▪️ဗောဓိထေရီမကို ဣသိဒါသီထေရီမက
အတိတ် ပစ္စပ္ပာန်သူ့ဘဝဇာတ်ကြောင်းလေးကို
ပြောပြလိုက်ခြင်းပါ၊ဣသိဒါသီ ထေရီမဟာ
ဂေါတမမြတ်စွာဘုရားရဲ့လက်ထက်မှာ
အဝန္တိတိုင်းဥဇ္ဇေနီသူဌေးတစ်ဦး၏ သမီး
အလှလေးတစ်ယောက်ပါ။
▪️ရှင်မ ဗောဓိထေရီ တပည့်တော်မဟာ
လူ့ဘဝတုန်းက အဝန္တိတိုင်းဥဇ္ဇေနီ
သူဌေးတစ်ဦး၏ ယောက်ျားတွေ
အသဲစွဲတဲ့သူဌေးသမီးတစ်ယောက်ပါ၊
တပည့်တော်မကို လာရောက်ဆက်ကြသော
ယောက်ျားများစွာထဲမှသာကေတ
သူဌေးသားတစ်ယောက်နဲ့တပည့်တော်မ
လက်ထပ်အိမ်ထောင်ကျခဲ့ပါတယ်၊
တပည့်တော်မဟာ လင်တော်မောင်နောက်ကို
လိုက်ပြီး မယားကျင့်ဝတ်တရားနဲ့
အညီနေခဲပါတယ်၊လင်တော်မောင်နဲ့
ယောက္ခမတွေကိုလည်ကောင်းစွာ
လုပ်ကျွေးပါတယ်၊သို့သော် တပည့်တော်မဟာ
လင်တော်မောင်နဲ့ရေရှည်မပေါင်းခဲ့ရပါဘူး၊
တစ်လလောက်ကြာတော့
လင်တော်မောင်ရဲ့နှင်ထုတ်ရက်စက်ခြင်းကိုခံခဲ့ရ၊အသဲတွေကွဲခဲ့ရ၊အရှက်တွေကွဲခဲ့ရပါတယ်။
▪️ဒါဟာတပည့်တော်မရဲ့ မယားကျင့်ဝတ်တရားတွေပျက်ကွက်မှုကြောင့်မဟုတ်ဘူးဆိုတာ
တပည့်တော်မပြောရဲပါတယ်၊တာဝန်ယူပါတယ်၊
သာကေတသူဌေးသားရဲ့နှင်ထုတ်ခြင်းကို
ခံခဲ့ရတော့တပည့်တော်မဟာ
ကြွယ်ဝသော ယောက်ျားတစ်ယောက်နဲ့
လက်ထပ်ခဲ့ပြန်ပါတယ် ရှင်မ ဗောဓိထေရီ၊
အဲဒီသူဌေးသားနဲ့လက်ထပ်ပြီးနောက်
တစ်လကြာသော်တပည့်တော်မကို
ရှေးကယောက်ျားလိုပဲနှင်ထုတ်ခံရပါတယ်။
တပည့်တော်မဟာ မယားကျင့်ဝတ်တရားကို
ကျေပွန်စွာလုပ်ဆောင်ခဲ့သော်လည်း
မိဘထံသို့ပြန်ပို့ခံရပြန်ပါတယ်၊ဒါပေမယ့်
ဒီအဖြစ်အပျက်တွေကတပည့်တော်မရဲ့
ဝဋ်ကြွေးကြောင့်ဖြစ်လိမ့်မယ်လို့သတိမထားမိခဲ့ပါဘူး၊
တပည့်တော်မ လင်ယောက်ျားပစ်မိန်းမမုဆိုးမဘဝနဲ့ကျင်လည်ခဲ့ရပါတယ်၊ဘယ်သူမှ ဒီအဖြစ်ကို
မလိုချင်ကြပါဘူး၊ ဒါပေမယ့်တပည့်တော်မဟာ
ဒီအဖြစ်အပျက်ကို ခံစားခဲ့ရပါတယ် ရှင်မဗောဓိထေရီ။
▪️နောက်တစ်ကြိမ် တပည့်တော်မလင်တစ်ယောက်
ရခဲ့ပြန်ပါတယ်၊ သူကတော့
အိမ်ပေါက်စေ့တောင်းစားနေတဲ့ သူတောင်းစား
