Friday, February 24, 2017

ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား


ဒကာ။ ။ ဝိဇ္ဇာရှစ်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသဉာဏ်၊ အဘိညာဏ် ခြောက်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသအဘိညာဏ်တန်ခိုးနဲ့ ကိုယ်ဖြစ်လာတဲ့ သုံးဆယ့်တဘုံ ဘဝမျိုးစုံကို ကုန်အောင်စုံ သိနိုင်တယ်ဆိုတာ ဟုတ်ပါသလားဆရာတော်။

ဆရာ။ ။ ဟုတ်မှန်တဲ့ ပုဂ္ဂိုလ်လည်း ဟုတ်မှန်တယ်၊ မဟုတ်မမှန်တဲ့ ပုဂ္ဂိုလ်လည်း မဟုတ်မမှန်ဘူး၊ ဒါက လွယ်တဲ့ဉာဏ်အလုပ်မျိုးမှ မဟုတ်ဘဲဟာ။

ဒကာ။ ။ ဆရာတော့်အဖြေစကားကို ဒကာကြီးတို့ နားမလည်ဘူးဘုရား၊ နားလည်နိုင်တဲ့နည်းနဲ့ ရှင်းပြပါလားဆရာတော်။

ဆရာ။ ။ ပုဗ္ဗေနိဝါသဉာဏ် အဘိညာဉ်ဆိုတာ ဘဝရဲ့ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ကို အစဉ်လိုက် အမှီပြုပြီးတော့ သိတဲ့ဉာဏ်၊ သေတာနဲ့ ဖြစ်တဲ့ဘဝကို အဆင့်ဆင့်လိုက်ပြီးတော့ သိတဲ့ဉာဏ်လို့မှတ်ပါ။

အဲသည်လို သိတဲ့နေရာမှာလည်း သေတာနဲ့ ဖြစ်တာကို အာရုံပြုပြီး အစဉ်လိုက်ယူတဲ့အခါမှာ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ခေါ်တဲ့ ဤမှာဘက်မှ သေတဲ့စိတ်နဲ့ ဟိုမှာဘက်၌ စိတ်နာမ်ခန္ဓာတရားတို့ အခြားမရှိဘဲ အဆင့်ဆင့် တစပ်တည်း အစဉ်ဖြစ်ပျက်နေတဲ့ နာမ်ခန္ဓာသဘောအာရုံကိုသာ ယူမှီပြီးတော့ ဘဝများစွာကို သိနိုင်တာဖြစ်တယ်၊ ဒါ့ကြောင့်…..”စေတောပရိယဉာဏံ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ ဥပနိဿယ ပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်း၌ ဟောတော်မူတယ်။

ဘဝဆိုတာက (၁) ရုပ် နာမ် ခန္ဓာ ငါးပါးစုံဘဝလည်းရှိတယ်၊ (၂) နာမ်ခန္ဓာလေးပါးချည်းဖြစ်တဲ့ ဘဝလည်းရှိတယ်၊ (၃) ရုပ်ခန္ဓာတပါးတည်းသာဖြစ်နေတဲ့ ဘဝလည်းရှိတယ်၊ အဲဒါကိုပဲ အဘိဓမ္မာက (၁) ပဉ္စဝေါကာရ ဘဝ၊ (၂) စတုဝေါကာရဘဝ၊ (၃) ဧကဝေါကာရ ဘဝ လို့ ခေါ်တယ်။

အဲဒီလို ဘဝသုံးပါးလုံးကို ပုဗ္ဗေနိဝါသဉာဏ်နဲ့ ကုန်အောင်စုံ အဟုတ်အမှန်သိနိုင်တာက မြတ်စွာဘုရားသခင်သာဖြစ်တယ်၊ ဘုရားမှတပါး ကျန်တဲ့သာဝက ပုဗ္ဗေနိဝါသ အဘိညာဉ်တန်ခိုးရှင် ဟူသမျှတွေဟာ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို အာရုံပြု၍ အစဉ်လိုက်ယူနိုင်ကြပေမယ့် အနန္တရ ပစ္စည်းနဲ့ အစဉ်မပြတ်ဖြစ်နေတဲ့စိတ် နာမ် ဓမ္မနဲ့ စပ်၍သာ လိုက်ယူနိုင်တာဖြစ်တယ်၊ သိနိုင်ကြတာဖြစ်တယ်။

စိတ်နာမ်ခန္ဓာမရှိတဲ့ ရုပ်ခန္ဓာသက်သက်နဲ့ ပဋိသန္ဓေ သွားနေတဲ့ အသညသတ်ဘဝမျိုးကျတော့ သာဝကတွေမှာရှိတဲ့ ပုဗ္ဗေနိဝါသအဘိညာဉ်က မသိနိုင်တော့ဘူး၊ စုတိစိတ်ဖြစ်ပြီးတော့ ပဋိသန္ဓေစိတ်ပြတ်သွားလို့ စိတ်မရှိဘဲ ရုပ်သက်သက်ခန္ဓာတပါးတည်းနဲ့ အသညသတ်ဘုံမှာ မဟာကပ် ၅၀ဝ ကြာအောင် သွားဖြစ်နေတာ၊ ဒါ့ကြောင့် အသညသတ်ဘဝကို သာဝက ပုဂ္ဂိုလ်တွေက ပုဗ္ဗေနိဝါသဉာဏ်နဲ့ အဟုတ်အမှန် မသိနိုင်ဘူးလို့ ပြောတာ၊ ကဲ...နားလည်ပြီလား။

ဒကာ။ ။ ရှင်းလင်းနားလည်သွားပါပြီဆရာတော်၊ ပုဗ္ဗေနိဝါသဉာဏ်က စိတ်နာမ်ခန္ဓာ အစဉ်ကိုသာ လိုက်သိနေတာကိုး၊ သည်လို ကွဲကွဲပြားပြားသိရတာမို့ ကျေးဇူးတင်လိုက်တာ ဆရာတော်။

Thama Meggin

လူဝင်စား ဟူသည်


(ခရစ်နှစ် ၂၀၁၁ ပြည့် မေလထုတ် မြတ်ပန်းရဂုံစာစောင်ပါ
ဥက္ကာ (အင်ကြင်းမြေ)၏ အချို့သော လူဝင်စားများတွင်
ဘ၀ဟောင်းမှ ဥတုဇရုပ်ပေါ်တွင် ရှိခဲ့ဖူးသော အမာရွတ်များ
ပါကြ၏။ အဘယ်အကြောင်း တရားကြောင့် ဖြစ်ကြောင်း
မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်ပါသည်။) လူဝင်စားနှင့်
ပတ်သက်သော မေးခွန်းများကို ခေတ်အဆက်ဆက်မေးမြန်း
ကြသဖြင့် ဆရာတော်မြောက်မြားစွာက အကြိမ်ကြိမ် ဖြေဖူးကြ
လေပြီ။

ဤ၌ ထင်ရှားသော ဆရာတော်ကြီးများ၏ အဖြေများမှ
ထုတ်နှုတ်၍ မေးခွန်းရှင်သိလိုသည်များကို ဖြေပါမည်။
လယ်တီဆရာတော်ဘုရားကြီး၏ နိုင်ငံခြားပုစ္ဆာ အဖြေ
ပေါင်းချုပ်-စာအုပ်မှ ပြင်သစ်ပုစ္ဆာ အမှတ်လေး အဖြေတွင်
လူဝင်စားနှင့်ပတ်သက်သည့်အဖြေကို ရှေးဦးစွာ ထုတ်ပြ
ပါမည်။

မေး။ “လူဝင်စားဟူ၍ လောက၌ ပြောရိုး ဆိုရိုးရှိကြ၏။
ဝင်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင်
သက်ဝင်ခြင်းရှိပါသလား-

ဖြေ။ လူဝင်စားဟူသည် အသီးအခြား တပါးတမျိုး မဟုတ်။
လူ့ဘ၀သို့ ရောက်လာကြသူ အပေါင်းတို့တွင် ရှေးဘ၀ကို
ပြန်၍သိနိုင်သူ အနည်းငယ်မျှသာ ရှိကြ၏။ ထိုသူတို့ကို
လူဝင်စားဟူ၍ ခေါ်ကြ၏။ ထိုသူကို ဗုဒ္ဓ ဘာသာကျမ်းဂန်
တို့၌ `ဇာတိဿရ´ ပုဂ္ဂိုလ်ဟူ၍ ခေါ်၏။ ရှေးဘ၀ကို ပြန်၍
အောက်မေ့နိုင်သောသူ၊ သိနိုင်သောသူ ဟု ဆိုလိုသည်။
ရှေးဘ၀ကို ပြန်၍ မသိနိုင်ခြင်း၊ သိနိုင်ခြင်း အကြောင်းကား -

(၁) လူ့ဘ၀၌ နေ့ရက်ရှည်ကြာ အနာရောဂါ နှိပ်စက် ညှဉ်းပန်း
စိတ်အား ကုန်ခန်း၍ သေရခြင်းတပါး။
(၂) နောက်ဘ၀၌ ဂဗ္ဘသေယျကမျိုး ဖြစ်၍ အလွန်သေးငယ်လှ
သော ကလလရေကြည် အစတည်လျက် နေ့ရှည်ရက်များ
ဖြေးနှေးစွာ ကြီးပွားရသဖြင့် စိတ်အားသေးနုတ် မှေးတုတ်
မိန်းမော၍ နေရခြင်းတပါး။
ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည်
ရှေးဘ၀ကို မေ့ကြကုန်၏။ ထိုမှတပါး-

(၁) အလွန်ငယ်ကလေးက သေခဲ့ကြသောသူ၊ အလွန်အိုမင်း
ထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ၊ ယစ်မျိုးကြူး လှသောသူတို့
သည်၎င်း၊
(၂)နောက်ဘ၀၌အမိသည်ရောဂါသည်မဖြစ်ခဲ့သော်၎င်း၊
(၃)အလုပ်ကြမ်း၊အကိုင်ကြမ်းလုပ်ကိုင်ရသူဖြစ်ခဲ့သော်၎င်း
(၄)ကိုယ်ဝန်ဆောင်မှု၌အလိမ္မာမရှိသူဖြစ်ခဲ့သော်၎င်း၊
(၅)အစောင့်အစည်းမရှိသူဖြစ်ခဲ့သော်၎င်း၊
အမိဝမ်းတွင်း၌ သူငယ်သည် အလွန်ထိတ်လန့်ခြောက်ခြားခြင်း
များသဖြင့်လည်း ရှေးဘ၀ကို မေ့ကြကုန်၏။
(ဤကားရှေးဘ၀ကိုပြန်၍မသိနိုင်ခြင်းအကြောင်းတည်း။)

(၁) ဤလူ့ဘ၀၌ သေလွန်၍ ဥပပတ်နတ်ဘ၀၊ ဗြဟ္မာဘ၀သို့
ရောက်ကြသောသူ၊ ငရဲဘ၀ ပြိတ္တာ ဘ၀သို့ ရောက်ကြသော
သူတို့သည်ရှေးဘ၀ကိုသိနိုင်ကြကုန်၏။
(၂) ဤလူ့ဘ၀၌ အားရှိတုန်းအခါမှာ လက်နက်ဘေး၊ ကပ်၊
ဥပါဒ်ဘေး နှင့် ရုတ်တရက် သေဆုံး ကြကုန်၍ နောက်ဘ၀၌
အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရ
သော သူများသည် ရှေးဘ၀ကို သိတတ်ကြ၏။
(၃) ရှေးဘ၀ကို ပြန်၍ သိရလို၏ - ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်းပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘ၀ကိုပြန်၍သိတတ်ကြ၏။
(၄) ပုဗ္ဗေနိဝါသ အဘိညာဏ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်းကောင်းရှေးဘ၀ကိုသိတတ်ကြကုန်၏။
(ဤကားရှေးဘ၀ကိုပြန်၍သိနိုင်ခြင်းအကြောင်းည်း။)”

ဆရာဝန်ကြီး ဦးနေ၀င်း မေးသဖြင့် တောင်မြို့ဆရာတော်ဖြေဆိုအပ်သော `သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ´ စာအုပ်မှ ယခုဘ၀အထိ ယခင်ဘ၀က အမာရွတ်များ ပါရှိလာခြင်းနှင့်ပတ်သက်သည်အဖြေကို ထုတ်ပြပါမည်။

မေး။ ။ ရုပ်ကကောဘယ်လိုပြောင်းပါသလဲ
ဖြေ။ ။ ရုပ်လည်းမပြောင်းဘူး၊ ရုပ်လည်း မပြောင်းဘူး။ ကံကြောင့်ရုပ်သစ်ဖြစ်။ ။ ဒီဘ၀မှာ လူပင်ဖြစ် သော်လည်း နောက်ဘ၀ပြိတ္တာဖြစ်မယ်ဆိုရင် ပြိတ္တာရုပ်၊ တခြားသပ်သပ် ကံက အကျိုးပေးတယ်လေ။

ကံက၀ိပါက်ဝိညာဉ်ကိုလည်း အကျိုးပေးတယ်။ ခုနက ကမ္မဇကလာပ်သုံးစည်းဟာ သူ့ကြောင့်ဖြစ်ပေါ်လာတာပဲ။ ရုပ်က ဆက်သွားတာ မဟုတ်ဘူး။ သူ့ကြောင့် ပေါ်လာတဲ့အတွက်ကြောင့်မို့လို့၊ ဒီကရုပ်တွေ ပြောင်းသွား
လို့ မဟုတ်ဘူး။ ဒါပေမဲ့ ကံကြောင့် ရုပ်သစ်တွေဖြစ်တယ်။ ဒီဘက်က ဓားခုတ်ရာ ဟိုဘက်မှာပါနေ။ ။ တစ်ခါ ထပ်ပြီးတော့ မေးစရာရှိတယ်။ ဓားခုတ်ရာနဲ့လူဟာ ဟိုဘက်ဘ၀ကျတော့ သူ့မှာ အဲဒီဓားခုတ်ရာပါသွားတယ်။

အဲဒီဟာက ဘုန်းကြီးသိပ်မမီဘူးနော်၊ သိပ်မမီပေမဲ့လို့ စိတ္တဇရုပ်က ဓါတ်ချင်းက ဆက်နေသေးတယ်။ စိတ်က ဟိုသယ်သွားတာတော့ မဟုတ်ဘူး။ မဟုတ်ပေမဲ့လို့ ဓါတ်ချင်းက ဆက်နေတော့ ကလေးမှာ ဓါးခုတ်ရာလေး ဘာလေး တွေ့နေတယ်။ အဲဒီထိအောင်တော့ ဘုန်းကြီး
ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ဘူး။ မပြောနိုင်ပေမယ့် အဲဒီလို ဆက်တဲ့ဥစ္စာ ဒီကရုပ် ပါသွားတာတော့ မဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြု။ ။ ခုဘ၀မှာပဲ ၁၀-နှစ်သားတုန်းက ဓားခုတ်ရာနဲ့လက်ဟာ ၁၁-နှစ်သားကျတော့ ဒီအရာက ပါလာတာမဟုတ်ဘူး၊ ရုပ်သစ်ပဲ။ ဒါပေမဲ့ ဓါတ်ချင်း ဆက်တော့ ဟိုမှာ အရာကလေးက ပါရက်ပါရက်ပဲ။ ဒီက ဓါးခုတ်ရာက ရုပ်တွေက ဟိုမှာ ဓါးခုတ်ရာ အဖြစ်နဲ့ ဆက်တာမဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြုလိုက်တော့ ဒီအရာကလေးနဲ့ဆိုင်တဲ့ ရုပ်ကလေးတွေပဲ ဟိုမှာသွား ပြီးတော့ ဖြစ်တယ်။ ဟိုဘက်ဘ၀ကျတော့ ရုပ်သစ်ပေမဲ့လို့ ဒီက စိတ်ဓါတ်ကတော့ ဆက်ရက်ဖြစ်နေတယ်။ ဓားခုတ်ရာလေး ဘာလေး ပါသွားတယ်ဆိုတာ ဖြစ်နိုင်လောက်တယ်လို့ ၊ ဒီလိုတော့ ဘုန်းကြီးက နားလည်း ထားတယ်။ (နှာ ၆၀-၆၁)”

ဝဏ္ဏကျော်ထင် ဒေါက်တာဦးမြင်ဆွေ မေးမြန်းသဖြင့် မဟာစည်ဆရာတော်ကြီး ဖြေဆိုအပ်သော `ဘ၀ပြဿနာ´ စာအုပ်မှ ထုတ်နှုတ်ပြပါဦးမည်။

“ခွေးဘ၀ကလူ” ။ ။ မြင်းခြံခရိုင်၊ ဧရာဝတီကျွန်းထဲက မိဖုရားရွာ၌ မယ်အိမ်ခေါင်း၏သား (ယခု အသက် ၅၀-ခန့်ရှိ) မောင်တိုက်စိုးဆိုသူသည် ရှေးဘ၀က မယ်မင်းပု+ ဖိုးခိုတို့၏ အိမ်၌ ခွေးမဖြစ်ခဲ့ကြောင်း ၊ခွေးသားကလေးများမွေးလျက် တစ်ညသောအခါမှာ စားစရာ မရှိသောကြောင့် တခြားအိမ်သို့သွား၍ ထမင်းအိုးကို ဖွင့်ကာ ထမင်းချိုးကို ကိုက်စားနေခိုက် အိမ်ရှင်က ခရင်းနှင့် ရင်ဘတ်ကို ထိုးသောကြောင့် ထွက်ပြေးလာခဲ့ရကြောင်း၊ သားကလေးများအနီးသို့ ရောက်သောအခါ လဲကျ၍ သေခဲ့ကြောင်း စသည်ကို ပြောပြ၏။ ထိုသူ၏ ရင်ဘတ်၌
ခက်ရင်းဒဏ်ရာ ထင်လျက်ရှိ၏။ ၎င်းမှာ စွဲလမ်းသော စိတ်ကြောင့်ဖြစ်သည်ဟု ယူသင့်၏။

ဥပမာ အိပ်မွေ့ချထားသောသူအား ဆရာက သံပူနှင့်ကပ်မည်ဟု ပြော၍ ခဲတန်နှင့် ကပ်လိုက်လျှင် စွဲလမ်းမှုကြောင့် ထိုနေရာတွင် မီးလောင်ဖု ပေါ်လာခြင်းမျိုးပင်ဟု မှတ်ရာ၏။” (နှာ -၄၈)

အထက်ပါ ကောက်နှုတ်ချက်အဖြေများအတိုင်း `ယခင်ဘ၀က အမာရွတ်များ ယခုဘ၀အထိပါလာခြင်းမှာ စိတ်စွဲလမ်းမှုကြောင့် စိတ္တဇရုပ်များက ကျေးဇူးပြုသဖြင့် ထင်လာခြင်း´ဟု သဘောကျ မှတ်သားသင့်ပါသည်။

အရှင်ကောဝိဒ (ယော)

"အတုအယောင်(၂)မျိုး"

အဋ္ဌကထာမှာ အတုအယောင်နဲ့ပတ်သက်ပြီး(၂)မျိုးပြထားတယ်။ အဓိဂမသဒ္ဓမ္မ နဲ့ ပရိယတ္တိသဒ္ဓမ္မ။အဓိဂမသဒ္ဓမ္မ -ဆိုတာ တရားဓမ္မကြိုးစားအားထုတ်လို့ ရရိှလာတဲ့ သိရှိလာနိုင်တဲ့ တရားထူး တရားမြတ်တွေကိုခေါ်တယ်။ဆိုလိုတာက ဈာန်တရား မဂ်တရား ဖိုလ်တရား ဝိဇ္ဇာ-၃ပါးဆိုတဲ့ ထူးခြားတဲ့ တရားထူးတရားမြတ်တွေဟာ အဓိဂမသဒ္ဓမ္မ ဖြစ်တယ်။

အဓိဂမသဒ္ဓမ္မ ရဲ့အတုအယောင်တွေက ဘာတွေလဲဆိုတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာ သမာဓိစွမ်းအားလေးတက်လာပြီး ဖြစ်ပျက်မြင်လို့အသိဉာဏ် ဝင်လာတဲ့အခါမှာ ခန္ဓာကိုယ်ကအလင်းရောင်ထွက်လာတတ်တယ်။သြဘာသလို့-ဆိုတယ်။ ဝိပဿနာစိတ်ကြောင့်ဖြစ်လာတာ။သန့်ရှင်းကြည်လင်သောစိတ်ကြောင့် ခန္ဓာကိုယ်ကအလင်းရောင်တွေထွက်လာတာ။အဲ့ဒါကို တကယ့်တရားထူး တရားမြတ်လို့ယူဆလိုက်လို့ရှိရင်
အဲ့ဒါဟာ အဓိဂမသဒ္ဓမ္မပတိရူပက-ပဲ။တရားအတုအယောင်ပဲ အဲ့ဒါကို ငါမဂ်ဖိုလ်နိဗ္ဗာန်ရပြီ တရားထူးတရားမြတ်ရပြီဆိုပြီး နှစ်သိမ့်ကျေနပ်သွားလို့ရှိရင် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။

အဲ့ဒီလို ဝိပဿနာရဲ့အညစ်အကြေးဆိုတဲ့တရားတွေဟာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာပေါ်လာတတ်တယ်။တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ဒါမျိုးပေါ်လာမှာမဟုတ်ဘူး။တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ ဒီလိုတရားတုဆိုတာတွေ့ကြုံလာရတတ်တယ်။

အဲ့ဒီလိုတွေ့ကြုံလာတဲ့အခါ အဲ့ဒီတရားအတုနဲ့ပဲ စိတ်ထဲမှာကျေနပ်သွားပြီးဒီပုဂ္ဂိုလ်ဟာတကယ့်အစစ်အမှန်တရားကို မရဘူး။နောက်ဆုံးသေခါနီးမှာ အချိန်မမှီတော့ဘဲနဲ့ တရားထူးတရားမြတ်မရဘဲနဲ့ ရာဂရှိတဲ့ဘဝနဲ့ပဲ သေဆုံးသွားရတယ်။သံသရာထဲမှာဆက်ပြီးတော့
လည်နေရပြန်တယ်ပေါ့။အဲ့ဒီလိုတရားတုတွေဟာ
ကိုယ်ကျိုးကို ထိခိုက်နစ်နာပျက်စီးစေတတ်တယ်။

