Tuesday, November 29, 2016

သမာဓိ(သို့မဟုတ်) စိတ်ကိုစောင့်ရှောက်ခြင်း

သမာဓိသိက္ခာဟူသော သမာဓိကျင့်စဉ်၏ ရည်မှန်းချက်မှာ
(၁) မိမိ၏စိတ်အစဉ်ကို ကုသိုလ်တရားများ မဖြစ်ပေါ်အောင် တားဆီးပိတ်ပင်တတ်သည့် နီဝရဏတရားများနှင့် စိတ်ကို ညစ်နွမ်း ပူလောင်စေသည့် ကိလေသာများမှ ကင်းဝေးစင်ကြယ်စေရန်၊
(၂) စိတ္တ၀ိသုဒ္ဓိခေါ် စိတ်စင်ကြယ်မှုကို ရရှိရန် နှင့်
(၃) ၀ိပဿနာကို ထိထိရောရောက်အားထုတ် နိုင်အောင် စိတ်စွမ်းအား အလွန်ကြီးမား လာစေရန်တို့ ဖြစ်သည်။
စင်ကြယ်သည့် သီလကို ထူထောင်ပြီး ထိန်းသိမ်းထားသောအခါ ကုသိုလ်တရားများကို တားဆီးပိတ်ပင် တတ်သည့် နီဝရဏ တရားများအပါအ၀င် ပရိယုဋ္ဌာန ကိလေသာများသည် စိတ်ကို နှောင့်ယှက်ပူလောင်စေကြသေး၏။ စိတ်ကို မတည်ငြိမ်အောင် ပျံ့လွင့်အောင် ပြုလုပ်နေကြသေး၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဓမ္မပဒပါဠိတော်၌ တပည့်သား ရဟန်းများကို ငြိမ်းချမ်းမှုနှင့် ချမ်းသာမှုတို့ကို ခံစားနိုင်ရေးအတွက် စိတ်ကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ကြဖို့ တိုက်တွန်းတော်မူ၏။

“စိတ်သည် အလွန့်အလွန်သိမ်မွေ့၍ အလွန့်အလွန်မြင်နိုင်ခဲ့၏။ စိတ်သည် အလွန်လျင်မြန်သွက်လက်စွာ အာရုံတစ်ခုမှ တစ်ခု သို့ ပြေးလွှားနေပြီး ၎င်းအလိုရှိရာ အာရုံ၌ ကျရောက်တတ်၏။ ၎င်းကို နှိမ်နင်းချုပ်ထိန်းရန် ယဉ်ကျေးအောင် ပဲ့ပြင်ဆုံးမရန် အလွန်ခဲယဉ်း၏။ သို့သော် ပညာရှိတို့သည် စိတ်ကို စောင့်ရှောက်ရာ၏။ ကောင်းစွာ ယဉ်ကျေးပြီးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏” (ဓမ္မပဒ ၃၅၊ ၃၆)
မြတ်စွာဘုရားသည် သမာဓိသုတ္တန် တွင် ရဟန်းများအား ပရမတ်တရားများကို သဘာဝအနေအထားအတိုင်း မှန်ကန်စွာ ရှုမြင်နိုင်ရေးအတွက် သမာဓိထူထောင်ရန် တိုက်တွန်းတော်မူ၏။
“သမာဓိံ ဘိက္ခဝေ ဘာဝေထ သမဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ ” (သံ၊ ၃၊ ၃၆-၃၈)
“ ရဟန်းတို့ သမာဓိကို ထူထောင်နိုင်အောင် ပွားများအားထုတ်ကြ၊ရဟန်းတို့ သမာဓိ ရှိတဲ့ ရဟန်းဟာ ပရမတ်တရားများ ဖြစ်ကြသည့် အရိယာသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမြင်နိုင်၏ ”
မဟာသတိပဋ္ဌာနသုတ် ၌လည်း မြတ်စွာဘုရား မိန့်ဆိုသည့်အတိုင်း သမ္မာသမာဓိသည် ရူပါဝစရဈာန် လေးပါးနှင့် ယှဉ်သော သမာဓိ ဖြစ်ပါသည်။ ၀ိသုဒ္ဓိမဂ် ၌ မိန့်ဆိုထားချက် အရ-
“ စိတ္တ၀ိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော ”
