Sunday, January 22, 2017

ထိန မိဒ္ဓ တရား ပယ်ဖျောက်နည်း (၇)ပါး


မြန်မာမှုပြုထားသည့် "ငိုက်မျဉ်းခြင်း"ဟူသော စကားသည် "ထိန မိဒ္ဓ" ဆိုသည့် ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပါ၏။ ထို "ငိုက်မျဉ်းခြင်း"ဆိုသော "ထိန မိဒ္ဓ" တရားနှစ်ပါးသည် ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်သည့် (၆)ပါးသော "နီဝရဏ"ထဲမှ "တတိယမြောက် နီဝရဏတရား"ပင်ဖြစ်ပါ၏။ (ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း) ထိန မိဒ္ဓ နီဝရဏ လွှမ်းမိုးခြင်းကို ခံနေရသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဈာန် မဂ် ဖိုလ် တို့ကို ရရှိခြင်းမှ ဝေးကွာနိုင်ပါသည်။

ထို ဒေသနာကို ဗုဒ္ဓမြတ်စွာဘုရား က မည်သူ့ကို ,မည်သည့်နေရာ, မည်သည့် အချိန် တွင် မည်သည့်အကြောင်းကြောင့်, ဟောကြားခဲ့သည်ဆိုသည်လေးကိုတော့ အကျယ်သဘောအားဖြင့် ပြောပြချင်မိပါသဖြင့်ဤဓမ္မဆောင်းပါး ကို ရေးလိုက်မိပါသည်။ (သိရှိနားလည်ပြီးသူများ ကိုတော့ဖြင့် အနှုးအညွှတ်တောင်းပန်ပါသည်။)

မဟာသက္ကရာဇ် ၁၀၃ခုနှစ် ၊ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်မှာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်ကိုရရှိတော်မူခဲ့ပါသည်။

မဟာသက္ကရာဇ် ၁၀၃ခုနှုစ် ၊ပြာသိုလ် လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ရာဇဂြိဟ်ပြည်သို့ရောက်ရှိပါသည်။ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးစံနေတော်မူခိုက် အရှင်သာရိပုတ္တရာ အလောင်း "ဥပတိဿ"နှင့် အရှင်မဟာမောဂ္ဂလာန်အလောင်း "ကောလိတ" တို့ မြတ်ဘုရားထံသို့ နောက်ပါ တပည့်ပရဗိုဇ် (၂၅၀)နှင့်အတူ ရောက်ရှိလာကြပြီး နောက် "ဧဟိဘိက္ခူ ရဟန်း"အဖြစ်ကို ခံယူကြပါ၏။

အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဗုဒ္ဓထံတော်သို့ရောက်ရှိပြီး သောတာပန်အဖြစ်ဖြင့် ဧဟိဘိက္ခူရဟန်းအဖြစ်ကို ခံယူကြသည့် နေ့ သည် တပို့တွဲလဆန်း (၁) ရက်နေ့ဖြစ်ပါသည်။

ထိုနေ့ မှ စ၍ (၇) ရက်ပတ်လုံးတိုင်အောင် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက အိပ်စက်ခြင်းမပြုဘဲ (ရာဇဂြိုဟ်ပြည်အတွင်းက တစ်ခုသော “ကလ္လ၀ါဠပုတ္တ” ခေါ်တဲ့ရွာရဲ့အနီး တောအုပ်ကြီးထဲမှာ) တရားအလုပ် အားထုတ်တော်မူနေရင်းဖြင့် (၇) ရက်မျှ မအိပ်မနေ အားထုတ်ခဲ့ရ သဖြင့် ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်တော်မူပြီး စင်္ကြံဦးမှာ ထိုင်လျက်သား ငိုက်မျဉ်းသွားပါသည်။ (တပို့တွဲလဆန်း (၈) ရက်ဆိုတာ မမေ့စေချင်ပါ။)

