Tuesday, January 31, 2017

အို သည့် တိုင်အောင် ကောင်းသည်.....................

အို သည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သီလ “ ပါပဲ။ သီလ ဆိုသည်မှာ စည်းကမ်းပါ။ ကိုယ်အမူအရာနဲ့ နုတ်အမူအရာ တွေကို စောင့်ထိန်းတဲ့ စည်းကမ်း ဖြစ်ပါတယ်။ သီလ ကောင်းတဲ့ လူဟာ အပြစ် ကင်းပါတယ်။ အပြစ်ကင်းလျှင် သုခ ချမ်းသာ ဆိုတဲ့ အကျိုးတွေ ရရှိနိုင်တာကြောင့်၊ မိမိ ကိုယ်မိမိ(confident) ယုံကြည်ခြင်း ကိုလည်း ဖြစ်စေပါတယ်။ မိမိဘ၀ကို ယုံကြည် စိတ်ချ မူ.ရှိနေတဲ့ ပုဂ္ဂိုလ်ဟာ သေလည်း သေရဲပါတယ်။ နေလည်း နေရဲပါတယ်။ သီလ ကောင်းရင် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ခြင်း ၊ ကိုယ့်ကိုယ်ကိုယ် စွတ်စွဲခြင်း ၊ မိမိကိုသူတစ်ပါး စွတ်စွဲခြင်း၊ ဘေးမှလည်း ကင်းဝေးစေသောကြောင့် စိတ်က အမြဲတမ်း ကြည်လင် နေစေပါတယ်။ စိတ်ကြည်လင်တဲ့ အတွက်ကြောင့် ရုပ်ပါ ကြည်လင်လာစေ ပါတယ်။ ရုပ်ကို စိတ်က အစဉ်သဖြင့် ပြောင်းလဲ စေပါတယ်။ လူတို.ရဲ့ ခန္ဓာကိုယ် တကိုယ်လုံးဟာ သွေးများနဲ့ လည်ပတ် နေပါတယ်။ စိတ်ရဲ့ ပြောင်းလဲမှု.ကြောင့် နှလုံးသွေးကလည်း ပြောင်းလဲလာပြီး မျက်နှာအနေ အထားလည်း ပြောင်းလဲလာတတ် ပါတယ်။ နှလုံးသွေးဟာ ဥာဏ်ဝင်တဲ့အခါ ပတ္တမြားရောင် တောက်ပါတယ်။ သဒ္ဓါ ၀င်တဲ့အခါ ရွှေရောင် တောက်ပါတယ်။ ရာဂ ၀င်လျှင် နီတတ် ပါတယ်။ မောဟ၀င်တော့ နီကျဲကျဲပါ။ ၀ိတက်ဝင်တော့ ဖြူကြဲကြဲ အရောင်ဖြစ်ပါတယ်။ ဒေါသ၀င်ရင် မဲပါတယ်။ ဒါကြောင့် စိတ်တိုတဲ့ အချိန်ဆိုရင် မျက်နှာပေါ်တွင် မဲပုတ် နေတတ်ပါတယ်။ အဲဒါဟာ ရုပ်ကို စိတ်က အစဉ် သဖြင့် ပြောင်းလဲစေတဲ့ သဘော ကြောင့်ပါ။ ဒါကြောင့် မိမိတို. ရဲ့ ကိုယ် ၊ နုတ်နှစ်ပါး (ကာယကံ၊၀စီကံ) နှစ်ပါး ကို သီလ ဆိုတဲ့ စည်းကမ်းနဲ့ စောင့်ထိန်း ရပါမယ်။ သီလ စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ဟာ အပြစ်ကင်းပြီး၊ မိမိကိုယ်ကိုယ် စွတ်စွဲခြင်း၊ သူတစ်ပါး စွတ်စွဲခြင်းတို.မှလည်း ကင်းဝေးပါတယ်။ စိတ်နှလုံး ကြည်လင် စေပါတယ်။ စိတ်နှလုံး ကြည်လင်သောကြောင့် နေတော့လည်း ကြည်လင် သေတော့လည်း ကြည်လင် ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင် ကောင်းသည် ဆိုတာ သီလပါပဲ။ အိုခြင်း တစ်ရားကို သီလနဲ. တန်ဆာဆင်ပါ။
၂ ။ အို သည့် တိုင်အောင် ၊ နာသည့်တိုင်အောင်၊ သေသည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သဒ္ဓါ ” ပါပဲ။ သဒ္ဓါ ဆိုတာက စိတ်ကိုကြည်လင် စေပါတယ်။ ဘာကြောင့် စိတ်မှာ သဒ္ဓါ ဖြစ်စေသလဲ ဆိုရင် ကံ၊ ကံ၏ အကျိုးနဲ့ ဘုရား၊ တရား၊ သံဃာ၊ သာသနာတော်ရဲ့ ကျေးဇူးကို ယုံကြည်ပြီး စိတ်ထဲမှာ ကြည်လင် လာလို.ပါ။ သဒ္ဓါဟာ၊ စိတ်ကို ကောင်းစွာ ကြည်စေ တတ်တဲ့ သတ္တိ အထူး ရှိပါတယ်၊ သဒ္ဓါ စိတ်ကြောင့်၊ သဒ္ဓါကောင်းဖြစ်ရင်၊ သဒ္ဓါကောင်းစွာရရင်
၁။ ကိလေသာ အကြမ်းစားတွေကို အနည်ထိုင် သွားစေပါတယ်။
၂။ စိတ်ပေါ်မှာ လွမ်းအုပ်နေတဲ့ အညစ်အကြေးတွေ ကွာသွားစေပါတယ်။
၃။ ပူလောင်နေတဲ့ စိတ်နှလုံးသားတွေဟာ အေးချမ်း သွားစေပါတယ် လို.ဆိုထားပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းဟာ သဒ္ဓါ တရားကို ဖြစ်ပွားစေတဲ့ အကောင်းဆုံး ဗုဒ္ဓနုဿတိ ဘာဝနာ ဖြစ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်ချက် မရှိရင် လောကမှာ အကျင့် သီလ ကောင်းသော်လည်း၊ ဘ၀ သံသရာမှာ အခက်အခဲ တွေ အများကြီး တွေ.နိုင်ပါတယ်။ မျက်မှောက် ဘ၀မှာ ခဏ၊ ခဏ စိတ်ညစ် ရတတ်ပါတယ်။ ယုံကြည်ချက် မရှိလျှင် ဘ၀သံ သရာ ကို မကူး ခတ်နိုင်ပါဘူး။ ဒါကြောင့်အို သည့်တိုင်အောင်၊ နာသည့်တိုင်အောင် ၊ သေသည့် တိုင်အောင် ကောင်း တာ သဒ္ဓါလို့် မိန့်ကြားတော် မူခဲ့ပါတယ်။ ၃ ။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ ပညာ “ ပါပဲ။ ပညာဆိုတာ အသေးစိတ် သိနားလည်ခြင်း (Detail Understanding) ပါ။ ကျောင်းတွေ၊ တက္ကသိုလ်တွေက သင်ပေးလိုက်တဲ့ ပညာရပ်အပြင်၊ လောကကြီးကို အမှန်တကယ် မိမိကိုယ်တိုင် လျှေက်လှမ်း တဲ့အခါ ဘ၀မှာ ကြုံတွေ.လာတဲ့ ပြသနာတွေ၊ အခက်အခဲတွေကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို သိတာကိုလည်း ပညာလို. ခေါ်ပါတယ်။ ထိုပညာကို လောကထဲမှာသာ သင်ယူလို.ရနိုင် ပါတယ်။ ဒါကြောင့် ကမ္ဘာလောက ကြီးဟာ လူသားတို့ရဲ့ ဆရာသမား ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နုပျိုသော်ငြားသော်လည်း ပညာမတတ်လျှင် အချီးအနှီးပါပဲ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ပညာတော့ သိပ်တတ်ပြီး၊ သဒ္ဓါခေါင်းပါးလျှင်လည်း ကောက်ကျစ်တဲ့ ပညာတတ် အဖြစ်သို. ရောက် သွားတတ် ပါတယ်။ သဒ္ဓါ ယုံကြည်ချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပေမဲ့ ပညာ(အသိဥာဏ်) ကင်းမဲ့တဲ့ ယုံကြည်ချက်ဆိုရင် အကန်းရုံ ဖြစ်သွား တတ်ပါတယ်။ သီလကင်းမဲ့ပြီး ပညာ သိပ်တတ်ခြင်း ဟာလည်း ယုတ်မာတဲ့ ပညာတတ် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အိုသည့်တိုင်အောင် ကောင်းသည်မှာ၊ သီလ၊ သဒ္ဓါ ၊ ပညာ၊ ပါပဲလို. မိန်.တော်မူခဲ့ပါတယ်။
၎။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု. “ ပါပဲ။ မိမိ ဘ၀ တစ်လျောက်လုံး ကောင်းစေရန်အတွက် ကုသိုလ် ကောင်းမှု.တွေကို များများကြီး စုဆောင်း ထားသင့်ပါတယ်။ ရာထူး ဥစ္စာ၊ စီးပွား၊ တက်ချင်တိုင်း တက်ပါစေ။ ထိုအရာများဟာ နှစ်တစ်ရာ အတွင်းမှာ ကိုယ်ပိုင်ဆိုင် ထားမယ်လို. ယုံကြည်လို. မရနိုင်ပါဘူး။ ဘ၀ဆိုတာ ရှေ့သို့သာ ဦးတည် သွားနေပါတယ်။ ဒါကို ဥပမာလေး တစ်ခုနဲ့ ပြောပြရလျှင်တော့ - ရန်ကုန် ကနေ မန္တလေး သို. သွားမယ် ဆိုကြပါစို.။ ဘူတာကြီးသွားပြီး ရထားလက်မှတ်ဝယ် တဲ့အခါ လက်မှတ် လေးမှာ ခုံနံ ပါတ် လေးရေးပေး လိုက်ပါတယ်။ အဲဒီလက်မှတ် လေးကိုင်ပြီး ဒီတွဲနံပါတ်ဟာ ငါ့အတွဲ ၊ဒီခုံက ငါ့ခုံ၊ ဆိုပြီးတော့ တက်ထိုင်လိုက် ပါတယ်။ ရထားက ရန်ကုန်က နေထွက် သွားပြီး ပဲခူးရောက် ပါတယ်၊ ရန်ကုန်၊ မန္တလေး မိုင်ပေါင်း ၄၅၀ ကွာဝေးတယ်ပဲထား၊ ပဲခူးရောက်တော့ မိုင် ၅၀ ကုန်သွားပါပြီ။ သူပိုင်ဆိုင်ခွင့် မိုင် ၄၀၀ပဲ ကျန်ပါ တော့တယ်။ ရထားကလည်း ရှေ့သို.ပဲသွားပါတယ်၊ နောက်ပြန်မဆုတ်ပါဘူး၊ ပျဉ်းမနား ရောက်တော့ မိုင်နှစ် ရာကျော်သွားပြီ။ ကိုယ်ပိုင်ဆိုင်ခွင့် တွေက တဖြည်းဖြည်းလျော့ သွားပါတယ်၊ ရှေ.ကိုပဲ သွားရင်း၊ သွားရင်း နဲ့ ငါပိုင်ဆိုင်တဲ့ ဥစ္စာတွေ၊ တဖြည်းဖြည်းခြင်း ငါပိုင် ငါပိုင် ဆိုတာတွေ တဖြည်းဖြည်း ကုန်ဆုံးနေတာကို အားလုံး သတိမပြုမိ လိုက်ကြပါဘူး၊ မန္တလေးဘူတာကို ရထားဝင်လို.၊ ရထားလည်းရပ်ရော ထိုရထား လက်မှတ်ဟာ ဘာမှ အသုံးမ၀င်တော့ သလို ၊ ငါ့တွဲ၊ ငါ့ထိုင်ခုံ ဆိုပြီး ယူသွားလို့ မရပါဘူး။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါ။ ဘူတာ ဆိုက်တဲ့အခါ ရထားပေါ်ကယူ သွား လို.ရမှာက တွဲနဲ့ထိုင်ခုံ မဟုတ်ပါဘူး၊ ကိုယ့်အိပ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံဖြစ်တဲ့ ရိက္ခာထုတ် ကသာ ကိုယ့်သွား လေရာ သယ် သွား လို့ ရမဲ့ ရိက္ခာပါပဲ။ (ကိုယ့်ရဲ့ ရိက္ခာထုတ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ် ကောင်းမှု.တွေကို ဆိုလိုတာပါ) လူသားအားလုံးဟာ လူ.ဘ၀ခရီးမှာ ပိုင်ဆိုင်မှု.၊ စီးပွားဥစ္စာ၊ ရာထူး၊ တွေဆိုတာကတော့ ဘူတာ မဆိုက်ခင်လေး ပိုင်ဆိုင်ကြ ရတာပါ။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါပဲ။ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု.နှင့် ကိုယ်ပြုတဲ့ ဒါန၊ သီလ၊ သမထ၊ ၀ိပသနာ ဆိုတဲ့ကောင်းမှု. တွေဟာ ရန်သူမျိုးငါးပါး တို့ လုယက် ဖျက်စီးလို. မရတဲ့အတွက် ကိုယ်ပိုင်ဥစ္စာ လည်းဖြစ်ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင်၊ နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ “ သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့ ကုသိုလ်ကောင်းမူ.” ပါပဲ။ ထိုလေးမျိုးဟာ ဘ၀ကို လှပစေဘို့ရာ ဘ၀ရဲ့အလှ တန်ဆာများ ဖြစ်ပါတယ်။ ရုပ်ခန္ဓာကြီးကတော့ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ငါးဆယ်ကျော်တာနဲ့ ဘ၀တစ်ဝက်ကျိုးတာနဲ့ ဆွေးမြေ့ပျက် စီးမှု့တွေ ထင်ရှားစွာ ပြပြလာမှာ ကိုတွေ.ရမှာပါ။ ဆွေးမြေ့ပျက်စီး သွားတဲ့ရုပ်ခန္ဓာကို ဒီလေးခုနဲ့ တန်ဆာဆင် အလှဆင်ပြီး အိုသည့်တိုင်အောင် ကောင်းတာသီလ၊ နာသည့် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါ၊ အိုနာသေ ဘယ်လောက်နှိပ်စက် ပါ စေ ပညာနဲ့ ကုသိုလ်ကောင်းမူ. တို.သာလျှင် ဘ၀ရဲ့ကောင်းကြောင်း တရားတွေ ဖြစ်တယ် လို့ မြတ်စွာဘုရားက နတ်သားအား ဖြေကြား တော် မှုခဲ့ပါတယ်။ နတ်သားကလည်း ထိုအဖြေများအား ၀မ်းမြောက် ကျေနပ်သဖြင့် မြတ်စွာဘုရားအား ရှိခိုးဦးချကန့်တော့ပြီး သန်းကောင်ယံမှာ သူနဲ့ပါလာတဲ့ နတ်ပရိတ် သတ် ထောင်သောင်းကို ခေါ်၍ နတ်ပြည်သို့ ပြန်တော်မူပါတယ်။ ထို သီလရယ် သဒ္ဓါရယ်၊ ပညာရယ်၊ ကုသိုလ်ကောင်းမှု.ရယ် ဆိုတာကို သာဓုလေးပါးလို့ မှတ်သားထားကြပါတယ်။ ဘ၀ရဲ့ အကောင်းတရားလေးပါးဖြစ်တဲ့ ထိုသာဓု တရားလေးပါးနဲ. မိမိတို့ရဲ့ ဘ၀ကို အိုသည့် နာသည့် သေသည့် တိုင်အောင် အကောင်းဆုံး အလှပြင်၍ တန်ဆာ ဆင်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ အားလုံးပဲ ဘ၀ကို လှပစွာ ဖြတ်သန်း နိုင်ကြပါစေ ။
credit to -- ကျွန်မ ချစ်သော ရွှေမန္တလေး ။
ကျန်းကိုး- (ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီး - ဦးဉာဏိဿရ ၏ ဘ၀ကောင်းကြောင်း တစ်ရာ့လေးပါး တရားတော်)