ကျင့်သုံးဖို့နဲ့ ပတ်သက်လာတော့ ပဋိပတ္တိဆိုတဲ့တရားအတုကလည်း ရှိသေးတယ်။မမှန်မကန်ကျင့်သုံးမှုတွေ မြတ်စွာဘုရားမဟောဘဲနဲ့ ဟောတယ်ဆိုပြီးတော့ရေးသားထားတဲ့ စာအုပ်တွေဒါမျိုးတွေကလည်း ခေတ်အဆက်ဆက်မှာပေါ်လာတတ်တယ်။အဲ့ဒါတွေကျတော့- ပရိယတ္တိသဒ္ဓမ္မပတိရူပက။သင်ကြားရမယ့်စာအုပ်တွေကလည်း အတုဖြစ်လာတတ်တယ်။ကျင့်သုံးရမယ့်အကျင့်
တရားတွေကလည်း အတုဖြစ်တယ်။အဋ္ဌကထာမှာ ဒီ၂ -မျိုးပြထားတယ်။အဓိဂမသဒ္ဓမ္မပတိရူပက နဲ့ ပရိယတ္တိသဒ္ဓမ္မပတိရူပက လို့ဆိုပြီးတော့ မျက်မှောက်ပြုရမယ့်တရားအတုရယ် သင်ကြားရတဲ့စာပေအတုရယ်-အဲ့ဒ
၂-ခုဟာ အန္တရာယ်တွေကို ဖြစ်စေတတ်တယ်။

ဒီကနေ့ခေတ်မှာ မျက်မှောက်ပြုရမယ့်တရားအတုတင်မကဘူး စာပေအတုတင်မကဘူး အကျင့်တရားနဲ့ပတ်သက်တဲ့အတုတွေလည်း ပေါ်နေတယ်။

ဆိုပါစို့ ဘုန်းကြီးတစ်ပါးကဟောတယ်။သူ့ဆီလာ နာရီဝက်လောက်တရားနာတရားနာရင်း ကြက်သီးမွှေးညှင်းထတယ်။ ပီတိဖြစ်သွားတယ်။သူ့တရားကိုအာရုံစိုက်ပြီးတော့နာ သဒ္ဓတရားရှိရင်လာခဲ့ သူ့တရားကိုနာရီဝက်လောက်ကလေးနာ နာလိုက်တာနဲ့ ကြက်သီးမွှေးညှင်းကလေးထသွားရင် အဲ့ဒါသောတာပန်ဖြစ်ပြီလို့ဟောတယ်။တကယ်မြန်မာပြည်မှာပေါ်ခဲ့တာ။နောက်ဆုံးကြတော့ သောတာပန်ဆိုတဲ့ Certificate တောင်ပေးတယ်နော်။တရားရက်စေ့လို့ရှိရင် တရားထူးတရားမြတ်ကို ကျင့်တဲ့ပုဂ္ဂိုလ်ကရတယ်ပြောပြော မရဘူးပြောပြော သူက လက်မှတ်ပေးတယ်။အဲ့ဒါမျိုးဟာအတုအယောင်လို့ခေါ်တယ်။

မြတ်စွာဘုရားက တရားအစစ်က မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်တယ်။ရဖို့ကျင့်ကြံကြိုးကုတ်အားထုတ်ရတယ်။သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ဖို့ရဟန္တာဖြစ်ဖို့ဆိုတာ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ပြီး အရိုးကြေကြေ
အရေခမ်းခမ်း နည်းမှန်မှန်နဲ့ ကြိုးစားအားထုတ်ရတယ်။
မဟာသီဝမထေရ်ကြီးတို့ဆိုရင်တရားအားထုတ်လိုက်တာ ဝါတွင်းကာလ အဓိဋ္ဌာန်ပြီးတော့ ကြိုးကြိုးစားစား
အားထုတ်တယ်။ဒီတစ်ဝါဖြင့်ရဟန္တာဖြစ်လိမ့်မယ်လို့ ကြိုးစားပေမယ့် ဝါသာကျွတ်သွားတယ်ရဟန္တာမဖြစ်ဘူး။အဲ့ဒီလိုမျှော်လင့်ချက်နဲ့ ဝါတွင်း ဝါတွင်းမှာ အမြဲတမ်း အဓိဋ္ဌာန်ပြီးကြိုးစားလိုက်တာ ဘယ်နှစ်နှစ်ကြိုးစားရတုန်းဆိုရင် နှစ်ပေါင်း-၃၀ ကြိုးစားရတယ်။အဲ့ဒီလိုနှစ်ပေါင်း-၃၀ထိအောင်ကြိုးစားမှ တရားထူးတရားမြတ်ဟာ ရလာတယ်။အင်မတန်မှ ကြိုးစားအားထုတ်ရတယ်။တရားအစစ်ဆိုတာကျတော့လွယ်လွယ်ကူကူနဲ့မရဘူး။ရလို့ရှိရင်လည်း တန်ဖိုးကအပြည့်ရှိတယ်။အဲ့ဒါကို လိုက်တုတဲ့ တရားအတုတွေကတော့ လွယ်လွယ်ကူကူနဲ့
ရနိုင်တယ်။အဲ့ဒီလို တရားအားထုတ်တဲ့နေရာမှာလည်း အတုအယောင်ဆိုတာပေါ်လာတတ်တယ်။

တရားထူးတရားမြတ်ဆိုတာ ကိုယ့်ကျင့်ရင်ကိုယ်ရတာ ကိုယ်သိတာပေါ့။ကိုယ့်စိတ်ထဲမှာဖြစ်တဲ့အရာတွေပဲ။ကိုယ်မသိပဲနဲ့ တခြားလူတစ်ယောက်ကလာပြီးတော့ သောတာပန်ဖြစ်ပြီ သကဒါဂါမ်ဖြစ်ပြီ အနာဂါမ်ဖြစ်ပြီဆိုတော့ သြော် ငါသောတာပန်ပါလား သကဒါဂါမ်လား အနာဂါမ်ပါလားနဲ့ကိုယ့်ကိုယ်ကို အထင်ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ရှိသေးတာကိုး။ဒါ့ကြောင့်မို့လို့ ဒီနေ့ခေတ်မှာ အတုအယောင်တွေ မရှိဘူးလို့ မအောက်မေ့လေနဲ့အတုအယောင်တွေက အင်မတန်မှပေါတယ်။စာပေနဲ့ပတ်သက်ပြီးတော့လည်းအတုအယောင်တွေ တရားထူးတရားမြတ်ရပုံရနည်းနဲ့ပတ်သက်လို့လည်း အတုအယောင်တွေသောတာပန်အတုတွေ သကဒါဂါမ်အတုတွေ အနာဂါမ်အတုတွေ ရဟန္တာအတုတွေ ဖြစ်နေတယ်။

ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
သဒ္ဓမ္မပတိရူပကတရားတော်မှ ကောက်နှုတ်ချက်
ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေ။
_/\_ _/\_ _/\_
ဤဓမ္မဒါနပူဇော်
ရေးရသောကုသိုလ်တို့ကြောင့်
တိုင်းပြည်နှင့်သာသနာပေါ်မှာကြီးစွာသော
အလုပ်အကျွေးပြုပြီး နိဗ္ဗာန်အတွက်
အထောက်အပံ့ဖြစ်ပါစေ။

Credit

ရဟန်းဒကာ မဖြစ်ခင် ကြောင်အရင်မွေးပါ

ရဟန်းဖြစ်စ ဥပေစ္ဇျာယ် ဆရာတော်ရဲ့
သိမ်ထဲက သြဝါဒလေးပါ ။ (စကားပြောဟန်အတိုင်းရေးပါသည်)
______________________________
''မောင်ပဉ္ဇင်းက မြို့ကြီးမှာ စာဝါလိုက်နေတာ ပထမကြီးတန်းတောင်ရောက်နေပြီဆိုတော့ ၊
အထူးသြဝါဒပေးဖို့ လိုမယ်မထင်ပါဘူး၊
ရှောင်ရန် (၄)ပါးနဲ့ ဆောင်ရန်(၄)ပါးကို
သိတယ် မဟုတ်လား''
''မှန်ပါ့ သိပါတယ်ဘုရား''
''အေးးးဟုတ်ပြီ ၊ရှောင်ရန်(၄)ပါး ဆောင်ရန်(၄)ပါး လိုက်နာပါ ။

သြဝါဒတစ်ခု ပေးလိုက်မယ် ''
''အမိန့်ရှိပါ ဘုရား''
''သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး ။ ဒကာ ဒကာမတွေက ကြည်ညိုလို့ လှူမှ ရတာ ၊ ဒကာ ဒကာမတွေ ဆိုတာက ခု ဦးဇင်းလေးရဲ့ ရဟန်းဒကာ ဒကာမတွေနဲ့ ခမည်းတော်မယ်တော် ညီကိုမောင်နှမ ဆွေမျိုးတွေပေါ့ ''
''မှန်ပါဘုရား''

''အေး သူတို့ စည်းပွားရေးလူမှုရေးတွေနဲ့ ဒေါင်ချာဆိုင်း နေတုန်းမှာ ကိုယ့်ဘက်က နားလည် သည်းခံပေးရမယ်၊ ကိုယ်လိုအပ်တာပဲမကြည့်နဲ့ အဆင်ပြေမှ လှူနိုင်မှာ ၊ မြို့မှာနေတာဆိုတော့ လိုအပ်တာတော့အမှန်ပဲ …

ဘုန်းကြီးတို့တုန်းက ခေတ်နဲ့ခုခေတ်မတူတာအမှန်ပဲ အသုံးအဆောင်ပစ္စည်းတွေက အစ
ဈေးကြီးလာပြီ၊ ဒါကြောင့် မှာချင်တာက
''မရှိခြင်းနဲ့နေတတ်အောင် ကျင့်ပေးပါ ဦးဇင်းလေး''
''နာခံပါ့မယ် ဘုရား''

''ရဟန်းဒကာ ဒကာမတွေ လည်း သြဝါဒ တခု ပေးလိုက်မယ်''
''အမိန့်ရှိပါ ဘုရား''
''ဒကာကြီး''
''ဘုရား''
''အိမ်မှာ ကြောင်မွေးဖူးလား''
''မွေးဖူးပါတယ် ဘုရား''
''ခုရော အိမ်မှာ ကြောင် ဘယ်နှစ်ကောင်မွေးထားလဲ''
''စမွေးတုန်းက သုံးကောင်ပါ
နှစ်ကောင်သေပြီး တစ်ကောင်ကျန်နေပါသေးတယ် ဘုရား''

''ကြောင်စာအတွက် တနေ့ဘယ်လောက်ချက်ရလဲ''
''သီးသန့်မချက်ပါဘူး ကိုယ်စားတဲ့ ထဲကနေပြီး လက်တစ်ဆုပ်စာ ကျွေးလိုက်တာပါဘုရား ''
''တစ်နေ့ဘယ်နှစ်ကြိမ်းကျွေးရလဲ ''
''သုံးကြိမ်ပါ ဘုရား''
''သုံးကြိမ်ကျွေးထားရင် ငြိမ်ရောလား ဆက်မတောင်းတော့ဘူးလား''
''ခဏ ခဏ တောင်းတတ်ပါတယ် ဘုရား''
''စိတ်မပျက်ဘူးလား''
''တခါတလေတော့ စိတ်ပျက်မိပါတယ် ဘုရား''
''ဒါဆို မကျွေးပဲ ထားလိုက်ရောလား''
''မထားပါဘူး ဘုရား''
''ကြောင်ပဲ ခူးခပ်စားတာလား ဒကာကြီးမိသားစုက ကျွေးတာလား''
''တစ်ယောက်ယောက်က ကျွေးပေးရတာပေါ့ ဘုရား''
''အေးကွယ်…တိရစ္ဆာန်ဖြစ်တဲ့ ကြောင်အပေါ်မှာတောင် ဂရုစိုက်နိုင်သေးတာ၊
ကိုယ်ရဟန်းခံထားတဲ့ ဦးဇင်းလေးဆိုတာ
ကိုယ့်သားသမီး ဖြစ်သွားပြီ၊ ရင်နဲ့လွယ်ပြီးမွေးထားတာမဟုတ်ပေမယ့်
ရင်နဲ့လွယ်ပြီးမွေးထားတဲ့ သားသမီးတွေလောက်
မပူဆာတတ်ပါဘူး ။

သူ့မှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူးလို
လိုအပ်တာအလှူခံလာခဲ့ရင် စိတ်မပျက်နဲ့
ကြောင်စာလောက်ပဲ အလှူခံလိမ့်မယ် ။

စာသင်သားစာဝါလိုက်နေတာဆိုတော့
ပိုပြီးလိုအပ်မှာ ၊ ပညာသင်တုန်းပဲ
ဒီအချိန်မှာတော့ ရဟန်းဒကာ ဒကာမ က
ကြည့်ရှု့ထောက်ပံ့ရမှာ
ကျောင်းထိုင်ဘုန်းကြီးတို့ တရားဟောဓမ္မကထိကတို့ ဖြစ်လာခဲ့ရင်သူက ပြန်ကြည့်လာပါလိမ့်မယ်''

''မှန်ပါဘုရား''
''ခဏခဏတောင်းနေတာပဲ ၊
အလှူခံနေတာပဲဆိုပြီး စိတ်မပျက်မိစေနဲ…''
''မှန်ပါ ဘုရား''

'' ရဟန်းနဲ့ဒကာ ညီညာစွာ သာသနာပြုကြ''
''သာဓု သာဓု သာဓု ပါ အရှင်ဘုရား''

ဘဝနတ်နန်းစံမြန်းတော်မူသော
ဥပေစ္ဇျာယ်ဆရာတော်ဘဒ္ဒန္တဇိန အား ရှိခိုးကန်တော့ပါ၏ …
အရှင်အာစိဏ္ဏ(မြင်းခြံ)

ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း

မေး ။ ။ Wanna —ကျွန်တော်မေးခွန်းလေး နည်းနည်းလောက်မေးချင်ပါတယ်…အခြားဘာသာဝင်များ အနေဖြင့် ဘုရား၊ တရား၊ သံဃာ တွင်ယုံကြည်ခြင်းမရှိနိုင်သောကြောင့် အပယ်သွားနိုင်ပါသလား။ သို့မဟုတ်.. အခြားဘာသာဝင်များသည် နဂိုကတည်းက ဘုရား၊ တရား၊ သံဃာ ကို ယုံကြည်ခြင်းမရှိသဖြင့် … မယုံကြည်ခြင်းကြောင်ဖြစ်ပေါ်သော အကျိုးကို ခံစားရခြင်း မရှိနိုင် ပါသလား။
ဖြေ ။ ။ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့ မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။ ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်ကို ဖူးရရုံ ၊ နဲ့ ဘုရားရှင်ကို ယုံကြည်နေရုံနဲ့ အပယ်လွတ်မယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်ပြုတဲ့ ကုသိုလ်ကောင်းမှု ၊ အကုသိုလ် မကောင်းမှုတွေ က သာ ကိုယ့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘုရားနဲ့ ညီအကိုလဲတော် ၊ ယောက်ဖလဲဖြစ် ၊ ဘုရားကို သက်ရှိထင်ရှားဖူးတွေ့ရတဲ့ ဒေ၀ဒတ် အ၀ီစိ ကျရတာ ၊ ပုထုဇဉ်တွေထဲမှာ ဘုရားရှင်ကို ယုံကြည် ကိုးကွယ်သူ ကြည်ညို တဲ့ အရာမှာ အမြတ်ဆုံးပါလို့ ဘုရားရှင်ကိုယ်တော်တိုင်ချီးကျူးရတဲ့ အဇာတသတ် သူပြုတဲ့ ပိတုကာရက ကံကြောင့် အပယ် လောကန္တရိတ်ငရဲကျရတာတွေ ဟာ သာဓကတွေ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် ၊ အစ္စလာမ်ဖြစ်ဖြစ် ၊ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ငရုတ်သီးစားရင် စပ်မှာပဲ ၊ သကြားစားရင် ချိုမှာပါပဲ ။
ဒိလိုပဲ ကုသိုလ်လုပ်ရင် ကောင်းမှုအကျိုးခံစားရမယ်။ အကုသိုလ်လုပ်ရင်တော့ မကောင်းမှုအကျိုးခံရမှာပါပဲ ။ ဒီတော့ ကောင်းမှုဆိုတာဘာလဲ ၊ မကောင်းမှုဆိုတာဘာလဲ ဆိုတာကို သေသေချာချာရှင်းလင်းဟောပြောမှုမှာ ဗုဒ္ဓဘာသာက အရမ်းကို စနစ်ကျတယ်။
သီတဂူဆရာတော် ကို အမေရိကန်က ပရောဖက်ဆာကြီးတစ်ဦးက တရားပွဲအပြီးမှာ အခန်းထဲပင့် ၊ တံခါးကို ပိတ်ပြီး မေးတာ ဒီမေးခွန်းပဲ ။ ကောင်းမှုဆိုတာ ဘာလဲ ။ မကောင်းမှုဆိုတာဘာလဲ တဲ့ ။ သူ့ကို ဒါတောင်မသိဘူးလားလို့ ဗုဒ္ဓဘာသာတွေက လှောင်မှာဆိုးလို့ တံခါးပိတ်ပြီးမေးရတာပါတဲ့ ။
ကောင်းမှုဆိုတာ ဗုဒ္ဓအလိုအရ ပုညကိရိယာဝတ္ထု (၁၀)ပါး ၊ မကောင်းမှုကတော့ ဒုစရိုက်(၁၀)ပါးပဲပေါ့ ။
ဒီတော့ နိုင်ငံခြားသာသနာပြုခရီးတွေမှာ ဗုဒ္ဓဘာသာဝင်ပြီးမှာ တရားကျင့်စဉ်တွေ သင်ပေးမယ်လို့လဲ မရှိပါဘူး။ World Buddhist Summit (၂၀၀၅) အပြီးမှာ အီရန်က မွတ်စလင်တွေ သင်ခိုင်းတုန်းကလဲ စစ်ကိုင်းမှာ သင်ပေးတာပါပဲ ။ စိတ်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင် ဘယ်သူဖြစ်ဖြစ်ကျင့်လို့ ရပါတယ်။
ဗုဒ္ဓ ဆိုတာကို ဆုံးမသူ (ဆရာ) အဖြစ်သာ နားလည်ရပါတယ်။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်ဆိုတာနဲ့ ကွာပါတယ် ။ သူက ဒုက္ခအားလုံးတကယ်ချုပ်တာဟာ နိဗ္ဗာန်ဖြစ်တယ်၊ ဒီနိဗ္ဗာန်ကို အသက်ရှင်လျက်မှာပဲ လက်တွေ့ရောက်အောင်ဘယ်လို သွားလို့ ရတယ်ဆိုတာကို ပြောပြတယ် ။ သွားချင်သူတွေ အတွက် မဂ္ဂင်ဖောင်ဆိုတဲ့ လမ်းစဉ်(၈)ပါးချမှတ်ပေးတယ် ။ ပြီးတော့ သွားတဲ့ ခရီးမှာ ဒီကွေ့မှာ အတားအဆီးကို ဒီလိုကျော်ပါ ၊ ဟိုကွေ့မှာ ဟိုလိုကျော်ပါ စသည် စနစ်တကျသင်ကြားပေးတယ်။ လက်ရှိဘ၀မှာတင် နိဗ္ဗာန်ဆိုတာကို မြင်ရအောင် ကျင့်နိုင်ကြတယ်။ ဒီတော့ မဂ္ဂင်ဖောင် ကို ပေးနိုင်တဲ့ ဗုဒ္ဓရဲ့ ပညာ ရယ်၊ အကျင့်သီလပိုင်းရယ်ကို ယုံကြည်ကြတယ်။ လေးစားကြတယ်။ ဒီတော့ သူ့ကို ကိုးကွယ်ကြတယ်။ ဒီမဂ္ဂင်ဖောင်ကို စီးပြီး သွားရာမှာ လှော်ခတ်ဖို့၊ အတားအဆီးတွေမှာ ဗုဒ္ဓပြောသလို ကျော်ဖြတ်ဖို့ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာပါပဲ ။
ဒါကြောင့် ဗုဒ္ဓဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာတစ်ခု အရေးပါနေတယ်။ ဘုရားသခင်ကို ယုံကြည်ယုံနဲ့ ကိစ္စပြီးပြီလို့ လက်ခံသူတွေအတွက် ဒီ အချက်က ရှုပ်သွားစေတယ်။
နောက်တစ်ခု ဗုဒ္ဓဘုရားရှင်ကို မယုံကြည်ဘဲ ကျင့်ရင်လဲ နည်းမှန်အောင်လိုက်ကျင့်လို့ကတော့ တရားထူးကို ရနိုင်ပါတယ်။သနိဋ္ဌိကော ၊ ဧဟိပသိကော စတဲ့ တရားဂုဏ်တော်များက ဒီအချက်ကို သက်သေပြုပါတယ်။
အီဂျစ်နိုင်ငံ မာအတ် ဘုရားကျောင်းက ရှေးဟောင်းခရစ်ယာန်ကြီးတွေဟာ သမထကျင့်စဉ်တွေကို သီဟိုရ်ကနေသင်ပြီး ကျင့်ကြတယ်။ လေလုံအိမ်တွေမှာတောင်နေပြီး သမာဓိကောင်းကောင်းရအောင် ကြိုးစားကြတယ်။ အတော်ဆုံး ဖာသာကြီးတွေ ကမ္ဘာ(၄၀) အထိ ရှေ့ ၊နောက် ဘ၀တွေကို မြင်နိုင်ကြောင်း သက်သေပြနိုင်ကြတယ်။ သူတို့ ကမ္ဘာစပုံ ၊ ပျက်ပုံ တွေ့၇တယ်။ သိရတယ်။ကမ္ဘာစဖြစ်လာနေတဲ့ အချိန်မှာ ဖန်ဆင်းရှုင် ဘုရားသခင်ကို ရှာမတွေ့ကြောင့်တော့ ၀န်ခံရတယ်။ ( The Supreme Science of The Buddha by Egerton C. Baptist) ဒီစာအုပ်မှာ ပါပါတယ်။သူတို့ ကမ္ဘာ(၄၀) ကို ကျော်ပြီးမြင်ချင်ကြတယ်။ မရဘူး။ သီဟိုရ်မှာ ပြန်သွားမေးတယ်။ သီဟိုရ်ဆရာတော်တွေက အထောက်အထားနဲ့ ရှင်းပြရတယ်။ ကိလေသာမကင်းလို့ပါတဲ့ ။ သူတို့ ရတဲ့ အဘိဥာဉ်ဟာ အရှင်အနုရုဒ္ဓါ ရဟန္တာမဖြစ်ခင်ရတဲ့ စွမ်းအားဖြစ်နေပြီနော် ။ သိပ်တော်ကြတယ် ။ဒီမှာကြည့်ရင် ဘုရားရှင် မရှိတော့ ပေမယ့် သူဟောခဲ့ သင်ကြားခဲ့တာတွေကို ဗုဒ္ဓဘာသာမ၀င်ပဲ ကျင့်လဲ ရတယ်ဆိုတာ သေချာနေတယ်။
မြန်မာ ဗုဒ္ဓဘာသာတွေက ဒါန ၊ သီလ ၊ ဘာဝနာ ဒီလို အစဉ်နဲ့ လုပ်တယ်။ အနောက်နိုင်ငံသားတွေက ဘာဝနာ ၊သီလ ၊ ဒါန နဲ့ လုပ်တယ်။ ဘာဝနာလုပ်ကြည့်တယ် သဘောကျပြီးမှ ဗုဒ္ဓဘာသာကို ၀င်တယ်။ သီလဆောက်တည်တယ်။ လှူတာကို နောက်ဆုံးမှ လုပ်တယ်။ ဖားအောက်တောရမှာ တရားကျင့်သွားတဲ့ အမေရိကန် ကျောင်းသားဆိုရင် ဗုဒ္ဓဘာသာမ၀င်ပါဘူး။ ကျောင်းမှာနေပြီး သမထတွေ လုပ်တယ် နတ်၊ဗြဟ္မာ ၊ပြိတ္တာတွေကို သူ့ဟာသူမြင်ရအောင် ကြိုးစားကျင့်တယ်။ ဈာန် သမာပတ်ကို ကောင်းကောင်းနိုင်ပြီ၊ (၃၁)ဘုံကို လက်ခံနိုင်ပြီးမှ ဘာသာပြောင်းပါတယ်။
ဒီတော့ ဗုဒ္ဓဘာသာဟာ ယုံကြည်တယ်ဆိုတာနဲ့မပြီးပါဘူး။ ကျင့်မှ ရတယ်။ ကျင့်ရင် ဘယ်သူမဆို ရနိုင်ပါတယ်။ ကုသိုလ်ကို လုပ်ရင် အားလုံး ကောင်းမှု စံစားရမယ်။ အကုသိုလ်ကို လုပ်ရင် အားလုံး မကောင်းမှု ခံစားရမယ်။ ကံ နဲ့ ကံ၏ အကျိုး ၊ ကံ နဲ့ ၀ဋ်တွေကို ဘယ်သူမှ မလွန်ဆန်နိုင်ကြောင်း ကိုလဲ တော်တော် ရေးထားပြီးသားမို့ ကျေနပ်မယ်ထင်ပါတယ် ။
ချမ်းသာကြပါစေ

