးရှုနေတဲ့ စပ်ဆုတ်ရွံ့ရှာဖွယ် ခန္ဓာကိုယ်ကြီးဘဲ။ ငါ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ။ အဲဒီလိုတင်စားကြည့်ရင် အဲဒါအသုဘရှုခြင်းပြီးသွားတယ်နော်။

ပြီးတော့ တို့ခန္ဓာကိုယ်တွေဟာ အသက်မသေသေးခင် အသုဘစိမ်းတွေ လှုပ်ရှားနေကြတာ။ အမှန်စင်စစ် နှစ်သက်ဖွယ်မရှိ၊ မတင့်တယ်သော အသုဘတွေ။ မတင့်တယ်သောကြောင့် ဒီခန္ဓာကိုယ်ကြီး တင့်တယ်စေခြင်း အကျိုးငှာ ရေချိုးပေးရတယ်။ အ၀တ်တန်ဆာ ဆင်ကြတယ်။ သနပ်ခါးနံ့သာတွေ လိမ်းလို့ ပြုကြ ပြင်ကြတယ်။ အသုဘကြီး ပြင်နေကြတာနော်။ သေပြီးသား အသုဘကြီးကို ပန်းကုံးကြီးတွေ ထောင်လို့၊ မတင့်တယ်တာတွေကို တင့်တယ်ပါစေခြင်း အကျိုးငှာ လှပသော အ၀တ်ကလေးတွေဖုံးလို့၊ အဲဒီလို ပြုပြင်ကြသကဲ့သို့ တို့ခန္ဓာကိုယ်ကြီးလည်း မတင့်တယ်သော အသုဘကြီးတင့်တယ်အောင် သနပ်ခါးလိမ်းရတာ၊ မိန်းမတွေ ကျောက်ပြင်ပေါ် သနပ်ခါး တရွှဲရွှဲနဲ့ သွေးကြတယ်။ အဲဒီအသုဘကြီးကို ပြင်ကြတာအဲဒါ။ ငါဟာ အသုဘကြီးကို ပြင်နေတာဘဲလို့ နားလည်ကြနော်။ ငါ့အသုဘကြီး ငါပြင်ထားတာ။ သူကလည်း သူ့အသုဘကြီး သူပြင်လာတာ။ အမယ်.. အသုဘကြီး ပြင်လာလိုက်တာ သနပ်ခါးချောင်းကြီးတွေ ကွက်လို့၊ နှုတ်ခမ်းနီကြီးတွေ ဆိုးလို့၊ ခေါင်းမှာလည်းပန်းတွေ ပန်လို။့ သူတို့ အသုဘကြီးတွေ ကိုယ့်ဟာကိုယ် ပြင်လာကြတာ။ နားလည်ကြရဲ့ လား။ ဟုတ်ကဲ့လား။ ကိုယ့်အသုဘကိုယ် ပြင်ကြတာနော်။ သေပြီးတဲ့အခါ ကိုယ့်အသုဘကို သူများပြင်ကြမှာ။

ဝိမုတ္တိသုခ

မြည်းကိုအားကျမနေစေချင်

တစ်ခါက မြည်းလုံးဝမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူတစ်ယောက်က တခြားနေရာကနေ မြည်းတစ်ကောင်ဝယ်လာတယ်။ ဒါပေမယ့် သူက လှေပေါ်က အဆင်းမှာ မြည်းကို သေချာမချည်ထားလို့မြည်းကထွက်ပြေးသွားတယ်။

မြည်းက ပြေးရင်းနဲ့ အဲဒီကျွန်းပေါ်က တောင်ပေါ်ကို ရောက်သွားတယ်။ တောင်ပေါ်မှာ ကျားတစ်ကောင် မင်းမူတယ်။ တစ်နေ့ကျတော့ ကျားက အမဲလိုက်ထွက်ရင်းနဲ့ မြည်းကို တွေ့သွားတယ်။သူလဲ တစ်ခါမှ မမြင်ဘူးတာမို့ ဒီအကောင်ဟာ ရိုးရိုးအကောင်မဟုတ်လောက်ဘူး နတ်မင်းတစ်ယောက်ဖြစ်ရမယ်လို့တွေးတယ်။ ပြီးတော့ မြည်းကို အနီးကပ်သွားကြည့်တယ်။ မြည်းကလဲ အဲဒီအချိန်မှာ လန့်ပြီး အော်လိုက်တယ်။
မြည်းအော်သံကို မကြားဖူးတဲ့ ကျားဟာ အသံကို အလွန်ကြောက်စရာကောင်းတယ်လို့ ထင်သွားတယ်။ ပြီးတော့ တစ်တောလုံးကို လိုက်ပြီးတော့ မြည်းအကြောင်းပြောပြတယ်။ ကျားကလဲ မြည်းကို ဘုရင်တင်လိုက်ပြီး သူကတော့အနားမှာ ခစားတယ်။ ဒီလိုနဲ့ မြည်းဟာ ရက်တော်တောကြာ အဲဒီတောင်ပေါ်မှာ ဘုရင်ဖြစ်နေတာပေါ့။
ဒီလိုနဲ့ တစ်နေ့ကျတော့ တောင်အောက်က လူတွေစုပြီး တောင်ပေါ်တက်လာတယ်။ မြည်းကို လာရှာကြတာပေါ့။ကျားနဲ့ တခြားတိရစ္ဆာန်တွေလဲ ပုန်းကြတယ်။ နောက်တော့ မြည်းဟာ ယက်ကန် ယက်ကန်နဲ့ လူတွေနောက်ပြန်ပါသွားတယ်။ ကျားနဲ့ သူ့တောကောင်တွေလဲ သူတို့ဘုရင်ကြီး ပြန်လာမယ့်နေ့ကို စောင့်နေကြတယ်။ ဒါပေမယ့် မြည်းကတော့ တောင်အောက်က ရွာမှာ လှည်းဆွဲနေရသတဲ့။

ဒီပုံပြင်ထဲက ကျားလိုပဲ ယောဂီတွေမှာလဲ ကျားကဲ့သို့ရှင်ဘုရင်ဖြစ်နိုင်ခွင့် အရိယာမဂ်ဖိုလ်ကို ရနိုင်ပါလျက်နဲ့
မြည်းနဲ့တူတဲ့အတုအယောင် မဂ်တုအပေါ်မှာသာယာပြီး အတုကိုအစစ်ထင်နေတတ်ကြပါတယ်။

ဒါကိုမိုးကုတ်ဆရာတော်ဘုရားကြီးက အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်ကို ဒီတရားဟောဖို့ မလိုပါဘူး၊ အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကျတော့ ပြောရလိမ့် မယ်တဲ့၊ အဲဒီတော့ ဒီဖြစ်ပျက်ကိုမြင်လာတယ် ၊ အလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်မှာ တရားတုက ဖြစ်ပျက် ၀င်နှောက်ယှက်တယ်၊ မောင်နိုင်မှတ်ထား … ( မှန်ပါ့ ) တရားတုက… ( ဖြစ်ပျက်မြင်တုန်း ၀င်နှောင့်ယှက် ပါတယ်ဘုရား ) ၊ ဖြစ်ပျက်မြင်တုန်း ၀င်နှောင့်ယှက်တယ်တဲ့၊ အတုဝင်လာတယ် … ( မှန်ပါ့ ) အလုပ်ထဲဝင် လာတာ ။
နောက်က ဒကာ ဒကာမတွေ ဥဒယဗ္ဗယဥာဏ်မှာဝင်လာတယ် ၊ရှင်းကြပလား… ( ရှင်းပါပြီဘုရား )။

ဖြစ်ပျက်မြင်တာက ဥဒယဗ္ဗယဥာဏ်မဟုတ်လား.. ( မှန်ပါ့ )၊ အဲဒီမြင်နေတုန်းမှာ .တဲ့ ၊ အဓိဂမပဋိရူ ပက ဆိုတာဝင်တတ်တယ်ကွာ .. တဲ့ ၊ အတုဝင်တတ်တယ်၊ နိဗ္ဗာန်အတု ၀င်တတ်တယ်ပြောတာ ( မှန်ပါ့ ) ။

လောကီ လောကုတ္တရာ ဥာဏ်စဉ် (၁၆)ပါး ရှိတဲ့အထဲမှာ
၁။ နာမရူပ ပရိစ္ဆေဒဥာဏ် = ဤကား နာမ် ၊ ဤကား ရုပ်ဟု ခွဲခြားသိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် = နာမ် ဖြစ်ပေါ်ခြင်း အကြောင်း တရား ၊ ရုပ် ဖြစ်ပေါ်ခြင်း အကြောင်း တရားတို့ကို သိမ်းကျူံးစုစည်း သိမြင်နိုင်သောဥာဏ်။
၃။ သမ္မသနဥာဏ် = ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗဥာဏ် = ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဥာဏ်။ ထိုဥာဏ်အသိသို့ရောက်ရှိလာတဲ့အချိန်မှာ ဥာဏ်ကြည်လင်ပြီး သဒ္ဓမ္မပ္ပတရူကလို့ခေါ်တဲ့ တရားအတုတွေ (မဂ် အတုတွေ) ၀င်လာတတ်ပါတယ်။ မဂ်အတု(၁၀)ပါးမှာ-
၁။သြဘာသ=အလင်းရောင်
၂။ဥာဏ=ဥာဏ်ထက်မြက်ခြင်း
၃။ပီတိ=၀မ်းသာမှုလွန်ကဲလာခြင်း
၎။ပဿဒ္ဓိ=ကိုယ်စိတ်ငြိမ်းအေးနေခြင်း
၅။သုခ=တစ်ကိုယ်လုံးချမ်းသာမှုစိမ့်နေခြင်း
၆။အဓိမောက္ခ=လွန်ကဲသောယုံကြည်မှုသဒ္ဓါဖြစ်ခြင်း
၇။ပဂ္ဂဟ=လုံ့လ၀ီရိယဇွဲထက်သန်နေခြင်း
၈။ဥပဋ္ဌာန=စွဲမြဲသောသတိကောင်းနေခြင်း
၉။ဥပေက္ခာ=၀ိပဿနုပေက္ခာနှင့်အာဝဇ္ဇနုပေက္ခာတို့ဖြစ်ခြင်း
၁၀။နိကန္တိ=ရှေ့ပိုင်းကိုးမျိုးကိုနှစ်သက်တွယ်တာခြင်း
ဝိပဿနာအားထုတ်၍ ဥာဏ်ကြည်လင်လာသောအခါ အထက်ဖော်ပြပါ မဂ်တု (၁၀) ပါးမှ တစ်မျိုးသော်လည်းကောင်း၊ နှစ်မျိုးသော်လည်းကောင်း ၀င်လာတတ်ပါသည်။ ထိုအခါ ၀ိပဿနာမကျွမ်းကျင်သော သူတို့က မဂ်ရပြီဟု ထင်တတ်ပြီး ရှေ့ဆက်ပြီး အားမထုတ်ကြတော့ပါ။ ဖော်ပြပါမဂ်တု (၁၀) ပါးကို “၀ိပဿနုပက္ကိလေသ=၀ိပဿနာ ညစ်ညူးကြောင်းတရားများ” ဟု အများက ခေါ်ကြသော်လည်း ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကတော့“မဂ်တု (၁၀)ပါး ဟူ၍ ကင်ပွန်းတပ်ခဲ့ပါသည်။

တရားအားထုတ်တဲ့ယောဂီများအနေဖြင့် မြည်းနဲ့တူတဲ့ မမြင်ဖူးမတွေ့ဖူးတဲ့မဂ်တုတွေအပေါ်သာယာမနေကြပဲ သတိဝီရိယဥာဏ်ပညာဖြင့် စစ်မှန်တဲ့မဂ်လမ်းသို့ထိုး
ဖောက်နိုင်ကြပါစေ။

ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု။
ဓမ္မပန်းခင်း

မာရ်နတ်နှင့်စစ်ခင်းမည်လော

မာရ်နတ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများ များစွာရှိပါသည်။ အသိဉာဏ်ရှိသော လူသားများအတွက် ထိုအကြောင်းအရာများထဲ်
(၂)ခန္ဓ မာရ်
(၃)မစ္စု မာရ်
(၄)ဒေဝပုတ္တ မာရ်
(၅)အဘိသခါင်္ရ မာရ်- တို့ဖြစ်ကြပါသည်။

မည်သည့်မာရ်ကို ကြောက်ရအံ့နည်း။ မာရ်ငါးပါးစလုံးကို ကြောက်ရတော့မည်လော။ ကိလေသမာရ်သည်သာ ကြောက်စရာကောင်းလှသည်ဟု နားလည်ပါသည်။

အကယ်၍သင့်အနေဖြင့်ကိလေသမာရ်ကိုသာ အနိုင်တိုက်နှိုင်မည်ဆိုပါလျှင်မာရ်ငါးပါးစလုံးကို အလွယ်နှင့်တိုက်နှိုင်သည်။ ကိလေသမာရ်ကိုမနိုင်သေးသမျှ မာရ်ငါးပါးစလုံးကို အရှုံးပေးနေရဦးမည်သာဖြစ်သည်

ကိလေသမာရ်နှင့်ပတ်သက်၍ မာရ်နတ်တွင်တပ်မကြီး ဆယ်တပ်ရှိသည်။

၁။ မာရ်နတ်၏ပထမတပ်မကြီး
လောက၏အကျိုးစီပွားအတွက် ဆောင်ရွက်သူတိုင်းကိုမာရ်နတ်သည် မကြိုက်။ ထို့ကြောင့်လောက၏အကျိုးစီးပွားကို ဆောင်ရွက်သူ မည်သူမဆို မာရ်နတ်နှင့်တိုက်ခိုက် ရဖို့ရှိ၏။ လောက၏အကျိုးစီးပွားကိုဆောင်ရွက်ရင်း မာရ်နတ်ကို နိုင်အောင်တိုက်နှိုင်လျှင် မြင့်မြတ်သူများ ဖြစ်လာ၏။ မာရ်နတ်ကိုနိုင်အောင်မတိုက်နှိုင်သည့်အခါ မြင့်မြတ်သူများဖြစ်မလာတော့ပဲ မိမိအတွက်မိမိအကျိုးပြုလုပ်ငန်းများကိုသာ လုပ်မိလေတော့၏။ အကယ်၍အသွင်သဏ္ဌာန်အားဖြင့်မြင့်မြတ်သူဟုအထင်ရောက်နေစေကာမူ မာရ်နတ်၏တပ်ဦး၌ကျဆုံးသွားသော အတ္တဝါဒီအဖြစ်သာအစစ်အမှန်ဘဝဖြစ်လာ၏။ မာရ်နတ်၏တပ်ဦးဖြစ်သောပထမတပ်မမှာ"ကာမ"တပ်ဖြစ်၏။

"ကာမ" တပ်တွင်ပါဝင်သော အဓိကစစ်သူကြီးများမှာ "ဝတ္ထုကာမ"နှင့်"ကိလေသာကာမ"တို့ဖြစ်ပါသည်။ "ဝတ္ထုကာမ"ဆိုသည်မှာမုချအားဖြင့် အာရုံခြောက်ပါးကိုယူရ၏။ ပရိယာယ်အားဖြင့် ပစ္စည်းဥစ္စာများပါဝင်၏။ ရာထူးဂုဏ်သိန် များပါ၏။ ဘွဲ့ထူးဂုဏ်ထူး များပါ၏။ ထင်ပေါ်ကျော်ကြားမှု့များပါဝင်၏။ အလွန်ထက်မြက်သောတန်ခိုးအာဏာများလည်းပါ၏။ တစ်နည်းအားဖြင့် ငါပိုင်အဖြစ် သိမ်းပိုက်စရာသက်ရှိသက်မဲ့အရာများစွာ ပါဝင်၏။ "အတ္တ"၏ပိုင်ဆိုင်စရာများကို"အတ္တနိယ"ဟုဆိုရ၏။

"ကိလေသာကာမ"ကိုအထူးဆိုရန်လိုမည်မဟုတ်ပါ။ "ဝတ္ထုကာမ"များကိုသိမ်းပိုက်လိုသည့်မိမိ၏ "လောဘကိလေသာ"ပင်တည်း။ အဘယ်မည်သောမြင့်မြတ်သူသည် ဤတပ်မနှင့်ရင်ဆိုင်တိုက်ရသောအခါ ကြံ့ကြံ့ခံနှိုင်ပါအံ့နည်း။ များသောအားဖြင့် လောက၏အကျိုးကိုသယ်ပိုးဆောင်ရွက်သူများသည် ဤကာမတပ်မ၌ပင် ကျဆုံးတတ်၏။ ထိုအခါသူ၏ မြင့်မြတ်သောအကျိုးပြုလုပ်ငန်းသည် ပျက်စီးလေတော့၏။

မာရ်နတ်၏ ပထမတပ်မကိုတိုက်မည်ဆိုလျှင်"အာဇီဝပါရိသုဒ္ဓိသီလ"သည် အရေးကြီးသည်။ အသက်မွေးမှု့စင်ကြယ် ပါမှမာရ်နတ်၏တပ်မကိုနိုင်အောင်တိုက်နှိုင်မည်ဖြစ်သည်။ "အာဇီဝဋ္ဌမကသီလ"ဟုလည်းဆိုသည်။ ၄င်းသီလကို လယ်တီဆရာတော်၏အလိုအရ"အာဒိဗြဟ္မာစရိရကသီလ"ဟုဆိုသည်။

"ကာမဝတ္ထု"များကို "ပေစ္စဝေက္ခဏာ"ဖြင့်ဆင်ခြင်သုံးစွဲလျှင် မာရ်နတ်၏တပ်မကို နိုင်အောင်တိုက်နိုင်သည်။ "ကာမဝတ္ထု"များနှင့်ဆက်ဆံရာတွင်"သန္တောသ"တရားလက်ကိုင်ထားလျှင် မာရ်နတ်ကိုမနိုင်စရာမရှိ၊နိုင်မည်သာဖြစ်သည်။ "သန္တောသ"တရားကို သုံးမျိုးခွဲ၍သိဖို့လိုသည်။
၁။ယထာလာဘသန္တောသ
၂။ယထာဗလသန္တောသ
၃။ယထာသာရုပ္ပသန္တောသဟူ၍ သိရမည်ဖြစ်သည်။

အကျဉ်းအားဖြင့်"ကာမဝတ္ထု"ရှာဖွေရာတွင်ရှာဖွေသင့်သော"ကာမဝတ္ထု"ကိုရှာခြင်း၊ ရသင့်ရထိုက်သလောက်သာရယူလိုခြင်း၊ ရသည့်ပမာဏအတိုင်းသာကျေနပ်လက်ခံခြင်း၊ စနစ်တကျခွဲဝေသုံးစွဲတတ်ခြင်းတို့ဖြစ်ကြသည် ။

ရွှေဥမင် ဆရာတော်၏ မာရ်နတ်နှင့်တိုက်ခိုက်ပုံကို နမူနာယူသင့်၏။ ဆရာတော်အား ကြည်ညိုသော ဒကာတစ်ဦးသည် ဤသို့နှလုံးသွင်းမိ၏။ ငါတို့၏ဆရာတော်သည် အလွန်ကြည်ညိုဖွယ်ဖြစ်သည့် သိက္ခာသုံးပါးနှင့် ပြည့်စုံပါလျှက် ဘာသာရေးသာသနာရေးကိစ္စများဆောင်ရွက်ရန် ကြွရောက်တော်မူရာတွင် စီးစရာ မော်တော်ကား တစ်စင်းပင်မရှိဖြစ်ချေသည်။

ဆရာတော်၏သိက္ခာသုံးပါးလောက်မျှမရှိသော အခြားဆရာတော်များမှာ ကားကြီးကားကောင်းတွေနှင့် ဖြစ်နေသည်။ ဆရာတော်အတွက် မော်တော်ကားတစ်စီး ဝယ်ယူလှူဒါန်းနှိုင်အောင်ငါကြိုးစားမည်ဟု နှလုံးသွင်းလျှက် အလုပ်ကိုကြိုးစားဆောင်ရွက်သည်ဟုဆိုသည်။

မကြာမီပင်မော်တော်ကားဝယ်နှိုင်သဖြင့် ဆရာတော်၏ ကျောင်းသို့မောင်းယူသွားပြီးဆရာတော်အား မိမိ၏ယာဉ်အလှူကို လျှောက်ထားသောအခါ ဆရာတော်က ဘုန်းကြီးနှင့်ယာဉ်မပတ်သက်လိုဟုဆိုကာ လက်မခံနှိုင်ကြောင်း မိန့်သည်ဟုဆိုသည်။

ဒကာ၏မျက်နှာမသာမယာဖြစ်၍ စိတ်မချမ်းမသာဖြစ်နေပုံကို ရိပ်မိသိရှိသောဆရာတော်သည် ဒကာအား"ကိုင်းကိုင်းဒကာကြီး လှူချင်သပဆိုရင်လဲ လှူတာပေါ့"ဟုဆိုကာ အလှူကိုလက်ခံလိုက်သည်ဟုဆိုသည်။

အလှူအထမြောက်သောအခါ ဆရာတော်က ဒကာအား"အခုဒီကားက ဘုန်းကြီးကားဖြစ်သွားပြီဆိုတော့ဘုန်းကြီးကြိုက်သလို လုပ်လို့ရတယ်မဟုတ်လား"ဟုမိန့်တော်မူရာ ဒကာက ဝမ်းသာအားရဖြင့်"မှန်လှပါ လုပ်လို့ရပါတယ်ဘုရား"ဟုလျောက်သည်။

"ဒီလိုဆို ဒီကားကို ဒကာပြန်မောင်းယူသွားတော့ ဒကာ့ကို ဘုန်းကြီးစွန့်လိုက်ပြီ ၊ဘုန်းကြီးသွားစရာရှိလို့ လိုအပ်ရင် ဒကာ့ဆီအကြောင်းကြားလိုက်ပါ့မယ်"ဟု မိန့်ကြားသည်ဟူ၏။

တောင်မြို့ဂန္ဓာရုံဆရာတော်သည်လည်း မွေ့ယာအလှူကိုလက်ခံပြီးသော် ဓားနှင့်ခွဲ၍ အတွင်းမှရေမြှုပ်များကို ထုတ်ပစ်သည်ဟုမှတ်ရဖူးသည် ။

မင်းကွန်းဆရာတော်သည်လည်းဆန်အလှူတော်များကိုလက်ခံပြီး မာရ်နတ်ရဲ့ဆန်ဖြူတပ်မကြီးနဲ့ တိုက်ပွဲဝင်ရချေပြီဟုဆိုလျှက် အမြဲတမ်းပြန်လည်စွန့်ခဲ့သည်ဟုဆိုပါသည် ။