ထို မဟာသက္ကရာဇ် ၁၀၃ခု၊ တပို့တွဲလဆန်း (၈)ရက်တွင် မြတ်စွာဘုရားသည် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၊ သုသုမာရဂိရမြို့ အနီးတွင်ရှိသော "ဘေသကဠာ" အမည်ရှိ တောအုပ်ထဲတွင် သီတင်းသုံးနေရင်းဖြင့် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် စင်္ကြံဦးမှာ ငိုက်မျဉ်းနေတာကို "ဒိဗ္ဗစက္ခု အဘိဉာဏ်"ဖြင့် မြင်တော်မူလိုက်ပါသည်။

ထိုအခါ ဗုဒ္ဓမြတ်စွာက "ဣဒ္ဓိဝိဓ အဘိဉာဏ်" (စိတ္တဂတိ-စိတ်၏သွားခြင်းကဲ့သို့ လျင်မြန်စွာ)ဖြင့် သွားရောက်ပြီး စင်္ကြံဦးတွင် ငိုက်မျဉ်းနေသည့် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးဆီသို့ ရောက်ရှိသွားတော်မူပြီးလျှင် အရန်သင့် ခင်းထားတော်မူသည့် နေရာတွင် ထိုင်တော်မူကာ-
"ချစ်သား မောဂ္ဂလာန်..။ သင်.. ငိုက်မျဉ်းနေတာလား……"ဟု မေးမြန်းလိုက်ပါသည်။

ထိုအခါကျမှ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်က-
"မှန်လှပါ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…….။ တပည့်တော် တဒင်္ဂငိုက်မျဉ်းသွားပါတယ် ဘုရား….။" ဟု လျောက်ထားလိုက်ပါသည်။

အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၏ အဖြေစကားကို ကြားပြီးသည့် နောက် "ဗုဒ္ဓမြတ်စွာ"က-

"ချစ်သား မောဂ္ဂလာန် …။ ထိန မိဒ္ဓဆိုတဲ့ ငိုက်မျဉ်းခြင်းကို ပယ်ဖျောက်ကြောင်းတရား ခုနှစ်ပါးရှိတယ်"…..အစချီ၍ အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

၁။ အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်တဲ့ အမှတ်သညာကိုပယ်ဖျောက်ခြင်း။

“ချစ်သား….၊ ဒီလို သင်ချစ်သား ငိုက်မျဉ်းနေတယ်ဆိုရင် အဲဒီအငိုက်ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့- မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းနဲ့၊
ကြိမ်ဖန်များစွာ မလေ့လာနှင့်၊ ပယ်ဖျောက်လိုက်ပါ။
အဲဒီလို မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းဘဲနေမယ်ဆိုရင် သင်ချစ်သားရဲ့ သန္တာန်မှာ အဲဒီငိုက်မျဉ်းခြင်း မိဒ္ဓတရားကို ပယ်ဖျောက်ပြီးသား ဖြစ်လိမ့်မယ်။” ဟု ဟောကြားပါသည်။

ဆိုလိုရင်းမှာ-
မအိပ်ငိုက်ခင်က နှလုံးသွင်းခဲ့သည့် အနိစ္စသညာ ကို ပယ်ဖျောက်ရပါမည်။
ထို သို့ ပယ်ဖျောက်ပြီး ဒုက္ခသညာ သို့မဟုတ် အနတ္တသညာကို ပြောင်း၍ နှလုံးသွင်းရပါမည်။
ထို့အတူ မိမိက ဒုက္ခသညာကို နှလုံးသွင်းနေသည်ဆိုလျှင် ငိုက်မျဉ်းလာသည့် အခါ ထို ဒုက္ခသညာကို ပယ်ဖျောက်ရပါမည်။ အနာပါနသညာကို နှလုံးသွင်းခဲ့သည် ဆိုလျှင်လည်း ထိုသညာကိုပယ်ရပါမည်။ အသုဘသညာကို နှလုံးသွင်းရှုမှတ်ခဲ့သည် ဆိုလျှင်လည်း ဒီငိုက်မျဉ်းကြောင်းဖြစ်စေတတ်တဲ့ ထို သညာကို ပယ်ဖျောက်ရပါမည်။

အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်သည့် အမှတ်သညာ ကို ပယ်ဖျောက်ခြင်း ဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်သည်ဟုဆိုလိုပါကြောင်း ရိပ်စားမိပြီ ထင်ပါသည်။

၂။ မိမိသင်ယူမှတ်သားဖူးသော ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်၊သုံးသပ်၊ဆင်ခြင် နှလုံးသွင်းခြင်း။

"ချစ်သား…၊အဲဒီလို ဒုက္ခသညာအစရှိတဲ့ မူလနှလုံးသွင်းသညာကို ပယ်ဖျောက်ပြီးပေမယ့် ငိုက်မျဉ်းခြင်း မပျောက်သေးဘူးဆိုရင်-
ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းပါ။
အဲဒီလို ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။"

မိမိသင်ယူမှတ်သားဖူးသည့် ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ်ဆင်ခြင် နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၃။ မိမိသင်ယူမှတ်သားဖူးသည့် ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံ၊သရဇ္ဈာယ်အမှု ပြုလုပ်ခြင်း။

"ချစ်သား……. အဲဒီလို ၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းဆင်ခြင်နေလို့မှ ငိုက် မျဉ်းခြင်း မပျောက်သေးဘူးဆိုရင်-
မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်ပါ။
အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်အမှု ပြုလုပ်ခြင်းဖြင့်လည်းပဲ ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၎။ နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်း။

"ချစ်သား မောဂ္ဂလာန်…….၊ အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်နေပေမယ့်လို့ ထိုငိုက်မျဉ်းခြင်းတရား မပယ်ရှား မ ပပျောက်သေးဘူးဆိုရင်-

မိမိရဲ့ နားပျဉ်း နားရွက်နှစ်ဘက်ကို လက်နဲ့ဘယ်ပြန်ညာပြန်ဆွဲပါ။
ဒါမှ ငိုက်ချင်သေးတယ်ဆိုရင် ညာလက်ဖြင့် ဘယ်ဘက်လက်ကို ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို ပွတ်သပ်ပေးပါ။ လက်ဖြင့် ကိုယ်ကိုလည်း ပွတ်သပ်ပေးလိုက်ပါ။

အဲဒီလိုလုပ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါ၏။

၅။ မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်း။

"ချစ်သား မောဂ္ဂလာန်…..။ ။နားနှစ်ဘက်ကို လက်နဲ့ဆွဲလို့မှ၊ လက်ဖြင့်ကိုယ်ကိုပွတ်သပ်လို့မှ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင်-

ထိုင်ရာကထပြီးတော့ မျက်နှာသစ်လိုက်ပါ။
မျက်နှာသစ်ပြီးတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုတဲ့ တူရှုအရပ်၊ လေးထောင့်ဆိုတဲ့ ဖီလာအရပ်လေးပါး၊ အထက်၊ အောက်ဆိုတဲ့ အရပ်နှစ်ပါးအားဖြင့် အရပ်ဆယ်မျက်နှာကို ဟိုဟိုဒီဒီ ကြည့်ပေးပါ။

ကောင်းကင်မှာရှိတဲ့ နက္ခတ်တာရာတို့ကို မော်ကြည့်ပေးပါတဲ့။

အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၆။ အလင်းရောင်ကို နှလုံးသွင်းခြင်း။

"ချစ်သား…မောဂ္ဂလာန်…….။ အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးပေမယ့်လို သင် ချစ်သားရဲ့ သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင်-

အလောကသညာပွားပါ။ အလင်းရောင်ကို နှလုံးသွင်းလိုက်ပါ။

ဆိုလိုတာက နေ့ဘက်မှာ အိပ်ချင်ငိုက်မျဉ်းချင်တယ်ဆိုရင် နေ့ဘက်ဆိုရင် နေရဲ့အလင်းရောင်ကို နှလုံးသွင်းကြည့်ရှုပေးရပါမယ်။

