နတ်သားတစ်ယောက်ကမေးတာကို
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။
အမေး
ကိံသု ယာဝဇရာ သာဓု
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ?
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၁) မေးခွန်းပါ။
ဘုရားရှင်အဖြေကို မသိခင် ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။
မြန်မာပြည်အိမ်တစ်အိမ်မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့
ဒကာကြီးက
“တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ” တဲ့။
အဖြေကို သဘောကျလို့ ပြုံးလိုက်မိတယ်။
“သားသမီးတွေကို အမြဲတမ်း အိုသည့်တိုင်အောင် အားမကိုးရဘူး။
အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။
ကိုယ့်ဇနီးမယားကသာ အိုသည့်တိုင်အောင် နောက်ဆုံးသေသည့်တိုင်အောင်
ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး ဆေးပေးမီးယူ လုပ်ပေးဖော်ရတာ” လို့
ဒကာကြီးက ပြောချင်တာဖြစ်မှာပါ။
အဲ့ဒကာကြီးရဲ့သားကတော့
အိုသည့်တိုင်အောင် ကောင်းတာက ပိုက်ဆံပါတဲ့။
ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင်
အိုသည့်တိုင်အောင် ဘာမဆို လုပ်လို့ရတာဖြစ်လို့
အိုသည့်တိုင်အောင် ကောင်းတဲ့အရာဟာ ပိုက်ဆံလို့ပြောရတာပါ တဲ့။
ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို
စိတ်ချမ်းသာမှုလို့ ယူဆပါတယ်တဲ့။
သူပြောတာက ဟုတ်သလိုလိုတော့ ရှိပါတယ်။
ဒါပေမဲ့ ဒါဟာ အကျိုးတရားကြီးပဲ။
စိတ်ချမ်းသာမှုဖြစ်ပေါ်လာအောင် ဘာတွေ လုပ်ရမှာလဲ။
အကြောင်းတရားကို ရှာရအုံးမှာပါ။
ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ဘုရားရှင်ရဲ့ အဖြေက
သီလံ ယာဝ ဇရာ သာဓု၊ သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။
ဘုရားရှင်ရဲ့ ဒီအဖြေကို ဖတ်ပြီး အတော်စဉ်းစားဖြစ်တယ်။
သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။
တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါးသီလကို ရွတ်ဆိုမိတယ်။
သူတပါးအသက်မသတ်နဲ့၊
သူ့ဥစ္စာမခိုးနဲ့၊
သူ့အိမ်ယာ မပြစ်မှားနဲ့၊
လိမ်မပြောနဲ့၊
မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကို မသောက်နဲ့၊ မသုံးစွဲနဲ့။
ဒီငါးပါးသီလက အခြေခံ လူ့ကျင့်ဝတ်ဖြစ်တယ်။
လူတိုင်းစောင့်ထိမ်းရမဲ့ သီလဖြစ်တယ်။
ဒီသီလက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တယ်။
အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမယ့် ဒီသီလကို မစောင့်ထိန်းရင်
အိုသည့်တိုင်အောင် မကောင်းနိုင်ဘူးလို့ ပြောင်းပြန်တွေးမိတယ်။
တချိန်တည်းမှာပဲ ရွာက အရက်သမားဦးသာမောင်ကို သတိရမိတယ်။
အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။
လူအိုအရွယ် ဇရာပိုင်းရောက်နေပြီ။ အရက်က သောက်တုန်း။
အကျိုးဆက်အနေအားဖြင့် သူ့ကို ဘယ်သူမှ မလေးစားဘူး။
သာရေး နာရေး ထမင်းစားဝိုင်းတွေမှာလည်း သူဘယ်တော့မှ
လူကြားသူကြား၊ လူတော သူတော မတိုးဘူး။ တိုးပြီး အစားအသောက် မစားရဲဘူး။
သူများတွေပြီးမှ ချောင်ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။
သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ
ငယ်ငယ်ကတည်းက အရက်သောက်လာတာ။
အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။
ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ အသက်သုံးဆယ်ကျော်အရွယ်တိုင်အောင်
