Tuesday, November 8, 2016

သူငယ်ချင်းဆိုတာ

သူငယ်ချင်းဆိုတာ

 သူငယ်ချင်းဆိုတာ ဘာလဲလို့မေးရင် စာမှာ ဒီလိုဖွင့်
ထားပါတယ်။

  “  သုခဒုက္ခံ သဟ အာယန္တိ သဟာယကော၊  အဓိ
ပ္ပါယ်ကတော့   ချမ်းသာဆင်းရဲကို အတူတကွ ခံစား
တတ်သောကြောင့် သူငယ်ချင်းပါတဲ့။ သူငယ်ချင်းရဲ့
ပါဠိကသဟယကပါ။

မကြာသေးခင်က မိမိတို့ရိပ်သာကို သုံးဆယ်စွန်းစွန်း
ဆရာဝန်နှစ်ယောက်ရောက်လာပါတယ်။
တစ်ယောက်က တရားဝင်ဖို့၊  တစ်ယောက်ကတော့
အဖော်အာမခံအဖြစ်လိုက်လာတာပါ။ အဖော်အာမခံ
အဖြစ် လိုက်လာတဲ့ ဆရာဝန်က    ကျောင်းတိုက်နဲ့
ဆက်စပ်သလို၊ တရားရိပ်သာကိုဝင်မယ့်ဆရာဝန်က
လည်း ဆရာတော်အရှင်ဆန္ဒာဓိကနဲ့ ဆက်စပ်နေပြန်
ပါတယ်။ ဒီတော့ မိမိကလည်းထိုက်သင့်သလောက်
ကူညီရုံပေါ့။ ကူညီတယ်ဆိုတော့လည်း ထူးပြီးတော့
မကူညီမိပါဘူး။ နှုတ်အားဖြင့်ပြောပြရုံပါ။ မိမိစိတ်ဝင်
စားတာက အဖော်အဖြစ်လိုက်လာတဲ့ ဆရာဝန်ကိုပါ။  
အဲဒီဆရာဝန်က     ရောက်တဲ့နေ့မှာ သူ့ သူငယ်ချင်း
ဆရာဝန်အတွက် ကိုယ်တိုင်အိပ်ယာခင်းပေး ကိုယ်
တိုင်ခြင်ထောင် ထောင်ပေး၊ ပါလာတဲ့ပစ္စည်းတွေကို
သင့်တော်သလိုထားပေးရင်း သူ့သူငယ်ချင်းကို အား
ပေးစကားတွေတွင်တွင်ပြောနေပြန်ပါတယ်။ ပြန်ကာ
နီးတော့    မိမိကိုလည်း သူ့ သူငယ်ချင်းက တစ်ခါမှ
တရားမ၀င်ဖူးသေးလို့ ဂရုစိုက်ဖို့မှာပြန်ပါတယ်။
တရားဝင်နေတဲ့ တခြားရက်တွေမှာလည်း မကြာခဏ
လာပြီးလိုအပ်တာတွေလုပ်ပေးလေ့ရှိပါတယ်။
သူ့ရည်းစားတောင်ဒီလောက် ဂရုစိုက်ပါ့မလားလို့ ကြံ
ကြံဖန်ဖန်တွေးမိပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ကံသုံးပါးအမှုအရာလေးတွေဟာ
မြင်နေရသူမိမိအတွက်တော့ သူငယ်ချင်းဆိုတဲ့ အဓိ
ပ္ပါယ်ကို ဖွင့်ပြသလို ခံစားရပါတယ်။ စိတ်ထဲမှာလည်း
အဖော်အဖြစ်လိုက်ပို့တဲ့ဆရာဝန်ကိုတော်တော်လေး
ကြည်ညိုသွားမိပါတယ်။   ဟုတ်တယ်လေ။  တရား
အားမထုတ်ဖူးသေးတဲ့သူငယ်ချင်းကို ရိပ်သာရောက်
အောင်ပို့ပေးနိုင်တာဟာ နည်းတဲ့ သံယောဇဉ်၊ နည်း
တဲ့အသိဉာဏ်မှ မဟုတ်တာ။ သူငယ်ချင်းဆိုတာ ဒါ
မျိုးမှ၊ တခြားပစ္စည်းတွေနဲ့ ချီးမြှောက်တာထက် ဓမ္မနဲ့
ချီးမြှောက်တာဟာ အကောင်းဆုံး ချီးမြှောက်မှုပါ။
အဲဒီ ဆရာဝန် သူငယ်ချင်းနှစ်ယောက်ရဲ့ ကံသုံးပါး
အမှုအရာလေးတွေ ကြည့်ပြီးကြည်ညိုဖြစ်ရင်း အခု
ပြောပြမဲ့ဝတ္ထုလေးက အတွေးထဲပေါ်လာ တာပါ။

