ဒေသနာတော်
ပန်းပုံကြီးအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးသကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည်ဥစ္စာ သဒ္ဓါတည်း ဟူသော
အစုအပုံအတွင်းမှ များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရာ၏။ သာဝတ္ထိမြို့တော်၊ ပုဗ္ဗာရုံ ကျောင်းအမကြီး ၀ိသာခါကို
အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။
ဝိသာခါသည်ကား ဗိမ္ဗိသာရမင်းကြီး၏ ပိုင်နက်ဖြစ်သော အင်္ဂတိုင်းဘဒ္ဒိယမြို့မှ မေဏ္ဍက သူဌေးကြီး၏သား ဓနဉ္စယသူဌေးနှင့်
သူဌေးကတော် သုမနဒေ၀ီတို့မှ ပေါက်ဖွားသော သမီးရတနာဖြစ်၏။ ဗိမ္ဗိသာရမင်းကြီး၏ ပိုင်နက်အတွင်းမှာပင် ဇောတိက ဇဋိလ၊
ပုဏ္ဏကနှင့် ကာက၀လိယဟူသော အခြားသူဌေးကြီးများလည်း ရှိကြပေသေးသည်။
တရံရောအခါဘုရားရှင်သည် မေဏ္ဍကသူဌေးကြီးနေထိုင်ရာ ဘဒ္ဒိယမြို့သို့ ကြွရောက်တော်မူ၏။ မေဏ္ဍကသူဌေးကြီးသည်
ခုနှစ်နှစ်သမီးမျှသာရှိသေးသောမြေးဖြစ်သူ ၀ိသာခါကို ကျွန်မငါးရာနှင့်တကွရထား ငါးရာဖြင့်ဘုရားရှင်ထံစေလွှတ်လိုက်၏။
ဝိသာခါသည် ဘုရားရှင်နှင့် မနီးမဝေးသို့ ရောက်သောအခါ ရထားမှ ဆင်းသက်၍ ဘုရားရှင်ထံသို့ ခြေလျင်လျှောက်သွားပြီး
လျှင် ရိုသေစွာ ရှိခိုးဦးချ၏။ ဘုရားရှင်က ၀ိသာခါ၏စိတ်ဓာတ်စရိုက်နှင့် သင့်လျော်သော တရားတော်ကို ဟောကြားမူလေရာ
ဝိသာခါသည်ကျွန်မငါးရာနှင့်အတူသောတာပတ္တိဖိုလ်၌တည်၏။ မေဏ္ဍကသူဌေးကြီးလည်း ဘုရားရှင်ထံမှ တရားနာရသဖြင့်
သောတာပတ္တိဖိုလ်၌ တည်ပြီးသော ဘုရားရှင်နှင့်တကွ သံဃာတော်များကို အိမ်သို့ပင့်ကာ ဆယ့်ငါးရက်တိုင်တိုင် အလှူကြီး
ပေးလေသည်။
မာဂဓတိုင်းအရှင် ဗိမ္ဗိသာရမင်းကြီးနှင့် ကောသလတိုင်း အရှင်ပေဿနဒိကောသလမင်းကြီးတို့သည် သမီးယောက်ဖအပြန်အလှန်
တော်စပ်သူများဖြစ်ကြ၏။ ဗိမ္ဗိသာရမင်းကြီး၏နိုင်ငံတော်အတွင်း၌ စည်းစိမ်ဥစ္စာ မရေမတွက်နိုင်လောက်အောင် ပေါများသော
သူဌေးကြီး ငါးဦးရှိနေသော်လည်း ကောသလမင်းကြီး၏ နိုင်ငံတွင်ကား တယောက်မျှမရှိပေ။ တနေ့သ၌ကောသလမင်းကြီးလာ
ရောက်ကာ မိမိနိုင်ငံသို့သူဌေးကြီး တစ်ဦးဦးကိုပေးပါရန် တောင်းဆို၏။ ဗိမ္ဗိသာရမင်းကြီးသည် ဆွေအားမျိုးအား တောင့်တင်းလှ
သော သူဌေးကြီးများကိုပေးလိုက်ရန် အခက်အခဲရှိနေသဖြင့် မေဏ္ဍက သူဌေးကြီး၏သား ဓနဉ္စယသူဌေးကို ပြောဆိုဖျောင်းဖျ၍
ကောသလတိုင်းသို့ထည့်ပေးလိုက်၏။
ဓနဉ္စယသူဌေးသည် ကောသလမင်းကြီးနှင့် အတူလိုက်ပါသွားလေရာ သာဝတ္ထိမြို့တော်မှခုနစ်ယူဇနာဝေးသော အရပ်သို့
ရောက်သောအခါ မိမိမှာ အခြွေအရံများလှသဖြင့် ဤနေရာမှာပင် မြို့တည်၍ နေခွင့်ပြုပါရန် ကောသလမင်းကြီးအား ပန်ကြား၏။
ကောသလမင်းကြီးက ခွင့်ပြု၍ မြို့တည်လေရာ ကိုယ်တိုင်သဘောကျ မြို့တည်လေရာ ကိုယ်တိုင်သဘောကျ မြို့နေရာယူခြင်းကို
အကြောင်းပြု၍ ထိုမြို့သည် သာကေတမြို့ဟု အမည်တွင်လေသည်။ သာဝတ္ထိမြို့တော်မှ မိဂါရသူဌေးကြီးသည် မိမိသားပုဏ္ဏ၀ထန
အတွက် ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော ဇနီးလောင်းကို ရှာဖွေရန် ပုဏ္ဏားရှစ်ယောက်တို့အား ရွှေပန်းကုံးနှင့်တကွ ဥစ္စာများပေး
အပ်၍ စေလွှတ်လိုက်၏။
ပုဏ္ဏားရှစ်ယောက်တို့သည် ကောင်းခြင်းငါဖြာနှင့် ပြည့်စုံသော သတို့သမီးကို ရှာမရကြသဖြင့် နောက်ဆုံးစခန်းအဖြစ် သာကေတ
မြို့သို့ဝိသာခါသည် ကျွန်မငါးရာခြံရံလျက် ရေကစားရန်ထွက်လာလေရာ ပုဏ္ဏားတို့ရှိရာသို့ ရောက်လာ၏။ ထိုအချိန်၌ ၀ိသာခါသည်
တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ရောက်နေပြီဖြစ်ရာ ဆံပင်၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ အသား၏ကောင်းခြင်း၊ အရိုး၏ကောင်း