“ ဥပစာရသမာဓိ နှင့်တကွ ဈာန်သမာပတ် ရှစ်ပါးနှင့် ယှဉ်သော သမာဓိတို့သည် စိတ္တ၀ိသုဒ္ဓိ မည်ကြ၏။ ”
ယောဂီတစ်ဦးသည် ဥပစာရသမာဓိကို ဖြစ်စေ ဈာန်သမာဓိ ကိုဖြစ်စေ ၀ိပဿနာ၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီးလျှင် ပရမတ်ရုပ်နာမ် တရားများကို မတည်မြဲသောကြောင့် - အနိစ္စ၊ ဆင်းရဲသည့် သဘောကြောင့်- ဒုက္ခ၊ ပုဂ္ဂိုလ်, သတ္တ၀ါ, ငါ မဟုတ်သည့် သဘောကြောင့် - အနတ္တဟု လက္ခဏာရေးသုံးပါ တစ်လှည့်စိတ်တင်ကာ ၀ိပဿနာရှိရပါမည်။ ဤသို့ ၀ိပဿနာရှုနေသည့် အခါ ၀ိပဿနာဉာဏ်နှင့်ယှဉ်သော သမာဓိကို “ ခဏိကသမာဓိ ” ဟု ခေါ်ပါသည်။
မြတ်စွာဘုရားသည် သမထဘာဝနာအတွက် ကမ္မဋ္ဌာန်း လေးဆယ် ညွှန်းပြထားပါသည်။ ဤကမ္မဋ္ဌာန်းလေးဆယ်အနက် မိမိစရိုက် နှင့် ကိုက်ညီမည့် မည်သည့် ကမ္မဋ္ဌာန်းကို မဆို ရွေးချယ်၍ သမ္မာ သမာဓိ ထူထောင်ရန် အသုံးပြုနိုင်ပါသည်။ အရည်အသွေးပြည့်မီသော ကမ္မဋ္ဌာနာစရိယတစ်ဦး၏ ညွှန်ကြားမှုဖြင့် မြတ်စွာဘုရား၏ လမ်းညွှန်ချက်အတိုင်း မှန်ကန်စွာ ရှုပွားရန်ကား လိုအပ်ပေသည်။အာနာပါနဿတိသည် သမာဓိကို လျင်မြန်စွာ ထူထောင်ရေးအတွက် အထိရောက်ဆုံး ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါသည်။ အာနာပါနဿတိကို မြတ်စွာဘုရား လွန်စွာ ချီးကျူးတော်မူသည့်အပြင် ယခုအခါ တရားရိပ်သာများစွာ၌ သမာဓိထူထောင်ရန် အထူးကမ္မဋ္ဌာန်း (ပါရိဟာရိယကမ္မဋ္ဌာန်း) အဖြစ် အသုံးပြုကြပါသည်။ မြတ်စွာဘုရား လမ်းညွှန်သည့်အတိုင်း အာနာပါနဿတိကို ရှုပွားလျှင် ရူပါဝစရစတုတ္ထဈာန်အထိ စိတ်ကို ဖွံ့ဖြိုးတိုးတတ်စေနိုင်မည် ဖြစ်သည်။ အာနာပါနဿတိသုတ္တန်အရ အာနာပါနကမ္မဋ္ဌာန်းကို အဆင့်လေးဆင့်ဖြင့် ထူထောင်ရပေမည်။ ယင်းအဆင့်လေးဆင့်မှာ -
(၁) ရှည်သော ၀င်လေထွက်လေကို သိအောင်ရှုခြင်း၊
(၂) တိုသော ၀င်လေထွက်လေကို သိအောင်ရှုခြင်း၊
(၃) ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို သိအောင်ရှုခြင်း နှင့်
(၄) ၀င်လေထွက်လေတို့ကို ငြိမ်းစေခြင်း
တို့ဖြစ်သည်။ လက်တွေ့ ရှုရာတွင် အဋ္ဌကထာကြီးတို့၏ သြ၀ါဒကို လိုက်နာလျက် ဘာဝနာသတိကို လျင်မြန်စွာ ထူထောင်နိုင်ရေးအတွက် “ဂဏနာနည်း” ခေါ် ရေတွက်သည့်နည်းဖြင့် ၀င်လေ (အဿာသ)၊ ထွက်လေ (ပဿာသ) တို့ကို ရှုသိရန် ဘာဝနာပွားသူအား ဦးစွာ သင်ပေးပါသည်။ ဘာဝနာရှုသူ ယေယာဂီသည် ဆိတ်ငြိမ်ရာ၌ ကိုယ်ကို မတ်မတ် ထား၍ ငြိမ်သက်စွာ ထိုင်ပြီးလျှင် မျက်စိမှိတ်ကာ ပုံမှန်အသက်ရှုနေရမည်။ နှာသီးဖျား၌ဖြစ်စေ နှာခေါင်းဝ၌ ဖြစ်စေ နှုတ်ခမ်းအထက်၌ ဖြစ်စေ လေတိုးထိမှုထင်ရှားသည့်နေရာ၌ စောင့်၍ “ ၀င်လေ ထွက်လေ ” ကို ရှုကြည့်ရမည်။ ၀င်လေထွက်လေအာရုံ၌ သတိမြဲအောင် စိုက်ရှုနေရပါမည်။ “ ဘာဝနာရှုပွားသူသည် ၀င်လေထွက်လေတိုးထိရာ ထင်ရှားသည့်အရပ်၌ ၀င်လေထွက်လေကို သတိကပ်၍ ရှုပွားမှသာလျှင် အာနာပါနဿတိသမာဓိနှင့် ဘာဝနာသည် ပြည့်စုံစွာ ပြီးမြောက်နိုင်သည် ” ဟု ၀ိသုဒ္ဓိမဂ် ၌ မိန့်ဆိုထားပါသည်။
ယောဂီသည် သမာဓိကို ကိုယ်စားပြုသော ဧကဂ္ဂတာ စေတသိက် ( စိတ်စေတသိက် တို့ကို အမှတ်တစ်ခုတည်း၌ စုစည်းခြင်း) ကို ပျိုးထောင်နိုင်ရေးအတွက် အမှတ်တစ်ခုတည်း၌ ၀င်လေ ထွက်လေ အပေါ် စိတ်စူးစိုက်ထားရမည်။ အခြားအာရုံများဆီသို့ စိတ်ကို မပျံ့လွင့်စေရပါ။ ခန္ဓာကိုယ်တစ်နေရာ၌ ယားယံနာကျင်လာလျှင်လည်း အာရုံမပြုရပါ။ ဤယားယံမှုစသည်တို့သည် သမာဓိထူထောင်ဖို့ အတွက် ဘာဝနာအာရုံမဟုတ်ကြပါ။ အခြားအာရုံရောက်သွားလျှင် အာရုံလဲပျောက် သမာဓိလဲပျောက်မည် ဖြစ်သည်။ ၀င်လေထွက်လေကို ရေတွက်ရာ၌ လေရှူသွင်း ရှူထုတ်ပြီးသော် “ တစ် ” ဟု ရေတွက်ပါ။ တစ်ဖန် လေရှူသွင်း ရှူထုတ်ပြီးသော် “ နှစ် ” ဟု ရေတွက်ပါ။ ဤနည်းအတိုင်း ၀င်လေ ထွက်လေ ကို ရေတွက်ခြင်းဖြင့် သမာဓိထူထောင်နိုင်ပါသည်။
ဝင်လေထွက်လေ၏ အရှည်အတိုကို ၀င်လေထွက်လေ ရှူရှိုက်ရန် ကြာမြင့်သောအချိန်ကာလနှင့် ဆုံးဖြတ်၏။ ခပ်ကြာကြာဖြစ်နေသော ၀င်လေထွက်လေကို “ အရှည် ” ဟုလည်းကောင်း၊ အချိန်ကာလ ခပ်တိုတို ဖြစ်နေသည့် ၀င်လေထွက်လေကို “ အတို ” ဟု လည်းကောင်း သတ်မှတ်ပါ။ မည်သို့ပင် ရှိစေ ယောဂီသည် ၀င်လေထွက်လေ၏ အရှည်အတိုကို သိနေရမည့်အပြင် ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကိုလည်း လေတိုးထိသည့်နေရာ၌ ရှုသိနေရမည်။ ၀င်လေထွက်လေနှင့် လိုက်၍ အတွင်းသို့ ဖြစ်စေ အပြင်သို့ ဖြစ်စေ မရှုရပါ။ ယောဂီသည် တံခါးစောင့် နှင့် တူစွာ ပြုမူရမည်။ တံခါးစောင့်သည် မြို့တွင်၌လည်းကောင်း မြို့ပြင်၌လည်းကောင်း လူတို့ကို မစစ်ဆေးပါ။ သူနှင့် မသက်ဆိုင်၍ မစစ်ဆေးခြင်း ဖြစ်သည်။ သို့သော် တံခါးဝသို့ ရောက်လာသော လူတစ်ယောက်စီကို သူစစ်ဆေးသည်။ အလားတူပင် ယောဂီသည် နှားခေါင်းဝကို ကျော်လွန်၍ အတွင်းသို့ ၀င်သွားသော ၀င်လေကို လည်းကောင်း၊ အပြင်သို့ ထွက်သွားသော ထွက်လေကို လည်းကောင်း၊ သူနှင့်မသက်ဆိုင်င အာရုံမပြုပါ။ နှာခေါင်းဝသို့ ရောက်လာသော ၀င်လေထွက်လေကို မူ သူနှင့် သက်ဆိုင်သဖြင့် သူသတိမူ၍ ရှုသည်။
