Tuesday, January 24, 2017

သုမနဒေ၀ီ

အနာထပိဏ်နှင့် ၀ိသာခါတို့သည် မိမိတို့၏
အိမ်သို့  ကြွရောက်တော်မူလာကြသော ရဟန်း
သံဃာတော်များ အတွက် ဆွမ်းဝတ်ပြုခြင်းကို
ကိုယ်တိုင်မဆောင်ရွက်နိုင်တော့ဘဲကိုယ်စားလှည်
အချို့ထား၍ ဆောင်ရွက်ကြရ၏။

ဝိသာခါကမူ မိမိ၏မြေးမကို မိမိ၏ကိုယ်စား
ဆောင်ရွက်စေ၏။

အနာထပိဏ်ကမူ မိမိ၏သမီးကြီး မဟာသုဘဒ္ဒါကို
မိမိ၏ကိုယ်စားဆောင်ရွက်စေ၏။

မဟာသုဘဒ္ဒါသည် ဖခင်အနာထပိဏ်၏ကိုယ်စား
ရဟန်းသံဃာတော်များ၏ ဆွမ်းကွမ်းဝေယျာဝစ္စကို
ဆောင်ရွက်ပြုစုလျက် တရားတော်များကိုမပြတ်နာ
ကြားရ၏။ မိမိနာကြားရသော တရားတော်အတိုင်း
ကျင့်ကြံအားထုတ်၏။ ထိုအခါ မဟာသုဘဒ္ဒါသည်
သောတာပန်ဖြစ်သွားလေ၏။ သောတာပန်ဖြစ်ပြီး
နောက် မိဘများ၏ စီမံချက်အရအမျိုးကောင်းသား
တစ်ဦးနှင့် အိမ်ထောင်ပြုရ၏။ အိမ်ထောင်ပြုပြီးသွား
သောအခါ ထိုခေတ် ဓလေ့အတိုင်း ခင်ပွန်းသည်၏
အိမ်သို့လိုက်သွားရ၏။

အနာထပိဏ်သူဋ္ဌေးကြီးသည် မဟာသုဘဒ္ဒါမရှိ
တော့သောအခါ ရဟန်းတော်များ၏ ဆွမ်းကွမ်း
ဝေယျာဝစ္စကိုဆောင်ရွက်ရန်သမီးလတ် စူဠသုဘဒ္ဒါ
ကို တာဝန်ပေးပြန်၏။ စူဠသုဘဒ္ဒါလည်းမဟာသု
ဘဒ္ဒါနည်းတူ ဆွမ်းကွမ်း ဝေယျာဝစ္စကို ဆောင်ရွက်
ပြုစုလျက် တရားတော်များကိုမပြတ်နာကြားရ၏။
မိမိနာကြားရသော တရားတော်အတိုင်း ကျင့်ကြံ
အားထုတ်၏။ ထိုအခါ စူဠသုဘဒ္ဒါသည်လည်း သော
တာပန်ဖြစ်သွားလေ၏။ သောတာပန်ဖြစ်ပြီးနောက်
မိဘများ၏ စီမံချက်အရအမျိုးကောင်းသားတစ်ဦးနှင့်
အိမ်ထောင်ပြုရ၏။ အိမ်ထောင်ပြုပြီးသွားသောအခါ
ထိုခေတ် ဓလေ့အတိုင်း ခင်ပွန်းသည်၏အိမ်သို့လိုက်
သွားရ၏။

ထို့နောက် သမီးငယ် သုမနဒေ၀ီကို မိမိ၏ကိုယ်စား
အိမ်သို့ကြွရောက်လာသော ရဟန်းတော်များ၏ ဆွမ်း
ကွမ်း ဝေယျာဝစ္စကိုဆောင်ရွက်ရန် တာဝန်ပေးပြန်၏။
သုမနဒေ၀ီသည် ဖခင်၏တာဝန်ပေးချက်အရ ရဟန်း
သံဃာတော်များ၏ ဆွမ်းကွမ်း ဝေယျာဝစ္စကို မလစ်
ဟင်းရအောင်ဆောင်ရွက်၏။ ရဟန်းသံဃာတော်များ
ထံမှ တရားဓမ္မများကိုနာယူ၏။ နာယူရုံ သက်သက်
သာမဟုတ်။ တရားဓမ္မတာအတိုင်း ကျင့်ကြံ အား
ထုတ်ရာ သုမနဒေ၀ီသည် သကဒါဂါမ်ဖြစ်သွား၏။