ဤသည်မှာ မာရ်နတ်၏ ပထမတပ်မပင် ရှိသေးသည်။ နောက်ထပ် တပ်မများလာရန် များစွာကျန်သေးသည်။

၂ ။ မာရ်နတ်၏ဒုတိယတပ်မ
မာရ်နတ်၏ ဒုတိယတပ်မကားမမွေ့လျော်ခြင်း "အရတိ" ဖြစ်၏။ ယေဘုယျအားဖြင့် လူများစုသည် မိမိတို့၏ကိုယ်ကျိုးစီးပွားလုပ်ငန်းများ၌သာ မွေ့လျော်တတ်ကြ၏။ အများအကျိုးပြုလုပ်ငန်းများ၌ မွေ့လျော်ခြင်းမရှိကြ။ အမှန်အားဖြင့်အရာရာတိုင်း၌မွေ့လျော်ဖွယ်"ရတိ"သည်ရှိသည်သာဖြစ်၏။ ရှိသည်ဟူ၍ ယုံကြည်အပ်၏။ ယုံကြည်ရုံမျှနှင့်မပြီး။ "ရတိ"ကိုရှာလိုသော"ဆန္ဒ"ရှိရဦးမည်။ "ဆန္ဒ"ရှိရုံမျှနှင့်မပြီး တွေ့အောင်ရှာမည်ဟူသော ခိုင်မာသောဆုံးဖြတ်ချက်"အဓိမောက္ခ"ရှိရဦးမည်။ "အဓိမောက္ခ"ရှိရုံမျှနှင့်မပြီးထက်သန်သောဇွဲလုံ့လ"ဝီရိယ"ရှိရဦးမည်။ "ဝီရိယ"ရှိရုံမျှနှင့်မပြီး စနစ်တကျရှာတတ်သော အသိဉာဏ်"ပညာ"ရှိရဦးမည်။ ပညာ ရှိရုံမျှနှင့်မပြီးအစဉ်မမေ့မလျော့သော"သတိ"ဖြင့်သတိပြုရှာမှသာ အများအကျိုးပြုလုပ်ငန်း၌ မွေ့လျော်ဖွယ်"ရတိ"ကိုတွေ့မည်ဖြစ်၏။ ထိုသို့ရှာရာတွင်အဆင့်မြင့်အကျိုးစီးပွားအတွက်ဆိုလျှင်"ဣနြေ္ဒ"ငါးပါးကို ထိုက်သင့်သလို"ဣဒ္ဓိပါဒ်"အဖြစ်ရောက်အောင် ကြိုးပမ်းဆောင်ရွက်မှသာလျှင်"ရတိ"ကို တွေ့နှိုင်မည်ဖြစ်၏။ (သဒ္ဓါ-သီလ-သမာဓိ-ပညာ-မန) ဣနြေ္ဒငါးပါး ထိုက်သင့်သလို အစွမ်းထက်ပါမှ"ရတိ"ကိုတွေ့နှိုင်၏။ မိမိအတွက်ဆိုလျှင် ကာမ၌ပျော်မွေ့မှု့"ကာမရတိကိုတွေ့၍ လောကအတွက်ဆိုလျှင် တရားမျှတမှု့နှင့်ငြိမ်းချမ်းမှု့
"ဓမ္မရတိ"ကိုတွေ့မည်ဖြစ်၏။ ပဋိသန္ဓေ ဉာဉ် နှင့် စရိုက် အလိုက်မိမိအကျိုးစီးပွား၌"ရတိ"ကိုတွေ့၍ အများအကျိုးစီးပွား၌'ရတိ"ကို မတွေ့သည်ကများ၏။ မမွေ့လျော်ခြင်း"အရတိ"ကို တွေ့လေသောအခါ ထိုလုပ်ငန်းမှ အကြောင်းအမျိုးမျိုးပြ၍ ရှောင်ခွာသွားကြ၏။ ဤသည်ကိုပင် မာရ်နတ်၏ ဒုတိယတပ်မ၌ကျဆုံးခြင်းဟူ၍ ဆိုရ၏။ အကယ်၍ အများ၏အကျိုးစီးပွားအတွက်လုပ်သောလုပ်ငန်း၌"ရတိ"ကို တွေ့အောင်ရှာနှိုင်သဖြင့် မာရ်နတ်၏ဒုတိယတပ်မကို နိုင်သည်ဆိုစေဦး မာရ်နတ်၏ တတိယတပ်မနှင့် တွေ့ဖို့ရှိသေး၏။

၃ ။ မာရ်နတ်၏တတိယတပ်မ
မာရ်နတ်၏တတိယတပ်မကား ငတ်မွတ်ခြင်း"ခုပ္ပိပါသာ"ဖြစ်၏။ မိမိအကျိုးစီးပွားကို ပဓာနမထားပဲ အများ၏အကျိုးစီးပွားလုပ်သူဟူသမျှသည် ငတ်မွတ်ခြင်း"ခုပ္ပိပါသာ"ကိုတွေ့ရမြဲဖြစ်၏။ အကယ်၍ငတ်မွတ်ခြင်း"ခုပ္ပိပါသာ"၏ဒဏ်ကိုမခံနှိုင်သဖြင့် အများ၏အကျိုးစီးပွားကို အယောင်ပြ၍ မိမိအကျိုးစီးပွားဆောင်ရွက်မည်ဆိုပါလျှင်မာရ်နတ်၏ တတိယတပ်မ၌ ကျဆုံးသည်မည်ပေ၏။ မိမိအကျိုးစီးပွားဆောင်ရွက်ခြင်းဆိုသည်မှာ အပူဇော်ခံရအောင်ပြုလုပ်ခြင်း နေရာရအောင်ပြုလုပ်ခြင်း ထင်ပေါ်ကျော်ကြားအောင်ပြုလုပ်ခြင်း အခြားတစ်နည်းနည်းဖြင့် မိမိအကျိုးအတွက်ရည်စူး၍ ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

၎ ။ မာရ်နတ်၏စတုတ္ထတပ်မ
မာရ်နတ်၏ ခုပ္ပိပါသာတပ်မကို နိုင်အောင်တိုက်နှိုင်သည်ဆိုပါစို့။ မာရ်နတ်၏ စတုတ္ထတပ်မဖြစ်သော ပျင်းရိခြင်း"တန္ဒီ"က စောင့်ကြိုနေပေသေးသည်။ "ဓမ္မတာ"အရ မိမိအကျိုးစီးပွားကိုပဓာနပြု၍ ဆောင်ရွက်သူက အများစုဖြစ်၏။ အများအကျိုးစီးပွားကို ပဓာနပြု၍ ဆောင်ရွက်သူက အနည်းစုသာဖြစ်၏။ ထိုအခါအများစု၏အားပေးကူညီပံ့ပိုးမှု့ကိုမရဖြစ်တတ်၏။ အနည်းစုသည် မနိုင်ဝန်ကိုထမ်းရဘိသကဲ့သို့ဖြစ်၏။ ပင်ပန်းလှ၏။ ထိုအခါ ပဓာနလုပ်ငန်းမှ သက်သာသလိုနေချင်လာ၏။ သင့်လျော်သလို အဆင်ပြေသလို ဖြစ်သလို လုပ်ချင်လာ၏။ အများစု၏ အားပေးကူညီမှု့ကို မရသောအခါ အားကြိုးမာန်တက်မဆောင်ရွက်တော့ပဲ သက်သက်သာသာ လုပ်ချင်လာ၏။ ဤသည်ကိုပင် ပျင်းရိခြင်း"တန္ဒီ"ဟူ၍ဆိုရ၏။ ပျင်းရိခြင်း"တန္ဒီ"ဝင်လာလျှင် မာရ်နတ်၏ စတုတ္ထတပ်မ၌ ကျဆုံးသည်မည်၏။

၅ ။ မာရ်နတ်၏ပဉ္စမတပ်မ
အကယ်၍ပျင်းရိခြင်း"တန္ဒီ"ကိုနိုင်စေဦး မာရ်နတ်၏ ပဉ္စမတပ်မနှင့် တွေ့ရန်ရှိ၏။ ပဉ္စမတပ်မကား ငိုက်မျဉ်းခြင်း"ထိနမိဒ္ဓ"ဖြစ်၏။ ပင်ပန်းလွန်းသောအခါ စိတ်ဓာတ်ကြံ့ခိုင်သဖြင့် ပျင်းရိခြင်းကိုနိုင်စေကာမူ ငိုက်မျဉ်းခြင်း"ထိနမိဒ္ဓ" သည်ဝင်လာနှိုင်၏။ မိမိ၏လုပ်ငန်း၌မလုပ်ပဲ ငိုက်မျဉ်းနေပါက မာရ်နတ်၏ ပဉ္စမတပ်မဖြစ်သော"ထိနမိဒ္ဓ"၌ ကျဆုံးသည် မည်၏။

၆ ။ မာရ်နတ်၏ဆဋ္ဌမတပ်မ
အကယ်၍ ငိုက်မျဉ်းခြင်းထိနမိဒ္ဓကို နိုင်သည်ဆိုစေဦး ဆဋ္ဌမတပ်နှင့်တွေ့မည်ဖြစ်၏။ ဆဋ္ဌမတပ်မကား ကြောက်ရွံ့ခြင်း"ဘီရူ"ဖြစ်၏။ ခန္ဓာကိုယ်ကလည်း ပင်ပန်းအနားယူချိန်လည်း မရသောအခါ နေမကောင်းထိုင်မသာဖြစ်လာပြီး ကြောက်ရွံ့မှု့"ဘီရူ"ဝင်လာ၏။ ကြောက်ရွံ့မှု့ဘီရူကြောင့် မိမိလုပ်ငန်းကိုဆက်မလုပ်ပါက မာရ်နတ်၏ ဆဋ္ဌမတပ်၌ ကျဆုံးသည်မည်၏။ အမှန်မှာအများအကျိုးဆောင်ရွက်သောစိတ်သည် နှယ်နှယ်ရရ ကုသိုလ်စိတ်မဟုတ်။ အလွန်အင်အားကြီးမားသောစွမ်းရည်ရှိသည့် ကုသိုလ်စိတ်ဖြစ်၏။ ထိုကုသိုလ်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များသည် ကျန်းမာရေးပျက်ပြားစေမည့် အန္တရာယ်စိတ္တဇရုပ်များကို ပယ်နှိုင်သည်သာ ဖြစ်၏။ ကြောက်ရွံ့မှု့"ဘီရူ"ဖြစ်စရာ အကြောင်းမရှိ။ ဝေဘူဆရာတော်ကြီး၏မိန့်မှာချက်မှာ မှတ်သားစရာ ကောင်းလှ၏။ အကျိုးမဲ့သေခြင်းမျိုးဖြင့်သေခဲ့ရသောဘဝပေါင်းကား များလှပေပြီ။ ယ္ခုလို အကျိုးရှိရှိသေခြင်းမျိုး မသေခဲ့ရဘူးသေး။ အကျိုးရှိရှိသေချင်နေသည်မှာကြာလှပြီ သေပါစေနည်းနည်းမှမလျော့ဟူသောခံယူချက်ဖြင့်သာ လုပ်ပါက"ဘီရူ"ကိုမအောင်မြင်နှိုင်စရာဘာမျှမရှိ။ အမှန်မှာ ကြောက်ရွံ့မှု့"ဘီရူ"သည်"ငါ"ရှိနေ၍သာ ဖြစ်ပေါ်လာနှိုင်ခြင်း ဖြစ်၏။ "ငါ"မရှိလျှင်"ဘီရူ"သာမက အခြားသောမာရ်နတ်၏တပ်များကိုလည်း နိုင်မည်ဖြစ်၏။ ထို့ကြောင့်အရေးအကြီးဆုံးအချက်အနေဖြင့် အစဉ်သတိပြုရန်ကား မည်သည့်လုပ်ငန်းကိုလုပ်လုပ်"ငါ"ကို ပါဝင်မလာအောင် အကယ်၍ ပါဝင်လာပါကလည်း"ငါ"ကို ဦးစားမပေးမိအောင် လုပ်တတ်ဖို့လို၏။ ငါ အစား သူ ကိုဦးစားပေးလုပ်မည်ဆိုလျှင် မာရ်နတ်၏ ဆဋ္ဌမတပ်မ"ဘီရူ"ကိုနိုင်မည်ပင်ဖြစ်၏။