ခြင်းတည်းဟူသော ကောင်းခြင်း ငါးဖြာနှင့်ပြည့်စုံနေလေသည်။ ထိုတွင် ဆံပင်၏ကောင်းခြင်းဟူသည်မှာ ဆံပင်တို့သည် ဖြန့်ချထား
သောအခါ ခြေဖျားထိအောင်ရောက်လျက် ဥဒေါင်းမြီးကဲ့သို့ အဖျားကော့ထောင်နေခြင်းဖြစ်၍ အသား၏ကောင်းခြင်းဟူသည်မှာ နှုတ်ခမ်း
များနီရဲနေကာ အထက်နှင့်အောက် ထိစပ်နေခြင်းဖြစ်၏။ အရိုး၏ကောင်းခြင်း ဟူသည်မှာ သွားတို့သည်ခရုသင်းကဲ့သို့ ဖြူဖွေးနေကာ
တချောင်းနှင့်တချောင်းကျဲမနေဘဲ အသားညိုလျှင် ပြုပြင်လိမ်းခြယ်မှု ပြုမနေဘဲ အသားအရေပြေပြစ်ကာ ကြာညိုပန်းကဲ့သို့ ရှိနေခြင်း၊
အသားဖြူလျှင်ကား မဟာလှေကားပန်း ကဲ့သို့ ၀င်းဝါနေခြင်းဖြစ်၏။ အရွယ်၏ကောင်းခြင်းဟူသည်မှာ သားသမီးဆယ်ကြိမ်ဖွားပြီးသော်
လည်း တကြိမ်သာဖွားဖူးသူကဲ့သို့အရွယ်အဆင်း မယုတ်လျော့ခြင်း ဖြစ်၏။
ဝိသာခါနှင့် အခြွေအရံတို့ ရေချိုးဆိပ်သို့လာကြစဉ် မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့် အခြွေအရံတို့သည် ဇရပ်သို့ အလျင်အမြန်
ပြေးကြကုန်၏။ ၀ိသာခါသည်ကား ဖြည်းညင်းစွာသာသွားသဖြင့် အ၀တ်အစားများမိုးရွှဲကုန်၏။ ဇရပ်မှာ ထိုင်၍ကြည့်နေကြသော
ပုဏ္ဏားတို့သည် ၀ိသာခါ ကောင်းခြင်းလေးပါးကိုသာမြင်ကြရ၍ အရိုး၏ကောင်းခြင်းကို မမြင်ကြရသေးသဖြင့် “ငါတို့၏ သမီးကား
ပျင်းရိဟန်ရှိ၏။ဤ သမီး၏လင်ယောက်ျားသည် ပုန်းရည်ဟင်းကိုမျှ စားရမည်မထင်“ ဟု အချင်းအချင်းပြေသကဲ့သို့ ပြောဆိုကြ၏။
ထိုအခါ ၀ိသာခါက “အရှင်တို့၊ မည်သူ့ကို ဆိုကြပါသနည်း” ဟုမေး၏။ ၀ိသာခါမေးသံသည် ကြေးဖလားကို တီးခတ်သော အသံ
ကဲ့သို့ သာယာချိုလွင်ကာ ဖြူဖွေးညီညာသော သွားများကို တွေ့ကြရသဖြင့် ပုဏ္ဏားများက ကျေနပ်သွားကြ၍ “သမီး၊ သင့်ကို
ဆိုကြကုန်၏” ဟုဖြေကြလေသည်။
ထိုအခါ ၀ိသာခါက”အဘယ့်ကြောင့် ဆိုကြပါသနည်း”ဟုမေးမြန်ရ ပုဏ္ဏားများက “သင်၏ အခြွေအရံတို့သည် ဇရပ်သို့ အလျင်အမြန်
ပြေးလာကြသဖြင့် အ၀တ်အဆင်တို့ရေမစိုကုန်။ သင်သမီးမူကား ဖြည်းညင်းစွာ ၀င်လာသဖြင့် အ၀တ်အဆင်များ ရေရွှဲကုန်၏။
ထို့ကြောင့် ဆိုရခြင်း ဖြစ်ပါသည်”ဟုဖြေကြားကြသည်။
“ဖခင်တို့၊ ဤသို့ မဆိုကြ၏ကုန်လင့်။ ကျွန်မသည် ဤအခြွေအရံတို့ထက် ခွန်အားဗလကြီးပါ၏။ သို့ရာတွင် အဆောတလျင်
မသွားသင့်သောအကြောင်းများကို ဆင်ခြင်စဉ်းစား၍မပြေးသွားခြင်းဖြစ်ပါသည်။ လောက၌ပြေးသွား၍ မတင့်တယ်သူ လေးဦး
ရှိပါသည်။ အဘိသိတ်သွင်းပြီး၍ မင်းမြောက်တန်ဆာ ၀တ်ဆင်ထားသော မင်းသည် ပြေးသွား၍ မတင့်တယ်ပါ။ အဆင်တန်ဆာ
ဆင်ယင်ထားသော မင်း၏မင်္ဂလာဆင်တော်သည် ပြေးသွား၍မတင့်တယ်ပါ။ ရဟန်းသည်ပြေးသွား၍ မတင့်တယ်ပါ။ မိန်းမသည်
ပြေးသွား၍ မတင့်တယ်ပါ။
အခြားအကြောင်းတခုသော်ကား မိန်းမတို့သည် မိဘတို့က သေချာမွေးမြု၍ ထားကြရပါကုန်၏။ ဆောလျင်စွာ ပြေးသွား၍
ထဘီစကိုနင်းမိ၍ ဖြစ်စေ၊ ခြေချော်၍ဖြစ်စေ လဲပြိုသဖြင့် ခြေလက်အင်္ဂါတခုခု ကျိုးပဲ့သွားပါလျင် မည်သည့်အမျိုးသားကမှ
မယူချင်တော့ပါ။ မိဘဆွေမျိုးများကသာ အင်္ဂါချို့တဲ့သောသမီးကို ရာသက်ပန်ကျွေးမွေးစောင့်လျှောက်၍ ထားကြပါတော့
သည်။ ထိုအကြောင်းများကို ဆင်ခြင်၍ မပြေးသွားခြင်းဖြစ်ပါသည်” ဟု ဖြေဆိုလေသည်။
ဝိသာခါ၏စကားကို ပုဏ္ဏားများက နှစ်သက်ကာ ကောင်းခြင်းငါးဖြာကိုပါမြင်ကြရပြီဖြစ်၍ မိဂါရသူဌေးပေးလိုက်သော ရွှေပန်းကုံးကို
ဝိသာခါထံဆက်သကုန်၏။ ၀ိသာခါက သူတို့သား၏ အမည်နှင့်အမျိုးအနွယ်ကိုမေးမြန်းပြီးလျင် မိမိတို့နှင့် အမျိုးအနွယ်ချင်းတူနေ
သဖြင့် ရွှေပန်းကုံးကို လက်ခံလိုက်၏။ ထို့နောက် ဖခင်ထံသို့ ရထားလွှတ်လိုက်ရန် မှာကြားပြီးလျှင် ပုဏ္ဏားများနှင့်တကွ ရထား
စီး၍ အိမ်သို့ပြန်လာ၏။ ဖခင်ဓနဉ္စယ သူဌေးကလည်း သတို့သား၏အမည်နှင့် အမျိုးအနွယ်များကို မေးမြန်းပြီးလျှင် “သင်တို့
