ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ်
ဒေ၀ဒတ်ကိုအကြောင်းပြု၍ ဤဒေသနာတော်ကိုဟောကြား
တော်မူလေသည်။
အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့သည် ဘုရားရှင်ထံ
ပန်ကြားကာ ဇေတ၀န်ကျောင်းတော်မှ ရာဇဂြိုလ်မြို့တော်သို့ကြွလာ
ကြကုန်၏။ တစ်ပါးတစ်ပါးတွင် တပည့်ရဟန်းငါးရာစီပါလာကြ၏။
ရာဇဂြိုလ်မြို့တော်မှ ဆွမ်းဒါယကာဒါယိကာမများအား ဆွမ်းအနုမောဒနာ
ပြုရာတွင် ရှင်သာရိပုတ္တရာသည် ဤသို့ ဟောကြားတော်မူ၏။
``ဒါယကာတို့ မိမိကိုယ်တိုင်သာပေးလှူ၍ သူတစ်ပါးတို့ကိုမတိုက်တွန်း
သောသူသည် ဖြစ်လေရာဘ၀တိုင်း၌ စည်းစိမ်ဥစ္စာပြည့်စုံစွာရ၏။
အခြံအရံကိုကား မရချေ။ သူတစ်ပါးကိုသာ တိုက်တွန်း၍ မိမိကိုယ်တိုင်
မပေးလှူသောသူသည် ဖြစ်လေရာဘ၀တိုင်း၌ အခြံအရံပြည့်စုံစွာရရှိ၏။
စည်းစိမ်ဥစ္စာကိုကားမရချေ။ မိမိကိုယ်တိုင်လည်းမပေးလှူ၊ သူတစ်ပါး
ကိုလည်း မတိုက်တွန်းသောသူသည် စည်းစိမ်ဥစ္စာကိုလည်း မရရှိ၊
အခြံအရံကိုလည်း မရရှိချေ။ မိမိကိုယ်တိုင်လည်း ပေးလှူ၍ သူတစ်ပါး
ကိုလည်း တိုက်တွန်းသောသူသည်ကား စည်းစိမ်ဥစ္စာပြည့်စုံစွာရရှိ၍
အခြံအရံနှင့်လည်း ပြည့်စုံပေသည်။´´
ဤဒေသနာတော်ကိုကြားနာရသော ဒါယကာတစ်ယောက်သည်
ဝမ်းမြောက်ဝမ်းသာသဒ္ဓါပွားလျက် အရှင်မြတ်နှစ်ပါးနှင့်တကွ တပည့်
ရဟန်းတစ်ထောင်ကိုပါ နက်ဖြန်အတွက်ဆွမ်းဘုန်းပေးပင့်လျှောက်လေ
တော့သည်။ ထိုဒါယကာသည် ရာဇဂြိုလ်မြို့တော်အတွင်းရောက်သော
အခါ ``အို မြို့မိမြို့ဖအပေါင်းတို့ ကျွန်ုပ်တို့သည် နက်ဖြန်ခါတွင် ဆွမ်း
ကပ်ရန် ရဟန်းတစ်ထောင်ကိုဖိတ်ကြားခဲ့ပါသည်။ သင်တို့သည် ရဟန်း
မည်မျှကိုဆွမ်းကပ်နိုင်ကြပါသနည်း´´ဟု လှည့်လည်နိုးဆော်၏။ မြို့သူ
မြို့သားတို့သည် မိမိတို့စွမ်းအားအလျောက် ဆွမ်းကပ်နိုင်မည့်ရဟန်း
အရေအတွက်ကို ပြောလာကြကုန်၏။ ဤတွင်နိုးဆော်သူက ဤသို့