၇ ။ မာရ်နတ်၏သတ္တမတပ်မ
မာရ်နတ်၏ဆဋ္ဌမတပ်မ"ဘီရူ"ကိုနိုင်သည် ဆိုစေဦး။ သတ္တမတပ်မ ဖြစ်သော ယုံမှားမှု့"ဝိစိကိစ္ဆာက"စောင့် ကြိုနေပေသည်။ လုပ်ငန်းများကိုလုပ်ရာ၌ မည်သည့်လုပ်ငန်းကိုလုပ်လုပ် မိမိတို့ ရည်ရွယ်ထားသည့်အတိုင်း ဖြစ်ချင်မှဖြစ်မည်။ အကြောင်းတရားများပြည့်စုံသောအခါ အကျိုးတရားသည်ပေါ်ပေါက်လာရ၏။ ဤသည်မှာ အကြောင်းအကျိုးဆက်သွယ်မှု့အရ ဓမ္မတာသဘောဖြစ်၏။ မှန်ကန်သောအကြောင်းတရားများပြည့်စုံလာရန် အမြင်မှန်မှု့ဒိဋ္ဌိဝိသုဒ္ဓိသည် အရေးပါ၏။ အမြင်မှန်မှု့(ဒိဋ္ဌိဝိသုဒ္ဓိ)သည် စိတ်ဓာတ်ဖြူစင်မှု့"စိတ္တဝိသုဒ္ဓိ"ရှိမှ ဖြစ်နှိုင်၏။ စိတ်ဓာတ်ဖြူစင်မှု့သည် ကိုယ်ကျင့်သိက္ခာမြင့်မားမှု့"သီလဝိသုဒ္ဓိ"ရှိမှ ဖြစ်နှိုင်၏။ ကိုယ်ကျင့်သိက္ခာမြင့်မားမှု့သည် ငါနှင့်ငါ့အကျိုး(အတ္တနှင့်အတ္တနိယ)ဖယ်ရှားထားနှိုင်မှု့"စိတ္တပရိယောဒါပန" ရှိမှသာ ဖြစ်နှိုင်၏။ ဂန္ဓာရုံဆရာတော်သည်ဤသည်ကိုရည်ရွယ်၍ "စိတ်ကောင်းရှိဖို့ပဓာန" ဟုမိန့်ခဲ့ဟန်ရှိပါသည်။ ဤသို့ဆောင်ရွက်လျင်လုပ်ငန်းများကိုအလင်း"ဝိဇ္ဇာ"အောက်၌လုပ်သည်ဟုဆိုရ၏။ သို့မဟုတ်ပါကအမှောင်"အဝိဇ္ဇာ" အောက်၌လုပ်သည်ဟုဆိုရ၏။လယ်တီဆရာတော်၏ ဝေါဟာရ ဖြင့်ဆိုရ လျင်မှောင်တွင်းသားတို့၏လုပ်နည်းလုပ်ဟန်ဟုဆိုရမည်ဖြစ်၏။ "အန္ဓီဘူတော အယံ လောကော"အရ လောက သည်ဓမ္မတာအားဖြင့် အမှောင်ထဲ ၌သာလုပ်ငန်း ကို လုပ်တတ်၏။ အများအကျိုးစီးပွား အတွက်ဆောင် ရွက်လျှင်"တနုကေတ္ထ ဝိပဿတိ" အရအလင်းထဲ၌လုပ်သည်မည်၏။ အောင်မြင်မှု့မအောင်မြင်မှု့နှင့်ပတ်သက်၍ယုံမှားမှု့"ဝိစိကိစ္ဆာ"ဖြစ်စရာဘာမျှမလို။ ဦးတည်ချက်နှင့်လုပ်နည်းလုပ်ဟန်မှန်ဖို့သာလိုသည်။ ပန်းတိုင်သို့ရောက်မည်ကားဧကန်ဖြစ်၏။ အချိန်ကာလနှင့်ပတ်သက်၍သာပြောစရာရှိပါ၏။ အကြောင်းတရားများပြည့်စုံသောအခါပန်းတိုင်ကိုရောက်မည်သာဖြစ်၏။ ထို့ကြောင့်အများအကျိုးအတွက်စိတ်ကောင်းဖြင့်လုပ်မည်ဆိုလျှင်မာရ်နတ်၏သတ္တမတပ်မဖြစ်သော"ဝိစိကိစ္ဆာ"ကိုနိုင်အောင်တိုက်နှိုင်မည်သာဖြစ်၏။

၈ ။ မာရ်နတ်၏အဋ္ဌမတပ်မ
မာရ်နတ်၏သတ္တမတပ်မ"ဝိစိကိစ္ဆာ"ကိုနိုင်အောင်တိုက်နှိုင်သည်ဆိုစေဦးမာရ်နတ်၏အဋ္ဌမတပ်မဖြစ်သောကျေးဇူးကန်းမှု့"မက္ခ"နှင့်တစ်စင်ထောင်မှု့"ထမ္ဘ"တို့ ကိုတွေ့ရဦးမည်ဖြစ်သည်။ လုပ်ငန်း၏အောင်မြင်ရိပ်ကိုတွေ့သည်နှင့်ရှေ့သွားပုဂ္ဂိုလ်တို့၏ကျေးဇူးကိုအသိအမှတ်မပြုနှိုင်ဖြစ်လာတတ်သည်။ဤတပ်မသည်အခြားသောတပ်မများထက်ပို၍သိမ်မွေ့သည်။အတိုက်ခံရမှန်းမသိလိုက်ပဲကျဆုံးတတ်သည်။"အပ္ပမာဒ"တရားကိုလက်ကိုင်မထားနှိုင်လျှင်ဤတပ်၌ဧကန်ကျဆုံးဖို့ရှိ၏။အလောင်းစည်သူမင်းကြီးသည် ဘေးတော်ဘိုးတော်များကို အထင်သေးသောစိတ် စော်ကားလိုသောစိတ်ဖြင့်မဟုတ်ပဲသဘောရိုးဖြင့်ပြစ်မှားဖူး၏။သို့ရာတွင်မာရ်နတ်ကမူသဘောရိုးလားသဘောဆန်းလားဟုမတွက်မေ့လျော့သူကိုမညှာမတာချေမှုန်းဖို့မှာသူ၏လုပ်ငန်းဖြစ်၏။အလောင်းစည်သူမင်းကြီးသည်သူ၏ယုံကြည်ချက်အတိုင်းသာနှုတ်မြွက်ခြင်းဖြစ်ပါ၏။ "ဘေးတော်ဘိုးတော်များသည် ငါ့လောက်ဘုန်းမကြီး" ဟုဆိုမိသည်နှင့်တစ်ပြိုင်နက်အလောင်းစည်သူမင်းကြီး၏မျက်စိများကွယ်လေသည်ဟုရာဇဝင်ဆရာတို့ဆိုကုန်၏။ မေ့လျော့ခြင်း"ပမာဒ" တရားဖြင့်တိုက်ပွဲဝင်နေသူများသတိထားဖို့လိုပါသည်။မမေ့မလျော့ခြင်း"အပ္ပမာဒ" တရားကိုလက်ကိုင်ထားနှိုင်မှမာရ်နတ်၏အဋ္ဌမတပ်မဖြစ်သော သူ့ကျေးဇူးကိုချေဖျက်မှု့"မက္ခ"နှင့်မိမိကိုယ်ကိုတစ်စင်ထောင်မှု့"ထမ္ဘ"တို့ကိုအနိုင်တိုက် နှိုင်မည်ဖြစ်ပါသည်။

၉ ။ မာရ်နတ်၏နဝမတပ်မ
မာရ်နတ်၏အဋ္ဌမတပ်မ ကိုနိုင်အောင်တိုက်နှိုင်သည်ဆိုစေဦး မာရ်နတ်တွင်နဝမတပ်မသည်ရှိသေး၏။ နဝမတပ်မကားတွယ်တာခြင်း"တဏှာ"နှင့်အထင်ကြီးခြင်း"မာန"တို့ဖြစ်ကြ၏။ မည်သူမဆိုလုပ်ငန်းများကိုလုပ်ရာ၌ အောင်မြင်သည်နှင့်အမျှ မိမိပတ်လည်တွင်ပရိဿတ်များဝိုင်းဝိုင်းလည်လာ၏။လာဘ်သပ်ပကာများဖြင့်ပူဇော်ကြ၏။အလေးပြုကြ၏။ဦးတိုက်ကြ၏။ဦးညွတ်ကြ၏။ဘာပြောပြောဘာလုပ်လုပ်သြဘာပေးကြ၏။ခေတ်ပြိုင်တွင်အတူမရှိသူဟုဆိုကြ၏။ကယ်တင်ရှင်အဖြစ်ချီးပသူတွေမနည်းမနောရှိ၏။ ပြောရလျှင်ထိုအခြေအနေတွင်တွေ့ကြုံရမှု့မှန်သမျှမှာအားလုံးမက်မောစရာဂုဏ်ယူစရာများသာဖြစ်၏။အောင်မြင်မှု့မြင့်မားလာလေလေအနားသို့ကပ်လာသောပရိသတ်မှာလည်းအမျိုးအစားစုံလေလေဖြစ်၏။အမှန်အားဖြင့်မက်မောစရာဂုဏ်ယူစရာများမှာမိမိကိုသတ်မည့်မာရ်နတ်၏ဘက်တော်သားများသာလျှင်ဖြစ်၏။ မိမိ၏ဘက်တော်သားဟုအထင်မှားပြီးတွယ်တာမိလျှင်ဖြစ်စေမိမိကိုပူဇော်သင့်ပေသည်ဟုအထင်ရောက်မိလျှင်ဖြစ်စေမာရ်နတ်၏နဝမတပ်၌ကျဆုံးသည်မည်၏။မာရ်နတ်၏နဝမတပ်မသည်မိမိလုပ်ငန်း၌ကျွမ်းကျင်လိမ္မာ၏။မာရ်နတ်၏နဝမတပ်မကိုတိုက်မည်ဆိုလျှင်ငါနှင့်ငါ့ဥစ္စာ"အတ္တနှင့်အတ္တနိယ"ကိုတတ်နှိုင်သလောက်လျစ်လျူရှု့ထားရ၏။သာယာဖွယ်များကိုလျစ်လျူရှု့နှိုင်သော"ဥပေက္ခာ"ဖြင့်သာမာရ်နတ်၏"နဝမတပ်မ"တဏှာနှင့်မာန"ကိုနိုင်အောင်တိုက်နှိုင်၏။ဤနေရာ၌"ဥပေက္ခာ"ကိုလျစ်လျူရှု့မှု့နှင့်လောကဓံတရားများအပေါ်အညီအမျှထားနှိုင်မှု့တို့ကိုဆိုပါသည်။ု

၁၀ ။ မာရ်နတ် ၏ ဒဿမ တပ်မ
မာရ်နတ်၏ဒဿမတပ်မသည်ရှိသေး၏။ဒဿမတပ်မတွင်မိမိကိုယ်မိမိချီးမြှောက်ပြောဆိုခြင်း(အတ္တုက္ကံသန)နှင့်သူတစ်ပါးကိုနှိမ့်ချပြောဆိုခြင်း(ပရဝမ္ဘန)တို့ပါဝင်၏။ထိုတပ်မသည်လည်းအောင်မြင်အောင်တိုက်နှိုင်ဖို့ခက်ခဲ၏။မိမိဂုဏ်ကိုထုတ်ဖော်ပြောဆိုသူကိုသူယုတ်ဟူ၍ပင်လောကနီတိ၌ဖော်ပြထား၏။အမှန်အားဖြင့်ဤလောက၌နှိမ့်ချပြောဆိုလောက်အောင်အသုံးမကျသည့်သက်ရှိသက်မဲ့ဟူ၍မရှိ။အသုံးမချတတ်ခြင်းသာရှိ၏။အသုံးပြုပုံလွဲမှားခြင်းသာရှိ၏။အသုံးမကျခြင်းအသုံးမဝင်ခြင်းသည်မရှိ။