သူဌေးသည် မည်မျှကြွယ်ဝပါသနည်း” ဟုမေး၏။
ပုဏ္ဏားများက ကုဋေလေးဆယ်ကြွယ်ဝပါသည်” ဟုဖြေကြားသောအခါ “သူ၏ ဥစ္စာသည် ငါတို့ဥစ္စာနှင့်နှိုင်းစာသော် ရွေးစေ့မျှသာ
ရှိ၏။ သို့သော် သမီးအတွက် ထိန်းသိမ်းစောင့်ရှောက်မည့်သူရခြင်းသာ ပဓာနဖြစ်ပေသည်” ဟုဆိုကာ ဓနဉ္စယသူဌေးကလည်း
ကျေနပ်စွာ ခက်ခံလိုက်သည်။
ပုဏ္ဏားတို့ထံမှ ဤအကြောင်းကို ကြားသိသောအခါ မိဂါရသူဌေးသည် ကောသလမင်းကြီးထံသို့ တဆင့်လျှောက်တင်၏။
ကောသလမင်းကြီးက “ဤသူဌေးကို ငါကိုယ်တိုင် ဗိမ္ဗိသာရမင်းကြီးထံမှ တောင်းယူလာကာ သာကေတမြို့ကို တည်စေခဲ့၏။
ထိုသူဌေးအား အမြတ်တနိုးပြုသောအားဖြင့် သတို့သမီးတောင်းယူရာတွင် သွားသင့်၏။ “ ဟု မိန့်ကြားကာ မင်းကြီးကိုယ်တိုင်
လိုက်ပါလေ၏။
ဝိသာခါသည် ကောသလမင်းကြီး၊ မိဂါရသူဌေးနှင့်တကွ ရောက်လာသမျှသော မင်းသူဌေးပရိသပ်များအတွက် သင့်လျော်သော
တည်းအိမ်များစိစဉ်၍ ပေး၏။ ပါလာသမျှသော ဆင်များ၊ မြင်းများကိုလည်း သာဝတ္ထိမြို့တော်မှ လိုက်ပါလာသော မင်းမှုထမ်းများ
ကို မကျွေးစေပဲ မိမိ၏ကျေးကျွန်များကိုသာ အစာကျွေးရန် စေခိုင်း၏။ လိုက်ပါလာသမျှ ပရိတ်သက်အားလုံးကို မင်္ဂလာသဘင်
ဆင်ယင်ကျင်းပသည်ကို ကြည့်နိုင်ရန် ဖြစ်ပေသည်။
ထိုနေ့မှာပင် ဓနဉ္စယသူဌေးသည် ရွှေပန်းထိမ်သည် ငါးရာတို့ကိုခေါ်ပြီးလျှင် ရွှေစင်နိက္ခတ်တထောင်၊ ထိုရွှေစင်နှင့်လိုက်ဖက်နိုင်
သော ငွေ၊ပတ္တမြား၊ ပုလဲ သန္တာနှင့် စိန်တို့ကို ထုတ်ပေးကာ သမီးအတွက် မဟာလတာတန်ဆာကို ပြုလုပ်စေ၏။ မဟာလတာ
တန်ဆာပြုလုပ်နေဆဲဖြစ်၍ မင်္ဂလာပွဲ မကျင်းပနိုင်သေးပဲ စောင့်ဆိုင်း၍နေကြရ၏။ ကောသလမင်းကြီးနှင့်တကွ လာလာသမျှ
ပရိတ်သက်တို့အား စားဝတ်နေရေးမချို့တဲ့ရအောင် ကြီးကြပ်သူတို့က ဆောင်ရွက်ပေးရ၏။ သုံးလကျော်လာသောအခါ ထမင်း
ဟင်းချက်စရာ ထင်းများကုန်သွားသဖြင့် သာကေတမြို့တွင်မှ ဆင်တင်းကုပ်အို အိမ်အိုတို့ကို ဖျက်၍ထင်းဆိုက်ကြရ၏။
ဆယ့်ငါးရက်အကြာတွင် ထိုထင်းများကုန်ပြန်သော် အထည်ဂိုဒေါင်တို့ကို ဖွင့်ကာ အသားထူသော အထည်စများကို မီးစာကဲ့သို့
ကျစ်၍ ဆီစိမ်ပြီးလျှင် ဆယ့်ငါးရက်တိုင်တိုင် မီးဆိုက်၍ ချက်ပြုတ်ကြရလေသည်။
ဤသို့ကျွေးမွေးလုပ်ကိုင်ကြ၍ လေးလအတွင်း မဟာလတာတန်ဆာပြီးစီးသွား၏။ ထိုတန်ဆာ၌ စိန်လေးစလယ်၊ ပုလဲ တဆယ်
စလယ်၊ သန္တာနှစ်ဆယ့်နှစ်စလယ်၊ ပတ္တမြား သုံးဆယ့်သုံးစလယ်စီ ထည့်၍ ပြုလုပ်ထား၏။ အခြားရတနာများဖြင့်လည်း မွမ်းမံ
ထားသေး၏။ တန်ဆာ၏အမာခံကို ငွေချည်ဖြင့် ရက်လုပ်ထား၏။ ထိုတန်ဆာကို ဦးခေါင်းမှ စွပ်လိုက်သောအခါ ခြေဖမိုးထိအောင်
လွှမ်းခြုံမိ၏။ နေရာတိုင်း၌ လက်စွပ်ကွင်းတို့ကို ဆက်သွယ်ထားပြီးလျှင် ရွှေစင်ရွှေကြိုးတို့ဖြင့် အိမ်ဝန်းပြုလုပ်ထား၏။ ထိုတန်ဆာ
တခုလုံး၏ အထွပ်အထိပ်ကား ရတနာကျော်မျက်ရွှဲမျိုးစုံခြယ်ထာသော ဥဒေါင်းရုပ် ဖြစ်၏။ ထိုဥဒေါင်းရုပ်သည် ၀ိသာခါ၏ ဦးခေါင်း
ထက်၌ သံသာသာတွန်ကျူး၍ မြူးထူးကခုန်နေသကဲ့သို့ ထင်မှတ်ရလေ၏။ ထိုမဟာလတာတန်ဆာ၏ တန်ဖိုးသည် ကိုးကုဋေ
ဖြစ်၍ လက်ခချည်းသက်သက် ငွေတသိန်းပေးရလေသည်။
ဤသို့သော မဟာလတာတန်ဆာကို ဆင်မြန်းရခြင်း၏ အကြောင်းရင်းကား သင်္ကန်းလှူခဲ့ဖူးသော ကုသိုလ်ကောင်းမှုဖြစ်၏။
ကဿပဘုရားရှင်လက်ထက်တော်တုန်းက ၀ိသာခါသည် ကိကီမင်းကြီး၏သမီးတော် ခုနစ်ယောက်တို့တွင် သံသခဒါသီ
အမည်ဖြင့် အငယ်ဆုံးသမီးတော် ဖြစ်ကာ သံဃာနှစ်သောင်းတို့အား သင်္ကန်းနှင့်တကွ အပ်၊ အပ်ချည်၊ ဆိုးရည်တို့ကို
လှူဒါန်းခဲ့၏။ ထိုကဲ့သို့ သင်္ကန်းလှူဒါန်းရသော ကုသိုလ်ကောင်းမှု၏ အထွတ်အမြတ်ဆုံး အကျိုးပေးသည်ကား မိန်းမများ
အတွက် မဟာလတာတန်ဆာ ဆင်မြန်းရခြင်းဖြစ်၍ ယောင်္ကျားများအတွက် သင်္ကန်းပရိက္ခရာ ပြည့်စုံစွာဖြင့် ဧဟိဘိက္ခုရဟန်း
