Friday, November 25, 2016
ခဏတာအရသာလေးကြောင့်
အပွဲပွဲနွဲလာခဲ့ပြီးသော မုဆိုးကျော်ကြီး ၀ိယောလအဖို့ သည်ကနေ့မှ ထူးထူးခြားခြား လာဘ်တိတ်နေရခြင်းမှာ ခံပြင်းစရာကောင်းလှပါဘိ။
ခါတိုင်းနေ့များမှာဆိုပါက ဤအချိန်လောက်ဆိုလျှင် လောလောလတ်လတ် မီးကင်ထားသောအသားများကို အားရအောင်စားပြီးပြီဖြစ်၏။
မုဆိုးတို့သဘာဝအတိုင်း ၀ိယာလသည် ကျေးငှက်သတ္တ၀ါများအပေါ်သနားကြင်နာစိတ် လုံးဝမထားပေ။ နေ့စဉ်နှင့်အမျှ သတ်၍ဖြတ်၍နေခဲ့သောကြောင့် သူ့လက်များမှာအမြဲတမ်းလိုလို သွေးများပေကျံလျက်ရှိနေ၏။ တောထဲမှာသတ္တ၀ါတစ်ကောက်ကောင်ကို ဖမ်းမိလိုက်ပါက ချက်ချင်းလက်ငင်းလည်ချောင်းသွေးကိုဖောက်၍ သောက်လိုက်၏။ ကိုယ်ကောင်ကိုမီးကျီခဲရဲရဲမှာကင်၍ စားလိုက်၏။ ကျန်လေသမျှအမဲကောင်တို့ကိုကား သားမွေးမှု မယားကျွေးမှုအတွက် အိမ်သို့ တနင့်တပိုးကြီး ထမ်းယူနေကျဖြစ်ပေသည်။
ဝိယောလအိမ်တွင်မုဆိုးတို့၏လက်နက်ကိရိယာမျိုးစုံထားရှိ၏။ ရှားနှစ်ဖြင့်ပြုလုပ်ထားသော ငုတ်ချွန်များ၊ ပိုက်ကွန်၊ ငါးမျှားချိတ်၊ လေး၊ မြှား၊ မြှားတောင့်၊ ကြော့ကွင်း၊ ပိုက်ရှည်စသဖြင့် သူ့နေရာနှင့်သူ အသုံးချနိုင်အောင် ပြုလုပ်၍ထားပေသည်။
ထို့ပြင်မျိုးတူသတ္တ၀ါတို့ကိုထောင်၍ ဖမ်းရန် အချိန်ယူကာ သင်ကြားထားပြီးသော သတ္တ၀ါမျိုးစုံလည်း ရှိနေ၏။
တောက သမင်ရိုင်းများကိုအလိုရှိလျှင် ယဉ်ပါးပြီးသောအိမ်ကသမင်ဖြင့်တည်၍ ဖမ်း၏။ တောထဲက ဥဒေါင်းများကို ဖမ်းလိုလျှင် အိမ်ကယဉ်ပါးပြီးသော ဥဒေါင်းဖြင့် တည်ယူရ၏။
ဤသို့တည်စရာသတ္တ၀ါမျိုးစုံ၊ ကျေးငှက်မျိုးစုံမွေးမြူထားသဖြင့် သူ့အိမ်မှာ တိရစ္ဆာရုံကလေးကဲ့သို့ ဖြစ်နေပေသည်။
သည်ကနေ့မှာတော့ သည်အကောင်တွေက မည်သို့မျှအစွမ်းမပြနိုင်ကြချေ။ မျိုးတူသတ္တ၀ါများ၊ ကျေးငှက်များကို ဆွဲဆောင်ရန်မစွမ်းနိုင်ကြချေ။ ထောင်ထားလေသမျှ ပိုက်များ၊ ထောင်ချောက်များသို့လည်း သတ္တ၀ါတစ်ကောင်တစ်လေမျှ တိုးမလာချေ။
ဤအချိန်တွင် အိမ်သို့ပြန်သွားမည်ဆိုပါက ဇနီးသည်ချက်ပြုတ်ထားသော ထမင်းဟင်းများက အရံသင့်ရှိနေပေသည်။ သို့သော် မိမိအကြိုက်မြိုးမြိုးမြက်မြက်ဟင်းလျာကတော့ ပါမည်မထင်။