သို့ဖြစ်ပါလျှက်လက်တွေ့ဘဝ၌လူ့လောကသည်မိမိကိုယ်ကိုချီးမြှောက်လျှက်သူတစ်ပါးကိုနှိမ့်ချဆက်ဆံတတ်ကြသည်။မာရ်နတ်၏ပရိယာယ်ကိုမသိမမြင်နှိုင်သောကြောင့်ဖြစ်သည်လည်းရှိ၏။သိမြင်ပါလျှက်လက်နက်ကောင်းကိုဆောင်မထားနှိုင်သောကြောင့်ဖြစ်သည်လည်းရှိ၏။မာရ်နတ်၏ဒဿမတပ်မကိုအနိုင်တိုက်ဖို့ဆိုလျှင်"ကတညုတ"မျက်စိရှိဖို့လို၏။"ကတညုတ"မျက်စိဖြင့်ကြည့်လျှင်လောကရှိအရာရာသည်သူ့နေရာနှင့်သူအသုံးကျသည်ချည်းဖြစ်၏။မာရ်နတ်၏ဒဿမတပ်မကိုအနိုင်တိုက်နှိုင်ဖို့ဆိုသည်မှာအလွန်ခက်ခဲ၏။လောကကို"ကတညုတ"မျက်စိဖြင့်ကြည့်တတ်ဖို့ဆိုသည်မှာလွန်စွာခက်ခဲ၏။အရာရာကိုတန်းတူထားမိလျှင်"ကတညုတ"မင်္ဂလာပျက်၏။အသုံး ပြုပုံမှန်ကန်မှု့မရှိလျှင်ဘေးဒုက္ခဖြစ်တတ်၏။အသုံးချပုံမှားယွင်းလျှင်ဆေးကြောင့်ဖြစ်သောရောဂါသည်အကုရခက်သလိုဆေးကိုမှိဝဲလေရောဂါသည်းလေဖြစ်တတ်၏။သက်မဲ့လောကရှိအရာဝတ္ထုများကိုလည်းသူ့နေရာနှင့်သူအသုံးချတတ်ဖို့လို၏။ချုံနွယ်ပိတ်ပေါင်းကိုနေရာတကာတွင်ရှင်သန်ခွင့်ပေးလို့မရ။ရှင်းသင့်လျှင်ရှင်းရ၏။ထားသင့်လျှင်ထားရ၏။အရိပ်ရသစ်ပင်များကိုပြုစုပျိုးထောင်ရ၏။ထိမ်းသိမ်းစောင့်ရှောက်ရ၏။သက်ရှိများနှင့်ပတ်သက်လျှင်ပို၍အထူးသတိထားသင့်၏။မှားယွင်းဆောင်ရွက်မိလျှင်အကျိုးမဖြစ်ရုံမျှမကများစွာဆုံးရှုံးရတတ်၏။ပုထုဇဉ်တို့၏အသိများမှာအရိယာတို့၏နယ်တွင်သစ္စာမထိုက်စေကာမှုပုထုဇဉ်သိစရာများနှင့်ပုထုဇဉ်အသိများမှာပုထုဇဉ်တို့၏နယ်ပယ်တွင်သစ္စာထိုက်၏။လောက ကိုကြည့်ရာတွင်အားလုံးကိုတစ်တန်းတစ်စားတည်း ထား၍ ကြည့်ရမည် မဟုတ်။ပုထုဇဉ်အနေဖြင့်တစ်ခုတည်းကိုမြင်တတ်သည့်"အဘေဒ"အမြင်သည်မရှိ။မိမိ၌ မရှိသော အမြင်ဖြင့် လုပ်ဆောင်လျှင်အမြင်နှင့်အလုပ် တစ်ဖြောင့်တည်း မဖြစ်နှိုင်။"သုဟုဇု" ဟုခေါ်သောရိုးဂုဏ်ပျက်သဖြင့် "သစ္စာ"လည်းပျက်တော့၏။အပြော တစ်ခြား အလုပ်တစ်ခြားဖြစ်ရတော့၏။ပုထုဇဉ်တို့၏သိစရာများနှင့်အသိသည်အများကိုမြင်သည့်"ဘေဒ"သဘောရှိ၏။

လောကကိုကြည့်ရာတွင်
၁။ကာလဓမ္မ
၂။ဒေသဓမ္မ
၃။ကုလစာရဓမ္မ
၎။သီလဓမ္မ
၅။သမထဓမ္မ
၆။ဝိပဿနာဓမ္မ တို့အရကြည့်ရ၏။

ဤသို့ကြည့်ခြင်းမှာဘက်လိုက်သောသဘောမျိုးသို့သက်ရောက်ခြင်းမရှိ။ကျေးဇူးနှင့်ဂုဏ်ကိုသိတတ်ခြင်း"ကတညုတ"သဘောမျိုးသာဖြစ်၏။ထိုသဘောမျိုးဖြင့်မကြည့်လျှင်မရိုးဖြောင့်သောအမြင်ပင်ဖြစ်၏။ကံသုံးပါးတစ်ဖြောင့်တည်းမကျသောကြောင့်သစ္စာပျက်၏။ကျေးဇူးရှိသူကိုကျေးဇူးမဲ့သူနှင့်တစ်တန်းစားတည်းထားမိလျှင်မင်္ဂလာပျက်၏။မာရ်နတ်၏ဒဿမတပ်မကိုနိုင်အောင်တိုက်ဖို့ဆိုလျှင်"ကတညုတ"လက်နက်ပါမှဖြစ်နှိုင်၏။ကတညုတ လက်နက်ဖြင့်တိုက်လျှင်မာရ်နတ်၏ဒဿမတပ်မကိုလည်းနိုင်အောင်တိုက်နှိုင်မည်သာဖြစ်၏။

(က)ကာလဓမ္မ
ကာလဓမ္မအရ ခေတ်ကိုကြည့်ရ၏။ကာလသည်တရားကိုစောင့်သောခေတ်(ကာလသမ္ပတ္တိ)ဖြစ်လျှင်ကတညုတမင်္ဂလာကိုအထူးအားထုတ်စရာမလိုအလွယ်နှင့်ပင်မာရ်နတ်ကိုနိုင်နှိုင်၏။တရားကိုမစောင့်သောခေတ်(ကာလဝိပ္ပတ္တိ)ဖြစ်လျှင်ကတညုတမင်္ဂလာဖြစ်ဖို့ခဲယဉ်း၏။အထူးဝါယမစိုက်ထုတ်၍အသိဉာဏ်ရှိရှိလုပ်ဆောင်နှိုင်မှသာကတညုတဖြစ်နှိုင်၏။သစ္စာကိုနားမလည်၍အမှန်ဟုထင်ရသည့်မိမိသဘောအတိုင်းဆောင်ရွက်ပါကသစ္စာပျက်သည်။မင်္ဂလာပျက်သည်။ယ္ခုခေတ်အခါသည်ကာလဝိပ္ပတ္တိခေတ်ဟုဆိုရမည်။တရားကိုစောင့်ချင်သူနည်းလွန်း သည်။အထူးစဉ်းစဉ်းစားစားဝါယမစိုက်ထုတ်ဆောင်ရွက်ပါမှမာရ်နတ်၏တပ်မကိုနိုင်မည် ဖြစ်၏။

(ခ)ဒေသဓမ္မ
ဒေသ ဓမ္မ အရနိုင်ငံကိုကြည့်ရ၏။နိုင်ငံသားအဆင့်ကိုကြည့်ရ၏။အားလုံးတစ်တန်းစားတည်းထား၍မရ။ဤသို့ကျင့်သုံးမှု့သည်မိမိတစ်နိုင်ငံတည်းမဟုတ်။နိုင်ငံတိုင်းပင်ဖြစ်၏။ပေါ့ပေါ့လျော့လျော့ဆောင်ရွက်သောနိုင်ငံများတွင်ဆေးကြောင့်ဖြစ်သောအနာသည်ကုသရခက်သကဲ့သို့ဆေးကိုမှီဝဲလေရောဂါသည်းလေဖြစ်တတ်၏။

(ဂ)ကုလစာရဓမ္မ
"ကုလစာရဓမ္မ" အရလောကကိုကြည့်ရာ၌အမျိုးကိုလည်းကြည့်ရ၏။အမျိုးကိုကြည့်ရာ၌အခြေ ခံအားဖြင့်လူမျိုးကိုလည်းကြည့်ရ၏။လူမျိုး၏အစဉ်အလာယဉ်ကျေးမှု့ကိုလည်းကြည့်ရ၏။ပဓာနအားဖြင့်တရားရှိသူနှင့်တရားမရှိသူတရားကျင့်သူနှင့်တရားမကျင့်သူတန်းတူ ထား၍မရ။"ကုလစာရဓမ္မ"၏အချိုးအဆအလိုက်သာရှု့မြင်ရ၏။"ကုလစာရ ဓမ္မ"အရလူတိုင်းလူတိုင်းမိမိကိုယ်မိမိတာဝန်ခံနှိုင်သောခံယူချက်ရှိဖို့လို၏။ပုထုဇဉ်အားလျော်စွာအသိနှင့်ခံယူချက်သည်တစ်ထပ်တည်းကျဖို့ခဲယဉ်း၏။လူ့သမိုင်းတစ်လျောက်လုံးတွင်လူ့အဖွဲ့အစည်းအတွက်အာမခံနှိုင်သောခံယူချက်မှာမိမိအပြုအမူကိုမိမိတာဝန်ယူခြင်းပင်ဖြစ်၏။ဤသည်ကိုပင်"အတ္တာဟိ အတ္တနော နာထော"ဟုဆိုရ၏။မိမိသဘောအတိုင်းပြုလုပ်မှု့များကိုတာဝန်ယူသည်ဆိုစေဦး အသိနှင့်ခံယူချက်တစ်ထပ်တည်းမကျသောသဘောနှင့်မိမိတစ်ဦးတည်း၏မှန်ကန်နေမှု့သဘော(ပါရိဘာသိကသစ္စာ)ဖြစ်လျှင်လောက အတွက် မငြိမ်းချမ်းဖွယ်ဖြစ် ရ၏။ဤသည်ကိုကုစားနှိုင်ရန်အတွက်လူတိုင်းလူတိုင်းအခြေခံကျင့်ဝတ် အနေဖြင့် ကံနှင့် ကံ ၏ အကျိုးကိုယုံကြည် ဖို့လို၏။ကံနှင့်ကံ၏အကျိုးကို ယုံကြည်ချက်ခံယူချက်အဖြစ်တည်ဆောက်နှိုင်မှသာသက်ရှိသတ္တဝါအချင်းချင်းကိုယ်ချင်းစာတတ်လာမည်ဖြစ်၏။သို့မဟုတ်ပါကအချိန်မရွေးထပေါက်ကွဲနှိုင်သောမိုင်းဗုံးတစ်လုံးကိုဖင်ခုထိုင်နေရသလိုသာဖြစ်၏။ကံနှင့် ကံ၏ အကျိုး ကိုယုံကြည် မှု့အား"ကမ္မဿကတာသမ္မာဒိဋ္ဌိ"ဟူ၍ဆို၏။"ကမ္မဿကတာသမ္မာဒိဋ္ဌိ"ကိုလည်း"သာသနိက"နှင့်"ဗာဟီရက"ဟူ၍နှစ်မျိုးနှစ်စားခွဲခြားသိဖို့လိုသေး၏။ဤနေရာ၌သာသနာတော်အတွက်သီးခြားဆိုရန်မရှိသဖြင့် သာသနာပတွင်ဖြစ်သော"ကံ နှင့် ကံ၏အကျိုးကိုယုံကြည်မှု့"ဗာဟီရက ကမ္မဿကတာ သမ္မာဒိဋ္ဌိ"ကိုသာဆိုလိုရင်းဖြစ်၏။အားမနာတမ်းဆိုရပါလျင်ကံနှင့်ကံ၏အကျိုးကိုမယုံကြည်သည်နှင့်တစ်ပြိုင်နက်မည်သူမဆိုအမှားအယွင်းကြီးကြီးမားမားကိုတစ်ချိန်မဟုတ်တစ်ချိန်တွင်လုပ်မည်သာဖြစ်၏။ဤသည်ကိုရည်ရွယ်၍လောကကိုတစ် တန်းစား တည်းကြည့်လို့မရ။ကံ၏အချိုးအဆအလိုက်သာအမျိုးကိုလည်းကြည့်ရ၏။အစဉ် အလာ ယဉ်ကျေးမှု့ကိုလည်းကြည့်ရ၏။တရားကျင့်မှု့မကျင့်မှု့ တရားရှိမှု့မရှိမှု့ ကိုလည်းကြည့်ရ၏။သို့မှသာလောကငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နှိုင်မည်သာဖြစ်၏။

