ကုသိုလ် တွေစစ်ကြမယ်

''ကောင်းမူကုသိုလ်
ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။ မကောင်းမှုအကုသိုလ်ပြု
လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ) ပါဠိလို ကုသလ၊
မြန်မာလိုကုသိုလ်ဟုခေါ်တွင်သည်။
ဤကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိတရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။
ယင်းစက်ဆုတ်ဖွယ်ရာ အကုသိုလ်တရားတို့ကို ဖျက်ဆီးပစ်ခြင်း၊ စိတ်အစဉ်မှာ
ကင်းကွာစေခြင်းကြောင့် ကုသိုလ်ဟုခေါ်သည်။ မှန်၏။ အကုသိုလ် တရားတို့ကို
ဖျက်ဆီး ကာကွယ်ရာတွင် မဟာကုသိုလ်တို့က တဒင်္ဂပဟာန်အားဖြင့်
အခိုက်အတန့်ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ်တို့ကား ဝိက္ခမ္ဘန ပဟာန်အားဖြင့်
အချိန်အခါကြာမြင့်စွာ ပယ်ခွာသည်။ မဂ်ကိုသိုလ်တို့ကား သမုစ္ဆေဒပဟာန်အားဖြင့်
နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။
ထို့ကြောင့်ကုသိုလ်သည်......
(၁) မဟာကုသိုလ်
(၂) မဟဂ္ဂုတ်ကုသိုလ်
(၃) မဂ်ကုသိုလ်...ဟုကုသိုလ်သုံးမျိုးရှိကြောင်းသိနိုင်ပါသည်။
လူသားတို့သန္တာန်၌ ဤကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက်အတန့်ဖြစ်စေ၊
အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ်တရား တို့ဖြစ်ပေါ်
ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ်ကို ပုည - ကောင်းမှုဟုခေါ်၍၊ အကုသိုလ်ကို
ပါပ - မကောင်းမှုဟုလည်း ခေါ်ကြသည်။ ခြုံငုံ၍ပြောရလျှင် ဒုစရိုက်
၁ဝ-ပါးလွန်ကြူးလျှင် မကောင်းမှုပြုသည်၊ အကုသိုလ်လုပ်သည်။ သုစရိုက် ၁ဝ -
ပါးကိုလိုက်နာ ပြုကျင့်လျှင် ကောင်းမှုပြုသည်၊ ကုသိုလ်ပြုသည်ဟု ခေါ်ရလေသည်။
အထက်ပါ ကုသိုလ် ၃ မျိုးတွင် မဟဂ္ဂုတ်ကုသိုလ်နှင့် မဂ်ကုသိုလ် တို့ကား ဈာန်ရ
မဂ်ရ ပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင်၏။ ဤ၌ကား လူများစုနှင့် သက်ဆိုင်သော
မဟာကုသိုလ်ကိုသာ ဆွေးနွေးတင်ပြပါမည်။ ကုသိုလ်ကောင်းမှုပြုရာ၌
ဝမ်းမြောက်ဝမ်းသာပြုလျှင် သောမနဿကုသိုလ် ဖြစ်၏၊ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ
မှန်တန်းအနေနှင့်ပြုလျှင် ဥက္ခောကုသိုလ်ဖြစ် ၏။ ကံ ကံ၏အကျိုးကို
သိရှိယုံကြည်ပြီး ပြုလျှင် ဥာဏသမ္ပယုတ်ကုသိုလ်ဖြစ်၍ ကံ ကံ၏အကျိုးကို
မသိပဲပြုလျှင် ဥာဏဝိပ္ပယုတ်ကုသိုလ်ဖြစ်သည်။
သူများ တိုက်တွန်းမှု မပါလျှင် အသင်္ခါရိက ကုသိုလ်ခေါ်သည်။
တိုက်တွန်းမှုပါလျှင် သသင်္ခါရိက ကုသိုလ် ခေါ်ဆိုရလေသည်။ အနှီကုသိုလ်တို့ကို
တွဲစပ်လိုက်သောအခါ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဝမ်းသာ ဥာဏ်ယှဉ် မတိုက်တွန်းပဲပြုသော ကုသိုလ်၊