လူမှန်းသူမှန်းမသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင်
ဦးသာမောင်လို အသက်ခြောက်ဆယ်အရွယ်အထိ သားမေ့ မယားမေ့
ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင်
ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။
အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ
(ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ်ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင်
တရားနာ မသွားဝံ့တော့ဘူး။ သွားဝံ့သည် ထား၊
နောက်ဆုံးတန်းမှာ ခပ်ကုတ်ကုတ်နဲ့ နာရတော့မှာ။
လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့
ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။
ဒါ့ကြောင့် လူ့လောကကြီးမှာ အိုသည့်တိုင်အောင် ကောင်းတာဟာ
ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။
သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲ လို့ ထပ်ဆင့်းနားလည်လိုက်ပါတယ်။
နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက
ကိံသု သာဓု ပတိဋ္ဌိတာ -
(ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။
အင်္ဂလိပ်လိုဘာသာပြန်ထားတာကတော့
What is suitable to be established in? တဲ့။
ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ
ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့
ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ထင်ပါတယ်။
ဘုရားရှင်ရဲ့ အဖြေက
သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။
သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ်ပေါ့။
သဒ္ဓါဆိုတဲ့ပုဒ်အဓိပ္ပါယ်ကို
အခြားအခြားသောဆရာတော် သမားတော်ကြီးတွေရဲ့ ဖွင့်ဆိုချက်ကို
ခဏမေ့ထားပြီး ကိုယ့်နည်းကိုယ့်ဟာနဲ့ ဖွင့်ဆိုနားလည်ကြည့်ရအောင်။
သဒ္ဓါဆိုတာက (ဘာသာရေး) ယုံကြည်မှုကိုပြောတာ။
ဘာသာရေးလိုက်စားမှ ဘာသာရေးကို ယုံကြည်မှာ၊
ဘာသာရေးလိုက်စားမှုဆိုတာ
ဘာသာရေးကျင့်ဝတ်တွေကိုလေ့လာပြီး
ကျင့်ကြံတာကို ပြောတာ၊ ကိုင်းရှိုင်းတာကို ပြောတာပါ။
သဒ္ဓါဆိုတာကို အဖြောင့်အားဖြင့် နားလည်လွယ်အောင် ဘာသာပြန်ဆိုရရင်
ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါပဲ။
ဘာသာရေးကိုင်းရှိုင်းဘို့ ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုတာ
ရင်ထဲ နှလုံးသားထဲ ဦးဏှောက်ထဲ အလိုလိုရောက်လာတာမဟုတ်ဘူး၊
အလိုလိုပေါ်ပေါက်လာတာ မဟုတ်ဘူး။
တည်ဆောက်ယူရတာ။ ဆောက်တည်ယူရတာ။ ကြိုးစားယူရတာ။
ဒါ့ကြောင့် ဘုရားရှင်က
သဒ္ဓါ သာဓု ပတိဋ္ဌိတာ
ဘာသာရေးကိုင်းရှိုင်းမှုကို တည်ဆောက်ယူပါ၊
(မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို)
ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ကြံနိုင်ဘို့ တည်ဆောက်ယူပါတဲ့။
ဟုတ်တယ်။ အရက်သောက်ဖို့၊ ဒစ္စကိုသွားဘို့၊
Pub သွားဘို့ဆိုရင် အထူးအားထုတ်စရာမလိုပါဘူး။
အထူးကြိုးစားစရာမလိုပါဘူး။
အလွယ်တကူပဲ။ အသံကြားတာနဲ့ ခြေက လှမ်းပြီးနေပြီ။ ခြေဦးက လှည့်ပြီးနေပါပြီ။
အဲ၊ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင်
အထူးကို ကြိုးစားရတယ်။ အားစိုက်ရတယ်။
ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို
ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာဝင်တဲ့ ဘာသာရေးဆန်တဲ့အလေ့အကျင့်မျိုးဆိုရင်