(ဃ)သီလဓမ္မ
သီလဓမ္မအရ လောကကိုကြည့်ရာတွင်လည်းအရာရာကိုတန်းတူထား၍ကြည့်လို့မရ။သီလအရအကျင့်နှင့်စည်းကမ်းသည်ပဓာနအားဖြင့်ပါဝင်ပါသည်။အကျင့်နှင့်စည်းကမ်းသည်လည်းလူသားတစ်ဦးအနေဖြင့်မိမိနှစ်သက်သလိုအကျင့်ကိုကျင့်နှိုင်၏။မိမိကြိုက်သလိုစည်းကမ်းသတ်မှတ်နှိုင်၏။မိမိ၏အကျင့်နှင့်စည်းကမ်းသည်မှန်ချင်မှမှန်မည်ကောင်းချင်မှကောင်းမည်ဖြစ်သော်လည်းမိမိတစ်ဦးတည်းအတွက်ပြဿနာမရှိ။လူ့အဖွဲ့အစည်းနှင့်နေထိုင်မည့်သူသည် ဤသို့ပြုလုပ်၍မရ။မိမိ၏ပုဂ္ဂလိကဘဝကိုစွန့်လွတ်၍အဖွဲ့အစည်းအတွင်း ၌အဖွဲ့အစည်း၏ စည်းကမ်းကိုပဓာနအားဖြင့်လိုက်နာရ၏။သို့မှသာလောကသည်ရှေ့ခရီးကိုအဆင်ပြေပြေ ခရီး ဆက်နှိုင်မည်ဖြစ်၏။မိမိတို့တစ်ဦးချင်းအနေဖြင့်လူသားသည်အကျင့်နှင့်စည်းကမ်းကိုမိမိ၏ "အာသယ အနုသယ"နှလုံးသွင်းဉာဉ်အလိုက်နှင့်စရိုက်(စရိတ=ဤဘဝ ၌အဖြစ်များသောသဘော)အလိုက်သာသတ် မှတ်တတ်ကြ၏။ဤသို့သော သဘော များ ကိုရှေး ဆရာများ သည်သန္ဓေဟုလည်းကောင်းဗီဇဟုလည်းကောင်းနေ့စဉ်သုံးစကားများထဲအထိရောက်ရှိအောင်စွမ်းဆောင်နှိုင်ခဲ့ကြပါသည်။သန္ဓေနှင့်ဗီဇ၏အကျိုးဆက်များမှာလူပုဂ္ဂိုလ်ကိုလိုက်၍ကောင်းသည်လည်းရှိ၏။ဆိုးသည်လည်းရှိ၏။လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ဆိုပါမူတစ်ခါတစ်ရံ၌ သာ ကောင်းသူ များတတ်၍ လူဆိုးများ ကိုသာအမြဲတစ်စေလိုတွေ့နေရတတ်၏။ဤသည်ကို
ရည်ရွယ် ၍ မြတ်စွာဘုရား သည်"အန္ဓီဘူတောအယံလောကော" ဟုမိန့်တော်မူခဲ့ပါသည်။လူ့သဘာဝသည်ဤသို့သောသဘောရှိနေသဖြင့်ရှေ့သို့ချီတက်နှိုင်ရန်လူသားအချင်းချင်းအပြန်အလှန်ထိမ်းညှိရေးသည်ပို၍ပဓာနကျလာ၏။လူ့ အဖွဲ့အစည်း အတွက် လူမှု့ပဋိညာဉ်(Social contract)မှာနိုင်ငံတော်အဆင့်ထိအလွန်အရေးပါသည်။ပွင့်လင်းလွတ်လပ်မှု့နှင့်လူများစု၏သဘောဆန္ဒသည်လူမှု့ရေးပဋိညာဉ်ကိုကောင်းအောင်ငြိမ်းချမ်းအောင်ဆောင်ရွက်နှိုင်သည်။

လူများစု၏သဘောဆန္ဒကိုလူနည်းစုက လေးစားလိုက်နာရသည်။လူနည်းစု၏သဘောဆန္ဒကိုလူများစုကလေးစားရသည်မှန်သော်လည်းလိုက်နာဆောင်ရွက်ရန်အကြောင်းတစ်စုံတစ်ရာမရှိချေ။

အပြန်အားဖြင့်လူနည်းစု၏သဘောဆန္ဒနှင့်ထင်သာမြင်သာမရှိမှု့တို့ကိုတရားဝင်အာဏာနှင့်တရားဝင်ဥပဒေဖြစ်စေရန်ကြိုးပမ်းမှု့မှန်သမျှသည်မငြိမ်းချမ်းအောင် တရားမျှတမှု့မရှိအောင်ပြုလုပ်ခြင်းပင်ဖြစ်၏။မည်သို့ပင်ဖြစ်စေလူ့အဖွဲ့အစည်း ၏ စည်းကမ်း များအဖြစ်ဥပဒေပြုရေးနှင့်တရားစီရင်ရေးသည်အလွန်ပင်အရေးကြီးသည်။

ဥပဒေနှင့်တရားစီရင်ရေးညံ့ဖျင်းလျှင်လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး လည်း ညံ့ ဖျင်း မည်သာ ဖြစ်၏။ ဥပဒေ ဆိုသည်မှာလည်း မှန်ကန်မှု့ခိုင်မာမှု့ရှိသင့်သလောက်သာရှိ၏။လူလုပ်ဥပဒေများ(man made law) ဖြစ်သည့်အားလျော်စွာလိုအပ်လျှင်ပြင်ဆင်ရမည်သာဖြစ်၏။

ဥပဒေဖြင့်ပြဌာန်းရန်ခက်ခဲသောလူထုစည်းမျဉ်းစည်းကမ်းများကိုလူထုယဉ်ကျေးမှု့ဖြစ်အောင်ပြုလုပ်၍စနစ်တကျထိမ်းသိမ်းသင့်၏။မြန်မာတို့၏လူထုယဉ်ကျေးမှု့(Public civilization)(Public culture)တွင်အများအပြားတွေ့ရ၏။ဆိုရပါလျှင်ဖော်ပြပါဒေသဆိုင်ရာသဘောတူညီမှု့များ(Regional code)အစဉ်အလာသဘောတူညီမှု့များ(Triditional code)သည်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးအတွက်များစွာအရေးပါသည်။

အထူးသဖြင့်မြန်မာတို့သည်ငါးပါးသီလဆောက်တည်ကျင့်သုံးမှု့အားဘာသာရေးလုပ်ငန်းဘာသာရေးကျင့်ဝတ်အဖြစ်သက်သက်ဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲမိမိကိုယ်မိမိလူသားပီပီသသဖြစ်ရေးလူ့အဖွဲ့အစည်းငြိမ်းချမ်းရေးအတွက်မိမိအစွမ်းရှိသမျှဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ယုံကြည်ချက်ခံယူချက်အနေဖြင့်လည်းလူသားမှန်လျှင်ပြုလုပ်ရမည့်ဝတ္တရားရှိသည်ဟုအခိုင်အမာဆိုကြပါ၏။မိမိကမလိုက်နာနှိုင်သေးစေကာမူကြိုးစားဆောင်ရွက်နေသူများကိုပြစ်တင်ကဲ့ရဲ့ခြင်းပုတ်ခတ်ဝေဖန်ခြင်းစသောအဆိုးမြင်များကိုမြန်မာမှန်လျှင်လုံးဝမပြုလုပ်ကြပါ။လူအဖွဲ့အစည်းငြိမ်းချမ်းစွာနေနှိုင်ရေးနှင့်စည်းလုံးခိုင်မာမှု့မပြိုကွဲရေးအတွက်အခြေခံကျသောအချက်နှစ်ရပ်ရှိပါသည်။

အမြင်နှင့်အကျင့်တူညီမှု့ "ဒိဋ္ဌိ သီလ သာမည"ဟုဆိုပါသည်။တစ်သားတည်းသဘောဆောင်သောအရိယာတို့တွင်စုစည်းစရာ-မလို ညှိနှိုင်းစရာမလို စည်းရုံးစရာမလို(No gather :No collect :No organize :No
discuss :No campaign :No vote :No pool)ဒိဋ္ဌိနှင့်သီလတူညီမှု့ကြောင့်နှစ်ဦးမပြားပဲတစ်ဦးတည်းဖြစ်သွားခြင်းဖြစ်ပါသည်။ပုထုဇဉ်နယ်ပယ်တွင်ရှိသော လူ့အဖွဲ့အစည်း၊ဝင်များအတူတကွယှဉ်တွဲ၍ငြိမ်းချမ်းစွာနေနှိုင်ရေးမှာအမြင်များကိုထိမ်းချုပ်ရန်အခက်အခဲရှိသည်ဆိုစေဦးစည်းကမ်းနှင့်အကျင့်ကိုမိမိတို့၏ကာလ ဒေသ အစဉ်အလာယဉ်ကျေးမှု့များနှင့်အဟပ်ညီအောင်စနစ်တကျရေးဆွဲအတည်ပြု၍ဆောင်ရွက်နှိုင်ပါမှပြဿနာများဖြေရှင်းနှိုင်မည်ဖြစ်ပေသည်။

(င)သမထဓမ္မ
မာရ်နတ်၏ဒသမတပ်မကိုကတညုတလက်နက်ဖြင့်အနိုင်တိုက်မည်ဆိုပါက"သမထဓမ္မ" ဖြင့်လောကကိုကြည့်တတ်ဖို့လိုသေး၏။မုချအနေဖြင့်လောကကို "သမထဓမ္မ" ဖြင့်ကြည့်သောအခါ ဈာန်ရပုဂ္ဂိုလ် (ဈာနလာဘီ)များနှင့်သမထအာရုံများ(ပရိကမ္မနိမိတ၊် ဥဂ္ဂဟနိမိတ် ၊ပဋိဘာဂနိမိတ်)ကိုတွေ့ရ၏။

အချုပ်အားဖြင့်မိမိနှင့်လောက မိမိနှင့်နိမိတ် မကွဲပြားပဲတစ်သားတည်းဖြစ်နေမှု့ကြောင့်မာရ်နတ်၏ဘက်တော်သားများဖြစ်သည့် "နီဝရဏ" တရားများကိုဝေးရာသို့တွန်းဖယ်ပစ်လိုက်သဖြင့်ငြိမ်းချမ်းသွားခြင်းဖြစ်ပါသည်။

