Wednesday, November 30, 2016

နောင်တကြီး (၁၀) ပါး မမှားရအောင်

၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။

၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။

၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။

၎။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။

၅။ မသွားလာအပ်သော သူမယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျတ်ဆီးမိခြင့်ကြောင့် မိမိသားသမီးရလာသောခါ နောင်တ တဖန် ပူပန်ရခြင်း။

၆။ များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံပါလျက် ဒါနမှုများ ပြုရမည်ကို သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။

၇။ မိအို/ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အားရှိပါလျက် အသက်ထင်ရှားရှိစဉ်၌ ကျွေးမွေးရန်သတိမရဘဲ သေလွန်ပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။

၈။ မွေးသည့်မိခင် ကျွေးဖခင် ကျေးဇူးရှင်တို့်အား မထေမဲ့မြင့်ပြုခဲ့မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။

၉။ သီလ, သမာဓိ, ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ်မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။

၁၀။ ငြိမ်သက်သောအကျင့် ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့် အတွက် မကျင့်ကြံမိသောကြောင့် အခါနှောင်းမှ နောင်တကြီးစွာ ရခြင်း။

မဟာဇနကဇာတ်

ကာမေသုအကြောင်း တစေ့တစောင်း (တည်တောဆရာတော်)

အဂမနီယ၀တ္ထု

ကိုထင်မြင်ကျော် နှင့် ထီးချိုင့်မြို့- တည်းတောဆရာတော်ကြီး တို့ အမေးအဖြေမှ
“ဟောဒီစာက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့၊ ရွှေဂူရပ်၊ တောင်သူ ကိုတင်မြင့်ကျော် မေးလျှောက်တဲ့စာပါ ဘုရား”
“ ဆိုစမ်းပါဦး၊ ကိုတင်မြင့်ကျော်က ဘာတွေများ မေးထားတာတုန်းကွယ့်”
“ ကိုတင်မြင့်ကျော် မေးတာက မဃဒေ၀ လင်္ကာသစ် အပိုဒ် ၂၃၂-ကို သူ အလွန်နှစ်သက်တဲ့အတွက် အရကျက်ထားပါသတဲ့၊ ဒါပေမယ့် အနက်အဓိပ္ပါယ်ကို ကောင်းကောင်းမသိပါဘူးတဲ့၊ ဒါကြောင့် မဃဒေ၀ လင်္ကာသစ် ၂၃၂- ရဲ့ အဓိပ္ပါယ်ကို ခပ်တိုတို အမိန့်ရှိစေချင်ပါသတဲ့ ဘုရား ”
“ မဃဒေ၀ လင်္ကာသစ်ရဲ့ အဓိပ္ပါယ်ဆိုတော့ ခပ်တိုတို ပြောသည့်တိုင်အောင် အနည်းငယ်တော့ ရှည်သွားမှာပဲကွယ့်၊ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဖတ်စေချင်သကွယ့် ”
“ မှန်ပါ၊ စိတ်ရှည်ရှည်ထားပြီး ဖတ်ပါ့မယ်ဘုရား ”
“ မဃဒေ၀လင်္ကာသစ် ၂၃၂- ရဲ့ အစမှာဆိုထားတာက-
ကာမေသုမိစ္ဆာ၊ သူ့အိမ်ရာ၌၊ ကိလေသာစက်၊ ကျူးမမက်နှင့်... တဲ့။ ဒါက မဃဒေ၀ မင်းကြီးက တောထွက်ခါနီး သားတော်ကို ဆုံးမလိုက်တဲ့ စကားပေါ့၊ ဒီလင်္ကာပိုဒ်မှာ သူ့အိမ်ရာဆိုတာ သူတစ်ပါးရဲ့ မယားကို ဆိုလိုတယ်၊ သူတစ်ပါးရဲ့မယားကို ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်တယ်၊ ဒါကြောင့် စက်လိုလည်နေတဲ့ ကိလေသာအလိုကို လိုက်ပြီး သူတစ်ပါးမယားကို မကျူးလွန်နှင့် မမက်မောနှင့်တဲံ။
သူ့ထက်ကိုယ်က၊ ဣဿရနှင့်၊ ဘောဂဥစ္စာ၊ စည်းစိမ်သာမှု၊ မိစ္ဆာတရား၊ မောဟပွား၏ ၊၊
ဒီလင်္ကာက ကိုယ်က သူ့ထက် အစိုးရခြင်း၊ အာဏာရှိခြင်း ဆိုတဲ့ ဣဿရိယဂုဏ်၊ အသုံးအဆောင် စည်းစမ်ဥစ္စာဂုဏ် သာလွန်ခဲ့လျှင် ထို ပုဂ္ဂိုလ်အပေါ်၊ မသိမှုမောဟ ဖုံးလွှမ်းပြီး၊ ကာမေသုမိစ္ဆာစာရ အကျင့်ယုတ်ကို ပိုမိုပြီး ပြုလုပ်တတ်ကြသတဲ့။
မသွားလာအပ်၊ မစပ်ရာဘိ၊ ကျမ်းလာရှိသား၊ အဂမနိယ၊ မိန်းမအပြား၊ နှစ်ကျိပ်အားတွင်။
ယောက်ျားများ မသွားလာအပ်သော ယောက်ျားတစ်ပါးနှင့် မစပ်သော ကျမ်းဂန်လာ အဂမနိယ မိန်းမအပြား နှစ်ဆယ် ရှိတယ်တဲ့ကွယ့်။ အဲဒီ အဂမနီယ မိန်းမနှစ်ဆယ်ကို ၀ိသုဒ္ဓါရုံ ဆရာတော်ဘုရားက အတိုကောက် လင်္ကာရေးထားခဲ့တယ်။
မာ၊ ပိ၊ မာပိ၊ ဘနှင့်ဘာ၊ ဉာ၊ ဂေါ၊ ဓမ်၊ သ၊ သာ ၊ ခ၊ ဆန်၊ ဘော၊ ပ၊ ဩ၊ ဩ၊ ခ၊ ကမ္မ၊ ဒါ၊ မုဟာ - တဲ့ အဓိပ္ပါယ်ကတော့
မာ- မာတုရက္ခိတာ = မိခင် စောင့်ရှောက်သော မိန်းမ၊
ပိ- ပိတုရက္ခိတာ = ဖခင် စောင့်ရှောက်သေ မိန်းမ၊
မာပိ- မာတာပိတုရက္ခိတာ= မိဘနှစ်ပါးလုံး စောင့်ရှောက်သော မိန်းမ၊
ဘ- ဘဂိနီရက္ခိတာ = အစ်မ, ညီမ စောင့်ရှောက်သော မိန်းမ၊
ဘာ- ဘာတုရက္ခိတာ= မောင်ကြီး, မောင်ငယ် စောင့်ရှောက်သော မိန်းမ၊
ဉာ- ဉာတိရက္ခိတာ= ဆွေမျိုး စောင့်ရှောက်သော မိန်းမ၊
ဂေါ - ဂေါတ္တရက္ခိတ = အနွယ်တူ စောင့်ရှောက်သော မိန်းမ၊
ဓမ် - ဓမ္မရက္ခိတာ = တရားကျင့်ဖော် စောင့်ရှောက်သော မိန်းမ၊
ဤရှစ်ယောက်သော မိန်းမများကား ကာမပိုင် လင်မရှိသော မိန်းမများတည်း၊ မိမိ၏ ကာမကို မိမိသည်သာပိုင်၏ ။
သ- သပရိဒဏ္ဍာ = မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမ၊
သာ - သာရက္ခာ = အစောင့်အရှောက်ရှိသော မိန်းမ၊
ဓ - ဓနက္ကီတာ = ဥစ္စာဖြင့်ဝယ်ထားသော မယား၊
ဆန် - ဆန္ဒ၀ါသိနီ = အလိုတူ၍ သူ့အိမ်လိုက်နေသော မယား၊
ဘော - ဘောဂ၀ါသိနီ = အသုံးအဆောင်ဖြင့် အလိုတူသော မယား၊
ပ - ပဋ၀ါသိနီ = အ၀တ်တန်ဆာဖြင့် အလိုတူသော မယား၊
ဩ - ဩဒပတ္တကိနီ = ရေခွက်၌ လက်ဆုံချ ထိမ်းမြားသော မယား၊
ဩ - ဩဘတစုမ္ဗဋာ = ခေါင်းခု ချအပ်သော မယား၊
ဓ - ဓဇဟဋာ = သုံ့ပန်းမယား၊
ကမ္မ - ကမ္မကာရီဘရိယာ = အမှုလုပ် မယား၊
ဒါ - ဒါသီဘရိယာ = ကျွန်မယား၊
မုဟာ - မုဟုတ္တိကာ = ခဏမျှ ပေါင်းဖော်အပ်သော မယား ။
အခုဖော်ပြခဲ့တာက ယောက်ျားများ မသွားလာအပ် အကယ်၍ သွားလာသော် ကာမေသုမိစ္ဆာ စာရကံ ထိုက်တဲ့ မိန်းမ နှစ်ဆယ် ဖြစ်တယ်၊ အဂမနီယ ဆိုတဲ့ ပါဋ္ဌိက (မသွားမလာ အပ်) လို့ ဆိုလိုတယ်ကွယ့်။
သူ့မယားဖြစ်၊ တစ်ကျိပ်နှစ် နှင့်၊ မိချစ်ဘခင်၊ မောင်လျှင်အမ၊ ဉာတိ စသည်၊ စောင့်ကြတနိုင်၊ ကာမပိုင်သခင်၊ အရှင်ကင်းလစ်၊ လင်မဲ့ရှစ်၌ စင်စစ်အဂမနီ။
အားလုံး မိန်းမပေါင်း ၂၀ - မှာ ကာမပိုင်လင်မရှိတဲ့ မိန်းမက ရှစ်ယောက်၊ လင်ရှိတဲ့ မိန်းမက ၁၂- ယောက်၊ ဤ ၂၀- သော မိန်းမများဟာ ယောက်ျားတစ်ပါးတို့ မသွားလာအပ်လို့ အဂမနီယ ၀တ္ထုလို့ ခေါ်သတဲ့ကွယ့်။
သိမသိပင်၊ ဖြစ်ကျင်တပဲ၊ မှီဝဲလိုစိတ်၊ ရေနှယ်ဖိတ်လျက်၊ ဣတ္ထိ, ပုရိသ၊ ပယောဂဖြင့်၊ လုံ့လပြုခြင်း၊ မဂ်ချင်းချင်း၌၊ ထည့်သွင်းသာယာ၊ အင်လေးဖြာတို့ ၊ ညီပါတုံလစ်၊ ဤကံညစ်ကို၊ အပြစ်မသိ၊ မိန်းမတို့ ၊ သီလရှိမဲ့၊ လိုမဟဲ့နှင့် ၊ လိုဟဲ့အလျောက်၊ ထိုသယောက်တို့ ၊ ပြစ်ရောက်နည်းများ၊ ဟူတတ်ငြား၏ ။
ဒီလင်္ကာမှာ သိ, မသိ ဆိုတာက မသွားလာအပ်တဲ့ မိန်းမလို့ သိသည် ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အင်္ဂါလေးပါးနှင့် ညီညွတ်ခဲ့လျှင် ကာမေသုမိစ္ဆာရကံ ထိုက်တယ်လို့ ဆိုလိုတယ်။ အင်္ဂါလေးပါးဆိုတာက-
(၁) မသွားလာထိုက်သော အဂမနီယမိန်းမ ဖြစ်ရမယ်၊
(၂) မှီဝဲလိုသော စိတ်လည်းရှိရမယ်၊
(၃) လုံ့လလည်း ပြုရမယ်၊
(၄) မင်္ဂချင်းချင်း၌ ထည့်သွင်းသည်ကိုလည်း သာယာရမယ်၊
ဒီအင်္ဂါလေးပါးဟာ ကာမေသုမိစ္ဆာစာရကံ ရဲ့ အင်္ဂါလေးပါးဖြစ်တယ်။ အင်္ဂါလေးပါးနှင့် ညီညွတ်ရင် ကာမေသုမိစ္ဆာစာရကံဟာ ဧကန်ဖြစ်ပြီးလို့ မှတ်ရမယ်၊ အဲဒီ မိစ္ဆာစာရကံဟာလည်း အဂမနီယ ဖြစ်သော မိန်းမ၏ သီလ ရှိခြင်း, မရှိခြင်း၊ အလိုတူခြင်း, မတူခြင်း အားဖြင့် အပြစ် အလေး, အပေါ့ ဖြစ်လာတယ်၊ မိန်းမက သီလရှိ၍ အလိုမတူသော်အပြစ်ကြီးတယ်၊ သီလ မရှိလို့ , အလိုတူခဲ့လျှင် အပြစ်ငယ်တယ်လို့ မှတ်ရမယ်၊ ဒီလင်္ကာမှာပါတဲ့ မဲ့- ဆိုတဲ့ ပေါရာဏကမရှိ၊ ဟဲ့ - ဆိုတဲ့ ပေါရာဏက ရှိ၊ သယောက် ဆိုတဲ့ ပေါရာဏက အမျှောင်လင်၊ အမျှောင်မယား လို့ ဆိုလိုတယ်ကွယ့်။
သူ့မယားဖြစ်၊ တစ်ကျိတ်နှစ် ၌ ၊ အပြစ်တူကွ၊ မလွတ်ကြဘူး၊ မိန်းမ, ယောက်ျား၊ နှစ်ဦးသားပင်၊ နှစ်ဦးကံမိုက်၊ အပါယ်ထိုက်ရှင့်။
ယောက်ျားဖြစ်သူဟာ လင်မရှိတဲ့ မိန်းမရှစ်ယောက်နှင့် လင်ရှိမယားတစ်ကျိပ် နှစ်ယောက်တိှု့မှာ လွန်ကျူးလျှင် ကာမေသုမိစ္ဆာစာရကံ အပြစ်ချင်း တူကြတယ်။ သူ့မယား ဖြစ်ခဲ့လျှင် ပရဒါကကံပါ ထပ်ဆင့်ပြီး အပြစ်ပိုပြီးကြီးတယ်၊ လင်ရှိမယား တစ်ကျိပ်နှစ်ယောက်တို့လည်း ယောက်ျားကဲ့သို့ ကာမေသုမိစ္ဆာစာရကံမိုက်ကြောင့် အပါယ်ကို ကျထိုက်သတဲ့၊ လင်မရှိတဲ့ မိန်းမ ရှစ်ယောက်တို့ကတော့ မိမိကာမကို မိမိသာ ပိုင်တာမို့ ကာမေသုမိစ္ဆာ မဖြစ်ဘူး၊ ကျူးလွန်တဲ့ ယောက်ျားသာ အပြစ်ဖြစ်တယ် ၊ ဒါကြောင့်-
“ မှတ်ပိုက်စင်စစ်၊ လင်မဲ့ရှစ်မှာ၊ ယောက်ျားသာဟု၊ ကျမ်းလာမမှား၊ ဆုံးဖြတ်ခြား၏ ”
လို့ ဆက်လက်ရေးသားတော်မူတယ်ကွယ့်၊ ကျန်တဲ့ လင်္ကာပိုက်ဒ်ကတော့ အခက်အခဲမရှိပါဘူး ၊ ဒါကြောင့် လိုရင်းကိုပဲ ပြောပြတော့မယ် ”
“ မှန်ပါ၊ မိန့်တော်မူပါဘုရား ”
“ ကာမေသုမိစ္ဆာစာရကံ ကမ္မပထမြောက်ခဲ့လျှင် အခြားမဲ့သော အနန္တရဘ၀မှာ ငရဲကို ကျရောက်တတ်တယ်၊ ဓမ္မပဒ အဋ္ဌကထာမှာလာတဲ့ ဒု၊ သ၊ န၊ သော သူဌေးသား လေးဦးတို့ဟာ ကာမေသုမိစ္ဆာစာရကံကြောင့် ပွက်ပွက်ဆူနေတဲ့ ကြေးသံရည်အတွင်း အောက်ထက်ပြောင်းပြန် နှစ်ခြောက်သောင်းမှာ ဦးခေါင်း တစ်ခါ ပေါ်လာပြီး ပြန်နှစ်မြုပ်သွားရတယ်၊ ဒါကြောင့် မိမိစိတ်ကို ထိန်းပါ၊ မိန်းမနှင့် ယောက်ျားဆိုတာ ကြုံကြိုက်လာလျှင် စစ်ကြီးထသလို နှစ်ဦးသား ကိလေသာတွေ ထကြွလာတတ်ကြပါတယ်၊ သတိတရား, သမာဓိတရား , ပညာတရား ရှေ့မှာထားပြီး ထိန်းသိမ်းပါ၊ အရှင်အနန္ဒာ အလောင်းဟာ ပါရမီတော်ကို ကမ္ဘာ့တစ်သိန်း ဖြည့်ဆည်းပူးပြီး ဖြစ်ပါလျက် ပန်းထိမ်သည်ဘ၀က တစ်ကြိမ်မျှ ကာမေသုမိစ္ဆာစာရကံ လွန်ကျူးမိလို့ ရောရုဝငရဲ ရောက်ပြီး ငရဲကလွတ်ခဲ့တော့ မိန်းမ၊ နပုန်းပဏ္ဍုတ်နှင့် ၁၄- ဘ၀တိုင်အောင် ဗီဇအထုပ်ခံရတဲ့ နွား, မျောက် ဖြစ်ခဲ့ရသေးသတဲ့၊ ဒါကြောင့် အလွန်ကြောက်စရာကောင်းတဲ့ ပရဒါရ ကံကြီးကလွတ်အောင် ထိန်းသိမ်းပါလို့ ဆိုလိုသကွယ့် ”
“ မှန်ပါ မဃဒေ၀လင်္ကာသစ်ရဲ့ ဆိုလိုရင်းကိုတော့ သဘောပေါက်သွားပါပြီး၊ သို့သော် အနည်းငယ် မရှင်းလင်းတာကလေးများကို လျှောက်ထားပါရစေဦး ဘုရား ”
“ လျှောက်ထားပါ၊ ဘာများ လျှောက်ထားချင်သလဲ ”
“ လျှောက်ထားချင်တာက လင်မရှိတဲ့ မိန်းမ ရှစ်မျိုးတို့ ဟာ သူတို့ နှစ်သက်တဲ့ ယောက်ျားတစ်ဦး နှင့် နှစ်ဦးသဘောတူ ရုံးမှာ လက်ထပ်ခဲ့လျှင် နှစ်ဦးသား ကာမေသုမိစ္ဆာစာရကံ လွတ်, မလွတ်ပါ ဘုရား ”
“ လင်မရှိတဲ့ မိန်းမရှစ်ယောက်တို့ကတော့ သူတို့ ကာမ သူတို့ ပိုင်တာ မို့ ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူး၊ ယောက်ျား ဖြစ်သူကလည်း မိဘစတဲ့ အုပ်ထိန်းသူထက် အဆင့်မြင့်တဲ့ အစိုးရဌာနက အသိအမှတ် ပြုပေးလိုက်တဲ့ အတွက် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘူး လို့ မှတ်ရမယ်ကွယ့် ”
“ သားသမီးရှိတဲ့ မုဆိုးမ, တစ်ခုလပ်တို့ နှင့် နှစ်ဦးသဘောတူ ပေါင်းဖော်လျှင်ကော အပြစ်လွတ်ပါ့မလား ဘုရား ”
“ သားသမီးဆိုတာ မိဘရဲ့ အစောင့်အရှောက်ခံသာ ဖြစ်တယ်၊ မိခင် က သားသမီးရဲ့ အစောင့်အရှောက် ခံမဟုတ်လို့ မိန်းမက သဘောတူလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပါဘူး ”
“ လင်မဲ့ မိန်းမရှစ်မျိုးက မယားရှိတဲ့ သူတစ်ပါးလင် နှင့် ပျော်ပါးလျှင်ကော နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါ့မလား ဘုရား ”
“ လင်မဲ့ ရှစ်မျိုးကတော့ သူတစ်ပါး လင်နှင့် ပျော်ပါးသည့်တိုင်အောင် မိမိကာမကို မိမိတို့သာ ပိုင်ဆိုင်တာမို့ ကာမေသုမိစ္ဆာစာရကံ မဖြစ်ဘူး၊ ယောက်ျားဖြစ်သူကတော့ မအိပ်အပ်တဲ့ နှစ်ကျိပ်သော မိန်းမ နှင့် ပျော်ပါးတာမို့ ကာမေသုမိစ္ဆာစာရကံ မလွတ်ဘူး ”
“ ဇနီးရှိတဲ့ လင်ယောက်ျားဟာ ဇနီးမယား သဘောမတူတဲ့ လင်မဲ့ မိန်းမ ရှစ်မျိုးနှင့် ပေါင်းဖတ်လျှင်ကော နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရကံ လွတ်ပါမလား ဘုရား ”
“ လင်မဲ့ မိန်းမကတော့ လွတ်တယ်၊ ဇနီးရှိတဲ့ ယောက်ျားကတော့ အုပ်ထိန်းသူများ သဘောမတူလျှင် အပြစ်မလွတ်ဘူး ”
“ အုပ်ထိန်းသူကတော့ သဘောတူတယ်၊ လင်မဲ့မိန်းကလေးက သဘောမတူဘူး ၊ အဲဒါ လွန်ကျူးလျှင်ကော အပြစ်လွတ်ပါ့မလားဘုရား ”
“ ကာယကံရှင်က သဘောမတူဘဲ သူ့ကာမကို လုယူတဲ့အတွက် အပြစ်မလွတ်ဘူးကွယ့်  ”
“ လင်မဲ့ မိန်းမမှာ အုပ်ထိန်းသူ (စောင့်ရှောက်သူ ) တွေ များနေတယ်၊ တချို့က သဘောတူ၊ တချို့က သဘောမတူဖြစ်နေလျှင်ကော ဘုရား ”
“ အေး.... မိန်းကလေးက သဘောတူလျှင် အပြစ်မဖြစ်ပါဘူး ”
“ လင်မဲ့မိန်းမဟာ အုပ်ထိန်းသူ မသိဘဲ တိတ်တဆိတ် ပြည့်တန်ဆာမ လုပ်ခဲ့လျှင်ကော အပြစ်လွတ်ပါ့မလား ဘုရား ”
“ မိန်းကလေးဟာ အဂမနီယ၀တ္ထုဖြစ်လို့ အပြစ်မလွတ်ဘူးကွယ့် ”
အင်း.... ကာမေသုမိစ္ဆာစာရကံနှင့် ပတ်သက်ပြီး မေးကွက်တွေကတော့ အများသားကလား၊ အဖြေကတော့ ကာမေသုမိစ္ဆာစာရကံရဲ့ အင်္ဂါ လေးချက် ကိုက်ညီလျှင် အပြစ်ရှိတယ်၊ မကိုက်ညီလျှင် အပြစ်မရှိဘူးပေါ့ကွယ်၊ ဒီနေရာမှာ အပြစ်ဆိုတာဟာလဲ (ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း ) ကို ဆိုလိုပါတယ်။ တဏှာ, ရာဂ, လောဘ ဆိုတဲ့ အပြစ်ကတော့ ဘယ်ကင်းမလဲလေ ဟုတ်လား ”
“ မှန်ပါ သဘောပေါက်ပါပြီးဘုရား ”
“ သာဓု ... သာဓု... သာဓု ”

ဘ၀တစ်ခုကျရှုံးခြင်း၏ အကြောင်းရင်းများကို လေ့လာသုံးသပ်ခြင်း

မြတ်စွာဘုရားရှင်သည် မင်္ဂလသုတ်ကို ဟော
တော်မူအပြီးနောက်ညတွင် ပရာဘ၀သုတ် ကို
ဟောတော်မူခဲ့သည်ဟု ပါဠိစာပေမှတ်တမ်းများ
အရ သိရပါသည်၊၊

“မင်္ဂလသုတ်”သည် ဘ၀တစ်ခု တိုးတက်ကြီးပွား
ကြောင်း(၃၈)မျိုးကို ပေါ့ပါးသည့် ပါဠိစာပေ ဝေါ
ဟာရ အသုံးအနှုံးလေးများဖြင့် ဟောပြောသင်ပြ
ထားသည့် သုတ်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်
ကလေးသူငယ်များပင် မင်္ဂလသုတ်ပါဠိစာသားများ
ကို အလွတ်ရနေကြပါသည်၊၊

ပရာဘ၀သုတ်သည် မင်္ဂလသုတ်နှင့် တစ်ရက်တာ
ကလေးမျှခြားပြီး ဟောပြောသင်ပြထားသောသုတ်
ဖြစ်ပါလျက် နားလည်သဘောပေါက်သူ၊ အလွတ်ရ
သူမရှိသလောက်ရှားသည်မှာထူးဆန်းသည့်အခြေ
အနေဖြစ်ပါသည်၊၊