ကြိုးစားရတယ်။ အားထည့်ရတယ်။
ဒီလိုအလေ့အကျင့်မျိုး နှစ်ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့
ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရပါတယ်။
မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်ကို နှစ်ပေါက်လုပ်ထားပေမယ့်
ကြားထဲမှာ အကြောင်းကြောင်းကြောင့် နှစ်ရက်လောက်ပျက်ကွက်သွားရင်
(ကောင်းတဲ့အလုပ်ဆိုတော့) ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရတယ်။
ဒါ့ကြောင့်မို့လည်း ဘုရားရှင်က
ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှုသဘောတရား၊
ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှုသဘောတရားကို တည်ဆောက်သင့်ပါတယ်
ကြိုးစားသင့်ပါတယ်လို့ ပြောထားတာဖြစ်မှာပါ လို့ ထင်မြင်ယူဆမိပါတယ်။
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။
အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း
ဒီနတ်သားမေးတဲ့ မေးခွန်းကို ဒကာကြီးတစ်ဦးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား လို့ ဖြေပါတယ်။
သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပါပဲ။
ဒါပေမဲ့ နတ်သားမေးတဲ့ မေးခွန်းမှာပါတဲ့ လူဆိုတာ
ဗုဒ္ဓဘာသာဝင်တွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင် အခြားလူမျိုးအားလုံးကို ရည်ညွှန်းတယ်လို့ ဆိုရမှာပါ၊
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီလူတွေအတွက်
ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။
ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။
“လူသားအားလုံးတို့၏ ရတနာသည် အဘယ်အရာဖြစ်ပါသနည်း” ပေါ့။
ဘုရားရှင်ရဲ့ အဖြေက
ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ပညာဟာ ဘယ်လူမျိုးအတွက်မဆို
ဘယ်ဘာသာဝင်အတွက်မဆို ရတနာပါ။
သဒ္ဓါ - ယုံကြည်မှု၊ ပညာ - ခွဲခြမ်းစိတ်ဖြာသိမှုကို ဒီနေရာမှာ တွဲပြီးပြတော့
ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။
အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့
ပညာလဲ ပါရမယ်လို့ သဘောပေါက်နားလည်မိပါတယ်။
ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာမို့လား။
မှန်ပါတယ်။
ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ) တရားဟာ အကြည်ညိုမှားတတ်ပါတယ်။
ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။
တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။
တစ်ခုက တစ်ခုထက်ပိုလွန်သွားရင် မကောင်းတတ်ပါဘူး။
မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုဟာ
သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအားနည်းတယ်လို့ ဆိုရမလားပဲ။
ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။
မှား၏ မှန်၏ မဝေဘန်ကြပါဘူး။
ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင်
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး
မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ
မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့
မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။
စာရေးသူအနေနဲ့ မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့
အတော်စိတ်မသက်မသာဖြစ်မိတယ်။
ဘယ့်နှယ်၊ မြွေက ဘုရားဖြစ်သွားရတာတုန်း၊