တစ်ယောက်ပါပဲသူကပိုဆိုးပါသေးတယ်၊
တပည့်တော်မလို သူဌေးသမီးကို
တစ်လတောင်မပေါင်းချင်ပါဘူး တစ်လမပြည့်ဘဲ
လဝက်မှာတင်နှင်ထုတ်တာပဲ၊
တပည့်တော်မကိုပစ်ထားခဲပါတယ်၊ရှင်မရယ်၊
အဲဒီတော့တပည့်တော်မဟာ
ကိုယ့်ကိုကိုယ် ပြန်စဉ်းစားမိလာခဲ့ပါတယ်၊
လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ချက်
ချခဲ့ပါတယ်၊ ငါဟာ ရုရည်ရူပကာယနဲ့ပြည့်စုံတဲ့အမျိုးသမီးကောင်းလည်းဖြစ်တယ်၊ချမ်းသာတဲ့သူဌေး
သမီးလည်းဖြစ်တယ်၊မယားကျင့်ဝတ်တရားနဲ့လည်း
ပြည့်စုံစွာလည်းနေထိုင်ခဲ့တယ်၊ ဒါပေမယ့်
ယောက်ျားတွေရဲ့စွန့်ပစ်ခြင်းကိုခံရတယ်၊
အဆိုဆုံးက အိမ်ပေါက်စေ့တောင်းစားနေတဲ့
သူတောင်းစားကသော်မှငါ့ကိုဇနီးမယားအဖြစ်
လက်မခံနိုင်ဘူး၊ ငါဘာမှားနေလို့လဲ အများကြီး
စဉ်းစားခန်းဝင်ခဲ့ရပါတယ်၊ သတိပြုမိပါပြီ၊ငါဟာ
ဒီဘဝမှာ မှားတာမရှိပေမယ့်
အတိတ်ဘဝတွေက မှားခဲ့လို့ဒီဘဝမှာ
အဲဒီအမှားတွေ ခံစားနေရတာနေမှာ
ဒါဟာ သေချာတယ်၊ ငါဘာလုပ်ရမလဲ၊ငါ ဒီအတိတ်ဘဝကအမှားတွေကိုဘယ်လိုဆေးကြောရမှာလဲ၊
သာသနာဘောင်သို့ဝင် ရဟန်းမပြု၍
တရားအားထုတ်ပြီး ဆေးကြောရုံမှ လွဲပြီး
တစ်ခြားနည်းလမ်းငါ့မှာမရှိတော့ပြီ၊
ငါ မြတ်စွာဘုရားရဲ့သာသနာတော်မှာ
ရဟန်းမပြုရမယ်။
▪️မြတ်စွာဘုရားသည်သာ ငါ့ရဲ့အားကိုးရာရ၊
တရားတော်သည်သာငါ့ရဲ့အားကိုးရာ၊
သံဃာတော်သည်သာငါ့ရဲ့အားကိုးရာ၊
မြတ်စွာဘုရားဆီအရောက်သွားပြီးရဟန်းမပြုမယ် လို့
တပည့်တော်မဟာ ဆုံးဖြတ်ခဲ့ပြီး၊
မိဘတွေကိုခွင့်တောင်း၊မြတ်စွာဘုရားဆီမှာ
ရဟန်းမပြုခဲ့တာခုထိတိုင်ပါပဲ၊ရှင်မ ဗောဓိထေရီ။
ဣသိဒါသီထေရီ ဆိုတာ ရဟန္တာထေရီမပါ၊
ရဟန္တာမ ဖြစ်မယ့်သူကိုသော်မှသူ့ရဲ့အတိတ်မှ
ဖောက်ပြားခဲ့မှုတွေက သူ့ကို
လိုက်ပြီးဒုက္ခပေးနေတာပါ၊
သာမန်လူတွေဆိုရင် အဘယ်မှာပြောစရာရှိအံ့ပါနည်း၊အကုသိုလ်အမှုဆိုတာနည်းနည်းလုပ်တာပဲဖြစ်ဖြစ်၊
များများလုပ်တာပဲဖြစ်ဖြစ်၊ပြေးမလွတ်ပါဘူး၊
ကိုယ်လုပ်တဲ့အကျိုးကိုခံစားရမှာကျိန်းသေပါပဲ၊