Tuesday, January 24, 2017

"ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ"

"ဘာသာမရွေးကျင့်ကြံနိုင်တဲ့ မင်္ဂလာတရားတော်များ"ဘာသာမရွေးကျင့်ကြံနိုင်တဲ့ လကာင်္လေးပါ....။
၃၈-ဖြာ မင်္ဂလာ
ဘာသာမရွေး, ပုဂ္ဂိုလ်မရွေး, လူမျိုးမရွေး, လိုက်နာကျင့်သုံးကြဖို့၊ ထိုသို့လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်းအကျိုး၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်းအကျိုး၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်း အကျိုးများကို ရရှိခံစားကြရဖို့ရာ ၃၈-ဖြာမင်္ဂလာကို မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့ပါသည်။

ဆက်ဆံရေးမင်္ဂလာ ၃-ပါး
၁။ အသေ၀နာ စ ဗာလာနံ-လူမိုက်ဆိုလျှင်၊ ဝေးဝေးပင်၊ ရှောင်ကြဉ်နေရမည်။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ-ပညာရှိမြတ်၊ ပေါင်းဖော်အပ်၊ ဆည်းကပ်နေရမည်။
၃။ ပူဇာ စ ပူဇနေယျာနံ-ပူဇော်ထိုက်သူ၊ စိတ်ကြည်ဖြူ၊ ပူဇော်နေရမည်။

နေထိုင်ရေးမင်္ဂလာ ၃-ပါး
၁။ ပတိရူပ ဒေသ၀ါသော စ-သင့်တင့်လျောက်ပတ်၊ ထိုအရပ်၊ မပြတ်နေရမည်။
၂။ ပုဗ္ဗေ စ ကတပုညတာ-အတိတ်ဘ၀၊ မြတ်ဒါန၊ မုချရှိရမည်။
၃။ အတ္တသမ္မာပဏိဓိ စ-မိမိခန္ခာ၊ ထိန်းကျောင်းကာ၊ ကောင်းစွာထားရမည်။

ပညာရေးမင်္ဂလာ ၄-ပါး
၁။ ဗာဟုသစ္စဉ္စ-ပညာဆိုလျှင်၊ ကြား-သိ-မြင်၊ စုံလင် ပြည့်ရမည်။
၂။ သိပ္ပဉ္စ-လက်မှုပညာ၊ စက်မှုပါ၊ စုံစွာတတ်ရမည်။
၃။ ၀ိနယော စ သုသိက္ခိတော-ရဟန်းကျင့်ဝတ်၊ လူကျင့်ဝတ်၊ မချွတ်ထိန်းရမည်။
၎။ သုဘာသိတာ စ ယာ ၀ါစာ-စကားချိုသာ၊ ပျားသကာ၊ ကောင်းစွာဆိုရမည်။