အဖြစ်ကို ရရှိခြင်းဖြစ်ပေသည်။
မဟာလတာတန်ဆာ ပြုလုပ်ပြီးစီး၍ သမီးအား သာဝတ္တိမြို့တော်သို့ မထည့်မီတညတွင် ဓနဉ္စယသူဌေးသည် သမီးကိုခေါ်ပြီးလျှင်
လင့်အိမ်မှာ နေကြရသော အမျိုးသမီးတို့၏ကျင့်ဝတ်ကို ဤသို့ဆုံးမသွန်သင်လေသည်။
“ချစ်သမီး၊ ယောက္ခမအိမ်၌နေသော အမျိုးသမီးသည် အတွင်းမီးကို အပြင်သို့မထုတ်သင့်။ အပြင်မီးကို အတွင်းသို့ မသွင်းသင့်။
ပေးသူအားသာ ပေးသင့်၏။ မပေးသူအား မပေးသင့်။ ပေးသောသူအားလည်းကောင်း၊ မပေးသောသူအားလည်းကောင်း ပေးသင့်၏။
ချမ်းသာစွာ နေထိုင်သင့်၏။ မီးကိုလုပ်ကျွေးသင့်၏။ အိမ်ဦးနတ်ကို ရှိခိုးသင့်၏။
ဤသို့သော ဆုံးမချက်ဆယ်ချက်တို့ကို အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်တကွ ပြောဆိုဆုံးမ၏။ နောက်တနေ့နံနက် ရောက်သောအခါ
ကောသလမင်းကြီးနှင့်တကွ စစ်သည်ဗိုလ်ပါတို့အလယ်၌ သမီးမှာအပြစ်ရှိလျှင်သွန်သင်ကြရန် သူကြွယ်နှစ်ဦးထံအပ်နှံ၏။
ထို့နောက် သမီးဝိသာခါကို မဟာလတာတန်ဆာ ဆင်ယင်ပေးပြီးလျှင် ရေချိုးဆပ်ပြာမှုန့်ဖိုး၊ နံ့သာဖိုးအဖြစ် အသပြာ၅၄ ကုဋေ
ပေးကာ ယာဉ်ပေါ်တင်၍ ပေးလိုက်လေသည်။
ထိုမှတဖန် ဓနဉ္စယသူဌေးသည် အသပြာအပြည့် တင်ထားသောလှည်းငါးရာ၊ ရွှေအိုးရွှေခွက် အပြည့် တင်ထာသော လှည်းငါးရာ၊
ကြေးနီအိုးခွက်အပြည့်တင်ထားသော လှည်းငါးရာ၊ ထောပတ်၊ ဆီ၊ သလေးဆန် စသော စားသောက်ကုန်ပစ္စည်းများနှင့်ထွန်တုံး၊
ထွန်သွား စသောလယ်သမားကိရိယာများ အပြည့်တင်ထားသော လှည်းငါးရာတို့ကို လက်ဖွဲ့လိုက်၏။ ထို့ပြင်ဝိသာခါ၏ အခြွေ
အရံဖြစ်ဖြင့် ၀တ်စားတန်ဆာ ပြည့်ပြည့်စုံစုံ ၀တ်ဆင်ထားသော အမျိုးသမီးသုံးဦးစီပါသော လှည်းငါးရာတို့ကိုလည်း တပါတည်း
ပေးလိုက်၏။ ထိုအမျိုးသမီးတို့၏ အမှုကိစ္စ ဟူသမျှကို ဆောင်ရွက်ရန် အလုပ်အကျွေး တထာင့်ငါးရာကိုလည်း ထည့်ပေးလိုက်
လေသည်။
ထိုမှတဖန် သမီးအတွက်နွားများတို့ကိုလည်း ပေးလိုသဖြင့် အမှုထမ်းတို့အား နွားခြံများကို ဖွင့်၍လွှတ်စေ၏။ နွားခြံတို့မှ နွားတို့
ထွက်လာရာ အမှုထမ်းတို့က ဘေးသို့ထွက်မလာစေရန် စောင့်ကြပ်ကြရ၏။ နွားတန်းကြီးတဂါဝုတ် တဂါဝုတ်သို့ ရောက်လာတိုင်း
စည်သံဖြင့် အချက်ပေးရလေ၏။ ဤသို့ဖြင့် နွားတန်းကြီး၏အကျယ် တဥသဘ (ပေ ၂၀၀ ခန့်)၊ အလျားသုံးဂါဝုတ်(၉ မိုင်ခန့်)ရှိ
သွားသောအခါ ဤမျှဖြင့် တော်လောက်ပြီဟု ဓနဉ္စယသူဌေးက နွားခြံတို့ကိုပိတ်စေ၏၊ သို့ရာတွင် နွားတို့ကား တား၍ဆီး၍ မရ
တော့ပေ။ တားဆီးသော လူများကိုပင် ကျော်လွှားတိုးဝှေ့ကာ ၀ိသာခါ၏နွားများနောက်သို့ နွားမကြီးခြောက်သောင်း လိုက်ပါ
သွားကြ၏။ ကဿပ ဘုရားရှင် လက်ထက်တော်တုန်းက သံသခဒါသီ မင်းသမီး အဖြစ်ဖြင့် သံဃာတော်များနွားနို့အရသာငါးမျိုး
လှူဒါန်းရာတွင် ရဟန်းငယ်၊ သာမဏေငယ်တို့က တော်ပါပြီဟု တားမြစ်နေသည့်တိုင်အောင် ဤအစားအစာကို ကောင်းပါသည်
ဘုရားဟုဆိုကာ ဆက်လက်၍ ကျွေးမွေးဆက်ကပ်ခဲ့သော ကုသိုလ်ကံကြောင့် ဤသို့အကျိုးခံစားရခြင်း ဖြစ်လေသည်။
ဓနဉ္စယသဌေးသည် သမီးအတွက် ဤသို့ လိုလေသေးမရှိအောင် ပေးလိုက်ရာတွင် ခိုင်းစေရန်ကျေး ကျွန်တို့ကား သူ့အာဏာဖြင့် မထည့်တော့ပေ။ သာကေတမြို့ပတ်ဝန်းကျင်ရှိ တဆယ့်လေးရွာမှ ရွာသူရွာ သားတို့သည် မိမိတို့ အလိုအလျောက် ၀ိသာခါ နောက် သို့ လိုက်ပါသွားကြလေသည်။ သာဝတ်္တိမြို့တော်သူမြို့တော်သား တို့သည် ဓနဉ္စယသဌေးကမိမိတို့အား ကျွေးမွေးပြုစုခဲ့သော ကျေး ဇူးများကို တုံ့ပြန်သောအားဖြင့် ၀ိသာခါထံသို့ လက်ဆောင်ပစ္စည်းများကို မိမိအိမ်မှာ သိုမှီးသိမ်းဆည်းမထားစေဘဲ အခြားသူများထံသို့တဆင့်ပြန်၍ လက်ဆောင် ပေး၏။ သာဝတ်္တိမြို့တော်သူမြို့တော်သားတို့ကိုလည်း ဖခင်အရွယ်ဆိုလျှင် ဖခင်၊ မိခင်အရွယ်ဆိုလျှင် မိခင်စသည်ဖြင့် သွေးသားရင်း ချာကဲ့သို့ခေါ်ဝေါ်ပြောဆို ဆက်ဆံ၏။ ထို့ကြောင့် သာဝတ်္တိမြို့တော်သူမြို့တော်သားတို့ကလည်း ၀ိသာခါကို ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်လေးစားကြလေသည်။ မိဂါရသဌေးသည် မိမိသားပုဏ္ဏ၀ဍ္ဎုနနှင့် ၀ိသာခါတို့၏ ထိမ်းမြားမင်္ဂလာပွဲတွင် သူကိုးကွယ်နေသော တက္ကတွန်းများကို ပင့်ဖိတ်၍ ကျွေးမွေး၏။ ၀ိသာခါကိုလည်း ““ ရဟန္တာများကို ဖူးရန်လာပါ”” ဟုခေါ်ယူ၏။ ရဟန္တာအသံကြား၍ ၀မ်းသာအားရလိုက်လာခဲ့သော ၀ိသာခါသည် အ၀တ်မ၀တ်သောတက္ကတွန်းများကို မြင်ရသောအခါ ““ စက်ဆုပ်ဖွယ်ရာတကား”” ဟုဆိုကာမျက်နှာလွှဲ၍ ပြန်ထွက် လာခဲ့၏။ တက္ကတွန်းများက ““ ရဟန်းဂေါတမ၏ တပည့်ဖြစ်သော ဤသူယုတ်မာကို အိမ်မှ နှင်ထုတ်လော”” ဟုသဌေးကိုတိုက်တွန်း ကြ၏။ မိဂါရသဌေးကားဤပြစ်မှုမျှဖြင့် ဆွေသိုက် မျိုးသိုက်ကြီးမားလှသော ၀ိသာခါကို အိမ်မှနှင်မချနိုင်သေးချေ။ ထို့နောက် မကြာမီအချိန်တွင် ၀ိသာခါကိုနှင်ထုတ်ရန်အကြောင်းပေါ်လာ၏။ တနေ့သ၌ မိဂါရသဌေး နို့ဃနာထမင်းစားနေစဉ်တွင် ရဟန်းတပါးဆွမ်းရပ်လာ၏။ ယောက္ခမသဌေးအားယပ်လေခတ်၍ ပေးနေသော ၀ိသာခါသည် ရဟန်းကိုမြင်ပါ၏။ သို့ရာတွင် ယောက္ခမများ၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရသောချွေးမဖြစ်၍ ၀ိသာခါမှာ ဆွမ်းလောင်းရန်မတိုက်တွန်းပေ။ မိရဂါသဌေး ကိုယ်တိုင် ရဟန်းကိုမြင်စေရန်မိမိကိုယ်တိုင်တိမ်းဖယ်ပေးလိုက်၏။ သဌေးသည် ရဟန်းကိုမြင်သော်လည်း လောင်းလှူရန် လုံးဝစိတ်မကူးပဲ စားမြဲ သာစားနေ၏။ ဤတွင်ဝိသာခါက ““ ကန်တော့ပါသေးသည် အရှင်ဘုရား၊ တပည့်တော်မ၏ ယောက္ခမ သည်အစားဟောင်းကိုသာ စားပါသည်ဘုရားဟု လျှောက်ထားလိုက်ရလေသည်။ စောစောကပြစ်မှုများအတွက် သည်းခံနိုင်ခဲ့သော မိဂါရသဌေးသည် ဤပြစ်မှုကိုကား သည်းခံ၍ မရနိုင် တော့သဖြင့် အိမ်ရှိကျေးကျွန် နှင့် အလုပ်သမားများအား ““ ၀ိသာခါကိုအိမ်မှဆွဲ၍ နှင်ထုတ်ကြ”” ဟု အမိန့်ပေး၏။ အိမ်ရှိကျေးကျွန်နှင့်အလုပ်သမားတို့သည်
ဝိသာခါ ၏ ဘက်သားချည်းဖြစ်သဖြင့် ၀ိသာခါကိုလက်ဖျားနှင့်မျှမတို့ကြကုန်။ ဤတွင် ၀ိသာခါက ““ဖခင်ဤမျှသောစကားဖြင့် ကျွန်မ ထွက်မသွားနိုင်ပါ။ ကျွန်မမှာ အပြစ်ရှိလျှင် ဆုံးမသွန်သင်ရန် ထည့်လိုက်သောသဌေးကြီး ရှစ်ဦးကိုခုံတင်၍ ကျွန်မမှာ အပြစ်ရှိမရှိ စီစဉ်ဆုံးဖြတ်ပါလော့”” ဟုဆိုလေသည်။ ၀ိသာခါ၏ အဆိုကို မိဂါရသဌေးကလည်းသဘောကျသဖြင့် သူကြွယ်ရှစ်ဦးကို ဖိတ်ခေါ် ကာဝိသာခါ၏ ပြစ်မှုများကို တင်ပြ၏။ သူကြွယ်ရှစ်ဦးတို့က ““ ချစ်သမီးဝိသာခါ၊ ချစ်သမီးသည် ယောက္ခမသဌေးအား အစားဟောင်း စားသည်ဟု ဆိုသည်မှာမှန်ပါသလော”” ဟုမေးကြ၏။ ၀ိသာခါက ““ဖခင်တို့၊ အစားဟောင်းဟုဆိုသည်မှာမှန်ပါသည်။ သို့ရာတွင် မစင်ကို စားသည်ဟု မဆိုလိုပါ။ ယောက္ခမသဌေးကြီးသည် မိမိအရှေ့မှာ ဆွမ်းရပ်လာသော ရဟန်းကိုမြင်ပါလျှက် ဆွမ်းလောင်းရ ကောင်းမှန်းမသိပါ။ ဤဘ၀တွင် အသစ်ဖြစ်သော ကုသိုလ်ကောင်းမှုကိုမပြုဘဲ ရှေးရှေးဘ၀ကကုသိုလ်ကောင်းမှု အဟောင်းများ၏ အကျိုးကိုသာ ခံစားနေရပါသည်။ ထို့ကြောင့် အစားဟောင်းကိုစားရသည်ဟု ဆိုရခြင်းဖြစ်ပါသည်”” ဟုဖြေရှင်းလေသည်။ ထို့နောက်မိဂါရသဌေးကနောက်အမှုများကို တင်ပြပြန်သဖြင့် သူကြွယ်များက ““ ချစ်သမီး၊ သန်းခေါင်ယံတွင် အိမ်ပြင်သို့ထွက်သည်မှာ မှန်သလော”” ဟု မေးကြ၏။ ၀ိသာခါက ““ အိမ်ပြင်သို့ထွက်သည်မှာ မှန်ပါသည်။ အာဇာနည်မြင်းကလေးမွေးဖွားနေသဖြင့် အခြံအရံ များနှင့် ထွက်ကာကူညီပြုစုခြင်းဖြစ်ပါသည်။”” ဟုဖြေရှင်း လေသည်။ တဖန်မိဂါရသဌေးက ““ အရှင်သူကြွယ်တို့၊ ဤကိစ္စမှာ အပြစ်မရှိလျှင်ရှိပါစေတော့၊ ဤအိမ်သို့လိုက်ခါနီးတုန်းက