Thursday, November 10, 2016

ဘ၀၀ဋ်ကြွေးဆပ်နည်း

သတိလေးထားနေရုံဘဲ။
စိတ်ကို အတင်းထိန်းလည်းမထားနဲ့။း တောင့်လည်းမထားနဲ့။ ချုပ်မထားနဲ့။ အလိုက်သင့်
အလျားသင့်ကလေးနေပြီး ဖြစ်တာကိုဖြစ်တဲ့အတိုင်း သိနေရုံပဲ။ သူ့သဘာဝအတိုင်း
ဖြစ်နေတာကို သတိကလေးထားနေရုံပါပဲ။ ပေါ်အောင်လည်းမလုပ်နဲ့ ပျောက်အောင်လည်း
မလုပ်နဲ့။ သူ့သဘာဝအတိုင်းဖြစ်တာလေးကို ဖြစ်တဲ့အတိုင်းသိနေပါ။ ချုပ်မရှုနဲ့။
လုပ်မရှုနဲ့။ သူ့သဘာဝအတိုင်းဖြစ်နေတာကို သိနေဖို့ဘဲ။ သတိရှိနေဖို့ဘဲ။
ကိုယ်မှာဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာဖြစ်တိုင်းဖြစ်တိုင်း၊ ကိုယ်ရောစိတ်ရောသိမှ။ အဲဒီလို
သိနေဖို့က သွားတိုင်းလာတိုင်း စားတိုင်းသောက်တိုင်း မြင်တိုင်းကြားတိုင်း သတိ
ရှိနေရတယ်။ ရှေ့သတိနဲ့နောက်သတိ၊ ရှေ့သမာဓိနဲ့နောက်သမာဓိ၊ ရှေ့အသိနဲ့
နောက်အသိ ဆက်စပ်နေရမယ်။

သိက္ခာသုံးပါးဖြည့်ကျင့်ခြင်း
ဘာပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး သတိထား။ ကိုယ်မှာဖြစ်တိုင်းဖြစ်တိုင်း
စိတ်မှာဖြစ်တိုင်းဖြစ်တိုင်း သတိထား။
အစမှာတော့ နှာသီးဖျားမှာ သတိထား၊ ထွက်တိုင်းသိ ၀င်တိုင်းသိ၊ တိုးပြီးဝင်သွားတာ
သိနေ၊ တိုးပြီးတိုးထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။ အမှန်သိမှုဉာဏ်ကုသိုလ်
တွေ ဖြစ်သွားမယ်။ ဖြစ်တာကိုဖြစ်တဲ့အတိုင်းသိနေတာဟာ ၀ိပဿနာပဲ။
ဖြစ်အောင်လည်းမလုပ်ရ၊ ပျက်အောင်လည်း မလုပ်ရဘူး။ အဲလိုဖြစ်တိုင်းဖြစ်တိုင်း
သိရုံမျှ သိပေးနေရုံပဲ။ အဲဒီလိုသိနေတဲ့အတွက် သီလသိက္ခာတွေလည်း လုံခြုံပြီး
နေတယ်။ သတိရှိနေတဲ့အတွက် သမာဓိသိက္ခာလည်း ညီညွှတ်မျှတနေတယ်။
သတိရှိနေတဲ့အတွက် ပညာသိက္ခာသိစရာတွေကို အမှန်အတိုင်းပိုင်းခြားပြီး
သိနေတယ်။ သတိထားလိုက်တိုင်း သိက္ခာသုံးပါးဖြည့်ကျင့်ပြီးသား ဖြစ်သွားတယ်။
သိက္ခာသုံးပါးရှိတဲ့ပုဂ္ဂိုလ်ဟာ လူနတ်ဦးခိုက်ပူဇော်ထိုက်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်
ဖြစ်သွားတယ်။