ပြုစုလုပ်ကျွေးရေးမင်္ဂလာ ၃-ပါး
၁။ မာတာပိတု ဥပဋ္ဌာနံ-အမိ-အဖ၊ လုပ်ကျွေးကြ၊ နိစ္စမြဲရမည်။
၂။ ပုတ္တဒါရဿ သင်္ဂဟော-သားနှင့်သမီး၊ ကိုယ့်ဇနီး၊ ချီးမြှင့်ကြရမည်။
၃။ အနာကုလာ စ ကမ္မန္တာ-အပြစ်ကင်းကွာ၊ အလုပ်သာ၊ မှန်စွာလုပ်ရမည်။

ကူညီဆောင်ရွက်ရေးမင်္ဂလာ ၄-ပါး
၁။ ဒါနဉ္စ-ပေးကမ်းစွန့်ကြဲ၊ အလှူပွဲ၊ အမြဲရှိရမည်။
၂။ ဓမ္မစရိယာ စ-ကုသိုလ်တရား၊ လေ့လာပွား၊ ကြိုးစားကျင့်ရမည်။
၃။ ဉာတကာနဉ္စ သင်္ဂဟော-ဆွေမျိုး လူမျိုး၊ အများကျိုး၊ သယ်ပိုးကြရမည်။
၎။ အန၀ဇ္ဇာနိ ကမ္မာနိ-ကောင်းမှုထင်လင်း၊ အပြစ်ကင်း၊ မယွင်းပြုစုမည်။

ရှောင်ကြဉ်လိုက်နာရေးမင်္ဂလာ ၄-ပါး
၁။ အာရတီ ပါပါ-မကောင်းမှုလျှင်၊ စိတ်နှင့်ပင်၊ ရှောင်ကြဉ်ကြရမည်။
၂။ ၀ိရတီ ပါပါ-မကောင်းမှုလျှင်၊ ကိုယ်နှုတ်ပင်၊ ရှောင်ကြဉ်ကြရမည်။
၃။ မဇ္ဇပါနာစ သံယမော-သေရည်သေရက်၊ သောက်စားဖက်၊ တသက်ရှောင်ရမည်။

ခြိုးခြံခြင်းမင်္ဂလာ ၄ပါး
၁။ တပေါ စ-ခြိုးခြံမဖြုန်း၊ သူမြတ်ထုံး၊ ကျင့်သုံးနေရမည်။
၂။ ဗြဟ္မစရိယဉ္စ-စင်ကြယ်မြင့်မြတ်၊ ပဋိပတ်၊ မပြတ်ကျင့်ရမည်။
၃။ အရိယသစ္စာန ဒဿနံ-သစ္စာလေးပါး၊ မြတ်တရား၊ ပိုင်းခြား မြင်ရမည်။
၎။ နိဗ္ဗာန သစ္ဆိကိရိယာစ-အပူကင်းပျောက်၊ နိဗ္ဗာန်ရောက်၊ မျက်မှောက်ပြုရမည်။

မတုန်လှုပ်ခြင်းမင်္ဂလာ ၄-ပါး
၁။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ-လောကဓံများ၊ တွေ့သော်ငြား၊ စိတ်ထားငြိမ်ရမည်။
၂။ အသောကံ-ဆွေမျိုး ပျက်ချိန်၊ ဂုဏ်သေးမှိန်၊ စိုးရိမ်ကင်းရမည်။
၃။ ၀ိရဇံ-ကိလေသာမျိုး၊ ရမ္မက်ဆိုး၊ ဖြတ်ချိုးရှင်းရမည်။
၎။ ခေမံ-ကိုယ်တွင်း ကိုယ်ပြင်၊ ကိလေစင်၊ ဘေးလျှင်ကင်းရမည်။

ဤမင်္ဂလာများကို လိုက်နာကျင့်သုံး နေထိုင်သွားကြမယ်ဆိုရင် မြန်မာ ပြည်သူ ပြည်သား ဗုဒ္ဓဘာသာ ကလျာဏနွယ်ဝင် သူတော်စင် အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့မှာ ရန်သူရန်ဘက် မနှိပ်စက်နိုင်ခြင်း၊ ဘေးရန်ကင်းကွာ လွန်ချမ်းသာခြင်း၊ တိုးတက်စည်ကား လွန်ကြီးပွားခြင်းအကျိုးတို့ကို ရရှိခံစားကြရမှာ ဖြစ်ပါသည်။

ချမ်းသာကြီးဆရာတော် ဦးဇောတိက
ဘ၀ချမ်းသာရေး တွေးမြင်ကြံဆ ဓမ္မအရသာ-စာအုပ်မှ

ဦးဂိုအင်ဂါ ၀ိပဿနာ အမေးအဖြေ

မေး ။ ။ ဒီညပိုင်း တရားထိုင်ရာမှာ ကျွန်တော်
ကြာကြာထိုင်နိုင်ပြီး မလှုပ်မရှားနေနိုင်တဲ့ထိုင်ပုံကို
တွေ့ခဲ့ပြီး စမ်းထိုင်ကြည့်ပါတယ်။ ဒါပေမယ့်ဘာ
ဝေဒနာမှပေါ်မလာပါဘူး။ အဲဒီပုံစံအတိုင်းဆက်ထိုင်
ရင် ဝေဒနာတွေပေါ်လာပါမလား။ ဒါမှမဟုတ်ရင်
ပုံစံဟောင်းအတိုင်း ပြန်ပြီးထိုင်ရရင် ကောင်းမလား။

ဖြေ။ ။ ဝေဒနာပေါ်စေလိုလို့တော့ ပင်ပန်းတဲ့ပုံစံနဲ့
ထိုင်ဖို့ မကြိုးစားပါနဲ့။ ထိုင်ဖို့ကောင်းတဲ့ပုံစံတွေအနေ
နဲ့သံချောင်းတွေပေါ်မှာထိုင်ခိုင်းရင်နည်းလမ်းကျပါ့
မလား။ ကိုယ်ကိုမတ်မတ်ထားပြီး ဝေဒနာတွေဟာ
အလိုအလျောက်ပေါ်လာတဲ့ထိုင်ပုံမျိုးနဲ့ သက်တောင့်
သက်သာပဲထိုင်ပါ။ ဝေဒနာတွေပေါ်ပါစေလို့ တကူး
တက မကြိုးစားပါနဲ့။ သူ့အလိုလိုသာ ဖြစ်နေပါစေ။
ပေါ်မှာကိုတော့ စိတ်ချပါ။ ဘာကြောင့်လဲဆိုတော့
ကိုယ်ထဲမှာ ဝေဒနာတွေကရှိနေတာပဲ။ အရင်က
ရခဲ့ဖူးတဲ့ ဝေဒနာမျိုးကိုချည်း မျှော်လင့်နေတဲ့အတွက်
မတွေ့ရတာဖြစ်နိုင်ပါတယ်။ တစ်မျိုးတစ်ဖုံအနေနဲ့
လာချင်လာတတ်တာပဲ။
----------------------------

မေး ။ ။ ခုတွေ့ရတဲ့ဝေဒနာတွေဟာ သိမ်မွေ့
လာပါတယ်။ ပြီးတော့ ပထမထိုင်စက အနေအထား
ဟာ ကြာကြာငြိမ်ပြီးအနေနိုင်ဘူး။ ထိုင်တဲ့ပုံစံကိုခဏ
ခဏ ပြောင်းပေးနေရပါတယ်။

ဖြေ ။ ။ ပိုပြီးထိုင်လို့ကောင်းတဲ့အနေအထားတွေ့ပြီ
ဆိုတာ ကောင်းပါတယ်။ ဒီတော့ ဝေဒနာတွေသူ့သ
ဘော အလျောက်ပဲ သူပေါ်ပါစေ။ ဝေဒနာအကြမ်း
စားတွေ ကုန်သွားပြီး အနုစားတွေပေါ်နေတာဖြစ်နိုင်
ပါတယ်။ အဲဒီအနုစားတွေကို စိတ်ကမှတ်နိုင်စွမ်းမရှိ
သေးဘူး။ အဲဒါကို သိနိုင်အောင် အာနာပါနကိုလည်း
တစ်ခါတစ်ခါလုပ်ပေးပါ။ သမာဓိပိုကောင်းလာပြီးတော့
ဝေဒနာ အနုစားတွေ ခံစားရတာကို သိလာပါလိမ့်
မယ်။
-------------------------------
မေး ။ ။ အကြမ်းစားဝေဒနာတွေပေါ်တာ ပိုများ
ကောင်းမလား။ သူတို့ပေါ်လာတာဟာ အတိတ်က
သင်္ခါရတွေ ပေါ်လာတာပဲမဟုတ်လား။

ဖြေ။ ။ ဝေဒနာကြမ်းကြမ်းပေါ်လာတာကိုမှအတိတ်
က သင်္ခါရတွေလို့ ပုံသေမပြောနိုင်ပါဘူး။ ကိလေသာ
ဆိုတဲ့ စိတ်ရဲ့ညစ်ညူးမှုတွေဟာ အနုစားဝေဒနာများ
အဖြစ်လည်း ပေါ်တတ်ပါတယ်။ အကြမ်းစားတွေကို
ချည်းလာပါစေလို့ စိတ်ကမတောင့်တပါနဲ့။ ကြမ်းကြမ်
နုနုယောဂီရဲ့ကိစ္စက ပေါ်တဲ့ဝေဒနာကို မလွတ်တမ်း
သိ မလွတ်တမ်းကြည့်နေဖို့ပါ။
------------------------------
မေး ။ ။ ဘယ်ဝေဒနာမျိုးဟာ ဘယ်လိုသင်္ခါရကြောင့်
ပေါ်တယ်လို့ တွေးကြည့်ဖို့လိုပါသလား။