ဖြစ်စဉ်နှစ်ခုကို နှိုင်းယှဉ်တာတော့မဟုတ်ပါဘူး။ နှိုင်း
ယှဉ်ရအောင်ပုံသဏ္ဍာန်ချင်းလည်းမတူပါဘူး။ ဒါပေ
မဲ့ဖြစ်စဉ်နှစ်ခုလုံးက သူငယ်ချင်းဆိုတဲ့  အဓိပ္ပါယ်ကို
ဖွင့်ပြနေလို့ပါ။

ကဿပဘုရားရှင်လက်ထက်တော်က ဃဋိကာရလို့
အမည်ရတဲ့အိုးထိမ်းသည်တစ်ယောက်ရှိခဲ့ဖူးပါတယ်။
ဃဋိကာရရဲ့အချစ်ဆုံးသူငယ်ချင်းက ဇောတိပါလပါ။
ဃဋိကာရက ဇာတ်နိမ့်အမျိုး၊ ဇောတိပါလက ဇာတ်
မြင့်အမျိုး။ ဒါပေမဲ့ သူတို့နှစ်ယောက်အတော်ကို ချစ်
ကြတယ်လို့ ဆိုပါတယ်။

တစ်နေ့တော့ ဃဋိကာရက ဇောတိပါလကို ကဿပ
ဘုရားရှင်ကိုသွားဖူးဖို့ ခေါ်ပါတယ်။ ဒီတော့ဇောတိပါ
လက ဘယ်လိုပြန်ပြောသလဲဆိုတော့ “ဦးပြည့်ရဟန်း
ကိုဖူးလို့ ဘာအကျိုးရှိမှာလဲလို့”ပြန်ပြောပါတယ်။ ဇော
တိပါလရဲ့ စကားသံထဲမှာ ဇာတ်မြင့်ဆိုတဲ့ မာနသံက
အထင်းသားပေါ်နေပါတယ်။ ဃဋိကာရကသုံးကြိမ်သုံး
ခါ ခေါ်ပါတယ်။ ဇောတိပါလက သုံးကြိမ်သုံးခါ ငြင်းပါ
တယ်။

 ဇောတိပါလရဲ့ ငြင်းသံအဆုံးမှာ ဇဋိကာရက ရေချိုးဖို့
မြစ်ဆိပ်ကိုခေါ်ပြန်ပါတယ်။ဒီတစ်ခါမှာတော့ ဇောတိပါ
လ မငြင်းပါဘူး။   ဃဋိကာရ နောက်ကို ဖြောင့်ဖြောင့်
တန်းတန်း လိုက်ခဲ့ပါတယ်။

တကယ်တော့ ဃဋိကာရက ဇောတိပါလကို ပရိယာယ်
နဲ့ခေါ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆိပ်နဲ့ မြတ်စွာ
ဘုရားကျောင်းတော်နီးလို့ပါ။ ဃဋိကာရကမြစ်ဆိပ်ကို
ရောက်တော့    ဘုရားရှင်ဆီသွားဖူးဖို့  ထပ်ခေါ်ပြန်ပါ
တယ်။ ဇောတိပါလကတော့ ရှေ့နည်းအတိုင်း ငြင်းမြဲ
ပါပဲ။ ဒီတော့   ဃဋိကာရက ဇောတိပါလရဲ့ ခါးပုံစကို
ကိုင်ပြီး တောင်းတောင်းပန်ပန်နဲ့ ခေါ်ပြန်ပါတယ်။
ဇောတိပါလကတော့ ရှေးနည်းအတိုင်းငြင်းမြဲပါပဲ။