စိတ်ပျံ့လွင့်သော်
စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့။ ပျံ့လွင့်ရင်ပျံ့လွင့်နေမှန်းသိဖို့ဘဲ။
စိတ်မငြိမ်တာကို မငြိမ်မှန်းသိဖို့ စိတ်ပြေးရင်ပြေးမှန်း တွေးနေရင်တွေးမှန်း
စိတ်ကူးရင်စိတ်ကူးမှန်း ကြံရင်ကြံမှန်း သိနေရုံဘဲ။ သိရင်တော်ပြီ။ တည်ငြိမ်အောင်
လုပ်တာမဟုတ်ဘူး။ တည်ငြိမ်လို့ကောင်းလို့ သဘောကျနေရင်လည်း မဟုတ်သေးဘူး။
တည်တာကိုကောင်းတယ်ထင်ပြီးတော့လည်း မစွဲလမ်းရဘူး။ ပျံ့လွင့်တာကိုမကောင်းဘူး
ထင်ပြီးတော့လည်း စိတ်မပျက်ရဘူး။ သိနေဖို့ဘဲ။ ကောင်းကောင်းမကောင်းကောင်း
တည်တာကိုလည်းသိ မတည်တာကိုလည်း သိရမယ်။

ဖြူအောင်စိတ်ကိုထား
တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးကို ပ၀ါဖြူလေးလို ဖြူစင်သန့်ရှင်းအောင်
လုပ်နေတာပါ။ စိတ်ကိုကိလေသာတွေနဲ့ မပေါင်းမိအောင် စိတ်ကိုပူလောင်စေတတ်
ညစ်နွမ်းစေတတ် နှိပ်စက်ညှင်းပန်းတတ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ
တွေနဲ့ မပေါင်းမိအောင် စင်ကြယ်သန့်ရှင်းတဲ့ စိတ်ကလေးအမြဲဖြစ်နေအောင်
သတိကလေးထားပြီး အမြဲနေရမှာ။

ဝီရိယဆိုတာ
မဖြစ်သေးတဲ့စိတ်ညစ်နွမ်းမှုတွေ မဖြစ်အောင်။
ဖြစ်ပြီးသား စိတ်ညစ်နွမ်းမှုတွေ ပပျောက်သွားအောင်။
မဖြစ်သေးတဲ့ စိတ်ကောင်းစိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်။
ဖြစ်ပြီးသား စိတ်ကောင်းစိတ်မြတ်တွေ တိုးပွားလာအောင် ၀ီရိယက
သူ့အလုပ်သူလုပ်နေမှာပါ။

ဆင်းရဲခြင်းနှင့်ချမ်းသာခြင်း
လူတွေဆင်းရဲဒုက္ခရောက်ရတာကိုကြည့်ရင် မကောင်းတဲ့စိတ်တွေကြောင့်
မကောင်းတာတွေပြု၊ မကောင်းတာတွေပြော၊ မကောင်းတာတွေကြံပြီး ဆင်းရဲဒုက္ခရောက်ကြတယ်။
ကောင်းတဲ့စိတ်တွေကြောင့် ကောင်းတာတွေပြုမယ်၊ ကောင်းတာတွေပြောမယ်၊ ကြံမယ်ဆိုရင် ကောင်းကျိုးချမ်းသာမင်္ဂလာတွေ ပြည့်စုံကြရမှာပါ။

ရောဂါနဲ့ဝေဒနာ
ရောဂါနဲ့ဝေဒနာကွဲအောင်ကြည့်ပါ။ ကိုယ်ထဲမှာ နာတာ ကျင်တာ ကိုက်တာ ခဲတာ အဲဒါကရောဂါ။
အဲဒီ ကိုယ့်အနာရောဂါကိုအကြောင်းပြုပြီးတော့ စိတ်ထဲမှာမခံသာတာက ဝေဒနာ(ခံစားချက်)။
ဖောက်ပြန်နေတဲ့ရောဂါကိုချည်းသွားကြည့်နေရင် သိပ်အခံရခက်တယ်။ စိတ်ထဲမှာ မခံသာတဲ့ဝေဒနာ
(ခံစားချက်)ကိုကြည့်ပေးပါ။ မခံသာတဲ့ ဝေဒနာကသပ်သပ် ရောဂါကသပ်သပ်။ မခံသာတဲ့စိတ်ကို
ရှု့ကြည့်နေရင် ကိုယ်မှာနာနေတာနဲ့ မဆိုင်တော့ဘူး။ မခံသာတဲ့စိတ်ကို ရှု့ကြည့်နေရင် ကိုယ်မှာ
နာနေတာနဲ့မဆိုင်တော့ဘူး။ သူများဖြစ်နေတာလေးကို ကြည့်နေရသလို ဆရာဝန်ကလူမမာကိုကြည့်
ရသလို ကိုယ်ပါရောမနာတော့ဘူး။ ကိုယ်နာတာချည်းသွားကြည့်နေရင် ကိုယ်ရောစိတ်ပါရောနာသွားတယ်။
မခံနိုင်ဘူး။ ပြင်ချင်တယ်၊ ပြောင်းချင်တယ်။ အဲဒီစိတ်ကလေးကို သိပေးပါ။ ပျောက်ချင်စိတ်ဖြစ်နေရင်လည်း
အဲဒီစိတ်ကလေးကိုပဲ သတိထားကြည့် မကျေနပ်စိတ်ဖြစ်ရင်လည်း ကြည့်ပေးသိပေးပါ။