ဖြေ ။ ။ အပိုသက်သက်အလုပ်ပါဗျာ။ အ၀တ်လျှော်
တဲ့အခါမှာ အ၀တ်ဖြူဖို့က ပဓါန မဟုတ်လား။ ဘယ်
အစွန်းအထင်းက ဘာကြောင့်စွန်းထင်းခဲ့သလဲလို့ပြန်
တွေးနေဖို့ လိုပါဦးမလား။ အ၀တ်ကိုဆပ်ပြာကောင်း
ကောင်းတိုက်မှ ဖြူမှာပေါ့။ လျှော်တာက စနစ်တကျမှ
လည်း ဖြူမှာပေါ့။ ၀ိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ဆပ်ပြာကို
ရထားပြီပဲ။ စိတ်ရဲ့အညစ်အကြေးတွေကို ဒီဆပ်ပြာနဲ့
သာ လျှော်ပေတော့ပေါ့။ ဝေဒနာရဲ့ဖြစ်ကြောင်းတွေ
လျှောက်ပြီးတွေးနေရင်တော့ စိတ်ကို ဉာဏ်ကစားခိုင်း
ရာကျမှာပေါ့။ အနိစ္စ၊ အနတ္တကို စဉ်းစားဖြစ်မှာမဟုတ်
တော့ပါဘူး။ ဒီလိုဉာဏ်ကစားနေလို့ကတော့ ဒုက္ခ
တွင်းမှ မထွက်မြောက်နိုင်ပါဘူး။
---------------------
မေး ။ ။ ရှုမှတ်သူက ဘယ်သူတုန်း၊ ရှုမှတ်ခံရသူ
ခံရတဲ့အရာက ဘယ်ဟာတုန်းဆိုတာ စိတ်ထဲမှာ
မရှင်းပါ။

ဖြေ ။ ။ ဒီပြဿနာရဲ့အဖြေကို စဉ်းစားဉာဏ်သုံးပြီး
ဖြေလို့ရှင်းမှာ မဟုတ်ပါ။ ကိုယ်တိုင်စမ်းစစ်ကြည့်ရမှာ
ပါ။ ဒီကမ္မဋ္ဌာန်းအလုပ်လုပ်နေကတည်းက ငါဆိုတာ
ဘယ်သူလဲ။ ဒီ ငါဟာဘယ်သူလဲ။ ငါ ကိုလိုက်ရှာ
ကြည့်ပါ။ ဆင်ခြင်သုံးသပ်ပါ။ ဘာမှ ငါရယ်လို့ပေါ်
မလာရင်လည်း သြော် ဒီငါဆိုတာ ထင်ယောင်ထင်
မှားပါလားလို့ သိလိုက်ပါ။
-------------------------------
မေး။ ။ တချို့သင်္ခါရတွေဟာ အကျိုးမဲ့အမျိုးအစား
မဟုတ်ပါလား။ အဲဒါမျိုးတွေကို မပျောက်ပျက်အောင်
လုပ်ဖို့ လိုပါ့မလား။

ဖြေ ။ ။ အကျိုးရှိနိုင်တဲ့ သင်္ခါရဆိုတာ ၀ဋ်ဆင်းရဲ
ကထွက်မြောက်ရေးအတွက် အားထုတ်တဲ့အလုပ်
မျိုးပဲရှိပါတယ်။ ၀ဋ်က လွတ်မြောက်ပြီးတဲ့အခါမှာ
တော့ သင်္ခါရကိစ္စမရှိတော့ပါဘူး။ ကောင်းကျိုးပြုတဲ့
သင်္ခါရရော မကောင်းကျိုးပြုတဲ့ သင်္ခါရရောဘာမျှ
မလိုအပ်တော့ပါဘူး။ ဥပမာ မြစ်တစ်ဖက်ကမ်းသို့
ကူးသွားလိုသူသည် ဖောင်တစ်ခုကိုဖွဲ့ပြီးလျှင် ထို
ဖောင်ဖြင့် လိုရာဘက်ကမ်းသို့ရောက်ပြီးက ဖောင်
ကြီးကို ခေါင်းမှာရွက်၍ ဆောင်ယူသွားဖို့လိုပါဦး
မည်လော။ ဤဥပမာအတိုင်းပင် ၀ဋ်ဆင်းရဲမှအပြီး
တိုင် လွတ်မြောက်ပြီးသူ ရဟန္တာပုဂ္ဂိုလ်အဖို့မှာကံ
တွေကိုဖြစ်စေသော သင်္ခါရတရားတွေကိုပြုရန်
မလိုတော့ပြီ။ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးတွင်
ကောင်းကျိုးပေးသော သင်္ခါရသည် အရာမရောက်
ပါ။ ကိလေသာစင်ကြယ်ရေးကို ရရှိရေးသာ အဓိက
ဖြစ်သည်။
----------------------------
မေး ။ ။ ၀ိပဿနာကမ္မဋ္ဌာန်းစခါစမှာ မသာယာ
တဲ့ဝေဒနာတွေပေါ်ပြီးတော့ နောက်ပိုင်းကျတော့
သာယာတဲ့ဝေဒနာတွေပေါ်ပါတယ်။ အဲဒါဘာကြောင့်
ပါလဲ။

ဖြေ ။ ။ ၀ိပဿနာလုပ်ရာမှာ အကြမ်းစားဝေဒနာ
တွေပေါ်တဲ့အကြောင်းကတော့ ကိလေသာအကြမ်း
ဆုံး အစားတွေကို ရှေးဦးးစွာသန့်စင်စေတဲ့သဘေ
ပါ။ ဥပမာ ကြမ်းပြင်ကို သပြက်လှည်းရာမှာ အစဦး
ဆုံး အမှိုက်သရိုက်တွေကို အကြမ်းလှည်းပစ်ပါတယ်။
နောက်တစ်ခါထပ်လှည်းရာမှာ ဖုန်မှုန့်တွေပဲပါပါတယ်။
တစ်ခါထက်တစ်ခါ ဖုန်မှုန့်အနုစားတွေကိုပဲ လှည်းစရာ
ကျန်ပါတယ်။ အဲဒီဥပမာလိုပဲ။ ကမ္မဋ္ဌာန်းရှုခါစမှာကြမ်း
တဲ့ကိလေသာတွေကို ပယ်ပစ်တုန်းမှာ မသာယာတဲ့
ဝေဒနာတွေ ပေါ်ပါတယ်။ သိမ်မွေ့တဲ့ကိလေသာ
တွေ ကျန်နေတာကို ပယ်ရှင်းတဲ့အဆင့်ကျတော့
ပေါ်လာတဲ့ ဝေဒနာတွေက ညင်သာပါတယ်။ ဒါကို
သာယာတဲ့ ဝေဒနာလို့ ထင်ရပါတယ်။ အဲဒီလိုသာ
ယာတဲ့ဝေဒနာကို တပ်မက်မိရင် အန္တရာယ်ရှိပါတယ်။
အဲဒါဟာ တရားရဲ့လမ်းဆုံးထင်ရင် မှားပါလိမ့်မယ်။
ဝေဒနာမှန်သမျှကို သူပေါ်တဲ့အတိုင်း သံယောဇဉ်
ကင်းစွာနဲ့ ရှုမှတ်ရပါမယ်။ အဲဒီလိုမှတ်နိုင်မှသာ
သင်္ခါရကိုဖြစ်စေတဲ့ တုံ့ပြန်မှုပပျောက်မှာပါ။
---------------------------------
မေး ။ ။ ဆရာကြီးပြောသွားတဲ့အထဲမှာ ကျွန်တော်
တို့တစ်တွေမှာ ဆေးလျှော်ပစ်ဖို့စိတ်အညစ်အကြေး
တွေ ရှိနေတယ်လို့ဆိုပါတယ်။ ဆပ်ပြာလည်းရှိနေ
တယ်လို့ ဆိုပါတယ်။ ဒီကနေ့ကျွန်တော့မှာအဲဒီ
ဆပ်ပြာကုန်သွားပြီလို့ ထင်မိပါတယ်။ မနက်ပိုင်းတုန်း
ကတရားမှတ်ရတာ အလွန်ကောင်းပါတယ်။ ညနေ
ပိုင်းကျတော့ အလွန်စိတ်ပျက်စရာကောင်းပါတယ်။
တရားထိုင်ရတာ ဘာအကျိုးရှိလို့လဲတောင် ထင်မိခဲ့
ပါတယ်။ ကျွန်တော့အထင်တော့ တရားမှတ်လို့
အလွန်ကောင်းတဲ့အခါ ကိုယ်တွင်းမှာရန်သူကထ
လာပုံရပါတယ်။ အဲဒီရန်သူက ကျွန်တော့ကိုအား
ပြိုင်ပြီး ရန်မူလာပါတယ်။ ကျွန်တော်အလဲထိုးခံလိုက်
ရပါတယ်။ ကျွန်တော်စိတ်ပျက်အားငယ်မိပါတယ်။
အဲဒီလိုထပ်ပြီးအကြိတ်အနယ် တိုက်ကြဖို့ကို ကျွန်
တော် မကြုံချင်တော့ပါဘူး။ ရှောင်တိမ်းစရာနည်း
လမ်းကောင်းများ ရှိနိုင်ပါသလား။