သုမနဒေ၀ီသည် မိမိကသကဒါဂါမ်ဖြစ်၍ ဖခင်ကြီး
ကမူ သောတာပန်မျှသာ ဖြစ်သေးသည်ကိုသိ၏။
ဖခင်ကြီးအားတရားဓမ္မများကိုဆက်လက်အားထုတ်
၍ အရဟတ္တဖိုလ်တိုင်အောင် ရောက်စေလို၏။
သို့ရာတွင် မိမိအနေဖြင့် တစ်စုံတစ်ရာကိုဖခင်ကြီး
အားတိုက်တွန်းပြောဆိုရန်မသင့်ဟု ယူဆထား၏။
ဖခင်ကြီးအားတိုက်တွန်းပြောဆိုရန်မသင့်ဟုယူဆ
ထား၏။ဖခင်ကြီးကား အလှူဒါန၌ ၀ါသနာကြီးသူ
ဖြစ်၏။ အထက်မဂ် အထက်ဖိုလ်များကို ရရှိရေး
အတွက်ကြောင့်ကြစိုက်မှုသိပ်မရှိလှ။

သုမနဒေ၀ီကမူ မိမိ၏ဖခင်ကြီးအား အထက်မဂ်
အထက်ဖိုလ်ကို ရရှိနိုင်ရေးအတွက် ကြောင့်ကျစိုက်
လာအောင် အရိပ်အမြွက်သဘောဖြင့်တင်ပြနိုင်မည့်
အခွင့်အလမ်းကိုသာ မျှော်လင့်စောင့်စားလျှက်ရှိ၏။
ထို့အပြင်ဖခင်ကြီး နေ့စဉ်နေ့တိုင်း ဇေတ၀န်ကျောင်း
သို့ရောက်လျက်ရှိရာ မြတ်စွာဘုရားထံတော်မှဖြစ်စေ
ရှင်သာရိပုတ္တရာထံတော်မှဖြစ်စေ အရဟတ္တဖိုလ်သို့
မျက်မှောက်ပြုနိုင်သော တရားဓမ္မများကို နာယူ၍
ကျင့်လည်းကျင့်စေချင်၏။ အနာထပိဏ်သည်သော
တာပန်ဖြစ်သော်လည်း အထက်မဂ်အထက်ဖိုလ်များ
အတွက်အားထုတ်ရန်ထက် သူတစ်ပါး၏ အကျိုး
စီးပွားကို ဆောင်ရွက်ရန်စိတ်အားပို၍ ထက်သန်၏။

သုမနဒေ၀ီသည် မကျန်းမမာဖြစ်လာ၏။ သို့ရာတွင်
စိတ်ဆောင်ပြီးရဟန်းသံဃာတော်များ၏ ဝေယျာဝစ္စ
ကို ဆောင်ရွက်နေသည့်ကြားမှ အစာအာဟာရပြတ်
ကာ ရုတ်တရက် ဝေဒနာပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
ထိုအခါ အလှူမဏ္ဍာပ်တစ်ခုအတွင်း၌ စီစဉ်ပေးနေ
သော ဖခင်သူဋ္ဌေးကြီးကြား၍ အိမ်သို့အမြန်ပြန်လာ
၏။

သမီးအနားသို့ကပ်၍
ဘယ်လိုနေသလဲ သမီး။

ဘာကိုမေးတာလဲ၊ မောင်လေး။

သမီးယောင်ယမ်းပြောနေတာလား။

ယောင်ယမ်းပြောနေတာ မဟုတ်ပါဘူး မောင်လေး။

သမီး သေရမှာကြောက်သလား။

သေရမှာ မကြောက်ပါဘူး မောင်လေး။

သုမနဒေ၀ီသည် အခွင့်အရေးကိုလက်လွတ်မခံပဲ
အသုံးကျအောင် အသုံးချသွား၏။ ဖခင်သူဋ္ဌေးကြီး
အား သံဝေဂရအောင် ပြောကြားပြီးသည်နှင့် တ
ပြိုင်နက်ကွယ်လွန်၍သုတိသာနတ်ပြည်သို့ ရောက်
သွားလေသည်။

