Sunday, November 6, 2016

ရောင့်ရဲခြင်းသည်အမြတ်ဆုံးဥစ္စာ

တစ်နေ့ မနက်ခင်းခပ်စောစောအချိန်မှာ သူတောင်းစား
တစ်ယောက်က ဘုရင်ဧကရာဇ်တစ်ပါးရဲ့တံခါးကိုသွား
ပြီးခေါက်ပါတယ်။ ဘုရင်ကြီးကသူ့ရဲ့လှပသာယာတဲ့
ပန်းဥယျာဉ်ထဲမှာ မနက်ခင်းလမ်းလျှောက်ထွက်လာ
တဲ့အချိန်ဖြစ်နေပါတယ်။ အခြားအချိန်တွေမှာဆိုရင်
ဘုရင်ကြီးနဲ့တွေ့ဆုံဖို့ ခွင့်တောင်းရမှာဖြစ်တဲ့အတွက်
တွေ့ဆုံဖို့လွယ်ကူမယ်မဟုတ်ပါဘူး။ သူ့ကိုတားဆီး
မယ့်သူ တစ်ယောက်မှမရှိတဲ့အချိန်နဲ့တိုက်ဆိုင်သွား
ပါတယ်။

ဘုရင်ကြီးက သင်ဘာကိုအလိုရှိပါသလဲလို့မေးလိုက်
ပါတယ်။ သူတောင်းစားက ဘုရင်ကြီး ဒီမေးခွန်းကို
မမေးခင် နှစ်ခါလောက်ပြန်ပြီးစဉ်းစားလိုက်ပါဦးလို့
ပြောလိုက်ပါတယ်။ ဘုရင်ကြီးအဖို့ခြင်္သေ့လိုရဲရင့်တဲ့
ဒီလိုလူမျိုးနဲ့တစ်ခါမှမတွေ့ကြုံဖူးပါဘူး။ သူဟာစစ်
ပွဲတွေကို တိုက်ခိုက်ခဲ့ပြီး အောင်ပွဲတွေအကြိမ်ကြိမ်
ရခဲ့သူဖြစ်ပါတယ်။ သူ့ထက်ပိုပြီးသြဇာအာဏာကြီး
တဲ့သူမရှိခဲ့တာသေချာပါတယ်။ သူတောင်းစားက
ပြန်ပြောပါတယ်။ သင်ပြောမယ့်စကားကိုနှစ်ခါစဉ်း
စားပြီးမှ ပြောပါ။ ဘာကြောင့်လဲဆိုတော့ ပြန်ပြီး
ပြင်ဆင်ချင်လို့ရမှာမဟုတ်လို့ပါဘဲ။

ဘုရင်ကြီးက သင်ပူပန်စရာမလိုပါဘူး။ ဒါက
ငါ့အလုပ်ပါ။ သင်လိုချင်တာကိုသာ တောင်းပါ။
ရရစေမယ်လို့ ခိုင်ခိုင်မာမာပြောပြန်တယ်။

သူတောင်းစားက ကျွန်ုပ်တောင်းစားတဲ့ခွက်ကို
သင်မြင်တယ်နော်။ ဒီခွက်ကို ပြည့်တာအလိုရှိ
တယ်။ ဘာကိုပဲထည့်ထည့်အရေးမကြီးပါဘူး။
ခြွင်းချက်တစ်ခုကတော့ ဒီခွက်ဟာပြည့်နေစေ
ရမယ်။ လုပ်မပေးနိုင်ဘူးဆိုရင် ငြင်းလို့ရသေး
တယ်နော်။ လုပ်ပေးမယ်လို့ပြောလိုက်တာနဲ့
သင့်တာဝန်သင်ယူရတော့မယ်လို့ ထပ်ပြီးပြော
ပါတယ်။

ဘုရင်ကြီးကရယ်မောလိုက်တယ်။ သူတောင်း
စားရဲ့ခွက်ကိုဖြည့်ဖို့များ သူကခြိမ်းခြောက်နေ
သေးတယ်။ သူရဲ့ဝန်ကြီးချုပ်ကို သူတောင်းစား
ရဲ့ခွက်ထဲကိုစိန်တွေနဲ့ဖြည့်ပေးဖို့အမိန့်ပေးလိုက်
တယ်။ ငါလိုဘုရင်ရဲ့အကြောင်းကိုသိစေရမယ်
လို့ ကြိမ်းဝါးလိုက်ပါတယ်။