ဣသိဒါသီထေရီ ရဟန္တာမဟာ
အတိတ်ဘဝတုန်းကဘာတွေလုပ်ခဲ့လို့
လင်ယောက်ျားတွေရဲ့စွန့်ပစ်ခြင်းကို
ခံရတာလဲ၊ အတိတ်ကမကောင်းမှုတွေဟာ
ဘာတွေလဲ။
ရှင်မ ဗောဓိထေရီ တပည့်တော်အခုတော့ တပည့်တော်မရဲ့အတိတ်ကမကောင်းမှုကို သိခဲ့ပါပြီ၊
တပည့်တော် ယခုလက်ရှိဘဝ၌မဖြစ်ခင်
တစ်ခုသော ဘဝမှာ ဧရကစ္ဆအမည်ရှိသောမြို့
တစ်မြို့မှာ ရွေပန်းတိမ်သည်ယောက်ျားဖြစ်ဖူးပါတယ်၊
အရှင်မ၊အဲဒီ ရွေပန်းတိမ်ဘဝ၌ မကောင်းသော
သူတို့နှင့်ပေါင်းသင်းမိ၍ သူတစ်ပါးမယားကို
လွန်ကျူးခဲ့မိပါတယ်၊ အဲဒီဘဝပြီးတော့
အဝီစိငရဲ၌ နှစ်ပေါင်း များစွာခံစားခဲ့ရပါတယ်၊
အဝီစိငရဲမှလွတ်လာပြီးတော့ မျောက်ဘဝမှာ
လာဖြစ်ပါတယ်၊အဲဒီမျောက်ဘဝ၌လည်း
ကာမေသုမိစ္ဆာရ ကအကုသိုလ်ကံကြောင့်
အင်္ဂါဇာတ်ကို အထုတ်ခံရပါတယ်။
မျောက်ဘဝမှလွတ်၍ သိန္ဓဝတိုင်း တောအရပ်၌
ကန်းလည်းကန်းခွင်လည်းခွင်သော
ဆိတ်မတစ်ကောင်၏ ဝမ်းဗိုက်၌ ပဋိသန္ဓေနေ၍
အရွယ်ရောက်သောအခါ၌ အင်္ဂါဇာတ်ကို
အထုတ်ခံရပါတယ်၊ဆိတ်ဘဝမှနေ နွားဘဝမှာ
ဖြစ်ပြန်ပါတယ်နွားဘဝမှားလည်း အင်္ဂါဇာတ်ကို
အထုတ်ခံရပါတယ်။
▪️ထိုနွားဘဝမှနေပြီး
သန္ဓိပါရတိုင်း ကျွန်မတစ်ယောက်ရဲ့အိမ်၌ နပုံးပဏ္ဍုတ်၊ယောက်ျားလည်းမဟုတ်
မိန်းမလည်းမဟုတ် ဖြစ်သောသူ ဖြစ်ခဲ့ရပါတယ်၊
ထိုဘဝမှတစ်ဖန် အကြွေးထူသော
လှည်းကုန်သည်တစ်ဦး၏ သမီးဖြစ်ပြန်ပါတယ်၊
အရွယ်ရောက်လာသောအခါ
လှည်းကုန်းသည်တစ်ဦးရဲ့သား ဂိရိဒါသ ကမယား
အဖြစ်သိမ်းပိုက်ခံရပါတယ်၊
ဂိရိဒါသ ဆီမှာလည်း မယားငယ်အဖြစ်နဲ့သာ
ဖြစ်ခွင့်ရပါတယ်၊သူ့မှာ သီလရှိသော မယားကြီး
တစ်ယောက်ရှိပါတယ်၊ အဲဒီသီလရှိသောမယားကြီးနဲ့
ဂိရိဒါသ ယောက်ျား ကို မယားကြီးနဲ့ကွဲသွားအောင် အမျိုးမျိး အဖုံဖုံလုပ်ကြံကုန်းတိုက်ခဲပါတယ်၊
အဲဒီမကောင်းကံတွေက သံသရာတောက်လျှောက်
မကောင်းကျိုးတွေပေးလာကြတာဖြစ်တယ်၊
အခုရဟန္တာဖြစ်မယ့်ဘဝမှာတင်
လင်တွေရဲ့စွန့်ပစ်ခြင်းကို သုံးကြိမ် သုံးခါ