နေလင်း (ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း) by Nay Lin (နေလင်း)

အမေး။ ။ဆရာတော်ဘုရား.....ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာ ဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊ ဒါမှမဟုတ် ရှစ်ပါးသီလ ပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။
ရဲလင်း
သထုံ

အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ - ဘယ်အချိန်အထိ စောင့်ထိန်းပါ့မယ် ဆိုပြီး ကာလအပိုင်းအခြားနဲ့ သီလဆောက်တည် မယ်ဆိုရင် ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက် ၆ နာရီအထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို ၆ နာရီအထိသာ သီလရှိပြီး ၆ နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ် ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည်ထားရင်တော့ ငါးပါးသီလ ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။
သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလ ဆောက်တည်ပါ၏” လို့ သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့၊ သီလဆောက်တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါး အားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါးသီလကို အစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။

မှတ်ချက်။ ။မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။
ဓမ္မရံသီ ဘာသာရေးအမေးအဖြေများ မှတဆင့်ပြန်လည်ကူယူဖော်ပြပါသည်။

Friday, February 17, 2017

ဝါးတစ်လုံးနှင့် လူဆယ်ယောက်

ရှေးလွန်လေပြီးသောအခါ မြန်တိုင်းဗာမာဏသီပြည်တွင် အဘိုးအိုတစ်ဦးသည် သားတစ်ကျိပ်နှင့်အတူ ရွာသာယာ၌ နေထိုင်၏။ သူ၏ သားများကား မောင်ရွှေရိုး၊ မောင်ညစ်၊ မောင်ပုပ်၊ မောင်ကတ်၊ မောင်ကျယ်၊ မောင်လည်၊ မောင်ကောက်၊ မောင်ပျင်း၊ မောင်ဖျင်း၊ မောင်သစ္စာ ဟူ၍တွင်၏။
သားအထွေး ပြေးလွှားတတ်သောအရွယ်တွင် အဘိုးအို၏ မယားသည် ကွယ်လွန်၏။ အဘိုးအိုလည်း သားတစ်ကျိပ်ကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေနိုင်လေအောင် ကျွေးမွေးသုတ်သင်သည်။ ဤသို့လျှင် သားတို့သည် လူလားမြောက်လာကြသော ဟူ၏။ သားအကြီးကား မောင်ပဉ္စင်း အရွယ်ရှိသည်။ သားထွေးကား ကိုရင်ဝတ်လျှင် သင်္ကန်းနိုင်သောအရွယ် ရောက်လေပြီ။.
အဘိုးအိုသည် နောင်ရေးကို မျှော်တွေးထောက်ရှု၍ ပစ္စည်းဥစ္စာတို့ကို ကြိုတင်သိုမှီးပြီးလျှင် သားတစ်ကျိပ်တွက် ပဗ္ဗဇိတမင်္ဂလာကို အထိုက်အလျောက် ဆင်ယင်ကျင်းပနိုင်ရန် ပြင်ဆင်လေသည်။ အဘိုးအို၏ သဘာဝကား အဖတို့၌ ရှိသော ချစ်ခြင်းမေတ္တာဖြင့် ၀တ်ကြီးဝတ်ငယ်မှန်သမျှကို သားတို့မပင်ပန်းရလေအောင် မိမိကချည်း ထမ်းဆောင်သော သဘာဝဖြစ်သည်။ သို့သော် ယခုအခါ မိမိသည် အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ မိမိကိုယ်တိုင် အရာရာကို ထမ်းဆောင်ခြင်း မပြုနိုင်သောကြောင့် သားတို့ကို တောက်တိုမယ်ရကိစ္စတို့၌ စေခိုင်းရလေသည်။

တစ်နေ့သောအခါ သားတို့၏ ရှင်ပြုရဟန်းခံအလှူအတွက် ရွာသာယာ၌ မဏ္ဍပ်ထိုးရန်ကိစ္စ ပေါ်ပေါက်လာသည်။ ထိုအခါ အဘိုးအိုသည် သားတစ်ကျိပ်ကို အပါးသို့ခေါ်၍ ဤသို့ဆို၏။
“အမောင်တို့ သင်တို့သည် ၀ါးရုံတောသို့သွား၍ ၀ါးပိုးဝါးကို ခုတ်ကြလော့၊ ၀ါးပိုးဝါးကိုရလျှင် ညီအစ်ကို တစ်ကျိပ် စုပေါင်း ထမ်းရွက်၍ ရွာသို့အရောက် သယ်ဆောင်ခဲ့ပါလော့၊ သားတို့ကို သက်တောင့်သက်သာရှိစေရန် ၀ါးတစ်လုံးကို ဆယ်ယောက်မျှ၍ ထမ်းကြကုန်၊ သားကြီးက ရှေ့ကထမ်း၍ ဦးဆောင်လေ၊ သားထွေးကမူ နောက်ဆုံးမှာ နေရာယူ၍ လမ်းဖြောင့်အောင် ထိန်းမတ်ပေးလေ၊ ကျန်သားရှစ်ဦးတို့ကား ကြီးစဉ်ငယ်လိုက်နေရာယူပြီးလျှင် ၀န်ထုပ်ဝန်ပိုးအပန်းမကြီး စေခြင်းငှာ ညီညာဖျဖျ အလယ်မှလိုက်၍ ထိုက်ရွက်ကြစေ”
သားတစ်ကျိပ်လည်း ဖခင်စေလိုက်သည့်အတိုင်း ၀ါးရူံတောသို့ ခရီးထွက်ကြ၏။ သားကြီးမောင်ရွှေရိုးသည် အလုပ် ကို ရိုးသားစွာ လုပ်ကိုင်တတ်ဘိသကဲ့သို့ သားထွေးမောင်သစ္စာကလည်း လူငယ်ပီပီ သစ္စာရှိရှိနှင့် ဖျတ်ဖျတ်လတ်လတ် ဆောင်ရွက်တတ်၏။ ကျန်သားရှစ်ယောက်ကား အလုပ်ရှိလျှင် ညစ်ပုပ်ကပ်ကျယ်၊ လူလည်လုပ်၍ ကောက်ကျစ်ငြူစူ၊ အပြင်းထူသည့်အပြင် အဖျင်းလည်းနိုင်လှ၏။ ဤသဘာဝကို ဆင်ခြင်မိသော် အဘိုးအိုသည် လုပ်ငန်းတာဝန်တို့ကို အထက်ပါအတိုင်း အသေးစိတ်ညွှန်ကြားခဲ့ရ၏။
ဝါးပိုးဝါးကို ခုတ်ကြသောအခါ သားအကြီးနှင့် သားထွေးတို့သည် အဖေမှာသည့်အတိုင်း ၀ီရိယဖြင့် ဖြောင့်ဖြောင့် မတ်မတ် မခိုမကပ်လုပ်ကိုင်ကြ၏။ ကျန်သားရှစ်ယောက်မူကား မိမိတို့၏ ၀သီအတိုင်း ဆင်ခြေအမျိုးမျိုးပေးကာ ညစ်ပုပ် ကတ်ကျယ်ပြု၏။ ကွေ့ကွေ့ကောက်ကောက်နှင့်အလုပ်ကို ဖြောင့်ဖြောင့်မလုပ်။ အပျင်းထူသူကထူ၍ ညံ့ဖျင်းသူက ညံ့ဖျင်း၏။ သို့သော် သားကြီးနှင့်သားထွေးတို့၏ လုံ့လကြောင့် ၀ါးခုတ်သောလုပ်ငန်းသည် အချိန်မီပြီးမြောက်လေသည်။
ထိုအခါ အဖေမှာသည့်အတိုင်း သားတစ်ကျိပ်သည် ၀ါးပိုးဝါးကိုထမ်း၍ ရွာသို့ ပြန်လာလေသည်။ ၀ါးရုံတောသို့ သွားရာလမ်းကား တောအထပ်ထပ် တောင်အထပ်ထပ်နှင့် လျှိုမြောင်ချောက်ကမ်းပါး ဖြစ်၏။ ခလုတ်ကန်သင်းတို့လည်း ပေါများ၏။ ထို့ကြောင့် အပြန်ခရီးတွင် သားကြီးသည် သတိကြီးစွာဖြင့် ဦးဆောင်ရသည်။ သားထွေးလည်း အစ်ကိုကြီး၏ ရှေ့ဆောင်လမ်းပြမှုကို တစ်သဝေမတိမ်းခံယူ၍ ၀ါးပိုးဝါးကြီးကို ခရီးလမ်းဖြောင့်အောင် ထိန်းပေးသည်။
ကျန်ညီအစ်ကို ရှစ်ယောက်တို့ကား တစ်ဦးက အရှေ့ဟုဆိုလျှင် တစ်ဦးက အနောက်သို့ရောက်အောင်၊ တစ်ဦးက တောင်ဟုဆိုလျှင် တစ်ဦးက မြောက်သို့ရောက်အောင် ရှေးတိုးနောက်ငင် ဘယ်တိမ်းညာရွှေ့ ပြုလုပ်ကြ၏။ စိတ်စေတနာ မဖြူစင်သော မောင်ညစ်သည် ၀ါးပိုးဝါးကို မထမ်းဘဲ တွယ်၍လိုက်လေရာ တစ်ခုသော ချောက်ကမ်းပါးသို့ ရောက်သောအခါ ၀ါးပိုးဝါး လက်မှလွတ်၍ ချောက်ထဲသို့ ဒလိမ့်ခေါက်ကွေး ကျလေသည်။ မနောဆိုးသည် မောင်ပုပ်ကား မောင်ညစ်လိမ့်ကျ သည်ကို အားရ၀မ်းသာဖြစ်၍ ၀ါးလုံးပေါ်ခွ၍ စီးရန် ခုန်တက်၏။ ထိုအခါ အားလွန်၍ မောင်ညစ်နောက်သို့ လိုက်ရလေသတည်း။

ကတ်ပိုးကတ်ဖဲ့လုပ်တတ်သော မောင်ကတ်သည် သူ့ဝန်က ပေါ့သည် ငါ့ဝန်က လေးသည်ဟုတွက်ကတ်ရင်း ၀ါးပိုး ၀ါးကို လက်နှင့်မျှပင် မတို့ဘဲ နမော်နမဲ့နှင့် လိုက်ပါလာခဲ့ရာ အခြားသော ချောက်သို့ရောက်သော် ခလုတ်တိုက်၍ လဲပြီးလျှင် ချောက်ထဲ ကျပြန်သည်။ အော်ကျယ်အော်ကျယ်နှင့် တစ်လမ်းလုံး သြဇာပေး လာသော မောင်ကျယ်ကား မောင်ကတ်ကို တိုက်မိသောကြောင့် မောင်ကတ်သွားရာ လမ်းသို့ လိုက်ပြန်သည်။ မောင်လည်ကား တစ်လမ်းလုံး လူလည်လုပ်၍ လိမ်ဖယ် လိမ်ဖယ်နှင့် လျှောက်လာခဲ့ရာ အခြားနေရာသို့ ရောက်သော် ချောက်ထဲသို့ ချော်၍လဲပြန်သည်။ မောင်ကောက်မှာမူ သူတစ်ပါးကို မည်ကဲ့သို့ အကောက်ကြံရမည်နည်းဟု စိတ်ကူး၍ အပျင်းဆန့်နေသူ မောင်ပျင်းကို နောက်ပေါက် ပေါက် လိုက်ရာ နှစ်ဦးစလုံး ချောက်ထဲ လိမ့်ကျကြလေသတည်း။ အလိုက်မသိသော မောင်ဖျင်းက သူ့အစ်ကို လိမ့်ကျသည်ကို လှမ်း၍ ဆွဲလိုက်သောအခါ သူလည်း ချောက်ထဲသို့ အဆစ်ပါ၍ သွားလေသည်။
မောင်ရွှေရိုးနှင့် မောင်သစ္စာတို့သည် ၀ါးပိုးဝါးပါ ချောက်ထဲမကျရလေအောင် သတိနှင့်သွားနေကြရသည်နှင့် ညီအစ်ကို ရှစ်ဦး ချောက်ထဲကျသည်ကို မည်သို့မျှ မကယ်နိုင်ချေ။ မိမိတို့၏လမ်းကို မိမိတို့မှန်မှန်သွားရင်း၊ အချိန်တန်သော် အိမ်ပြန်ရောက်လေသတည်း။
အိမ်သို့ရောက်သောအခါ သားကြီးနှင့်သားထွေးတို့က အဖအား ဖြစ်သမျှအကြောင်းကို ပြောပြပြီးလျှင်..
“အဖေရယ် သူတို့အတွက် မပူပါနဲ့.. သူတို့ဟာ တောကျွမ်းသူတွေ ဖြစ်လို့ ရွာလမ်းကိုရှာပြီး အိမ်အရောက် ပြန်လာနိုင်လိမ့်မယ်..သူတို့မပါဘဲ ကျွန်တော်တို့နှစ်ယောက်ထဲ အလုပ်လုပ်ရတာ အနှောက်အယှက်မရှိလို့ အလုပ် တွင်ကျယ်ပါတယ် အဖေရဲ့ ” ဟု ဆို၍ နှစ်သိမ့်စေ၏။
အဘိုးအိုလည်း သားတို့၏ဖြစ်အင်ကြောင့် အလှူလုပ်ဖို့ကိစ္စ နှောင့်နှေးမည်ကို စိုးရိမ်ပူပန်မိသည်။ သို့သော် သားကြီးနှင့် သားထွေးတို့က ကိစ္စပြီးမြောက်အောင် ဆောင်ရွက်ပါမည်ဟု ဆို၍ အလှူမဏ္ဍပ်ကို ထိုးလေ၏။
အလှူမဏ္ဍပ်ကြီး ပြီးမြောက်သောအခါ အဘိုးအိုသည် သားရှစ်ယောက်ကို မျှော်လေသည်။ ကံကောင်းထောက်မ၍ အဘိုးအို မျှော်သည့်အတိုင်း သားရှစ်ယောက်တို့သည် မဏ္ဍပ်အတွင်းသို့ အစီအရီ ၀င်လာကြလေသည်။
ဝင်လာသူတို့သည် မောကြီးပန်းကြီးနှင့်မို့ ရုတ်တရက်စကားမပြောနိုင်ကြချေ။ အားလုံးမှာ ညစ်ပတ်ပေရေ၍ အ၀တ်အထည် စုတ်စုတ်ပြတ်ပြတ်နှင့် မြင်မကောင်းရှုမကောင်း ရှိကြသည်။ အဘိုးအိုကား မိဘတို့၏ ချစ်ခြင်းမေတ္တာဖြင့် မဏ္ဍပ်အတွင်း ၀င်လာသော သားတို့ကို ဖက်လှဲတကင်းကြိုဆိုပြီးသောအခါ သားတို့ဖြစ်ရပုံအကြောင်းစုံကို မေးမြန်းလေ၏။
ထိုအခါ မောင်ညစ်က ရှေးဦးစွာ ပြောပြလေသည်။
“မပြောပါနဲ့တော့ အဖေရာ.. ကျွန်တော် ချောက်ထဲကျပေမယ့် မနာပါဘူး.. ရှေ့မှာက ရွာကလေးတစ်ရွာတွေ့လို့ ၀င်ပြီး အကူအညီတောင်းပါတယ်.. ကျွန်တော့်ကို အကူအညီပေးမယ်ပြောပြီး ရွာထဲမှ ထွက်ခွင့်မပေးဘဲ ညစ်ထားကြတာ ကျွန်တော့်မှာပါတဲ့ ပိုက်ဆံလည်း ကုန်တော့မှ ကျွန်တော့်ကို ရွာထဲက နှင်ထုတ်ကြတယ် အဲဒါနဲ့ ကျွန်တော် ခြေကျင် လျှောက်ပြီး ရွာသာယာကို အရောက်ပြန်ခဲ့ရတယ်”
ထို့နောက် မောင်ပုပ်က ဤသို့ အစီရင်ခံလေသည်။
“အဖေရယ် ကျွန်တော်ရောက်တဲ့ရွာမှာ လူတွေဟာ ဘယ်လောက် သဘောပုပ်ပြီး မနော်ဆိုးသလဲဆိုရင် ညီအစ်ကို အရင်းကိုတောင်မှ မလိုတမာနဲ့ အကောင်းမပြောကြဘူး..တစ်ယောက်ကောင်းစားတာကိုမြင်ရင် တစ်ယောက်က မကောင်း ကြံ တော့တာပဲ.. ကျွန်တော် အင်္ကျီကောင်းကောင်းကို ၀တ်လာတာမြင်တော့ ကျွန်တော့်ကို မနာလိုလို့ အင်္ကျီကို ဆွဲလုကြ တာ အင်္ကျီသာပြဲရော သူတို့လည်းမရ ကျွန်တော်လည်း ကျောပြောင်သွားတာပဲ”
”ကျွန်တော် တွေ့တဲ့ရွာသားတွေကတော့ လူကတ်ချည်းပဲဗျာ” ဟု မောင်ကတ်က စကားပလ္လင်ခံ၍ ပြောပြန်သည်။
“ကတ်တာမှ စကားပြောလည်းကတ်တယ်..အလုပ်လုပ်လည်း ကတ်တယ်..ကျွန်တော့်ကို ရွာလိုက်ပို့ဖို့ ပြောတဲ့အခါ ဘယ်ကို လိုက်ပို့ရမလဲ..ဘာကြောင့်လိုက်ပို့ရမလဲ၊ ဘယ်တော့လိုက်ပို့ရမလဲပြောပြီး အချင်းချင်း တွက်ကတ်နေလိုက်ကြတာ တစ်နေ့လည်းမပို့၊ နှစ်နေ့လည်း မပို့၊ ကြာရင် သူတို့ ကျွန်တော့်ပိုက်ဆံ ကပ်ကပ်ပြီးချေးနေလို့ ပိုက်ဆံကုန်ရင် ခရီးစရိတ် ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်လည်း ခြေကျင်လျှောက်လာရတာပါပဲ”
ထိုအခါ မောင်ကျယ်က..
“ငါတွေ့တဲ့ ရွာသားတွေကတော့ လူကျယ်ချည်းပဲကွ မောင်ကတ်ရ..၊ အဖေရယ်.. လူတွင်ကျယ်လုပ်တဲ့
နေရာမှာတော့ ၀ိဇ္ဇာပါပဲ၊ ကျွန်တော့်ကို လမ်းပြပါလို့ပြောတော့ အာကျယ်ပါကျယ်နဲ့ သြဇာပေးတဲ့ လူတွေသာ ထွက်လာပြီး ကျွန်တော့်ကို လမ်းပြမယ့်လူကတော့ တစ်ယောက်မှမရှိဘူးခင်ဗျာ့” ဟု ပြောလေ၏။
“အာကျယ်တာက ခံသာပါတယ် အစ်ကိုရာ၊ လူလည်လုပ်တာကတော့ ခံပြင်းလှတယ်” ဟု မောင်လည်က ပြောပြန်သည်။
“ရွာပြန်ဖို့ လမ်းပြပါလို့ ကျွန်တော်က တောင်းပန်တော့ သူတို့က ကျွန်တော့်ကို လူလည်လုပ်ပြီး အရှေ့က သွားရမှာကို အနောက်ကလှည့်သွားရင် မြန်မြန်ရောက်တယ်လို့ ပြောကြတယ်..သူတို့ ဒီလိုလူလည်လုပ်လာတာကို ကျွန်တော်ခံလိုက်ရလို့ ကိုယ့်ရွာကို စောစော ပြန်မရောက်နိုင်ဘူး အဖေရဲ့ ” ဟု ကတုံးပေါ် ထိပ်ကွက်ခြင်း ခံလိုက်ရတဲ့ မောင်လည်က ငိုကြီးချက်မနှင့် ပြောပြလေ၏။
ထိုအခါ မောင်ကောက်က
“ကျွန်တော်ရောက်ခဲ့တဲ့ရွာက လူတွေဟာ လူလိမ်လူကောက်တွေချည်းပဲ။ ကျွန်တော့်ကို နက်ဖြန်သဘက်နဲ့ အချိန်ဆွဲပြီးထားလိုက်တာ အတန်ကြာမှ ကျွန်တော့်ကို အကောက်ကြံနေမှန်းသိတယ်.. ဒီတော့မှ
ကျွန်တော်လည်း တိတ်တိတ်ထွက်ခွာလာခဲ့ရတယ်” ဟု လိမ်တတ်သူ အညာမိရသည်ကို မခံချင်သော
စိတ်ဖြင့် ပြောလေ၏။
ဤသို့လျှင် မောင်ပျင်းက သူ့ထက်ပျင်းသော ရွာသားတို့နှင့် တွေ့ခဲ့ရကြောင်း၊ မောင်ဖျင်းကလည်း လူဖျင်းများ အကြားတွင် သူသည် လူတော်လူကောင်း ဖြစ်ခဲ့ရသော်လည်း လမ်းမပြတတ်သူ အဖျင်းသမားတို့ကြောင့် ရွာအပြန်မှာ ယောင်လည်လည် ဖြစ်ခဲ့ရကြောင်း အစရှိသည်ဖြင့် အဖေအိုကြီးအား တိုင်တန်းပြောဆိုကြလေသည်။
အဘိုးအိုသည်လည်း သားတို့တိုင်တန်းပြောဆိုကြသော စကားကို ကြားနာပြီးသော် သားတို့ကို မိမိအပါး တွင် ကြီးစဉ်ငယ်လိုက် ၀ိုင်း၍ ထိုင်စေပြီးနောက် အောက်ပါအတိုင်း ဆိုဆုံးမလေ၏။