(၂) ဝမ်းသာ ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသော ကုသိုလ်၊
(၃) ဝမ်းသာ ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသော ကုသိုလ်၊
(၄) ဝမ်းသာ ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်၊
(၅) မှန်တန်း ဥာဏ်ယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၆) မှန်တန်းဥာဏ်ယှဉ် တိုက်တွန်း၍ပြုသောကုသိုလ်၊
(၇) မှန်တန်းဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၈) မှန်တန်းဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်ဟု ကုသိုလ် ၈-မျိုး
ဖြာထွက်လာသည်။ ဤကုသိုလ် ဂ-မျိုးကိုပင် စိတ်နှင့်တွဲလိုက်သောအခါ
မဟာကုသိုလ်စိတ် ၈-ပါး ဟုဖြစ်လာလေသည်။ ပုံစံအားဖြင့် ပြရလျှင် ခင်ဝင်းကြည်
မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း ရေ ချမ်း ဆီမီးပန်းတို့ကို ဝမ်းမြောက်
ဝမ်းသာ ကပ်လှူ၏။ ကောင်းသောအမှုကို ပြုလျှင် ကောင်းသော အကျိုးကို
ရမည်ဟုသိလျှက် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်စူး၍ပူဇော်၏။
ဤသို့ဆွမ်းရေချမ်း ဆီမီးပန်းတို့ကို ဘုရားကပ်လှူရန် မည်သူကမျှလည်း
မတိုက်တွန်းရပေ။ ဤသို့ဆိုလျှင် ခင်ဝင်းကြည်လေး၏ သန္တာန်၌ ဖြစ်ပေါ်နေသော
ကုသိုလ်စိတ်ကို ''ဝမ်းသာဥာဏ်ယှဉ် ၊ မတိုက်တွန်းရပဲပြုသော
ကုသိုလ်စိတ်''ဟုခေါ်ဆိုရပေမည်။
မိဘတို့က ခိုင်းစေ၍ လုပ်ရသည် ဆိုလျှင်ကား တိုက်တွန်း၍ပြုသော
ကုသိုလ်စိတ်သာဖြစ်ရပေမည်။ အခြားကုသိုလ်စိတ် ဖြစ်နိုင်ပုံကိုလည်း
ဤအတိုင်းပင်မှန်းဆ၍ သိနိုင်လောက်ပါပြီ။ လူသားတို့၏သန္တာန်၌
ကုသိုလ်စိတ်ဖြစ်သမျှ ဤ ၈-မျိုးသာဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌
တိကျပိုင်းခြား၍ ထားခဲ့လေသည်။
ကုသိုလ်ကောင်းမှုပြုခြင်း (ပုညာယူဟန)သည်လည်း ၆-မျိုးရှိပြန်သည်။
(၁) မိမိသဘောအတိုင်း ကောင်းမှုပြုခြင်း၊
(၂) သူတပါးကို အားကျ၍ ကောင်းမှုပြုခြင်း၊
(၃) ကိုယ်ထိလက်ရောက် သာဟတ္ထိကမြောက် ပြုခြင်း၊
(၄) ခိုင်းစေ၍ လက်လွှဲပြုခြင်း၊
(၅) ကံကံ၏အကျိုးကိုသိ၍ပြုခြင်း၊
(၆) ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်း- ဟု ၆-မျိုးရှိသည်။ (အဋ္ဌသာလိနီ-၂ဝ၅)
ဖော်ပြပါ ကုသိုလ်ကောင်းမှုပြုခြင်း ၆- မျိုးတွင် ဘယ်နည်းနှင့်ပြုပြု
အထက်ပါကုသိုလ် ၆ မျိုး၌ အကျုံးဝင် သည်သာဖြစ်လေသည်။ ကံ ကံ၏အကျိုး ကိုသိ၍
ပြုခြင်းသည် ဥာဏ်ယှဉ်ကုသိုလ် ၄-မျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်းကား ဥာဏ်မယှဉ်ကုသိုလ်လေးမျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။
ကျန်ကုသိုလ်ပြုနည်းတို့ကား မဟာကုသိုလ် ၈ မျိုးတွင်
တမျိုးမျိုးဖြင့်ပြုခြင်း ဟုမှတ်ရပေမည်၊ ကုသိုလ် ၈-မျိုးကိုအဆင့်