ယောဂီသည် လွှတိုက်သူ ကဲ့သို့လည်း ပြုမူသင့်သည်။ လွှတိုက်သူသည် သစ်တုံးနှင့် လွှသွား ထိတွေ့ရာအရပ်၌သာ အာရုံစူးစိုက်ထာသည်။ ချဉ်းကပ်လာသော လွှသွားများကိုလည်းကောင်း၊ ဝေးကွာသွားသော လွှသွားများကို လည်းကောင်း သူ အာရုံမပြုပါ။ အာရုံပြုသော်လည်း ထိုလွှသွားများကို သူမြင်သိနေသည်သာ ဖြစ်၏။ ထိုနည်းအတူ ဘာဝနာရှုသူသည် နှာသီဖျား သို့မဟုတ် နှာသီးဝ သို့မဟုတ် နှုတ်ခမ်းအထက် လေတိုးထိသည့် နောရာ၌ ၀င်လေ ထွက်လေကို သတိကပ်၍ စူးစိုက် ရှုနေရမည်။ ၀င်လေချဉ်းကပ် လာသည်ကိုလည်းကောင်း ထွက်လေထွက်ခွါသွားသည်ကို လည်းကောင်း သူအာရုံမပြုပါ။ အာရုံမပြုသော်လည်း ထိုချဉ်းကပ်လာသော ၀င်လေနှင့် ထွက်ခွါသွားသည့် ထွက်လေတို့ကို သူသိနေသည်သာ ဖြစ်သည်။ ယောဂီသည် သူ၏ ဘ၀နာစိတ်ကို ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို လေတိုးထိသည့် နှာခေါင်းဝ သို့မဟုတ် နှုတ်ခမ်းအထက်၌ ထိုင်တိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် အဆက်မပြတ် ထင်ထင်ရှားရှား ရှုသိနေသောအခါ စတုတ္ထအဆင့်သို့ တတ်လှမ်းနိုင်ပြီးဖြစ်ပါသည်။ ယောဂီသည် ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို အဆက်မပြတ် သိအောင် သတိကပ်၍ ရှုနေသည့်အခါ သူ၏၀င်လေထွက်လေသည် ပို၍ပို၍ ညင်သာသိမွေ့လာ၏။ အကြောင်းကား အခြား ကမ္မဋ္ဌာန်းအာရုံတို့သည် ဘာဝနာ အဆင့်မြင့်တတ်လာသည့်အခါ တစ်ဆင့်ထက်တစ်ဆင့် ပို၍ပို၍ ထင်ရှားလာပါသော်လည်း အာနာပါနဿတိ ကမ္မဋ္ဌာန်းမှာ ထိုသို့မဟုတ်ဘဲ ဘာဝနာအဆင့်မြင့်တတ်လာသည်နှင့်အမျှ ပို၍ပို၍ သိမ်မွေ့လာခြင်း ကြောင့်ဖြစ်၏။ နောက်ဆုံး ကမ္မဋ္ဌာန်းအာရုံဖြစ်သော ၀င်လေ ထွက်လေသည် မထင်ရှားသည်အထိ ကွယ်ပျောက်သွားသည့် အထိဖြစ်သွား၏။ ထိုသို့ ၀င်လေထွက်လေ ကွယ်ပျောက်သွားလျှင် ယောဂီသည် ထိုင်နေသည့်နေရာမှ ထမသွားသင့်ပါ။ သူသည် ထိုင်မြဲထိုင်လျက် မူလ ၀င်လေထွက်လေ၏ ထိမှုထင်ရှားရာ နှာသီဖျား သို့မဟုတ် နှုတ်ခမ်းအထက်၌ သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ ရှုနေရမည်။
ဤသို့ ရှုဖန်များလျှင် သူ၏ သတိသမ္ပဇဉ်ဉာဏ်တို့ တဖြည်းဖြည်း မြင့်တတ်လာသဖြင့် မကြာမြင့်မီ အလွန်သိမ်မွေ့သော ၀င်လေထွက်လေကို ပြန်၍ တွေ့လာတတ်၏။ ထိုသိမ်မွေ့သော လေ၌ သူ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါက သမာဓိအား ကောင်းလာသည့်အခါ နိမိတ်ပေါ်လာတတ်၏။ အာနာပါနကမ္မဋ္ဌာန်း၌ ဘာဝနာနိမိတ်သုံးမျိုးစလုံး ထင်ပေါ်လာတတ်၏။ ဤနိမိတ်တို့မှာ အထက်ဘာဝနာနိမိတ်ထင်လာရန် စီမံပြုပြင်ပေးသည့် ပရိကမ္မနိမိတ်၊ မျက်စိမှိတ်လျက် မြင်နေရသည့် ဥဂ္ဂဟနိမိတ်နှင့် ကြည်လင်တောက်ပသည့် ပဋိဘာဂနိမိတ်တို့ ဖြစ်ကြသည်။ ပကတိ ၀င်လေထွက်လေသည် ပရိကမ္မနိမိတ် ဖြစ်၏။ သမာဓိ အသင့်အတင့်မြင့်လာသောအခါ ထင်ပေါ်လာသည့် ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကိုလည်း ပရိကမ္မနိမိတ် ဟူ၍ပင် မှတ်ယူ၏။ သမာဓိပိုမြင့်လာသောအခါ အာနာပါနနိမိတ်သည် ဗိုင်းဝါဂွမ်း သို့မဟုတ် လဲဝါဂွမ်းကဲ့သို့ အဖြူရောင် နိမိတ်ဖြစ်ပေါ်လာ၏။ ဤနိမိတ်ကို ဥဂ္ဂဟနိမိတ် ဟုခေါ်၏။ ဤသို့ ဆိုခြင်းမှာ ယေဘုယျ သဘောဖြစ်၏။ အခြားအရောင်နှင့် ပုံသဏ္ဌာန်ရှိသော နိမိတ်များလည်း ထင်ပေါ် လာတတ်၏။ လူအမျိုးမျိုးအတွက် နိမိတ်အမျိုးမျိုး ထင်ပေါ်နိုင်၏။ သညာ၏ မှတ်သားမှု မတူကြသောကြောင့် ဖြစ်၏။ သမာဓိဆက်လက်၍ တိုးမြင့်လာသောအခါ အာနာပါန နိမိတ်သည သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပလာ၏။ ဤနိမိတ်ကို ပဋိဘာဂနိမိတ် ဟု မှတ်ယူနိုင်၏။ တစ်ဖန် ဤ ပဋိဘာ ဂ နိမိတ်သည်လည်း ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ထင်ပေါ်နိုင်၏။ သောက်ရှူးကြယ်၊ ပတ္တမြားလုံး၊ ပုလဲလုံး ၊ လဲဝါဂွမ်းစေ့၊ ရှည်သော ဆောက်လုံးကြိုးမျှင်၊ ပန်းဆိုင်း၊ ကြည်လင်တောက်ပသော မီးခိုးညွန့်၊ လ၀န်း၊ နေ၀န်း စသည်ဖြင့် အသွင်တစ်မျိုးမျိုးဖြင့် ထင်ပေါ်လာ တတ်၏။ အာနာပါနကမ္မဋ္ဌာန်းသည် ဘာဝနာတစ်မျိုးတည်း၊ ကမ္မဋ္ဌာန်း တစ်မျိုးတည်း ဖြစ်ပါသော်လည်း ဘာဝနာရှုသူ အမျိုးမျိုးတို့၏ မှတ်သာမှုသညာ ကွဲပြားကြခြင်းကြောင့် နိမိတ်အမျိုးမျိုး ထင်လာခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦး၌ပင်လျှင် တစ်ချိန်မှတစ်ချိန် မှတ်သားမှုသညာ ပြောင်းလဲသွားခြင်းကြောင့် ပဋိဘာဂနိမိတ်၏ အသွင် သဏ္ဌာန် ပြောင်းလဲသွားနိုင်သည်။ နိမိတ်တစ်ခုမှ နိမိတ်တစ်ခုသို့ ပြောင်းလဲသွားမှုသည် နောက်ထပ် ပြောင်းလဲသွားသော နိမိတ်မပေါ်မီ ဖြစ်ပေါ်သွားသည့် ဘာဝနာသညာ၏ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ ယေဘုယျအားဖြင့် သန့်စင်သည့် ၀ါဂွမ်းစိုင်ကဲ့သို့ ဖြူဆွတ်နေသော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်၏။ ဤနိမိတ်သည် ဖန်မှန်ကဲ့သို့ မကြည်ပါ။ ဤနိမိတ်သည် ဆွတ်ဆွတ်ဖြူနေရာမှ ကြည်လင်တောက်ပလာသော နိမိတ် အဖြစ်သို့ ပြောင်းလဲသွာလျှင် ပဋိဘာဂနိမိတ် ထင်ပေါ်လာသည်ဟု ဆို၏။ ပဋိဘာဂနိမိတ်သည် သောက်ရှူးကြယ် ကဲ့သို့ ကြည်လင်တောက်ပနေသော ဖန်တုံးကဲ့သို့ အသွင် ရှိ၏။ အာနာပါနဿတိနိမိတ်သည် ပတ္တမြားလုံးကဲ့သို့ ထင်လာလျှင် မကြည်လင်သည့် ပတ္တမြားလုံးကဲ့သို့သော နိမိတ်သည် ဥဂ္ဂဟနိမိတ် ဖြစ်၏။ ကြည်လင်တောက်ပသည့် ပတ္တမြားလုံးကဲ့သို့သော နိမိတ်သည် ပဋိဘာဂနိမိတ် ဖြစ်၏။ ကျန်သည့် နိမိတ်များ၌လည်း ယောဂီသည် အလားတူ သိနားလည်ရမည်။ အာနာပါနဿတိနိမိတ်သည် ရှေ့ပိုင်းအဆင့်၌လည်း ထင်ပေါ်နိုင်၏။ မျက်နှာရှေ့၌လည်း ပေါ်လာနိုင်၏။ ဤသို့သော နိမိတ်များသည် မခိုင်မြဲကြသည့်အတွက် ဤနိမိတ်တို့ကို ယောဂီအာရုံ မယူသင့်ပါ။ ပုံမှန်ဘာဝနာနိမိတ်သည် ၀င်လေထွက်လေနှင့် ထိတွေ့သော နှာသီးဖျား သို့မဟုတ် နှာသီးဝ၌ ထင်ပေါ်လာသည်။ တချို့နိမိတ် များနှာ နှာသီဖျား သို့မဟုတ် နှာသီးဝမှ အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့ သော်လည်းကောင်း ပြွန်ချောင်သဏ္ဌာန် တည်ရှိသည်။ ဤအခါမှား၌ ဘာဝနာရှုသူသည် သူ၏ ဘာဝနာစိတ်ကို အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့သော်လည်းကောင်း နိမိတ်ကို မလိုက်စေသင့်ပါ။ နှာသီးဖျား သို့မဟုတ် နှာခေါင်းဝ နှင့် အနီးကပ်ဆုံးတည်သော နိမိတ်အတွင်း ၌သာလျှင် သူ၏ ဘာဝနာစိတ်ကို နစ်မြုပ်နေစေသင့်၏။ ထိုနိမိတ်အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍တည်လာပါက ထိုနိမိတ်သည်လည်း တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်၍ တောက်ပသည်ထက် တောက်ပလာလိမ့်မည်။ အထူး ကြည်လင်တောက်ပလာသော နိမိတ်သည် ပဋိဘာဂနိမိတ် ဖြစ်၏။ ပဋိဘာဂနိမိတ် ထင်ပေါ်လာသော အချိန်မှစ၍ စိတ်အစဉ်မှ နီဝရဏခေါ် ကိလေသာများ စင်ကြယ်သွားကြပြီး ၊ နီဝရဏမှ ကြွင်းသော ကိလေသာများသည်လည်း အနည်ထိုင်သွားကြကုန်ပြီး။ စိတ်သည် ဖြူစင်သွားပြီး အာနာပါနဿတိသည် ယင်းအာနာပါနဿတိသည် ယင်းအာနာပါနဿတိ ပဋိဘာဂနိမိတ်၌ ရှေးရှုကာ ကပ်၍ တည်နေ၏။ ဤတွင် သတိမူသင့်သော အချက်တစ်ချက်ကို ညွှန်ပြလို၏။ ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့ ပေါ်လာသော အဆင့်နှစ်ဆင့်လုံး၌ နိမိတ်ခိုင်မြဲလာပြီး ၀င်လေထွက်လေနှင့် နိမိတ်တို့တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်တည်နေအောင် ကြိုးစားအားထုတ်နေသည့်အခါ နိမိတ်ကို ကြည့်လိုက် ၀င်လေထွက်လေကို ကြည့်လိုက် -ဤသို့ မပြုလုပ်ပါနှင့်။ ၀င်လေထွက်လေကို လုံးဝမကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို အပြည့်အ၀ စူးစိုက်ထားပါ။ အကယ်၍ နိမိတ်ပျောက်ပျက်သွားသော ၀င်လေထွက်လေကို ယခင်အတိုင်း တစ်ဖန်ပြန်ရှုပါ။ တစ်ဖန် နိမိတ်ပြန်ပေါ်လာ၍ ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန်ပြန်ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော နိမိတ်သည် ခိုင်ခံ့လာ၍ ဥပစာရသမာဓိ သို့လည်းဆိုက်ရောက်လာမည်။ စင်စစ်သော်ကား မင်း၏ မိဖုရားခေါင်ကြီးသည် စကြ၀တေးမင်းလောင်း ကိုယ်ဝန်ကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း လယ်သမားများသည် အသီးအနှံ မှည့်ဝင်းနေကြသော သလေးမုယော စပါးခင်းများကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း၊ဘာဝနာရှုပွားသူသည် အာနာပါနပဋိဘာဂနိမိတ်ကို ဂရုစိုက်ကာ စောင့်ရှောက်အပ်၏။ ယောဂီသည် ထိုပဋိဘာဂနိမိတ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းရမည်။ သွား- ရပ်- ထိုင်- လျောင်း ဟူသော ဣရိယာပုထ် လေးပါလုံး၌ အဆက်မပြတ် စွမ်းအားရှိသမျှ နှလုံးသွင်း ရှုပွားနေရမည်။ ထိုသို့ နှလုံးသွင်းရှုပွားခြင်းဖြင့် ဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ ဣနြေ္ဒငါးပါးတို့ ညီမျှအောင် သိဖြင့် ချုပ်ထိန်းရမည်။ အထူးသဖြင့် ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်ပေးရမည်။ ယောဂီသည် ဗောဇ္ဈင်တရား (၇) ပါးကိုလည်း ညီမျှအောင် ပွားရပေမည်။ လုံ့လ၀ီရိယ အလွန့်အလွန် လျော့နည်းနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသည့် ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်၍ စိတ်ဓါတ်ကျဆင်းနေသောအခါ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊ ၀ီရိယသမ္ဗောဇ္ဈင် နှင့် ပီတိသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင်တရားသုံးပါး ကို ပွားများပေးရမည်။ ဤသို့ ပွားခြင်းဖြင့် စိတ်ဓါတ်ကို ချီးမြှောက်နိုင်၏ ၊ ကျဆင်းနေသော စိတ်ဓါတ်ကို မြင့်တင်ပေးနိုင်၏။ တစ်ဖန်တုံလည်း အပြင်းအထန်ကြိုးစားသဖြင့် ၀ီရိယလွန်ကဲခြင်းစသည့် အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ပျံ့လွင့်နေ၏။ ထိုအခါမျိုး၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တရားသုံးပါးကို ပွားများခြင်းဖြင့် တုန်လှုပ်ပျံ့လွင့်နေသောစိတ်ကို နှိပ်ကွပ်ပေးနိုငိ၏။ ဤအရာ၌ သမထပိုင်းဝယ် -
(၁) အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထွင်းဖေါက်သိမြင်ခြင်း သဘောကားဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊
(၂) ထိုသို့ ထွင်းဖေါက်သိမြင်အောင် ကြိုးစားအားထုတ်နေခြင်း သဘောကား ၀ီရိယသမ္ဗောဇ္ဈင်၊
(၃) ယင်းအာရုံကို နှစ်သက်နေခြင်း သဘောကား ပီတိ သမ္ဗောဇ္ဈင်၊
(၄) ယင်းအာရုံကိုပင် အာရုံပြုကာ စိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်းသဘောကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
(၅) ယင်းအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာကပ်ပြီး တည်ကြည်နေခြင်းသဘောကား သမာဓိသမ္ဗောဇ္ဈင်၊
(၆) ယင်းအာရုံပေါ်၌ ကြောင့်ကြမှု တောင့်တမှုမရှိဘဲ စိတ်ကို အညီအမျှ အလယ်အလတ်သဘော လျစ်လျှူထားနိုင်းခြင်း သဘောကား ဥပေက္ခာသမ္ဗောဇ္ဈင် တို့ဖြစ်ကြ၏။
ဓမ္မ၀ိစယ, ၀ီရိယ, ပီတိသမ္ဗောဇ္ဈင်တရားတို့ကား တစ်အုပ်စု၊ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့ကား တစ်အုပ်စု ဖြစ်ကြ၏ ။ ယင်းအုပ်စုနှစ်ခုတို့ ညီမျှအောင် သတိသမ္ဗောဇ္ဈင် တရားဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရ၏ ။
အာနာပါန ပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရကာ အထပ်ထပ် အဖန်ဖန် သိမ်းဆည်းနေသော သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏ ။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ထို့ကြောင့် သတိကို သဗ္ဗတ္ထိက - အခါခပ်သိမ်းအလိုရှိအပ်၏။ အုပ်စုနှစ်ဖက်လုံးတို့၌ အလိုရှိအပ်၏ ဟု ဆိုလိုသည်။ ဘာဝနာရှုသူသည် အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် သမာဓိထူထောင်နိုင်လာသောအခါ နိမိတ်သည် အထူးကြည်လင်တောက်ပလာပြီး ရှုပါ ၀စရပထမဈာန်သို့ ရောက်၏ ။ ဈာန်မှထ၍ ဘ၀င်စိတ်ခေါ် မနောအကြည်တည်ရာ နှလုံးအိမ်အတွင်း ဟဒယ၀တ္ထုဆီသို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယ၀တ္ထုကို မှီ၍ ဖြစ်နေသော ဘ၀င်စိတ်ခေါ် မနောဒွါရ၌ ထင်နေသည့် အာနာပါန ပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်သည်။ ထို့နောက် ယောဂီသည် သမာဓိပို၍ပို၍ မြင့်မားလာရန် ပဋိဘာဂနိမိတ်၌ သတိကိုကပ်၍ ရှုပွားရမည်။ ပြီးလျှင် မနောအကြည်နှင့် ပဋိဘာဂနိမိတ်တို့ကို ပြိုင်တူအာရုံယူ၍ ပဋိဘာဂနိမိတ်ကို အာရုံပြုနေကြသည့် ဈာန်အင်္ဂါများကို ဆင်ခြင်ရမည်။ ဈာန်အင်္ဂါများကို အခက်အခဲများစွာ မရှိဘဲ မိမိ၏ ဉာဏ်ဖြင့် တဖြည်းဖြည်း ပိုင်းခြားသိမြင်လာလိမ့်မည်

ဒေါက်တာမင်းတင်မွန် ၏ “သမထဘာဝနာ၌ အောင်မြင်ပေါက်ရောက်ခြင်း” စာအုပ်မှ-

No comments:

Post a Comment