“ငါ၏ သားတို့ ယခုအခါ သင်တို့သည် လူ့အကြောင်း၊ လောကအကြောင်းကို သိလောက်ပြီ။ ဤ ရွာသာယာ၌ သားတို့သည် မိဘ၏ အရိပ်အာဝါသကို မှီခို၍ မပင်မပန်းအေးချမ်းစွာ နေထိုင်ခဲ့ကြ၏။ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရခြင်း မရှိဘဲ သက်သောင့်သက်သာ နေထိုင်ရသောဘ၀တွင် ကံ၊ ဉာဏ် ၀ီရိယ ဟူသော တရားသုံးပါးကိုမသိ၊ မိမိကိုယ်ကို မိမိ လူပါးလူနပ် လူလိမ္မာကဲ့သို့ အောက်မေ့၍ အချင်းချင်း စေတနာ မေတ္တာမထားကြမူ၍ ပလွှားကာ နေထိုင်ခဲ့ကြ၏။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုသာ မြင်ဖူးသောကြောင့်၊ သူတစ်ပါးတို့ နေထိုင်စားသောက် ကြသော အမူအကျင့် အမျိုးမျိုးတို့ကို နားမလည်ကြ။ မိဘအားကိုးနှင့် လူပေါ်ကြော့ ပြုလုပ်နေကြသည့် အကြောင်းကြောင့် သူတစ်ပါးက ညစ်ပုပ်ကတ်ကျယ် လူလည်လုပ်၍ အကောက်ကြံသမျှကို အမောင်တို့ ခံကြရသည်။ အပျင်းထူသောကြောင့် ဖျင်းအသော ဘ၀၌သာ နစ်မွန်းကြဖို့ ရှိသည်။ သူတစ်ပါးရပ်ရွာတွင် လုံ့လ၀ီရိယကို အရင်းတည်၍ ညီညွတ်သင့်တင့်စွာ ပေါင်းသင်းဆက်ဆံပြီးလျှင် မိမိအကျိုး သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်သော ကောင်းမြတ်သည့် စရိုက်တို့ကိုလည်း အမောင်တို့ ဘာမျှ မသိကြချေ။ လောက၌ သူ့ဖို့ ကိုယ့်ဖို့ဟူ၍ ဖို့နှစ်ဖို့ စိတ်ထားဖြင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည်သာလျှင် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းဖြစ်သည်။ မဖြူမစင်သော စိတ်သဘောထားနှင့် သူကောင်းစားလျှင် ငါမနာလိုဟူသော သဘောဖြင့် ခိုကပ်၊ ပျင်းရိ၊ မသိ၊ အဖျင်း၊ အတွင်းကောက်ဉာဏ်၊ မမှန်ဝေ့လည်၊ စွာကျယ်သည်၏ အဖြစ်ကား တိုးတက်ရေးလမ်းစဉ်မဟုတ်။ ညီအစ်ကိုအချင်းချင်း သဘောကြီးကြီးထား၍ တစ်ဦးအကြောင်းရှိလျှင် တစ်ဦးက ကူညီပြီးလျှင် စုပေါင်းလုပ်ဆောင်မှသာ ကြီးပွားရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မည်။ ထို့ကြောင့် ငါ့သားတို့သည် ယခု အဖေ့မှာစကားကို မြေ၀ယ်မကျ နားထောင်၍ အပြီးသတ်စရာ ကျန်နေသေးသော ပဉ္ဇင်းခံ ရှင်ပြူမဏ္ဍပ်ကို တင့်တယ်အောင် ဆောက်လုပ်ကြစေ။ ငါ့သားတို့ကို ရဟန်းအဖြစ်၊ ရှင်အဖြစ်ဖြင့် ငါဖူးလိုသည်။”
ဤစကားကိုကြားသောအခါ မောင်ရွှေရိုးမှအစ၊ မောင်သစ္စာအဆုံးရှိသော ညီအစ်ကိုတစ်ကျိပ်
သည် ညီညာထကြွ၊ ၀ီရိယဖြင့် မဏ္ဍပ်ကြီးကို ဆောက်လုပ်ရာ မိုးထိုးမတ်တတ်ဟိန်း၍နေလေသတည်း။
အဘိုးအို၏ သားတစ်ကျိပ် ရဟန်းခံရှင်ပြုပွဲသည်လည်း အုတ်အုတ်သည်းသည်းနှင့် စည်ကားသိုက်မြိုက်စွာ
ပြီးစီးလေသော် ရွာသာယာရှိသူ အပေါင်းတို့သည် သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုကြလေကုန်သတည်း။ ။

မောင်ထင်
မြတ်လေး မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၇

စိတ္တနုပဿသ နာ ရှုကွက်များ

မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လဟုပရိဝတ္တခေါ စိတ္တံ – စိတ်ဆိုတာ တကယ်ကို အလျင်အမြန်ကြီးပြောင်းလဲဖြစ်ပေါ်နေတာတဲ့၊ ဥပမာပိ န သုကရာ – ဥပမာနဲ့နှိုင်ယှဉ်ပြီးပြောဖို့တော် မလွယ်ဘူးတဲ့၊ သိပ်မြန်လွန်း အားကြီးတယ်ပေါ့၊ စိတ်ရဲ့ ပြောင်းလဲဖြစ်ပေါ်မှုဟာ အလွန်မြန်သည့်
အတွက်ကြောင့် သာမန်သတိကလေးနဲ့ ဒီစိတ်ရဲ့ အခြေအနေမှန်ကို သိဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ စိတ်ကို စိတ်နဲ့ ကြံတွေးပြီးတော့ သိကြရမှာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကြံတွေးပြီါ်တော့ သိကြရတဲ့ စိတ်တွေ၊ ဖြစ်နေဆဲစိတ်ကို အဲဒီစိတ်နဲ့ ပြန်ပြီးတော့ သိနိုင်တာတော့ မဟုတ်ဘူး၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်က လိုက်ပြီးတော့ သိတဲ့ စိတ်၊ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာမျိုးသာ ဖြစ်နိုင်တယ်။

ဒီစိတ်ကလေးကို ဒီစိတ်ကလေးနဲ့ ပြန်သိတယ်ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်ကလိုက်ပြီးတော့ သိအောင် စိတ္တာနုပဿနာ လုပ်ရမယ်တဲ့၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်စိတ်က လိုက်ပြီး မသိဘူး၊ အမှတ်တမဲ့ နေမယ်ဆိုရင် မှားယွင်းတဲ့ အတွေးတွေ ဝင်လာနိုင်တယ်၊ မှားယွင်းတဲ့ အတွေးတွေ ဝင်လာလို့ ရှိရင် တွယ်တာမှုတွေရော နောက်က ဆက်တိုက်လာမှာ၊ ဒါကြောင့်မို့
စိတ္တာနုပဿနုပဿနာကိုဟောတယ်ဆိုတာ မြဲနေတယ်ဆိုတဲ့ နိစ္စအတွေးတွေ၊ မှားယွင်းတဲ့ အယူအဆအတွေးတွေ အထင်တွေအမြင်တွေကို ဖယ်ရှားပစ်ဖို့ရာအတွက် စိတ်ကလေးရဲ့ သဘာဝကို သိဖို့ စိတ်ကို အနီးကပ်စောင့်ကြည့်တဲ့ နည်းစနစ်ကို ပေးတဲ့အနေအားဖြင့် စိတ္တာနုပဿနာကို ဟောတာ။

စိတ္တနုအဿနာဆိုတော့ စိတ်ရဲ့ သဘာဝလေးကို အရင်ကြည့်။ စာပေမှာ စိတ်လို့သုံးလိုက်လို့ရှိရင် တစ်ခါတစ်ရံ စေတသိက်တွေ ပါတယ်၊ ဒီနေရာမှာက စိတ်လို့ပြောလိုက်လို့ရှိရင် စေတသိက်တွေကို
ပြောတာမဟုတ်ဘူး၊ အာရုံကို သိတဲ့ သဘာဝ တရားလေးကိုသာ ဦးတည် ပြောတာ။ စာပေကျမ်းဂန်မှာ စိတ်လို့ ဆိုလိုက်ရင် လူတွေရဲ့ အသိစိတ်ရော၊ ခံစားချက်တွေရော၊ တော်တော်များများမှာ ပါဝင်တယ်၊ တစ်ခါတစ်ရံကျတော့ စိတ်လို့ ပြောလိုက်တာဟာ သမာဓိကို ရည်ညွှန်းတာလည်းရှိတယ်၊ ဝိသုဒ္ဓိမဂ်မှာ ကိုးကားထားတဲ့ သီလေပတိဋ္ဌာယ နရော သပယော၊ စိတ္တံ ပညဉ္စ ဘာဝယံ – ဆိုတဲ့နေရာမှာ စိတ်နဲ့ ပညာကို တိုးပွားစေရမယ်လို့ ဆိုထားတဲ့ စိတ္တ ဆိုတာ စိတ်ကို ဦးတည်ပြီးတော့ သမာဓိကို ပြောတာ၊ အဲဒါကျတော့ သမာဓိလို့ ယူရမယ်။
စိတ္တေန နိယျတေ လောကေ – စသည်ဖြင့် ပြောတဲ့အခါကျတော့ စိတ်ရော စေတသိက်ရော အားလုံးနှစ်ခုလုံးဆိုင်တဲ့ အရာမျိုးတွေပေါ့၊ စိတ်ကို ပဓာနထားပြောလိုက်လို့ရှိရင် နောက်က စိတ်နဲ့ ယှဉ်တဲ့ စေတသိက်တွေလည်း ပါလာတယ်။

အခု စိတ္တနုပ၍နာကျတော့ အဲဒီသဘောမျိုးမဟုတ်ဘဲနဲ့ – အာရမ္မဏဝိနနလက္ခဏာ – မျက်စိက မြင်တဲ့အာရုံ၊ နာဒက ကြားတဲ့ အာရုံ၊ နှာခေါင်းက ရှုရှိုက်လိုက်ရတဲ့ အာရုံ၊ လျှာက လျက်လိုက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အာရုံ၊ စိတ်ထဲက ကြံတွေးရတဲ့ အာရုံ၊ အဲဒီအာရုံတွေကို သိတဲ့ လက္ခဏာရှိတဲ့ သဘာဝတရားကို ပြောတာ၊
စိတ်ဆိုတာ အာရုံကို သိတဲ့သေဘောလေး၊ သိတဲ့ငဘောလို့ ဆိုတာ အာရုံကို ရယူပေးတဲ့ သဘောလေး၊ အဲဒီထဲမှာ ခံစားမှုဆိုတာ မပါဘူး၊ ကြံတွေးမှုဆိုတာ မပါဘူး၊ စေ့ဆော်မှုဆိုတာတွေ မပါဘူး၊ အာရုံကို ရယူပေးမှု သက်သက်ကလေးကို စိတ်လို့ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကို စာပေကျမ်းဂန်က အာရမ္မဏ ဝိဇာနနလက္ခဏံ စိတ္တံ – တဲ့၊ စိတ်ကို သိချင်ရင် သူရဲ့ Characteristic လို့ခေါ်တဲ့ လက္ခဏာ ရှုထောင့်က ကြည့်ရတယ်၊ သဘာဝတရားတိုင်းမှာ သဘာဝလက္ခဏာဆိုတာ ရှိတယ်၊ ကိုယ်ပိုင် အမှတ်လက္ခဏာလေးတွေ ရှိတယ်။

အမှတ်အသားလက္ခဏာဆိုတာ နှစ်မျိုးရှိတယ် လို့ မှတ်ထားရမယ်၊ သဘာဝတရားတိုင်းကို ကြည့်လိုက်လို့ရှိရင် လက္ခဏာသည် နှစ်ခုရှိတယ်၊ တစ်မျိုးက သဘာဝလက္ခဏာ၊ နောက်တမျိုးက သာမည လက္ခဏာ၊
သဘာဝလက္ခဏာဆိုတာ ကိုယ်ပိုင်အမှတ်အသားလေးတွေကိုခေါ်တာ၊ အများနဲ့ မဆက်ဆံဘူး၊ ကိုယ်နဲ့သာ သက်ဆိုင်တဲ့ အမှတ်အသားလေးတွေ၊ ဒါလေးတွေကို သဘာဝလက္ခဏာ Individual Characteristic လို့ ခေါ်တယ်။
အများဆိုင် လက္ခဏာကိုတော့ Universal or General Characteristic သာမညလက္ခဏာလို့ခေါ်တယ်၊

ဆိုပါစို့ – ဖဿ ဆိုတဲ့ သဘာဝတရားမှာ အာရုံနဲ့ စိတ်ကို တွေ့ဆုံပေးခြင်းလက္ခဏာ ရှိတယ်၊ သညာက အာရုံကို မှတ်သားပေးခြင်းလက္ခဏာ ရှိတယ်၊ ဒါကိုယ်ပိုင် အမှတ်အသားလေးတွေ၊ အဲဒီ ဖဿ ဝေဒနာ သညာ စတဲ့ ဒီသဘာဝတရားတွေဟာ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုးမပိုင်တဲ့ အနတ္တသဘောရော မရှိဘူးလား၊ အနိစ္စ ဒုက္ခ အနတ္တလို့ဆိုတဲ့ ဒီသဘောတွေကျတော့ သာမညလက္ခဏာ လို့ခေါ်တယ်။ ဝိပဿနာ ရှုပြီဆိုလို့ရှိရင် ဘယ်ကစရတုန်းဆိုလို့ရှိရင်
သဘာဝလက္ခဏာက စရတယ်၊ Individual လက္ခဏာကို သေချာမိအောင် သတိကပ်ရတယ်၊ ကိုယ်ပိုင်လက္ခဏာလေးတွေကို မသိဘဲနဲ့
ဖြစ်တယ်ပျက်တယ် သွားလုပ်လို့ မရသေးဘူးတဲ့၊ အတွေး အဖြစ် အတွေးအပျက် ဖြစ်သွားလိမ့်မယ်၊ မမြဲသေးတဲ့သဘော သွား စဉ်းစာရင် အတွေးထဲမှာပေါ်တဲ့ မမြဲတာပဲ ဖြစ်မယ်၊ သစ္ဆိကဋ္ဌ ပရမတ္ထ လို့ခေါ်တဲ့ တကယ့်ကို ကိုယ်တိုင်သိတဲ့ ပရမတ္ထအနှစ် လက္ခဏာထိအောင် မဆိုက်ထိနိုင်ဘူး၊ အဲဒါဆို ဝိပဿနာဉာဏ် မဖြစ်သေးဘူးလို့ ဒီလိုပြောတယ်။
မှန်ကန်တဲ့အတွေးက ဝိပဿနာကို ကျေးဇူးပြုပေမယ့်လို့တကယ့် ဝိပဿနာအစစ်ဆိုလို့ရှိရင် တကယ်ဖြစ်နေတာကို တကယ်မြင်တဲ့ဟာမှ ဝိပဿနာအစစ်လို့ ပြောရမှာပေါ့၊ ဒါကိုပဲ ပရမတ်မြင်တယ်လို့ ပြောတာပေါ့နော်၊ သစ္ဆိကဋ္ဌ တဲ့ တကယ် မှန်ကန်တဲ့သဘော၊ ပရမတ္တ တဲ့ လုံးဝပြောင်းလဲမှု မရှိတဲ့ တကယ့်အစစ်အမှန်သဘော၊ အဲဒီ ငဘောကို မြင်ဖို့ရာ မြင်ရတဲ့ အနေအထားထိအောင် ရှိရမယ်၊ တွေးကြည့်တဲ့အတွေးဟာ အမှန် မဟုတ်ဘူး၊ စိတ်ထဲက ပုံဖော်ထားတာသာ ဖြစ်တယ်ပေါ့၊

ပရမတ်ဆိုတာ တကယ့်အရှိ၊ တကယ့်အသိနဲ့ သိတဲ့ဟာမျိုးမှ ပရမတ္တ၊ အဲဒီတော့ တွေးပြီးတော့ကြည့်တာမျိုးကတော့ မှန်ကန်တဲ့ အတွေးဆိုရင် အထောက်အကူပြုပါတယ်၊ မပြုဘူးပြောတာ မဟုတ်ဘူး၊ မှန်ကန်တဲ့ အတွေးနဲ့ တွေးလို့ရှိရင် အထောက်အကူဖြစ်တယ်၊ သို့သော် အဲဒီအတွေးတင် ဆိုတလို့ရှိရင် အသိဉာဏ် မဟုတ်သေးဘူးပေါ့၊
ဒါကြောင့်မို့လို့ ဝိပဿနာရှုပြီ ဆိုလို့ရှိရင် နံပါတ်တစ် ဘာက စရတုန်ဒ၊ သဘာဝတရားကို ရှုတော့မယ် ဆိုလို့ရှိရင် ရုပ်ကို မြင်အောင်ကြည့်မယ်၊ နာမ်ကို မြင်အောင်ကြည့်မယ်၊ သို့မဟုတ် ဖဿကို မြင်အောင်
ကြည့်မယ်၊ ဝေဒနာကို မြင်အောင်ကြည့်မယ်၊ ဖဿ၊ ဝေဒနာဆိုတာ ဘယ်ပုံစံနဲ့ ကြည့်ရမှာတုန်းဆိုလို့ရှိရင် Individual Characteristic လို့ ဆိုတဲ့ သဘာဝလက္ခဏာရှုထောင့်က ကြည့်ရမယ်။

ဖဿကို ကြည့်လိုက်တာနဲ့ ဘာသွားတွေ့တုန်းဆို စိတ်နဲ့ အာရုံ တွေ့ပေးတဲ့သဘောပါလား၊ စိတ်အာရုံ တွေ့အောင် ဆက်သွယ်ပေးတဲ့သဘောပါလား ဆိုတာလေးကို သွားပေါ်တယ်၊ ဒါက ဘာကို သိတာတုန်းလို့ဆို ဖ သကို သိတယ်၊ ဖဿကို သိတာ ဘယ်ရှုထောင့်က သိတာတုန်းဆို ဖဿရဲ့ Characteristic လက္ခဏာ ရှုထောင့်က သိတာတဲ့၊
သဘာဝလက္ခဏာ တွေမှာလည်းပဲ ထိုကအတူပဲ သဘာဝ တရားတွေကို သိချင်ပြီဆိုလို့ရှိရင် ထို သဘာဝတရားတွေရဲ့ သွင်ပြင်လက္ခဏာကနေ မှတ်တာတဲ့၊ ဖဿကို တွေ့တယ်ဆိုရင် အာရုံနဲ့ စိတ် contact လုပ်ပေးတယ် ဆက်သွယ်ပေးတယ် ဆိုတဲ့ သဘော၊ စိတ်ဟာ အာရုံပေါ် ထိကပ်တယ်၊ ထိရောက်တယ် ဆိုတဲ့သဘော၊ ဝေဒနာကို သိရင် အာရုံ၏ အရသာကို ခံတယ် အတွေအကြုံရှိတယ် ဆိုတဲ့သဘော၊ သညာကို သိရင် အာရုံကို အမှတ်သားဖြင့် သိတယ်ဆိုတဲ့ သဘော၊ ဒါလေးတွေကို သွားတွေ့တယ်။
နာမ်ကိုတွေ့လို့ရှိရင်လည်း ခြုံငုံပြီးတော့ နာမ်ဆိုတာ အာရုံရှိတဲ့ဘက် ညွတ်ညွတ်သွားတဲ့ သဘော၊ ဘယ်တော့မဆို အာရုံဘက်ကို သူက ဦါ်လှည့်ပြီးတော့ သွားတယ်၊ အဲဒါ နာမ်ရဲ့သဘော၊ အာရုံရှိတယ်၊ ညွတ်တယ်လို့ဆိုတာ အာရုံရှိတဲ့ဘက်ကို အမြဲတမ်း မျက်နှာလှည့်တာ။