အတန်းခွဲလိုပါလျှင် ဥာဏ်ယှဉ်ပြုသော ကုသိုလ်လေးမျိုးသည် ဥာဏ်မယှဉ်မပါသော
ကုသိုလ်လေးမျိုးထက် သာလွန်သည်။ ထိုဥာဏ်ယှဉ် ကုသိုလ်လေးမျိုးတွင်လည်း
ဝမ်းမြောက် ဝမ်းသာပြုခြင်း၊ ဥာဏ်ယှဉ်၍ပြုခြင်း၊ သူတပါးတို့ မတိုက်တွန်းရဘဲ
ပြုခြင်းဟုဆိုအပ်သော ပထမတန်းစား မဟာကုသိုလ်သာ အထူးချွန်ဆုံး
အထက်မြက်ဆုံးဖြစ်ပေသည်။
ထိုကုသိုလ်ရှစ်မျိုးကိုပင်
တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဟု ၂-မျိုးခွဲနိုင်သည်။ ကုသိုလ်ပြုရာ၌ ကံကံ၏
အကျိုးကို ယုံကြည်သော ကမ္မဿကတာ ဥာဏ်သည် အရေးကြီး၏။ ရုပ်နာမ်တရားတို့၌ အနိစ္စ၊
ဒုက္ခ၊ အနတ္တဟု ရှုတတ်သော ဝိပဿနာ ဥာဏ်ဖြစ်လျှင် သာ၍ထက်မြက်၏။ ထို့ကြောင့်
ကုသိုလ်ပြုစဉ် အခါဝယ် ကမ္မဿကတ ဥာဏ်ဖြစ်စေ၊ ဝိပဿနာဥာဏ်ဖြစ်စေ ဥာဏ်
တစ်ခုခုပါလျှင် တိဟိတ်ကုသိုလ် ဖြစ်သည်။ ထိုကဲ့သို့နားလည်သော ဥာဏ်မပါလျှင်
(ကလေးငယ်လူရိုင်းတို့ကဲ့သို့ တော်စွာ လျော်စွာ အမှတ် တမဲ့ပြုလျှင်) ဒွိဟိတ်ကုသိုလ်ဖြစ်သည်။
+ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဥာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်။
+ ကံကျိုးမသိ၊ ဥာဏ်မရှိ၊ ဒွိဟိတ်ကုသိုလ်ခေါ်။
ထိုတိဟိတ် ဒွိဟိတ် ကုသိုလ်နှစ်မျိုးကိုပင် ဥက္ကဋ္ဌကုသိုလ်
(မြင့်မြတ်သောကုသိုလ်) သြမကကုသိုလ် (အညံစားကုသိုလ်)ဟု ထပ်ဆင့်၍
ခွဲနိုင်ပြန်သည်။ မှန်၏- ကုသိုလ်ကောင်းမှု ပြုရာ၌ ပုဗ္ဗစေတနာနှင့်
အပရစေတနာများလည်း များသောအားဖြင့် ပါရှိရလေသည်။ တစ်ချို့မှာ မလှူခင်
ပုဗ္ဗစေတနာ အခိုက်၌ အလွန်ထက်သန်၏။ ကုသိုလ်နှင့်စပ်သော ဇောတွေ များစွာဖြစ်
လျှက်ရှိ၏။ ကုသိုလ်ပြုပြီး၊ အထမြောက်ပြီး အပရစေတနာ အခိုက်မှာလည်း လွန်စွာ
အားရ၏။ ပြုရပေပြီဟု ဝမ်းမြောက်လျှက်ရှိ၏၊ ထိုကုသိုလ်မျိုးသည်
ရှေ့ရောနောက်ပါ ကုသိုလ်ဇောတွေ ခြံရံလျှက်ပါသောကြောင့် လွန်စွာအားရှိ၏။
ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ် သော ကုသိုလ်) ဟုခေါ်ရ၏။
အချို့မှာမှု
ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမရှိ နှမြောတွန့်တိုခြင်း၊
တစ်စုံတစ်ရာအတွက် မကျေမနပ်ခြင်း၊ မိမိဂုဏ်သတင်းကြီး လိုခြင်းစသော အကုသိုလ်
တွေရှေ့သွားလျှက်ရှိ၏။ ကုသိုလ်ပြုပြီး နောက် အပရစေတနာအခိုက်မှာလည်း ပြုမိ
တားမိလေခြင်းစသည်ဖြင့် နှလုံးမသာ မယာဖြစ်ရ၏။ ထို ကုသိုလ်မျိုးမှာ
ရှေ့ရောနောက်ပါ အကုသိုလ်ခြံရံလျှက်ပါသောကြောင့် များစွာသောအာနိသင် မရှိ လှချေ။ သြမကကုသိုလ် (အညံစားကုသိုလ်) ဖြစ်ရလေသည်။
+ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ်ဆင့်၍ခေါ်။
+ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ တဖန်သြမကခေါ်။