ခံစားခဲ့ရပါတယ်၊ကာမေသုမိစ္ဆာစာရ ကံ
ယောက်ျားဖြစ်သည် မိန်းမဖြစ်သည်
သူတစ်ပါးသားမယားနှင့်ဖောက်ပြန်ကြသော
မကောင်းကံဟာ တော်တော်ကြောက်စရာ
ကောင်းတာပဲ ရှင်မ ဗောဓိထေရီ။
▪️ဣသိဒါသီ အရဟန္တာထေရီမဟာ သူ့ရဲ့
အတိတ်ဘဝနဲ့ပစ္စုပ္ပာန်ဘဝရဲ့
ဆက်စပ်မှု သူမပြုလုပ်ခဲ့သောမကောင်းမှုတွေ
ပောပြနေခြင်းဖြစ်ပါတယ်၊
ဒီဘဝမှာသူမအတွက်နောက်ဆုံးဘဝပါ၊သူမဟာ
နောက်ထပ်ဘဝသစ်ဖြစ်ရန်အကြောင်းမရှိတော့ဘူး၊
ကာမေသုမိစ္ဆာစာရ သူတစ်ပါးသားမယားသို့
ဖောက်ပြန်သွားလာခြင်းဟာ အင်မတန်ကြောက်စရာ
ကောင်းပါလားလို့ဣသိဒါသီထေရီ ပြောပြနေတာကို
ကြည့်ခြင်းအားဖြင့် သိနိုင်မြင်နိုင်ပါတယ်၊
ခေတ်ရေစီးကြောင်းပြောင်းလဲလာတာနဲ့အမျှ ဒီလိုကျူးလွန်မှုတွေမကြာခဏဆိုသလို
မြင်တွေ့ကြားလာရပါတယ်၊ ဗုဒ္ဓဘာသာ
အမျိုးကောင်းသား အမျိုးသမီးကောင်းတို့
အနေဖြင့် ဒီကာမေသုမိစ္ဆာစာရကံကိုတော့
လုံခြုံအောင်ထိန်းသိမ်းသင့်ပါတယ်။
▪️ကာမေသုမိစ္ဆာစာရကံ သူတစ်ပါးသားမယား
လွန်ကျူးခြင်းရဲ့အပြစ်များ
လွန်ကျူးသောဘဝမှသေပြီးနောက်
အဝီစိငရဲ၌ဖြစ်ရပါတယ်၊
၁ ။လူမုန်းများခြင်း၂။ရန်သူများခြင်း
၃။ပစ္စည်းဥစ္စာရှားပါးခြင်း
၎။ချမ်းသာသုခမှကင်းဆိတ်ခြင်း၊
၅။ ဒီဘဝမှာယောက်ျားဆိုလျှင်နောက်ဘဝတွေမှာ
မိန်းမဖြစ်ရခြင်း၊၆။မိန်းမမဟုတ် ယောက်ျားမဟုတ်
နပုံးပဏ္ဍုတ်(ယောက်ျားရှာ မိန်းမရှာ)
ဖြစ်ရခြင်း၊၇။အမျိုးယုတ် ဖြစ်ရခြင်း၊
၈။မျက်နှာပျက်အရှက်တကွဲဖြစ်ရခြင်း၊
၉။မျက်စိနားနှာ ကိုယ်လက်အင်္ဂါချို့ယွင်းရခြင်း၊
၁၀။စိုးရိမ်သောကများရခြင်း၊
၁၁။ချစ်သောသူတို့နဲ့ကွဲရခြင်း အကျိုးတို့ဖြစ်ပါတယ်၊
သတိထားရှောင်ကြည်နိုင်မှ တော်ကာကျမည်၊
ရှောင်ကြည်နိုင်ကြပါစေလို့။
(ထေရီဂါထာ အဋ္ဌကထာ၊ စတ္တာလီသနိပါတ၊
ဣသိဒါသီထေရီဂါထာဝဏ္ဏနာ၊
ဣသိဒါသီထေရီဝတ္ထုကို
ကိုးကားရေးသားမျှဝေခြင်းဖြစ်ပါတယ်၊)
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
No comments:
Post a Comment