ဒါကြောင့် ကိုယ်ံစိတ်လေးကို အာရုံပြုပြီးတော့ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ စိတ်၊ စေတသိက်လေးတွေကို အကဲခတ်ကြည့်နေလို့ရှိရင် အာရုံ ရှိတဲ့ဘက်ကို သွားနေတာပဲ၊ အာရုံကို ရှာနေတဲ့ ပုံစံမျိုးပဲ၊ ကြည့်လေ တိတ်တိဆိတ်ဆိတ် ကိုယ့်အိမ်မှာ နေရင်း ဒေါက်ကနဲ တစ်နေရာက အသံ ကြားရရင် စိတ်ကလေးက အဲဒီရောက်သွားတယ်။ စိတ်ကလေးက ဟိုအာရုံ ဘက်ရောက်လိုက်၊ ဒီအာရုံဘက်ရောက်လိုက်၊ ဒါကြောင့်မို့
အဲဒီစိတ်ကလေးရဲ့ သဘောကို မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေထဲမှာ ထင်ထင်ရှားရှား ဟောထားတာ၊ ဒုရင်္ဂမံ တဲ့၊ ဒူရဆိုတာ အဝေးကြီးကို ဂမ – သွားတာ၊ စိတ်ကလေးက အဝေးကြီးကို အင်မတန် သွားတယ်၊ အဝေးကြီးကို ရောက်တယ်၊ သို့သော် နားလည်ရမယ်ံ အဓိပ္ပါယ်က
ဝေးလံတဲ့အာရုံကို ရယူတယ်လို့ ဒီလိုနားလည်ရမယ်။

နောက်တစ်ခုက ဧကစာရံ – စိတ်ကလေးဟာ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ မှတ်ထားပါ၊ စိတ်ကလေးဟာ တစ်ခုပြီးမှသာ တစ်ခုဖြစ်လို့ရတယ်၊ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူး၊
တစ်စိတ်ဆိုတာ အသက်ရှင်နေတဲ့ အချိန်ပိုင်းလေးကို ပြောတာ၊
တစ်စိတ်ပြီး တစ်စိတ် ဖြစ်နေလို့ နှစ်စိတ်လိုလို သုံးစိတ်လိုလို ဒီလိုထင်နေတာ၊ ဧကစိတ္တ သမာယုတာ – စိတ်တစ်ခုထဲနဲ့ပဲ နေကြတာ။
အသရီရံ – ပုံပန်းသဏ္ဍာန် ခန္ဓာကိုယ်ဆိုတာ မရှိဘူး၊ စိတ်ကို ရုပ်လုံးဖော်လို့ မရဘူး၊ အသရီရံ – Body မရှိဘူး၊ ဂုဟာသယံ – စိတ်ကလေးဟာ မဟာဘုတ်လေးပါး ဆိုတဲ့ (သို့မဟုတ်) ဟဒယဝတ္ထုရုပ် (သို့မဟုတ်) ဝတ္ထုရုပ်တွေလို့ ဆိုတဲ့ ကိန်းအောင်ရာနေရာလေး ရှိတယ်၊ ဒီစကားမှာလည်းပဲ အရပ်အနေနဲ့ တင်စားပြီးပြောတာ၊ ဂုဟ + အာသယံ – လှိုဏ်ထဲမှာ ကိန်းနေတယ်လို့ ဒီလိုပြောတာ၊ စိတ်ကလေးဟာ တကယ်တော့ ရှိနေတာ မဟုတ်ဘူးတဲ့၊ ဝတ္ထု အာရုံ တိုက်ဆိုင်မှ ဖြစ်ပေါ်လာတယ်၊လို့ – ဒီလို နားလည်ရမယ်၊ သို့သော် အဲဒီနေရာပ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရှိနေတယ်လို့ ဒီလိုပြောကြတာ၊ တကယ်ရှိနေတာ မဟုတ်ဘူး၊
ဝတ္ထုရုပ်တွေမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ အဲဒီ ဝတ္ထုရုပ်တွေဟာ အာရုံက လာထိခိုက်ရင် စိတ်ဖြစ်နေနိုင်တဲ့ အနေအထားရှိတယ်၊ အဲဒါကြောင့်မို့ ဂုဟာသယံ ဆိုတဲ့ စကာလုံးကို သုံးတာ၊ စိတ်ကလေးက ဖြစ်ပြီး ဒီထဲမှာ အောင်းနေတာ မဟုတ်ဘူး၊ အိမ်ထဲမှာ လူရှိနေတယ်ဆိုတာက လူတကယ်ရှိနေတာ မဟုတ်လား၊ စိတ်ကလေးက မဟာဘုတ်တည်းဟူသော လှိုဏ်ဂူထဲမှာ ရှိနေနတယ်လို့ ပြောတာကျတော့ တကယ်ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့ အနေ အထားရှိတာကို ပြောတာ၊ ဝတ္ထုအာရုံဆုံမှ
ဖြစ်ပေါ်လာတာ၊ စိတ်ရဲ့ သဘာဝတရားတွေကို မြတ်စွာဘုရားက ဒီလို ပုံဖော်ပြီးတော့ ဟောကြားတာဖြစ်တယ်။

အဲဒီလို အနေအထားရှိတဲ့စိတ်ကလေးကို သတိကပ်ပြီးတော့ လေ့ကျင့်ပေးဖို့ မဟာသတိပဋ္ဌာန်သုတ်မှာ စိတ္တာနုပဿနာကို မြတ်စွာဘုရား ဟောထားတယ်၊ စိတ္တာနုပဿနာဆိုတာ စိတ်ရဲ့ သဘာဝ (သို့မဟုတ်) စိတ်ကို အဖန်ဖန် အထပ်ထပ် အနီးကပ်ကြည့်ရှုခြင်း (သို့မဟုတ်) စိတ်ကို သင့်လျော်တဲ့ ရှုထောင့်က ရှုမြင်ခြင်းလို့ အဓိပ္ပါယ် ရတယ်နော်၊ Contemplation of Consciousness – သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေနဲ့ သဘာဝအနေအထားကို ဆင်ခြင်သုံးသပ်နေတာ၊ စိတ်ကလေးရဲ့ သဘာဝကို ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်ရှုခြင်းပဲ။ အနုပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိက ဦးတည်ချက်ကတော့ ဉာဏ်ကို ပြောတာပါပဲ။ အဲဒီဉာဏ်က မြင်အောင် ဉာဏ်က ကြည့်လို့ရအောင် အာရုံကို ယူပေးနိုင်တာ သတိပဲ၊ သတိက စိတ်ဆိုတဲ့ အာရုံလေးကို ဆုပ်ကိုင်ပြမှ အသိဉာဏ်က သှူုရဲ့ သဘာဝကို သိနိုင်တာနော်၊ သတိနဲ့ဉာဏ် ပူးပေါင်းလုပ်တယ်၊ သို့သော် ဘာတွေ ပါသေးတုန်းဆို ဝီရိယလည်း ပါတာပဲ။ သမ္မာ သင်္ကပ္ပဆိုတဲ့ ကြံတွေးမှုလည်း
ပါတာပဲ၊ သမာဓိ ဆိုတာလည်း ပါတာပဲ၊ ဒါတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီစွမ်းအားတွေ အကုန်လုံးစုံမှ စိတ္တနုပဿနာဆိုတာဖြစ်တယ်ပေါ့

ဒီစိတ်ကလေးဟာ ဘယ်သူ့စိတ်ကို ကြည့်ရမှာလဲ ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်တွေ မြောက်များစွာပဲ၊ မသိတာက များတယ် သိတာက နည်းနည်းပဲ၊ ကိုယ့်စိတ် ကိုယ်သိတာ မဟုတ်ဘူး၊ ကိုယ်သိတာက အာရုံ့ကို သွားသိနေတာ စိတ်ကိုလေ့လာ အကဲခတ်ကြည့်တာ မဟုတ်ဘူး၊ ကိုယ်ကြည့်နေတာက အာရုံတွေပဲ၊ မျက်စိက မြင်တဲ့အာရုံကို သိတယ်၊ နားက ကြားတဲ့အသံကို သိတယ်၊ အခုဒီကနေ လူအများပြောနေကြတာ လှတယ်၊ မလှဘူးဆိုတာ ဘာကိုပြောတာတုန်း၊ မျက်စိက မြင်တာကို ပြောနေတာ၊ အသံ သာယာတယ်၊ မသာယာဘူဆိုတာ ဘာကိုပြောတာတုန်း၊ နားက ကြားတာကို ပြောနေတာ၊ ဒီအနံ့လေးက မွှေးတယ်၊ မမွှေးဘူဆိုတာ ဘာကိုပြေနောတာတုန်း
နှခေါင်းကရတဲ့ အနံ့ကို ပြောနေတာ၊ အပြင်ကဟာတွေချည်းပြောနေတာပဲ၊ အာရုံတွေအကြောင်း ပြေနေတာ၊ အဲဒီလိုမဖြစ်ရအောင်မြတ်စွာဘုရားက
ဦးလှည့်ပေးလိုက်တာ စိတ္တနုပဿနာတဲ့၊ စိတ်ကိုပြန်ပြီးတော့ သတိကပ် လိုက်စမ်းပါ၊ ကိုယ်စိတ်လေးကို ကိုယ်ပြန်ပြီးတော့ သတိကပ်ပါ၊ ဒီနေရာမှာ စိတ္တနုပဿနာဆိုတာ စိတ်နဲ့ စေတသိက်ရောနေတာ၊ စိတ်ကလေးချည်း ဘယ်လို ခွဲထုတ်ကြည့်ရမလဲ၊လို့ တွေးကောင်း တွေးမိမယ်၊ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောလေးတစ်ခုတည်းသာ ဖြစ်လို့ ဘယ်စိတ်ပဲဖြစ်ဖြစ်
ပေါ်လာတဲ့အာရုံကို သိတာချည်းပဲဆိုတော့ တစ်မျိုးတည်းပဲ ဖြစ်နေတယ်။

စိတ္တနုပဿနာမှာ မြတ်စွာဘုရားက စိတ်ကို အခြေအနေနဲ့ ယှဉ်တွဲမှုတွေကိုကြည့်ပြီး ၁၆ မျိုး ခွဲပြထားတယ်၊ စိတ္တာနုပဿနာ ဆိုတဲ့ စိတ်ကို သတိကပ်ပြီးတော့ ရှုမှတ်မယ်ဆိုလို့ရှိရင် ၁၆ မျိုး ဖြစ်နိုင်တယ်၊ ဒါ လူတိုင်း ၁၆ မျိုး ဖြစ်တယ်လို့ပြောတာ မဟုတ်ဘူးနော်၊ အထွေထွေ ဖြစ်နိုင်ချေ ရှိတာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒီ ၁၆ မျိုး ခွဲထားတာက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ခွဲထားတာတွေနဲ့ တချို့တူသော်လည်းပဲ တချို့ မတူဘူး၊ အခြားအဘိဓမ္မာကျမ်းတွေမှာလည်းပဲ ၁၆ မျိုးခွဲတာ ရှိတယ်ပေါ့။
ဘုန်းကြီးတို့ကြည့်ရမှာက စိတ်နဲ့ စေတသိက် ရောနေတယ် ဆိုတဲ့နေရာမှာ သိသာထင်ရှားတဲ့ ယှဉ်တွဲလာတဲ့ သဘာဝလေးနဲ့ စိတ်ကို သတ်မှတ်ပြီး ပြောရမှာ၊ ဆိုပါစို့ -နွားအကြောင်းကို ပြောချင်လို့ရှိရင်
နွာအနီဘယ်နှစ်ကောင်၊ နွားအနက်ဘယ်နှစ်ကောင် ခွဲခြားပြောတယ်။ နွားကတော့ နွားပဲလေ။ စိတ်ကိုလည်းပဲ အဲဒီလိုပဲ ပြောရမှာပဲ၊ စိတ်ကတော့ စိတ်ပဲ။

မြတ်စွာဘုရားက စိတ်ကို ခွဲခြားပြီးတော့ ရှုလို့ရအောင် သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ – ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကလေးဟာ တွယ်တာမှု ရာဂတွေနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေး ဆိုလို့ရှိရင် တွယ်တာမှုရှိတဲ့ စိတ်ကလေးလို့ သိပါတဲ့၊ တွယ်တာမှု ဆိုတာလေးနဲ့ စိတ်ကလေးကို ဖမ်းကြည့်တာ ဟုတ်ကဲ့လား၊ တွယ်တာမှုကို ရှုတာ မဟုတ်ဘူး၊ တွယ်တာမှုကို ရှုရင် ဓမ္မာနုပဿနာ ဖြစ်တယ်။
ဒါပေမယ့် ယောဂီတွေအနေနဲ့ စဉ်းစားဖို့တော့ မကြိုးစားနဲ့ပေါ့၊
မြတ်စွာဘုရားက ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ လို့ အာရုံ ၄ မျိုး ပေးထားတာမှာ ငါရှုနေတာ ကာယာနုပဿနာလား၊
ဝေဒနာနုပဿနာလား၊ စိတ္တာနုပဿနာလား၊ ဓမ္မာနုပဿနာလားလို့ တွေးမနေနဲ့၊ အဲဒီလိုတွေးနေတာနဲ့ တစ်ပြိုင်နက် ကိုယ်ရှုနေတဲ့အာရုံကနေ လမ်းချော်သွားပြီလို့သာ မှတ်လိုက်တော့၊ အဲဒီလို စဉ်းစားစရာ
မလိုဘူးနော်၊ မြင်တဲ့အာရုံကို ရှုမိမှာပဲ၊ တစ်ခါတစ်ရံ ဝေဒနာကို ရှုမိလိမ့်မယ်၊ တစ်ခါတရံ ရုပ်ဆိုတဲ့ ဓမ္မကို ရှုမိလိမ့်မယ်။ တစ်ခါတစ်ခါ ခံစားမှုတွေ ရှုမိရင်လည်း ရှုမိလိမ့်မယ်။

ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ဆိုတာ မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံ ဖြစ်နိုင်ချေရှိတာလေးတွေကို မိမိသန္တာန်မှာရှိတဲ့ အာရုံလေးတွေကို ၄ မျိုးပိုင်းပြီး ဟောထားတာဖြစ်တယ်။ ငါ – စိတ်ချည်းပဲကြည့်မယ်၊ ဝေဒနာကို မကြည့်ဘူးလို့ ဒီလို လုပ်လို့လည်း မရဘူနော်။ ကမ္မဋ္ဌာန်းရှုနေပြီဆိုရင် စိတ်အာရုံ ပေါ်ချင်လည်း ပေါ်မယ်၊ ဝေဒနာ ပေါ်ချင်လည်း ပေါ်မယ်၊ ဘာပေါ်ပေါ် ပေါ်တာကို သိဖို့လိုတယ်၊ အဲလို ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာက သတိပဋ္ဌာန်အာရုံ ၄ မျိုးထဲမှာ ဘယ်အာရုံပဲ ဖြစ်ဖြစ်
သို့သော် သမထကျင့်စဉ်ကို ပြောတဲ့အခါကျတော့ ထွက်လေ ဝင်လေ သပ်သပ်ရှုတာကျတော့ ကာယနုပဿနာပဲ.အဲဒါ ကာယပဲ ရှုတာပဲ၊
ဝေဒနာတို့ စိတ်တို့ ဓမ္မတို့ကျတော့ သူတို့က ရောလာတယ်၊ ရောနေတာ၊ အဲဒီ ရောနေတာကို သွားပြီးတော့ ခွဲခြားဘို့ မကြိုးစာနဲ့ပေါ့၊ ရှုလို့ မရဘူးလားဆိုတော့ အာရုံဆိုတာ မဟာစည်ဆရာတော် ဆရာတော်ဘုရားကြီး လမ်းညွှန်သလိုပဲ ပေါ်ရာပေါ်ရာရှု ဆိုတာ ရှိတယ်လေ။ အဲဒီ ပေါ်ရာ ပေါ်ရာ ရှု ဆိုတဲ့ စကားဟာ ဝိသုဒ္ဓိမဂ်က စကားကိုခြုံပြီးတော့ပြောတာ၊
ဝိသုဒ္ဓိမဂ်မှာ ကမ္မဋ္ဌာန်းရှုရမယ့် ရှုလို့ရတဲ့ သဘာဝတရားတွေ ရှိတယ်တဲ့ – ရုပ်တရား၊ နာမ်တရားတွေ၊ အဲဒီ ရုပ်တရား၊ နာမ်တရားတွေထဲက မိမိရဲ့ သန္တာန်မှာ ပစ္စုပ္ပန်ခဏမှာ ဖြစ်ပေါ်လာတာတွေကို သွားတွေးရှုနေလို့ရှိရင် ပတွေးပဲ ဖြစ်သွားမယ်၊ အဲဒီတော့ အတွေးထဲက ပုံရိပ်ဆိုတာ ပုံမှန်ဟုတ်ပါ့မလား၊ မဟုတ်နိုင်ဘူး၊ အတွေးထဲမှာ ပေါ်လာတာက ပုံရိပ်အမှန် မဟုတ်ဘူးတဲ့။

ဒါကြောင့်မို့လို့ ကိုယ်သန္တာန်မှာ ဖြစ်ခိုက်ကလေးတွေ ရှုနိုင်အောင် ကြိုးစားရမှာ၊ စ စချင်းတော့ ကမ္မဋ္ဌာန်းအလေ့အကျင့် မရသေူတဲ့ ပုဂ္ဂိုလ် ကတော့ ဖြစ်ခိုက်ကလေးတွေကို မိဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်၊ သို့သော် ခဲယဉ်းတာ လုပ်လို့ မရဘူးလို့ပြောတာမဟုတ်ဘူး၊
ခဲယဉ်းတယ်လို့ ပြောတာနော်၊ အလေ့အကျင့် ကောင်းလာတဲ့အခါကျတော့ ဘယ်လောက်ပင် ခဲယဉ်းခဲယဉ်း လွယ်သွားတာပဲ။ဝိပဿနာ အလေ့အကျင့်
ရလာပြီဆိုလို့ရှိရင် ကိုယ့်စိတ်မှာ ပေါ်လာတဲ့ အာရုံမှန်ကမျှ၊ သဘာဝတရားတွေမှန်သမျှ ပေါ်တိုင်းပေါ်တိုင်း သတိစွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ မှတ်ပြီး သိနိုင်တဲ့အနေအထားမျိုး
ရောက်သွားပါတယ်တဲ့၊ အဲဒီအနေအထားမျိုးရောက်အောင် မှတ်စိတ်တွေ အင်အားကောင်းလာအောင်၊ သတိစွမ်းအားတွေ ထက်လာအောင် ဆိုရင် ပေါ်ရာပေါ်ရာတွေ အကုန်လုံး မှတ်ပြီး ရှုနိုင်သွားတာပါတဲ့နော်၊ အဲဒီလို ရှုနိုင်သည်အထိ ကြိုးစားရမှာလို့ ဒီလိုပြောတယ်။

စိတ်ကလေးကို ရှုပြီဆိုတဲ့အခါ သူနဲ့ယှဉ်တွဲလာတဲ့ မတူ – ထူးခြားတဲ့ သဘာဝတရားတွေ ရှုထောင့်ကနေ ကြည့်၊ ခုနက နွားချင်းက အတူတူပဲ။ သို့မို့ အရောင်နဲ့ကြည့်ရတယ် – ဒါက နွာနီ၊ ဒါကနွားနက် ဆိုပြီးတော့ အရောင်နဲ့ ကြည့်ခွဲ သလိုပဲ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးဟာ ပာရုံကို သိတတ်တဲ့ သဘာဝတရား တစ်မျိုးတည်းဖြစ်တော့ အဲဒီသဘာဝ တရားလေးမှာ အရောင်ခြယ်ထားတာနဲ့ ကြည့်ပြီးတော့ ဒီစိတ်က ဘာစိတ်လို့ ဒီလိုပြောတာ၊ အဲဒါကို မြတ်စွာဘုရားက ၁၆ မျိုး ခွဲ ဟောကြားခဲ့ပါတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ဒေါသသမား၏ စရိုက်


ဒေါသော စဏ္ဍန သဘာဝတော ယေသုယျေန နိရယံ ဂစ္ဆန္တိ။

ဒေါသသည် ကြမ်းတမ်းရက်စက် ထန်မြက်သော သဘာဝ ရှိခြင်းကြောင့်……..
ဒေါသအိုးထမ်း စိတ်သရမ်းသမားတို့လည်း……..
အများအားဖြင့် ညှဉ်းဆဲပုံကြမ်း ငရဲခန်းသို့ မြန်းရတတ်သည်၊ သို့မဟုတ် စေတနာ အလိုက် ထိုက်သင့်သော အပြစ်ဒဏ် ခံယူကြပါကုန်။

ဒေါသစရိုက်ခေါ် မကြိုက်ကျင့် အကျင့်များ ထားလေသူသည်လည်း ထစ်ခနဲဆို ရှူးရှူးရှဲရှဲများဖြင့်သာ ဦးစွာတုံ့ပြန်တတ်၏။ ထို့နောက်တွင်မှ ဆဲသင့်ဆဲ ချွဲသင့်ချွဲ ပြုကျင့် ၏။ တိုက်တန်တိုက်၊ ကြိုက်တန်ကြိုက်ပြုလုပ်၏။ ချူသင့်ချူ ယူသင့်ယူဆက်ဆံ၏။ အခါးချိုးခံထားသော ခံအိုးထဲသို့ ထန်း၏ပင်ကျရည် အချိုများ မည်မျှပင်ကျကျ ခါးသွား ရသည့်ပမာတည်း။

ဒေါသသမားကား မည်မျှအာရုံကောင်းများနှင့် ထိုးမိပါစေ၊ တစ်ကြိမ်မှာ စွေကြည့်ကြည့်တဲ့ကာ ပြီးပြေသွားတတ်၏။ အင်မတိ အင်မတန် ကောင်းနေသည်ကိုပင် ပြုံးပြရုံမျှရှိ၏။

သူ မနှစ်ခြိုက် သဘောချင်း မတိုက်သော မကြိုက်အာရုံမျိုး တိုးမိပါမူကား ယမ်းပေါ်မီးတောက် မြွေဟောက်ဦးခေါင်း တုတ်နှင့် ခေါက်မိသည့်ပမာ စွေ့စွေ့ခုန် တုန်ခါတက်လာတတ်၏။ တုံ့ပြန်မှု လည်းလက်မနှေး ၊ ရန့်ငြိုး ၊ ရန်ခိုးများလည်း အတေးထားတတ်၏။ နောက်တစ်ချီ ထိုဝတ္တုအာရုံနှင့် ပက်ပင်းကြုံကြုံရသော်………