ဤမျှဖြင့် ကုသိုလ်အကြောင်းနားလည်လောက်ပြီဖြစ်ပါသည်။
အလုပ်တစ်ခုခုလုပ်ရာတွင် ဦးတည် ချက် ရည်မှန်းချက်ထားရသကဲ့သို့
ကုသိုလ်ပြုရာ တွင်လည်း ဦးတည်ချက် ရည်ရွယ်ချက် (ပတ္ထနာ) ထားရပေ သည်။
ဤနိုင်ငံသားတို့သည် ကုသိုလ် ကောင်းမှုပြုရာ၌ တုံ့ဆိုင်းခြင်းမရှိပေ။
စွန်ကြဲပေးကမ်း လှူဒါန်းရာ၌ လည်း စေတနာရက်ရောလှပေသည်။
ဤကုသိုလ်စေတနာတွေကြောင့် ဆန်ရေစပါးပေါများ၍၊ သယံဇာတများ ကြွယ်ဝ
လျက်ရှိနေခြင်းဖြစ်သည်ဟုဆိုရပေမည်။
နိုင်ငံသားတို့၌ အဖိုးထိုက်စွာ အမြစ်တွယ် လျှက်ရှိနေသော ယင်းကုသိုလ်
စေတနာလေးများ ချို့ယွင်း ပျက်သွားမည်ကို စာရေးသူ အလွန်စိုးရိမ်မိ သည်။
ယင်းသို့ကုသိုလ် ကောင်းမှုပြုရာတွင် စေတနာမှန်သော်လည်း
လုပ်နည်းလုပ်ဟန်လွှဲနေလျှင် အကျိုးရ နည်းပါးနိုင်ပါသည်။ ထို့ကြောင့်
မည်သည့်ကောင်းမှု ပင်ပြုပြု လောကီချမ်းသာ လောကီ ပကာသနတွေကို မမျှော်ဘဲ
မဂ်ဖိုလ်နိဗ္ဗာန် လောကုတ္တရာချမ်းသာတို့ကို ရည်မှန်း၍ ပြုသင့်လှပေသည်။
ဝေလာမပုဏ္ဏားကဲ့သို့ ထမင်းရည်ချောင်းစီးအောင်လှူသည်ပင်ဖြစ်စေ၊
လောကီင်္ချမ်းသာ၊ လောကီပကာသန တို့ကိုမျှော်၍ပြုလျှင်၊ မစ္ဆာပဋိပဒါ-
အသိလွဲအမြင်လွဲ၊ လုပ်နည်းလုပ်ဟန် လွဲမှားခြင်း သာဖြစ်၏။ တစ်ယောက်ချိုမျှ
လောက်သော ယာဂုကိုလှူသည်ဖြစ်စေ၊ နိဗ္ဗာန်ချမ်းသာကိုရည်မှန်း၍
လှူဒါန်းလျှင် သမ္မာပဋိပဒါ - အသိမှန် အမြင်မှန်၊ လုပ်နည်း
လုပ်ဟန်မှန်ကန်ခြင်းဖြစ်၏။ (သံယုတ် နိဒါနဝဂ္ဂကထာ-ပဋိပဒါသုတ် ၁၈-ရှု့)။
ထိုပြင်ကုသိုလ်ကောင်းမှု ပြုရာ၌ ''ဣဒံမေ ဒါနံ အာသဝက္ခယံ ဝဟံ ဟောတု၊ ငါ၏
ဤဒါနကောင်းမှုသည် အာသဝေါတရား ၄ ပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို
ပို့ဆောင်နိုင်ပါစေဟု နှုတ်ဖြင့်ရွတ်ဆို၍ (ရည်မှန်း၍) ပြုလျှင် ဗောဓိဆု ၃
မျိုးကိုပင် အလိုလို ပြီးနိုင်ပါသည်။ ဗောဓိဆု ၃ မျိုးမှာ.....
(၁) သာဝကဗောဓိဆု- သာဝကအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
(၂) ပစ္စေကဗောဓိဆု- ဘုရားငယ်တစ်ဆူအဖြစ်နှင့်အဖြစ်နှင့်သစ္စာလေးပါးကိုသိမြင်ခြင်း။
(၃) သမ္မာ သမ္ဗောဓိဆု- ဗုဒ္ဓအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
မိမိတို့၏ ပါရမီအလျှောက် ဤဗောဓိဆုကြီးများ ပြီးမြောက်နိုင်ကြသည်ဟူလို။
ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာတွင် ကမ္မဿကတာဥာဏ်၊ ဝိပဿနာဥာဏ်နှင့်
ယှဉ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြင့်၎င်း၊ လောဘ ဒေါသစသော အကုသိုလ်တို့ မခြံရံ
အထက်တန်းစား တိဟိတ်ကုသိုလ်ဖြင့်၎င်း၊ နိဗ္ဗာန်ကို ရည်မှန်း၍ ကြိုးပန်းအား
ထုတ်နိုင်ကြပါစေသတည်း။
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ်၁၂)
No comments:
Post a Comment