ပရာဘ၀သုတ်တွင် မြတ်စွာဘုရားရှင်သည် လူ့ဘဝ
ဆုပ်ယုတ်ကြောင်း(၂၄)မျိုးကို ဟောပြောသင်ပြထား
သောသုတ်ဖြစ်သောကြောင့်လေ့လာထားရန်အလွန်
်သင့်တော်သည့် သုတ်ဖြစ်ပါသည်၊၊ မင်္ဂလသုတ်ဖြင့်
အောင်မြင်ခြင်း၏အကြောင်း(၃၈)မျိုးကိုပြဆိုထားပြီး၊
ပရာဘ၀သုတ်ဖြင့်ကျရှုံးခြင်း၏အကြောင်း(၂၄)မျိုးကို
ဖော်ပြထားပါသည်၊၊

မင်္ဂလသုတ်ကို မြတ်စွာဘုရားရှင် နတ်သားတစ်ပါး
မေးလျောက်သောကြောင့် ဟောပြောသင်ပြတော်မူ
ထားသည်ဟု မူရင်းမင်္ဂလသုတ်နိဒါန်းပါဠိစာပေမှတ်
တမ်းကို လေ့လာသောကြောင့် သိရှိရပါသည်၊၊

မင်္ဂလသုတ်၏ မူရင်းပါဠိစာပိုဒ်(ဂါထာ)တစ်ခုတစ်ခု
၏အဆုံးတွင် ဧတံ မင်္ဂလမုတ္တမံ ဆိုသည့် စာသား
လေးမှာ အလွန်တရာ ဆိုလို့ကောင်းသည့် ပါဠိစာ
သားဖြစ်ပါသည်၊၊ ပရာဘ၀သုတ်ကိုလည်း မြတ်စွာ
ဘုရားရှင်သည် နတ်သားတစ်ဦးမေးလျောက်သော
ကြောင့် ဟောပြောသင်ပြထားသည်ဟုပါဠိမှတ်တမ်း
ရှိသောကြောင့် သုတ်နှစ်ခုသည် အခြေခံခြင်းတူညီ
သည်ဟု ဆိုနိုင်ပါသည်၊၊

ပရာဘ၀သုတ်မှ စာပိုဒ်တစ်ခုတစ်ခု၏ အဆုံးတွင်
လည်း ဧတံ ပရာဘ၀တော မုခံဟုချည်း စာသား
အတူပိုဒ်လေးများကို သုံးနှုံးထားသည်မှာ ပါဠိစာပေ
ကိုလေ့လာလိုသူများအတွက် အထူးခံတွင်းတွေ့စေ
နိုင်ပါသည်၊၊

အနောက်တိုင်း စာပေများတွင် တက်ကျမ်းများ
အလွန် ရေပမ်းစားလှပါသည်၊၊ ပါဠိစာပေကို ဘုန်း
ကြီးစာ၊ သို့မဟုတ်၊ ဘုရားစာ”ဟုအများတကာ ခေါ်
ဆိုလေ့ရှိပြီး လူတို့၏နေ့စဉ်ဘ၀တိုးတက်ကြီးပွားရေး
ကို ပါဠိစာပေတွင် မတွေ့ရနိုင်ဟု ထင်မှတ်နေကြပါ
သည်၊၊

အမှန်စင်စစ် ပါဠိစာပေတွင် ကမ္ဘာ့အကောင်းဆုံး
ဒဿန အတွေးအခေါ်များကို အသေးစိတ် လေ့လာ
ရရှိနိုင်သည်ကို သိရှိသူအလွန်နည်းပါသည်၊၊

ယနေ့ခေတ်တွင်မူ သီရိလင်္ကာပါဠိစာပေပညာရှင်တို
၏ ကြိုးစားအားထုတ်မှုကြောင့် ပါဠိစာပေမှ အတွေး
အခေါ်နှင့်လူ့ဘ၀အသုံးချပညာရပ်များကို Buddhist
Philosophy, Buddhist Ethics, Buddhist Economic,
Buddhist Science, Buddhist Metaphysis, Buddhi
-st Psychology, Buddhist Psychotherapyစသည်
စသည်တို့ ကမ္ဘာ့အတွေးအခေါ်နှင့် စာပေလောကသို့
ပြန့်နှံ့လာသည်မှာဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါသည်၊၊

ပရာဘ၀-ပုဒ်ကို the causes down fall=ကျရှုံးခြင်း၏
အကြောင်းဟုဘာသာပြန်ဆိုနိုင်ပါသည်၊၊ ဘ၀တစ်ခုတွင်
အောင်မြင်ခြင်း၏ အကြောင်းရင်းကို သိရုံမျှဖြင့် မလုံ
လောက်သေးပါ၊ လူ့ဘ၀ ဟူသည်မှာ လဲတတ် ကျတတ်
သည့်သဘောတရားများစွာလည်း ရှိသေးသောကြောင့်
ကျရှုံးခြင်း၏ အကြောင်းရင်းများကိုလည်း သိနားလည်
ရန်လိုအပ်ပါသေးသည်၊၊

ပါဠိစာပေမှ ပရာဘ၀သုတ် တွင် ဗုဒ္ဓရှင်တော်သည်
ကျရှုံးခြင်း၏အကြောင်းရင်း(၂၄)မျိုးကို အသေးစိတ် သုံး
သပ်ဝေဖန်ပြထားပါသည်၊၊အဌကထာမှတ်တမ်းများတွင်
ကျရှုံးခြင်းအကြောင်း (၂၄)မျိုးလုံးကို မဆိုထားဘိ
အကြောင်းတစ်ခုနှင့် ပြည့်စုံနေလျင်ပင် ဧကံမုချကျရှုံးရ
သည်ဟု ဖော်ပြထားပါသည်၊၊

၁။ မှန်ကန်သည့်လမ်းစဉ်ကို မနှစ်သက်ခြင်း၊
၂။ လူမိုက်ကို နှစ်သက်ခြင်း၊
၃။ သူတော်ကောင်းကို မမြတ်နိုးတတ်ခြင်း၊
၎။ လူမိုက်၏စကားကို နှစ်သက်ခြင်း၊
၅။ အအိပ်မက်ခြင်း၊
၆။ အပေါင်းအသင်းမက်လွန်းခြင်း၊
၇။ စကားအလွန်အကျွန်များခြင်း၊
၈။ ပျင်းလွန်းခြင်း၊
၉။ အမျက်ဒေါသကြီးခြင်း၊
၁၀။ တတ်နိုင်ပါလျက် မိဘကိုမထောက်ပံ့ခြင်း၊
၁၁။ အလှူခံပုဂ္ဂိုလ်တို့အား ဖိတ်မန်ပြီးလျက်၊ လိမ်ညာ
လှည့်ပတ်ခြင်း၊
၁၂။ ပြည့်စုံသူဖြစ်ပါလျက် စားကောင်းသောက်ဖွယ်ကို
တစ်ယောက်တည်း စားသုံးခြင်း၊
၁၃။ ဇာတိမာန်(အမျိုးမာန်) ခက်ထန်ခြင်း၊
၁၄။ ဥစ္စာမာန်ခက်ထန်ခြင်း၊
၁၅။ အမျိုးအနွယ်မာန်ခက်ထန်ခြင်း
၁၆။ ဆွေမျိုးများကို မထီမဲ့မြင်ပြုခြင်း၊
၁၇။ မြာပွေခြင်း၊
၁၈။ အသောက်အစားများခြင်း၊
၁၉။ လောင်းကစားခြင်း၊
၂၀။ အပျော်အမျိုးသ္မီးနှင့် သွားလာလေ့ရှိခြင်း၊
၂၁။ သူတစ်ပါး၏အမျိုးသ္မီးနှင့် ပြစ်မှားခြင်း၊
၂၂။ ငယ်လွန်းသူနှင့် အိမ်ထောင်ပြုခြင်း၊
၂၃။ စည်းကမ်းမဲ့သည့် အမျိုးသ္မီး၊ အမျိုးသားကို မိသားစု၏
စီမံခန့်ခွဲရေးအရာတွင် ထားရှိခြင်း၊
၂၄။ ရာထူးရှိသောသူသည် လောဘကြီးပြီး စည်းစိမ်မရှိခြင်း၊
(၀-မရှိဘဲ၊ ၀ိ-လုပ်)

လူတိုင်း၏ပတ်ဝန်းကျင်တွင် မအောင်မြင်သူများ၊ ဆင်းရဲမွဲတေ
လွန်းသူများနှင့်၊ ချမ်းသာပြီးကာမှ ပြန်လည် ဆင်းရဲနှံခြာသည့်
အခြေအနေသို့ ကျရောက်သွားသူများအပါအ၀င်၊ အောင်မြင်မှု
လမ်းကြောင်းပေါ်ရောက်ပြီးကာမှ လှေလှော်ရင်းတက်ကြိုးရသူ
များကို များစွာပင်တွေ့မြင် ကြားသိနေရမည် ဖြစ်ပါသည်၊၊

ပရာဘ၀သုတ်တွင် ဖော်ပြထားသည့်အခြေအနေ(၂၄)မျိုးမှ
တစ်မျိုးတည်းကိုပင် အဆုံးစွန်အထိ လိုက်စားမိလျင် သေချာ
ပေါက်ကျရှုံးရကြောင်းကို ကျရှုံးသူများ၏နောက်ကြောင်းရာဇ
ဝင်များကို လေ့လာကြည့်လျင် ထင်ရှားစွာတွေ့ရပါလိမ့်မည်၊

တစ်ခါတရံ တစ်ချို့သူများသည် ကျရှုံးခြင်း၏အကြောင်းပေါင်း
များစွာကို ပြုနေပါလျက် အောင်မြင်နေသည်ကိုတွေ့ရသော
အခါ စိတ်မခိုင်သူတို့သည် အားကျစိတ်ဖြစ်တတ်ပါသည်၊၊
အကုသိုလ်ကံပဲ ကောင်းကျိုးပေးနေသယောင်ထင်မှားတတ်
ပါသည်၊၊

မမှန်ပါ၊၊ ပို၍နက်နက်ဆွဲချလိုသဖြင့် တွင်းအနက်ဆုံးပြုပြင်
နေခြင်း ဖြစ်ပါသည်၊၊ နောက်ဆုံးတွင် တချိန်က ကိုယ်အား
ကျခဲ့သည့် လူမိုက်ကြီးများသည် မကြားရက်လောက်သည်
အထိ မရှုမလှဖြစ်ကြရသည်များကို တွေ့ကြရပါတော့သည်၊၊

အထူးသမြင့် လောင်းကစား၊ မြာပွေခြင်းနှင့် စိတ်ထင်တိုင်း
ကြဲနေရခြင်းတို့သည် အလွန်ကြိုက်စရာကောင်းသည့်စည်း
စိမ်များသဖွယ် ထင်မှတ်ရပါသည်၊၊ သို့သော်မကောင်းသည့်
အကျိုးတို့ တန်ပြန်သက်ရောက်မှုပေးရန်အကြောင်းဆုံလာ
သောအခါ ခိုကိုးရာမဲ့ဘ၀သို့ ကျရောက်ကြရပါသည်၊၊

မရှက်တမ်းဝန်ခံရပါလျင် စာရေးသူသည် အစားမက်သည့်
အမျိုးအစားထဲတွင် ပါဝင်ပါသည်၊၊ ပရာဘ၀သုတ်ကို လေ့
လာပြီးချိန်မှစပြီး ပစ္စည်းကောင်းကိုဖြစ်စေ အစားကောင်း
ကိုဖြစ်စေ စားမည် သုံးစွဲမည်လုပ်တိုင်း ငါတစ်ဦးတည်းစံ
စားလျင် ပရာဘ၀သုတ်အရ ကျရှုံးတော့မည်ဟုနှလုံးသွင်း
ပြီး ဝေမျှခွဲဝေအသုံးပြုသည့်အလေ့အကျင့်ကို ပျိုးထောင်
ဖြစ်ခဲ့ပါသည်၊၊

စာရေးသူ၏ “အဖွား”အပါအ၀င် မိတ်ဆွေများမှ ပေးပို့ကြ
သည့်အစားအစာနှင့် ပစ္စည်းများကိုလည်း ဝေမျှသုံးစွဲစား
သုံးသည့်အကျင့်တစ်ခုကို ပရာဘ၀သုတ်မှ သင်ပေးခဲ့ခြင်း
ဖြစ်ပါသည်၊၊

ဖော်ပြခဲ့ပြီးသည့် ဘ၀တစ်ခုကျရှုံးခြင်း၏အကြောင်းများကို
စနစ်တကျလေ့လာ သုံးသပ်ဆင်ခြင်ပြီး အောင်မြင်မှုအတိ
ပြီးသည့် လူ့ဘ၀သုခဘုံစစ်စစ်ကို ရရှိနိုင်ကြောင်းရဲရဲအာမ
ခံချက် ပေးနိုင်ပါသည်၊၊

"အလင်းစက်"စာဖတ်သူများအားလုံး ဘ၀တွင်မကျရှုံးကြ
ပါစေကြောင်း၊ အောင်မြင်ကြပါစေကြောင်း နှလုံးသားမှ
ဆန္ဒပြုလိုက်ရပါသည်၊၊

အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Sri Lanka}
www.ko-thitsar.blogspot.com
မကုဋာရာမမြန်မာကျောင်းတိုက်
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(18/02/2014)

ကိုယ်နဲ့ခန္ဓာခွဲခြားကြည့်ရမယ်ဆိုတာ နားလည်အောင်ရှင်းပြပါ။

ကိုယ်ဆိုတာ ခြေဖျားက ဆံဖျားတိုင်အောင်
တစ်ကိုယ်ကောင်လုံးကြီးကိုခေါ်တာ။ ကိုယ်
ကိုကြည့်ရင် လျောင်း ထိုင် ရပ် သွား လှုပ်
ရှားတည်ငြိမ်နေတဲ့အမှုအရာတွေကိုမြင်မယ်။
ပုံပန်းသဏ္ဍာန် အရောင်အဆင်းတွေကိုတွေ့
မယ်။ ပကတိမျက်စိနဲ့မြင်လို့ရတယ်။ မြင်ပြီး
ရင်ထပ်မြင်နေရင်လည်း ဒီကိုယ်ကောင်ကြီး
က မပြောင်းလဲပါဘူး။ အမူအယာတွေသာ
ပြောင်းလဲနေတယ်။

ခန္ဓာဆိုတာက ကိုယ်ကောင်ကြီးဖွဲ့စည်းထား
မှု အခြေခံရုပ်သဘော၊ နာမ်သဘောတွေကို
ခေါ်တာ။ ရုပ်ခန္ဓာနာမ်ခန္ဓာတရားတွေကိုတွေ့
ရင် ဖောက်ပြန်ပြောင်းလဲနေတာတွေ့မယ်။
ပုံပန်းသဏ္ဍာန် အရောင်အဆင်း မပါဘဲ ဓမ္မ
သဘောသက်သက်မျှသာလို့သိမယ်။ပကတိ
မျက်စိနဲ့မမြင်နိုင်ဘူး။ ဉာဏ်မျက်စိနဲ့သာမြင်
နိုင်မယ်။မြင်ပြီးရင်လဲမြင်နေရင်လည်းပြောင်း
လဲတဲ့ သဘောပဲ တွေ့မယ်။ မြင်ဆဲခဏမှာ
ကို ပြောင်းလဲတဲ့သဘောပဲရှိတယ်လို့သိမြင်
နိုင်တယ်။

ရေစီးဆင်းနေတဲ့မြစ်တစ်စင်းကိုတွေ့ဖူးမှာ
ပေါ့။ မြစ်ကိုကြည့်ရင် မြစ်ရဲ့အကျယ်၊ အ
ကွေ့အကောက်၊ အရောင်အဆင်း၊ ပုံသ
ဏ္ဍာန်တွေကိုမြင်နေရတယ်။ခုကြည့်လည်း
ဒီမြစ်၊ ဒီပုံစံ၊ နောင်ကြည့်လည်း ဒီမြစ်၊ ဒီ
ပုံစံ။ မပြောင်းလဲဘူး။ တကယ်လို့သာ စီး
ဆင်းနေတဲ့ရေကို ဂရုစိုက်ကြည့်ရင် တသွင်
သွင်စီးနေတဲ့သဘော၊ ရွေ့နေလှုပ်ရှားနေ
တဲ့သဘောတွေကို တွေ့မယ်။ မြစ်တစ်စင်း
ရဲ့ပုံစံကို ဂရုမပြုမိတော့ဘူး။ စီးသွားတဲ့ရေ
ဟာ နောက်တစ်ခါပြန်မစီးတော့ဘူး။အသစ်
အသစ်သာ ထပ်စီးသလို ရုပ်ခန္ဓာ နာမ်ခန္ဓာ
တွေလည်းဖြစ်ပြီးသွားရင် ဒီခန္ဓာတွေပြန်မ
ဖြစ်တော့ဘူး.။ အသစ်အသစ် ခန္ဓာပဲထပ်
ဖြစ်တယ်လို့ အသိဉာဏ်ပေါ်နိုင်တယ်။

ရေစီးဆင်းမှုတွေ ပေါင်းစပ်ပြီး မြစ်လို့ခေါ်ရ
သလို ဖြစ်ပျက်ခန္ဓာတွေ ပေါင်းစပ်ပြီးကိုယ်
လို့ခေါ်တာပါ။ ခန္ဓာရဲ့ဖောက်ပြန်တဲ့သဘော
နဲ့ ကိုယ်ကောင်ကြီးရဲ့တည်ငြိမ်လှုပ်ရှားအမူ
အယာတွေရဲ့သဘောဟာ ကွဲကွဲပြားပြားသိ
သာနိုင်ပါတယ်။ဉာဏ်နဲ့ကြည့်ရင်ကိုယ်နဲ့ခန္ဓာ
ခွဲခြားသိလာမယ်။

ဓမ္မဒူတအရှင်ဆေကိန္ဒ
အလုပ်ပေးဝိပဿနာအမေးအဖြေများ - ၁

Tuesday, November 29, 2016

သူတစ်ပါး၏ အလှူဒါနကို တားမြစ်သူအတွက် အန္တရာယ် (၃) မျိုး အလှူမြစ်​တား (၃)ပါး အန္တရာယ်

ဘုရားရှင်နှင့် ဝစ္ဆပရိဗိုဇ်တို့ ဆွေးနွေးခန်း
(ဝစ္ဆဂေါတ္တသုတ္တန်)[၂]
- - - - - - - - - - - - - - - - - -
သူတစ်ပါး ပေးလှူနေတာကို ပုဂ္ဂိုလ် တစ်ယောက်က တားမြစ် တတ်တယ်။ ဒကာကြီးတွေက လှူချင်ရင် ဒကာမကြီး တွေက ကန့်ကွက်တယ်။ ဒကာမကြီး တွေက လှူချင်ပြီဆိုရင် ဒကာကြီးက ကန့်ကွက်တယ်။ သားသမီး တွေက လှူချင်ရင် မိဘတွေက ကန့်ကွက်တယ်။ မိဘတွေက လှူချင်ရင် သားသမီး တွေက ကန့်ကွက်တယ် စတဲ့ ပုံစံမျိုးပဲနော်။ သူတစ်ပါး ပေးလှူတော့မယ် ဆိုရင် ထိုပေးလှူနေတဲ့ အလှူဒါနကို လာပြီး တားမြစ်တယ်။ အဲဒီ တားမြစ်တဲ့ ပုဂ္ဂိုလ် ဘာလုပ်တာလဲ?

အန္တရာယ် (၃)မျိုး, ဘေးဥပါဒ် (၃)မျိုးကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူတစ်ပါး ပေးလှူနေတဲ့ အလှူဒါနတစ်ခုကို သွားပြီး တားမြစ်ရင် ဒီတားမြစ်တဲ့ ပုဂ္ဂိုလ်သည် အန္တရာယ် (၃)မျိုးကို ပြုလုပ်နေတာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြား တော်မူပါတယ်။ အဲဒီ (၃)မျိုးဆိုတာက ဘာတွေလဲ?

၁။ ဒါနကုသိုလ်၏ အန္တရာယ် ဒါနဆိုတာက လှူခဲ့မယ် ဆိုရင် အလှူရှင် ဒါယကာမှာ ကုသိုလ်တရားတွေ တိုးပွားမယ့် လုပ်ငန်း ဖြစ်တယ်။ အလှူရှင် ဒါယကာက လှူဖွယ်ဝတ္ထု ပစ္စည်း တစ်ခုကို လှူတော့မယ်ကြံရင် မလှူဖို့ရန် ကန့်ကွက်တယ်။ လှူမယ်ဆိုတဲ့ အလှူရှင် အတွက် ကုသိုလ်တရားတွေ ဖြစ်ဦးမလား? မဖြစ်ဘူး။ ကုသိုလ် ခေါ်တဲ့ ပုည= ကောင်းမှု ကိုယ်သိုလ် တရားတွေ မဖြစ်ပေါ်အောင် အန္တရာယ် ပြုလုပ်နေတဲ့ လုပ်ငန်း တစ်ခု ဖြစ်တယ်။ ဒါက နံပါတ် (၁)နော်။ နံပါတ် (၂) ကတော့ ဘာလဲ?

၂။ လာဘ်လာဘ၏ အန္တရာယ် အလှူခံ ပုဂ္ဂိုလ်တွေ ရသင့် ရထိုက်တဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကိုလည်း ပြုလုပ် တတ်တယ်။ မဟုတ်ဘူး လား? ဟုတ်နေတယ် နော်။ ဒါက နံပါတ် (၂)။ နံပါတ် (၃)ကျတော့ ဘာလဲ?