သူတို့ကလည်း မုဆိုးမယားပီပီ သည်နေ့ရသည့် ဟင်းကောင်းကိုသည်နေ့ အကုန်ရောင်းပြီးသား၊ အိမ်အတွက်ချက်ထားသည့် ဟင်းလျာကလည်း နောက်နေ့သို့ကူးရိုးထုံးစံ မရှိချေ။
ဤသို့ဆိုလျှင် သည်ကနေ့အတွက်တော့ ၀ိယောလဘာကိုစားရမည်နည်း။ အမြဲတမ်းအသားကိုစားလာခဲ့သဖြင့် အသားမပါဘဲစားသောက်ရန်ကား ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ စားစရာသောက်စရာတစ်မျိုးမျိုးကိုတော့ မရရအောင်ရှာကြံရပါလိမ့်မည်။
ကာရန်အသင့်ပင် ဖြစ်ပါ၏။ မိခင်နှင့်ကွဲကွာ၍ တောထဲသို့ယောင်တိယောင်ချာ ၀င်ရောက်လာခဲ့သော နွားငယ်ကလေးတစ်ကောင်သည် ၀ိယောလရှိရာသို့ ဦးတည်၍ လာနေ၏။
ဝိယောလသည် အနီးအပါးမှာရှိနေသော မြက်များကိုနုတ်၍ မြက်ဆုတ်ကလေးပြကာပြကာ နွားငယ်ကလေးကိုမျှား၍နေ၏။
ကြမ္မာငင်နေသော နွားငယ်ကလေးသည် မြက်ဆုပ်ကိုစားချင်ဇောနှင့် အနားရောက်အောင်ချဉ်းကပ်လာ၏။ လက်တစ်ကမ်းသို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ၀ိယောလသည် နွားငယ်ကလေးကို အမိအရဖမ်း၍ ချုပ်ကိုင်ထားလိုက်၏။
တစ်ဆက်တည်းပင်နွားကလေး၏ ပါးစပ်ကိုဖြဲလိုက်၏။ ပါးစပ်ပြဲလာသည်နှင့်တစ်ပြိုင်နက် နွားကလေး၏လျှာကိုအရင်းကဖြတ်ယူလိုက်လေတော့သည်။ သွေးတစက်စက်ယိုနေသော နွားကလေးလျှာကို မီးကျီးခဲရဲရဲမှာ ကင်၍ စားလိုက်ရသည်မှာ အရသာရှိလိုက်ပါဘိတော့။
လျှာပေါ်မှာခံစားလိုက်ရသည့် မြိုးမြိုးမြက်မြက်အရသာကလေးက ခဏမျှသာ။ ခဏတာအရသာကလေးကို အကြောင်းပြု၍ ပြစ်ဒဏ်ကိုကျခံရသည်က တစ်ညလုံးဖြစ်၏။ နေ၀င်ရီတရော အိမ်ပြန်ရောက်လာသည်နှင့်တပြိုင်နက် ၀ိယောလ၏တစ်ကိုယ်လုံးတွင် မီးကျီးခဲရဲရဲနှင့် အကင်ခံထားရဘိသကဲ့သို့ပြင်းထန်သည့် ဝေဒနာဒဏ်ကို ခံစားရ၏။
သူ့ခေါင်းပေါ်မှာလည်း သံတင်းပုတ်ကြီးနှင့်တဒုန်းဒုန်း အထုခံနေရ၏။ သို့သော် သံတင်းပုတ်ကြီးကိုကား မမြင်ရပါ။ မမြင်ရသောသံတင်းပုတ်၏ဒဏ်ချက်သည် မြင်ရသော သံတင်းပုတ်ထက်ပင် ပြင်းထန်လှပါ၏။ သူ့ရင်ဝမှာလည်း လှံမဖြင့်အထိုးခံထားရသဖြင့် စူးရှနာကျင်လွန်းလှ၏။