မြင်မှမမြင်ရသေး ယခင်ကြွေးဟောင်းဆီသို့ တိုက်ရိုက်ပြေးပြီ။
ကြားမှမကြားရသေး ယခင်ကြွေးဟောင်း နံဘေး အပြေးလေး ရောက်သွားပြီ။
ရာဂကြီးသမားကဲ့သို့ အာရုံမျှင် ငါစဉ်တိုက် လိုက်မနေပြီ။
ရာဂကြီးသမားကား နွားထီးဝှေ့နည်း ဘာဘာညာညာ အသံမပေး၊ သူ့နံဘေး ပြေးဆောင့်မည်။

မျောက်သည် ငပိကို အလွန်မုန်း၏။
အကယ်တိတိ….. လူတို့ကား ထိုမျောက်၏ ဆော့ကစားခြင်းကို သည်းညည်းမခံ နိုင်တော့သဖြင့် ထိုမျောက်၏ လက်ဖ၀ါးမှာပင် ငပိဖြင့်တို့ပေးငြားသော် ထိုမျောက်ကား ဆော့ကစားခြင်းအစား သူ့လက်ဖ၀ါးကိုသာ အရာဝတ္ဆု တစ်ခုခုဖြင့် ပွတ်တိုက်နေချေ မည်။
လက်ဖ၀ါးနမ်းစမ်း နမ်းကြည့် အနံ့ရနေသမျှ ပွတ်တိုက်မိချေ၏။
ငါးပိသုတ်သမား ငုံ့ကြည့်စိတ်မချိတိုင်း တကွိကွိ ရှုတ်ချနေဘိ၏။ သို့နှင့်ပင် လက်ဖ၀ါးလည်းပြဲ သွေးရဲရဲ သံရဲရဲနှင့်သာ။

သည်ပမာလျှင် ဒေါသကြီးသမားလည်း အကောင်းချောင်းလှပါချေသည်။ ထိုဒေါသ ကြီးသမား၏ အစားအစာကား ချဉ်သောစပ်သော ပူသော အရသာမျိုး အခိုးထချည်းသာ ဖြစ်ချေရာ အဘယ်မှာ ငြိမ်ခံပါအံ့နည်း။

သို့ကြောင့် မည်သည့်အာရုံမျိုးနှင့် တိုးမိတိုးမိ ချက်ချင်းတုံ့ပြန်ဖို့သာ သူသိ၏။ အာရုံနှင့် ထိပ်ချင်းတိုက် ခိုက်ရန်ပွားဖို့သာ ကြိုးစား၏။ ရှူးရှူးရှုပ်ရှုပ် အခိုးထုတ်ရသည် ကိုသာ နှစ်ခြိုက်၏။

ဤသည်ပင် ဒေါသသမားတည်း။

ဤသည်ပင် ဒေါသသမား၏ စရိုက်တည်း။

ဤသည်ပင် ဒေါသသမား၏ ၀ါသနာတည်း။

ယနေ့သင်သည်………
မြင်မိကြားမိအာရုံတို့၏ အတို့အထိအပေါ် ကောင်းလျှင် ခေါင်းတစ်ချက်ညိတ်၊ ဆိုးသော် စိတ်တဆွေ့ဆွေ့ ခွေ့နေသော် သင့်ဥာဉ်ကား ဘာဥာဉ်တည်း။

မကြိုက်ရာသို့လိုက် တစိုက်မတ်မတ် တိုက်ခိုက်နေက သင့်စရိုက်ကား ဘာနည်း။

မကြိုက်တိုင်း ခြိမ်းခြောက် ဟိနုးဟောက်နေပါက သင့်ဝါသနာ ကားဘာလေနည်း။

လူသားတိုင်း၏ ယနေ့ ပစ္ဆက္ခဆန္ဒသည် ကောင်းစားချင် ချမ်းသာချင်ချည်းဖြစ်ကြ ၏။ ကောင်းစားရန် ချမ်းသာရန်လည်း ကြိုးစားနေကြ၏။
သို့တိုင် ဘာကြောင့် မကောင်းစား မချမ်းသာကြပါသနည်း။

အဖြေကား နောက်နောက်က ပါလာခဲ့ကြသော ဥာဉ်ဟောင်း စရိုက်ဟောင်း ၀ါသနာဟောင်းများ၏ အထောင်းကို ခံနေရဆဲများ ကြောင့်ပင် ဖြစ်ကြ၏။ ထိုဥာဉ် ၊ထိုစရိုက်၊ ထိုဝါသနာ တို့အပေါ်မိမိကလည်းခင်တွယ်နေမိခြင်းများကြောင့်ပင် ဖြစ်ကြ၏။ ထိုဥာဉ်၊ ထိုစရိုက်၊ ထိုဝါသနာများကို မစွန့်လွှတ်နိုင်ခြင်းက အဓိက ကျ၏။ ဟုတ်မဟုတ် သင့်လုပ်ရပ် သင်သရုပ်ထုတ် ကုပ်ကြည့်လေ။