၃။ မိမိကိုယ်ကို မိမိ တူးဖြိုနေသူ အဲဒီလို ကန့်ကွက် နေတဲ့ ပုဂ္ဂိုလ်ကို လှမ်းကြည့်နော်။ သူဟာ ကျေနပ်လို့ ကန့်ကွက် တာလား, မကျေနပ်လို့ ကန့်ကွက် တာလား? မကျေနပ်ဘူး။ မကျေနပ်တာမှာ သူ့မှာ လောဘကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဒေါသကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဣဿာ, မစ္ဆရိယတွေ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားတွေ, ၀န်တိုတဲ့ စိတ်ထားတွေ ကြောင့် မကျေနပ်တာလည်း ရှိချင် ရှိမယ်နော်။ လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယစတဲ့ ဒီအကုသိုလ် တရားတွေ ၀င်ပြီး နှောင့်ယှက် ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ မိမိကိုယ်ကို မိမိ ရှေးမဆွတည်းက မိမိ ဂုဏ်သိက္ခာတွေ ကျဆင်း သွားအောင် ကြိုတင်ပြီးတော့ တူးဖြို နေတာပဲ။

သိပ်လောဘကြီး တာပဲ၊ သိပ်ဒေါသကြီး တာပဲ၊ သိပ်မောဟ ထူပြောတာပဲ၊ သိပ်ပြီးတော့ ဣဿာ, မစ္ဆရိယတွေ များပြားတာပဲ စသည်ဖြင့် ဘေးပုဂ္ဂိုလ် တွေက ဝေဖန်ကြတော့မယ်။ မိမိမှာ ရှိရင်းစွဲဖြစ်တဲ့ သီလ, သမာဓိ, ပညာ ဂုဏ်သိက္ခာ တွေ အားလုံး ကျဆင်းသွားတာပဲ။ ဒီကိလေသာ လက်နက် တွေနဲ့ မိမိကိုယ်ကို မိမိ တူးဖြို နေပြန်တယ်။ ဘယ်လို တူးဖြို တာလဲ? တူးတယ် ဖြိုတယ်ဆိုတာ ဒကာကြီးတွေ ကြည့်စမ်းကြည့်, တူးလို့ရှိရင် ဘာဖြစ်သွားလဲ? တွင်းက ဘာဖြစ်သွားလဲ? တူးလေ နက်လေပဲ။ မိမိ နက်တဲ့ နေရာကို ဆင်းသွားဖို့ရန် အတွက် ကိုယ့်ကိုယ်ကို တူးဖြိုနေတာပဲ။ လက်နဲ့ ယက်ပြီးတော့ အောက်ကို ဆင်းနေတဲ့ ပုံစံပဲနော်။

ဒီတော့ သူတစ်ပါး ကောင်းမှု ကုသိုလ်ကို ကန့်ကွက် ရုံလေးနဲ့ပဲ ဘာကြောင့် ဒီလို လက်နဲ့ယက်ပြီး အောက်ကို ဆင်းရမလဲလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ မေးစရာရှိတဲ့ အခါကျတော့ အဖြေကတော့ သူတစ်ပါး တို့ရဲ့ ကောင်းမှု ကုသိုလ်ကို ကန့်ကွက် တားမြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ လောဘ, ဒေါသ, မောဟ စတဲ့ အကုသိုလ် တရားတွေက နည်းပါးလို့ ကန့်ကွက် တာလား, များပြားလို့ ကန့်ကွက် တာလားလို့ မေးရင် များပြားတဲ့ ထုထည်တွေ ရှိတယ်နော်။

အလှူခံပုဂ္ဂိုလ်အပေါ်မှာ မကျေနပ်လို့ ဒေါသဖြစ်လို့ ဒေါသကို အခြေခံ ပြီးတော့ သို့မဟုတ် လှူဖွယ် ၀တ္ထု အပေါ်မှာ တွယ်တာ တပ်မက်တဲ့ လောဘ ဖြစ်နေလို့ လောဘကို အခြေခံပြီးတော့ ကန့်ကွက် နေတာလည်း ဖြစ်ချင် ဖြစ်မယ်။ အလှူခံ ပုဂ္ဂိုလ်, အလှူပေးတဲ့ ပုဂ္ဂိုလ် နှစ်ဖက်လုံး အပေါ်မှာ မကျေနပ်လို့ ကန့်ကွက် နေတာ လည်း ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခု ကတော့ ဣဿာ = မလို မုန်းထားတဲ့ စိတ်ထား။ မစ္ဆရိယ = ၀န်တိုတဲ့ စိတ်ထား တွေကြောင့် ကန့်ကွက် နေတာတွေလည်း မဖြစ်နိုင် ဘူးလား? ဖြစ်နိုင်တယ်။ မာန = ကိုယ့်ထက် သာသွားမှာ စိုးလို့။ အလှူရှင်က ဒီလိုလှူလိုက်လို့ ရှိရင် ကိုယ်က နည်းနည်း လှူနိုင်တယ်။ သူက များများ လှူနိုင်တော့ ကိုယ့်ထက်သာ မနာလိုလို့ မကျေနပ်လို့ ကန့်ကွက် တာတွေလည်း မရှိနိုင်ဘူးလား? ရှိနိုင်တယ်။

အဲဒီလို လောဘ, ဒေါသ, မောဟ, ဣဿာ,
မစ္ဆရိယ တရား တွေကို တိုးပွားအောင် ဖြည့်ကျင့် ဆည်းပူး နေတဲ့ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ တူးဖြို နေတဲ့ပုဂ္ဂိုလ်။ မိမိကိုယ်ကို မိမိ ညှဉ်းပန်း နှိပ်စက်နေတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို တူးဖြိုနေတဲ့ ပုဂ္ဂိုလ်ရဲ့ လားရာ ဂတိသည် ကောင်းတဲ့ဂတိ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင် ဘူးပေါ့။

#ဖားအောက်တောရဆရာတော်

DATE:27.OCT.2016. AM.4:37
မဟာဗောဓိနိဗ္ဗာနပစ္စယောဟောတု . . .

Bhikkhu's Dhamma

သမာဓိ(သို့မဟုတ်) စိတ်ကိုစောင့်ရှောက်ခြင်း

သမာဓိသိက္ခာဟူသော သမာဓိကျင့်စဉ်၏ ရည်မှန်းချက်မှာ
(၁) မိမိ၏စိတ်အစဉ်ကို ကုသိုလ်တရားများ မဖြစ်ပေါ်အောင် တားဆီးပိတ်ပင်တတ်သည့် နီဝရဏတရားများနှင့် စိတ်ကို ညစ်နွမ်း ပူလောင်စေသည့် ကိလေသာများမှ ကင်းဝေးစင်ကြယ်စေရန်၊
(၂) စိတ္တ၀ိသုဒ္ဓိခေါ် စိတ်စင်ကြယ်မှုကို ရရှိရန် နှင့်
(၃) ၀ိပဿနာကို ထိထိရောရောက်အားထုတ် နိုင်အောင် စိတ်စွမ်းအား အလွန်ကြီးမား လာစေရန်တို့ ဖြစ်သည်။
စင်ကြယ်သည့် သီလကို ထူထောင်ပြီး ထိန်းသိမ်းထားသောအခါ ကုသိုလ်တရားများကို တားဆီးပိတ်ပင် တတ်သည့် နီဝရဏ တရားများအပါအ၀င် ပရိယုဋ္ဌာန ကိလေသာများသည် စိတ်ကို နှောင့်ယှက်ပူလောင်စေကြသေး၏။ စိတ်ကို မတည်ငြိမ်အောင် ပျံ့လွင့်အောင် ပြုလုပ်နေကြသေး၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဓမ္မပဒပါဠိတော်၌ တပည့်သား ရဟန်းများကို ငြိမ်းချမ်းမှုနှင့် ချမ်းသာမှုတို့ကို ခံစားနိုင်ရေးအတွက် စိတ်ကို ယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ကြဖို့ တိုက်တွန်းတော်မူ၏။

“စိတ်သည် အလွန့်အလွန်သိမ်မွေ့၍ အလွန့်အလွန်မြင်နိုင်ခဲ့၏။ စိတ်သည် အလွန်လျင်မြန်သွက်လက်စွာ အာရုံတစ်ခုမှ တစ်ခု သို့ ပြေးလွှားနေပြီး ၎င်းအလိုရှိရာ အာရုံ၌ ကျရောက်တတ်၏။ ၎င်းကို နှိမ်နင်းချုပ်ထိန်းရန် ယဉ်ကျေးအောင် ပဲ့ပြင်ဆုံးမရန် အလွန်ခဲယဉ်း၏။ သို့သော် ပညာရှိတို့သည် စိတ်ကို စောင့်ရှောက်ရာ၏။ ကောင်းစွာ ယဉ်ကျေးပြီးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏” (ဓမ္မပဒ ၃၅၊ ၃၆)
မြတ်စွာဘုရားသည် သမာဓိသုတ္တန် တွင် ရဟန်းများအား ပရမတ်တရားများကို သဘာဝအနေအထားအတိုင်း မှန်ကန်စွာ ရှုမြင်နိုင်ရေးအတွက် သမာဓိထူထောင်ရန် တိုက်တွန်းတော်မူ၏။
“သမာဓိံ ဘိက္ခဝေ ဘာဝေထ သမဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ ” (သံ၊ ၃၊ ၃၆-၃၈)
“ ရဟန်းတို့ သမာဓိကို ထူထောင်နိုင်အောင် ပွားများအားထုတ်ကြ၊ရဟန်းတို့ သမာဓိ ရှိတဲ့ ရဟန်းဟာ ပရမတ်တရားများ ဖြစ်ကြသည့် အရိယာသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမြင်နိုင်၏ ”
မဟာသတိပဋ္ဌာနသုတ် ၌လည်း မြတ်စွာဘုရား မိန့်ဆိုသည့်အတိုင်း သမ္မာသမာဓိသည် ရူပါဝစရဈာန် လေးပါးနှင့် ယှဉ်သော သမာဓိ ဖြစ်ပါသည်။ ၀ိသုဒ္ဓိမဂ် ၌ မိန့်ဆိုထားချက် အရ-
“ စိတ္တ၀ိသုဒ္ဓိ နာမ သဥပစာရ အဋ္ဌသမာပတ္တိယော ”
“ ဥပစာရသမာဓိ နှင့်တကွ ဈာန်သမာပတ် ရှစ်ပါးနှင့် ယှဉ်သော သမာဓိတို့သည် စိတ္တ၀ိသုဒ္ဓိ မည်ကြ၏။ ”
ယောဂီတစ်ဦးသည် ဥပစာရသမာဓိကို ဖြစ်စေ ဈာန်သမာဓိ ကိုဖြစ်စေ ၀ိပဿနာ၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီးလျှင် ပရမတ်ရုပ်နာမ် တရားများကို မတည်မြဲသောကြောင့် - အနိစ္စ၊ ဆင်းရဲသည့် သဘောကြောင့်- ဒုက္ခ၊ ပုဂ္ဂိုလ်, သတ္တ၀ါ, ငါ မဟုတ်သည့် သဘောကြောင့် - အနတ္တဟု လက္ခဏာရေးသုံးပါ တစ်လှည့်စိတ်တင်ကာ ၀ိပဿနာရှိရပါမည်။ ဤသို့ ၀ိပဿနာရှုနေသည့် အခါ ၀ိပဿနာဉာဏ်နှင့်ယှဉ်သော သမာဓိကို “ ခဏိကသမာဓိ ” ဟု ခေါ်ပါသည်။
မြတ်စွာဘုရားသည် သမထဘာဝနာအတွက် ကမ္မဋ္ဌာန်း လေးဆယ် ညွှန်းပြထားပါသည်။ ဤကမ္မဋ္ဌာန်းလေးဆယ်အနက် မိမိစရိုက် နှင့် ကိုက်ညီမည့် မည်သည့် ကမ္မဋ္ဌာန်းကို မဆို ရွေးချယ်၍ သမ္မာ သမာဓိ ထူထောင်ရန် အသုံးပြုနိုင်ပါသည်။ အရည်အသွေးပြည့်မီသော ကမ္မဋ္ဌာနာစရိယတစ်ဦး၏ ညွှန်ကြားမှုဖြင့် မြတ်စွာဘုရား၏ လမ်းညွှန်ချက်အတိုင်း မှန်ကန်စွာ ရှုပွားရန်ကား လိုအပ်ပေသည်။အာနာပါနဿတိသည် သမာဓိကို လျင်မြန်စွာ ထူထောင်ရေးအတွက် အထိရောက်ဆုံး ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါသည်။ အာနာပါနဿတိကို မြတ်စွာဘုရား လွန်စွာ ချီးကျူးတော်မူသည့်အပြင် ယခုအခါ တရားရိပ်သာများစွာ၌ သမာဓိထူထောင်ရန် အထူးကမ္မဋ္ဌာန်း (ပါရိဟာရိယကမ္မဋ္ဌာန်း) အဖြစ် အသုံးပြုကြပါသည်။ မြတ်စွာဘုရား လမ်းညွှန်သည့်အတိုင်း အာနာပါနဿတိကို ရှုပွားလျှင် ရူပါဝစရစတုတ္ထဈာန်အထိ စိတ်ကို ဖွံ့ဖြိုးတိုးတတ်စေနိုင်မည် ဖြစ်သည်။ အာနာပါနဿတိသုတ္တန်အရ အာနာပါနကမ္မဋ္ဌာန်းကို အဆင့်လေးဆင့်ဖြင့် ထူထောင်ရပေမည်။ ယင်းအဆင့်လေးဆင့်မှာ -
(၁) ရှည်သော ၀င်လေထွက်လေကို သိအောင်ရှုခြင်း၊
(၂) တိုသော ၀င်လေထွက်လေကို သိအောင်ရှုခြင်း၊
(၃) ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို သိအောင်ရှုခြင်း နှင့်
(၄) ၀င်လေထွက်လေတို့ကို ငြိမ်းစေခြင်း
တို့ဖြစ်သည်။ လက်တွေ့ ရှုရာတွင် အဋ္ဌကထာကြီးတို့၏ သြ၀ါဒကို လိုက်နာလျက် ဘာဝနာသတိကို လျင်မြန်စွာ ထူထောင်နိုင်ရေးအတွက် “ဂဏနာနည်း” ခေါ် ရေတွက်သည့်နည်းဖြင့် ၀င်လေ (အဿာသ)၊ ထွက်လေ (ပဿာသ) တို့ကို ရှုသိရန် ဘာဝနာပွားသူအား ဦးစွာ သင်ပေးပါသည်။ ဘာဝနာရှုသူ ယေယာဂီသည် ဆိတ်ငြိမ်ရာ၌ ကိုယ်ကို မတ်မတ် ထား၍ ငြိမ်သက်စွာ ထိုင်ပြီးလျှင် မျက်စိမှိတ်ကာ ပုံမှန်အသက်ရှုနေရမည်။ နှာသီးဖျား၌ဖြစ်စေ နှာခေါင်းဝ၌ ဖြစ်စေ နှုတ်ခမ်းအထက်၌ ဖြစ်စေ လေတိုးထိမှုထင်ရှားသည့်နေရာ၌ စောင့်၍ “ ၀င်လေ ထွက်လေ ” ကို ရှုကြည့်ရမည်။ ၀င်လေထွက်လေအာရုံ၌ သတိမြဲအောင် စိုက်ရှုနေရပါမည်။ “ ဘာဝနာရှုပွားသူသည် ၀င်လေထွက်လေတိုးထိရာ ထင်ရှားသည့်အရပ်၌ ၀င်လေထွက်လေကို သတိကပ်၍ ရှုပွားမှသာလျှင် အာနာပါနဿတိသမာဓိနှင့် ဘာဝနာသည် ပြည့်စုံစွာ ပြီးမြောက်နိုင်သည် ” ဟု ၀ိသုဒ္ဓိမဂ် ၌ မိန့်ဆိုထားပါသည်။
ယောဂီသည် သမာဓိကို ကိုယ်စားပြုသော ဧကဂ္ဂတာ စေတသိက် ( စိတ်စေတသိက် တို့ကို အမှတ်တစ်ခုတည်း၌ စုစည်းခြင်း) ကို ပျိုးထောင်နိုင်ရေးအတွက် အမှတ်တစ်ခုတည်း၌ ၀င်လေ ထွက်လေ အပေါ် စိတ်စူးစိုက်ထားရမည်။ အခြားအာရုံများဆီသို့ စိတ်ကို မပျံ့လွင့်စေရပါ။ ခန္ဓာကိုယ်တစ်နေရာ၌ ယားယံနာကျင်လာလျှင်လည်း အာရုံမပြုရပါ။ ဤယားယံမှုစသည်တို့သည် သမာဓိထူထောင်ဖို့ အတွက် ဘာဝနာအာရုံမဟုတ်ကြပါ။ အခြားအာရုံရောက်သွားလျှင် အာရုံလဲပျောက် သမာဓိလဲပျောက်မည် ဖြစ်သည်။ ၀င်လေထွက်လေကို ရေတွက်ရာ၌ လေရှူသွင်း ရှူထုတ်ပြီးသော် “ တစ် ” ဟု ရေတွက်ပါ။ တစ်ဖန် လေရှူသွင်း ရှူထုတ်ပြီးသော် “ နှစ် ” ဟု ရေတွက်ပါ။ ဤနည်းအတိုင်း ၀င်လေ ထွက်လေ ကို ရေတွက်ခြင်းဖြင့် သမာဓိထူထောင်နိုင်ပါသည်။
ဝင်လေထွက်လေ၏ အရှည်အတိုကို ၀င်လေထွက်လေ ရှူရှိုက်ရန် ကြာမြင့်သောအချိန်ကာလနှင့် ဆုံးဖြတ်၏။ ခပ်ကြာကြာဖြစ်နေသော ၀င်လေထွက်လေကို “ အရှည် ” ဟုလည်းကောင်း၊ အချိန်ကာလ ခပ်တိုတို ဖြစ်နေသည့် ၀င်လေထွက်လေကို “ အတို ” ဟု လည်းကောင်း သတ်မှတ်ပါ။ မည်သို့ပင် ရှိစေ ယောဂီသည် ၀င်လေထွက်လေ၏ အရှည်အတိုကို သိနေရမည့်အပြင် ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကိုလည်း လေတိုးထိသည့်နေရာ၌ ရှုသိနေရမည်။ ၀င်လေထွက်လေနှင့် လိုက်၍ အတွင်းသို့ ဖြစ်စေ အပြင်သို့ ဖြစ်စေ မရှုရပါ။ ယောဂီသည် တံခါးစောင့် နှင့် တူစွာ ပြုမူရမည်။ တံခါးစောင့်သည် မြို့တွင်၌လည်းကောင်း မြို့ပြင်၌လည်းကောင်း လူတို့ကို မစစ်ဆေးပါ။ သူနှင့် မသက်ဆိုင်၍ မစစ်ဆေးခြင်း ဖြစ်သည်။ သို့သော် တံခါးဝသို့ ရောက်လာသော လူတစ်ယောက်စီကို သူစစ်ဆေးသည်။ အလားတူပင် ယောဂီသည် နှားခေါင်းဝကို ကျော်လွန်၍ အတွင်းသို့ ၀င်သွားသော ၀င်လေကို လည်းကောင်း၊ အပြင်သို့ ထွက်သွားသော ထွက်လေကို လည်းကောင်း၊ သူနှင့်မသက်ဆိုင်င အာရုံမပြုပါ။ နှာခေါင်းဝသို့ ရောက်လာသော ၀င်လေထွက်လေကို မူ သူနှင့် သက်ဆိုင်သဖြင့် သူသတိမူ၍ ရှုသည်။
ယောဂီသည် လွှတိုက်သူ ကဲ့သို့လည်း ပြုမူသင့်သည်။ လွှတိုက်သူသည် သစ်တုံးနှင့် လွှသွား ထိတွေ့ရာအရပ်၌သာ အာရုံစူးစိုက်ထာသည်။ ချဉ်းကပ်လာသော လွှသွားများကိုလည်းကောင်း၊ ဝေးကွာသွားသော လွှသွားများကို လည်းကောင်း သူ အာရုံမပြုပါ။ အာရုံပြုသော်လည်း ထိုလွှသွားများကို သူမြင်သိနေသည်သာ ဖြစ်၏။ ထိုနည်းအတူ ဘာဝနာရှုသူသည် နှာသီဖျား သို့မဟုတ် နှာသီးဝ သို့မဟုတ် နှုတ်ခမ်းအထက် လေတိုးထိသည့် နောရာ၌ ၀င်လေ ထွက်လေကို သတိကပ်၍ စူးစိုက် ရှုနေရမည်။ ၀င်လေချဉ်းကပ် လာသည်ကိုလည်းကောင်း ထွက်လေထွက်ခွါသွားသည်ကို လည်းကောင်း သူအာရုံမပြုပါ။ အာရုံမပြုသော်လည်း ထိုချဉ်းကပ်လာသော ၀င်လေနှင့် ထွက်ခွါသွားသည့် ထွက်လေတို့ကို သူသိနေသည်သာ ဖြစ်သည်။ ယောဂီသည် သူ၏ ဘ၀နာစိတ်ကို ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို လေတိုးထိသည့် နှာခေါင်းဝ သို့မဟုတ် နှုတ်ခမ်းအထက်၌ ထိုင်တိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် အဆက်မပြတ် ထင်ထင်ရှားရှား ရှုသိနေသောအခါ စတုတ္ထအဆင့်သို့ တတ်လှမ်းနိုင်ပြီးဖြစ်ပါသည်။ ယောဂီသည် ၀င်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို အဆက်မပြတ် သိအောင် သတိကပ်၍ ရှုနေသည့်အခါ သူ၏၀င်လေထွက်လေသည် ပို၍ပို၍ ညင်သာသိမွေ့လာ၏။ အကြောင်းကား အခြား ကမ္မဋ္ဌာန်းအာရုံတို့သည် ဘာဝနာ အဆင့်မြင့်တတ်လာသည့်အခါ တစ်ဆင့်ထက်တစ်ဆင့် ပို၍ပို၍ ထင်ရှားလာပါသော်လည်း အာနာပါနဿတိ ကမ္မဋ္ဌာန်းမှာ ထိုသို့မဟုတ်ဘဲ ဘာဝနာအဆင့်မြင့်တတ်လာသည်နှင့်အမျှ ပို၍ပို၍ သိမ်မွေ့လာခြင်း ကြောင့်ဖြစ်၏။ နောက်ဆုံး ကမ္မဋ္ဌာန်းအာရုံဖြစ်သော ၀င်လေ ထွက်လေသည် မထင်ရှားသည်အထိ ကွယ်ပျောက်သွားသည့် အထိဖြစ်သွား၏။ ထိုသို့ ၀င်လေထွက်လေ ကွယ်ပျောက်သွားလျှင် ယောဂီသည် ထိုင်နေသည့်နေရာမှ ထမသွားသင့်ပါ။ သူသည် ထိုင်မြဲထိုင်လျက် မူလ ၀င်လေထွက်လေ၏ ထိမှုထင်ရှားရာ နှာသီဖျား သို့မဟုတ် နှုတ်ခမ်းအထက်၌ သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ ရှုနေရမည်။
ဤသို့ ရှုဖန်များလျှင် သူ၏ သတိသမ္ပဇဉ်ဉာဏ်တို့ တဖြည်းဖြည်း မြင့်တတ်လာသဖြင့် မကြာမြင့်မီ အလွန်သိမ်မွေ့သော ၀င်လေထွက်လေကို ပြန်၍ တွေ့လာတတ်၏။ ထိုသိမ်မွေ့သော လေ၌ သူ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါက သမာဓိအား ကောင်းလာသည့်အခါ နိမိတ်ပေါ်လာတတ်၏။ အာနာပါနကမ္မဋ္ဌာန်း၌ ဘာဝနာနိမိတ်သုံးမျိုးစလုံး ထင်ပေါ်လာတတ်၏။ ဤနိမိတ်တို့မှာ အထက်ဘာဝနာနိမိတ်ထင်လာရန် စီမံပြုပြင်ပေးသည့် ပရိကမ္မနိမိတ်၊ မျက်စိမှိတ်လျက် မြင်နေရသည့် ဥဂ္ဂဟနိမိတ်နှင့် ကြည်လင်တောက်ပသည့် ပဋိဘာဂနိမိတ်တို့ ဖြစ်ကြသည်။ ပကတိ ၀င်လေထွက်လေသည် ပရိကမ္မနိမိတ် ဖြစ်၏။ သမာဓိ အသင့်အတင့်မြင့်လာသောအခါ ထင်ပေါ်လာသည့် ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကိုလည်း ပရိကမ္မနိမိတ် ဟူ၍ပင် မှတ်ယူ၏။ သမာဓိပိုမြင့်လာသောအခါ အာနာပါနနိမိတ်သည် ဗိုင်းဝါဂွမ်း သို့မဟုတ် လဲဝါဂွမ်းကဲ့သို့ အဖြူရောင် နိမိတ်ဖြစ်ပေါ်လာ၏။ ဤနိမိတ်ကို ဥဂ္ဂဟနိမိတ် ဟုခေါ်၏။ ဤသို့ ဆိုခြင်းမှာ ယေဘုယျ သဘောဖြစ်၏။ အခြားအရောင်နှင့် ပုံသဏ္ဌာန်ရှိသော နိမိတ်များလည်း ထင်ပေါ် လာတတ်၏။ လူအမျိုးမျိုးအတွက် နိမိတ်အမျိုးမျိုး ထင်ပေါ်နိုင်၏။ သညာ၏ မှတ်သားမှု မတူကြသောကြောင့် ဖြစ်၏။ သမာဓိဆက်လက်၍ တိုးမြင့်လာသောအခါ အာနာပါန နိမိတ်သည သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပလာ၏။ ဤနိမိတ်ကို ပဋိဘာဂနိမိတ် ဟု မှတ်ယူနိုင်၏။ တစ်ဖန် ဤ ပဋိဘာ ဂ နိမိတ်သည်လည်း ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ထင်ပေါ်နိုင်၏။ သောက်ရှူးကြယ်၊ ပတ္တမြားလုံး၊ ပုလဲလုံး ၊ လဲဝါဂွမ်းစေ့၊ ရှည်သော ဆောက်လုံးကြိုးမျှင်၊ ပန်းဆိုင်း၊ ကြည်လင်တောက်ပသော မီးခိုးညွန့်၊ လ၀န်း၊ နေ၀န်း စသည်ဖြင့် အသွင်တစ်မျိုးမျိုးဖြင့် ထင်ပေါ်လာ တတ်၏။ အာနာပါနကမ္မဋ္ဌာန်းသည် ဘာဝနာတစ်မျိုးတည်း၊ ကမ္မဋ္ဌာန်း တစ်မျိုးတည်း ဖြစ်ပါသော်လည်း ဘာဝနာရှုသူ အမျိုးမျိုးတို့၏ မှတ်သာမှုသညာ ကွဲပြားကြခြင်းကြောင့် နိမိတ်အမျိုးမျိုး ထင်လာခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦး၌ပင်လျှင် တစ်ချိန်မှတစ်ချိန် မှတ်သားမှုသညာ ပြောင်းလဲသွားခြင်းကြောင့် ပဋိဘာဂနိမိတ်၏ အသွင် သဏ္ဌာန် ပြောင်းလဲသွားနိုင်သည်။ နိမိတ်တစ်ခုမှ နိမိတ်တစ်ခုသို့ ပြောင်းလဲသွားမှုသည် နောက်ထပ် ပြောင်းလဲသွားသော နိမိတ်မပေါ်မီ ဖြစ်ပေါ်သွားသည့် ဘာဝနာသညာ၏ ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ ယေဘုယျအားဖြင့် သန့်စင်သည့် ၀ါဂွမ်းစိုင်ကဲ့သို့ ဖြူဆွတ်နေသော နိမိတ်ကို ဥဂ္ဂဟနိမိတ်ဟု ခေါ်၏။ ဤနိမိတ်သည် ဖန်မှန်ကဲ့သို့ မကြည်ပါ။ ဤနိမိတ်သည် ဆွတ်ဆွတ်ဖြူနေရာမှ ကြည်လင်တောက်ပလာသော နိမိတ် အဖြစ်သို့ ပြောင်းလဲသွာလျှင် ပဋိဘာဂနိမိတ် ထင်ပေါ်လာသည်ဟု ဆို၏။ ပဋိဘာဂနိမိတ်သည် သောက်ရှူးကြယ် ကဲ့သို့ ကြည်လင်တောက်ပနေသော ဖန်တုံးကဲ့သို့ အသွင် ရှိ၏။ အာနာပါနဿတိနိမိတ်သည် ပတ္တမြားလုံးကဲ့သို့ ထင်လာလျှင် မကြည်လင်သည့် ပတ္တမြားလုံးကဲ့သို့သော နိမိတ်သည် ဥဂ္ဂဟနိမိတ် ဖြစ်၏။ ကြည်လင်တောက်ပသည့် ပတ္တမြားလုံးကဲ့သို့သော နိမိတ်သည် ပဋိဘာဂနိမိတ် ဖြစ်၏။ ကျန်သည့် နိမိတ်များ၌လည်း ယောဂီသည် အလားတူ သိနားလည်ရမည်။ အာနာပါနဿတိနိမိတ်သည် ရှေ့ပိုင်းအဆင့်၌လည်း ထင်ပေါ်နိုင်၏။ မျက်နှာရှေ့၌လည်း ပေါ်လာနိုင်၏။ ဤသို့သော နိမိတ်များသည် မခိုင်မြဲကြသည့်အတွက် ဤနိမိတ်တို့ကို ယောဂီအာရုံ မယူသင့်ပါ။ ပုံမှန်ဘာဝနာနိမိတ်သည် ၀င်လေထွက်လေနှင့် ထိတွေ့သော နှာသီးဖျား သို့မဟုတ် နှာသီးဝ၌ ထင်ပေါ်လာသည်။ တချို့နိမိတ် များနှာ နှာသီဖျား သို့မဟုတ် နှာသီးဝမှ အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့ သော်လည်းကောင်း ပြွန်ချောင်သဏ္ဌာန် တည်ရှိသည်။ ဤအခါမှား၌ ဘာဝနာရှုသူသည် သူ၏ ဘာဝနာစိတ်ကို အတွင်းဘက်သို့သော်လည်းကောင်း၊ အပြင်ဘက်သို့သော်လည်းကောင်း နိမိတ်ကို မလိုက်စေသင့်ပါ။ နှာသီးဖျား သို့မဟုတ် နှာခေါင်းဝ နှင့် အနီးကပ်ဆုံးတည်သော နိမိတ်အတွင်း ၌သာလျှင် သူ၏ ဘာဝနာစိတ်ကို နစ်မြုပ်နေစေသင့်၏။ ထိုနိမိတ်အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍တည်လာပါက ထိုနိမိတ်သည်လည်း တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်၍ တောက်ပသည်ထက် တောက်ပလာလိမ့်မည်။ အထူး ကြည်လင်တောက်ပလာသော နိမိတ်သည် ပဋိဘာဂနိမိတ် ဖြစ်၏။ ပဋိဘာဂနိမိတ် ထင်ပေါ်လာသော အချိန်မှစ၍ စိတ်အစဉ်မှ နီဝရဏခေါ် ကိလေသာများ စင်ကြယ်သွားကြပြီး ၊ နီဝရဏမှ ကြွင်းသော ကိလေသာများသည်လည်း အနည်ထိုင်သွားကြကုန်ပြီး။ စိတ်သည် ဖြူစင်သွားပြီး အာနာပါနဿတိသည် ယင်းအာနာပါနဿတိသည် ယင်းအာနာပါနဿတိ ပဋိဘာဂနိမိတ်၌ ရှေးရှုကာ ကပ်၍ တည်နေ၏။ ဤတွင် သတိမူသင့်သော အချက်တစ်ချက်ကို ညွှန်ပြလို၏။ ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်တို့ ပေါ်လာသော အဆင့်နှစ်ဆင့်လုံး၌ နိမိတ်ခိုင်မြဲလာပြီး ၀င်လေထွက်လေနှင့် နိမိတ်တို့တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်တည်နေအောင် ကြိုးစားအားထုတ်နေသည့်အခါ နိမိတ်ကို ကြည့်လိုက် ၀င်လေထွက်လေကို ကြည့်လိုက် -ဤသို့ မပြုလုပ်ပါနှင့်။ ၀င်လေထွက်လေကို လုံးဝမကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို အပြည့်အ၀ စူးစိုက်ထားပါ။ အကယ်၍ နိမိတ်ပျောက်ပျက်သွားသော ၀င်လေထွက်လေကို ယခင်အတိုင်း တစ်ဖန်ပြန်ရှုပါ။ တစ်ဖန် နိမိတ်ပြန်ပေါ်လာ၍ ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန်ပြန်ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော နိမိတ်သည် ခိုင်ခံ့လာ၍ ဥပစာရသမာဓိ သို့လည်းဆိုက်ရောက်လာမည်။ စင်စစ်သော်ကား မင်း၏ မိဖုရားခေါင်ကြီးသည် စကြ၀တေးမင်းလောင်း ကိုယ်ဝန်ကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း လယ်သမားများသည် အသီးအနှံ မှည့်ဝင်းနေကြသော သလေးမုယော စပါးခင်းများကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း၊ဘာဝနာရှုပွားသူသည် အာနာပါနပဋိဘာဂနိမိတ်ကို ဂရုစိုက်ကာ စောင့်ရှောက်အပ်၏။ ယောဂီသည် ထိုပဋိဘာဂနိမိတ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းရမည်။ သွား- ရပ်- ထိုင်- လျောင်း ဟူသော ဣရိယာပုထ် လေးပါလုံး၌ အဆက်မပြတ် စွမ်းအားရှိသမျှ နှလုံးသွင်း ရှုပွားနေရမည်။ ထိုသို့ နှလုံးသွင်းရှုပွားခြင်းဖြင့် ဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ ဣနြေ္ဒငါးပါးတို့ ညီမျှအောင် သိဖြင့် ချုပ်ထိန်းရမည်။ အထူးသဖြင့် ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်ပေးရမည်။ ယောဂီသည် ဗောဇ္ဈင်တရား (၇) ပါးကိုလည်း ညီမျှအောင် ပွားရပေမည်။ လုံ့လ၀ီရိယ အလွန့်အလွန် လျော့နည်းနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသည့် ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်၍ စိတ်ဓါတ်ကျဆင်းနေသောအခါ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊ ၀ီရိယသမ္ဗောဇ္ဈင် နှင့် ပီတိသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင်တရားသုံးပါး ကို ပွားများပေးရမည်။ ဤသို့ ပွားခြင်းဖြင့် စိတ်ဓါတ်ကို ချီးမြှောက်နိုင်၏ ၊ ကျဆင်းနေသော စိတ်ဓါတ်ကို မြင့်တင်ပေးနိုင်၏။ တစ်ဖန်တုံလည်း အပြင်းအထန်ကြိုးစားသဖြင့် ၀ီရိယလွန်ကဲခြင်းစသည့် အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ပျံ့လွင့်နေ၏။ ထိုအခါမျိုး၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တရားသုံးပါးကို ပွားများခြင်းဖြင့် တုန်လှုပ်ပျံ့လွင့်နေသောစိတ်ကို နှိပ်ကွပ်ပေးနိုငိ၏။ ဤအရာ၌ သမထပိုင်းဝယ် -
(၁) အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထွင်းဖေါက်သိမြင်ခြင်း သဘောကားဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊
(၂) ထိုသို့ ထွင်းဖေါက်သိမြင်အောင် ကြိုးစားအားထုတ်နေခြင်း သဘောကား ၀ီရိယသမ္ဗောဇ္ဈင်၊
(၃) ယင်းအာရုံကို နှစ်သက်နေခြင်း သဘောကား ပီတိ သမ္ဗောဇ္ဈင်၊
(၄) ယင်းအာရုံကိုပင် အာရုံပြုကာ စိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်းသဘောကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
(၅) ယင်းအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာကပ်ပြီး တည်ကြည်နေခြင်းသဘောကား သမာဓိသမ္ဗောဇ္ဈင်၊
(၆) ယင်းအာရုံပေါ်၌ ကြောင့်ကြမှု တောင့်တမှုမရှိဘဲ စိတ်ကို အညီအမျှ အလယ်အလတ်သဘော လျစ်လျှူထားနိုင်းခြင်း သဘောကား ဥပေက္ခာသမ္ဗောဇ္ဈင် တို့ဖြစ်ကြ၏။
ဓမ္မ၀ိစယ, ၀ီရိယ, ပီတိသမ္ဗောဇ္ဈင်တရားတို့ကား တစ်အုပ်စု၊ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့ကား တစ်အုပ်စု ဖြစ်ကြ၏ ။ ယင်းအုပ်စုနှစ်ခုတို့ ညီမျှအောင် သတိသမ္ဗောဇ္ဈင် တရားဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရ၏ ။
အာနာပါန ပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရကာ အထပ်ထပ် အဖန်ဖန် သိမ်းဆည်းနေသော သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏ ။ ဘာဝနာစိတ်ကိုလည်း ဘာဝနာအာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ထို့ကြောင့် သတိကို သဗ္ဗတ္ထိက - အခါခပ်သိမ်းအလိုရှိအပ်၏။ အုပ်စုနှစ်ဖက်လုံးတို့၌ အလိုရှိအပ်၏ ဟု ဆိုလိုသည်။ ဘာဝနာရှုသူသည် အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် သမာဓိထူထောင်နိုင်လာသောအခါ နိမိတ်သည် အထူးကြည်လင်တောက်ပလာပြီး ရှုပါ ၀စရပထမဈာန်သို့ ရောက်၏ ။ ဈာန်မှထ၍ ဘ၀င်စိတ်ခေါ် မနောအကြည်တည်ရာ နှလုံးအိမ်အတွင်း ဟဒယ၀တ္ထုဆီသို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယ၀တ္ထုကို မှီ၍ ဖြစ်နေသော ဘ၀င်စိတ်ခေါ် မနောဒွါရ၌ ထင်နေသည့် အာနာပါန ပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်သည်။ ထို့နောက် ယောဂီသည် သမာဓိပို၍ပို၍ မြင့်မားလာရန် ပဋိဘာဂနိမိတ်၌ သတိကိုကပ်၍ ရှုပွားရမည်။ ပြီးလျှင် မနောအကြည်နှင့် ပဋိဘာဂနိမိတ်တို့ကို ပြိုင်တူအာရုံယူ၍ ပဋိဘာဂနိမိတ်ကို အာရုံပြုနေကြသည့် ဈာန်အင်္ဂါများကို ဆင်ခြင်ရမည်။ ဈာန်အင်္ဂါများကို အခက်အခဲများစွာ မရှိဘဲ မိမိ၏ ဉာဏ်ဖြင့် တဖြည်းဖြည်း ပိုင်းခြားသိမြင်လာလိမ့်မည်