မိမိသည် လည်းမိမိအသွင်ပျောက်၍ ဈာန်အင်္ဂါ(ဝိတက္က ဝိစာရပီတိ သုခ ဧကဂ္ဂတာ)များအဖြစ်သို့ရောက်ရှိသွားခြင်းဖြစ်ပါသည်။မုချအားဖြင့်ဈာန်စိတ်(မဟဂ္ဂုတ်စိတ်)များနှင့်(ဧကဂ္ဂတာစေတသိက်)ကိုဆိုလိုပါသည်။ဧကဂ္ဂတာစေတသိက်မှာစိတ်အားလုံးနှင့်ဆက်ဆံသောစေတသိက်(သဗ္ဗစိတ္တသာဓာရဏစေတသိက်)ဖြစ်သည်ကိုသတိချပ်စေချင်ပါသည်။ဆိုလိုသည်မှာမိမိတို့သာမာန်လူသားများနှင့်လည်းအသုံးပြုပုံကိုလိုက်၍အကျိုးရှိမှု့ မရှိမှု့ ဖြစ်နှိုင်ပါသည်။

သမထဓမ္မ၏တိုက်ရိုက်နားလည်အပ်သောအနက်အဓိပ္ပါယ်အမှန်မှာ မျက်မှောက်ငြိမ်းအေးချမ်းသာစွာနေထိုင်ရေးတရား -(ဒိဋ္ဌဓမ္မ သုခ ဝိဟာရ တရား)ဖြစ်ပါသည်။လူမှု့အဖွဲ့အစည်းအတွင်း၌သမထဓမ္မကိုသုံးစွဲနှိုင်မှု့အဆင့်အလိုက်သာငြိမ်းအေးချမ်းသာစွာနေထိုင်နှိုင်မည်ဟုဆိုလိုပါသည်။

လူမှု့အဖွဲ့အစည်းအနေဖြင့်မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကိုမျက်ခြေပြတ်မခံဘဲစူးစူးစိုက်စိုက်ဆောင်ရွက်ကြဖို့ဖြစ်ပါသည်။နိုင်ငံသားတိုင်းတွင်တာဝန်ရှိသော်လည်းထိုတာဝန်ကိုကျေပွန်သောနိုင်ငံသားအရေအတွက်ရာနှုန်းအပေါ်မူတည်၍အကျိုးဖြစ်ထွန်းနှိုင်စရာ ရှိပါသည်။ထိုတာဝန်ကိုကျေပွန်စွာဆောင်ရွက်နှိုင်ရေးအတွက်ပဓာနအားဖြင့်ဆောင်ရွက်သည့်မိမိတပ်သားတပ်မှုးများမှာ အဓိပတိ တရားလေးပါးဖြစ်သည်ဟုဆိုရပါမည်။

အကျဉ်းသိသာရုံမျှဆိုရလျှင်
၁။စိတ္တာဓိပတိ
၂။ဆန္ဒာဓိပတိ
၃။ဝီရိယာဓိပတိ
၎။ဝီမံသာဓိပတိ
တို့ဖြစ်ပါသည်။

အသောကမင်းတရားကြီး၏ကျောက်စာတော်များ၌(ငါ၏သားသ္မီးများဖြစ်သောတိုင်းသူပြည်သားများယ္ခုမျက်မှောက်ချမ်းသာကိုခံစားရရုံမျှမက တမလွန်ဘဝကောင်းစားရေးကိုပါဆောင်ရွက်ပေးလိုသောသဘောဆန္ဒငါ့၌ကြီးစွာရှိတော်မူသဖြင့်)စသဖြင့်ရေးထိုးထားသည်ဟုသိရပါသည်။ အဓိကဆိုလိုရင်းမှာမိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကိုမျက်စိ အောက်က အပျောက်မခံ ပဲစူးစူးစိုက်စိုက်ဖြင့်အဓိပတိ တရားလေးပါး ထိုက်သင့်သလိုပါဝင်စေ၍အရောက်ချီတက်နှိုင်ကြဖို့ဖြစ်ပါသည်။ သို့သော်အရောအနှောများဖြင့်အသားကျနေပြီဖြစ်သောလောကထဲ၌မိမိအကျိုးစီးပွားသက်သက်(ကာမဂုဏ်အကျိုးစီးပွားကိုဆိုလိုပါသည်)သာစိတ်ဝင်စားသူများမနည်းမနောရှိပါသည်။ ထိုသူများသည်ပန်းတိုင်နှင့်လွဲချော်အောင် နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်မည့်ရန်သူမာရ်နတ်၏ဘက်တော် သားများ ဖြစ်ကြပါသည်။ထိုသူများကိုတစ်ပြေးညီ ဆက်ဆံခြင်း ဖြင့်မိမိတို့၏အာရုံစူးစိုက်မှု့ဖရိုဖရဲဖြစ်ပြီးပန်းတိုင်ရောက်ရှိရေးမှာလည်းအလှမ်းကွာဝေးနေဦးမည်သာဖြစ်ပါ သည်။သို့ဖြစ်ရာကတညုတမျက်စိဖြင့်အကျိုးရှိရှိဆောင်ရွက်နှိုင်ဖို့ဆိုလျှင် လောကကို "သမထဓမ္မ" ဖြင့်လည်းကြည့်တတ်ဖို့လိုပါမည်။

ဥပမာအားဖြင့် စေတီတစ်ဆူကို တည်ဆောက်သောအခါ-
အလှုတော်ငွေထည့်ဝင်သူများ
ပန်းရံဆရာများ
အုတ်ဖုတ်သူများ
အုတ်သယ်သူများ
ရေခပ်သူများ
ရေသယ်သူများ
သဲသယ်သူများ
ထုံးသယ်သူများ
စသည်ဖြင့်အမျိုးအစားများစွာပါဝင်ပါသည်။
မိမိတို့၏နှလုံးသွင်းအလိုက်မိမိတို့၏ကိုယ်ပိုင်ရည်မှန်းချက်အရဆောင်ရွက်ကြရသည်များရှိနှိုင်သလိုအများနှင့်သက်ဆိုင်သောဘုံရည်မှန်းချက်ဖြစ်သည့်"ဘုရားတည်ခြင်း"အမှု့ကိုအာရုံစူးစိုက်ထားဖို့လိုပါသည်။ သို့မှသာ လူ အားလုံး တက်ညီ လက်ညီဖြင့်မိမိ၏ဆောင်ရွက်ဖွယ်ရာ များ ကိုဆောင်ရွက်ရင်း လူတိုင်းလူတိုင်းဘုရားတည်နှိုင်သောအဆင့်ရောက်မည်ဖြစ်ပြီးဘုရားပြီးသောနေ့၌လည်းအလွန်ပင်သပ္ပါယ်သော စေတီတော်ကိုဖူးမြင်တွေ့ရှိရမည်ဖြစ်ပါသည်။

(စ)ဝိပဿနာဓမ္မ
"ဝိပဿနာဓမ္မ"အရလောကကိုကြည့်ရာတွင်"ပုဂ္ဂလ သတ္တ၊ပညတ်"ကိုမတွေ့ရပဲ ခန္ဓာ ငါးပါးကိုသာတွေ့ရသည်။
သုဘ ကိုမတွေ့ရပဲ "အသုဘ" ကိုသာ တွေ့ရသည်။
နိစ္စ ကိုမတွေ့ရပဲ "အနိစ္စ"ကိုသာတွေ့ရသည်။
သုခ ကိုမတွေ့ရပဲ "ဒုက္ဓ"ကိုသာတွေ့ရသည်။
အတ္တ ကိုမတွေ့ရပဲ "အနတ္တ" ကိုသာ တွေ့ရသည်။

"ပုဂ္ဂလဗျာပါရ" အနေဖြင့် ဆောင်ရွက်မှု့မှန်သမျှသည်ထင်သလိုဖြစ်မလာပဲ ၊ထင်သလို ဖြစ်လာသည်ဟုအထင်ရောက်မှု့သည်လည်းမှားယွင်းစွာသုံးသပ်မိသောကြောင့်အသိမှားခြင်းပင်ဖြစ်သည်။

ဓမ္မဗျာပါရ အနေဖြင့် အကြောင်းတရားများပြည့်စုံသောအခါ အကျိုးတရားသည်ဖြစ်ပေါ်လာစမြဲဖြစ်ပေသည်။ဖြစ်ပေါ်လာသောတရားအစုသည်လည်းမတင့်တယ်သော ၊မမြဲသော ၊ဆင်းရဲသော ၊တရားအစုသာလျှင်ဖြစ်ပေသည် ။

"အနိစ္စ သမ္ဗူတံ ကုတောနိစ္စံ ဘဝိဿတိ" ။ အရဖြစ်လာသောတရားအစုမှန်သမျှသည် အားကိုးစရာမရှိ အချည်းအနှီး များပင်ဖြစ်ပေသည်။

"အနုလောမပဋိစ္စသမုပ္ပါဒ်" အရလောကဖြစ်စဉ်ကြီးသည်အချည်းအနှီးပင်ဖြစ်သော်လည်း ရပ်တန့်မသွားပဲအကြောင်းတရားများ မကင်းပြတ်သရွေ့အချည်းအနှီးများကိုပင်ထပ်ခါတလဲလဲ ထုတ်လုပ်နေပေသည်။အမှန်တစ်ကယ်လောကကောင်းစားရေးအတွက်ဆိုပါလျှင်အချည်းအနှီးဖြစ်စဉ်ကြီးကိုရပ်တန့်သွားအောင်လုပ်ဆောင်ဖို့လိုပါသည်။

"ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါ" ။အရ ရပ်တန့်နှိုင်
မည့်တစ်ခုတည်းသောနည်းလမ်းမှာ -
-ဒုက္ခနိရောဓဂါမိနီပဋိပဒါ ပင်ဖြစ်ပါသည်။
-မဂ္ဂင်ရှစ်ပါး ပင်ဖြစ်ပါသည်။
-ပဋိလောမပဋိစ္စသမုပ္ပါဒ် ပင်ဖြစ်ပါသည်။
-သတိပဋ္ဌာန်တရားလေးပါးဖြင့်အကြောင်းတရားများချုပ်ငြိမ်းသွားအောင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ဤသို့ဆောင်ရွက်မည်ဆိုလျှင်မိမိထင်သလိုဆောင်ရွက်၍မရ ။တတိယမျက်လုံးဖြစ်သောဝိပဿနာမျက်လုံးတပ်၍ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဝိပဿနာ၏အနှစ်သာရသဘောမှာ ပါရမီ ကုသိုလ်များဆည်းပူးခြင်းပင်ဖြစ်ပါသည်။ပါရမီ ပြည့်သည်ကိုပင် လွတ်မြောက်သည့်အကျိုးတရားဖြစ်ပေါ်ခြင်းဟုဆိုရသည်။

ပါရမီများကိုဖြည့်ဆည်းရာတွင်လည်း မင်္ဂလသုတ်လာမင်္ဂလာတရားတော်များနှင့်အညီ ဆောင်ရွက်ရသည်။Dr.သီလာနန္ဒာ ဘိဝံသ ဆရာတော်၏ သင်တန်းပို့ချချက်တစ်ခုတွင် "သာသနာတော်နှင့်ကြုံကြိုက်ရကျိုးနပ်အောင် မည်သည့်ကုသိုလ်ကိုလုပ်သည်ဖြစ်စေပါရမီကုသိုလ်ဖြစ်အောင်ပြုလုပ်ရမည်" ဟုဆိုပါသည်။

ပါရမီကုသိုလ်ဖြစ်အောင်လုပ်တော့မည်ဆိုလျှင်-သဒ္ဓေယျဝတ္ထု လေးပါးကစရမည်ဖြစ်ပါသည်။အကျိုးကြီးမားဖို့ ပါရမီ ထက်မြက်ဖို့ အာရုံပိုင်းများကိုစိစစ်ရွေးချယ်ရပါသည်။