အနာထပိဏ်သည် သောတာပန်ဖြစ်သော်လည်း
သမီးအတွက်များစွာ သောကရောက်ရ၏။ သမီး
၏အလောင်းကို သဂြိင်္ုလ်ပြီးနောက် ငိုကြွေးလျက်
မြတ်စွာဘုရားအား သွားရောက်လျှောက်ထား၏။

သတ္တ၀ါမှန်သမျှ တစ်နေ့တွင် မလွဲဧကန်သေရ
မည်ကို တပည့်တော်သိပါ၏။ သို့ရာတွင် သမီးငယ်
သုမနဒေ၀ီသည် နေ့စဉ်နေ့တိုင်းရဟန်းသံဃာတော်
နှစ်ထောင်ခန့်၏ ဆွမ်းကွမ်း ဝေယျာဝစ္စကို ပြုစု လုပ်
ကျွေးနေသူဖြစ်ပါလျက်သေခါနီးကာလ၌သတိလွတ်
ကာ ကယောင်ကတန်းပြောဆိုလျက်ကွယ်လွန်သွား
သည့်အတွက် တပည့်တော် သောက ရောက်ရခြင်း
ဖြစ်ပါသည်ဘုရားဟု အနာထပိဏ် သူဋ္ဌေးကြီးက
မြတ်စွာဘုရားအားလျှောက်၏။

မည်ကဲ့သို့သော ကယောင်ကတန်းများကို ပြောဆို
လျက်ကွယ်လွန်သွားပါသနည်းဟု မြတ်စွာဘုရားက
အနာထပိဏ်သူဋ္ဌေးကြီးအား မေးမြန်းရာ မောင်လေး၊
မောင်လေး ဟုယောင်ယမ်းပြောဆိုပြီးနောက် ကွယ်
လွန်သွားခြင်းဖြစ်ပါသည်ဘုရားဟု သူဋ္ဌေးကြီးက
မြတ်စွာဘုရားအား ပြန်လည်လျှောက်ထား၏။

ဒါယကာ သူဋ္ဌေးကြီး ဒါယကာသူဋ္ဌေးကြီး၏သမီးငယ်
သည်ယောင်ယမ်းပြောဆိုခြင်းမဟုတ်၊အရိယာအဆင့်
အားဖြင့်ဒါယကာကြီးက သောတာပန်၊ သမီးငယ်သုမ
နာဒေ၀ီကသကဒါဂါမ်။ သို့ဖြစ်၍ ဒါယကာကြီးထက်
သမီးငယ်က အဆင့်မြင့်သောကြောင့် ဒါယကာကြီးကို
မောင်လေး၊ မောင်လေးဟု ခေါ်ခြင်းဖြစ်၏။ ယခုအခါ
သမီးငယ် သုမနဒေ၀ီသည် တုတိတာနတ်ပြည်၌ ဖြစ်
၏ ဟု မြတ်စွာဘုရားက အနာထပိဏ်သူဋ္ဌေးကြီးအား
ရှင်းပြ၏။

ထိုအခါမှ အနာထပိဏ်သူဋ္ဌေးကြီး၏ သန္တာန်၌
သောက ပျောက်၍ မုဒိတာ ရောက်တော့၏။ သိက္ခာ
သုံးပါး၏အကျိုးကား အံ့ဖွယ်ရှိပေစွ။ ထိုအခါ မြတ်စွာ
ဘုရားသည် တရားနာပရိသတ်အား အောက်ပါဂါထာ
ကိုဟောတော်မူ၏။

ကုသိုလ်ကောင်းမူပြုသောသူသည် ဤဘ၀၌လည်း
ရွှင်လန်းရ၏။ တမလွန်ဘ၀၌လည်း ရွှင်လန်းရ၏။
ပစ္စုပ္ပန်၊ တမလွန် နှစ်ဘ၀လုံး၌ရွှင်လန်းရ၏။ ဤပစ္စု
ပ္ပန်ဘ၀၌ ကောင်းမှုကိုပြုပြီးပြီဟု ၀မ်းမြောက်ရ၏။
တမလွန်ဘ၀၌ကား ဤပစ္စုပ္ပန်ကုသိုလ်ကြောင့် သုဂ
တိဘ၀ ကိုရရှိသောအခါ ပို၍၀မ်းမြောက်ရ၏။

ဦးရွှေအောင်၏
ကုသိုလ်နှင့် အကုသိုလ်မှ ထုတ်နှုတ်ဖော်ပြသည်။

No comments:

Post a Comment