ဒေါက်တာမင်းတင်မွန် ၏ “သမထဘာဝနာ၌ အောင်မြင်ပေါက်ရောက်ခြင်း” စာအုပ်မှ-

ထူးမြတ်သောသွေးလှူခြင်း

သူတပါးကို ကောင်းမွန်ချမ်းသာစေလိုသော မေတ္တာစိတ် စေတနာ ကို အရင်းခံ၍ မိမိပိုင်ဆိုင်သည့် ပစ္စည်းဝတ္ထုကို ပေးကမ်းစွန့်လှူ ခြင်းကို ဒါနဟုခေါ်ပါသည်။ ဒါနသည် လောဘ၊ မစ္ဆရိယတရား ဆိုးတို့ကို တော်လှန်နိုင်ခြင်း၏ အောင်ပွဲဖြစ်သည်။ ဒါနသည် ဘ၀ ခရီးလမ်းကြောင်း သံသရာရိက္ခာအတွက် စုဆောင်း ပျိုးထောင် သည့် စရိတ်လည်းဖြစ်ပါသည်။ ကောင်းသောအကြောင်းကံသည် အခါအခွင့်သင့်ချိန်မှာ ကောင်းသောအကျိုးဆက်ကိုသာ ပေးမြဲ ဖြစ်ပါသည်။ ယခုချမ်းသာပြည့်စုံနေကြသူများသည် ယခင်က ပြုလုပ်ခဲ့ကြသော ဒါနကုသိုလ်ကံများ၏ အကျိုးဆက်ကို ခံစား နေကြသူများ ဖြစ်ကြသည်။ ဘုရားအလောင်း တော် စသော သူတော်ကောင်းများသည် ဒါနပါရမီကို အရင်းခံ၍ အခြားပါရမီ တို့ကိုလည်း ဖြည့်ကျင့်မြဲ ဖြစ်သည်။
လှူဒါန်းရာတွင် သူတစ်ပါး (သို့) အများ အတွက် အသုံးဝင်မည့်ပစ္စည်း၊ အကျိုးများမည့် ပစ္စည်း များကိုသာ အစဉ်အလာအားဖြင့် လှူဖြစ်ကြပါသည်။ ယခုခေတ်တွင် အနောက်တိုင်းဆေးပညာ အကျိုး
ပြုမှုကြောင့် ကျွန်ုပ်တို့ အားလုံးအတွက် အလှူဒါနနယ်ခွင်မှာ ကျယ်ဝန်းလာပါ သည်။ ရှေးကဆိုလျှင် လူတစ်ဦး သည် မိမိ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို တစ်ပါးသူအား စွန့်လှူလိုသည့် စေတနာ ပင်ဖြစ်စေကာမူ ယင်းအလှူ ကို ထမြောက်အောင် စွမ်း ဆောင်ပေးမည့် ကုသရေးဆိုင်ရာများ ရှားပါးခဲ့ပါသည်။ ယခုခေတ် တွင်မူ စေတနာ ထက်သန်သူတို့သည် မိမိ၏ ကိုယ်အင်္ဂါအစိတ် အပိုင်းတို့ကိုပင် အန္တရာယ်ကင်းပြီး အကျိုး ရှိစွာဖြင့် ဒါနဥပပါရမီ မြောက်အောင် လှူဒါန်းနိုင်ကြပြီ ဖြစ်ပါ သည်။ မျက်မှောက်ခေတ် တွင် သွေးအလှူ,သွေးရည်ကြည် အလှူ, မျက်ကြည်လွှာအလှူ, ကျောက်ကပ်အလှူ, နှလုံး အလှူ စသည်များသည် နေ့စဉ် လုပ်ငန်းသဖွယ်ပင် ဖြစ်နေပါပြီ။

ဤဆောင်းပါး၏ရည်ရွယ်ချက်မှာ
၁။ အလှူရှင်များသည် မိမိတို့၏ လှူခဲလှစွာသော ဥပပါရမီ မြောက်သည့်အလှူတို့၏ မွန်မြတ်လှသည့်အဖြစ်ကို သိရှိပြီး ၀မ်းမြောက်ကြစေရန်၊ ၂။ အလှူရှင်များသည် လှူဒါန်းရာတွင် သာလွန်၍မြတ်သော အလှူဖြစ်မြောက်စေရန် ပြင်ဆင်နိုင်ကြောင်းကို သိရှိစေရန် တို့ဖြစ်ပါသည်။
၃။ ဤအချက်တို့ကိုဖေါ်ပြရာတွင် သွေးလှူခြင်းကို အခြေ ပြု၍ တင်ပြထားသော်လည်း အခြားသော အလှူများ အတွက်လည်း ဉာဏ်ယှဉ်၍ ဆောင်ရွက်နိုင်ပါသည်။
သွေးလှူရာတွင်ထမြောက်သောဒါနများ
သွေးလှူရှင်တိုင်းတွင် ဖြစ်ထွန်းထမြောက်သော ဒါနအစု အလှူအမျိုးများကိုသိရှိရ၍ ၀မ်းမြောက် ကြစေလို ပါသည်။
သွေးလှူရှင်သည် သွေးလှူမည်ဟု အစပျိုး၍ ရည်ရွယ် ခြင်းသည်ပင်လျှင် စေတနာဒါန ဖြစ်မြောက်ပြီး ဖြစ်ပါသည်။ အမှန်တကယ်လှူဖြစ်လျှင် ၀တ္ထုဒါန ဖြစ်သော အာမိသဒါန ဖြစ်ပြန် သည်။ မိမိ အသက်ရှိစဉ်မှာပင် လှူရ သဖြင့် သဇီဝဒါန ဖြစ်သည့် အပြင်၊ မိမိမျက်မှောက်၌ လှူရ သော ပစ္စက္ခဒါန နှင့် မိမိကိုယ်တိုင် လှူရသော သာဟတ္ထိက ဒါန တို့လည်း မြောက်ပြန်ပါသည်။ မိမိ ကိုယ်၏ အစိတ် အပိုင်းဖြစ်သော အသက် သွေးကိုလှူရသော ဤ အဇ္ဈတ္တိက ဒါနသည် မကျန်းမာ သူတစ်ဦးအတွက် မိမိအလှူဖြင့် ချီးမြှောက် ထောက်ပံ့ သော အနုဂ္ဂဟဒါန အဖြစ်ဖြင့်၎င်း၊ လူမမာ ၏ အသက်ချမ်းသာခြင်း ဘေးကင်းခြင်းတို့ကို ဖြစ်စေသော ဇီဝိတ ဒါန ၊ အဘယဒါန အဖြစ်ဖြင့်၎င်း မလွဲ ဧကန်ထင်ရှားလှပါသည်။ ဤကဲ့သို့မေတ္တာယှဉ်၍ အလှူခံဖြစ်သော လူမမာ၏
အကျိုးကိုလိုလားလျက်လှူရသော ဤဒါနသည် အပြစ် ကင်းသော အန၀ဇ္ဇဒါနမျိုး ဖြစ်ပါသည်။ ကောင်းမြတ်သည့် လှူဖွယ်တို့တွင် တန်ဖိုးရှိလှသော ဤအသက်သွေးကို ပေးလှူခြင်းသည် မွန်မြတ် လှသော ပဏီတဒါန အမှန် မြောက်ပါသည်။ ထို့ကြောင့်သွေးလှူ ခြင်းသည်တရားနှင့် လျော်စွာ ပေးလှူထိုက်, ပေးလှူအပ်လှသော ဒါနမျိုး ဖြစ် ပါသည်။

လှူရန်ဝတ္ထု , အလှူခံပုဂ္ဂိုလ်
အလှူတစ်ခုထမြောက်ရန် (၁) အလှူရှင်၊ (၂) လှူလို သောစေတနာ၊ (၃) လှူရန်ဝတ္ထု၊ (၄) အလှူခံပုဂ္ဂိုလ်တို့ ပြည့်စုံကြ ရပါသည်။ သွေးဟူသော လှူရန်ဝတ္ထု (လှူ ဖွယ်)သည်အလှူခံသူ လူမမာအတွက် အမှန်တကယ် လိုအပ်လှသော၊ လှူသင့် လှူထိုက်လှသော၊ သန့်ရှင်းသော လှူဖွယ်ပစ္စည်း ဖြစ်ပါသည်။ သဘောထားကြီးစွာဖြင့် မိမိ ကိုယ်တွင်းမှ ထုတ်ယူပေးလှူသော အသက်သွေးသည် မွန်မြတ်လှသော လှူဖွယ်ပစ္စည်းလည်း ဖြစ်ပါ သည်။ လူမမာဖက်မှ သုံးသပ်ကြည့်လျှင် ဤသွေးသည် မိမိ အတွက် အသက် ရှည်ခြင်း ဆုလာဘ်ကြီး တစ်ခုပင် ဖြစ်နေသည့် အပြင် မိမိနှင့် အသင့်လျော်ဆုံးသော အသက်ကယ် အာဟာရ အားဆေးကြီးဟူ၍လည်း ဆိုနိုင်ပါသည်။ မိမိ၏ ကျန်းမာရေး အတွက် အသက်သွေးကိုပင် ဖောက်၍လှူသူ ရှိပေသည်ဟူ၍ ၀မ်းမြောက် အားတက်ဖွယ် စိတ်ဓါတ်အားဆေးဟုလည်း ဆိုနိုင်ပါ သည်။ လှူဒါန်မည့် သွေးကို ရှာဖွေမရ၍့ ဖြစ်ပေါ်ရမည့် စိတ်ဆင်း ရဲခြင်းကိုလည်း လွန် မြောက် စေပါသည်။ သွေးအလှူခံ ပုဂ္ဂိုလ် များတွင် အလှူရှင်က သိခွင့်ရ သော လူမမာများရှိသလို သိခွင့် မရလိုက်သူများလည်း ရှိပါ မည်။ သွေးဘဏ်များတွင် သွေးလှူ ပါက မိမိ၏သွေးသည် မည်သည့်ဆေးရုံတွင် မည်သည့် လူမမာ အား ပေးလှူရမည် ကိုပင် မမှန်းဆနိုင်ပါ။ အလှူခံအပေါ် ပုဂ္ဂိုလ် စွဲ ပယ်ဖျောက် ၍ အသုံးလိုသူ အတွက်သာဟု သဘောထား နိုင်လျှင် စေတနာ ပို၍ပင် သန့်စင်နိုင်ပါမည်။ မိမိ လှူလိုက်ရ သည့် သွေးဖြင့် အသက်ဘေးမှကင်းစေခြင်း၊ ရောဂါသက်သာ ပျောက်ကင်းစေခြင်း၊ ကျန်းမာလန်းဆန်းစေခြင်းစသော မွန်မြတ် သော ရည်ရွယ်ချက်တို့ကိုသာဦးတည်ပြီး ပုဂ္ဂိုလ်စွဲကို ပယ်ဖျောက် နိုင်ပါသည်။ လှူလိုစိတ်ကြောင့်ပင် မိမိ၏ သွေး(လှူဖွယ်ပစ္စည်း) ကို လောဘဖြင့် စွဲလမ်းတွန့်တိုခြင်း မစ္ဆရိယအကုသိုလ် ကင်းပြီး ဖြစ်ပါသည်။

မြတ်သောအလှူ
သွေးလှူခြင်းသည် မေတ္တာ, ကရုဏာ ကုသိုလ်ဓါတ် တို့ကို ကာယကံမြောက် ပွားများလိုသူတို့ အတွက် လက်တွေ့ ဖြည့်ကျင့်ရမည့် ဒါနဥပပါရမီကျင့်စဉ်တစ်ရပ် ဖြစ်ပါသည်။ အမြတ်ဆုံးအလှူ ဖြစ်မြောက် ရန်အတွက် အလှူရှင်သည် မှန်ကန်သောအသိ ဥာဏ်အမြင်ယှဉ်လျက် မိမိ၏စိတ်ကို ကောင်းစွာ ပြင်ဆင် ရပါမည်။ အလှူရှင်က သီလသန့်စင်နေပြီး မေတ္တာနှင့်ယှဉ်သော စိတ်စေတနာ ကောင်းဖြင့် ၀မ်းမြောက် ၀မ်းသာစွာ ပေးလှူပါလျှင် မြတ်သောအလှူ ဧကန်ဖြစ်ပါသည်။
ဒါနတွင်ဥာဏ်ယှဉ်
်ကံ+ကံ၏အကျိုးကို သိမြင်ယုံကြည်သောဉာဏ် ဖြင့် ပြုသောကြောင့် ဖြစ်လေရာဘ၀တွင် တိဟိတ် ပဋိသန္ဓေအကျိုး ကို ပေးသဖြင့် ဉာဏ်ပညာထက်မြက်သူ (၀ါ) တရားထူးရနိုင်သူ ဖြစ်ရသည်။ (ဒါနကောင်းမှု) ကံကြောင့် အကြောင်းအားလျော် သော အကျိုး (ကောင်းကျိုး)က ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ဖို့ လိုပါသည်။ ဤသို့ယုံကြည် ခြင်းသည် စစ်မှန်သောသဒ္ဓါတရား ဖြစ်ပါသည် ။ သဒ္ဓါရှိသူ ၏ကံသည် ပို၍ထက်မြက်ပါသည်။
အလှူခြင်းတူသော်လည်း အသိ,ခံယူချက်,ယုံကြည်ချက် ဉာဏ်နှင့် စိတ်ထားတို့အပေါ်တွင် မူတည်ပြီး ဒါနအမျိုးမျိုး ကွဲပြားကြရပါသည်။ ၁။ကံ+ကံ၏အကျိုးတို့ကို သိမြင်ယုံကြည်၍လှူလျှင် ဉာဏ သမ္ပယုတ္တဒါန၊ ကံ+ကံ၏အကျိုးတို့ကိုမသိမြင်မယုံကြည်ဘဲလှူလျှင် ဉာဏ ၀ိပ္ပယုတ္တဒါန၊
၂။ ၀ဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်ကိုတောင့်တ၍လှူလျှင် ၀ိဝဋ္ဋ နိဿိတဒါန၊၀ဋ်ဆင်းရဲမကင်းသော လူနတ်ဗြဟ္မာ ချမ်းသာ တို့ကို တောင့်တ ၍လှူလျှင် ၀ဋ္ဋနိဿိတဒါန၊
၃။ လောကုတ္တရာမဂ်ဖိုလ်ကို ရည်ရွယ်၍လှူလျှင် ဘုဇိဿ ဒါန၊လောကီစည်းစိမ်ချမ်းသာကို တောင့်တ၍လှူလျှင် ဒါသဒါန၊
၎။ တဏှာ ဒိဋ္ဌိတို့ဖြင့်မသုံးသပ်ဘဲလှူလျှင် အပရာမဋ္ဌဒါန၊
ဒိဋ္ဌိတို့ဖြင့်သုံးသပ်၍လှူလျှင် ပရာမဋ္ဌဒါန၊
၅။ တစ်ဦးတစ်ယောက်က မတိုက်တွန်းဘဲ မိမိ၏ စေတနာ
ရင်းဖြင့်လှုလျှင် အသင်္ခါရိကဒါန၊ တစ်ဦးတစ်ယောက်က တိုက်တွန်း၍လှူလျှင် သသင်္ခါရိကဒါန၊
၆။ စိတ်ရွှင်ကြည်နူးစွာလှူရလျှင်သောမနဿဒါန၊ ၀မ်းသာဝမ်းနည်းခြင်းမရှိဘဲလှူရလျှင် ဥပေက္ခာဒါန၊ စသည်ဖြင့် ဒါနကံအမျိုးမျိုး ကွဲပြားကြသဖြင့် အကျိုးအမျိုး မျိုးလည်း ကွဲပြားကြရသည်။

ဒါနတွင်သီလယှဉ်
သွေးမလှူမီ အချိန်ရလျှင် ငါးပါးသီလကို ဆောက် တည်သင့်ပါသည်။ အချိန်မရလျှင် “တပည့်တော်သည်သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလကို ဆောက်တည် ပါ၏ “ဟု စိတ်ဖြင့်၎င်း နှုတ်ဖြင့်၎င်း ဆောက်တည်နိုင် ပါသည်။ သီလ တည်သူ ၏အလှူသည် အကျိုးကြီးမားသည့်အပြင် သီလကြောင့် ယခုဘ၀ နောင်ဘ၀များတွင် အသက်ရှည် ခြင်း ကျန်းမာခြင်း စသည်တို့ဖြင့် ပြည့်စုံ နိုင်ကြပါသည်။

ဒါနတွင်မေတ္တာယှဉ်
မိမိဒါနကိုအကြောင်းပြု၍ သီလဆောက်တည်ပြီး နောက် ဘာဝနာကုသိုလ်ပါ တိုးပွားပါက ပို၍ ထူးမြတ်လာ ပါမည်။ သွေးမလှူမီနှင့် လှူဆဲတွင် သတ္တ၀ါများအား မေတ္တာပို့သင့်ပါသည်။ သွေးအလှူခံသည့် ပုဂ္ဂိုလ်ကို သိနေ ပါက ထိုသူအားလည်း မေတ္တာပို့လွှတ်နေနိုင်ပါသည်။ မေတ္တာ ကရုဏာဓါတ်၏သတ္တိဖြင့် မိမိလှူသောသွေး၏ သြဇာအာနိသင် ထက်မြက်နိုင်သည့်အပြင် လူမမာတွင် လည်း ၄င်းမေတ္တာစွမ်းအား ကြောင့် ဘေးရန်ကင်း၍ ကိုယ်စိတ်ကျန်းမာခြင်းတို့အတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ မိမိတွင် လည်း မေတ္တာစိတ်ဖြင့် မြင့်မြတ်စွာ နေရသည် ဖြစ်၍
ကုသိုလ်တရားတိုးပွာရပါသည်။ မေတ္တာ, ကရုဏာ တရား တို့က ရက်ရောစွာလှူသည့် စိတ်စေတနာ သဒ္ဓါတရားကို အားပေးပြန်ပါသည်။ ထို့ကြောင့် သွေးလှူရှင် တိုင်းသည် အချိန်ယူ၍ မေတ္တာပွား သင့်ပါသည်။

စေတနာ၏အကျိုးဆက်
စေတနာဟူသည် ကံတရားပင် ဖြစ်ပါသည်။ သွေးလှူ ရှင်သည် မေတ္တာ ကရုဏာဦးစီးသော စေတနာ၏ စေ့ဆော်ချက် ဖြင့် မိမိသွေးလှူရတော့မည်၊ အသက်ကယ်ရ တော့မည်၊ လူသား တစ်ဦး၏ ရောဂါ ကို သက်သာ ပျောက် ကင်းစေရတော့မည်ကို မလှူမီကပင် ၀မ်းမြောက်နေသော ပုဗ္ဗစေတနာ တို့ကို များစွာ ဖြစ်သင့်ပါသည်။ မိမိ၏ မွန်မြတ် သောအလှူအတွက် သွေးလှူ နေစဉ်တွင် ၀မ်းမြောက်နေ သော မုဉ္စစေတနာ များကို များများ ဖြစ်စေသင့်ပါသည်။ ဤအချိန်တွင် မေတ္တာ, ကရုဏာ, ရက်ရော စွာ ပေးလှူချင် သော ဆန္ဒမွန်တို့ အပြန်ပြန်အထပ်ထပ် ကျေးဇူး ပြုကြပြီး ကုသိုလ်များစွာ တိုးပွားရပါသည်။ မွန်မြတ်လှသော သွေး အလှူ ထမြောက်အောင်မြင်သောအခါ အားရ၀မ်းမြောက် နေသော အပရစေတနာကို ကြိမ်ဖန်များစွာ အောက်မေ့ရပါမည်။ အပရစေတနာပွားတိုင်းအမှန်တကယ်လှူနေရသကဲ့သို့ပင် ကုသိုလ်များ တိုးပွား သည့် စာဂါနုဿတိ တစ်မျိုး ဖြစ်ပြန်ပါသည်။ပုဗ္ဗစေတနာကြောင့် ပထမအရွယ်တွင် ကြီးပွား ချမ်းသာ ခြင်း၊ ပစ္စည်းဥစ္စာတို့ကို ကောင်းစွာ ရှာဖွေ နိုင်ခြင်း အကျိုးကို ဖြစ် ထွန်းစေသည်။ မုဉ္စစေတနာကြောင့် ဒုတိယ အရွယ်၌ ချမ်းသာ ခြင်း၊ ရှာဖွေရထား သော ပစ္စည်းများကို စုဆောင်းမိခြင်းအကျိုးကို ရရှိစေနိုင်ပါသည်။ အပရ စေတနာကြောင့် တတိယ အရွယ်၌ ချမ်းသာရခြင်း၊ မိမိ၏ ပစ္စည်းများကို ကောင်းစွာ သုံးစွဲခံစားရခြင်း အကျိုးများကို ဖြစ်ပေါ်စေနိုင် သည်။ လှူသည့်အခါတွင် အလှူ နှင့် သက်ဆိုင်သည့် စေတနာ သုံးတန် ဖြစ်နေရပါမည်။
(လှူပြီးလျှင် ၀ိပဿနာပွားလိုက ပွားနိုင်ပါသည်။ လှူနေစဉ်မှာ ရုပ်နာမ်သဘောကို ဆင်ခြင်နေလျှင် သဘာဝမကျပါ။ လှူနေစဉ် မှာ ၀မ်းမြောက် ကြည်နူးနေခြင်း ဒါနကိစ္စသာ ဖြစ်သင့်ပါသည်)

တောင်းဆုရည်သန်
ဆုတောင်းခြင်းသည်မိမိ၏ရည်မှန်းချက်ပန်းတိုင်ကိုဦးတည်ချိန်ရွယ်ပေးခြင်းဖြစ်သည်။ ဆုတောင်း ကို ကံ၊ပါရမီလုပ်ဆောင်ချက်များဖြင့် အကောင်အထည်ဖေါ်၍ ဖြည့်ဆည်းပေးရပါမည်။ ကောင်းမှု များ ပြုလုပ်ပြီးတိုင်းလည်း မိမိ၏ ရည်ရွယ်မြော်မှန်းချက် ခိုင်မာစေရန် ထပ်မံ၍ ဦးတည် ဆုတောင်း ပေးရပြန် သည်။ လူတို့သည် မိမိတို့၏တောင့်တချက်၊ အသိဉာဏ်၊ ဗဟုသုတ အလျောက် မိမိတို့ အလိုရှိရာကို ဆုတောင်းလေ့ ရှိကြပါ သည်။ ကုသိုလ် အကုသိုလ်ကံတို့သည် အကျိုးပေး အလှည့်အားလျော်စွာ သံသရာ တစ်လျှောက်လုံးမှာလိုက်၍ အကျိုးပေးကြပါသည်။ သွေးလှူသည့် ကုသိုလ်ကံသည် သံသရာဘ၀များစွာ အတွက် ရိက္ခာကောင်း ဧကန်အမှန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိ အယူရှိသူတို့သည် အမြတ်ဆုံး ပန်းတိုင်ဖြစ်သော ဒုက္ခငြိမ်းရာ နိဗ္ဗာန်တရား မြတ်ကို လိုလားတောင့်တ စိတ်ညွတ်၍ တောင်းဆု ပြုနိုင် ကြပါသည်။ နိဗ္ဗာန် ဗောဓိဉာဏ်ကို တောင့်တ၍ ကုသိုလ် ပြုလျှင် ပါရမီမြောက်ပါသည်။ ၄င်းကြောင့် တစ်ချိန်တွင် နိဗ္ဗာန်ကို ရစေကြောင်း အကျင့်မှန် သတိပဋ္ဌာန်ကို ကြိုးစား ပွားများ၍ အရိယာအဖြစ်ကို ရရှိနိုင်ပါမည်။ ဤသို့ လောကုတ္တရာ နိဗ္ဗာန် ချမ်းသာကို ဆုပန်သော်လည်း အကြောင်းအားလျော်သော လောကီ ချမ်းသာများကိုလည်းရရှိစေနိုင်သည်သာ။ မိမိလိုရာ လောကီချမ်းသာကိုလည်း ဆုတောင်းနိုင်ပါသည်။ အပြစ်မရှိပါ။

ကုသိုလ်ဆင့်ပွား
သွေးအလှူရှင်သည် မွန်မြတ်လှသော အလှူဖြင့် မိမိ ဆည်းပူးရမိသော ကုသိုလ်များစွာတို့ကို မိဘနှစ်ပါး အစ ထား၍ အခြားသူ, ပုဂ္ဂိုလ်အနန္တတို့အားလည်း မိမိနှင့်ထပ်တူ ထပ်မျှ ကုသိုလ်များရရှိစေရန် ဝေမျှ သင့် ပါသည်။ သွေး ဒါနကြောင့် ဖြစ်သောကုသိုလ်ကို ထပ်ဆင့်၍ ပေးလှူဒါန ပြုခြင်း (၀ါ) အမျှဝေခြင်း ပတ္တိဒါနကြောင့် ၀မ်းမြောက်စွာ သာဓုခေါ်သူတို့က ကောင်းမှုအကျိုးကို ရရှိနိုင် ကြပါသည်။ မိမိ၌လည်း ကုသိုလ် ထပ်ဆင့်၍ တိုးပွားရပြန်သည်။ သံသရာရိက္ခာအဖြစ် ကုသိုလ် များများ စုဆောင်းနိုင်ကြ ပါစေ။

သွေးသည်ဒါန
သွေးလှူရှင်တို့သည် ဒါနဥပပါရမီမြောက်အောင် လှူဒါန်းနိုင်ကြပါသည်။ ရှေးဦးစွာ မိမိတွင် ကံ၊ ကံ၏အကျိုး ကို ယုံကြည်သော ဉာဏ်(သဒ္ဓါတရား)နှင့်ယှဉ်၍ သီလကို ဆောက်တည် ပြီးလျှင် နိဗ္ဗာန်ချမ်းသာ ဗောဓိဉာဏ်ကို ရည်သန် တောင့်တလျက်၊ လှူဖွယ်ဖြစ်သော မိမိ၏သွေးနှင့် အလှူခံပုဂ္ဂိုလ် တို့ အပေါ်တွင် တွယ်တာခြင်းမရှိဘဲ မိမိ၏ မေတ္တာ၊ ကရုဏာ လှူလိုစိတ်စေတနာနှင့် သဒ္ဓါတို့ကို အရင်းခံ၍ စိတ်ရွှင်ကြည်နူး စွာ ပေးလှူရာသည်။ မိမိ၏ ကုသိုလ်ကိုလည်း အများရရှိစေရန် ကုသိုလ်အမျှ ပေးဝေ ရာသည်။
ပြည့်လျှမ်းသောမေတ္တာ၊ ကရုဏာဖြင့် သွေးလှူရန် သွားနေသော ခြေလှမ်းများသည် ကုဋေတစ်သန်း မျှမက တန်ဖိုး ရှိလှပါသည်။ သွေးလှူဒါန်းမှုအောင်မြင်ပြီး၍ ပီတိ ဖြင့် စိတ်ရွှင် ကြည်နူး အားရ ပေါ့ပါးစွာ လှမ်းလာသော ခြေလှမ်းများသည် ကုဋေကုဋာမကပင် တန်ဖိုးမြင့်သွား ပါသည်။ သွေးလှူရှင်မှာ ဒါနဥပပါရမီ သံသရာရိက္ခာကောင်း များစွာ စုဆောင်းမိပါပြီ။ မြတ်စွာ ဘုရား အလောင်းတော် ဘ၀များစွာက လှူဒါန်းခဲ့သော သွေးတို့သည် မဟာ သမုဒ္ဒရာရေထက်ပင် များနေသေးသည်ဟု ဒေသနာတော် မှာ ဖော်ပြထားပါသည်။ ဤကဲ့သို့ တရား အားလျော်စွာ အကျိုးကြီးမားသည့် ဥပပါရမီမြောက် သွေးလှူခြင်း ဒါနမျိုးကို ကျွန်ုပ်တို့ ဧကန်လှူဒါန်းသင့်ကြ ပါသတည်း။
သွေးသည်အသက်၊ သွေးသည်ဒါန၊ သင့်သွေးဖြင့် အသက်ကယ်ပါ။
အကြိမ်ပေါင်းများစွာ သွေးလှူနိုင်ကြပါစေ။

ဒေါက်တာသိန်းထိုက်

ဘဝင်စိတ်နဲ့ မသိစိတ် ဆိုတာ သိမြင်နိုင်ပုံ

စိတ်ဖြစ်စဉ်ကို ထင်ရှားတဲ့ ဥပမာလေးတခုနဲ့ ပြောပြပါမယ်။
အဘိဓမ္မာရဲ့ အဖွင့်ကျမ်းတစ်စောင်ဖြစ်တဲ့ အဌသာလိနီကျမ်း
အဋ္ဌကထာမှာ လာတဲ့ ဥပမာပါ။ ကျမ်းဆရာကြီးပြောပြထား
တာက အလွန်ရှင်းပါတယ်။ သူပြောပြထားတာက
“သရက်သီးသီးနေတဲ့ သရက်ပင်အောက်မှာအိပ်ပျော်နေတဲ့
လူတစ်ယောက် ဥပမာနဲ့ ပြောပြထားပါတယ်။ သူနှိုင်းယှဉ်ပြ
ထားတာက.....
၁။ သတ္တ၀ါတိုင်း၌ မြင်စိတ်၊ကြားစိတ် စသည့် စိတ်အစဉ် တခုခု
(၀ီထိ) မဖြစ် ခင်မှာ ရှေးဦးစွာ မသိစိတ်(ဘ၀င်စိတ်)ဖြစ်နေခြင်း
သည် လူတစ်ယောက်၏ သရက်ပင်အောက်၌ အိပ်ပျော်နေခြင်း
နှင့် အလားတူ၏။

၂။ မြင်စိတ်စသည့် စိတ်အစဉ် (၀ီထိအစဉ်)ဖြစ်လာနိုင်ရန် မျက်စိ
အကြည်ရုပ် (စက္ခုပသာဒရုပ်)၌ အဖြူ၊အနီ၊ အ၀ါစတဲ့ အဆင်း
အာရုံ၏ ထိခိုက်ခြင်းသည် သရက်ပင်အောက်၌ အိပ်နေတဲ့လူ
အနီးနားဝယ် သရက်သီးကြွေကျပုံနှင့် အလားတူပါတယ်။

၃။ မသိစိတ် (ဘ၀င်)အစဉ်ကို ဖြတ်၍မြင်စိတ်ဖြစ်ဖို့ အသိပေးတဲ့
သဘော (အာဝဇ္ဇန်း) ဖြစ်လာခြင်းသည် သရက်ပင်အောက် အိပ်
နေသူ အနီးအပါးဝယ် သရက်သီးကြွေကျသံကြောင့် နိုးလာသည်
နှင့် အလားတူ၏။

၎။ မြင်စိတ်ဖြစ်ပြီးအဖြူ၊ အနီစသည့် (ရူပါရုံ)ကို မြင်ခြင်းသည်
ခေါင်းမြီးခြုံကို ဖွင့်၍ကြည့်ခြင်းနှင့် အလားတူ၏။

၅။ ယင်းစိတ်သဘောကိုသမ္ပဋိစ္ဆိုင်း (ခံယူ)သကဲ့သို့ ဖြစ်ခြင်းသည်
ထိုလူ၏ သရက်သီးကို လှမ်း၍ ယူငင်ခြင်းနှင့်အလားတူ၏။

၆။ ယင်း ခံယူပြီးတဲ့ စိတ်သဘောကို သန္တီရဏ(စုံစမ်းခြင်း)
သဘောဖြင့် ကောင်း/မကောင်းစုံစမ်းခြင်းသဘောသည် ထိုလူ၏
သရက်သီးကို အကောင်းလား/အပုတ်လား၊အစိမ်းလား/အမှည့်လား
စသည်ဖြင့် စမ်းကြည့်ခြင်းနှင့် အလားတူ၏။

၇။ ၀ုဋ္ဌော (ဆုံးဖြတ်ချက်) စိတ်ဖြင့် မိမိမြင်တဲ့ သဘောကို ဒါက
ကောင်းတဲ့ သဘောကုသိုလ်ပဲ၊ဒါက မကောင်းတဲ့ သဘော အကု
သိုလ်ပဲဟု ဆုံးဖြတ်ခြင်း သည် ထိုလူ၏သရက်သီးကို နှိပ်ကိုင်၊ နမ်း
ရှူကြည့်၍ သရက်သီးမှည့်မှန်း၊ စားဖြစ်မှန်းသိတာနှင့် အလားတူ၏။

၈။ ဇောအဟုန်ဖြင့် မိမိမြင်တဲ့ အဆင်းအာရုံအရသာကို ခံစားခြင်းသည်
ထို လူသား၏သရက်သီးမှည့်နေ၍အရသာခံကာ စားနေသည့် ပမာနှင့်
အလား တူ၏။

၉။ ထို့နောက် တဒါရုံ (ဆုံးဖြတ်ချက်) သဘော၏ ဇောစိတ်အစဉ်၏
အာရုံကို ဆက်လက်တာဝန်ယူလျှက် ကုသိုလ်ဆို ကုသိုလ်အလိုက်၊
အကုသိုလ်ဆို အ ကုသိုလ်အလိုက် ဆက်လက်ဖြစ်ကာ လက်ခံလိုက်
ခြင်းသည် သရက်သီးကို ၀ါမျိုးချလိုက်ပြီး အရသာ ခံနေခြင်းနှင့်
အလားတူ၏။

၁၀။ ထို့နောက် စိတ်အသစ် တစ်ပါး မဖြစ် မချင်း မသိစိတ်များ (ဘ၀င်
စိတ်များ)ဆက်လက်ပြီး ဖြစ်ပါတယ်။အဲဒီလို ဖြစ်နေတဲ့ သဘောကတော့
သရက်သီးစားပြီး ပြန်ပြီးခေါင်းမြီးခြုံကာ အိပ်တဲ့ လူရဲ့ ဥပမာနှင့် အလား
တူပါတယ်။

စကြာမင်းစည်းစိမ်ထက်ကြီးသော သီလအကျိုး

ကိုယ်ကျင့်သီလအကျိုးကြီးမားပုံနဲ့ ပတ်သက်၍ ဘုရားမိန့်တဲ့ စကားတစ်ခု ရှိပါတယ်။ အခါတစ်ပါးမှာ မြတ်စွာဘုရားက ရဟန်းတော်တွေကို မေးတော်မူပါတယ်။ “ချစ်သားတို့ လောကမှာ အကြီးကျယ်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ လူ့စည်းစိမ်ဟာ ဘာလဲ” လို့ မေးတော်မူတယ်။ရဟန်းတို့က “မှန်လှပါ မြတ်စွာဘုရား၊ လောကမှာ လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာ လူ့ဘ၀ လောကထဲမှာ အကြီးအကျယ်ဆုံး၊ အမြတ်ဆု့းပါပဲ ဘုရား... ” လို့ ပြန်လျောက်ကြတယ်။

ဒီအခါမှာ မြတ်စွာဘုရားက ခဲလုံးလေးတစ်လုံးကို ကောက်ယူ တော်မူကြီး “ချစ်သားတို့.... လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာ ဟောဒီခဲ့လုံး လောက်သာရှိတယ်။ ငါးပါးသီလ ခေါ်တဲ့ ကိုယ်ကျင့်သီလ မဟာဒါနပြု နေသူရဲ့ ခံစားရမယ့် စည်းစိမ်ကတော့ ဟိမ၀န္တာတောင်လုံလောက်ကြီးတယ် ” လို့ ရှင်းပြတော်မူပါတယ်။

“အရိယကန္တ“ ဆိုတာ “ဘုရားအစတဲ့ အရိယာသူတော်ကောင်းတွေ နှစ်သက်တယ်” လို့ အဓိပ္ပါယ်ရပါတယ်။အရိယကန္တဘုရားအစတဲ့ အရိယာ သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးကြတဲ့ အကျင့်မြတ်တွေကတော့ ငါးပါးသီလပါပဲ။ ငါးပါးသီလကို လုံခြုံအောင် အထူးစောင့်ထိန်းသူကို ဘုရားစတဲ့ သူတော်ကောင်ကြီးတွေက နှစ်သက်ကြတယ်တဲ့ ။

သူတော်ကောင်းတွေ နှစ်သက်မှု, မြတ်နိုးမှုကို ခံရတယ်ဆိုတာ အလွန်တန်ဖိုး ရှိပါတယ်။ ဒါကြောင့် “လူမိုက်တစ်သောင်း၊ ကဲ့ရဲ့ရှေင်းလဲ၊ လူကောင်းတစ်ယောက်၊ ကဲ့ရဲ့ကြောက်” လို့ ဆိုရိုးပြုထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေရဲ့ အကဲ့ရဲ့ကို မခံရအောင် သူတော်ကောင်းတွေ ချီးမွမ်းမှုကို ခံယူရအောင်၊သူတော်ကောင်းတွေ နှစ်သက်တဲ့ ငါးပါးသီလကို အထူးစောင့်ထိန်းကြပါစို့။

အထူးစောင့်ထိန်းကြရမယ်ဆိုတော့ ပေါ့ပေါ့တန်တန် နှုတ်က ရွတ်ဆိုဆောက်တည်ထားရုံနဲ့ မပြီးဘူးပေါ့။ အဲဒီငါးပါးသီလကို လက်တွေ့ မကျိုးမပေါက် မပြောက်မကြားအောင် စောင့်ထိန်းကြရလိမ့်မယ်။ အနည်းငယ်လေးမျှ စွန်းထေးမှု မရှိအောင် စောင့်ထိန်းကြဖို့ လိုလိမ့်မယ်။

စောင့်ထိန်းရမယ့် သီလငါးပါးအနက် တစ်ပါးတစ်ပါး စီမှာ-
(၁) ကိုယ်တိုင်ပြုလုပ်မှု၊
(၂) စေခိုင်းတိုက်တွန်းမှု၊
(၃) ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုမှု၊
(၄) သဘောတူမှု။
ပေါင်း လေးမျိုး ကွဲပြားပါတယ်။ သိက္ခာပုဒ်ငါးပုဒ်အတွက်ဆိုရင် ယခုလို အကျယ်ချဲ့လိုက်တဲ့အခါ ၂၀ ဖြစ်လာပါတယ်။

ဒီ ၂၀ လုံးကို လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်သူမျိုးသာ အရိယကန္တငါးပါးသီလနဲ့ ပြည့်စုံသူလို့ ဆိုရပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ သီလမျိုးဖြစ်နိုင်ပါတယ်။သီလ စောင့်တည်ဖို့ အထွေအထူးကြီး မလိုပါဘူး။ မိမိရဲ့ စိတ်သန္တန်မှာ ကိုယ်ချင်းစာစိတ်လေး ရှိရင် သီလက အလိုလို လုံခြုံပြီးသားပါ။

မိမိအသက်လေး ရှည်စေချင်သလို သတ္တ၀ါတွေ အသက်လေးတွေလဲ ရှည်ချင်ကြမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်၊
မိမိပစ္စည်းဥစ္စာလေး သူတစ်ပါးခိုးယူမှာ , ပျောက်သွားမှာ စိုးရိမ်သလို့ တခြားသူတွေလဲ မိမိကိုယ်ပိုင် ဥစ္စာလေး
ပျောက်ဆုံး, ခိုးယူခံချင်ကြမှာ မဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်၊
မိမိ သားမယားကို လွန်ကြူသွားတာ, ပြစ်မှားမခံချင်သလို, တခြားသူတွေလဲ သူတို့၏သားမယားတွေကို ပြစ်မှာ ခံချင်မည်မဟုတ် ဟု သိသော ကိုယ်ချင်းစာစိတ်၊
မိမိကို မဟုတ်သော၊ ကြမ်းတမ်းသော၊ အကျိုးမရှိသော စကားတွေ ပြောခံရမှာကို မလိုလားသလို, တခြားသူတွေလဲ ကြားချင်, နားထောင်ချင်ကြမည်မဟုတ် ဟုသိသော ကိုယ်ချင်းစာစိတ်၊ မူးယစ်စေနိုင်သောအရာတွေ မှီဝဲပြီး မကောင်းသော စိတ်တို့နဲ့ နှောက်ယှက်ပေးမှုတွေကို မခံချင်သလို မိမိလဲ မမှီဝဲပဲ နှောက်ယှက်မှု မပေးဘူးဟု သိသော ကိုယ်ချင်းစာစိတ်။

သီလသည် လက်ငင်ချက်ချင်း ချမ်းသာမှုကို လက်တွေ့ခံစားနိုင်ပါသည်။ မိမိလဲ ချမ်းသာသလို မိမိပတ်ဝန်ကျင်လဲစိတ်ချမ်းသာမှု အထောက်အပံ့ဖြစ်ပါသည်။ ဒီလို ကောင်းသော ချမ်းသာမှုတွေ ပေးစွမ်းနိုင်တဲ့ သီလကို လူတွေမစောင့်တည်နိုင်တာ လူတွေရဲ့ စိတ်သည် မကောင်းမှုနယ်ပယ်၌ မွေ့လျော်သည်ဟုဆိုသည်မှာ သက်သေပင် ဖြစ်ပါသည်။ ကောင်းမှုမှာ ပျော်မွေ့နိုင်သော ကာယ၊ ၀စီ၊ မနှော သုံးပါးကို လုံခြုံ ချမ်းသာအောင် ထိန်းသိမ်းစောင့်တည်နိုင်ကြပါစေ.....

သီလအကျိုး(လင်္ကာ)

သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ
တောင်းတိုင်း၊တတိုင်း ရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို
ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း
ဂုဏ်သတင်းလည်း သင်းပျံ့မယ်၊
ရောက်လေရာရာ ပွဲလယ်တင့်လို့
ရဲ့ရင့်ရွှင်ပျ ခင်ကြမယ်။
သေရသော်ပင် သတိကောင်းလို့
ဂတိပြောင်းတော့ နတ်ပြည်ဝယ်
သီလကောင်းကျိုး ချက်ချင်းတိုး
အားကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ
ဒီဘ၀တည်ကြ၊ မြဲကြမယ်။
(ဗုဒ္ဓဘာသာ-တရားတော်-အခြေခံဆင့်)

Monday, November 28, 2016

“အရွယ်ရှိခိုက် လုံ့လ စိုက်ပါလေ”

ဘ၀ပေါင်းများစွာက ပြုခဲ့သော “အတိတ်ကံ” ၏ အကျိုးပေးမှုအရ လူ တစ်ဦးနှင့်တစ်ဦး ငယ်နုစဉ်ကာလ ဘ၀ပေး အခြေအနေချင်း မတူညီကြပေ ။ ချမ်းသာကြွယ်ဝသော မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းတွင်ကြီးပြင်းရှင်သန်ခဲ့ရသူတွေရှိသလို ဆင်းရဲနွမ်းပါးသော မိဘဆွေမျိုး အသိုင်းအ၀ိုင်းတွင်ကြီးပြင်း ရှင်သန်ခဲ့ရသူတွေလည်းရှိပါသည် ။

မြို့ကြီးပြကြီးများတွင် မွေးဖွား ကြီးပြင်း ကျင်လည်ခဲ့ရသူတွေ ရှိသလို ရွာသိမ် ရွာငယ် ကလေးများတွင် မွေးဖွား ကြီးပြင်းကျင်လည် ခဲ့ရသူတွေလည်း ရှိပါသည် ။ မိဘ ၏ အရိပ်အာဝါသအောက်တွင် ခိုလှုံကြီးပြင်းရမှုအနေအထားချင်း ကွာခြားခဲ့သော်လည်း ထိုသို့ ငယ်နုစဉ်မှသည် ဆယ်စုနှစ် သုံးလေးခုမျှအကြာဘ၀ကို ဖြတ်သန်းပြီးသွားသောအခါတွင်မူ.....

(၁) ငယ်ရွယ်စဉ်က ဘ၀ပေးအခြေအနေ မြင့်မားသူများအထဲမှအချို့သည် ငယ်ရွယ်စဉ်က ဘ၀ပေးအခြေအနေအတိုင်းတည်တံ့နေသည် ။ အချို့သည် ငယ်ရွယ်စဉ်က ရှိရင်းစွဲ ဘ၀ပေးအခြေအနေထက် တိုးတက်မြင့်မားသွားသည် ။ အချို့ကမူ ရှိရင်းစွဲဘ၀မှသည် လွန်စွာနိမ့်ကျ ဆင်းရဲသွားသည်။

(၂) ငယ်ရွယ်စဉ်က ဘ၀ပေးအခြေအနေ နိမ့်ကျနွမ်းပါးသူများထဲမှ အချို့သည် ငယ်စဉ်က ဘ၀အတိုင်း ဘ၀အခြေအနေ ဆင်းရဲမြဲဆင်းရဲသည်။ အချို့ကမူ ငယ်စဉ်က ဘ၀နှင့် လုံးလုံးကြီးခြားနားလျှက် ၊ ဘ၀ အခြေအနေ မြင့်မား ချမ်းသာသွားသည် ။ ဤသည်မှာ လူတစ်ဦး၏ အတိတ်ကံက ချပေးသော ဘ၀ပေးအခြေအနေ မည်သို့ပင် ရှိခဲ့စေကာမူ...ထိုသူ၏ ပစ္စုပ္ပန် စေတနာ ၊ ဥာဏ် ၊ ၀ိရိယ တို့အပေါ် တည်မှီလျှက် ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည် ။

အတိတ်ကံ အကျိုးပေးမှုအရ လူတစ်ဦးနှင့်တစ်ဦး ရှိရင်းစွဲ ဘ၀အခြေအနေနှင့် အခွင့်အလမ်းချင်းမတူ ကွဲပြားခြားနား နေလင့်ကစား .... တစ်နေ့လျှင် (၂၄) နာရီ ပိုင်ဆိုင်မှုမှာမူ လူသားတိုင်းကို သဘာဝတရားက အညီအမျှ အပ်နှင်းထားသော အခွင့်အရေးတစ်ရပ် ဖြစ်ပါသည် ။

ချမ်းသာသူ ဖြစ်စေ ၊ ဆင်းရဲသူဖြစ်စေ မည်သူတစ်ဦး တစ်ယောက်မျှ တစ်နေ့လျှင်(၂၄)နာရီထက် ပို၍လည်းမရ ၊ လျော့၍လည်းမရ ၊ သို့တစေ လူတစ်ဦးနှင့်တစ်ဦး ထိုသို့ညီတူညီမျှ ပိုင်ဆိုင်ထားသော “အချိန် ၊ အခွင့်အရေး” အပေါ် တန်ဖိုးထားပုံချင်း၊ အသုံးချပုံချင်း မတူကြပေ ။ ထိုသို့ ပစ္စုပ္ပန်ဘ၀တွင် အချိန်အပေါ် အမွန်အမြတ်ပြုပုံချင်း မတူခြားနားသည့်အပေါ်တည်မှီလျှက် နှစ်ကာလ ကြာရှည်လာသောအခါ လူတစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်း ဆူကြုံနိမ့်မြင့် ကွာခြားသွားခြင်း ဖြစ်ပါသည် ။

လူတစ်ဦး၏ ဘ၀သည် အလိုအလျောက် ဖြစ်တည်နေသည်မဟုတ်ပါ။ လူသားတစ်ဦးသည် သူ၏ဘ၀ကို စေတနာ ၊ ဥာဏ် ၊ ၀ီရိယ တို့ဖြင့် ထုဆစ် တည်ဆောက်ရပါသည် ။ လူတစ်ဦးသည် စိတ်ရင်း စေတနာလည်း ကောင်းမည် ၊ ဥာဏ်လည်းကောင်းမည် ၊ လုံ့လ ၀ီရိယလည်း ကြီးမားမည် ဆိုလျှင် ထိုသူ၏ဘ၀သည် လှေကားထစ်တက်သည့်ပမာ တဖြည်းဖြည်းချင်း အဆင့်အတန်းမြင့်သည်ထက် မြင့်မားလာပေလိမ့်မည် ။ စိတ်ရင်းစေတနာလည်းမကောင်း ၊ ဥာဏ်လည်းမကောင်း ၊ လုံ့လ ၀ီရိယလည်း မရှိလျှင် ထိုသူ၏ဘ၀သည် မြေကျင်းတူးသူပမာ တဖြည်းဖြည်းချင်း အဆင့်အတန်း နိမ့်ကျလာပေလိမ့်မည် ။ မိမိပိုင်ဆိုင်သော အချိန်ကို တန်ဖိုးထားလျက် လုံ့လ၀ီရိယဇွဲဖြင့် ပေါင်းစပ်မှသာ တန်ဖိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါလိမ့်မည် ။ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာပါလိမ့်မည် ။ အချိန်နှင့်ပျင်းရိခြင်းပေါင်းသော် မည်သည့် တန်ဖိုး တစ်စုံတစ်ရာမျှ ထွက်ပေါ်လာမည် မဟုတ်ပါ ။

အချိန်နှင့်အမျှ လုံ့လ ၊ ၀ီရိယ ၊ ဇွဲ ကို အရင်းတည်၍ အားထုတ်ကြိုးပမ်းမှသာလျှင် “ပညာ”လည်းရနိုင်မည် ။ “ပစ္စည်းဥစ္စာလည်း ရနိုင်မည် ။ “ကုသိုလ်”လည်းရနိုင်မည်။ လုံ့လ ၊ ၀ီရိယ ၊ ဇွဲဖြင့် အပတ်တကုတ် ကြိုးစားအားထုတ်မှသာ “ပညာရှင်” လည်း ဖြစ်နိုင်မည် ။ “ကုသိုလ် ကောင်းမှုရှင်”လည်းဖြစ်နိုင်မည်။ မိမိ၏ အကျိုးစီးပွားအတွက် သာမက အများအကျိုးစီးပွားအတွက်ပါ အကျိုးဆောင်သူ ဖြစ်နိုင်ပါမည်။

ဘ၀ တစ်လျှောက်လုံး ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ ဟေးလား ၀ါးလားဖြင့် “အချိန်”ကိုဖြုန်းသော “လူပျင်း” တို့သည် ပညာလည်းမရ ၊ ဥစ္စာလည်းမရ၊ ကုသိုလ်လည်းမရနိုင် ။

“ပညာရှင်” လည်းမဖြစ်နိုင်၊ “ဥစ္စာရှင်” လည်း မဖြစ်နိုင်၊ “ကုသိုလ်ကောင်းမှုရှင်” လည်းမဖြစ်နိုင်။ ထိုလူမျိုးသည် မိမိ၏အကျိုးကိုလည်း မဆောင်ရွက်နိုင် ၊ အများအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ဆိုရသော် လူပျင်းတို့သည် “တန်ဖိုးမဲ့” သူသာဖြစ်ပါ၏။ ထိုသို့ အချိန်ဖြုန်းသော “လူပျင်း” တို့သည် ဆင်းဆင်းရဲရဲ သိမ်သိမ်ငယ်ငယ်နှင့်သာ ဘ၀နိဂုံး အဆုံးသတ်ရတတ်ပါသည်။ တိပိဋကဓရသီရိန္ဒာ ဘိဝံသ (ယော)ဆရာတော်ကြီးက အချိန်အသုံးချမှုနှင့် စပ်လျဉ်း၍ ဤသို့ မိန့်တော်မူခဲ့ပါသည် ။

“လောက၌ အချိန်ကိုဖြုန်းခြင်းထက် နစ်နာသော ဆုံးရှုံးမှုမျိုး မရှိချေ ။ အစားထိုး၍မရနိုင်သော ဆုံးရှုံးမှုမျိုးဖြစ်သည် ။ အချိန်၏တန်ဖိုးကို မည်သည့်စက်ကိရိယာနှင့်မျှ တိုင်းတာဆုံးဖြတ်၍ မရစကောင်းချေ ။ စီးပွားဥစ္စာရှာသူအတွက် အချိန်သည်ပင် စီးပွားဥစ္စာဖြစ်သည်။ ပညာသင်ကြားလေ့လာသူအတွက် အချိန်သည်ပင် ပညာဖြစ်သည်။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည်ပင်တရား ဖြစ်သည် ။

အမှန်စင်စစ် လူတစ်ဦးသည် “ပျင်း” ပြီဆိုလျှင် “ဖျင်း” လည်း “ဖျင်း” ပါတော့သည်။ ပျင်းရိသူမှန်သမျှ အရည်အချင်း “ညံ့ဖျင်း” သူချည်း ဖြစ်ပါ၏။ လူပျင်း လူဖျင်းတစ်ဦး၏ ဘ၀နောက်နှောင်းသည် မည်သည့်နည်းနှင့် ကောင်းနိုင်ဖွယ်မရှိပါ ။ ကျေးဇူးရှင် ဓမ္မဒူတ ဆရာတော်ကြီးက ဖျင်းလျှင် နာမည်လည်းပျက် ၊ ဘ၀လည်းပျက်နိုင်ကြောင်း အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည် ။

“လူမှာ နာမည်ပျက်၊ဘ၀ပျက်ဆိုပြီး အပျက်နှစ်မျိုး ရှိတယ်။ အလုပ်မလုပ်တတ်သူက လူဖျင်း ၊ ကြိုးစားလို့ ရသေးတယ် ၊ အလုပ်မလုပ်တဲ့လူကျတော့ လူပျင်း ၊ ဖျင်းတာက နာမည်ပျက်ရုံ ၊ ပျင်းတာကျတော့ နာမည်လည်းပျက် ၊ ဘ၀လည်းပျက်ရော။ ဘုန်းကြီးတို့တော့ အလုပ်လုပ်နေရမှ ကျေနပ်တယ်။ ဘယ်တော့မှ လူပျင်း အဖြစ်မခံနိုင်ဘူး ”

လူသည် အသက်ရှင်နေထိုင်ရစဉ်အခိုက် ပြုဖွယ်ကိစ္စ၊ လုပ်ငန်းဆောင်တာများကို လုံ့လ၀ီရိယ ရှိရှိဖြင့် တက်တက်ကြွကြွ ဆောင်ရွက်သင့်ပါသည် ။ လုံ့လ၀ီရိယဖြင့် တည်ဆောက်မှလည်း အဓိပ္ပါယ်ရှိရှိဖြင့် ဘ၀ရှင်သန် ဖြစ်တည်နေပါလိမ့်မည် ။ နေ့စဉ်ပင် မပျင်းမရိပဲ လုံ့လ၀ီရိယမှန်မှန်ဖြင့် အလုပ်လုပ်သင့်ကြောင်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါသည် ။

“လုံ့လ၀ီရိယကင်း၍ အပျင်းစား အပေါစား လုပ်နေသော် ဤခန္ဓာကိုယ်ကြီး ပို၍မကျမ်းမာ၊ ပို၍ အသက်မရှည်တော့ပြီ။ စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှ အခိုးအငွေ့တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက်ဖြစ်ကာ ပို၍မကျမ်းမာဖြစ်သေး၏။

ထိုမကျမ်းမာကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာများ၏။ ပျင်း၍ အလုပ်မလုပ်သော သူသည် သာ၍ ပျင်းစရာ ဖြစ်နေပါလိမ့်မည် ။

လုံ့လ၀ီရိယမှန်မှန်ဖြင့် အလုပ်လုပ်နေသူကို လူတွေကလည်း ကြည်ညို၊ နတ်တွေကလည်း စောင့်ရှောက်လို၏။ ရှေးကံတွေကလည်း အကျိုးပေးခွင့်သာ၍ လှလှပပ အကျိုးပေးကြသည်။ ထို့ကြောင့် လုံ့လ ရှိသူအဖို့မှာ လောကကြီး၌ ပျော်စရာကိုသာ တွေ့ရပါလိမ့်မည်။ တစ်နေ့အဖို့ ကုသိုလ်၊ ဥစ္စာ ၊ ကျန်းမာရေး၊ အတတ်ပညာ ၊ တန်ခိုးဂုဏ်သိန် ဤငါးမျိုးတွင် တစ်မျိုးမျိုးမှ အကျိုးမရပဲ ကုန်သွားသောနေ့သည် ၀မ်းနည်းစရာ ၀မ်းနည်းစရာ လွန်စွာသုံးမကျ မသေမီက အသေဖြစ်ရသော နေ့ပေတည်း ။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားက ကြီးပွားချမ်းသာလိုသူတိုင်း လိုက်နာဆောင်ရွက်ရမည့် သမ္ပဒါတရားလေးပါးကို ဟောဖော်ညွှန်ပြတော်မူခဲ့ရာတွင် ပထမဦးဆုံးအချက်မှာ ဥဋ္ဌာန သမ္ပဒါ (ထကြွလုံ့လ ၀ီရိယနှင့်ပြည့်စုံခြင်း) ဖြစ်ပါသည်။ ထကြွလုံ့လ ၀ီရိယကင်းမဲ့နေလျှင် မည်သည့်နည်းနှင့်မျှ ကြီးပွားချမ်းသာခြင်း မဖြစ်နိုင်ပါ။ အပျင်းရောဂါသည်တစ်ဦး၏ ဘ၀သည် ပရုတ်လုံးကဲ့သို့ကြာလေ လုံးပါးပါးလေသာ ဖြစ်ပါလိမ့်မည် ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက အပျင်းစိတ်ကိုနိုင်အောင် တိုက်ထုတ်ရမည်ဖြစ်ကြောင်း ဤသို့ မိန့်တော်မူခဲ့ပါ၏ ။

“ဘုန်းကြီးတို့ တကာ ၊ တကာမတွေအတွက် လိုအပ်တာ တစ်ချက်စီရှိတယ်။ အဲဒီတစ်ချက်က ကိုယ်တိုင်ပျင်းတာ၊ဖျင်းတာကို ပြင်ကြရလိမ့်မယ်ဆိုတဲ့အချက်ပဲ၊ ရိပ်မိကြပလား။ ဒီအထဲ ဖျင်းနေတာကိုတော့ ဆရာဘုန်းကြီးက ကူနိုင်တယ်။ ပျင်းနေတာကိုတော့ မတတ်နိုင်ဘူး ။ ဒကာတို့က ပျင်းပြီး မလုပ်ပဲနေရင်တော့ မတတ်နိုင်ဘူး။ အဲဒီအပျင်းကိုတော့ ကိုယ်တိုင်အားထုတ်ပြီးပြင်ကြ”

ငယ်စဉ်ကာလအရွယ်ရှိခိုက် လုံ့လ၀ီရိယဇွဲဖြင့် ပညာတတ်အောင် အားမထုတ် ဥစ္စာပစ္စည်းကိုလည်း ကြိုးစားမရှာဖွေ၊ သူတော်ကောင်းအကျင့်ကိုလည်းမကျင့်သော လူညံ့လူပျင်းတို့သည် အရွယ်လွန်၍ အိုမင်းမစွမ်းဖြစ်သောအခါ ဆင်းရဲဒုက္ခမျိုးစုံကို တွန်းလှန်နိုင်စွမ်းမရှိတော့ ။ ခါးစည်း၍ ခံကြရရှာတော့သည်။ ဘ၀တစ်သက်တာပတ်လုံး ဆယ်စုနှစ် လေးငါးခုကြာမျှ သက်သာသလို အချောင်နေခဲ့မှု၏ ဆိုးကျိုးကို ဓာတ်ခွဲစမ်းသပ်ခန်းက ဖားကလေးပမာ လည်စင်း၍ ခံကြရရှာတော့သည်။ မြတ်စွာဘုရားက မိမိကိုယ်ကိုသာ အားကိုးပါဟု ဟောတော်မူခဲ့ပါ၏။ မိမိကိုယ်ကိုသည်သာ မိမိ၏ မှီခိုအားထားရာဖြစ်အောင် မိမိကိုယ်တိုင်က ဥာဏ်၊ ၀ီရိယတို့ဖြင့် ထုဆစ်ပုံဖော်ရပေလိမ့်မည်။ မိမိ၏ အိုမင်းမစွမ်းကာလအတွက် မိမိကိုယ်တိုင် ကြိုတင်ပြင်ဆင်သင့်သည်တို့ကို အမြော်အမြင်ရှိရှိ ၊ လုံ့လ ၀ီရိယရှိရှိဖြင့်ကြိုတင် ပြင်ဆင်ရပေလိမ့်မည်။ မိမိကိုယ်ကို မိမိ စနစ်တကျ မောင်းနှင်စေခိုင်းခဲ့ရပေလိမ့်မည်။

မိမိ၏ အိုမင်းမစွမ်းကာလအတွက် သား၊သမီး၊ ဆွေမျိုး မိတ်သင်္ဂဟတို့ကို အမှီသဟဲ အားကိုးအားထားပြုရန် မျှော်လင့်မထားသင့်ပါ။ သူတစ်ပါးအပေါ် မျှော်လင့်အားထားမှုမှန်သမျှဖြစ်နိုင်ချေ နည်းပါးတတ်ပါသည်။

ဓမ္မပဒ ဒေသနာတော်လာ ဘုရားရှင်၏ အဆုံးအမတော်ကို နှလုံးအိမ်တွင် အစဉ်အမြဲစွဲထင်နှလုံးသွင်းလျှက် မိမိ၏ အိုမင်းမစွမ်း ဇရာအရွယ်တွင် မည်သူတစ်စုံတစ်ဦး၏အကူအညီ အထောက်အပံ့မျှ မလိုအပ်ပဲ ဂုဏ်သိက္ခာရှိရှိ အေးချမ်းတည်ငြိမ်စွာ ရပ်တည်နိုင်စိမ့်သောငှာ အရွယ်ရှိစဉ်ကာလကတည်းက လုံ့လ ၀ီရိယဇွဲတို့ဖြင့် ကြိုတင်ပြင်ဆင်အားထုတ် ကြိုးပမ်းအပ်ပါသည် ။