ဖြစ်လျှင် တစ်နေရာတည်း၌ စုပေါင်း၍ကျွေးမွေးကြပါစို့။ စားသောက်
ကုန်ပစ္စည်းများကို စုဆောင်းကြပါကုန်လော့ဟု စီမံခန့်ခွဲလေသည်။
ထိုအခါနိုးဆော်သော ဒါယကာအား သူကြွယ်တစ်ဦးက အဖိုးတစ်သိန်း
ထိုက်တန်သော နံ့သာသင်္ကန်းစကိုပေး၍ ``သင်၏အလှူဝတ်သည်
အကယ်၍ မပြည့်မစုံဖြစ်ခဲ့သော ဤသင်္ကန်းစကိုရောင်းချ၍ လိုရာဘက်မှာ
ဖြည့်ပါလေ။ အကယ်၍ပြည့်စုံနေပါလျှင်ကား လှူလိုသောရဟန်းအားလှူ
ပါလေ´´ဟုဆို၏။ သို့ရာတွင် အလှူဝတ်သည် အဘက်ဘက်မှပြည့်စုံနေ
လေရာ နှိုးဆော်သူဒါယကာက ``အချင်းတို့၊ ဤသင်္ကန်းစသည် ပိုလျှံ၍
နေ၏။ အဘယ်ရဟန်းအား ပေးလှူကြကုန်မည်နည်း´´ဟု ကုသိုလ်ပြုဖက်
များကို တိုင်ပင်လေသည်။
ထိုအခါ အချို့သောဒါယကာတို့က ``အရှင်သာရိပုတ္တရာအား ပေးလှူကြ
ကုန်အံ့´´ဟု ဆိုကုန်၏။ အချို့သူတို့ကား ``အရှင်သာရိပုတ္တရာသည်
စပါးပေါ်ချိန်မှသာ ကြွလာ၍ ပြန်ကြွသွားလေ့ရှိ၏။ အရှင်ဒေ၀ဒတ်သည်ကား
ငါတို့၏မင်္ဂလာပွဲကြီးငယ်များ၌ ပါဝင်ဆောင်ရွက်၍ အိုးစရည်းကြီးကဲ့သို့ အမြဲ
တစေရပ်တည်နေ၏။ တစ်သိန်းတန်နံ့သာသင်္ကန်းစကို အရှင်ဒေ၀ဒတ်အား
လှူကြကုန်အံ့``ဟု ဆိုကုန်၏။ အဆိုနှစ်ရပ်အနက် အရှင်ဒေ၀ဒတ်အား
လှူဒါန်းလိုသူက များသဖြင့် သင်္ကန်းစကိုအရှင်ဒေ၀ဒတ်အား လှူဒါန်းရ၏။
အရှင်ဒေ၀ဒတ်သည် ထိုသင်္ကန်းစကို ဖြတ်တောက်ချုပ်ဆိုး၍ ၀တ်ရုံလေတော့`
သည်။
ရပ်ဝေးနေရဟန်းတစ်ပါးသည် ရာဇဂြိုလ်မြို့တော်သို့ရောက်ခိုက် ဤအခြင်းအရာကို
ကြားသိကာ ဇေတ၀န်ကျောင်းတော်သို့ရောက်သောအခါ ဘုရားရှင်ထံဝင်၍
လျှောက်ထား၏။ ဤတွင်ဘုရားရှင်က ``ရဟန်း ဒေ၀ဒတ်သည် ယခုမှမိမိနှင့်
မထိုက်တန်သော သင်္ကန်းကို ၀တ်ရုံသည်မဟုတ်သေး။ ရှေးအခါကလည်း မိမိနှင့်
မထိုက်တန်သော သင်္ကန်းကိုဝတ်ရုံခဲ့ပေပြီ´´ဟု မိန့်ကြားတော်မူပြီးလျှင် အတိတ်
ဇာတ်ကြောင်းဖြစ်သော ကာသ၀ဇာတ်ကို ဟောကြားတော်မူလေသည်။
ကာသာဝဇာတ်
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည်
ဟိမ၀န္တာတောနက်ပိုင်းတွင် ဆင်သတ္တ၀ါတစ်မျိုး၌ဖြစ်လေသည်။ ထိုအချိန်
တွင် ဗာရာဏသီမှ ဆင်းရဲသားတစ်ယောက်သည် ဆင်စွယ်လုပ်ငန်းရှင်များ
အတွက် ဆင်စွယ်ရှာဖွေရန် ဟိမ၀န္တာသို့ ၀င်လာသည်။ သို့ရာတွင်ဆင်းရဲသား
သည် ရိုးရိုးအရပ်ဝတ်နှင့်မဟုတ်ဘဲ သင်္ကန်းရုံ၍ ပစ္စေကဗုဒ္ဓါအသွင်ဖြင့် ဆင်
သွားလမ်းတွင် စောင့်နေကာ ရှင်ပစ္စေကဗုဒ္ဓါအမှတ်ဖြင့် စိတ်ချလက်ချ
ဖြတ်သန်းသွားလာကြသည့်ဆင်များကို သတ်၍ ဆင်စွယ်များကိုရောင်းချ
အသက်မွေးလျက်ရှိသည်။ သူသည် ဘုရားလောင်းဆင်မင်း၏အုပ်စုထဲမှ
နောက်ဆုံးဖြစ်သော ဆင်တစ်ကောင်ကို နေ့စဉ်သတ်လေရာ ဆင်အရေ
အတွက် သိသိသာသာ ယုတ်လျော့လာသည်။
ဘုရားလောင်းဆင်မင်းသည် တစ်နေ့တွင် ဆင်အုပ်စု၏နောက်မှ
လိုက်ပါလာပြီး မလှမ်းမကမ်းနေရာသို့ ရောက်လျှင် မိမိထံသို့ပြေး
လာသော ထိုသူကိုဖမ်းယူ၍ မြေပြင်၌ ရိုက်ပုတ်သတ်ရန်နှာမောင်းကို
ဆန့်ထုတ်လိုက်သည်တွင် သင်္ကန်းကိုမြင်၍ ဒေါသမာန်ကိုချလိုက်ကာ
``ငါသည် ရဟန္တာတို့၏တံခွန်သဖွယ်ဖြစ်သော သင်္ကန်းတော်ကို အလေး
အမြတ်ပြုထိုက်၏´´ဟု နှလုံးသွင်းကာ နှာမောင်းကိုပြန်လည်သိမ်းဆည်း
လိုက်သည်။
ထို့နောက် ``သင်နှင့် မသင့်လျော်သော သင်္ကန်းကိုအဘယ်ကြောင့်
ဝတ်လာခဲ့ရသနည်း။ ယနေ့မှစ၍ သင်သည် ဤနေရာသို့မလာသင့်၊
အကယ်၍ လာခဲ့လျှင် သင့်အသက်ပျောက်လွင့်ရလိမ့်မည်´´ဟု ဆင်မင်း
က ခြိမ်းခြောက်လိုက်ရာ ထိုသူသည် ထွက်ပြေးသွားခဲ့လေသည်။
(ဇာတ်ပေါင်း။ ။ ဆင်သတ်သမား- ဒေ၀ဒတ်၊ ဆင်မင်း-ဗုဒ္ဓ)
ဘုရားရှင်သည် အတိတ်ဇာတ်ကြောင်းကိုဟောကြားပြီးနောက် အောက်ပါ
ဒေသနာတော်ကိုဟောကြားရာ ဒေသနာတော်အဆုံး၌ လျှောက်ထားသော
ရဟန်းသည် သောတာပန်ဖြစ်လေ၏။
ကိုးကား
ဓမ္မပဒ
နိပါတ်တော်လာ ဇာတ်တော်ငါးရာ့ငါးဆယ်။
ဓမ္မပန်းခင်းမှ စာစီ၍ ဓမ္မဒါနပြုပါသည်။
No comments:
Post a Comment