သက်သက်သာသာအေးအေးချမ်းချမ်း
ကိုယ်နိုင်သလောက်လေးလုပ်ပါ။ မနိုင်ရင်ပြောင်းလို့ပြင်လို့ရပါတယ်။ သက်သက်အပင်ပန်းခံပြီး မလုပ်ရပါဘူး။
သည်းခံနိုင်သလောက်လည်း သည်းခံပါ။ သိပ်နာကျင်ခံခက်မှုဖြစ်နေရင် နာတာကြီးကိုအာရုံမပြုပဲ အဲဒီ
နာကျင်ခံခက်မှုကြောင့် စိတ်ထဲမှာ မခံချင်တဲ့ခံစားချက်ကို အာရုံပြုပေးပါ။ ရှု့ပေးပါ။
မကောင်းတဲ့ခံစားချက်ကလေးကို သတိထားပြီးရှု့ပေးပါ။ မတတ်နိုင်ရင်တော်လို့ ရပါတယ်။ စိတ်ထဲမှာတော့
အကုသိုလ်မဖြစ်ပါစေနဲ့။ ကုသိုလ်ဆိုတာစိတ်ကလေး အေးအေးချမ်းချမ်းကြည်ကြည်လင်လင် သက်သက်
သာသာပါပဲ။ ဘာမှမပူလောင်ပါဘူး။

နာတာနဲ့ကိုယ်နဲ့မရောစေနဲ့
နာတာကသပ်သပ်၊ ကိုယ်ကသပ်သပ်၊ ကိုက်တာခဲတာကသပ်သပ်၊ ကိုယ်ကသပ်သပ်၊ အဲဒီလိုသပ်သပ်စီမှန်း
သိအောင်ကြည့်ရပါတယ်။ တကယ်တော့ ကိုယ်ဆိုတာမရှိပါဘူး။ နာတဲ့သဘောတရား ဖောက်ပြန်မှုမျှပဲရှိတယ်။

ဝေဒနာကုန်မကုန်
ရုပ်ရှိရင်ရောဂါရှိတယ်။ စိတ်ရှိရင်ဝေဒနာရှိတယ်။ ရောဂါကိုအမြစ်ပြတ်ရှင်းလို့မရပါဘူး။
ရုပ်ရှိသမျှရောဂါအမြဲရှိနေမှာပဲ။ စိတ်ရှိသမျှဝေဒနာအမြဲရှိနေမှာပဲ။
ဒါပေမယ့်ကိုယ်သာနာစေ စိတ်မနာစေနဲ့။ စိတ်မနာအောင်ကျင့်ရမယ်။
စိတ်မနာအောင်အစွဲကင်းဖို့ပါပဲ။ ငါ့ခြေထောက်ကနာတယ်။ င့ါကျောအောင့်တယ်ဆိုပြီး
အဲ့ဒီအစွဲကြောင့်မခံချင်ဘူး ပြောင်းချင်ပြင်ချင်တယ်။ မခံချင်တဲ့စိတ်၊ ပြောင်းချင်တဲ့စိတ်ကလေး
အဲဒီနာမ်သဘောတရားလေးကို ဖြစ်တိုင်းဖြစ်တိုင်းလိုက်သိသိပေးပါ။

ဘ၀၀ဋ်ကြွေးဆပ်တဲ့နေရာမှာတော့ သတိနဲ့နေပြီးဆပ်တဲ့နည်းပဲရှိတယ်။ တခြားနည်းလမ်းမရှိပါဘူး။

ရွှေဥမင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment