Sunday, November 27, 2016

"တရားထိုင်တဲ့အခါ အနေအထား ပြင်သင့်မပြင်သင့်"

မေး-
တစ်ခြားသောရိပ်သာတွေမှာ တပည့်တော်တို့ တရားထိုင်တဲ့အခါမှာ
တင်ပလ္လင်ခွေထိုင်ပြီးတော့မှ မရွှေ့မပြင်တော့ပဲနဲ့ ဝေဒနာကိုတိုက်ရမယ်ဆိုပြီး အတင်းခံခိုင်းပါတယ်ဘုရား..
အခုတပည့်တော်တို့ဆီမှာ(ဖားအောက်တောရမှာ)ကျတော့ ပြင်ထိုင်ခွင့်ပေးပါတယ်..
သူတို့ဝေဒနာ တိုက်တယ်ဆိုတဲ့နေရာမှာ ဝေဒနာနုပဿနာဟုတ်မဟုတ် သိလိုပါတယ်ဘုရား?..

ဖြေ-
ဒါကတော့ (ပါဠိ)ဆိုပြီးတော့ မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာမှာ အဋ္ဌကထာဆရာတော်များက ပြည့်ပြည့်စုံစုံလေး ဖွင့်ဆိုထားပါတယ်နော့်..

ကွေးသင့်တဲ့အချိန်အခါမှာ ကွေးပေးရတယ်..
ဆန့်သင့်တဲ့အချိန်အခါမှာ ဆန့်ပေးရတယ်..
အဲဒီလို ကွေးသင့်တဲ့အချိန်အခါမှာ ကွေးပေးတဲ့ ယောဂစရဝပုဂ္ဂိုလ်ရဲ့သဏ္ဍာန်မှာ
ဆန့်သင့်တဲ့အချိန်အခါမှာ ဆန့်ပေးတဲ့ ယောဂစရဝပုဂ္ဂိုလ်ရဲ့သဏ္ဍာန်မှာ
ခဏတိုင်းခဏတိုင်းမှာ ဆင်းရဲတဲ့ဝေဒနာတွေဟာ ဖြစ်ပေါ်မလာစေဘူး..
ဖြစ်ပေါ်မလာတဲ့အတွက် ဘာဖြစ်လဲ..
စိတ္တဧကံဟောန္တိ စိတ်က တည်ကြည်သွားမယ်..
စိတ်က တည်ကြည်သွားတဲ့အတွက် ကမ္မဋ္ဌာန်းသည် တိုးတက်စည်ပင်ကြီးပွားသွားနိုင်ပါတယ် ဆိုပြီး
အဋ္ဌကထာက ရှင်းထားပါတယ်..

သို့သော် ကွေးသင့်တဲ့အချိန်အခါမှာ မကွေးဘူး..
ဆန့်သင့်တဲ့အချိန်အခါမှာ မဆန့်ဘူး အဲဒီပုဂ္ဂိုလ်ရဲ့ သဏ္ဍာန်မှာ
ခဏတိုင်း ခဏတိုင်းမှာ ဆင်းရဲတဲ့ ဒုက္ခဝေဒနာ ဒဏ်ချက်က နှိပ်စက်နေတဲ့အတွက် စိတ်ဓာတ်တည်ကြည်မှုသမာဓိကို မရနိုင်တဲ့အတွက် ကမ္မဋ္ဌာန်းမှာ ဆုတ်ယုတ်ပျက်စီးသွားနိုင်တယ်လို့ ဒီလို မဟာသတိပဋ္ဌာန် အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်..

အဲဒီလို ဖွင့်ဆိုထားတဲ့အတွက်ကြောင့် ယောဂီပုဂ္ဂိုလ်အများစုကို သင်ပေးတဲ့အပိုင်းမှာ မိမိတို့ရှုပွားသုံးသပ်နေတဲ့ အာနာပါန ပဋိဘာဂနမိတ်ကဲ့သို့သော အာရုံအပေါ်မှာ ဘဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်အောင် ကြိုးစားနေတဲ့အပိုင်းမှာ ကြိုးစားနေတဲ့သမာဓိက ဒီဆင်းရဲတဲ့ ဒုက္ခဝေဒနာကြောင့် တည်တံ့မှုမရှိဘူး ပျက်စီးမှုဖြစ်နေတယ်ဆိုရင်တော့ ပြင်ပါလို့ ဒီလိုခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်..

အာနာပါန ပဋိဘာဂနမိတ် မပေါ်ခင်မှာလည်း ယောဂီပုဂ္ဂိုလ်က ဒီဆင်းရဲတဲ့ ဒုက္ခဝေဒနာက မိမိရဲ့ဝင်လေထွက်လေ ပကတိသောဝင်လေထွက်လေအာရုံပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်စွာကပ်ပြီး တည်အောင်ကြိုးစားတဲ့အပိုင်းမှာ သမာဓိက မတည်နိုင်ဖြစ်နေလို့ အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့လည်း ပြင်ခွင့်ပေးလိုက်ပါတယ်နော့်..

ပြင်တဲ့အခါမှာလည်း ဝင်လေထွက်လေကိုပဲ ရှုနေပါ..
ပြင်ပြီးတဲ့အခါမှာလည်း ဝင်လေထွက်လေကိုပဲ ရှုပွားသုံးသပ်နေပါဆိုပြီး ဒီလိုပဲသင်ပေးလိုက်ပါတယ်..။

" ဖားအောက်တောရဆရာတော် "

ဤဓမ္မဒါနကိုဝေမျှရသောကုသိုလ်ကြောင့်နိဗ္ဗာန်အတွက်
ကြီးစွာသောအထောက်အပံ့ဖြစ်ပါရစေ . . . . . ။

မေတ္တာဖြင့်ဓမ္မဒါနဝေမျှသူ
အတိတ်တစ်ခုရဲဒိုင်ယာရီ

No comments:

Post a Comment