ဖြေ ။ ။ ဥပက္ခာကို လက်မလွတ်ပါစေနဲ့။ အဲဒီ
နည်းလမ်းဟာ အပိုင်ဆုံးနည်းလမ်းပါ။ ခင်ဗျားဖြစ်
ရပ်က သဘာဝကျပါတယ်။ တရားမှတ်လို့ကောင်း
တဲ့အခါမှာ စိတ်ကတည်ငြိမ်နေပြီးတော့ မသိစိတ်
ထဲရောက်အောင် ထိုးဖောက်ရောက်ရှိနေပါတယ်။
အဲဒီလိုနက်နဲတဲ့အပိုင်းရောက်သွားတဲ့အတွက်
အတိတ်က တုံ့ပြန်စိတ်ကို သွားလှုပ်နှိုးလိုက်သလို
ဖြစ်ပြီးတော့ သိစိတ်အဖြစ်ပေါ်ပေါက်လာပါတယ်
အဲဒီလို ပေါ်လာတဲ့စိတ်က ညနေပိုင်းတရားထိုင်
ရာမှာ ခင်ဗျားကို အကြီးအကျယ်ဒုက္ခပေးတော့
တာပေါ့။ ဒီလိုအဖြစ်မျိုးကြုံရတဲ့အခါမှာ ဥပေက္ခာ
ကို အထူးလိုအပ်ပါတယ်။ ဥပေက္ခာမရှုနိုင်ခဲ့ရင်
သင်္ခါရဟောင်းရဲ့လွှမ်းမိုးမှုခံနေရပြီး တရားဆက်
မရှုနိုင်တော့ပါဘူး။ ဥပေက္ခာပြုဖို့ခက်နေရင်အာနာ
ပါနပြန်နုလုံးသွင်းနေလိုက်ပါ။ ပင်လယ်မှာလေ
မုန်တိုင်းထန်နေတဲ့အခိုက်မှာ သင်္ဘောကိုကျောက်
ချထားရပါတယ်။ မုန်တိုင်းဆဲခါမှ ကျောက်ဆူး
ပြန်တင်ရပါတယ်။ အာနာပါနရှုမှတ်တာဟာ
ကျောက်ချပြီးနေတဲ့သဘောပါ။ မုန်တိုင်းဆဲသွား
တော့ ကျောက်ဆူးပြန်တင် သင်္ဘောဆက်ထွက်
အဲဒီ ဥပမာလိုပဲ အချိန်တန်တော့ ခင်ဗျားရဲ့ရင်
တွင်းက မုန်တိုင်းလည်း စဲသွားမှာပါ။ ဒီလို
ပြဿနာကြုံရတာ ကောင်းတော့လည်းကောင်း
တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဖျက်တရား
ကို ထင်ရှားကြုံရဖူးတဲ့အတွက် ဖြေရှင်းဖို့အခါ
အခွင့်ရတာပေါ့။ ဥပေက္ခာကိုသာလက်ကိုင်
ထားလိုက်ပါ။ အဖျက်တရားဟာပျောက်သွား
ပါလိမ့်မယ်။

အနေတတ်ပါစေ (၀ိပဿနာအားထုတ်ခြင်း)
ဦးတင်ဦး(မြောင်)

လောင်တဲ့မီး ကူငြိမ်းနိုင်ကြပါစေ


တစ်ခါက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့
မုဆိုးမ တစ်ယောက်ရှိ၏။ မုဆိုးမဟာ ဥစ္စာလည်းရှိ
မာနလည်း ကြီးတာကြောင့် တစ်ရွာလုံးက သူမကို
မျက်မုန်းကျိုးနေတာပေါ့။

တစ်နေ့ကျတော့ မုဆိုးမအိမ်မှာ မီးလောင်တော့
ရွာသားတွေကို အားကိုးတကြီးနဲ့ မီးကူငြိမ်းပေးဖို့
အော်နေတယ်။ မီးလောင်နေတဲ့ မုဆိုးမအိမ်ကို
ရွာသားတွေက တစ်ယောက်မှ လာမကူငြိမ်းတဲ့
အပြင် တချို့က " အကုန်လောင်ပါစေ။ ဒီလောက်
မာနကြီးတဲ့ မုဆိုးမ တစ်ခါထဲ မွဲသွားပါစေ" ဆိုပြီး
မေတ္တာပို့နေကြတယ်။ မကြာမီ ရွာသူကြီးရောက်
လာပြီး ဒီလိုအော်ပြောလိုက်ပါတယ်။

" ဟေ့ ရွာသားတွေအားလုံး ကြီးငယ်ပါမကျန် ရေ
ခပ်ပြီး မီးငြိမ်းကြ မီးသတ်ကြဟေ့"

" ရွာသူကြီး ဒီမုဆိုးမက မာနကြီးတယ် တစ်ရွာလုံး
နဲ့လည်း မတည့်ဘူး ဒါကြောင့် မီးကို ကူမငြိမ်းနိုင်
ဘူး"

" ဟ မင်းတို့ ဒီလို မပြောကြနဲ့ အခုလောင်နေတဲ့မီး
က မုဆိုးမအိမ်ရဲ့ မိုးဖိုဆောင်ကို စလောင်တာတော့
ဟုတ်တယ်ကွ။ သူမရဲ့ အိမ်ကလေညာမှာရှိနေတော့
သူ့အိမ်ကြီးကို မီးစွဲလောင်သွားရင် မင်းတို့ငါတို့အိမ်
တွေ တစ်ရွာလုံး ပြောင်သွားလိမ့်မယ် သိလား။
ဒါကြောင့် ရွာသားတွေတစ်ယောက်မှ မကျန် ဒီမီးကို
ဝိုင်းဝန်းပြီး ငြိမ်းသတ်ကြ"

ဒီလိုနဲ့ ရွာသားတွေ ကလေးရော လူကြီးပါမကျန် တ
ရွာလုံး မီးကို ဝိုင်းငြိမ်းလိုက်တော့ မီးငြိမ်းသွားတယ်။
မုဆိုးမရဲ့ မီးဖိုဆောင်တစ်ဝက်လောက်သာမီးလောင်
သွားတယ်။

မီးလောင်ပြီးတဲ့နောက် မုဆိုးမလည်း သူမရဲ့ အိမ်ကြီး
မီးဘေးက လွတ်ခဲ့တာကို လွန်စွာဝမ်းသာသွားတယ်။
ရွာသားတွေကိုလည်း အထူးကျေးဇူးတင်မိတော့တယ်။
သူမမျက်ရည်ကျပြီးတော့ အခု မီးမလောင်ဘဲ ကျန်တဲ့
ပစ္စည်းတွေဟာ ရွာသားတွေကြောင့် ကျန်နေခြင်းသာ
ဖြစ်ကြောင်း သူမ သဘောပေါက်သွားတယ်။

မီးလောင်ပြီးတဲ့နောက် မုဆိုးမဟာ အရင်တုံးကလို မာန
မကြီးတော့ဘူး။ ရွာရဲ့ ကိစ္စအဝဝကို လိုလေသေးမရှိ
အောင် ကူညီလေတော့တယ်။

တကယ်တော့ ရွာသားတွေ ငြိမ်းလိုက်တဲ့ မီးဟာ အပြင်
မီးလို့ဆိုပေမယ့် မုဆိုးမကြီးရဲ့ အတွင်းမီးဖြစ်တဲ့ မာန
တရားကိုလည်း ငြိမ်းသတ်နိုင်ခဲ့ခြင်းပါ။

တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း (တန့်ယန်း)

ရွှေတောင်ပေါ်ကရွှေရောင်ငှက်များ

လူသူမရောက်တဲ့ ဟိမ၀န္တာတောကြီးထဲမှာ
ရွှေတောင်ကြီး တစ်တောင်ရှိတယ်။ ဒီရွှေတောင်
ပေါ်လာနားကြတဲ့ ငှက်မှန်သမျှဟာ ရွှေတောင်
က အရောင်တွေဟပ်ပြီး ရွှေရောင်ငှက်တွေချည်း
ဖြစ်ကုန်ကြတယ်။ ရွှေတောင်ရဲ့အရောင်ကိုသူတို့
ကိုယ်ပိုင် အရောင်ထင်ပြီး ရောက်လာသမျှ ငှက်
တွေဟာ ဘ၀င်မြင့်ကြတယ်။ ဒါပေမဲ့ ရွှေတောင်
ကနေ တစ်ခြားနေရာကို ပြန်သွားကြတာနဲ့ ရွှေ
ရောင်တွေပျောက်သွားပြီး ကျီးကလည်း ကျီးရဲ့
အရောင်၊ ဗျိုင်းကလည်း ဗျိုင်းရဲ့အရောင် ဠင်းတ
ကလည်း ဠင်းတရဲ့အရောင်ပြန်ဖြစ်သွားတယ်။