ဤမျှလောက်ပြင်းထန်လှသော လောလောဆယ်ဆယ်ငရဲဒုက္ခကြီးကို တစ်ညလုံးခံစားလာခဲ့ရ၏။ မုဆိုးအလုပ်ဖြင့်ကျွေးမွေးလာခဲ့ရသော သားမယားများသည် နံဘေးကပျာယာခတ်နေကြ၏။
သို့သော် ကျွေးမွေးစောင့်ရှောက်လာခဲ့သော အိမ်ထောင်ဦးစီး၏ ဝေဒနာဒဏ်ကိုကိုယ်စားဝင်၍ ခံစားရမည်ဆိုပါက တွန့်ဆုတ်ဆုတ်ဖြစ်နေကြမည်သာ။ သားတွေ ငါးတွေ ချက်ပြုတ်၍ စားသောက်ကြတုန်းကတော့ တရုန်းရုန်းတပြုံးပြုံး။ ထိုအပြစ်ဒဏ်တွေကို ခံကြစို့ဆိုတော့ ၀ိယောလ တစ်ယောက်တည်းပါလား။
ခလုတ်ထိမှအမိတသူထဲတွင် ၀ိယောလလည်းတစ်ယောက်အပါအ၀င်ဖြစ်၏။ အိမ်သူအိမ်သားများက ပြင်းထန်လှသည့်ဝေဒနာဒဏ်သက်သာအောင်မစွမ်းနိုင်ကြသဖြင့် စွမ်းနိုင်မည့်သူကိုတခြားမှာရှာကြံရပါတော့မည်။ ထိုအခါမှ တိဿဝိဟာရကျောင်းတိုက်မှ ရဟန်းသံဃာများကို သတိပြုမိပါတော့သည်။
ကာက၀ဏ္ဏတိဿမင်းကြီးထီးနန်းမစိုးစံမီကဆိုလျှင် မဟာဂါမသည် သီဟိုဠ်ကျွန်း၏မြို့တော်မဟုတ်သေးပေ။ အရံမြို့တော်အဆင့်သို့ပင်မရောက်သေးသဖြင့် ကျေးရွာကြီးအဖြစ်သာ သတ်မှတ်ထားခဲ့ကြရ၏။ ထိုရွာ၏အနီးအနားတွင် တိဿမဟာဝိဟာရကျောင်းတိုက်ကြီးတည်ရှိ၏။
မဟာဂါမရွာကြီးမှာနေထိုင်လာခဲ့သော ၀ိယောလသည် တိဿမဟာဝိဟာရကျောင်းတိုက်သို့ အရောက်အပေါက်မရှိသလောက်နေလာခဲ့၏။ သဒ္ဓါတရားမထက်သန်ခဲ့သည်ကတစ်ကြောင်း၊ မိမိအသက်မွေးဝမ်းကျောင်းနှင့်မဟပ်မိသည်ကတစ်ကြောင်းဖြင့် ကျောင်းကန်နှင့်ဝေးကွာ၍ နေခဲ့ရပေသည်။
ယခုတော့ ထိုကျောင်းထိုကန်နှင့်ဝေးကွာ၍ မနေနိုင်တော့ပြီ။ ရဟန်းသံဃာများကိုရှောင်တိမ်းနေ၍ မရနိုင်တော့ပြီ။ ဤလောလောဆယ်ငရဲဒုက္ခကြီးက လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်သည်မှာ ရဟန်းသံဃာတော်များသာရှိကြပေသည်။
ထို့ကြောင့်တိဿသည် ထိုတစ်ညတာလွန်မြောက်သည်နှင့်တစ်ပြိုင်နက် တိဿမဟာဝိဟာရကျောင်းတိုက်သို့ အလဲလဲအပြိုပြိုနှင့်လျှောက်လာခဲ့လေ၏။ တိဿဝိဟာရကျောင်းတိုက်မှ ရဟန်းများသည် ၀ိယောလမုဆိုးကြီး၏ဝေဒနာခံစားနေရပုံကိုဆင်ခြင်သုံးသပ်ကာ ပထမဦးစွာ ဒေ၀ဒူတသုတ္တန်တရားတော်ကို ဟောကြားကြ၏။ ဒေ၀ဒူတသုတ္တန်မှာ မကောင်းမှုပြုကျင့်ခဲ့ကြသူများ ဤဘ၀မှကွယ်လွန်သောအခါ ငရဲသို့ကျရောက်၍ အလွန်တရာဆင်းရဲပြင်းထန်လှသော ဒုက္ခဝေဒနာများကို ခံစားရပုံကို ထုတ်ဖော်ဟောကြားထားသော တရားတော်ဖြစ်ပေသည်။