သူတောင်းစားကတော့ နှစ်ခါစဉ်းစားနော်လို့
ထပ်ပြီးပြောလိုက်ပါတယ်။ မကြာခင်မှာပဲ
သူ့ရဲ့ပြောဆိုစကားက မှန်ကန်ကြောင်းပေါ်
လွင်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့
စိန်တွေကို သူတောင်းစားရဲ့ခွက်ထဲကိုသွန်ချ
လိုက်တာနဲ့တစ်ပြိုက်နက် ပျောက်ကွယ်သွား
ပါတော့တယ်။

ဒီအကြောင်းကမြို့ထဲမှာတောမီးလောင်သလို
တစ်ခါတည်းပျံ့နှံ့သွားပါတော့တယ်။ လူ
ထောင်ပေါင်းများစွာလာပြီးကြည့်ကြပါတယ်။
ရှိသမျှစိန်တွေနဲ့ကျောက်သံပတ္တမြားတွေ
ကုန်သွားတဲ့အခါမှာ ဘုရင်ကြီးကရှိသမျှ
ရွှေတွေငွေတွေယူခဲ့ကြ၊ ရှိရှိသမျှအားလုံး
အားလုံးသာယူခဲ့၊ ငါ့တိုင်းပြည်တစ်ခုလုံး
ကုန်သွားပါစေ၊ ငါ့ရဲ့ဂုဏ်သိက္ခာစိန်ခေါ်
တာကိုငါမခံနိုင်ဘူးလို့ အမိန့်ပေးပါတယ်။

ညနေလည်းရောက်ရော ရှိရှိသမျှအကုန်
ပျောက်ကွယ်သွားပါတော့တယ်။ ကျန်ရစ်
တာကတော့ သူတောင်းစားနှစ်ယောက်
တစ်ယောက်က မွဲံတေသွားတဲ့ဘုရင်ကြီး
ပဲဖြစ်ပါတယ်။

ဘုရင်ဟောင်းကြီးက သင်သတိပေးတာ
ကို နားမထောင်ခဲ့တဲ့အတွက် သင့်ကို
မတောင်းပန်ခင်မှာ သင့်ရဲ့တောင်းစားတဲ့
ခွက်ရဲ့ လျှို့ဝှက်ချက်ကိုငါ့ကိုပြောပြစမ်းပါ
လို့ တောင်းပန်လိုက်ပါတယ်။

သူတောင်းစားက ဘာလျှို့ဝှက်ချက်မှမရှိပါ။
ကျွန်ုပ်ကခွက်နဲ့တူအောင်ပြောင်လက်အောင်
တိုက်ချွတ်ထားတာပါ။ တကယ်တော့ဒါကြီး
ကလူရဲ့ဦးခေါင်းခွံကြီးပဲဖြစ်ပါတယ်။ သင်
ဘာကိုပဲထည့်ထည့် အားလုံးဟာ ပျောက်
ကွယ်သွားမှာပါပဲလို့ ရှင်းပြလိုက်ပါတယ်။

ဒီပုံပြင်ကလေးက အဓိပ္ပါယ်အများကြီးရှိ
ပါတယ်။ သင်ရောသင့်ရဲ့သူတောင်းစား
ခွက်အကြောင်းကိုစဉ်းစားမိပါရဲ့လား။
အကုန်ပျောက်ကွယ်သွားတယ်။ ဂုဏ်၊
အာဏာ၊ လေးစားခြင်း၊ ပစ္စည်းဥစ္စာ
ဘာဆိုဘာမျှမကျန်ပါဘူး။ သင့်ရဲ့ခွက်က
နောက်ထပ်ရဖို့ ပါးစပ်ဟပြီးတောင်းခံနေ
တယ်မဟုတ်ပါလား။ နောက်ထပ်၊ နောက်
ထပ်၊ ဆိုတာတွေက သင့်ဆီက အကုန်ယူ
သွားမှာပါပဲ။ အာသာပြင်းပြတဲ့ဆန္ဒ၊ တစ်
ခုခုကို တောင့်တခြင်းက သင့်ဆီကအချိန်
တိုင်းမှာ ယူသွားနေမှာသေချာပါတယ်။

ကမ္ဘာပေါ်မှာ လူနှစ်မျိုးပဲရှိကြပါတယ်။ လူ
အများစုက အရိပ်တွေနောက်ကိုပြေးလိုက်
နေကြတယ်။ သူတို့ကိုသင်္ချီုင်းထဲမှာမြှပ်နှံ
ခံရတဲ့အထိ သူတို့ရဲ့တောင်းဆိုတဲ့ခွက်တွေ
က ရှိနေဦးမှာဖြစ်ပါတယ်။

သိပ်နည်းတဲ့လူစုက ဆိုပါစို့။ လူတစ်သန်းမှာ
တစ်ယောက်ကတော့ အပြေးကိုရပ်မယ်။
လိုချင်တဲ့ဆန္ဒတွေကိုစွန့်လွှတ်မယ်။ ဘာကိုမျှ
လိုချင်ပါတယ်လို့ မတောင်းခံတော့ဘူး။ သူ
ကသူ့ရဲ့အတွင်းကမ္ဘာထဲမှာရှိတာတွေကိုတွေ့
သွားလို့ဖြစ်ပါတယ်။

ဒါကြောင့်သင်တစ်ခုခုကိုလိုချင်တဲ့ဆန္ဒဖြစ်
ပေါ်လာတဲ့အခါမှာ သင့်ရဲ့ပျော်ရွှင်ကျေနပ်
မှုဟာ အဲဒီတစ်ခုခုအပေါ်မှာတည်ပါတယ်။
အဲဒီတစ်ခုခုကိုသင့်ဆီကယူသွားခြင်းကို
ခံရပြီဆိုရင် သင်စိတ်ဆင်းရဲရပြီဖြစ်ပါတယ်။
အဲဒီတစ်ခုခုကိုသင်ရပြီဆိုရင် သင်ပျော်ရွင်မှာ
ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာတစ်ခဏပဲခံမှာ
ဖြစ်ပါတယ်။ ဒါကိုသင်နားလည်ထားရမှာပါ။

သင့်ရဲ့ဆန္ဒတစ်ခုပြည့်သွားတိုင်း သင်ပျော်ရွင်
ရတာဟာ တစ်ခဏပါပဲ။ မြန်မြန်ကြီးပြောင်းလဲ
နေတဲ့အတွက် တစ်ခုခုကိုသင်ကရလိုက်တာနဲ့
သင့်စိတ်ကပိုပြီးရချင်တဲ့ဆန္ဒကိုပြန်ပြီးစလိုက်
တာပါပဲ။ နောက်တစ်ခုပြီး နောက်တစ်ခု။

စိတ်ကလိုချင်တောင့်တခြင်းထဲမှာ တည်ရှိနေ
ပါတယ်။ ဒါကြောင့်လိုချင်တောင့်တခြင်းမရှိဘဲ
စိတ်ကသင့်ဆီကဖယ်ရှားမသွားပါဘူး။ သင့်မှာ
လိုချင်တောင့်တခြင်းမရှိတော့ရင် စိတ်ကလည်း
တိတ်သွားတော့တယ်။ ဒါဟာ တရားအားထုတ်
ခြင်းရဲ့အဓိကလျှို့ဝှက်ချက်ဖြစ်ပါတယ်။

ဒီ Desire ဆိုတဲ့ပုံပြင်ကလေးက တွေးစရာ
ဆင်ခြင်စရာတွေအများကြီးပေးသွားပါတယ်။
ဘာသာရေးဘက်ကတွေးစရာ သင်ခန်းစာ
ယူဖွယ်တွေလည်းရပါတယ်။ လောဘဆိုတဲ့
လိုချင်တက်မက်ခြင်းရဲ့သဘောသဘာဝကို
က ဘယ်လောက်ပဲဖြည့်ပေးနေပါစေ အလို
ပြည့်သွားတယ်လို့မရှိဘူးဆိုတာကိုအထက်ပါ
ပုံပြင်က သရုပ်ဖော်ပေးပါတယ်။ ခံစားစရာ
အာရုံတွေ ပိုင်ဆိုင်လိုတဲ့ဂုဏ်သိက္ခာနဲ့ဥစ္စာ
ပစ္စည်းတွေကို ရပြီးရင်းရချင်ရင်းဖြစ်တတ်ပါ
တယ်။ ရသင့်တာထက်ပိုပြီး လိုချင်တဲ့စိတ်ကို
ဖြတ်တောက်နိုင်ဖို့က တင်းတိမ်ရောင့်ရဲမှု
ရှိမှ ဖြတ်နိုင်ပါတယ်။ လောဘဆိုတာ
ကိလေသာမှန်းသိပြီး မပယ်သတ်နိုင်သေး
ပေမယ့် တဖြည်းဖြည်းပါးသွားအောင် နည်း
သွားအောင် ဆင်ခြင်ဖို့ကတော့ တရားသ
ဘောနဲ့ယှဉ်ပြီး သိနေမှသာဖြစ်နိုင်ပါတယ်။

ခင်စောတင့်၏ ရောင့်ရဲခြင်းသည်အမြတ်ဆုံးဥစ္စာဆောင်းပါးမှထုတ်နှုတ်ဖော်ပြသည်။

No comments:

Post a Comment