ဒီဥပမာအတိုင်းပါပဲ။ ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ
မသေခင်မှာတော့ သူ့ကြည့်လည်း ဗုဒ္ဓဘာသာ၊
ငါ့ကြည့်လည်း ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဘာသာ
အရောင်တွေ တောက်ပြီး ငါဟာ အကောင်းဆုံး
အမြတ်ဆုံး ဘာသာဝင် ဖြစ်ရတယ်ဆိုတဲ့ အယူ
အဆနဲ့ ဘ၀င်မြင့်ကြတာပေါ့။ အားကိုးစရာတရား
မရှိကြဘဲ သေကြတော့ အပါယ်လားကြရတယ်။
ဒီအခါကျတော့မှ ဗုဒ္ဓဘာသာဆိုတဲ့ ရွှေတောင်က
ရွှေရောင်တွေ ပျောက်ပြီး မူရင်း အရောင်ဖြစ်တဲ့
တိရစ္ဆာန်ရောင်၊ ငရဲရောင်၊ ပြိတ္တာရောင်တွေ ပြန်
ဖြစ်ကုန်တာပေါ့။

မေတ္တာရှင်ရွှေပြည်သာ
မဂ်ဖိုလ်ရမည့်သမာဓိအဆင့်ဆင်

သုမနဒေ၀ီ

အနာထပိဏ်နှင့် ၀ိသာခါတို့သည် မိမိတို့၏
အိမ်သို့  ကြွရောက်တော်မူလာကြသော ရဟန်း
သံဃာတော်များ အတွက် ဆွမ်းဝတ်ပြုခြင်းကို
ကိုယ်တိုင်မဆောင်ရွက်နိုင်တော့ဘဲကိုယ်စားလှည်
အချို့ထား၍ ဆောင်ရွက်ကြရ၏။

ဝိသာခါကမူ မိမိ၏မြေးမကို မိမိ၏ကိုယ်စား
ဆောင်ရွက်စေ၏။

အနာထပိဏ်ကမူ မိမိ၏သမီးကြီး မဟာသုဘဒ္ဒါကို
မိမိ၏ကိုယ်စားဆောင်ရွက်စေ၏။

မဟာသုဘဒ္ဒါသည် ဖခင်အနာထပိဏ်၏ကိုယ်စား
ရဟန်းသံဃာတော်များ၏ ဆွမ်းကွမ်းဝေယျာဝစ္စကို
ဆောင်ရွက်ပြုစုလျက် တရားတော်များကိုမပြတ်နာ
ကြားရ၏။ မိမိနာကြားရသော တရားတော်အတိုင်း
ကျင့်ကြံအားထုတ်၏။ ထိုအခါ မဟာသုဘဒ္ဒါသည်
သောတာပန်ဖြစ်သွားလေ၏။ သောတာပန်ဖြစ်ပြီး
နောက် မိဘများ၏ စီမံချက်အရအမျိုးကောင်းသား
တစ်ဦးနှင့် အိမ်ထောင်ပြုရ၏။ အိမ်ထောင်ပြုပြီးသွား
သောအခါ ထိုခေတ် ဓလေ့အတိုင်း ခင်ပွန်းသည်၏
အိမ်သို့လိုက်သွားရ၏။

အနာထပိဏ်သူဋ္ဌေးကြီးသည် မဟာသုဘဒ္ဒါမရှိ
တော့သောအခါ ရဟန်းတော်များ၏ ဆွမ်းကွမ်း
ဝေယျာဝစ္စကိုဆောင်ရွက်ရန်သမီးလတ် စူဠသုဘဒ္ဒါ
ကို တာဝန်ပေးပြန်၏။ စူဠသုဘဒ္ဒါလည်းမဟာသု
ဘဒ္ဒါနည်းတူ ဆွမ်းကွမ်း ဝေယျာဝစ္စကို ဆောင်ရွက်
ပြုစုလျက် တရားတော်များကိုမပြတ်နာကြားရ၏။
မိမိနာကြားရသော တရားတော်အတိုင်း ကျင့်ကြံ
အားထုတ်၏။ ထိုအခါ စူဠသုဘဒ္ဒါသည်လည်း သော
တာပန်ဖြစ်သွားလေ၏။ သောတာပန်ဖြစ်ပြီးနောက်
မိဘများ၏ စီမံချက်အရအမျိုးကောင်းသားတစ်ဦးနှင့်
အိမ်ထောင်ပြုရ၏။ အိမ်ထောင်ပြုပြီးသွားသောအခါ
ထိုခေတ် ဓလေ့အတိုင်း ခင်ပွန်းသည်၏အိမ်သို့လိုက်
သွားရ၏။

ထို့နောက် သမီးငယ် သုမနဒေ၀ီကို မိမိ၏ကိုယ်စား
အိမ်သို့ကြွရောက်လာသော ရဟန်းတော်များ၏ ဆွမ်း
ကွမ်း ဝေယျာဝစ္စကိုဆောင်ရွက်ရန် တာဝန်ပေးပြန်၏။
သုမနဒေ၀ီသည် ဖခင်၏တာဝန်ပေးချက်အရ ရဟန်း
သံဃာတော်များ၏ ဆွမ်းကွမ်း ဝေယျာဝစ္စကို မလစ်
ဟင်းရအောင်ဆောင်ရွက်၏။ ရဟန်းသံဃာတော်များ
ထံမှ တရားဓမ္မများကိုနာယူ၏။ နာယူရုံ သက်သက်
သာမဟုတ်။ တရားဓမ္မတာအတိုင်း ကျင့်ကြံ အား
ထုတ်ရာ သုမနဒေ၀ီသည် သကဒါဂါမ်ဖြစ်သွား၏။

သုမနဒေ၀ီသည် မိမိကသကဒါဂါမ်ဖြစ်၍ ဖခင်ကြီး
ကမူ သောတာပန်မျှသာ ဖြစ်သေးသည်ကိုသိ၏။
ဖခင်ကြီးအားတရားဓမ္မများကိုဆက်လက်အားထုတ်
၍ အရဟတ္တဖိုလ်တိုင်အောင် ရောက်စေလို၏။
သို့ရာတွင် မိမိအနေဖြင့် တစ်စုံတစ်ရာကိုဖခင်ကြီး
အားတိုက်တွန်းပြောဆိုရန်မသင့်ဟု ယူဆထား၏။
ဖခင်ကြီးအားတိုက်တွန်းပြောဆိုရန်မသင့်ဟုယူဆ
ထား၏။ဖခင်ကြီးကား အလှူဒါန၌ ၀ါသနာကြီးသူ
ဖြစ်၏။ အထက်မဂ် အထက်ဖိုလ်များကို ရရှိရေး
အတွက်ကြောင့်ကြစိုက်မှုသိပ်မရှိလှ။

သုမနဒေ၀ီကမူ မိမိ၏ဖခင်ကြီးအား အထက်မဂ်
အထက်ဖိုလ်ကို ရရှိနိုင်ရေးအတွက် ကြောင့်ကျစိုက်
လာအောင် အရိပ်အမြွက်သဘောဖြင့်တင်ပြနိုင်မည့်
အခွင့်အလမ်းကိုသာ မျှော်လင့်စောင့်စားလျှက်ရှိ၏။
ထို့အပြင်ဖခင်ကြီး နေ့စဉ်နေ့တိုင်း ဇေတ၀န်ကျောင်း
သို့ရောက်လျက်ရှိရာ မြတ်စွာဘုရားထံတော်မှဖြစ်စေ
ရှင်သာရိပုတ္တရာထံတော်မှဖြစ်စေ အရဟတ္တဖိုလ်သို့
မျက်မှောက်ပြုနိုင်သော တရားဓမ္မများကို နာယူ၍
ကျင့်လည်းကျင့်စေချင်၏။ အနာထပိဏ်သည်သော
တာပန်ဖြစ်သော်လည်း အထက်မဂ်အထက်ဖိုလ်များ
အတွက်အားထုတ်ရန်ထက် သူတစ်ပါး၏ အကျိုး
စီးပွားကို ဆောင်ရွက်ရန်စိတ်အားပို၍ ထက်သန်၏။

သုမနဒေ၀ီသည် မကျန်းမမာဖြစ်လာ၏။ သို့ရာတွင်
စိတ်ဆောင်ပြီးရဟန်းသံဃာတော်များ၏ ဝေယျာဝစ္စ
ကို ဆောင်ရွက်နေသည့်ကြားမှ အစာအာဟာရပြတ်
ကာ ရုတ်တရက် ဝေဒနာပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
ထိုအခါ အလှူမဏ္ဍာပ်တစ်ခုအတွင်း၌ စီစဉ်ပေးနေ
သော ဖခင်သူဋ္ဌေးကြီးကြား၍ အိမ်သို့အမြန်ပြန်လာ
၏။

သမီးအနားသို့ကပ်၍
ဘယ်လိုနေသလဲ သမီး။

ဘာကိုမေးတာလဲ၊ မောင်လေး။

သမီးယောင်ယမ်းပြောနေတာလား။

ယောင်ယမ်းပြောနေတာ မဟုတ်ပါဘူး မောင်လေး။

သမီး သေရမှာကြောက်သလား။

သေရမှာ မကြောက်ပါဘူး မောင်လေး။

သုမနဒေ၀ီသည် အခွင့်အရေးကိုလက်လွတ်မခံပဲ
အသုံးကျအောင် အသုံးချသွား၏။ ဖခင်သူဋ္ဌေးကြီး
အား သံဝေဂရအောင် ပြောကြားပြီးသည်နှင့် တ
ပြိုင်နက်ကွယ်လွန်၍သုတိသာနတ်ပြည်သို့ ရောက်
သွားလေသည်။