သူ၏ဖခင်သည် လျှို့ဝှက်သောစကားတို့ဖြင့် အဆုံးအမဆယ်ချက်တို့ကို ပေးခဲ့ပါသည်။ ဤအဆုံးအမ ဆယ်ချက်တို့၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆို ရန်စေခိုင်းကြပါ”” ဟုဆို၏။ သူကြွယ်များကလည်း ၀ိသာခါကို အဓိပ္ပာယ် ဖွင့်ဆိုထားရန် စေခိုင်းကြလေရာ၊ ၀ိသာခါက ““ အရှင်သူကြွယ်တို့၊ အတွင်းမီးကို အပြင်သို့ မထုတ်သင့်ဆိုသည်မှာ မိမိအိမ်သူအိမ်သား၏ အပြစ်အနာ ကို အခြားအိမ်များသို့ လှည့်လှည်၍ မပြောကြားရန် ဆုံးမခြင်းဖြစ်ပါသည်။ ““ အပြင်မီးကို အတွင်းသို့ မသွင်းသင့်ဟူသည်မှာ မိမိအိမ်သူ အိမ်သားတို့၏ အပြစ်အနာကို အခြားအိမ် များက ပြောဆိုကြလျှင် ထိုစကားကို မိမိအိမ်သို့ သယ်ဆောင်၍ မပြောကြားရန် ဆုံးမခြင်းဖြစ်ပါသည်။ ပေးသောသူအား ပေးသင့်၏ဟူသည်မှာ ပစ္စည်းအသုံးအဆောင်များကို ငှားယူပြီးလျှင် ပြန်ပေးလာသော သူများအားသာလျှင် နောက်ထပ်ပေးရန် ငှားရန် ဖြစ်ပါသည်။ ““ မပေးသောသူအား မပေးသင့်သည်မှာ ပစ္စည်းအသုံးအဆောင်များငှားယူပြီးလျှင် ပြန်မပေးသူများအား နောက်တခါ မပေးရန်၊
မငှားရန်ဖြစ်ပါသည်။ ““ ပေးသောသူအားလည်းကောင်း၊ မပေးသောသူအားလည်းကောင်း ပေးသင့်၏ဟူသည်မှာ ဆင်းရဲနွမ်း ပါးသော ဆွေမျိုးများ ရောက်လာလျှင် သူတို့က အတုံ့အလှည့်ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ မိမိက ပေးရန်ဖြစ်ပါသည်။ ““ ချမ်းသာစွာ စားသင့်၏ဟူသည်မှာ ယောက္ခမနှင့် ခင်ပွန်းလင်တို့ကို ပြည့်စုံလုံလောက်အောင် ကျွေးမွေးပြီးမှ မိမိစားရန်ဖြစ် ပါသည်။ ““ ချမ်းသာစွာ အိပ်အပ်၏ ဟူသည်မှာ ယောက္ခမနှင့် ခင်ပွန်းလင်တို့အား ၀တ်ကြီးဝတ်ငယ်ပြုစုပြီးမှ မိမိအိပ်ရာဝင်ရန် ဖြစ်ပါသည်။”” ““ မီးကိုလုပ်ကျွေးသင့်၏ဟူသည်မှာ ယောက္ခမများနှင့် ခင်ပွန်းလင်တို့အား မီးပုံကြီးကဲ့သို့ ကြောက်ရွံ့ရိုသေစွာ ပြုစုလုပ်ကျွေးရန်ဖြစ်ပါသည်။”” ““ အိမ်တွင်းနတ်ကို ရှိခိုးသင့်၏ဟူသည်မှာ ယောက်္ခမများနှင့် ခင်ပွန်းလင်တို့အား နတ်ကဲ့သို့ ရိုသေမြတ် နိုးစွာ ပြုစုလုပ်ကျွေးရန် ဖြစ်ပါသည်။ ဤသို့ ၀ိသာခါကဖြေရှင်းပြလိုက်သောအခါ မိဂါရသဌေးသည် ““ ကျွန်မ၌အပြစ်မရှိကြောင်း ထင်ရှားပြီဖြစ်၍ ကျွန်မဘာသာ ဤအိမ်မှ ထွက်ခွာပါတော့မည်”” ဟု ဆိုကာယာဉ်များကိုပြင်ဆင်ရန်စေခိုင်း၏။ မိဂါရသဌေးက ““ ချစ်သမီး ၀ိသာခါ၊ ငါမသိ၍ ပြောမိသည်ကို သည်းခံပါလော့ ဤအိမ်မှ ထွက်မသွားပါနှင့်”” ဟု တောင်းပန်၏။ ၀ိသာခါက ““ ကျွန်မသည် ဘုရားရှင်၏ သာသနာတော်၌ မတုန် မလှုပ် မြတ်နိုးကြည်ညှိသူဖြစ်ပါသည်။ ရဟန်းသံဃာနှင့် ကင်းကွာ၍ မနေနိုင်ပါ။ အကယ်၍ ကျွန်မအလိုရှိတိုင်း ရဟန်း သံဃာကို ပြုစုလုပ်ကျွေး ခွင့်ရလျှင် ဤအိမ်မှာနေနိုင်ပါမည်”” ဟု အရေးဆို၏။ မိဂါရသဌေးက လည်း ၀ိသာခါ၏ အဆိုကို လက်ခံလိုက်ရလေ တော့သည်။ ဤသို့ဖြင့် ၀ိသာခါသည် ဘုရားနှင့်တကွ သံဃာတော်များအား အိမ်သို့ပင့်၍ ဆွမ်းခဲဖွယ်တို့ဖြင့် ဆက်ကပ် လုပ်ကျွေး၏။ မိဂါရသဌေးမှာမူ သူကိုးကွယ်ထားသော တက္ကတွန်းများက တားမြစ်သဖြင့် ဘုရားရှင်အား ဆွမ်း ဆက်ကပ်ခြင်း မပြုရပေ။ တဖန် တရားနာချိန်ရောက်သည်တွင်လည်း တက္ကတွန်းများက ““ ရဟန်းဂေါတမနှင့် မျက်နှာချင်းမဆုံစေရန် တင်းတိမ် အတွင်းမှ တရားနာမည်”” ဟု ဆိုကြသဖြင့် ထိုအမိန့်အတိုင်း တရားနာရ၏။ သို့ရာတွင် ဘုရားရှင်၏ ဘုန်းတန်ခိုးတော် ကြောင့် ဘုရားရှင်၏ မျက်နှာတော်သည် မိမိထံသို့ ကရုဏာရှေးရှု ကြည့်တော်မူ၍ ဟောကြားနေဘိသကဲ့သို့ ဖူးတွေ့ကာ တရားနာရသဖြင့် သောတာပတ်္တိဖိုလ် ဆိုက်ရောက်၏။ ဤတွင် မိဂါရသဌေးသည် တင်းတိမ်ကို မြှောက်ဖွင့်၍ ပရိသတ် ထဲသို့ဝင်လာပြီးလျှင် ၀ိသာခါ၏ သားမြတ်ကို ပါးစပ်ဖြင့် ငုံပြီးသော် ““ အရှင်မ ၀ိသာခါသည် ကျွန်ုပ်၏ မိခင်ပါတည်း”” ဟု ပြောဆိုကြေငြာလိုက်၏။ ထိုအခါ မှစ၍ ၀ိသာခါအား မိဂါရ၏ မိခင် ( မိဂါရမာတာ) ဟူ၍ ခေါ်ကြလေတော့သည်။ နောက်နေ့တွင်လည်း ၀ိသာခါသည် ဘုရားနှင့်တကွ သံဃာတော်များအား အိမ်သို့ပင့်၍ ဆွမ်းကပ်ပြန်၏။ ထိုနေ့တွင်ကား သဌေးကတော်ကြီးသည် သောတာပတ်္တိဖိုလ်သို့ ဆိုက်ရောက်၏။ ထိုနေ့မှစ၍ ၀ိသာခါတို့အိမ်သည် ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံးအတွက် တံခါးပွင့်သွား၏။ ထို့နောက် ၀ိသာခါသည် ဘုရားရှင်၏အထံတော်မှ ဆုရှစ်မျိုးကို တောင်းယူပြီးလျှင် ရဟန်းသံဃာတော်များအား လိုလေသေးမရှိပြုစုလုပ်ကျွေး၏။ သားတကျိပ် သမီးတကျိပ်မွေးဖွားရာ သားသမီးအားလုံး ကျန်းမာသန့်ရှင်း၍ ရောဂါကင်းကြကုန်၏။ ထိုသားသမီး များကလည်း တယောက်တစ်ယောက်လျှင် သားသမီးနှစ်ဆယ်စီ မွေးဖွားကြရာ ထိုမြေးများကလည်း ထိုနှုန်းအတိုင်း ပင် ပေါက်ဖွားကြပြန်၏။ ထို့ကြောင့် ရှေးဆရာတို့က ““ နှစ်ကျိပ်သားသမီး၊ မြေးကြီးလေးရာ၊ မြစ်မှာရှစ်ထောင် မြားမြောင်ကြွယ်ဝ၊ ၀ိသာခါကျောင်း အမ”” ဟု ဆိုထုံးပြုကြရလေသည်။ သားသမီးနှစ်ဆယ်ဖွားမြင်သော်လည်း ၀ိသာခါသည် အရွယ်တင်လှသဖြင့် မိမိ၏သမီး များမြေးများနှင့် ခွဲခြား၍ မရနိုင်အောင် ရှိလေသည်။ ၀ိသာခါ ကျောင်းအမဖြစ်လာရပုံကားဤသို့တည်း။ ရောဂါကင်း၍ ကျန်းမာသန်စွမ်းသော သားသမီး တို့ကို ဖွားမြင်ထား သဖြင့် ၀ိသာခါကို မင်္ဂလာရှိသောအမျိုးသမီးဟု သာဝတ်္တိမြို့တော်တစ်ခုလုံးက သတ်မှတ်ထား ကြ၏။ သို့ဖြစ်၍ မင်္ဂလာ ပွဲတစ်ခုခုပြုလုပ်လေတိုင်း ၀ိသာခါကို တရိုတသေဖိတ်ကြား၍ ကျွေးမွေးကြရ၏။ တနေ့ သ၌ ၀ိသာခါသည် မဟာလတာ တန်ဆာကို ဆင်မြန်း၍ မင်္ဂလာပွဲတစ်ခုကို ချီးမြှောက်ခဲ့ပြီးလျှင် ဇေတ၀န်ကျောင်းတော်သို့လာခဲ့၏။ ဘုရားရှင်ရှေ့တော် သို့ ဤမဟာတာတန်ဆာနှင့်ဝင်ရန် မသင့်လျော်သဖြင့် မဟာလတန်ဆာကို ချွတ်၍ အ၀တ်နှင့် ထုပ်ကာကျွန်မထံအပ်နှံ ပြီးလျှင် ဘုရားရှင်ထံဝင်၍ တရားနာ၏။ တရားနာ၍ ပြန်လာကာ ကျောင်းဝင်းပြင်ပရောက်ခါမှ မဟာလတာတန်ဆာကို ပြန်၍ ၀တ်ဆင်ရန်တောင်း၏။ ဤတွင်မှ ထိန်းသိမ်းခဲ့သော ကျွန်မက ဇေတ၀န်ကျောင်းတော်မှာ မေ့ကျန်ခဲ့ကြောင်း သတိရလေသည်။ ကျွန်မသည် ဇေတ၀န်ကျောင်းတော်သို့ပြန်လာရာမေ့ကျန်နေခဲ့သော မဟာလတာတန်ဆာကို အရှင်အာနန္ဒာက ကောက်ယူကာ စောင်းတန်းဘေး၌ ချိတ်ဆွဲထားသည်ကို တွေ့ရ၏။ အရှင်အာနန္ဒာက မဟာလတာတန်ဆာကို ပြန်ယူသွားရန် မိန့်ကြားခဲ့သော်လည်း ကျွန်မ မယူရဲပေ။ ““ အရှင်ဘုရား၊ အရှင်ဘုရားလက်ဖြင့် ထိကိုင်ထား သော ဥစ္စာဘဏ္ဍာကို တပည့်တော်မ၏ သခင်မက ပြန်လည်ယူဆောင်မည်မဟုတ်ပါ”” ဟုလျှောက်ထားကာ ၀ိသာခါထံသို့ ဤအကြောင်းကို ပြန်၍ပြောပြ၏။ ၀ိသာခါကလည်း ““ အရှင်မြတ်၏ လက်တော်ဖြင့် ထိပြီး ကိုင်ပြီး သော ဤတန်ဆာကို အရှင်မြတ်အား လှူးဒါန်းပြီးဖြစ်၏။ သို့ဖြစ်ရာ ဤတန်ဆာကို အရှင်မြတ်တို့ ထိန်းသိမ်းရန် ခက်ပေလိမ့်မည်။ ထိုတန်ဆာကို ရောင်းချပြီးမှ အပ်စပ်သော ၀တ္ထုပစ္စည်းများလှူဒါန်းတော့မည်”” ဟုဆိုကာ တန်ဆာကို သွား၍ ယူစေ၏။ ထို့နောက် မဟာလတာတန်ဆာကို လှည့်လည်၍ ရောင်းချသော်လည်း ၀ယ်ယူသူ မပေါ်ပေါက်သဖြင့် မိမိဘာသာ ငွေကိုးကုဋေဖြင့် ၀ယ်ယူလိုက်လေတော့သည်။ ၀ိသာခါသည် ““ အရှင်ဘုရား၊ ဤငွေကိုးကုဋေဖြင့် မည်ကဲ့သို့သော ကုသိုလ်ကို ပြုရပါမည်နည်းဘုရား”” ဟု ဘုရားရှင်ထံ ၀င်ရောက်လျှောက်ထားရာ ဘုရားရှင်က မြို့တော် အရှေ့အရပ်၌ သံဃာများအတွက် ကျောင်း ဆောက်လုပ်ရန် မိန့်ကြားတော်မူ၏။ ထို့နောက်ဘုရားရှင်သည် ဘဒ်္ဒိယမြို့မှ ဘဒ်္ဒိယသဌေးသားကို ခြွေချွတ် တော်မူ လိုသဖြင့် ဒေသစာရီကြွချီတော်မူ၏။ ဤတွင် ၀ိသာခါသည် တန်ခိုးကြီးလှသော အရှင်မဟာမောဂ္ဂလာန် ကို ဘုရားရှင်ထံမှ ခွင့်ပန်၍ ပင့်ထားလိုက်၏။ အရှင်မဟာမောဂ္ဂလာန်ကို တပည့်ငါးရာနှင့်တကွ နေရစ်ခဲ့ပြီးလျှင် ကျောင်း ဆောက်လုပ်ရာ၌ လိုအပ်သော သစ်သားများ၊ ကျောက်များတို့ကို မိမိတန်ခိုးဖြင့် အလွယ်တကူ ရောက်ရှိနိုင်ရန် ကူညီဆောင်ရွက်၍ ပေးလေသည်။ ဘုရားရှင်သည် ကိုးလတိုင်တိုင် ဒေသစာရီကြွချီတော်မူပြီးနောက် သာဝတ်္ထိမြို့တော်သို့ ပြန်ကြွတော်မူလာသော အခါ ၀ိသာခါ၏ ကျောင်းတော်ကြီးသည်လည်း ပြီးစီးနေပြီဖြစ်သည်။ ကျောင်းတော်ကြီးမှာ နှစ်ထပ်တိုက်ကျောင်း ကြီးဖြစ်၏။ တထပ်ထပ်၌ တိုက်ခန်းငါးရာစီရှိကြ၏။ ကျောင်းဝင်းမှာ ရှစ်မင်းပယ်စာမျှ ကျယ်ဝန်း၏။ ထိုမျှ ကျယ် ၀န်းသောကျောင်းဝင်းထဲတွင် တိုက်ကျောင်းကြီး ထီးတည်းဖြင့် မတင့်တယ်သေးဟု ဆိုကာကျောင်းတော်ကြီး ကိုပတ်၍ ကမ္မဋ္ဌာန်းကျောင်းငယ်ငါးရာကိုလည်း ဆောက်လုပ်ထား၏။ ရေအိုးခြောက် ဆယ်ဝင်မျှ ပမာဏရှိ သော တိုက်ကျောင်းကြီးအတွက်လည်း နီဖလရွှေဖြင့် ပြုလုပ်ထားလေသည်။ ကျောင်းအမကြီး ၀ိသာခါသည် ဘုရားရှင်နှင့်တကွ သံဃာတော်များအား မိမိကျောင်း၌ ၀ါကပ်တော်မူကြရန် လျှောက်ထားပြီးလျှင်လေးလပတ်လုံး အလှူကြီးပေးလေသည်။ နောက်ဆုံးနေ့၌ သင်္ကန်းစများလှူဒါန်း လေရာ အငယ်ဆုံးသော သံဃာရသောသင်္ကန်းစသည်ပင် အဖိုးတထောင်ထိုက်၏။ ဤသို့ဖြင့် ၀ိသာခါသည် ကျောင်း မြေ၀ယ်ရာ၌ ကိုးကုဋေ၊ ကျောင်းဆောက်ရာ၌ ကိုးကုဋေ၊ ကျောင်းပူဇော်ပွဲကျင်းပရာ၌ စေတနာသဒ္ဒါ တရား များထက်သန်စွာလှူဒါန်းခဲ့သဖြင့် လှူဒါန်းပေးကမ်းသော အမျိုးသမီးများတွင် အထွက်အမြတ်ဆုံးဟူသော ဧတဒဂ်ဂုဏ်ထူးကို ဆွတ်ခူးနိုင်ပေသည်။ ၀ိသာခါသည် ကျောင်းပူဇော်ပွဲကြီး ပြီးဆုံးအောင်မြင်သော ညနေချမ်းတွင်သားသမီး၊ မြေးမြစ်တို့ခြံရံလျက် ကျောင်းတော်ကြီးကို လှည့်ပတ်ပြီးလျှင် အောက်ပါကြောင်းခြင်းရာတို့ကို ဥဒါန်းကျူးရင့်လေသည်။ ““ ငါသည် တိုက်ကျောင်းကြီးကို ဘယ်အခါမှ လှူရပါမည်နည်း ဟုတောင့်တခဲ့၏။ ယခု ငါ၏တောင့်တချက် ပြည့်ဝပေပြီတကား။ ငါသည် ညောင်စောင်း၊ အင်းပျဉ်၊ ဘုံလျှို၊ ခေါင်းအုံးနှင့် ကျောင်းပရိဘောဂများကို ဘယ်အခါ လှူရမည်နည်းဟု တောင့်တခဲ့၏။ ယခုငါ၏ တောင့်တချက်ပြည့်ဝပြီတကား။ ငါသည် စင်ကြယ် သော သားပြွမ်းစာရေးထံဆွမ်းကို ဘယ်အခါ၌ လှူရပါမည်နည်းဟု တောင့်တခဲ့၏။ ယခုငါ၏ တောင့်တချက် ပြည့်ဝပြီ တကား။ ငါသည် ကာသိတိုင်း ခေါမတိုင်းဖြစ်သင်္ကန်းများကို ဘယ်အခါလှူရပါမည်နည်းဟုတောင့်တ ခဲ့၏။ ယခု ငါ၏ တောင့်တချက်ပြည့်ဝပေပြီတကား။ ငါသည် ထောပတ်၊ ဆီ၊ ဆီဦး၊ ပျား၊ ထင်လဲ တည်းဟူသော ဆေးအလှူ ကို ဘယ်အခါ၌ လှူရပါမည်နည်း ဟုတောင့်တခဲ့၏။ ယခုငါ၏ တောင့်တချက် ပြည့်ဝပြီတကား”” ဤသို့ ကျောင်းအမကြီးဝိသာခါက ကျောင်းတော်ကြီးကို လှည့်လည်၍ ဥဒါန်းကျူးရင့် နေသည်ကို ရဟန်းများ က ““ ကျောင်းအမကြီးသည် သည်းခြေပျက်ကာရူးသွပ်သွားသဖြင့် သီချင်းဆိုနေသလော”” ဟုတွေးတောကာ ထိုအကြောင်းကို ဘုရားရှင်ထံသွား၍ လျှောက်ထားကြ၏၊ ဘုရားရှင်က ““ ရဟန်းတို့၊ ၀ိသာခါသည် သည်းခြေ ပျက်ကာ ရူးသွပ်၍ သီချင်းဆိုသည်မဟုတ်ပေ။ လွန်လေပြီးသော ကမ္ဘာတစ်သိန်းထက် ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင်နှင့်တကွ သံဃာတော်တို့အား ခုနစ်ရက်တိုင်တိုင်ဆွမ်းအလှူကြီးပေးပြီးလျှင် နောက်ဆုံးနေ့၌ သင်္ကန်းစများ လှူးဒါန်းလျက် သာသနာတော်၏ အလုပ်အကျွေးအရာတွင် အထွက်အမြတ်ဆုံးဖြစ်စေရန် ဆုတောင်းခဲ့၏။ ထိုဆုတောင်းတို့ ပြည့်ဝကြပြီဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်နေခြင်းသာ ဖြစ်သည်”” ဟု မိန့်တော်မူကာ ဤ၀တ္ထု၏ ရှေ့မှာ ပါခဲ့သော ဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
ဓမ္မပဒ

No comments:
Post a Comment