နောက်ဆုံးတော့ ဃဋိကာရက ဘာလုပ်လိုက်သလဲဆို
တော့ ဇောတိပါလရဲ့ဆံပင်ကိုကိုင်တဲ့ပြီး မြတ်စွာဘုရား
ဆီလိုက်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအချိန်မှာတော့
ဇောတိပါလလည်းတော်တော်လေး ထိတ်လန့်တုန်လှုပ်
သွားပါတယ်။  ဇောတိပါလက ဇာတ်မြင့်၊ ဃဋိကာရက
ဇာတ်နိမ့်၊ ဇာတ်နိမ့်သူက ဇာတ်မြင့်သူရဲ့ဆံပင်ကိုကိုင်ခဲ့
ရင် သူတို့ခေတ်က ဥပဒေအရ သေဒဏ်ပါ။ ဒီတော့ဇော
တိပါလက ဘယ်လို စဉ်းစားသလဲဆိုတော့ “သူငယ်ချင်း
ဃဋိကာရဟာ သေဒဏ်ကိုမမှုပဲ ငါ့ရဲ့  ဆံပင်ကိုကိုင်ပြီး
သူ့ဆရာ ဘုရားရှင်ဆီလိုက်ခဲ့ဖို့ခေါ်တယ်။ ဒီအပြုအမှု
ဟာ ငါ့အပေါ်အတော်ချစ်လို့ဖြစ်မယ်။ ပြီးတော့ တစ်စုံ
တစ်ခုသော အကျိုးကိုလိုလားလို့ဖြစ်မယ်ထင်တယ်။
ဘာပဲပြောပြော သူ့စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့
လိုက်သွားမှပဲ”လို့စဉ်းစားပါသတဲ့။ ပြီးတော့ “သူငယ်ချင်း
ဃဋိကာရ ဆံပင်ကိုင်တဲ့အထိတောင် သင့်ဆရာကိုဖူးမြင်
စေလိုသလား” လို့ပြန်မေးလိုက်ပါတယ်။   ဃဋိကာရက
လည်း “ ဟုတ်ပါတယ် သူငယ်ချင်းရယ် ”လို့ ပြောပြီးဇော
တိပါလကို ဘုရားရှင်ဆီပို့ပေးဖို့စီစဉ်ပါတယ်။

ဒီနေရာမှာပြောချင်တာက ဇောတိပါလရဲ့အတွေးတွေပါ။
သူငယ်ချင်းဆိုတဲ့အသိကို မေ့ပြီးဇာတ်နိမ့် ဇာတ်မြင့် ဥပ
ဒေဆီကိုသာ တွေးလိုက်ရင်ပွဲကတစ်မျိုးတစ်မည်ပြောင်း
ပြီး အကျဉ်းတန်သွား နိုင်ပါတယ်။ ဒါပေမဲ့ သူတို့တစ်တွေ
ဟာ တကယ့် သူငယ်ချင်းတွေ ဖြစ်တာကြောင့်  ပွဲက အ
ကျည်းတန်မသွားဘဲ အလှပဆုံးပွဲလေးတစ်ပွဲဖြစ်သွားတာ
ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဇောတိပါလက မြတ်စွာဘုရား
ဆီရောက်သွားခဲ့လို့ပါ။

ပြီးတော့ ပိုပြီးတော့  အံ့သြဖို့ကောင်းတာက ဇာတ်ပေါင်း
ခန်းကြည့်လိုက်တော့မြတ်စွာဘုရားဆီသွားဖို့အကြောက်
အကန်ငြင်းနေခဲ့တဲ့ ဇောတိပါလဟာ တခြားသူ ဟုတ်ရိုး
လား၊ မိမိတို့ရဲ့ဂေါတမဘုရားလောင်းဖြစ်နေလို့ပါပဲ။

   ဘာပဲပြောပြော ကိုယ်ချစ်တဲ့ သူငယ်ချင်း တစ်ယောက်
ယောက် ဂမ္ဘီရယောင်ယောင်၊ ဓာတ်ယောင်ယောင်၊ နတ်
ယောင်ယောင်၊ တောလိုလိုတောင်လိုလို ဆရာဆီရောက်
ပြီး ဘာသာရေးလမ်းကြောင်းချော်နေလို့ တည့်မတ်ပေးရ
တဲ့အရေး အင်တင်တင် လုပ်နေခဲ့ရင်တော့ ဃဋိကာရထုံး
နှလုံးမူပြီး နာရင်းအုပ်သင့်ရင် အုပ်လိုက်ဖို့ပါပဲလေ။

ရဝေနွယ်(အင်းမ)
ကျမ်းကိုး
မဇ္ဈိမပဏ္ဏာသပါဠိတော်-ဃဋိကာရသုတ်

အင်တာဗျူးဂျာနယ်

No comments:

Post a Comment