ညဘက်မှာ အိပ်ငိုက်ချင်သေးတယ်ဆိုရင် ကြယ်ရောင် လရောင်ကို နှလုံးသွင်းကြည့်ရှု့ပေးရပါမယ်။

အဲဒီလို ကြည့်ရှုပြီးတော့ “အလောကော……အလောကော…”ဆိုပြီးတော့ အလောကကသိုဏ်းကို ၊အလောကသညာကိုပွားများရပါမယ်

အဲဒီလို အလောသညာကို နှလုံးသွင်းပွားများလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

အလင်းရောင်ကို နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၇။ စင်္ကြံလျောက်ခြင်း။

"ချစ်သား……..မောဂ္ဂလာန်၊ အလောကသညာကို ပွားများဆောက်တည်ပါသော်လည်း သင် ချစ်သားရဲ့သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓတရားတွေ ကျန်သေးတယ်ဆိုရင်၊မပျောက်သေးဘူးဆိုရင်-

မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးပါ။

အဲဒီလို လူးလားခေါက်ပြန် ဣနြေ္ဒခြောက်ပါးကို ချူပ်တည်းပြီး စင်္ကြံလျှောက်ပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

ချစ်သား……..ဒီတရားခုနှစ်မျိုးဟာ ထိန မိဒ္ဓ ငိုက်မျဉ်းခြင်းတရားတွေကို ပယ်ဖျောက်နည်းများ ဖြစ်ပေတယ်…….ချစ်သား မောဂ္ဂလာန်………။

မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။ ချစ်သား…………မောဂ္ဂလာန်………..။
ဒီ ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း တရား(၇)ပါးဟာ ယောဂီသူတော်စင်များအဖို့ မှတ်မိထားရမယ့် ဆောင်ထားရမယ့်တရား ဖြစ်ပါတယ်။ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ဒီငိုက်မျဉ်းခြင်း ထိန မိဒ္ဓတရားကို ပယ်ရှားတွန်းလှန်ဖို့ လိုအပ်ပါတယ်။ ဒီခုနှစ်နည်းထဲက တစ်နည်းနည်းနဲ့ တွန်းလှန်ဖယ်ရှားလို့ရပါတယ်။"

ဟူ၍ ဗုဒ္ဓမြတ်စွာက "ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း" ကို "မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ တပို့တွဲလဆန်း (၈)ရက်နေ့တွင် "အရှင်မဟာမောဂ္ဂလာန်" ကို ဟောကြားခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာ က -

"ထို (၇)ပါးသောနည်းနှင့် မှ ငိုက်မျဉ်းခြင်း မိဒ္ဓတရား မပျောက်သေးဘူးဆိုလျှင်-

"ချစ်သား မောဂ္ဂလာန်..။ အိပ်စက်အနားယူတဲ့အခါမှာ (ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်း) ညာဘက်လက်ကို လဲလျောင်းပြီးတော့ ညာဘက်ခြေကို ခပ်ဆန့်ဆန့်တန်းတန်းထားပါ။
ညာဘက်ကိုစောင်းအိပ်ပါ။
ပြီးတော့ ဘယ်ဘက်ကဒူးကို အဲဒီညာဘက်ခြေရဲ့အပေါ် ရှေနားရောက်အောင်တိုးထားပြီးတော့ အိပ်စက်ပါ။
မအိပ်စက်ခင်မှာလည်းပဲ နံနက် ၄:၀၀နာရီကျရင် ငါအိပ်ရာမှထမယ်။
အဲဒိလို အချိန် နာရီသတ်မှတ်ပြီး ဘယ်ချိန် ဘယ်မိနစ်မှာ ငါအိပ်ရာကထမယ်လို့ နှလုံးသွင်းပြီးမှ သင်ချစ်သား အိပ်စက်ပါ။ လဲလျောင်းပါ။