မဟာဗောဓိမြိုင်ဆရာတော်

## မင်းနှစ်ပါး နှိပ်စက်နေတယ် ##

~~~~~~~ ~~~~~~~~
အိုခြင်းကို ဖြစ်စေတတ်တဲ့တရား..သေခြင်းကို ဖြစ်စေတတ်တဲ့တရား ခန္ဓာ ထဲမှာရှိနေတယ်လို့မှတ်။ ကိုယိ့ကိုယ်​ကို သုံးသပ်ကြည့်...ပူတဲ့ သဘောလေးတွေ တွေ့မယ် ခန္ဓာ ကြီးကို မအို.အိုအောင်လုပ်နေတာ..သူ..တေဇော..အိုမင်း လို့မှတ်၊ ဘယ်နေရာသွားသွား..ရောက်ရာ ကပ်ပြီးနှိပ်စက်နေတာ..
ညာတာမဖက် အမြဲနှိပ်စက်တတ် အိုတတ်တဲ့ တေဇော ဒုက္ခ သစ္စာ ။

ဘယ်သူနဲ့ အတူနေ? အိုမင်းနဲ့ အတူ​နေရတာ..အန္တရာယ် ကင်းအောင်လို့ နေတာလား..လူချင်းမတူ သူချင်းမမျှအောင် လုပ်ဖို့ လာနေတာလား? အကဲခတ်​ ။ သူနဲ့ လဲခွဲလို့မရ..မပူအောင် ယပ်ခပ်ပေးလဲ မရ..ပရိတ်.ကမ္မဝါ တွေနဲ့ တားလို့လည်းမရ..ဘာကြောင့်တုန်း? ကိုယ်ဆုတောင်းယူထားတဲ့ ပစ္စည်း မို့..

လူဖြစ်ရပါလို၏.ဆိုတော့ ဓာတ်လေးပါးထဲ တေဇော ပါတယ်ဆိုတာ ရှင်းတယ်..မသိပြီဆိုမှဖြင့် ကိုယ့်သတ်မဲ့တရား နှိပ်စက်နေတဲ့တရားကို ဆုတောင်းများယူကြသေးတာ..အတော်ဆိုး..ရှင်းကြပလား? လောင်စေချင်လို့ လောင်နေတာမဟုတ်ဘူး တောင်းတဲ့ဆု ဖြည့်ပေးနေတာ။

မသိတာများလွန်းတယ်..အိုမင်း ဝမ်းထဲရှိပါရက်နဲ့ သားသမီး နဲ့ပြုံး..ပစ္စည်း နဲ့ ပြုံးနေတာများ..သေခါနီးပြုံး ဖြစ်ပါလိမ့်မယ်..ရမ်းမပြုံးပါနဲ့ ဆရာနာမည်ပျက်နေပါ့မယ်..ဥာဏ်​ နဲ့ စဉ်းစား..ခလေးများ မုန့်ပေးရင် ပြုံးသလို ခင်​ဗျား တို့လည်း မအို.အိုအောင် တေဇော လောင်တဲ့ ဒဏ်ချက်တွေနဲ့ ပြုံးတယ်ဆိုရင်ဖြင့် ခလေးစိတ်ပဲရှိသေးတယ်မှတ်ပါ။ ဇရာပိ ဒုက္ခသစ္စာ မသိရှာလို့.။

ဆံဖြူအောင်..သွားကျိုးအောင် အရေတွန့်အောင် တေဇော ကလုပ်နေတာ..အားအင်ချိနဲ့အောင် လုပ်နေတာ..တေဇော..။ ခန္ဓာ စမ်းကြည့် ပူနွေးတဲ့သဘော ရှိမယ်​.. ကိုယ့်ကို သနားလို့ စောင့်နေတယ်မထင်နဲ့.. ညာတာမဖက် အမြဲနှိပ်စက်တတ် တဲ့ တေဇော.. ဒါနှိပ်စက်ခံနေရရင်း..အပြုံးမပျက်နေနိုင်တာ.ကိလေသာ အရူးထ လို့။ သံဝေဂယူရမှာကို ပြုံးနေရင်..အရိယာမျက်လုံးနဲ့ ကြည့်ရင်..ဒါ အရူးပြုံး ဖြစ်လိမ့်မယ်..။

အလွတ်ရှောင်ဖို့ ဥာဏ်​ ကိုရှာကြရမယ်..သူက မသေသေအောင် လုပ်နေတာ..ဒီဘုန်းကြီးပါ သေအောင်လုပ်ပါဦးမယ်..။
သေချာစဉ်းစား...တေဇော က.." ငါ မပူတော့ဘူး..အပူတေဇောကနေ အအေးတေဇော အမွေပေးပါတော့မယ်" ဆိုပြီး.. သွေးဆုပ်ပြီး သေတော့တာ..
မသာတွေ ဘယ်သူသတ်တာလည်း? တေဇော.. ဘယ်လိုပင် ဓာတ်စာတွေကြွေး..ဘယ်လိုပင် အခင်းမွေ့ယာတွေနဲ့ အိပ်အိပ် ဆေးဝါးတွေ ဘယ်လိုပင်ဆောင်ထားလဲ..တေဇော က..မင်းတို့ ဆုတောင်းထားတာ ငါပြည့်အောင် ဖြည့်မယ် ဆိုတဲ့ သတ္တိ မစွန့်ဘူး..။

ခန္ဓာ ထဲမှာ မင်းနှစ်ပါး ရှိနေတယ်...၊အိုမင်း နဲ့ သေမင်း..။ ခုခါတော့..အိုမင်း..နောက်တော့ သေမင်းနဲ့ နေရမယ်..ဥာဏ်​ နဲ့ စဉ်းစား.. မလွတ်လပ်တဲ့ဘဝ တယ်ဆိုး..။ အိုမင်း လက်အောက်ခံ..သေမင်း လက်အောက်ခံ တော်လှန်နိုင်ကြလား?
တရားကို ကြိုးစားအားထုတ်လို့ မဂ်ဥာဏ် ဖိုလ်​ဥာဏ်​ နဲ့မှ လွတ်ကြမယ်..။

{ ဆရာတော်ဘုရားကြီး ၏..၃.၉.၆၁.ဟောတရားမှ.}

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရုပ်ဟုတွင်မည်..ခန္ဓာ သည်ကား...
မြင့်ရှည်ကာလ.မတည်ထပဲ..ခဏဖြစ်လျှက် ခဏပျက်၍..ဖြစ်ပျက်နှစ်တန် နှိပ်စက်ဒဏ်ဖြင့်..တရံမစဲ လွန်ဆင်းရဲ၏.၊
ခိုင်မြဲကျောမာ နှစ်မပါဘူး.။ ပညာစက္ခု မျှော်ထောက်ရှူ့သော်..သူ့သဘာဝ အနိစ္စ သည်..ဒုက္ခ အနတ္တ ကိုယ်ပါတကား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တေဇော..ဓာတ်
ပူမှု.အေးမှု..ထိုနှစ်ခုလည်း သူ့လိုဘာသာ ကြိယာမျှ ..နှစ်ဖြာမီးဓာတ်..ပရမတ်ကို..တတ်အပ်သိသိ ဥာဏ်​ နဲ့ ကြည့်..။

ပထ၀ီ ဓာတ်..
နူးညံ့မှု ခက်မာမှု သဘော..

အာပေါဓာတ်..
ဖွဲ့စည်းမှု ယိုစီးမှု သဘော...

ဝါယောဓာတ်..
ထောက်ကန်မှု..လှုပ်ရှားမှုသဘော..။
[လယ်တီ]

( ဆရာတော်ဘုရားများ၏ ဥာဏ်​တော်အား.ဦးညွတ်တွားလျှက်..
Momeik Ashin )

ကိုယ့်စိတ်ကိုယ်စစ် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား


"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ"သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။-ဝိပဿနာ မလုပ်သေးတာဖြင့်သေရတာ အားမရသေးလို့ လား မေးဖို့ ဘဲ ရှိတော့တယ်။ခင်ဗျားတို့  အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့  ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။- ပုထုဇဉ်အဖြစ်နဲ့  သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ ဖြည်းလာခဲ့တာ ကြာပါပြီ။-ခင်ဗျားတို့ က မသိလို့ အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့  တွေ့ ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့  အတူတူဘဲ။-တစ်နေ့ တစ်နေ့  ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ ကို ငရဲရောက်ဖို့  ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,စိတ်ပေါင်းကလည်းမရေတွက်နိုင်ဘူးဆိုတော့က,အပါယ်ကတက်စရာမမြင်ဘူး။-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကိုခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။-မနက်ဖြန် သေသွားရင် သာသနာနဲ့ ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့ နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့ တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့  တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။- ဘုရား အပေါ်လည်း သံသယမရှိနဲ့  ,တရား အပေါ်လည်း သံသယ မရှိနဲ့ ,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့  သာသနာနဲ့ ကြုံ ,ဆရာကောင်းနဲ့ကြုံလို့  ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

••• သေ နည်း ကောင်း •••


ငါသေတော့မည်ဟု ထင်မှတ်ရသောအချိန်ပိုင်း
တွင် မိမိ၏စိတ်အာရုံကို ကြည်လင်အောင် ရှင်းရှင်းထား
၍နေပါ။

သံဃောဇဉ်ဟူသမျှ ဘာသံဃောဇဉ်မှ (ပစ္စည်းသံ
ဃောဇဉ် လူသံဃောဇဉ် စသည်) မိမိ၏စိတ်အာရုံတွင်
ဝင်ရောက်မလာစေရ ဝင်ရောက်လာလျှင် ဖယ်ထုတ်ပစ်
ပါ။

မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာ
ဝနာကုသိုလ်စသည်တို့တွင် မိမိစိတ်ဝင်စား၍ အနှစ်သက်ဆုံးသော ကုသိုလ်အာရုံ တစ်ခုခုကို ထပ်
ပြန်တလဲလဲ စွဲနေအောင် နှလုံးသွင်း၍ ကျေနပ်ဝမ်း
မြောက်နေရပါမည်။

ကုသိုလ်အာရုံ တစ်ခုခုကို စိတ်ကြည်လင်အောင်
နှလုံးသွင်း၍ စိတ်ဝင်စားကာ ပျော်မွေ့ရင်း သေသွား
တတ်ရမည်။

*တောင်တန်းသာသနာပြု ဆရာတော်*
*ဦးဥတ္တမသာရ*

.သူယောင်မယ်

ခံတွင်းနံ့ ကောင်းချင်ရင်

အကုသိုလ် အကျိုးအပြစ်တွေ အများကြီးထဲကတချို့ “အကုသိုလ် အကျိုးအပြစ်”တွေကိုတော့တော်တော်လေးကြောက်မိပါတယ်။အကြောက်ဆုံးထဲက အကြောက်ဆုံး တစ်ခုကတော့“ခန္ဓာကိုယ် အနံ့အသက်ဆိုး” ရှိမှာကိုပါပဲ။

အထူးသဖြင့်တော့ ခံတွင်းက ကြာညိုနံ့မသင်းရင်နေပါစေ။အနံ့အသက်ရှိမှာကိုပါ။

ဒါကြောင့် ဒီလို ဆိုးပြစ်တွေ ဖြစ်စေမယ့် အကုသိုလ်မျိုးကိုတော့ အထူးပဲ သတိထားရှောင်ဖြစ်ပါတယ်။

အသိတစ်ဦးရှိပါတယ်။သူကပညာရေးမှာ သိပ်တော်ပါတယ်။လူငယ်ဘဝ ရည်းစားတစ်ယောက်လည်း ရှိပါတယ်။တစ်နေ့တော့ သူ့ကောင်မလေးကို သွားခိုးပါသတဲ့။

ဒါပေမယ့် ကောင်မလေးက တစ်ရက်ပဲပေါင်းပြီး နောက်နေ့မှာ သူ့မိဘအိမ်ကို ပြန်သွားပါသတဲ့။
စိတ်ဝင်စားလို့ တစ်ခြားအသိတစ်ယောက်ကို မေးကြည့်တော့ ပညာရေးမှာ တော်လှတဲ့ စာရေးသူရဲ့အသိမှာ အထက်ကပြောခဲ့တဲ့ အကုသိုလ်ဆိုးလေးတွေရှိနေပါလို့တဲ့။

တကယ်တော့ ဒီအကြောင်းတွေကို ရေးပြနေရတာတောင် တော်တော်လေးအားနာမိပါတယ်။သတိလွတ်ပြီး အဲဒီလို အကုသိုလ်မျိုးကို အမှတ်တမဲ့ကျူးလွန်မိကြမှာ စိုးလို့ပါ။

ဒီလိုအကျိုးအပြစ်တွေနဲ့ ပတ်သက်လို့ အများဆုံးတွေ့ရတာကတော့“ပေတဝတ္ထု အဋ္ဌကထာ”မှာပါပဲ။ဒီ ပေတဝတ္ထု ထဲက တစ်ပုဒ်လောက် အရင်ပြောပြရအောင်ပါ။

“ကဿပ ဘုရားရှင်”လက်ထက်တော်က မထေရ်နှစ်ပါးဟာတောရွာတစ်ရွာမှာ ကျောင်းထိုင်နေကြပါတယ်။
နှစ်ပါးစလုံးက သီလဖြူစင်သလို၊ဆွမ်းခံအတူတူ၊ဆွမ်းစားအတူတူ ၊တံမြက်စည်းလှည်းအတူတူ စသည်ဖြင့် ဘာလုပ်လုပ် အတူတူလုပ်ကြပါတယ်။

နှစ်ပါး ညီညီညွှတ်ညွှတ်နေကြတော့ ညီညွှတ်ခြင်းရဲ့အကျိုးဖြစ်တဲ့ စိတ်ချမ်းသာမှုကိုလည်းနှစ်ပါးစလုံး ရရှိခံစားနေကြရတယ်။ဘဝမှာဘာတွေပဲ မပြည့်စုံ ၊မပြည့်စုံ
စိတ်ချမ်းသာနေရင် တော်တော်လေးနေပျော်ပါတယ်။

တစ်နေ့မှာတော့ မထေရ်နှစ်ပါး သီတင်းသုံးတဲ့ရွာကိုအာဂန္တု မထေရ် တစ်ပါးကြွလာပါတယ်။အာဂန္တု မထေရ် ရောက်လာတော့လက်ရှိ ကျောင်းထိုင်မထေရ် နှစ်ပါးကလည်းဝမ်းမြောက် ဝမ်းသာနဲ့ ကြိုဆိုကြပါတယ်။နေရာထိုင်ခင်းကောင်းကောင်းပေးပြီး မနက်ဆွမ်းခံကြွတဲ့အခါ အာဂန္တု မထေရ် ကိုပါခေါ်ခဲ့ပါတယ်။

ရွာထဲက ဒကာ၊ဒကာမတွေက ဆွမ်းဟင်းကောင်းကောင်း၊အချိုပွဲကောင်းကောင်း လှူကြတာရယ်၊ကြည်ညိုချစ်ခင်တဲ့ အမူအရာရှိကြတာရယ်ကြောင့်အာဂန္တု မထေရ်က ရွာကိုသဘောကျသွားပါတယ်။ကျောင်းပြန်ရောက်လို့ ကျောင်းကို သေသေချာချာ ကြည့်တဲ့အခါမှာလည်း
အကျယ်အဝန်းကော၊အရိပ် အာဝါသကော၊ကျောင်းအဆောက်အအုံကော ကောင်းနေတာရယ်ကြောင့်ကျောင်းမှာ အမြဲနေချင်တဲ့ အတွေးလေးဝင်လာပါတယ်။ ကျောင်းမှာ နေချင်တဲ့အတွေးလေးဝင်လာတာ ပြဿနာ မရှိပါဘူး။ကျောင်းထိုင် မထေရ်နှစ်ပါးကလည်း ကောင်းကောင်းလက်ခံမှာပါ။ဒါပေမယ့် သူ့အတွေးက မတွေးကောင်းတဲ့ အတွေးကို တွေးတာပါ။ဘယ်လိုတွေးသလဲဆိုတော့
“ဒီရွာဟာ သိပ်ပြီး လာဘ်လာဘပေါတယ်။နေလို့ထိုင်လို့လည်း ကောင်းတယ်။လက်ရှိ ကိုယ်တော်နှစ်ပါးကို ကျောင်းက ပထုတ်လိုက်ပြီးငါတစ်ပါးတည်းနေရရင် သိပ်ကောင်းမှာပဲ” တဲ့။

အတွေးပြီးရင် အပြောလာမယ်။အပြောပြီးရင် အလုပ်လာမယ်ဆိုတဲ့ ကံသုံးပါးတို့ရဲ့သဘောဖြစ်စဉ်အတိုင်း အာဂန္တု မထေရ် က အတွေးကတစ်ဆင့် အပြောကိုတက်ယူပါတယ်။အတွေးညံ့တော့ အပြောကလည်း ဆက်ညံ့သွားပါတယ်။

ကျောင်းထိုင်မထေရ် နှစ်ပါး ပူးတွဲမရှိတဲ့ အချိန်ကို စောင့်နေပါတယ်။ဒီလိုနဲ့ တစ်နေ့ တစ်ခြားတစ်ပါး အပြင်သွားနေတဲ့ အချိန်မှာ ကျန်ခဲ့တဲ့ မထေရ်ရဲ့ အနားကိုသွားပြီးစကားစပါတော့တယ်။

“အရှင်ဘုရား …. အရှင်ဘုရား ကို စကားနည်းနည်းလောက် လျှောက်စရာရှိလို့ပါဘုရား”

“လျှောက်ပါဦး”

“အရှင်ဘုရားရဲ့ မိတ်ဆွေက မျက်မှောက်မှာသာမိတ်ဆွေလိုဆက်ဆံနေတာ၊မျက်ကွယ်မှာတော့ အရှင်ဘုရားကို ရန်သူလို သဘောထားတာဘုရား။”

“ငါ့ရှင် ဘာတွေလာပြောနေတာလဲ။တပည့်တော် မိတ်ဆွေဟာ ဒီလို သဘောမျိုးမရှိပါဘူး ဘုရား။”

“အရှင်ဘုရား မယုံရင် စောင့်ကြည့်ပါဘုရား၊အရှင်ဘုရားက ရိုးတော့ဘယ်သိမလဲ၊ တစ်နေ့ကျရင် သိလာမှာပါဘုရား”

အာဂန္တု မထေရ် က အဲဒီလိုလျှောက်တော့၊ကျောင်းထိုင် မထေရ်က ပုထုဇဉ်ပဲ ရှိသေးတာဆိုတော့အခြေအနေအရပ်ရပ်ရဲ့ အမှားအမှန်ကို မသုံးသပ်နိုင်ပါဘူး။ဒါကြောင့် စိတ်ထဲမှာ ဟုတ်များဟုတ်လေမလားဆိုပြီးသံသယ စိတ်ကလေး ဝင်သွားပါတယ်။

အာဂန္တု မထေရ်က တခြားမထေရ်ကိုလည်း တစ်ပါးတည်းရှိနေခိုက် မှာ အထက်ကအတိုင်းသွားပြောပြန်ပါတယ်။

အာဂန္တု မထေရ် ရဲ့ အတွေးထဲမှာ ရွာနဲ့ ကျောင်းမှာရှိတဲ့လာဘ်လာဘ အားလုံး သူပိုင်ဆိုင်ဖို့ပဲအချိန်ပြည့်တွေးတောနေတာပါ။ဒါကြောင့် မထေရ်နှစ်ပါး အချစ်ပျက်သွားအောင်မကြာခဏ “ကုန်းချောစကား” ပြောပါတော့တယ်။

ကြာလာတော့ အလွန်ချစ်ခင်တဲ့ မထေရ်နှစ်ပါးဟာအမုန်းကြီးမုန်းသွားပြီး စကားတွေများကြပါတော့တယ်။
ပြီးတော့ ဆွမ်းခံလည်း မကြွတော့သလိုဆွမ်းကိုလည်းအတူတူ မစားတော့ပါဘူး။

တစ်ညမှာတော့ မထေရ်နှစ်ပါးဟာစကားတွေ အကြီးအကျယ်များပြီးမနက်ရောက်တော့ နှစ်ပါးထဲကတစ်ပါးက“ငါမုန်းနေတဲ့သူ ရှိတဲ့ အရပ်မှာ မနေတော့ဘူး”ဆိုတဲ့ အတွေးနဲ့ တစ်ပါးမှ အသိမပေးဘဲထွက်သွားပါတော့တယ်

နောက်တစ်ပါးကလည်း “မချစ်မနှစ်သက်တဲ့သူနဲ့တော့အတူတူမနေနိုင်ပါဘူး” ဆိုပြီး ထွက်သွားပြန်ပါတယ်။

မထေရ်နှစ်ပါးထွက်သွားကြတော့ ကျန်ခဲ့တဲ့ အာဂန္တု မထေရ်ကသူတို့ရဲ့ လာဘ် လာဘဥစ္စာတွေ၊ငါအကုန်ရပြီဆိုပြီးသဘောကျ ကျေနပ်နေပါတော့တယ်။မနက်ရွာထဲကို ဆွမ်းခံကြွတော့ဒကာ စကာမတွေက“အရှင်ဘုရား ဟို ဘုန်းဘုန်း နှစ်ပါးကော”လို့မေးတော့“ညတုန်းက တစ်ပါးနဲ့တစ်ပါး ရန်ဖြစ် စကားများပြီးထွက်သွားကြတယ်၊ဦးဇင်းတားပါသေးတယ်၊သူတို့က မနေချင်တော့တာ” လို့ မဟုတ်တဲ့ စကားကို ပြောလိုက်ပါတယ်။
ဒီတော့ ရွာသူ ရွာသားတွေက “ဒါဆို အရှင်ဘုရား ဒီရွာမှာ ကျောင်းထိုင် ဘုန်းကြီးအဖြစ်နဲ့သတင်းသုံးပေးပါဘုရား” လို့ လျှောက်လိုက်ကြပါတယ်။အာဂန္တု မထေရ်လည်း “ဒကာ ဒကာမတွေကိုချီးမြှောက်သောအားဖြင့် နေတာပေါ့လေ” လို့ပြန်ပြောလိုက်ပါသတဲ့။ဒီလိုနဲ့ပဲ မထေရ်နှစ်ပါးရဲ့ ကျောင်းမှာ“ကျောင်းထိုင်ခွင့်” ရသွားပါတယ်။

အာဂန္တု မထေရ်ဟာ သူမျှော်လင့်ထားသလိုပဲလာဘ်လာဘတွေတော့ ရလိုက်ပါတယ်။ဒါပေမယ့် လူဆိုတာ သေမျိုးဆိုတော့အချိန်တန်တော့ သေပေးရပါတယ်။
သေတဲ့အခါကျတော့ ပြုခဲ့တဲ့ ကံအားလျော်စွာ“အဝီစိ ငရဲ”ကျသွားပါတယ်။ယခင် ကျောင်းထိုင် မထေရ်နှစ်ပါးကတော့ အာဂန္တု မထေရ် ပျံလွန်တော်မူမှပဲ အဖြစ်မှန်ကိုသိပြီးကုန်ခဲ့တဲ့ အချိန်တွေအတွက် ဝမ်းနည်းပြီးတစ်ပါးနဲ့တစ်ပါးဖက်ငိုကြသတဲ့။ နှစ်ပါးစလုံးမူလကျောင်းမှာပ
ပြန်ထိုင်ကြပါတယ်။ကာလတစ်ခုကြာတော့အာဂန္တု မထေရ်လည်း ငရဲကလွတ်ပါတယ်။ဒါပေမယ့် ငရဲကလွတ်ပြီး ရာဇဂြိုလ်ပြည်အနီးမှာ“ခံတွင်းနံ့ပုပ်ပြီး ခံတွင်းနံ့ဆိုးတဲ့ ပြိတ္တာ” ဖြစ်ရပြန်ပါတယ်။သူ့ရဲ့ “ခံတွင်းနံ့”ဟာ အနီးဝန်းကျင်မှာ ပျံ့နှံ့နေပါသတဲ့။

တစ်နေ့မှာ “အရှင်နာရဒမထေရ်”က “အသင်ပြိတ္တာရယ်သင်က ရုပ်ရည်အဆင်းကျတော့ ရွှေလိုလှပပြီး၊
ဘယ်အကုသိုလ်ကံကြောင့် ခံတွင်းနံ့တွေ ဆိုးနေရတာလဲ။”လို့ မေးကြည့်ပါတယ်။

ပြိတ္တာကလည်း“အရှင်ဘုရားရယ် တပည့်တော်ဟာ ချစ်ခင်နေတဲ့သူနှစ်ယောက်ကို ကွဲပြားအောင်ကုန်းတိုက်ပြောခဲ့လို့ပါဘုရား။ဒါနဲ့ အရှင်ဘုရားရယ် ကုန်းတိုက်စကားပြောရင် ၊သူတစ်ပါးရဲ့ ချစ်ခြင်းကို ခွဲရင် ဒီလိုခံရတယ်ဆိုတာ အရှင်ဘုရားရဲ့ တပည့် ဒကာ၊ဒကာမတွေကို
တဆိတ်ပြောဟောပေးပါဘုရား။”လို့ နောင်တစကားပါ ပြန်ပြောလိုက်ပါတယ်။နောင်မှရတဲ့ နောင်တဟာ အသုံးမဝင်တော့ပါဘူး။တကယ်တမ်းစဉ်းစားကြည့်ရင် ခံတွင်းနံ့ပုတ်ရတဲ့ပြိတ္တာဖြစ်ရတဲ့ အာဂန္တု မထေရ်ဟာ လူဆန်ဆန်ပြောရရင် ပစ္စည်းဥစ္စာတွေလိုချင်လို့ကုန်းတိုက်စကားပြောခဲ့တာပါ။ဒါပေမယ့် ခံလိုက်ရတဲ့ ဆိုးပြစ်ဟာ မချိမဆန့်ပါ။

ပစ္စည်းဥစ္စာရှာတဲ့နေရာမှာ
●တရားတဲ့နည်းနဲ့လည်းရှာလို့ရပါတယ်။
●မတရားတဲ့နည်းနဲ့လည်းရှာလို့ရပါတယ်။

●လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်း ဝတ္ထု ဟာအဓိကမပြဋ္ဌာန်းပါဘူး။ပစ္စည်း ဝတ္ထု ထက်ပြဋ္ဌာန်းတဲ့ အရာတွေ အများကြီးရှိ နေပါသေးတယ်။ဒီ ပစ္စည်း ဝတ္ထုကြောင့်ပဲဆွေမျိုးတွေကနေ တစိမ်းတွေဖြစ်ရ၊မိတ်ဆွေတွေကနေ ရန်သူတွေဖြစ်ရတရားရုံးတွေရောက်ရ။ဒါတွေက လက်တွေ့ဆိုးကျိုးတွေပါ။သေသွားတော့လည်း ဒါတွေထားခဲ့ရတာပါပဲ။

မသေခင်မှာဘဝကို ဘယ်လိုနေထိုင်သွားမလဲဆိုတဲ့ အတွေးလေး မကြာခဏ တွေးပေးသင့်ပါတယ်။
ဒီလို တွေးပေးတယ်ဆိုရင်ပဲ မကောင်းတာပြုချင်တဲ့ စိတ်ညံ့ကလေးတွေလည်း လျှော့သွားတတ်ပါတယ်။

အထက်က ဝတ္ထုလေးကို ပြန်ကောက်ချက်ချကြည့်ရအောင်ပါ။ချစ်ခင်နေတဲ့ လူနှစ်ယောက် ကွဲပြားသွားအောင်ကုန်းတိုက်စကားပြောတာဟာ အရကောက်ကြည့်ရင်“ပိသုဏဝါစာ”ပါ။

ဗဟုသုတ အဖြစ်ပါဠိလိုလေးမြည်းကြည့်ပါဦး။
ပိသတိ သာမဂ္ဂိံ သဉ္စုဏ္ဏေတီတိ ပိသုဏာ ၊
“သာမဂ္ဂိံ-ညီညွှတ်သူတို့၏ အဖြစ်ကို ၊
ပိသတိ -ကြိတ်ချေတတ်၏။
သဉ္စုဏ္ဏေတီတိ - မှုန့်မှုန့် ညက်ညက် ပြုတတ်၏။
ဣတိတသ္မာ-ထို့ကြောင့်၊
ပိသုဏာ-ပိသုဏ မည်၏”တဲ့။

လိုရင်းကတော့ ချစ်ခင်နေတဲ့ လူနှစ်ယောက်ကိုကွဲပြားအောင်ပြုလုပ်တာပါပဲ။ကွဲပြားအောင်လုပ်တဲ့နေရာမှာ ကုန်းတိုက်သူက ရည်ရွယ်ချက်နှစ်မျိုးရှိပါတယ်။
အဲဒီနှစ်ချက်က လာဘ်လာဘ ပစ္စည်းဥစ္စာရဖို့ရယ်၊မိမိကိုချစ်ပြီးသူတစ်ပါးကို မုန်းဖို့ရယ်ပါ။
ရည်ရွယ်ချက်တစ်ခုကြောင့် ကုန်းချောတာဖြစ်နိုင်သလို၊ရည်ရွယ်ချက် နှစ်ခုလုံးကြောင့် ကုန်းချောတာလည်းဖြစ်နိုင်ပါတယ်။

“ပိသုဏဝါစာကံ” ထိုက်ဖို့အတွက် အင်္ဂါလေးပါးရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါလေးပါးက
(၁)။ ခွဲစရာတစ်ပါးသူရှိခြင်း။
(၂)။ ကွဲစေလိုစိတ်ရှိခြင်း၊မိမိကိုချစ်စေလိုခြင်း။
(၃)။ လုံ့လပြုခြင်း။
(၄)။ ကုန်းတိုက်စကားပြောဆိုခံရသူသိခြင်း ရယ်ပါ။

ဒါပေမယ့် ကိုယ်ကကုန်းတိုက်စကားပြောပေမယ့်၊ကုန်းတိုက်စကားပြောတဲ့သူ နှစ်ယောက်ကကွဲမသွားဘူးဆိုရင်တော့ ပိသုဏဝါစာ မမြောက်ပါဘူး။ဆိုလိုတာကကွဲသွားရင် အပြစ်ကြီးမယ်။မကွဲရင် အပြစ်သေးမယ်။ဒါပါပဲ။
ကျောင်းထိုင်မထေရ်နှစ်ပါးဟာ ကွဲသွားတဲ့အတွက် ကံမြောက်သွားရတာပါ။တကယ်တော့ကိုယ်လုပ်မယ့် အလုပ်ကလေးတွေ ၊ ကိုယ်လုပ်နေဆဲ အလုပ်ကလေးတွေကို
ပြန်ပြန်စဉ်းစားဖြစ်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ “အကုသိုလ်လေး”တွေက တန့်တန့်သွားတတ်ပါတယ်။ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အမှားအမှန်ကို မသိရလောက်အောင်တော့ ဘယ်သူ့မှ မညံ့ကြပါဘူး။

တစ်ခုတော့ရှိပါတယ်။အကုသိုလ် တစ်ခုခုကိုလုပ်ပြီဆိုရင်အကုသိုလ်နဲ့ ယှဉ်ဘက်သူငယ်ချင်းတွေဖြစ်တဲ
“အဝိဇ္ဇာ ၊တဏှာ ၊လောဘ၊ ဒေါသ၊မောဟ”စတဲ့ တခြားမကောင်းတဲ့ အကုသိုလ်စေတသိက်မျိုးစုံကလည်း