အနာထပိဏ်သည် သောတာပန်ဖြစ်သော်လည်း
သမီးအတွက်များစွာ သောကရောက်ရ၏။ သမီး
၏အလောင်းကို သဂြိင်္ုလ်ပြီးနောက် ငိုကြွေးလျက်
မြတ်စွာဘုရားအား သွားရောက်လျှောက်ထား၏။

သတ္တ၀ါမှန်သမျှ တစ်နေ့တွင် မလွဲဧကန်သေရ
မည်ကို တပည့်တော်သိပါ၏။ သို့ရာတွင် သမီးငယ်
သုမနဒေ၀ီသည် နေ့စဉ်နေ့တိုင်းရဟန်းသံဃာတော်
နှစ်ထောင်ခန့်၏ ဆွမ်းကွမ်း ဝေယျာဝစ္စကို ပြုစု လုပ်
ကျွေးနေသူဖြစ်ပါလျက်သေခါနီးကာလ၌သတိလွတ်
ကာ ကယောင်ကတန်းပြောဆိုလျက်ကွယ်လွန်သွား
သည့်အတွက် တပည့်တော် သောက ရောက်ရခြင်း
ဖြစ်ပါသည်ဘုရားဟု အနာထပိဏ် သူဋ္ဌေးကြီးက
မြတ်စွာဘုရားအားလျှောက်၏။

မည်ကဲ့သို့သော ကယောင်ကတန်းများကို ပြောဆို
လျက်ကွယ်လွန်သွားပါသနည်းဟု မြတ်စွာဘုရားက
အနာထပိဏ်သူဋ္ဌေးကြီးအား မေးမြန်းရာ မောင်လေး၊
မောင်လေး ဟုယောင်ယမ်းပြောဆိုပြီးနောက် ကွယ်
လွန်သွားခြင်းဖြစ်ပါသည်ဘုရားဟု သူဋ္ဌေးကြီးက
မြတ်စွာဘုရားအား ပြန်လည်လျှောက်ထား၏။

ဒါယကာ သူဋ္ဌေးကြီး ဒါယကာသူဋ္ဌေးကြီး၏သမီးငယ်
သည်ယောင်ယမ်းပြောဆိုခြင်းမဟုတ်၊အရိယာအဆင့်
အားဖြင့်ဒါယကာကြီးက သောတာပန်၊ သမီးငယ်သုမ
နာဒေ၀ီကသကဒါဂါမ်။ သို့ဖြစ်၍ ဒါယကာကြီးထက်
သမီးငယ်က အဆင့်မြင့်သောကြောင့် ဒါယကာကြီးကို
မောင်လေး၊ မောင်လေးဟု ခေါ်ခြင်းဖြစ်၏။ ယခုအခါ
သမီးငယ် သုမနဒေ၀ီသည် တုတိတာနတ်ပြည်၌ ဖြစ်
၏ ဟု မြတ်စွာဘုရားက အနာထပိဏ်သူဋ္ဌေးကြီးအား
ရှင်းပြ၏။

ထိုအခါမှ အနာထပိဏ်သူဋ္ဌေးကြီး၏ သန္တာန်၌
သောက ပျောက်၍ မုဒိတာ ရောက်တော့၏။ သိက္ခာ
သုံးပါး၏အကျိုးကား အံ့ဖွယ်ရှိပေစွ။ ထိုအခါ မြတ်စွာ
ဘုရားသည် တရားနာပရိသတ်အား အောက်ပါဂါထာ
ကိုဟောတော်မူ၏။

ကုသိုလ်ကောင်းမူပြုသောသူသည် ဤဘ၀၌လည်း
ရွှင်လန်းရ၏။ တမလွန်ဘ၀၌လည်း ရွှင်လန်းရ၏။
ပစ္စုပ္ပန်၊ တမလွန် နှစ်ဘ၀လုံး၌ရွှင်လန်းရ၏။ ဤပစ္စု
ပ္ပန်ဘ၀၌ ကောင်းမှုကိုပြုပြီးပြီဟု ၀မ်းမြောက်ရ၏။
တမလွန်ဘ၀၌ကား ဤပစ္စုပ္ပန်ကုသိုလ်ကြောင့် သုဂ
တိဘ၀ ကိုရရှိသောအခါ ပို၍၀မ်းမြောက်ရ၏။

ဦးရွှေအောင်၏
ကုသိုလ်နှင့် အကုသိုလ်မှ ထုတ်နှုတ်ဖော်ပြသည်။

ကုသိုလ် တွေစစ်ကြမယ်

''ကောင်းမူကုသိုလ် ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။ မကောင်းမှုအကုသိုလ်ပြု လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ) ပါဠိလို ကုသလ၊ မြန်မာလိုကုသိုလ်ဟုခေါ်တွင်သည်။ ဤကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိတရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်းစက်ဆုတ်ဖွယ်ရာ အကုသိုလ်တရားတို့ကို ဖျက်ဆီးပစ်ခြင်း၊ စိတ်အစဉ်မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ်ဟုခေါ်သည်။ မှန်၏။ အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာကုသိုလ်တို့က တဒင်္ဂပဟာန်အားဖြင့် အခိုက်အတန့်ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ်တို့ကား ဝိက္ခမ္ဘန ပဟာန်အားဖြင့် အချိန်အခါကြာမြင့်စွာ ပယ်ခွာသည်။ မဂ်ကိုသိုလ်တို့ကား သမုစ္ဆေဒပဟာန်အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။

ထို့ကြောင့်ကုသိုလ်သည်......
(၁) မဟာကုသိုလ်
(၂) မဟဂ္ဂုတ်ကုသိုလ်
(၃) မဂ်ကုသိုလ်...ဟုကုသိုလ်သုံးမျိုးရှိကြောင်းသိနိုင်ပါသည်။ လူသားတို့သန္တာန်၌ ဤကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက်အတန့်ဖြစ်စေ၊ အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ်တရား တို့ဖြစ်ပေါ် ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ်ကို ပုည - ကောင်းမှုဟုခေါ်၍၊ အကုသိုလ်ကို ပါပ - မကောင်းမှုဟုလည်း ခေါ်ကြသည်။ ခြုံငုံ၍ပြောရလျှင် ဒုစရိုက် ၁ဝ-ပါးလွန်ကြူးလျှင် မကောင်းမှုပြုသည်၊ အကုသိုလ်လုပ်သည်။ သုစရိုက် ၁ဝ - ပါးကိုလိုက်နာ ပြုကျင့်လျှင် ကောင်းမှုပြုသည်၊ ကုသိုလ်ပြုသည်ဟု ခေါ်ရလေသည်။ အထက်ပါ ကုသိုလ် ၃ မျိုးတွင် မဟဂ္ဂုတ်ကုသိုလ်နှင့် မဂ်ကုသိုလ် တို့ကား ဈာန်ရ မဂ်ရ ပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင်၏။ ဤ၌ကား လူများစုနှင့် သက်ဆိုင်သော မဟာကုသိုလ်ကိုသာ ဆွေးနွေးတင်ပြပါမည်။ ကုသိုလ်ကောင်းမှုပြုရာ၌ ဝမ်းမြောက်ဝမ်းသာပြုလျှင် သောမနဿကုသိုလ် ဖြစ်၏၊ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ မှန်တန်းအနေနှင့်ပြုလျှင် ဥက္ခောကုသိုလ်ဖြစ် ၏။ ကံ ကံ၏အကျိုးကို သိရှိယုံကြည်ပြီး ပြုလျှင် ဥာဏသမ္ပယုတ်ကုသိုလ်ဖြစ်၍ ကံ ကံ၏အကျိုးကို မသိပဲပြုလျှင် ဥာဏဝိပ္ပယုတ်ကုသိုလ်ဖြစ်သည်။ သူများ တိုက်တွန်းမှု မပါလျှင် အသင်္ခါရိက ကုသိုလ်ခေါ်သည်။ တိုက်တွန်းမှုပါလျှင် သသင်္ခါရိက ကုသိုလ် ခေါ်ဆိုရလေသည်။ အနှီကုသိုလ်တို့ကို တွဲစပ်လိုက်သောအခါ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဝမ်းသာ ဥာဏ်ယှဉ် မတိုက်တွန်းပဲပြုသော ကုသိုလ်၊
(၂) ဝမ်းသာ ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသော ကုသိုလ်၊
(၃) ဝမ်းသာ ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသော ကုသိုလ်၊
(၄) ဝမ်းသာ ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်၊
(၅) မှန်တန်း ဥာဏ်ယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၆) မှန်တန်းဥာဏ်ယှဉ် တိုက်တွန်း၍ပြုသောကုသိုလ်၊
(၇) မှန်တန်းဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၈) မှန်တန်းဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်ဟု ကုသိုလ် ၈-မျိုး ဖြာထွက်လာသည်။ ဤကုသိုလ် ဂ-မျိုးကိုပင် စိတ်နှင့်တွဲလိုက်သောအခါ မဟာကုသိုလ်စိတ် ၈-ပါး ဟုဖြစ်လာလေသည်။ ပုံစံအားဖြင့် ပြရလျှင် ခင်ဝင်းကြည် မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း ရေ ချမ်း ဆီမီးပန်းတို့ကို ဝမ်းမြောက် ဝမ်းသာ ကပ်လှူ၏။ ကောင်းသောအမှုကို ပြုလျှင် ကောင်းသော အကျိုးကို ရမည်ဟုသိလျှက် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်စူး၍ပူဇော်၏။ ဤသို့ဆွမ်းရေချမ်း ဆီမီးပန်းတို့ကို ဘုရားကပ်လှူရန် မည်သူကမျှလည်း မတိုက်တွန်းရပေ။ ဤသို့ဆိုလျှင် ခင်ဝင်းကြည်လေး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ''ဝမ်းသာဥာဏ်ယှဉ် ၊ မတိုက်တွန်းရပဲပြုသော ကုသိုလ်စိတ်''ဟုခေါ်ဆိုရပေမည်။ မိဘတို့က ခိုင်းစေ၍ လုပ်ရသည် ဆိုလျှင်ကား တိုက်တွန်း၍ပြုသော ကုသိုလ်စိတ်သာဖြစ်ရပေမည်။ အခြားကုသိုလ်စိတ် ဖြစ်နိုင်ပုံကိုလည်း ဤအတိုင်းပင်မှန်းဆ၍ သိနိုင်လောက်ပါပြီ။ လူသားတို့၏သန္တာန်၌ ကုသိုလ်စိတ်ဖြစ်သမျှ ဤ ၈-မျိုးသာဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ တိကျပိုင်းခြား၍ ထားခဲ့လေသည်။