ဆရာ မင်းနန်(မော်ကျွန်း) ရေးသားသည်။


Sunday, November 27, 2016

လယ်တီဆရာတော်သံဝေဂတရား

ပြောကြတာကတော့ အမလေး ငှက်ပျောတုံး လက်ပံတုံး အသုံးမကျတဲ့ခန္ဓာကိုယ် ပြောကြဆိုကြတာမရှိဘူးလား။ အမှန်က ငှက်ပျောတုံးကမှ အသုံးကျသေးတယ်။ ငှက်ပျောပင်လှဲလို့ချင်ရင် ဒီငှက်ပျောပင်ကိုအထဲက အူတိုင်လေးချန်ပြီး အပေါ်ကအခွံအဖတ်တွေနွာပြုပြီးတော့ မုန့်ဟင်းခါးချက်တဲ့အိမ်သွားပေးတော့ အမယ် ကျေးဇူးတင်လွန်းလို့။ ငှက်ပျောအူက မုန်ဟင်းခါးဟင်းရည်ချက် သိပ်ကောင်းတာ (မှန်ပါ)။ ငှက်ပျောပင်သေသွား နွင့်မပြစ်ပဲနဲ့ မုန်ဟင်းခါးသည်အိမ်သွားပေး မုန့်ဟင်းခါးစားရလိမ့်ဦးမယ်။ ငှက်ပျောတုံးကအသုံးကျတယ်။ လက်ပံတုံးကျတော့လဲ အရုပ်ထုတဲ့လူ၊ အမလေး ကလေးကစားတဲ့အရုပ်ကလေးတွေထုရောင်းဖို့လေ (မှန်ပါ)။ အသုံးကျတယ်။ လက်ပံတုံးကလည်း အသုံးဝင်တယ်။ ငှက်ပျောတုံးကလည်း အသုံးဝင်တယ်။ ဖွဲလောက်မှအသုံးမကျတဲ့ခန္ဓာကိုယ်ဆိုတာ အမှန်က ဖွဲကမှအသုံးကျသေးတယ်(မှန်ပါ)။ အမလေး ဖွဲဝယ်တောင်ယူရသေးဗျာ၊ နော်(မှန်ပါ)၊ အလကားသွားပေးမယ်ဆိုလို့ရှိရင် ပေးတဲ့သူက အင်း ၀က်မွေးတဲ့အိမ်ကများကျေးဇူးတင်လွန်းလို့ နွားမွေးတဲ့အိမ်ကများ ကျေးဇူးတင်လွန်းလို့၊ ဖွဲလာပေးရင် ဟုတ်လား (မှန်ပါ)။

ကိုင်းခန္ဓာကိုယ်ကြီးက ဖွဲလောက်အသုံးကျရဲ့လား စစ်ဆေးရအောင်၊ ငှက်ပျောတုံးလောက်အသုံးကျရဲ့လားလို့ စစ်ဆေးရအောင်၊ ကိုင်း ဆွေထဲမျိုးထဲလူ့အဖိုးတန်ကြီးတစ်ယောက် ဆုံးပြီ။ သူစိမ်းတွေတော့ခဏထားပါဦး၊ သူစိမ်းတွေက သွေးမစပ်သားမစပ်မို့၊ သွေးထဲသားထဲကလူတွေကတော့ ကဲ ငါတို့အိမ်လေ ဟောဒီမသာလောင်းကြီးထားတာ ခုနှစ်ရက် ရှိပြီ။ ဒီ့ပြင့်လူတွေ ခုနှစ်ရက်ပြောင်းထားကြဦးဆိုရင် လက်ခံပါ့မလား။ ဘယ်အိမ်ကများလက်ခံပါ့မလဲ။ အိမ်ပေါ်ထားလို့ အိမ်ရှေ့ဖြတ်သွားတာတောင် မလိုချင်ဘူး(မှန်ပါ)။ ကဲ ရွာထဲကလက်မခံ ကိုယ်ကြည်ညိုတဲ့ကျောင်းသွားပို့ကြဦးစို့။ ကျောင်းကကောလက်ခံပါ့မလား (လက်မခံပါဘုရား)။ ဘုန်းကြီးကလည်း ထွက်ပြေးမှာပဲနော် (မှန်ပါ)။ ဒီတော့မှ ဒီမသာလောင်းက ဘယ်နေရာမှအသုံးမကျတဲ့မသာလောင်းဖြစ်နေပြီ။ မသေခင်လေးကျ ကြီးလိုက်တဲ့မာန၊ ကြီးလိုက်တဲ့ လောဘ၊ ကြီးလိုက်တဲ့ဒေါသ၊ ဒါ့ကြောင့် --------- ဆက်လက်ပြီး တရားတော်ကိုနာယူရန်

ဒေါင်းလော့လုပ်ရန်

ဆွမ်း​လောင်းရခြင်းအကျိုး(၁၂)ပါး

၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သောနတ်မင်းတို့၏ မိဖုရားအဖြစ်ကိုရခြင်း ၊

၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း ၊

၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း ၊

၎။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်းလှခြင်း ၊

၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း ၊

၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း ၊

၇။ မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း ၊

၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း ၊

၉။ ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့မလားရောက် ရခြင်း ၊

၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း ၊

၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း ၊

၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။

(အပ၊၂။၂၈၄။) (အပ၊မြန်၊၂။၂၂၇။)

Photo-လွိုင်​လင်​ဆွမ်း​လောင်းအသင်း

တရားအားထုတ်ခါစမှာတော့ သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာရှုရင်းကနေ အသေးစိတ်သိလာတဲ့အခါကျတော့ ကာယာနုပဿနာနှင့်တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့  အနတ္တသဘော၊ ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့  ဒုက္ခသဘောတွေကို တဖြည်းဖြည်းသိလာတယ်။

ဒီလိုအားထုတ်ရင်းကနေ စိတ်ကိုလည်း ကြည့်တတ်လာတယ်။ သတိ၊ သမာဓိကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိတယ်။ တစ်ခါတလေ ဘယ်လောက်ထိသိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် သိနေတယ်။ ဒါကို မလုပ်ဖူးတဲ့သူဆို ယုံနိုင်မှာ မဟုတ်ဘူး။ အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲလို့  မေးလိမ့်မယ်။ စိတ်ကလေး ဦးလှည့်တာကို သိတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်းမနေချင်တော့တာကို သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီဆိုတာကို သိတယ်။ အာရုံသိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့သလိုလိုဖြစ်ပြီး နောက်အာရုံတစ်ခုဖက်ကို စိတ်ဦးလှည့်လာတယ်။

တစ်ခါတလေ ဘယ်အာရုံဘက်ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေးရိပ်မိတယ်။ ဒါတော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။ အဲဒီလို သွားတော့မယ်ဆိုတာကို သိလိုက်တာနဲ့  ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို့ သိလိုက်တယ်။ သိလိုက်တာနဲ့  ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ စိတ်ကအတွေးမရှိဘူး။ ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ သိနေတာကိုသိတယ်။ အေးချမ်းနေတာကိုသိတယ်။ စိတ္တာနုပဿနာအဆင့်ကနေ ဓမ္မာနုပဿနာအဆင့်ကို ကူးသွားနေပြီ။ ဒါတွေဟာ လုပ်ရင်းနဲ့  သူ့ အလိုလိုဖြစ်လာတာပါ။

ဥပမာဆိုပါတော့ - ခန္ဓာကိုယ်ကို ရှုမှတ်နေပြီ။ ခန္ဓာကိုယ် ရုပ်သဘော ပူခြင်း အေးခြင်း လှုပ်ရှားခြင်းကို တဖြည်းဖြည်း သိလာရင်းကနေ သတိ သမာဓိကောင်းပြီး ပစ္စုပ္ပန်တည့်လာခဲ့ရင် ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်းသဘောဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။ တကယ့်ကိုပဲ သဘာဝသဘောဆိုတာ သီးသီးခြားခြားမြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါနှင့် မရောဘူး။ လုံးဝပုံသဏ္ဌာန် မရှိတော့ဘူး။ နာမည်တပ်ဖို့  မလိုတော့ဘူး။ နာမည်လည်း မရှိတော့ဘူး။

အဲဒီလို ပညတ်ကင်းပြီးတော့ သီးခြားလေး မြင်လိုက်တဲ့အခါ အနတ္တဉာဏ်ဟာ အင်မတန်မှရှင်းတယ်။ အဲဒီအခါ စိတ်ထဲက အနတ္တပါလားလို့  နှလုံးသွင်းမိတတ်တယ်။ အနတ္တသဘောတွေပဲ။ သူ့ သဘော သူဆောင်တာပဲလို့  နှလုံးသွင်းမိတယ်။ အဲဒီနှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။ ဉာဏ်ကို ပြန်ရှုရင် ဓမ္မာနုပဿနာဖြစ်နေတယ်။

အနိစ္စကိုရှုရင်လည်း တဖြည်းဖြည်း ကြာလာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း သိတယ်။ သိသိချင်း ပျောက်သွားတယ်။ ဘာမှမကျန်အောင် ပျောက်သွားတယ်။ အဲဒီလိုဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး၊ ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူးဆိုတာ ရှင်းလာတယ်။ တစ်ခုဖြစ်ပြီး ပျက်သွားတယ်။ နောက်တစ်ခုမဖြစ်ခင်ကြားမှာ ကြားကာလ (Gap) လေး တစ်ခုဖြစ်သွားတယ်လို့ တောင်မှ သိလို့ ရတယ်။ တစ်ခုနဲ့ တစ်ခု တစ်ဆက်တည်းမဟုတ်ဘူးဆိုတာ ဉာဏ်ထဲမှာ အင်မတန်မှ ရှင်းတယ်။

အင်မတန် လျင်လျင်မြန်မြန် ဖြစ်နေ ပျက်နေတဲ့ ရုပ်သဘော၊ နာမ်သဘောတွေကို အင်မတန် လျင်မြန်တဲ့ သတိ သမာဓိတွေက လိုက်သိနေတာ။ လိုက်သိတော့ မမြဲပါလားလို့  သိတဲ့ဉာဏ်ဖြစ်လာတယ်။ အဲဒီလို မမြဲပါလားလို့  နှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် မမြဲဘူးဆိုတဲ့ ဉာဏ်ကို ရှုမှတ်ပြီးသား ဖြစ်သွားတယ်။ ဒါဟာ အနိစ္စဉာာဏ်ကို ရှုမှတ်တာပဲ။ ဓမ္မာနုပဿနာဖြစ်သွားပြီ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ထဲကို ၀င်သွားတယ်။

တစ်ခါတလေ အားထုတ်ရင်း အားထုတ်ရင်းကနေ သိနေတာကိုပဲ ပြန်သိနေတယ်။ အဲဒါဆိုရင် သတိသမ္ဗောဇ္ဈင်ကို ရှုမှတ်ပြီးသားဖြစ်နေတယ်။ ပွားများပြီးသားဖြစ်နေတယ်။ အဲဒီတော့ သမ္ဗောဇ္ဈင်နဲ့ အညီ ဖြစ်သွားနေပြီနော်။

တစ်ခါတလေ အားထုတ်နေရင်းနဲ့  ပီတိသဘောမျိုးတွေဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျနေတယ်။ ကျေနပ်နေတယ်။ တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့သဘောလို့  မြင်လို့ ရှိရင် ဓမ္မာနုပဿနာဖြစ်သွားတာပဲ။ ပီတိသမ္ဗောဇ္ဈင်ကို ရှုမှတ်တဲ့သဘောမျိုးဖြစ်နေတယ်။

တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့ ရတယ်။ သဒ္ဓါတရားတော်တော်ကောင်းတယ်။ ၀ီရိယတွေလည်း တော်တော်ကောင်းတယ်။ ဒါဟာ သဒ္ဓါတရား၊ ဒါဟာ ၀ီရိယလို့ ကြည့်လို့ ရတယ်။

အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့စိတ်ကလေးတွေက တစ်လုံးချင်းပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ၀င်မလာဘူး။ အဲဒီလိုအခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့ ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ ကို အေးအေးဆေးဆေးကြည့်လို့ ရတယ်။

တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့ စိတ်တွေဖြစ်လာတယ်။ “တကယ် မလုပ်ကြသေးလို့  တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို့  ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟောတတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ်ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက်ဖြစ်တယ်။

မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်မှ။ ဒီကရုဏာစိတ်ကို ကြာကြာလက်မခံနဲ့ ။ ဒိအချိန်မှာ မကောာင်းဘူး။ ၀ိပဿနာဉာဏ်ကို အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာ မြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင်ကြည့်နိုင်ရင် သိပ်ရှင်းတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်တယ်။ အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်းသဘောပေါက်တယ်။ အဘိဓမ္မာဟာ တကယ်ဟုတ်လို့  ဟောထားတာပဲ ဆိုတာ ယုံကြည်သွားတယ်။

အားထုတ်ရင်းနဲ့  ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါနော်။။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို့  ပဿဒ္ဓိဖြစ်တဲ့အချိန်မှာ ကိုယ်အပူချိန်ကျသွားတယ်ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ ရတယ်။ အဲဒီအေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခုဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ ရတယ်။ ဓမ္မာနုပဿနာ ဖြစ်ပြန်တယ်။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများပြီးသားဖြစ်နေတယ်။

တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ ဥပမာ- လူအများ စားကြတဲ့ Chewing-gum (ပီကေ) ဆိုပါတော့။ ပီကေကို ပစ်လိုက်ရင် ထိလိုက်တဲ့ နေရာမှာ ကပ်နေတယ်။ ပြန်မကွာဘူး။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် သတိ၊ သမာဓိ နဲတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို့  ကြိုးစားရင်း သိသလိုလိုဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတယ်၊ ထားတဲ့အာရုံမှာ မနေဘူး။

အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုင်ပြီးတော့ စိတ်ကရှင်းသွားရင် သတိ၊ သမာဓိကလည်း ကောင်းနေတဲ့အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက်ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည်မနေဘူး။ ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး။ ကြားလိုက်ပြီးတော့ ဘာသံမှန်းမသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။

အတွေးတစ်ခုပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလိုဖြစ်သွားတာနဲ့  ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာနဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်ထိ မရောက်တော့ဘူး။ တစ်ခုခုဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။

အဲဒီလို သတိ သမာဓိ ကောင်းနေရင် စိတ်က တခြားအာရုံတွေကို ပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်းလွှတ်ထားလို့ ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့ တရားက သူ့ ဟာသူ အားထုတ်နေတာပါလို့  တွေးမိတယ်။ ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့  သိလာတယ်။

ပြင်ပ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက်သိနေတဲ့အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။ သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။

ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘောမှာလည်း အနိစ္စသဘောပါတယ်။ သိတာကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သိတယ်ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။

သတိ၊ သမာဓိ သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက်ကြည့်တတ်ရင် အလွန်သိမ်မွေ့ တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။ တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို့  ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ အာကိဉ္စညာယတန ဆိုတဲ့ အရူပဈာန်နဲ့  အတော်လေး သွားတူနေတယ်။

တစ်ခါတလေ သိနေတာလေးက သိမ်မွေ့ လွန်းလို့  သိသလိုလို မသိသလိုလိုတောင် ဖြစ်တတ်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားမှ။ မသိလို့ ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတယ်။ တစ်ခါတလေ အဲဒါကိုပဲ တရားထူးလို့  ထင်တတ်တယ်။

ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှမသိသလိုဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလားဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။ လောကုတ္တရာစိတ်က သိတာကို ပြန်သိလို့ မရတော့ဘူး။ ဒီလိုအားထုတ်လို့  အဆင်ပြေလာတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အားထုတ်မှုကို ရပ်တန့် မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့  အရေးကြီးတယ်။

တချို့ တပည့်တွေ ဒကာ ဒကာမတွေဟာ သူတို့ အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ်ဆိုရင် အများကြီး တိုးတက်သွားနိုင်တယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်မှာပါ။

ဒကာကြီးတစ်ယောက်ကလျှောက်တယ်။ “တပည့်တော် ဆက်အားထုတ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတယ်။ အဲဒီတော့ တပည့်တော် ဆက်မလုပ်ဘူး။ ဒီလောက်နဲ့  တော်ထားအုံးမယ်။” တဲ့။ သူက ဘာနဲ့  ဥပမာတူသလဲဆိုတော့ ချောက်ကြီးတစ်ခုကို ဟိုဘက် ဒီဘက် ကူးဖို့ အတွက် အလယ်ခေါင်မှာ ကြိုးတစ်ချောင်းရှိတယ်။ အဲဒီကြိုးကို ကိုင်ပြီး လွှဲလိုက်ပြီး ကြိုးကိုလွှတ်လိုက်ရင် ဟိုဘက်ကမ်းကို ရောက်သွားမှာနော်။ ဒီဘက်ကို ပြန်လာလို့ မရတော့ဘူး။ ဟိုဘက်ကို ရောက်ခါနီးမှ မလွှတ်ရဲဘူး။ ကြိုးကို ဒီအတိုင်းပဲ ကိုင်ထားတယ်။ ဒါကြောင့် ဒီဘက်ကို ပြန်လာတယ်။

စိတ်ရဲ့ သဘာဝက ဘယ်လောက် ဆန်းကြယ်သလဲနော်။ လိုချင်လွန်းလို့  ကြိုးစားတယ်။ တကယ်ရတော့မယ်ဆိုတော့ နေဦး၊ စဉ်းစားအုံးမယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီစိတ်ကိုလည်း ပြန်ကြည့်တတ်ဖို့ လိုတယ်။ ဒီစိတ်မျိုးက ဖြစ်တတ်တယ်။ ဒီလို အကြိမ်များများ လွှဲနေတတ်တယ်။ လောကီစိတ်ဘက်ကို ပြန်ပြန်လာတယ်။ အကယ်၍ ဆက်အားထုတ်ပြီး တကယ်ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ လွှတ်လိုက်ရုံပဲရှိတယ်။ ဒါကို မှတ်ထားသင့်တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဖြစ်လာခဲ့ရင် ဒီစိတ်ကို နားလည်ဖို့ လိုတယ်။ အပြစ်မတင်သင့်ဘူး။ ဒါဟာ စိတ်ရဲ့ သဘာဝပဲ။

နေနေကျ နေရာမှာ ဆက်နေချင်တယ်။ ဒီနေရာကိုပဲ ပိုကောင်းအောင် ပြုပြင်ပြီး ဆက်နေသွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို သွားရမှာ နဲနဲ ကြောက်တတ်တယ်။

ဒကာ၊ ဒကာမတွေအားလုံး တရားကို တကယ် စွဲစွဲမြဲမြဲ အားထုတ်ကြပါ။ စွဲမြဲရင် တိုးတက်ပါတယ်။ မတိုးတက်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကို ယုံကြည်စိတ်ချဖို့  အင်မတန် အရေးကြီးတယ်။ ဘ၀မှာ အရေးကြီးဆုံးက နေ့ စဉ် နေ့ စဉ် ကောင်းသည်ထက် ကောင်းတာတွေ လုပ်သွားဖို့ ၊ မြင့်သည်ထက် မြင့်တဲ့ဘက်ကို သွားဖို့ နဲ့  နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ရဖို့  ဖြစ်ပါတယ်။

ဒကာ ဒကာမတွေအားလုံး တစ်နေ့ တခြား စိတ်ထား သဘောထား ပိုကောင်းလာပြီး မိမိကိုယ်ကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ကြပါစေ။ အမြင့်ဆုံးအသိဉာဏ်ကို ရအောင် ကြိုးစားနိုင်ကြပါစေ။

ဆရာတော် ဦးဇောတိက

“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

အကောင်းဆုံးအရာ

ညက ပိဋကတ်စာပေထဲက ဇရာသုတ်ဆိုတာလေးကို ပြန်ဖတ်ဖြစ်တယ်။
နတ်သားတစ်ယောက်ကမေးတာကို
ဘုရားရှင်က ဖြေထားတဲ့သုတ်တော်လေး။
နတ်သားက ဂါထာလေးတစ်ပုဒ်နဲ့ မေးထားတာကို
ဆရာဘုရားရှင်က ဂါထာလေးတစ်ပုဒ်နဲ့ဖြေထားတာ။
အမေး
ကိံသု ယာဝဇရာ သာဓု
ဘယ်ဟာက အိုသည့်တိုင်အောင် ကောင်းတာပါလဲ?
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၁) မေးခွန်းပါ။