ခြံရံကာရံပြီးကူညီတတ်လေ့ရှိပါတယ်။အဲဒီလို အကုသိုလ်စေတသိက်မျိုးစုံ ခြံရံကာရံထားတော့ကုသိုလ်ဘက်ကို လှမ်းပြီးမမြင်နိုင်တော့ပါဘူး။ဒီလိုပါပဲ။ကုသိုလ်တစ်ခုခု လုပ်နေတဲ့နေရာမှာလည်းကုသိုလ်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ “မေတ္တာ၊ကရုဏာ၊မုဒိတာ၊သဒ္ဓါ ၊ပီတိ” စတဲ့ကောင်းတဲ့စေတသိက်တွေကပတ်ပတ်လည်ကနေ ခြံရံကာရံပေးထားတာဆိုတော့တော်ရုံတန်ရုံ အကုသိုလ်ဘက်ကို မတွေးဖြစ်တော့ပါဘူး။

တရားသောနည်းနဲ့ မဟုတ်ဘဲ၊ မတရားသောနည်း နဲ့ရတဲ့အရာမှန်သမျှ နောက်ဆက်တွဲ ရလဒ်တစ်ခုက ရှိကိုရှိနေမြဲပါ။တစ်ချို့ရလဒ်တွေကျတော့ သေးငယ်ပေမယ့် တော်တော်လေးထိန့်လန့်ဖို့ ကောင်းပါတယ်။

ရုပ်လည်းချောပါရဲ့။ပညာလည်းတတ်ပါရဲ့။ပစ္စည်းဥစ္စာလည်း ပြည့်စုံပါရဲ့၊ဒါပေမယ့်ခံတွင်းနံ့မကောင်းဘူးဆိုရင် သွားရောပါ။

တကယ်လို့များကိုယ့်မှာ အတိတ်ဝဋ်ကြွေးကြောင့်ပဲဖြစ်ဖြစ်၊ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အနံ့အသက်တွေရှိနေခဲ့ရင် ပြေပျောက်ဖို့အတွက် အကောင်းဆုံးကုသိုလ်ကတော့မြတ်စွာဘုရားကို အမွှေးနံ့သာနဲ့ လှူဒါန်းပူဇော်ခြင်းပါပဲ။
●အမွှေးနံ့သာဆိုတော့ ပန်းတို့၊နံ့သာရည်တို့၊ရေမွှေးတို့ပါ။ရေမွှေးနဲ့ပူဇော်တဲ့အခါမှာ လက်ကိုင်ပုဝါဖြူဖြူလေးကို အခေါက်ကလေးခေါက် ရေမွှေးလေးဆွတ်၊
ပန်းကန်လေးထဲထည့်ပြီး၊ဘုရားရှေ့မှာ ပူဇော်လို့ရပါတယ်။

ပူဇော်ရင်းနဲ့ “ဤအမွှေးနံ့သာ လှူဒါန်းပူဇော်ရသော ကောင်းမှုကြောင့် အနံ့အသက်များပြေပျောက်ရပါလို၏၊
ကောင်းမွန်တဲ့ အနံ့အသက်များ ရရှိရပါလို၏”လို့ဆုတောင်းလို့လည်း ရပါတယ်။တစ်ဖက်ကလည်း အတိတ် အကုသိုလ်ဝဋ်ကြွေးကို သံဝေဂယူပြီး၊အနံ့အသက်ဖြစ်စေမယ့်အကုသိုလ်မျိုးကို အထူးပဲ သတိထားရှောင်ရပါတယ်။

ဘာပဲဖြစ်ဖြစ် “ကုန်းချော စကားပြောမိရင်ခံတွင်းနံ့ ဆိုးတတ်တာလေး”ကိုဗဟုသုတ အဖြစ်သိထားလိုက်မယ်ဆိုရင်ပဲစာရေးသူကော၊စာဖတ်သူကော အကျိုးရှိသွားပါပြီ။ကဲ …. စာဖတ်သူကော၊စာရေးသူကော ကုန်းချောစကားကို ရှောင်လိုက်ကြရအောင်နော်။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)၏“အတွေးများ နဲ့ မိတ်ဖွဲ့ခြင်း”နှာ ၁၀၇ - ၁၁၄ မှ ကူးယူပူဇော်ပါသည်။】

အထက်ပစ္စယာနှင့်အမျိုးသမီး

ရိုသေ လေးစားစွာ လျှောက်ထားအပ်ပါ သည် ဘုရား။ သမီး ၆ တန်းနှစ်က မိသားးစုနှင့်အတ ရွှေတိဂုံဘုရားကို သွားတော့ ဖေဖေနှင့် ကိုကိုက အထက်ပစ္စယာကို တက်သွားကြပါသည်။ မေမေနှင့်သမီးက အောက်မှာ ကျန်ခဲ့ရပါသည်။ အပေါ်ကို လိုက်ဖို့ ပူဆာတော့ သမီးက မိန်းကလေးဖြစ်လို့ အပေါ်ကိုတက်လို့ မရဘူး၊ ငရဲ ကြီးလိမ့်မယ်လို့ မေမေက ပြောပါသည်။ ကျိုက်ထီးရိုးဘုရားကို သွားတုန်းကလည်း ထူးဆန်းမြင့်မြတ်တဲ့ ကျောက်တုံးကြီးကို ကိုင်ပြီး အဓိဋ္ဌာန်ချင်တာ မိန်းကလေးဖြစ်နေ လို့ မ၀င်ခဲ့ရပါ။ စိတ်ထဲက အားမလို အားမရ ဖြစ်မိပါသည်။ တပည့်တော်အနေနဲ့ ရွှေတိဂုံဘုရား အထက်ပစ္စယာကို တက်ပြီး ပုတီးစိပ်လိုစိတ် အလွန်ပြင်းးပြစွာ ဖြစ်ခဲ့ဖူးပါသည်။ အဘယ်ကြောင့် ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေကို အဲဒီလို ခွဲခြား ဆက်ဆံရပါသနည်း။ မြင့်မြတ်တဲ့ နေရာတွေကို အမျိုးသမီးတွေ တက်ရင် ငရဲကြီးတယ်လို့ မြတ်စွာဘုရား ဟောတော်မူတာ ရှိပါသလား။ ရှင်းပြပေးစေ လိုပါသည် အရှင်ဘုရားး။

ငလျင်လှုပ်ရတဲ့ ဗုဒ္ဓသင်္ကန်း

ငရဲကြီးဖို့ ကျားမ မခွဲခြားပါဘူး။ စိတ်ထားသာ အဓိကပါ။ ဘုရားပေါ်ကို တက်ရုံနဲ့ ငရဲကြီးတယ်ဆိုရင် ယောက်ျားတွေ တက်လည်း ငရဲကြီးရမှာပေါ့ ။ အထက်ပစ္စယာပေါ်မှာ ရည်းစားနဲ့ ချိန်းတွေ့ပြီး ဘုရားဖူးတွေ မျက်စိကျိန်းအောင် လုပ်ရင်တော့ ဘယ်သူမဆို ငရဲကြီးမှာပေါ့။ အမျိုးသမီးတွေကိ ရဟန်းပြုခွင့်ပေးတာ၊ ရဟန်းမိန်းမတွေကိလည်း အဂ္ဂသာဝိကာ အမြတ်ဆုံး ဧတဒဂ်ပေးတာ၊ အမျိုးသမီး ရဟန္တာဖြစ်ရင် အမျိုးသား ရဟန္တာနဲ့တန်းတူ လောကရဲ့ပူဇော်အထူးကို ခံထိုက်တာတွေဟာ ဘာသာရေးမှာ မိန်းမ ယောက်ျား မခွဲခြားလို့ပေါ့ ။ ဗုဒ္ဓဒေသနာအရ အယုတ် အမြတ်ဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အသားရောင် ဇာတ်ဆိုတာတွေနဲ့ မပတ်သက်ဘူး။ မြတ်စွာဘုရားက သေပြီး ပုပ်ဆွေးနေပြီဖြ စ်တဲ့ ပုဏ္ဏာအမည်ရှိတဲ့ ကျွန်မရဲ့ အလောင်းကို ပတ်ထားတဲ့ ပိတ်စကို ကိုယ်တိုင် ခွာယူ၊ မြစ်ထဲမှာ ကိုယ်တိုင် လျှော်ဖွပ်ပြီး ကိုယ်တိုင် သင်္ကန်းချုပ် ဆိုး ၀တ်ရုံတော်မူပါတယ်။ ပိတ်စကို အလောင်းကောင်က ခွာစဉ်မှာ မြေကြီးက အံ့ချီးပြုတဲ့အေ နနဲ့ ငလျင်တောင် လှုပ်သတဲ့။ အဲဒီ သင်္ကန်းဟာ အမွန်မြတ်ဆုံးလည်း ဖြစ်ပါသတဲ့။

ပုဏ္ဏဟာ ကျွန်လည်း ဖြစ်တယ်၊ မိန်းမလည်း ဟုတ်တာပဲ။ ဗုဒ္ဓက သကျမျိုး၊ မင်းသား၊ တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်။ ဗုဒ္ဓဟာ ပရမတ္တ၀ါဒီ (အရှိကို အရှိအတိုင်းမြင် တဲ့ ပုဂ္ဂိုလ်) အစစ်ပါ။ ဒါကို သတိပြုမိရင် အမျိုးသမီးးတွေ ဘုရားငြမ်းပေါ် မတက်ရဆိုရင် ဆီလျော်တဲ့ ယုတ္တိရှိပေမယ့် အမျိုးသမီး ရွှေတိဂုံဘုရား အထက်ပစ္စယာကို မတက်ရ ဆိုတာမျိုးအတွက် တော့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိနိုင်ပါဘူး။

ခြားနားချက်တော့  ရှိမယ်

ယောက်ျား မိန်းမလို့ ကွဲပြားနေရတာကို က ခြားနားတဲ့ သဘာဝကြောင့်ပဲ မဟုတ်လား။ ကမ္ဘာအေးမှာ နေတုန်းက ညနေ လမ်းလျှောက်တော့ ခွန်ရှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက် (မောင်နှမ ဖြစ်နိုင်တယ်) ဂေါက်ကွင်းဖက်က ဘဲဥကန်ဖက်ကို ပြေးလာတယ်။ ကောင်လေးက ခါးလောက်မြင့်တဲ့ သံဇကာခြံစည်းရိုးးကို ခုန်တက်ပြီး ဒီဖက်ကို လွှားခနဲ ကျော်ချလိုက်တယ်။ ကောင်မလေးကလည်း ကောင်လေးကိုတုပြီး အားကျမခံ ခုန်တက်တယ်။ ဒါပေမယ့် သံတိုင်နဲ့ ဂါဝန်စွန်း ချိတ်မိလို့ ဂါဝန် ပြဲပြီး မှောက်လျက် ကျတယ်။

ပင်လယ်ကွေ့ စစ်ပွဲတုန်းက အမေရိကန် လေတပ်က ဗုံးကြဲ လေထီးမယ်တွေ ရန်သူ့လက်ထဲ ရောက်သွားတော့ မိန်းမဟာ မိန်းမပဲ။ ကြောင်ထီးဟာ ပြိုင်ဖက် အခြား ကြောင်ထီးတွေနဲ့ တိုက်ခိုက်တဲ့အခါ သူသေကိုယ်သေပဲ။ ဒါပေမယ့် ချစ်သူကြောင်မ ကုတ်ဖဲ့တာကိုတော့ ဘာမှ မတုံ့ပြန်ဘူး။ ဒီသဘာဝကို မြင်နိုင်ရင် ပရမတ္တတရားရဲ့ အခြားတစ်ဖက်မှာ အဖိုနဲ့အမ နက်နဲတဲ့ ခြားနားချက်တွေ ရှိနေတာ သေချာတယ်။

အမျိုးသားတွေနဲ့ ရင်ဘောင်တန်းဖြစ်ဖို့ ဘယ်လောက်ပဲ အရေးဆိုစေ အားလုံးထပ်တူတော့ မဖြစ်နိုင်ဘူး။ အမျိုးသမီးတွေအားလုံး အမျိုးသားတွေရဲ့ အကျင့်စရိုက်လို ဖြစ်ကုန်ပြီဆိုရင်လည်း လောကကြီးဟာ ကမ္ဘာဦးခေတ်ကို ပြန်ရောက်သွားနိုင်တယ်။ အမျိုးသမီးတစ်ယောက် လမ်းပေါ်မှာ ၀တ်လစ်စလစ် အိပ်နေလို့ သင့်နိုင်ပါ့မလား။ ယောက်ျားက တစ်ပြိုင်နက် မိန်းမနှစ်ယောက် ယူတာ၊ မိန်းမက တစ်ပြိုင်နက် ယောက်ျား နှစ်ယောက်ယူတာ ဘယ်ဟာက အခြေအနေ ပိုဆိုးမလဲ။

ဒီခြားနားချက်တွေကို မြတ်ဗုဒ္ဓ မသိကျိုးကျွံ ပြုတော်မမူဘူး။ မြတ်ဗုဒ္ဓဟာ အဲဒီလောကအထာနဲ့ ကိုက်ညီမယ့် ဘိက္ခုနီ (ရဟန်းမိန်းမ) တွေ အတွက် သီးခြား စည်းကမ်းလေးတွေ ထားပေးပါတယ်။ ရဟန်းမတွေ ရဟန်းမပြုခင် အထူးလိုက်နာရမယ့် စည်းကမ်း ၈ ခုထဲမှာ ရဟန်းမိန်းမတွေ သိက္ခာ ဘယ်နှစ်ဝါ ရရ (၀ါဘယ်လောက် ကြီးကြီး) ယနေ့ပြုတဲ့ ရဟန်းပေါက်စကို ရှိခိုးရမယ်လို့ ပါတယ်။ ဒါလည်း အမျိုးသမီးတွေကို နှိမ့်ချတဲ့ သဘောမျိုး မဟုတ်နိုင်ဘူး။

ဂုဏ်ရည်တူနေရင် ယောက်ျားတွေထက် ဘ၀င်မြင့်တတ်တဲ့ အမျိုးသမီး (အထူးသဖြင့် မိထွေးတော် ဂေါတမီလို မာန်ကြွတဲ့ သကျမျိုး မိန်းမတွေ) ရဲ့ သဘာဝကြောင့် မဂ်ဖိုလ်ကို တကယ်ရချင်တဲ့ အမျိုးသမီးတွေကို ဦးစွာ မာန်မာန ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။ သကျ မင်းသားတွေက ဆံသလုလင်ကို အရင် ရဟန်းပြုခိုင်းတာလည်း ကိုယ့်ရဲ့ အမျိုးမာန် ပညာမာန် ရာဇမာန်တွေကို ချိုးနှိမ်ဖို့ ရည်ရွယ်ခဲ့တာပဲ။

ခြားနားတဲ့ ယဉ်ကျေးမှုတွေ

သီရိလင်္ကာဘုန်းကြီးနဲ့အတူ သီရိလင်္ကာအိမ်ကို ဆွမ်းစား လိုက်သွားဖူးတယ်။ ဆွမ်းစားပြီးလို့ ပရိတ်ရွတ်မယ်လုပ်တော့ အိမ်ရှင် မိန်းကလေးက ဖတ်ကနဲဆို ဘုန်းကြီးတွေဖက် ခြေဆင်းပြီး ထိုင်ချလိုက်တယ်။ ၀တ်ထားတဲ့ ဂါဝန်က ဒူးခေါင်း ဖုံးရုံလေး။ လက်အုပ်တော့ ချီထားးပါတယ်။ ဒါ သူတို့ ယဉ်ကျေးမှုပဲ။ မြန်မာမိန်းကလေး ဘုန်းကြီးရှေ့ ဒါမျိုးလုပ်ရင် ရိုင်းတယ် ဆိုမှာပေါ့။ လူနာရှင်ဟာ ဆေးကို လက်ခလယ်နဲ့ ဖျော်ရင် လူနာလပ်ကီး၊ ဆေးထိမယ်ဆိုတဲ့သဘောလို့ မြန်မာ ဗိန္ဓောဆရာတွေက ယူဆတယ်။ အမေရိကမှာတော့ လူတစ်ယောက်ကို ကျန် လက်ချောင်းတွေကို စုကွေးပြီး လယ်ခလယ် တစ်ချောင်းတည်းကို ထောင်ပြရင် ပြတဲ့သူ သေနတ်နဲ့တောင် ပစ်သတ်ခံရနိုင်တယ်။ အဲဒီလို လုပ်ပြတာဟာ ယောက်ျားအင်္ဂါပုံကို လုပ်ပြပြီး ဆဲတာနဲ့ တူပါသတဲ့။

Phonenix (ဖိနစ်စ်) မြို့ ရုက္ခဗေဒဥယျာဉ်ကိ သွားတုန်းက ဗုဒ္ဓဘာသာ ကိုရီးယားအဖိုးကြီး တစ်ယောက်နဲ့ တွေ့တယ်။ ဘာသာရေး တော်တော် ကိုင်းရှိုင်းပုံပဲ။ သူက ဘုန်းကြီးကို သစ်ပင်တွေကို ခြေထောက်နဲ့ ထိုးထိုး ပြတယ်။ စပ်ဖျင်းဖျင်းတော့ ခံစားမိရဲ့။ မြန်မာရှုထောင့်နဲ့ဆို အဲဒီလူ ငရဲကြီးမှာပဲ။ ဒါကြောင့် စိတ်ထားကိုပဲ ဘုန်းကြီး ညွှန်းတာပေါ့။ အဲဒီလို ခြားနားတဲ့ ရှေးရိုး ယုံကြည် စွဲလမ်းမှုတွေကိ အခြေပြုတဲ့ ကျားမ ခွဲခြားမှုတွေ ရှိရာကနေ ဘာသာတရားနဲ့ ရောထွေးသွားပြီး ဘုရားပေါ် မိန်းမ မတက်ရ ဆိုတာမျိုးတွေ ဖြစ်လာပုံရတယ်။ အယူအဆ ပြောင်းလဲခြင်း ၀ိနည်း မသင်ဖူးတဲ့ တောထွက် ကိုယ်တော်တစ်ပါးနဲ့ အတူနေဖူးပါတယ်။ ဆွမ်းစားနေတုန်း အကပ်ခံပြီးသား ဆွမ်းဟင်းခွက်ကို လူတွေက မီအောင်လို့ ဘုန်းကြီးနားကို တိုးပေးရင် ငယ်ပါကို သံစူးသလောက်နီးပါး စိတ်ဆိုးတာပဲ။ သူက ဆရာကြီးဆိုတော့ သိပေမယ့် ကြည့်နေရတာပေါ့။ ပတ်သက်သူ ဒကာဒကာမတွေလည်း ကပ်ပြီးသားကို မကိုင်ကောင်းဘူးးလို့ပဲ နားလည်နေကြပြီ။ ကြာရင် အဲဒီ ၀ိနည်း မဟုတ်တဲ့ ၀ိနည်းဟာ ၀ိနည်းအစစ်လို ဖြစ်သွားနိုင်တ ယ်။ ( စွန့် ချ ပေး လု မစ္စု လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း။ တဲ့

တော်ပြီလို့ စွန့် လိုက်ရင်၊ လူထွက်ရင်၊ စားနေဆဲ လူသာမဏေကို ပေးလိုက်ရင်၊ အလု ခံရရင်၊ ဘုန်းကြီး သေရင်၊ ဘိက္ခုကနေ ဘိက္ခုနီ ပြောင်းသွားရင် ဒီ ၆ မျိုးကြောင့်ပဲ အကပ် ပျက်တာပါ။) ယိုးဒယားမှာ အမျိုးသမီး လက်ထဲက အလှုပစ္စည်းကို ဘုန်းကြီးက လက်နဲ့ထိပြီး အလှုမခံဘူး။ သင်္ကန်းရောင် ပိတ်စရှည်လေးနဲ့ ထိပြီး ခံယူရတယ်။ ဒါပေမယ့် ၀ိနည်းအမှန်မှာ အဲလို လုပ်စရာမလိုဘူး။ ဒါလည်း ခုနက တောထွက်လို ဟန်လုပ်ပြီး ၀ိနည်းကို လေးစားပြရာ ကနေ ပြောင်းလဲသွားတဲ အယူအဆ ဖြစ်နိုင်တယ်။ (ဆက်ကပ်သူဟာ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဘုန်းကြီးအနေနဲ့ ခန္ဓာကိုယ်နဲ့ ဒါမှမဟုတ် ကိုယ်နဲ့ ထိစပ်နေတဲ့ ပစ္စည်းနဲ့ ခံယူကောင်းပါတယ်။)

တစ်ခုတော့ ရှိတယ်၊ လေးစားလွန်းလို့ ဆရာတော်ကြီးတွေ ဘုဉ်းပေးနေတုန်း ဆွမ်းခွက်ကို ဟိုကိုင်ဒီရွှေ့ မလုပ်ဘူး။ ဘုန်းကြီးကို ကြည်ညိုလွန်းလို့ ဒကာမတွေက ဘုန်းကြီးလက်ထဲကို အလှုပစ္စည်းကို မထည့်ဘူး ဆိုရင်တော့ ကိုယ့်သဘောပဲ။ ၀ိနည်းနဲ့တော့ မဆိုင်ဘူး။ ရတနာသုံးပါးကို အထွတ်အမြတ် ထားလွန်းရာကနေ တည်ရှိပြီး ရိုးရာ ယုံကြည်မှုတွေနဲ့ ရောပြီး ဒီအထွတ်အမြတ် နေရာတွေကို မိန်းမ မတက်ရ မ၀င်ရ ဆိုတဲ့အထိ ယုံကြည်မှု ဆင့်ကဲ ပြောင်းလဲသွားခဲ တာလည်း ဖြစ်နိုင်တယ်။

အ၀ိရောဓိအမြင်

ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ယောက်ျား တက်ခွင့်ရတဲ့ ဘုရားပေါ်ကို မိန်းမတက်လို့ ငရဲမကြီးဘူးလို့ မှတ်ဖို့ပါ။ မိန်းမ မတက်ရ ကန့်သတ်ချက်ဟာ ရိုးရားစွဲကို အခြေခံနိုင်သလို ၊ ရတနာသုံးပါးကို လေးစားလွန်းရာကနေ ပြောင်းလဲသွားတဲ အယူအဆလည်း ဖြစ်နိုင်တယ်။ စေတီဘုရားစတဲ့ နေရာအချို့မှာ မိန်းမ မတက်ရ၊ မ၀င်ရ ဆိုတာဟာ ယုံကြည်စွဲလမ်းမ အခြေခံနဲ့ ရာစုနှစ်တွေချြီ ပီး ကြာနေပြီဖြစ်တဲ့ တားမြစ်ချက် ဖြစ်ပါတယ်။ မိန်းမတွေ တက်လို့ ၀င်လို့ မရှေးမနှောင်းမှာ တိုက်ဆိုင်မှု ဆိုးကျိုး တစ်ခုခု ဖြစ်ရင် ဒါကြောင့်ပဲလို့ ယိုးမယ် စွဲကြမှာပဲ။

ဒါကြောင့် မိန်းမတွေ တက်ခွင့်ပြုဖို့ အရေးဆိုမယ် ဆိုရင်တောင် လူတွေ နားလည်လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါလိမ့်ဦးမယ်။ ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီး သမ္မတ ဖြစ်ဖို့ မလွယ်သေးဘူးး။ အမေရိကန် ပြည်တွင်းလေယာဉ်တွေကို ဘုန်းကြီးတို့ စီးရင် များသောအားဖြင့် အထူးစစ်ခန်းကို သွားရတယ်။ ခြားနားတဲ့ ယဉ်ကျေးမှုကြောင် အမြင်မူလို့ ယောကျာ်းဖြစ်ရက် နဲ့ အဲဒီလို ခွဲခြားဆက်ဆံ ခံရသေးတာပဲ။

(မှတ်ချက်။ ။ ဒီနေရာလေးမှာဗျာ ။ ကျားမ မခွဲပါဘူးဆိုတဲ့ အမေရိကမှာတောင် အမျိုးသမီး သမ္မတ ဖြစ်ဖို့ မလွယ်သေးဘူး။ …. ဆိုတာလေးနဲ့ဆက်စပ်ပြီး ကျွန်တော်စဉ်းစားမိတာလေးတစ်ခုကိုဖော်ပြချင်ပါတ ယ်။ နိုင်ငံရေးများ နည်းနည်းပါသွားမလားမသိဘူး။ :=) ။ ဒီလိုပါ၊ သီတဂူဆရာတော်ကြီးက ဒေါ်စုကို မှ ခေါင်းဆောင်မတင် ယင် ဘယ့်သူ့ကို ခေါင်းဆောင်တင်ရ မလဲဆိုတဲ့ သီတဂူဆရာတော်ကြီးရဲ့မိန့်ဆိုချက်လေးကို သဘောကျမိလို့ပါ။ ဘုရားသားတော်ဖြစ်တဲ့ သီတဂူဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကပင် အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးကိ ဘယ်လောက်အလေးထားအရေးပေးပြီးပြော ကြားသွားသလဲဆိုတာ သတိပြုမိယင် ဆင်ခြင်နိုင်ပါတ ယ်။ ဒါဆိုယင် အမျိုးသမီးတို့ရဲ့ အခွင့်အရေးကို ဘယ်သူက ပိုတန်ဖိုးထားသလဲဆိုတာပါ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သီတဂူဆရာတော်ကြီးကို အရမ်းပဲ လေးစားမြတ်နိုးစွာချစ်ခင်မိပါတယ်။ ယခု FB မှာ ဘေးထိုင် ဘုပြော နေကြတဲ့ သူတွေအတွက် ဆင်ခြင်ဖို့အလွန်ကောင်းပါတယ်။ ဒေါ်စုကို အမေခေါ် ပြန်ယင်လည်း အမေလို့ပဲ အခေါ်ခံချင်နေတယ် ထင်တယ်လို့ ပြောကြတယ်။ မမ လို့ ခေါ်ပြန်တော့လည်း မမ လို့ အခေါ်ခံချင်နေတယ် လို့ ပြောပြန်တယ်။ စဉ်းစားကြည့်ပါ။ အဒေါ် အမ အမေ မမ ဘယ်လိုပဲ ခေါ်ခေါ် ဒါဟာ ပညတ်တွေပါပဲ။ ပညတ်ဆိုပါသော်လည်း ပညတ်မှာလည်း သူ့တန်ဖိုးနဲ့ သူရှိပါတယ်။ ပညတ်မပါပဲ ပရမတ္တတရားကိုနားလည်အောင် ရှင်းပြနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့်လည်း မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက သမုတိသစ္စာလို့ ဟောတော်မူတာပါ။ အရာရာတိုင်းမှာ တန်ဖိုးကိုယ်စီ ရှိကြပါတယ်။ တန်ဖိုးရှိတဲ့ အရာတိုင်းကို ရယူဖို့ အတွက် ဓမ္မာဘေရီဆရာတော်ရဲ့ စကားနဲ့ပြောရယင် ကိုယ်စွမ်းရာက စဖို့လိုပါတယ်။ ကိုယ်စွမ်းရာက စယင် အစွမ်းရှိသလောက် အစွမ်းပြနိုင်ကြ မှာပါ။ ကိုယ်စွမ်းနိုင်သလောက် အစွမ်းပြနိုင်ဖိ့အတွက်တော့ ဗလ ၅ တန် နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ပတ်မကြီးထိုးဖောက်လိုတဲ့ အကြံ၊ ဘေးထိုင် ဘုပြော လုပ်နေကြယုံ ဖြင့်တော့ ကိုယ်လိုချင်တာ ရနိုင်ကြမယ်မဟုတ်ဘူးလို့ ကြုံတုန်းလေးမှာ ကျွန်တော့်ရဲ့ ဓမ္မမိတ်ဆွေများအတွက် စကားလက်ဆောင်လေးပေးချင်ပါတယ်ခင် ဗျာ။ သြော် နောက်တစ်ခုဗျာ။ ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာယင် ရှုထောင့်တစ်မျိုးထဲကနေ မကြည့်စေချင်ပါဘူး။

အဲဒါကို ဆရာတော် အရှင်ဦးဇောတိက က … A Map of the journey မှာ ဒီလို ပြောထားပါတယ်။ ( I have met many people who are always blaming others for their unhappiness, but they don’t try to learn anything that will help them to become more happy and peaceful. Try always to think about wholesome thoughts although it is very difficult to do. Most of our thoughts are unwholesome: greed, anger, pride, envy, jealousy. During the day try to be aware of what you are thinking about without wanting to control it. Whenever you catch yourself thinking about something unwholesome about someone or about something, try to look at it from a different angle and see if you can learn something from that situation and become positive as much as possible. All this is just preparation for meditation. If you think unwholesome thoughts all day and then sit and meditate and expect to be peaceful and happy, it is not possible because you have not prepared your mind. Thinking in a positive and wholesome way is reflecting and thinking properly.) ပါတဲ့ ။

အဲဒီလို ရှုထောင်စုံနဲ့ကြည့်ဖို့ကို ဆရာတော် နန္ဒမာလာဘိဝံသရဲ့ ပဋ္ဌာန်းတရားတော် အာသေ၀နပစ္စည်းမှာ၊ ရှုထောင့်စုံကနေ ပစ္စည်းပြိုင်တွေ ၊ အကြောင်းတရားတွေ ပြိုင်ဆိုင်ပြီးတော့ ဖြစ်ကြတာကို aspect လို့ ပြန်ပါတယ်။ ရှုထောင့်ခြင်းမတူကြဘူး။ အဲဒီလို မတူညီတဲ့ ရှုထောင့်ကနေကြည့်နိုင်အောင် ကြိုးစားဖို့တော့လိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ TNO )

မေတ္တာဖြင့် ---

ခြားနားချက်

ယုတ်မြတ်ဟူက ဤလောက၌

မိန်းမယောက်ျား သဘောအားဖြင့်

ခြားနားမရှိ သားချစ်သိလော့

သတိပညာ အရင်းသာတည်း။

(မဃဒေ၀၊ ပိုဒ် ၃၁၄)

ဓမ္မ အမေးအဖြေများ အရှင်ကေလာသ ဓမ္မာစရိယ၊ B.A (Philo) M.A (Buddhism) ဖြေဆိုသည်။