အကုသိုလ်ကံအရငရဲကျရောက်၍ ဒုက္ခကြီးစွာခံစားရပုံများကိုဟောကြားပြီးသောအခါ ဒါနစသောကုသိုလ်ကောင်းမှုပြုခဲ့သူများအတွက် အထက်သုဂတိဘုံများသို့ တက်ရောက်ရပုံများကို ဆက်လက်ဟောကြားကြ၏။ ဤသို့သောတရားစကားများကို ကြားနာရသဖြင့် ၀ိယောလမုဆိုးကြီးခံစားနေရသော ဒုက္ခဝေဒနာများ ကင်းငြိမ်းသွားကြ၏။ ဤတွင်မှဝိယောလသည် ရတနာမြတ်သုံးပါးတို့၏ဂုဏ်ကိုမမှိတ်မသုန်ယုံကြည်ကာ မုဆိုးအလုပ်ကို လုံးလုံးကြီးစွန့်လွှတ်လိုက်လေတော့သည်။
တစ်နေ့သ၌ ၀ိယောလသည် အဖော်များနှင့်အတူတကွသမုဒ္ဒရာကမ်းစပ်သို့သွား၍ ရေချိုး၏။ ထိုအခါသမုဒ္ဒရာထဲက နဂါးကြီးတစ်ကောင်သည် ၀ိယောလကိုအခွေဖြင့် ပစ်၍ပတ်၍ဖမ်းပြီးလျှင် မိမိ၏ရွှေနန်းဗိမာန်သို့ခေါ်ဆောင်လာခဲ့၏။ ရွှေနန်းဗိမာန်သို့ရောက်သောအခါနဂါးကြီးသည် မကြောက်မရွံ့ရဲဝံ့စွာလိုက်ပါလာခဲ့သော ၀ိယောလကိုတအံ့တသြကြည့်ရှု့ကာ ``အို မိတ်ဆွေ အသင်ဟာ နဂါးပြည်ကိုရောက်လာပါလျက် ဘာကြောင့်များသေမည့်ဘေးကို တွေးပြီးမကြောက်ရပါသလဲ´´ဟု မေးမြန်းလေရာ
``အဆွေနဂါးမင်း၊ မကြောက်ရခြင်းအကြောင်းရင်းကတော့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဒေ၀ဒူတသုတ္တန်တရားတော်ကို ကြားနာထားရလို့ဖြစ်ပါတယ်။ ဒေ၀ဒူတသုတ္တန်တရားတော်ဟာ ဘေးဥပဒ်အန္တရာယ်အပေါင်းကို ကောင်းကောင်းကြီးချေဖျက်နိုင်ပါတယ်။ ဒါကြောင့်ဒီသုတ္တန်တရားတော်ကြီးရဲ့ ဂုဏ်ကျေးဇူးကိုအောက်မေ့နေတာမို့ ဘာကိုမှမကြောက်ရွံ့တော့ပါ´´။
``အို-မိတ်ဆွေ၊ အံ့သြစရာကောင်းလိုက်ပါဘိ။ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ဒေ၀ဒူတသုတ္တန်တရားတော်ကို ငါတို့လည်းကြားနာလိုပါတယ်´´။
ဤသို့နဂါးမင်းကတောင်းပန်လိုက်သဖြင့် ၀ိယောလသည် ရဟန်းများထံမှကြားနာထားခဲ့ရသည့်အတိုင်း ဒေ၀ဒူတသုတ္တန်ကိုလုံးစေ့ပါဌ်စေ့ဟောပြလိုက်၏။ ကျူးလွန်မိသောအကုသိုလ်ကံအရ ငရဲသို့ကျရောက်၍ အပြစ်ဒဏ်ခံစားရပုံများကို ကြောက်ခမန်းလိလိထုတ်ဖော်တင်ပြ၏။