ဘုရားရှင်အဖြေကို မသိခင် ဒီမေးခွန်းရဲ့ အဖြေကို ကိုယ့်ကိုယ်ကို ဖြေကြည့်ရအောင်။
မြန်မာပြည်အိမ်တစ်အိမ်မှာ တရားဟောရင်း ဒီမေးခွန်းကို မေးမိတော့
ဒကာကြီးက
“တပည့်တော်ရဲ့ ဇနီးက အိုသည့်တိုင်အောင် ကောင်းတာပါ” တဲ့။
အဖြေကို သဘောကျလို့ ပြုံးလိုက်မိတယ်။
“သားသမီးတွေကို အမြဲတမ်း အိုသည့်တိုင်အောင် အားမကိုးရဘူး။
အရွယ်ရောက်လာရင် ကိုယ့်အိုးကိုယ့်အိမ်ထူပြီး မိဘတွေထံပါးမှ ခွဲခွါသွားကြတာချည်းပဲ။
ကိုယ့်ဇနီးမယားကသာ အိုသည့်တိုင်အောင် နောက်ဆုံးသေသည့်တိုင်အောင်
ကိုယ်နဲ့ မခွဲမခွါပေါင်းသင်းဆက်ဆံပြီး ဆေးပေးမီးယူ လုပ်ပေးဖော်ရတာ” လို့
ဒကာကြီးက ပြောချင်တာဖြစ်မှာပါ။
အဲ့ဒကာကြီးရဲ့သားကတော့
အိုသည့်တိုင်အောင် ကောင်းတာက ပိုက်ဆံပါတဲ့။
ပိုက်ဆံသာ ကိုယ့်မှာ အမြဲတမ်းရှိနေမယ်ဆိုရင်
အိုသည့်တိုင်အောင် ဘာမဆို လုပ်လို့ရတာဖြစ်လို့
အိုသည့်တိုင်အောင် ကောင်းတဲ့အရာဟာ ပိုက်ဆံလို့ပြောရတာပါ တဲ့။
ဒကာမကြီးကတော့ အိုသည့်တိုင်အောင် ကောင်းတဲ့အရာကို
စိတ်ချမ်းသာမှုလို့ ယူဆပါတယ်တဲ့။
သူပြောတာက ဟုတ်သလိုလိုတော့ ရှိပါတယ်။
ဒါပေမဲ့ ဒါဟာ အကျိုးတရားကြီးပဲ။
စိတ်ချမ်းသာမှုဖြစ်ပေါ်လာအောင် ဘာတွေ လုပ်ရမှာလဲ။
အကြောင်းတရားကို ရှာရအုံးမှာပါ။
ကဲ၊ ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ဘုရားရှင်ရဲ့ အဖြေက
သီလံ ယာဝ ဇရာ သာဓု၊ သီလက အိုသည့်တိုင်အောင် ကောင်းတာပါ တဲ့။
ဘုရားရှင်ရဲ့ ဒီအဖြေကို ဖတ်ပြီး အတော်စဉ်းစားဖြစ်တယ်။
သီလ က ဘာလို့ အိုသည့်တိုင်အောင် ကောင်းတာလဲပေါ့။
တချိန်တည်းမှာပဲ ဗုဒ္ဓဘာသာဝင်တွေသိတဲ့ ငါးပါးသီလကို ရွတ်ဆိုမိတယ်။
သူတပါးအသက်မသတ်နဲ့၊
သူ့ဥစ္စာမခိုးနဲ့၊
သူ့အိမ်ယာ မပြစ်မှားနဲ့၊
လိမ်မပြောနဲ့၊
မေ့လျှော့စေတတ်တဲ့အရက်၊ ဘိန်းစတာတွေကို မသောက်နဲ့၊ မသုံးစွဲနဲ့။
ဒီငါးပါးသီလက အခြေခံ လူ့ကျင့်ဝတ်ဖြစ်တယ်။
လူတိုင်းစောင့်ထိမ်းရမဲ့ သီလဖြစ်တယ်။
ဒီသီလက အိုသည့်တိုင်အောင် ကောင်းတယ် လို့ ဘုရားရှင်မိန့်တယ်။
အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ လူတိုင်းစောင့်ထိန်းရမယ့် ဒီသီလကို မစောင့်ထိန်းရင်
အိုသည့်တိုင်အောင် မကောင်းနိုင်ဘူးလို့ ပြောင်းပြန်တွေးမိတယ်။
တချိန်တည်းမှာပဲ ရွာက အရက်သမားဦးသာမောင်ကို သတိရမိတယ်။
အသက်က ၆၀ ကျော်နေပြီဆိုတော့ လူကြီးပိုင်းရောက်နေပြီပေါ့။
လူအိုအရွယ် ဇရာပိုင်းရောက်နေပြီ။ အရက်က သောက်တုန်း။
အကျိုးဆက်အနေအားဖြင့် သူ့ကို ဘယ်သူမှ မလေးစားဘူး။
သာရေး နာရေး ထမင်းစားဝိုင်းတွေမှာလည်း သူဘယ်တော့မှ
လူကြားသူကြား၊ လူတော သူတော မတိုးဘူး။ တိုးပြီး အစားအသောက် မစားရဲဘူး။
သူများတွေပြီးမှ ချောင်ကျကျတနေရာမှာ ခပ်ကုတ်ကုတ် ၀င်စားရတာချည်းပဲ။
သိရတာက ဒီဦးသာမောင်ဆိုတဲ့လူဟာ
ငယ်ငယ်ကတည်းက အရက်သောက်လာတာ။
အင်း၊ ငယ်ငယ်တုန်းကတော့ သူသူကိုယ်ကို အရက်သောက်ကြတာချည်းပါဘဲ။
ဒါပေမဲ့ ဒီအရက်ကို စီးပွါးရေးလောကထဲဝင်တဲ့ အသက်သုံးဆယ်ကျော်အရွယ်တိုင်အောင်
လူမှန်းသူမှန်းမသိတဲ့အဆင့်အထိ နေ့စဉ်သောက်သုံးနေမယ်ဆိုရင်
ဦးသာမောင်လို အသက်ခြောက်ဆယ်အရွယ်အထိ သားမေ့ မယားမေ့
ဘုရားမေ့ တရားမေ့အဆင့်အထိ သောက်သုံးနေမယ်ဆိုရင်
ပတ်ဝန်ကျင် လူ့လောကကြီးနဲ့ အင်ဝင်ဂွင်ကျ ဖြစ်မယ်မထင်ပါဘူး။
အရက်သောက်သုံးပြီး မူးမူးမှောက်မှောက်ဖြစ်နေတဲ့သူဟာ
(ဗုဒ္ဓဘာသာဝင်ဆိုရင်) အိမ်ဘေးက ဓမ္မာရုံမှာ တရားပွဲရှိတောင်
တရားနာ မသွားဝံ့တော့ဘူး။ သွားဝံ့သည် ထား၊
နောက်ဆုံးတန်းမှာ ခပ်ကုတ်ကုတ်နဲ့ နာရတော့မှာ။
လူ့ကျင့်ဝတ်ငါးပါးသီလထဲက နောက်ဆုံးသီလကို ချိုးဖျက်လိုက်တာနဲ့
ရရှိလာတဲ့ ဆိုးကျိုးတွေကို စဉ်းစားမိတာပါ။
ဒါ့ကြောင့် လူ့လောကကြီးမှာ အိုသည့်တိုင်အောင် ကောင်းတာဟာ
ဇနီးမယားလည်း မဟုတ်ဘူး၊ ပိုက်ဆံလည်းမဟုတ်ဘူး။
သီလသာဖြစ်တယ်လို့ ဘုရားရှင် ဖြေကြားခဲ့တာပဲ လို့ ထပ်ဆင့်းနားလည်လိုက်ပါတယ်။
နတ်သားမေးတဲ့ နံပါတ် (၂) မေးခွန်းက
ကိံသု သာဓု ပတိဋ္ဌိတာ -
(ကိုယ့်ရင်ထဲမှာ) ဘယ်လိုဟာမျိုး တည်ရှိသင့်ပါသလဲ တဲ့။
အင်္ဂလိပ်လိုဘာသာပြန်ထားတာကတော့
What is suitable to be established in? တဲ့။
ဆိုတော့ ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်ဦးဏှောက်ထဲမှာ
ဘာကို ဘယ်လိုဟာမျိုးကို ဆောက်တည်သင့်သလဲ၊ တည်ဆောက်သင့်သလဲ လို့
ဘာသာပြန်ရင် ပိုနားလည်နိုင်မယ်လို့ ထင်ပါတယ်။
ဘုရားရှင်ရဲ့ အဖြေက
သဒ္ဓါ သာဓု ပတိဋ္ဌိတာ တဲ့။
သဒ္ဓါတရားကို ကိုယ့်ရင်ထဲမှာ တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ်ပေါ့။
သဒ္ဓါဆိုတဲ့ပုဒ်အဓိပ္ပါယ်ကို
အခြားအခြားသောဆရာတော် သမားတော်ကြီးတွေရဲ့ ဖွင့်ဆိုချက်ကို
ခဏမေ့ထားပြီး ကိုယ့်နည်းကိုယ့်ဟာနဲ့ ဖွင့်ဆိုနားလည်ကြည့်ရအောင်။
သဒ္ဓါဆိုတာက (ဘာသာရေး) ယုံကြည်မှုကိုပြောတာ။
ဘာသာရေးလိုက်စားမှ ဘာသာရေးကို ယုံကြည်မှာ၊
ဘာသာရေးလိုက်စားမှုဆိုတာ
ဘာသာရေးကျင့်ဝတ်တွေကိုလေ့လာပြီး
ကျင့်ကြံတာကို ပြောတာ၊ ကိုင်းရှိုင်းတာကို ပြောတာပါ။
သဒ္ဓါဆိုတာကို အဖြောင့်အားဖြင့် နားလည်လွယ်အောင် ဘာသာပြန်ဆိုရရင်
ဘာသာရေးကိုင်းရှိုင်းတာကို ပြောတာပါပဲ။
ဘာသာရေးကိုင်းရှိုင်းဘို့ ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုတာ
ရင်ထဲ နှလုံးသားထဲ ဦးဏှောက်ထဲ အလိုလိုရောက်လာတာမဟုတ်ဘူး၊
အလိုလိုပေါ်ပေါက်လာတာ မဟုတ်ဘူး။
တည်ဆောက်ယူရတာ။ ဆောက်တည်ယူရတာ။ ကြိုးစားယူရတာ။
ဒါ့ကြောင့် ဘုရားရှင်က
သဒ္ဓါ သာဓု ပတိဋ္ဌိတာ
ဘာသာရေးကိုင်းရှိုင်းမှုကို တည်ဆောက်ယူပါ၊
(မိမိနေဘို့ရန် အိမ်ကို ကြိုးစားပမ်းစား တည်ဆောက်သလို)
ဘာသာရေးကျင့်ဝတ်တွေကို ကျင့်ကြံနိုင်ဘို့ တည်ဆောက်ယူပါတဲ့။
ဟုတ်တယ်။ အရက်သောက်ဖို့၊ ဒစ္စကိုသွားဘို့၊
Pub သွားဘို့ဆိုရင် အထူးအားထုတ်စရာမလိုပါဘူး။
အထူးကြိုးစားစရာမလိုပါဘူး။
အလွယ်တကူပဲ။ အသံကြားတာနဲ့ ခြေက လှမ်းပြီးနေပြီ။ ခြေဦးက လှည့်ပြီးနေပါပြီ။
အဲ၊ ဘာသာရေးဆိုင်ရာကျင့်ဝတ်တွေကို ကျင့်ဘို့ဆိုရင်
အထူးကို ကြိုးစားရတယ်။ အားစိုက်ရတယ်။
ညစဉ်ညတိုင်း ရတနာသုံးပါး၊ မိဘ ဆရာသမားတွေကို
ရှိခိုးဦးချ မေတ္တာပို့ပြီးမှ အိပ်ရာဝင်တဲ့ ဘာသာရေးဆန်တဲ့အလေ့အကျင့်မျိုးဆိုရင်
ကြိုးစားရတယ်။ အားထည့်ရတယ်။
ဒီလိုအလေ့အကျင့်မျိုး နှစ်ချီကြာညောင်းလာပေမဲ့ ကြားထဲမှာ ကိစ္စတစ်ခုခုနဲ့
ပျက်သွားတယ်ဆိုရင် ပြန်ပြီးလုပ်ဆောင်နိုင်ဘို့ မနည်းအားယူရပါတယ်။
မနက်စောစော တရားထိုင်တဲ့အလေ့အကျင့်ကို နှစ်ပေါက်လုပ်ထားပေမယ့်
ကြားထဲမှာ အကြောင်းကြောင်းကြောင့် နှစ်ရက်လောက်ပျက်ကွက်သွားရင်
(ကောင်းတဲ့အလုပ်ဆိုတော့) ကိုယ့်ကိုယ်ကို မနည်းပြန်ခိုင်းယူရတယ်။
ဒါ့ကြောင့်မို့လည်း ဘုရားရှင်က
ဘာသာရေး ယုံကြည်မှုသဒ္ဓါတရား၊ ဘာသာရေးကိုင်းရှိုင်းမှုသဘောတရား၊
ဘာသာရေးကျင့်ဝတ်ဖြည့်ဆည်းမှုသဘောတရားကို တည်ဆောက်သင့်ပါတယ်
ကြိုးစားသင့်ပါတယ်လို့ ပြောထားတာဖြစ်မှာပါ လို့ ထင်မြင်ယူဆမိပါတယ်။
နတ်သားက ဘုရားရှင်ကို မေးတဲ့ နံပါတ် (၃) မေးခွန်းက
ကိံသု နရာနံ ရတနံ - အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း တဲ့။
လူတွေရဲ့ ရတနာဆိုတာ ဘာကို ပြောတာလဲ။
အိမ်တစ်အိမ်မှာ ဒီတရားကို ဟောပြရင်း
ဒီနတ်သားမေးတဲ့ မေးခွန်းကို ဒကာကြီးတစ်ဦးကို မေးကြည့်တော့
ဘုရား တရား သံဃာ ရတနာသုံးပါးပါဘုရား လို့ ဖြေပါတယ်။
သူဖြေတဲ့အဖြေက ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဟုတ်သလိုလိုပါပဲ။
ဒါပေမဲ့ နတ်သားမေးတဲ့ မေးခွန်းမှာပါတဲ့ လူဆိုတာ
ဗုဒ္ဓဘာသာဝင်တွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင် အခြားလူမျိုးအားလုံးကို ရည်ညွှန်းတယ်လို့ ဆိုရမှာပါ၊
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အဲ့ဒီလူတွေအတွက်
ဘုရား တရား သံဃာကို ရတနာလို့ ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ။
ဆိုတော့ ရတနာဆိုတာ အများနဲ့သက်ဆိုင်တဲ့ လူသားအားလုံးရဲ့ ရတနာဖြစ်ရပါမယ်။
“လူသားအားလုံးတို့၏ ရတနာသည် အဘယ်အရာဖြစ်ပါသနည်း” ပေါ့။
ဘုရားရှင်ရဲ့ အဖြေက
ပညာ နရာနံ ရတနံ - ပညာသာ လူတွေရဲ့ ရတနာဖြစ်ပါတယ်တဲ့။
ဟုတ်ပါတယ်၊ ပညာဟာ ဘယ်လူမျိုးအတွက်မဆို
ဘယ်ဘာသာဝင်အတွက်မဆို ရတနာပါ။
သဒ္ဓါ - ယုံကြည်မှု၊ ပညာ - ခွဲခြမ်းစိတ်ဖြာသိမှုကို ဒီနေရာမှာ တွဲပြီးပြတော့
ဘာသာရေးကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ
ယုံကြည်မှု (သဒ္ဓါ) တရားသက်သက်နဲ့တင် မလုံလောက်ဘူး။
အစစအရာရာ စဉ်းစားတွေးခေါ်တတ်တဲ့ ဝေဘန်ပိုင်းခြားတတ်တဲ့
ပညာလဲ ပါရမယ်လို့ သဘောပေါက်နားလည်မိပါတယ်။
ပညာနဲ့ယုံကြည်မှသာ ကိုးကွယ်ဆည်းကပ်တဲ့နေရာမှာ တန်ဘိုးရှိမှာမို့လား။
မှန်ပါတယ်။
ပညာကင်းတဲ့ ယုံကြည်မှု (သဒ္ဓါ) တရားဟာ အကြည်ညိုမှားတတ်ပါတယ်။
ပညာနဲ့သဒ္ဓါ၊ သဒ္ဓါနဲ့ပညာ ညီတူညီမျှ ရှိနေရပါမယ်။
တစ်ခုက တစ်ခုထက် မပိုလွန်ရပါဘူး။
တစ်ခုက တစ်ခုထက်ပိုလွန်သွားရင် မကောင်းတတ်ပါဘူး။
မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အများစုဟာ
သဒ္ဓါအားကောင်းပြီး ဝေဘန်ပိုင်းခြားတတ်တဲ့ ပညာအားနည်းတယ်လို့ ဆိုရမလားပဲ။
ယုံလွယ်တတ်ကြတယ်။ နာမည်ကြီးတာနောက် လိုက်တတ်ကြတယ်။
မှား၏ မှန်၏ မဝေဘန်ကြပါဘူး။
ဘယ်လောက်အထိ မဝေဘန်သလဲဆိုရင်
ရန်ကုန် မန္တလေး ကားလမ်းဘေးမှာ “မြွေဘုရား” ဆိုပြီး
မုခ်ဦးအကြီးကြီးတည်ဆောက်ထားတာဟာ
မှားသလား မှန်သလား တင့်တယ်သလား မတင့်တယ်ဘူးလားလို့
မဝေဘန်တတ်လောက်တဲ့အထိပါဘဲ။
စာရေးသူအနေနဲ့ မြွေဘုရားဆိုတဲ့မုခ်ဦးအကြီးကြီးကို ရုတ်တရက်တွေ့လိုက်တော့
အတော်စိတ်မသက်မသာဖြစ်မိတယ်။
ဘယ့်နှယ်၊ မြွေက ဘုရားဖြစ်သွားရတာတုန်း၊
ဘုရားက မြွေဖြစ်သွားရတာတုန်း လို့ ချက်ချင်း အတွေးဝင်လာမိပါတယ်။
နောက်မှ ဒေသခံ ဦးဇင်းတစ်ပါးကို မေးကြည့်တော့
ရိုက်စားလုပ်ထားမှန်းသိရတယ်။
ဒါမျိုးအထူးအဆန်းဖန်တီးထားတာကိုလည်း ဒို့မြန်မာဗုဒ္ဓဘာသာဝင်တွေက
ဝေဘန်ဆန်းစစ်မှုမရှိပဲ အလွယ်တကူလက်ခံယုံကြည်လိုက်ကြတာပါပဲ၊
ဒါဟာ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး
စဉ်းစားဝေဘန်မှု ပညာအားနည်းတာနဲ့ပတ်သက်ပြီး ထင်ရှားတဲ့သာဓကပဲ။
စာပေမှာတော့
ဗလ၀သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ၊ အ၀တ္ထုသ္မိံ ပသီဒတိ တဲ့။
အဓိပ္ပါယ်က
ယုံကြည်မှုသဒ္ဓါတရားအားကြီးပြီး ပညာအားနည်းတဲ့သူဟာ
မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတတ်၏၊
ကြည်ညိုဖွယ်မဟုတ်သောအရာဝတ္ထု ပုဂ္ဂိုလ်တို့၌ ကြည်ညိုတတ်၏ တဲ့။
အနောက်နိုင်ငံသား အများစုကတော့ ပညာအားကြီးပြီး
သဒ္ဓါတရားအားနည်းတယ်။
သိဒ္ဓတ္ထမင်းသားက မိန်းမယူပြီး ကလေးတစ်ယောက်ရမှ
ပစ်ထားခဲ့တာ တရားသလား၊ လုပ်မကျွေးချင်လို့လား။
မိသားစုတာဝန် မထမ်းဆောင်ချင်လို့လားနဲ့ လားပေါင်းများစွာ
မေးခွန်းထုတ်နေတာနဲ့ တကယ့်အနှစ်ဖြစ်တဲ့အကျင့်ဆီကို မရောက်နိုင်တော့ဘူး။
ဒီလို ဝေဘန်စပ်စုမှု ပညာအားကြီးပြီး ယုံကြည်မှု သဒ္ဓါအားနည်းတဲ့သူအတွက်
စာပေမှာလာတာက
ဗလ၀ပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ တဲ့။
ပညာကြီးပြီး သဒ္ဓါအားနည်းတဲ့သူဟာ စဉ်းလဲသောအဖို့ ကောက်ကျစ်သည့်အပိုင်းသို့
ရောက်သွားတတ်၏ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါ့ကြောင့် အရာခပ်သိမ်းမှာ အထူးသဖြင့် ဘာသာရေးနယ်ပယ်မှာ
ယုံကြည်မှု သဒ္ဓါအားကြီးတာလည်း မကောင်းဘူး။
ဝေဘန်မှု ပညာအားကြီးတာလည်း မကောင်းဘူး။
သဒ္ဓါနဲ့ ပညာ ညီမျှနေဘို့ လိုပါတယ်။
ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်းက
ကိံသု စောရေဟိ ဒူဟရံ
ဘယ်ဟာကို သူခိုး (ဓားပြ) တို့ ခိုးယူလုယက်နိုင်ခဲပါသလဲ တဲ့။
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရနိုင်တဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ပေါ့။
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာပစ္စည်းတွေကို
သူခိုးဓားပြတွေ ခိုးယူလုယက်လို့ မရနိုင်ဘူးလို့ ထင်ကြမှာပါဘဲ။
လူတော်တော်များများက ကိုယ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာကို
အတော်လေး တပ်မက်ကြပါတယ်။
ကိုယ့်ရဲ့ ဇနီး မယား သမီး သားတွေကို အတော်လေး ချစ်ခင်စုံမက်ကြတယ်။
တချို့များ ကိုယ့်ဇနီးမယားကို သေပြီး နောင်ဘ၀အထိ ယူဆောင်သွားလို့
ရတယ်များထင်နေလား မသိဘူး။ ချစ်လိုက်ကြတာ၊ ယုယလိုက်ကြတာ။
လိုအပ်တာထက်ကို ပိုနေလိုက်ကြတာ။
ကိုယ့်တိုက်တာ အိမ်မြေ စည်းစိမ်တွေကိုလည်း ဒီအတိုင်းပါဘဲ။
တပ်မက်လိုက်ကြတာ၊ တွယ်တာလိုက်ကြတာ။
နောင်ဘ၀ ယူသွားလို့ ရတယ်များ ထင်နေလားမသိပါဘူး။
တကယ်တော့ လင်ယောက်ကျားပဲဖြစ်ဖြစ်၊ ဇနီးမယားပဲဖြစ်ဖြစ်
သေသွားပြီဆိုရင် ကျန်ရစ်သူကို ခေါ်သွားလို့ မရပါဘူး။
ဒီဘ၀မှာ တော်စပ်တဲ့ ဇနီးမယား ခင်ပွန်းယောက်ကျားက
ဒီဘ၀မှာပဲ ကိုယ်နဲ့ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာ ရှာဖွေ စုဆောင်းထားတဲ့
စည်းစိမ်ဥစ္စာ ငွေရေးကြေးရေးတွေကလည်း
ကိုယ်နဲ့ ဒီဘ၀မှာပဲ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာသာ ပိုင်ပါတယ်ဆိုတဲ့ ဇနီးမယားကိုတောင်
သူတပါးက လုယူသွားနိုင်သေးတယ်။
စည်းစိမ်ဥစ္စာလည်း ထို့အတူဘဲ။
ဟိုတလောက ဇနီးမောင်နှံနှစ်ယောက် မနက်စောစော
အုန်းနို့ခေါက်ဆွဲကပ်ဖို့ ကျောင်းကိုလာတယ်။
ဆိုင်ကယ်နဲ့။
ယောက်ကျားက ရှေ့က မောင်း။
မိန်းမက နောက်က စီး။
သူတို့နှစ်ဦးကြားမှာက လက်ကိုင်အိပ်လေးတင်လို့။
ဓာတ်ဆီဆိုင်နားရောက်တော့ ဆီဖြည့်ဖို့ ဆိုင်ကယ်ကို အရှိန်လျှော့လိုက်တာနဲ့
ဘယ်အချိန်က ကပ်လိုက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစ်စီးက
ဝူး ဆို သူတို့ဆိုင်ကယ်နားကို ကပ်လိုက်ပြီး နှစ်ယောက်ကြားက လက်ကိုင်အိပ်လေးကို
ဆွဲလုပြီး မောင်းထွက်သွားတယ် တဲ့။
လက်ကိုင်အိပ်ထဲမှာက ပတ်စ်ပို့နဲ့ ငွေနည်းနည်းပါသွားတယ်။
ပတ်စ်ပို့နဲ့ဆက်စပ်လို့ ပြောရအုံးမယ်၊
နိုင်ငံခြားမှာနေတာ ပတ်စ်ပို့က အင်မတန်အရေးကြီးတယ်။
၁၉၉၉ - ခုနစ် နိုင်ငံခြား စထွက်ခါနီးတော့
နိုင်ငံခြားသွားဘူး လာဘူးရှိတဲ့ ဦးဇင်းက သြ၀ါဒချွေဘူးတယ်။
“နိုင်ငံခြားရောက်ရင် ပတ်စ်ပို့က အဖေ၊ ဒေါ်လာက အမေ၊
ဒီအဖေနဲ့အမေကို ရိုရိုသေသေကိုင်တွယ်ရမယ်၊
လုံလုံခြုံခြုံသိမ်းဆည်းရမယ်” တဲ့။
ပြောချင်တာက ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာ ငွေရေး ကြေးရေးတွေဟာ
ဘာမှ အစိုးမရဘူး။ အချိန်မရွေး သူခိုးဓားပြတွေ ခိုးယူ လုယက်သွားနိုင်တယ်။
ဒီမှာ နတ်သားရဲ့ သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ဘယ်ဟာဖြစ်ပါသလဲ ဆိုတဲ့အမေးအတွက် ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ပုညံ စောရေဟိ ဒူဟရံ - သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် တဲ့။
ဗုဒ္ဓဘာသာဝင်တွေက ၃၁ ဘုံကို လက်ခံယုံကြည်ပါတယ်။
ဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ဒီဘ၀နဲ့တင် ကိစ္စမတုံးသေးပါဘူး။
နောင်ဘ၀တွေမှာ (၃၁) ဘုံမှာ ကျင်လည်ရအုံးမှာပါ။
ဒီလို ၃၁ ဘုံကျင်လည်တဲ့အခါ ကောင်းတဲ့ဘုံရောက်ဖို့
ကောင်းတဲ့မိဘတွေနဲ့တွေ့ဘို့
ကောင်းတဲ့ဆရာသမားတွေနဲ့တွေ့ဘို့
ကောင်းတဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့အတွက်
ယခုလက်ရှိဘ၀ ကိုယ်လုပ်နေတဲ့အလုပ်က ကောင်းဘို့လိုပါတယ်။
အခု ကိုယ်လုပ်နေတဲ့အလုပ်က နောင်အခါမှာ နောင်ဘ၀မှာ
ကိုယ်ဘာကောင်ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးမှာပါ။
ကိုယ့်နောင်ဘ၀အတွက် အခု ကိုယ်ဘာလုပ်နေတယ်ဆိုတာက အဆုံးအဖြတ်ပေးမှာပါ။
ဆိုလိုတာက
အခုကိုယ်လုပ်နေတဲ့ ကောင်းမှုကုသိုလ်က ကိုယ့်နောက်ကို အစဉ်အမြဲ လိုက်ပါနေမှာပါ။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ကိုယ့်နောက်မပါအောင်
ဘယ်သူကမှ တားဆီးပိတ်ပင်လို့မရပါဘူး။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ဘယ်သူခိုးကမှ ခိုးယူလို့ မရပါဘူး။
ဘယ်ဓားပြကမှ လုယူ တိုက်ယူလို့ မရပါဘူး။
ဒါ့ကြောင့် ဘုရားရှင်က
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာတွေမဟုတ်ပါဘူး။
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် လို့ ပြောကြားခဲ့တာပါ။
ဒီဂါထာလေးကို အကျဉ်းချုပ်လိုက်ရင်
အိုသည့်တိုင်အောင် ကောင်းတာက သီလ အကျင့်ပါ။
ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ တည်ဆောက်ရမှာက သဒ္ဓါပါ။
လူသားတွေအတွက် ရတနာဆိုတာ ပညာကို ပြောတာပါ။
သူခိုးဓားပြတို့ခိုးယူလုယက်လို့ မရတဲ့အရာဟာ ကောင်းမှုကုသိုလ်ပါ။
Dr. Ashin Indaka