ပဋ္ဌာန်းဥပနိဿယ ပစ္စည်းပိုင်း၌လာသော အားကြီးသောတည်ရာမှီရာများကိုဂရုပြုသင့်၏။(ဥတုဘောဇနမ္ပိ ၊ပုဂ္ဂလောပိ ၊သေနာသနမ္ပိ)ဥပနိဿယ ပစ္စယေန ပစ္စယော ။ဟုလာရှိ၏ ။တစ်စုံတစ်ယောက်အနေဖြင့်မည်သည့်အရာကိုလုပ်ဆောင်ရမည်နည်းဟုဆိုလျှင် မိမိစိတ်ကြိုက် နှစ်သက်ရာကိုရွေးချယ်၍ လုပ်ဆောင်ရ၏ ။

မည်သည့်အရာကိုလုပ်သင့်သနည်းဟုဆိုလျှင်"ဘုရားရှင်"ညွှန်ပြသော နည်းလမ်းများအတိုင်းဆောင်ရွက်ရမည်ဖြစ်ပေသည်။မင်္ဂလာတရားများဖြစ်ပွားအောင်ဆောင်ရွက်ရမည်ဖြစ်ပေသည်။ဝိပဿနာ၏ သဘောသည် "ဖဿပဉ္စမက"တရားငါးပါး အစုကို "ခဏိက" သမာဓိဖြင့် ရှု့မှတ်၍ ဆဋ္ဌမမြောက်"နီဝရဏ" တရား "အဝိဇ္ဇာ" ကိုပါးသွားအောင်ချုပ်ငြိမ်းသွားအောင်ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။

"နိစ္စဓုဝ" ဖြစ်စဉ် အတွင်း၌ "ဒွါရ"သို့ ထင်လာသောအာရုံများမှာမရေမတွက်နိုင်အောင်များပြားလှသော်လည်းတစ်ခုတည်းသော သိရမည့် ပစ္စုပ္ပန်အာရုံ မှတစ်ပါးကျန်အရာများကိုသာသိသဖြင့်"ဝိပဿနာ"မျက်လုံးမသဲမကွဲ အမြင်မှုန်ဝါးနေရခြင်းဖြစ်ပါသည်။လောကကောင်းစားဖို့ ငြိမ်းချမ်းဖို့ "ဝိပဿနာ"မျက်လုံးကောင်းဖို့လိုပါသည် ။ဝိပဿနာမျက်လုံးဖြင့်လောကကိုကြည့်ရာတွင် "မင်္ဂလာ"ဖြစ်အောင်"ပါရမီ"ဖြစ်အောင်ကြည့်တတ်ဖို့လိုပါသည်

အချုပ်အားဖြင့် လောက၌ အဓမ္မ က ဓမ္မ ကိုမလွှမ်းမိုး နှိုင်အောင် ဓမ္မ က အဓမ္မ ကို ဖယ်ရှားနှိုင်အောင်ကြိုးပမ်းဆောင်ရွက်မှု့မှန်သမျှသည် ၊မာရ်နတ် ၏တပ်မကြီးများ၌အရှုံးမပေးအညံ့မခံပဲ သူရဲကောင်းပီသစွာ တိုက်ပွဲဝင်နေခြင်းပင်ဖြစ်ပါသည်။သံသရာ၏ တစ်ခုသောအချိန် ၊တစ်ခုသောနေရာတွင် မာရ်နတ်၏ တပ်မကြီးများကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နှိုင်မည်ဖြစ်ပေသည် ။

#Buddhism

Wednesday, December 28, 2016

သမထတန်ခိုးကိုလောကီပေကြိုးနှင့်မတိုင်းသင့်

အခါတစ်ပါးယောဂီပညာရှိတစ်ယောက်သည် တောအ၀င်ဝလမ်းဘေးတစ်ခုတွင် သမာဓိတရားကိုပွားများရင်း အာရုံစူးစိုက်၍ လဲလျောင်းနေလေ၏။

သူခိုးတစ်ယောက်သည် ထိုလမ်းကိုဖြတ်သွားသောအခါ ယောဂီကြီးအားတွေ့လေရာ ``ဤသူသည် ငါကဲ့သို့သူခိုးတစ်ယောက်ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောညများက အိမ်များကိုခိုးယူဖောက်ထွင်းပြီးနောက် မောမောပန်းပန်းနှင့် အိပ်ပျော်နေခြင်းဖြစ်ပေလိမ့်မည်´´ဟု တွေးတော၍ ကိုယ်ချင်းစာကာ အနှောင့်အယှက်မပေးဘဲထွက်ခွါသွားလေ၏။

သူခိုးထွက်သွားပြီးနောက်မကြာမြင့်မီပင် သေတင်းကုပ်မှမူး၍ပြန်လာသော အရက်သမားတစ်ဦးက ယောဂီကြီးအားတွေ့ပြန်သော် ``ဟား ဟား ဟား ဟား ဒီလူ့နှယ် ဘယ်လောက်များသောက်လာလို့ အောက်ခြေလွတ်နေတာပါလိမ့်။ ငါတို့နဲ့များကွာလိုက်တာကွာ။ ကြည့်စမ်းပါ။ တို့များတော့ ဘယ်လောက်သောက်သောက် ဣနြေ္ဒတောင်မပျက်ပေါင်´´ဟု ခပ်ယိုင်ယိုင်လျှောက်ရင်း ပြောသွားလေ၏။

ယောဂီတစ်ဦးက တွေ့သောအခါမူ သမထ၀င်စားနေကြောင်းချက်ချင်းသိ၍ ``င့ါထက်သမာဓိခိုင်လုံနေပါကလား´´ဟု အနားသို့ချဉ်းကပ်ကာ သမာဓိမှမထမချင်း စောင့်နေပြီးလျှင် ခြေဆုပ်လက်နယ်အမှုမျိုးပြုကာ ရိုသေကျိုးနွံစွာ ခစားနည်းယူလေသတည်း။ ထိုဥပမာလေးနှင့်စပ်လျဉ်း၍ ရာမာခရစ်ရှနာက ဟောကြားသည်မှာ

``အို အချင်းတို့ ကျွန်ုပ်တို့၏ ယောဂီအာရုံများသည် မိမိသန္တာန်နှင့်လျော်ညီစွာ တွေးတောယုံမှားကြသောကြောင့် မြင့်မြတ်သောအမှန်တရားကို မမြင်တွေ့နိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့် တပည့်တို့သည် ဉာဏ်အမြင်ပွင့်လင်းအောင် ကြိုးစားကြရမည်´´ဟူသော စကားဖြစ်၏။

ဤပုံပြင်ကား ``မသိသူကျော်သွား သိသူဖော်စား´´ဟူသည့် စကားပုံလေးတစ်ခုကို ချဲ့ထွင်တင်ပြထားခြင်းဖြစ်သည်။ ထိုသဘောတရားကို ငုံမိသောပုံဝတ္ထုတစ်ခုမှာ အဖိုးတန်စိန်တစ်လုံးကို ၀ယ်ယူသူ အမျိုးမျိုးအစားစားထံ အရောင်းခိုင်းလိုက်သော သူဌေးပုံပြင်နှင့်တူ၏။ စိန်ကဲကျောက်ကဲ မခတ်တတ်သော လူတို့အဖို့ တန်ရာတန်ဖိုးဖြင့်ပေး၍ ၀ယ်ယူနိုင်သော အင်အားမရှိသလို ယခုဝတ္ထုက ထို့ထက်သဘောပေါက်အောင် ဖော်ပြထားခြင်းဖြစ်ပါသည်။

လောကုတ္တရာတရားကို လမ်းပေါ်၌ အဆင်သင့်တွေ့ရငြားသော်လည်း တရားမှန်မသိသော သူခိုးနှင့်သေသောက်ကြူးတို့၏ဆုံးရှုံးပုံကို ဥပမာတင်စားထားလေသည်။ လောကုတ္တရာတန်ခိုးကို ကျွန်ုပ်တို့၏ ဉာဏ်ပေကြိုးကလေးဖြင့် တိုင်းကြည့်ရိပ်မိနိုင်ရန် ကျွန်ုပ်တို့၏ကိုယ်ခံအသိတရားကလေးရှိထားပါမှ တွေ့မြင်နိုင်ကြသည်။ ထိုသို့သော အသိတရားကလေးရှိလောက်အောင်မှာမူ ကိုယ်ကျင့်အလေ့အထုံများက အရင်းတည်ကြရလေသည်။ ထိုအလေ့အထုံကို ပါရမီဟုခေါ်ကြသည်။ စာကောင်းပေကောင်းကိုဖတ်ခြင်း၊ ပညာရှိသူတော်ကောင်းကို ပေါင်းသင်းဆည်းကပ်ခြင်းတို့ရှိလျှင် အသိတရားကလေးများ ၀င်စားနိုင်လေသည်။ ထိုအခါအားကိုးလောက်သော တရားအစစ်ကို ကိုယ်တိုင်တွေ့လျှင် ကိုယ်တိုင်ဆင်ခြင်၍ အကျိုးတရားများတိုးပွားများနိုင်လေသည်။ ထိုအရည်အချင်းမှကင်းကွာလျှင်ကား သေရည်သမားနှင့်ခိုးသားကဲ့သို့ လောကုတ္တရာရတနာပိုင်ရှင်မြင်တွေ့လျက်နှင့် ကျော်လွှားသွားလိမ့်မည်ဟု ယုံမှားဖွယ်ရာမရှိချေ။

ထိုအကြောင်းကိုရည်ရွယ်၍ မန်လည်ဆရာတော်ဘုရားကြီးက ဤသို့ဆို၏။
``ရတနာဟူတုံ၊ တစ်စုံတစ်ခု၊ ၀တ္ထုအမျိုး၊ အဖိုးနဂ္ဃပြည့်၊ ပြည်တန်မှည့်လည်း၊ သုံးမည့်သူက၊ သုံးမကျလျှင်၊ မြေမှထင်စွာ၊ ကြက်ယက်ရာ၌၊ ရတနာပတ္တမြား၊ ပေါ်သော့လားသို့၊ သုံးစားမထင်၊ ဘဲမထင်ဘူး။´´(မဃဒေ၀လင်္ကာ)

လောကီဉာဏ်သိပ္ပံပညာကလေး ၀ိုးတ၀ါးဖြင့် ဘုရားသံဃာများကို ယုံမှားသင်္ကာစစ်ဆေးစူးစမ်းနေခြင်းကြောင့် ကိုယ်ကျိုးဆုတ်ယုတ်တတ်လေသည်။ အထူးသဖြင့် တရားပြဆရာ၊ ကမ္မဋ္ဌာန်းဆရာတို့ကား လောကီသမားပညာတတ်အသိုင်းအ၀ိုင်း၏ ယုံကြည်လေးစားမှုကို ခံယူကြရန်ခဲယဉ်းလှတော့၏။ ပျောက်စေဆရာ၊ မှော်ဆရာ၊ ဂိုဏ်းဆရာ၊ အယောင်ဆောင်ဆရာ၊ ကိုယ်ကျင့်ပျက်နေသော တောင်ပို့ဆရာများအကြားတွင် သောကောရောကော အထင်သေးခံရတတ်သည်။

ဤသို့အထင်သေးမှုကြောင့် တကယ့်ဆရာမှာ ဆုံးရှုံးနစ်နာမှုမရှိ၊ မိမိမှာသာ ရလတ္တံ့သောလာဘ်ကြီးရတနာများနှင့် လွဲချော်တတ်ကြောင်း သတိပြုစရာကောင်း၏။

ကျွန်ုပ်၏ဦးလေးတော်သူ တရားသမားတစ်ဦးက ဤသို့ပြောဖူးလေသည်။

``အေး လူကိုမယုံတတ်တဲ့အကျင့်ဟာ မင်းတို့အဖို့ လူလိမ်ခံရခြင်းမှလည်း လွတ်နိုင်တယ်။ တကယ့်အစစ်နဲ့လည်း လွဲနိုင်တယ်´´ဟူသတည်း။

သုခ
ရာမာခရစ်ရှနား၏သုတ္တန်ပုံပြင်များ

#ဓမ္မပန်းခင်း