ချစ်သား…….မောဂ္ဂလာန်။
အဲဒီလို သင်ချစ်သား…အချိန် နာရိသတ်မှတ်ပြီး ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်းပြုပြီး အိပ်စက်ခြင်းမှ နိုးထာလာတဲ့အခါရောက်ရင်လည်း သင် ချစ်သား…….”သေယျသုခ” လို့ခေါ်တဲ့ ပက်လက်လှန်ပြီးတော့ ဖြေပစ်လက်ပစ်ပြုပြီး "လဲလျောင်းရတဲ့ ချမ်းသာကို အားထုတ်ပြီးတော့ ငါမနေဘူး" လို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။

“ပဿသုခ” လို့ခေါ်တဲ့ ဗယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် ဗယ်ပြန် ညာပြန်လှည့်ပြီး တအိအိနဲ့ နေလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။

“မိဒ္ဓသုခ” လို့ခေါ်တဲ့ အိပ်ရာကနိုးပြီတဲ့နောက်မှာ ပြန်ပြီးအိပ်စက်လိုက်ရလို့ မှိန်းလိုက်ရလို့၊ ငိုက်လိုက်ရလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။

အဲဒီလို ကျင့်ကြံလိုက်နာမယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

"အရှင်မဟာမောဂ္ဂလာန်" ကိုယ်တော်မြတ်ကြီးသည် ဖော်ပြပါ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ တပို့တွဲလဆန်း (၈) ရက်နေ့တွင် မြတ်ဗုဒ္ဓဟောကြားသော ထို "ပစလာယမာနသုတ္တန်" ကို နာကြားရ၍ အရဟတ္တဖိုလ်ပေါက် ရောက်ပြီး ရဟန္တာဖြစ်တော်မူခဲ့ပါသည်။

("ပစလာယမာနသုတ်တော်"တွင် ထို ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း သာ ဟောကြားထားခြင်းတော့ မဟုတ်ပါ။ နော့ပေတဲ့ ဤနေရာတွင်မတော့ အဓိကဖြစ်သည့် "ငိုက်မျဉ်းခြင်းတရား ဖြေဖျောက်နည်း"ကိုသာလျှင် တင်ပြလိုက်ခြင်းဖြစ်ပါသည်။)

“မြတ်စွာဘုရား သာသနာတော်၌ သူတော်ကောင်းတရားတို့ကို ထထကြွကြွ ကြိုးစားအားထုတ်ကြကုန်လော့..။
မဆုတ်မနစ် အားသစ်ကြကုန်လော့..။
ဆထက် ထမ်းပိုး တိုး၍ ရှုမှတ်အားထုတ်ကြကုန်လော့..။
ဆင်ပြောင်ကြီးသည်. ကျူထရံအိမ်ကို နင်းချေဖျက်ဆီးသကဲ့သို့ ကိလေသာရန် မာရ်စစ်သည်အပေါင်းကို ထောင်းထောင်းချေမွ တိုက်ဖျက်ကြကုန်လော………။

အကြင်သူသည် ဤဓမ္မ၀ိနယခေါ် မြတ်စွာဘုရား၏ သာသနာတော်၌ အပ္ပမာဒသတိရှိသော ယောဂီသည်သာလျှင် ဘ၀သံသရာကို ဖယ်လွှဲ၍ ဆင်းရဲခြင်း၏ အဆုံးကို ပြုနိုင်လတ္တံ့ …။"

-မှီခိုရာ ကျမ်းကိုး

-အင်္ဂုတ္တရပါဠိတော်၊ သတ္တနိပါတ်၊ ပစလာယမာနသုတ်
-သဂါထ၀ဂ္ဂပါဠိတော်၊ ဒုတိယ၀ဂ်၊ အရုဏ၀တီိသုတ်
-မင်းကွန်းဆရာတော်ဘုရားကြီး၏ ချိန်ခွင်ကြီးလေးလက် တရားတော်
-ဓမ္မာစရိယ ဦီိးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ၊ နှာ ၃၆၈-၃၆၉

ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

ဉာဏ်လင်းမြို့

No comments:

Post a Comment