ဤသို့ဒေ၀ဒူတသုတ္တန်တရားတော်ကြီးကို ဟောကြားပြီးမှ ``အဆွေနဂါးမင်း၊ လူကြီးမိဘ၊ ဆရာသမားများက ရဲရဲတောက်နေတဲ့ ဒီအရာဝတ္ထုဟာ မီးလို့ပြောပြထားပါလျက် မယုံကြည်သူတစ်စုံတစ်ယောက်က လက်နဲ့ကိုင်လိုက်မယ်ဆိုရင်၊ ခြေနဲ့နင်းလိုက်မယ်ဆိုရင် အဲဒီသူဟာ ကြမ်းတမ်းပြင်းထန်တဲ့ ဝေဒနာကိုခံစားရပါလိမ့်မယ်။ ဒါကြောင့်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကို ယုံကြည်လေးစားသင့်ပါတယ်။ ယုံကြည်သဒ္ဓါဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူဟာ တပ်မက်စရာ၊ တွယ်တာစရာမဟုတ်တဲ့ အကုသိုလ်အလုပ်ကို ရှောင်ကြဉ်တာကြောင့် အပါယ်ငရဲက လွတ်မြောက်ရပါတယ်။ ခဏတာအရသာကလေးခံစားနိုင်ရေးကို အကြောင်းပြုပြီး တစ်ခဏတာလေးအတွင်း ပြုခဲ့မိတဲ့ မကောင်းမှုရဲ့အပြစ်ဒဏ်ကို ခံကြရတဲ့အခါမှာတော့ ကမ္ဘာများစွာကြာမြင့်လှပါတယ်။ ဒီလိုခံစားရတဲ့အကြောင်းမှန်ကိုဧကန်သိမြင်ထားတဲ့လူတစ်ယောက်ဟာ လူ့ဘောင်လောကမှာ စားဝတ်နေရေးအခက်အခဲတွေဘယ်လောက်ကြီးရှိနေပါစေ၊ အကုသိုလ်အမှုကိုတော့ ပြုဝံ့တော့မည်မဟုတ်ပါ။ ဒါလောက်တောင်ကြောက်စရာကောင်းနေပါလျက် ဆက်လက်ပြီး ပြုဝံ့နေသူများကတော့ အမှောင်တိုက်ကြီးဖုံးလွှမ်းနေလို့သာဖြစ်ပါတယ်။ ဒါလောက်တောင်စွမ်းအားကြီးနေတဲ့ အမှောင်တိုက်ကြီးကတော့ အံ့သြစရာကောင်းလှပါပေရဲ့။ ဒီလိုအမှောင်တိုက်ကြီးဖုံးလွှမ်းထားလို့သာ လူတွေဟာချမ်းသာသုခကို အလိုရှိပါလျက် ဆင်းရဲစေကြောင်းမကောင်းမှုတို့ကို ပြုကျင့်မိကြပါတော့တယ်။ ဒါဟာမှန်ကန်တဲ့သစ္စာတရားဖြစ်ပါတယ်။ မကောင်းမှုအကုသိုလ်ကံဟာ မကောင်းတဲ့အကျိုးကို ဧကန်မုချပေးပါတယ်။ ဒါကြောင့် မကောင်းမှုကိုကြောက်ထိုက်ပါတယ်။ အပါယ်ဒုက္ခကို ကြောက်တယ်ဆိုရင် အပါယ်မကျအောင်ကယ်တင်စောင့်ရှောက်တဲ့ ကုသိုလ်ကောင်းမှုကိုကြိုးစားပြီး ပြုသင့်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ အိုးနှစ်လုံးရှိနေတယ်ဆိုပါစို့။ အိုးတစ်လုံးထဲမှာ လောလောလတ်လတ်သေစေတတ်တဲ့ အဆိပ်ရှိနေတယ်။ အခြားအိုးတစ်လုံးထဲမှာတော့ အမြိုက်အရသာရည်များရှိနေတယ်။ ပညာမျက်စိကန်းလို့ ရမ်းကားတတ်တဲ့ ယောက်ျားဟာအမြိုက်ရည်အိုးကို သွန်ပစ်ပြီး အဆိပ်ရေကိုသောက်မိပါက အကျိုးမဲ့ပျက်စီးရပါလိမ့်မယ်။ ဒီလိုပါပဲ။ ရခဲလှတဲ့လူ့ဘ၀ကို ရလာတဲ့လူတိုင်းမှာ အကုသိုလ်အမှုကိုပြုလုပ်နိုင်တဲ့ အခွင့်အလိမ်းများနဲ့လည်း ကြုံကြိုက်ကြရပါတယ်။ ကုသိုလ်ကောင်းမှုပြုလုပ်နိုင်တဲ့ အခွင့်အလမ်းများနဲ့လည်း ကြုံကြိုက်ရပါတယ်။ ဒီလိုအခွင့်အလမ်းနှစ်မျိုးနဲ့ကြုံကြိုက်ရာမှာ ကောင်းရာကိုကျောခိုင်းပြီး မကောင်းတဲ့ဘက်ကိုလိုက်မှားမိရင်တော့ အပါယ်လေးပါးလားရောက်ရပါလိမ့်မယ်။´´
ဤသို့အားဖြင့်ဆရာတော်အရှုင်မြတ်များ ဟောကြားခဲ့သည့်အတိုင်း ၀ိယောလကတစ်ဆင့်ဟောကြားလိုက်ရာ နဂါးကြီးသည်အလွန်တရာအားရကျေနပ်လှသဖြင့် အလိုရှိသမျှပေးနိုင်စွမ်းရှိသော ဣစ္ဆာသယပတ္တမြားရတနာကိုပေးပြီးလျှင် လူ့ပြည်သို့ပြန်ပို့လိုက်လေသည်။ မိမိအိမ်သို့ပြန်ရောက်သောအခါ ၀ိယောလသည် ဣစ္ဆာသယပတ္တမြားရတနာ၏စွမ်းအင်ကို စမ်းသပ်သောသဘောဖြင့် မိမိအိမ်ထောင်အတွက်လိုအပ်သမျှပစ္စည်းအသုံးအဆောင်များကို တောင့်တကြည့်လိုက်၏။ တောင့်တသည့်တစ်ခဏတွင်းမှာပင် လိုအပ်သမျှအ၀၀ပြည့်စုံစွာပေါ်ပေါက်လာကြ၏။
ဝိယောလသည် ထိုသို့ပေါ်ပေါက်လာသော ပစ္စည်းများဖြင့်အလှူတော်ကြီးများပေး၍ ချမ်းသာစွာနေထိုင်လာခဲ့၏။ ထိုသို့လိုလေသေးမရှိ နေထိုင်လာခဲ့ရသော်လည်း အသက်အရွယ်ကြီးရင့်လာသောအခါတွင်မူ ထိုစည်းစိမ်များကို ငြီးငွေ့လာ၏။ ထို့ကြောင့်ဣစ္ဆာပတ္တမြားရတနာကိုသားမယားများထံပေးအပ်ပြီး တိဿဝိဟာရကျောင်းတိုက်သို့ သွား၍ ရဟန်းပြုလေသည်။ ထို့နောက်ရဟန်းတော်ဝိယောလသည် ဒေ၀ဒူတသုတ္တန်တရားတော်ကို ထပ်မံနာကြား၍ ၀ိပဿနာကမ္မဋ္ဌာန်းစီးဖြန်းလေရာမကြာမီမှာပင် အရဟတ္တဖိုလ်သို့ဆိုက်ရောက်လေသည်။
ဝိယောလလုဒ္ဒ၀တ္ထု
ဓမ္မပန်းခင်းမှ စာစီစာရိုက်ဓမ္မဒါနပြုပါသည်။
https://dhammapankhin2.blogspot.com
Labels:
story
Subscribe to:
Post Comments (Atom)
No comments:
Post a Comment