ဘုရားက မြွေဖြစ်သွားရတာတုန်း လို့ ချက်ချင်း အတွေးဝင်လာမိပါတယ်။
နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့
ရိုက်စားလုပ်ထားမှန်းသိရတယ်။
ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလည်း ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက
ဝေဘန်ဆန်းစစ်မှုမရှိပဲ အလွယ်တကူလက်ခံယုံကြည်လိုက်ကြတာပါပဲ၊
ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး
စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။
စာပေမှာတော့
ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။
အဓိပ္ပါယ်က
ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ
မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊
ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညိုတတ်၏ တဲ့။
အနောက်နိုင်ငံသား အများစုကတော့ ပညာအားကြီးပြီး
သဒ္ဓါတရားအားနည်းတယ်။
သိဒ္ဓတ္ထမင်းသားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ
ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။
မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ
မေးခွန်းထုတ်နေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့အကျင့်ဆီကို မရောက်နိုင်တော့ဘူး။
ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက်
စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။
ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသောအဖို့ ကောက်ကျစ်သည့်အပိုင်းသို့
ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ
ယုံကြည်မှု သဒ္ဓါအားကြီးတာလည်း မကောင်းဘူး။
ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။
သဒ္ဓါနဲ့ ပညာ ညီမျှနေဘို့ လိုပါတယ်။
ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်းက
ကိံသု စောရေဟိ ဒူဟရံ
ဘယ်ဟာကို သူခိုး (ဓားပြ) တို့ ခိုးယူလုယက်နိုင်ခဲပါသလဲ တဲ့။
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရနိုင်တဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ပေါ့။
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာပစ္စည်းတွေကို
သူခိုးဓားပြတွေ ခိုးယူလုယက်လို့ မရနိုင်ဘူးလို့ ထင်ကြမှာပါဘဲ။
လူတော်တော်များများက ကိုယ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာကို
အတော်လေး တပ်မက်ကြပါတယ်။
ကိုယ့်ရဲ့ ဇနီး မယား သမီး သားတွေကို အတော်လေး ချစ်ခင်စုံမက်ကြတယ်။
တချို့များ ကိုယ့်ဇနီးမယားကို သေပြီး နောင်ဘ၀အထိ ယူဆောင်သွားလို့
ရတယ်များထင်နေလား မသိဘူး။ ချစ်လိုက်ကြတာ၊ ယုယလိုက်ကြတာ။
လိုအပ်တာထက်ကို ပိုနေလိုက်ကြတာ။
ကိုယ့်တိုက်တာ အိမ်မြေ စည်းစိမ်တွေကိုလည်း ဒီအတိုင်းပါဘဲ။
တပ်မက်လိုက်ကြတာ၊ တွယ်တာလိုက်ကြတာ။
နောင်ဘ၀ ယူသွားလို့ ရတယ်များ ထင်နေလားမသိပါဘူး။
တကယ်တော့ လင်ယောက်ကျားပဲဖြစ်ဖြစ်၊ ဇနီးမယားပဲဖြစ်ဖြစ်
သေသွားပြီဆိုရင် ကျန်ရစ်သူကို ခေါ်သွားလို့ မရပါဘူး။
ဒီဘ၀မှာ တော်စပ်တဲ့ ဇနီးမယား ခင်ပွန်းယောက်ကျားက
ဒီဘ၀မှာပဲ ကိုယ်နဲ့ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာ ရှာဖွေ စုဆောင်းထားတဲ့
စည်းစိမ်ဥစ္စာ ငွေရေးကြေးရေးတွေကလည်း
ကိုယ်နဲ့ ဒီဘ၀မှာပဲ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာသာ ပိုင်ပါတယ်ဆိုတဲ့ ဇနီးမယားကိုတောင်
သူတပါးက လုယူသွားနိုင်သေးတယ်။
စည်းစိမ်ဥစ္စာလည်း ထို့အတူဘဲ။
ဟိုတလောက ဇနီးမောင်နှံနှစ်ယောက် မနက်စောစော
အုန်းနို့ခေါက်ဆွဲကပ်ဖို့ ကျောင်းကိုလာတယ်။
ဆိုင်ကယ်နဲ့။
ယောက်ကျားက ရှေ့က မောင်း။
မိန်းမက နောက်က စီး။
သူတို့နှစ်ဦးကြားမှာက လက်ကိုင်အိပ်လေးတင်လို့။
ဓာတ်ဆီဆိုင်နားရောက်တော့ ဆီဖြည့်ဖို့ ဆိုင်ကယ်ကို အရှိန်လျှော့လိုက်တာနဲ့
ဘယ်အချိန်က ကပ်လိုက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစ်စီးက
ဝူး ဆို သူတို့ဆိုင်ကယ်နားကို ကပ်လိုက်ပြီး နှစ်ယောက်ကြားက လက်ကိုင်အိပ်လေးကို
ဆွဲလုပြီး မောင်းထွက်သွားတယ် တဲ့။
လက်ကိုင်အိပ်ထဲမှာက ပတ်စ်ပို့နဲ့ ငွေနည်းနည်းပါသွားတယ်။
ပတ်စ်ပို့နဲ့ဆက်စပ်လို့ ပြောရအုံးမယ်၊
နိုင်ငံခြားမှာနေတာ ပတ်စ်ပို့က အင်မတန်အရေးကြီးတယ်။
၁၉၉၉ - ခုနစ် နိုင်ငံခြား စထွက်ခါနီးတော့
နိုင်ငံခြားသွားဘူး လာဘူးရှိတဲ့ ဦးဇင်းက သြ၀ါဒချွေဘူးတယ်။
“နိုင်ငံခြားရောက်ရင် ပတ်စ်ပို့က အဖေ၊ ဒေါ်လာက အမေ၊
ဒီအဖေနဲ့အမေကို ရိုရိုသေသေကိုင်တွယ်ရမယ်၊
လုံလုံခြုံခြုံသိမ်းဆည်းရမယ်” တဲ့။
ပြောချင်တာက ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာ ငွေရေး ကြေးရေးတွေဟာ
ဘာမှ အစိုးမရဘူး။ အချိန်မရွေး သူခိုးဓားပြတွေ ခိုးယူ လုယက်သွားနိုင်တယ်။
ဒီမှာ နတ်သားရဲ့ သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ဘယ်ဟာဖြစ်ပါသလဲ ဆိုတဲ့အမေးအတွက် ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ပုညံ စောရေဟိ ဒူဟရံ - သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် တဲ့။
ဗုဒ္ဓဘာသာဝင်တွေက ၃၁ ဘုံကို လက်ခံယုံကြည်ပါတယ်။
ဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ဒီဘ၀နဲ့တင် ကိစ္စမတုံးသေးပါဘူး။
နောင်ဘ၀တွေမှာ (၃၁) ဘုံမှာ ကျင်လည်ရအုံးမှာပါ။
ဒီလို ၃၁ ဘုံကျင်လည်တဲ့အခါ ကောင်းတဲ့ဘုံရောက်ဖို့
ကောင်းတဲ့မိဘတွေနဲ့တွေ့ဘို့
ကောင်းတဲ့ဆရာသမားတွေနဲ့တွေ့ဘို့
ကောင်းတဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့အတွက်
ယခုလက်ရှိဘ၀ ကိုယ်လုပ်နေတဲ့အလုပ်က ကောင်းဘို့လိုပါတယ်။
အခု ကိုယ်လုပ်နေတဲ့အလုပ်က နောင်အခါမှာ နောင်ဘ၀မှာ
ကိုယ်ဘာကောင်ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးမှာပါ။
ကိုယ့်နောင်ဘ၀အတွက် အခု ကိုယ်ဘာလုပ်နေတယ်ဆိုတာက အဆုံးအဖြတ်ပေးမှာပါ။
ဆိုလိုတာက
အခုကိုယ်လုပ်နေတဲ့ ကောင်းမှုကုသိုလ်က ကိုယ့်နောက်ကို အစဉ်အမြဲ လိုက်ပါနေမှာပါ။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ကိုယ့်နောက်မပါအောင်
ဘယ်သူကမှ တားဆီးပိတ်ပင်လို့မရပါဘူး။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ဘယ်သူခိုးကမှ ခိုးယူလို့ မရပါဘူး။
ဘယ်ဓားပြကမှ လုယူ တိုက်ယူလို့ မရပါဘူး။
ဒါ့ကြောင့် ဘုရားရှင်က
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာတွေမဟုတ်ပါဘူး။
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် လို့ ပြောကြားခဲ့တာပါ။
ဒီဂါထာလေးကို အကျဉ်းချုပ်လိုက်ရင်
အိုသည့်တိုင်အောင် ကောင်းတာက သီလ အကျင့်ပါ။
ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ တည်ဆောက်ရမှာက သဒ္ဓါပါ။
လူသားတွေအတွက် ရတနာဆိုတာ ပညာကို ပြောတာပါ။
သူခိုးဓားပြတို့ခိုးယူလုယက်လို့ မရတဲ့အရာဟာ ကောင်းမှုကုသိုလ်ပါ။
Dr. Ashin Indaka

No comments:
Post a Comment