ကုသိုလ်ကောင်းမှုပြုခြင်း (ပုညာယူဟန)သည်လည်း ၆-မျိုးရှိပြန်သည်။
(၁) မိမိသဘောအတိုင်း ကောင်းမှုပြုခြင်း၊
(၂) သူတပါးကို အားကျ၍ ကောင်းမှုပြုခြင်း၊
(၃) ကိုယ်ထိလက်ရောက် သာဟတ္ထိကမြောက် ပြုခြင်း၊
(၄) ခိုင်းစေ၍ လက်လွှဲပြုခြင်း၊
(၅) ကံကံ၏အကျိုးကိုသိ၍ပြုခြင်း၊
(၆) ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်း- ဟု ၆-မျိုးရှိသည်။ (အဋ္ဌသာလိနီ-၂ဝ၅)
ဖော်ပြပါ ကုသိုလ်ကောင်းမှုပြုခြင်း ၆- မျိုးတွင် ဘယ်နည်းနှင့်ပြုပြု အထက်ပါကုသိုလ် ၆ မျိုး၌ အကျုံးဝင် သည်သာဖြစ်လေသည်။ ကံ ကံ၏အကျိုး ကိုသိ၍ ပြုခြင်းသည် ဥာဏ်ယှဉ်ကုသိုလ် ၄-မျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်းကား ဥာဏ်မယှဉ်ကုသိုလ်လေးမျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကျန်ကုသိုလ်ပြုနည်းတို့ကား မဟာကုသိုလ် ၈ မျိုးတွင် တမျိုးမျိုးဖြင့်ပြုခြင်း ဟုမှတ်ရပေမည်၊ ကုသိုလ် ၈-မျိုးကိုအဆင့် အတန်းခွဲလိုပါလျှင် ဥာဏ်ယှဉ်ပြုသော ကုသိုလ်လေးမျိုးသည် ဥာဏ်မယှဉ်မပါသော ကုသိုလ်လေးမျိုးထက် သာလွန်သည်။ ထိုဥာဏ်ယှဉ် ကုသိုလ်လေးမျိုးတွင်လည်း ဝမ်းမြောက် ဝမ်းသာပြုခြင်း၊ ဥာဏ်ယှဉ်၍ပြုခြင်း၊ သူတပါးတို့ မတိုက်တွန်းရဘဲ ပြုခြင်းဟုဆိုအပ်သော ပထမတန်းစား မဟာကုသိုလ်သာ အထူးချွန်ဆုံး အထက်မြက်ဆုံးဖြစ်ပေသည်။

ထိုကုသိုလ်ရှစ်မျိုးကိုပင် တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဟု ၂-မျိုးခွဲနိုင်သည်။ ကုသိုလ်ပြုရာ၌ ကံကံ၏ အကျိုးကို ယုံကြည်သော ကမ္မဿကတာ ဥာဏ်သည် အရေးကြီး၏။ ရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုတတ်သော ဝိပဿနာ ဥာဏ်ဖြစ်လျှင် သာ၍ထက်မြက်၏။ ထို့ကြောင့် ကုသိုလ်ပြုစဉ် အခါဝယ် ကမ္မဿကတ ဥာဏ်ဖြစ်စေ၊ ဝိပဿနာဥာဏ်ဖြစ်စေ ဥာဏ် တစ်ခုခုပါလျှင် တိဟိတ်ကုသိုလ် ဖြစ်သည်။ ထိုကဲ့သို့နားလည်သော ဥာဏ်မပါလျှင် (ကလေးငယ်လူရိုင်းတို့ကဲ့သို့ တော်စွာ လျော်စွာ အမှတ် တမဲ့ပြုလျှင်) ဒွိဟိတ်ကုသိုလ်ဖြစ်သည်။
+ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဥာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်။
+ ကံကျိုးမသိ၊ ဥာဏ်မရှိ၊ ဒွိဟိတ်ကုသိုလ်ခေါ်။
ထိုတိဟိတ် ဒွိဟိတ် ကုသိုလ်နှစ်မျိုးကိုပင် ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ်သောကုသိုလ်) သြမကကုသိုလ် (အညံစားကုသိုလ်)ဟု ထပ်ဆင့်၍ ခွဲနိုင်ပြန်သည်။ မှန်၏- ကုသိုလ်ကောင်းမှု ပြုရာ၌ ပုဗ္ဗစေတနာနှင့် အပရစေတနာများလည်း များသောအားဖြင့် ပါရှိရလေသည်။ တစ်ချို့မှာ မလှူခင် ပုဗ္ဗစေတနာ အခိုက်၌ အလွန်ထက်သန်၏။ ကုသိုလ်နှင့်စပ်သော ဇောတွေ များစွာဖြစ် လျှက်ရှိ၏။ ကုသိုလ်ပြုပြီး၊ အထမြောက်ပြီး အပရစေတနာ အခိုက်မှာလည်း လွန်စွာ အားရ၏။ ပြုရပေပြီဟု ဝမ်းမြောက်လျှက်ရှိ၏၊ ထိုကုသိုလ်မျိုးသည် ရှေ့ရောနောက်ပါ ကုသိုလ်ဇောတွေ ခြံရံလျှက်ပါသောကြောင့် လွန်စွာအားရှိ၏။ ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ် သော ကုသိုလ်) ဟုခေါ်ရ၏။
အချို့မှာမှု ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမရှိ နှမြောတွန့်တိုခြင်း၊ တစ်စုံတစ်ရာအတွက် မကျေမနပ်ခြင်း၊ မိမိဂုဏ်သတင်းကြီး လိုခြင်းစသော အကုသိုလ် တွေရှေ့သွားလျှက်ရှိ၏။ ကုသိုလ်ပြုပြီး နောက် အပရစေတနာအခိုက်မှာလည်း ပြုမိ တားမိလေခြင်းစသည်ဖြင့် နှလုံးမသာ မယာဖြစ်ရ၏။ ထို ကုသိုလ်မျိုးမှာ ရှေ့ရောနောက်ပါ အကုသိုလ်ခြံရံလျှက်ပါသောကြောင့် များစွာသောအာနိသင် မရှိ လှချေ။ သြမကကုသိုလ် (အညံစားကုသိုလ်) ဖြစ်ရလေသည်။
+ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ်ဆင့်၍ခေါ်။
+ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ တဖန်သြမကခေါ်။

ဤမျှဖြင့် ကုသိုလ်အကြောင်းနားလည်လောက်ပြီဖြစ်ပါသည်။ အလုပ်တစ်ခုခုလုပ်ရာတွင် ဦးတည် ချက် ရည်မှန်းချက်ထားရသကဲ့သို့ ကုသိုလ်ပြုရာ တွင်လည်း ဦးတည်ချက် ရည်ရွယ်ချက် (ပတ္ထနာ) ထားရပေ သည်။ ဤနိုင်ငံသားတို့သည် ကုသိုလ် ကောင်းမှုပြုရာ၌ တုံ့ဆိုင်းခြင်းမရှိပေ။ စွန်ကြဲပေးကမ်း လှူဒါန်းရာ၌ လည်း စေတနာရက်ရောလှပေသည်။ ဤကုသိုလ်စေတနာတွေကြောင့် ဆန်ရေစပါးပေါများ၍၊ သယံဇာတများ ကြွယ်ဝ လျက်ရှိနေခြင်းဖြစ်သည်ဟုဆိုရပေမည်။ နိုင်ငံသားတို့၌ အဖိုးထိုက်စွာ အမြစ်တွယ် လျှက်ရှိနေသော ယင်းကုသိုလ် စေတနာလေးများ ချို့ယွင်း ပျက်သွားမည်ကို စာရေးသူ အလွန်စိုးရိမ်မိ သည်။ ယင်းသို့ကုသိုလ် ကောင်းမှုပြုရာတွင် စေတနာမှန်သော်လည်း လုပ်နည်းလုပ်ဟန်လွှဲနေလျှင် အကျိုးရ နည်းပါးနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ကောင်းမှု ပင်ပြုပြု လောကီချမ်းသာ လောကီ ပကာသနတွေကို မမျှော်ဘဲ မဂ်ဖိုလ်နိဗ္ဗာန် လောကုတ္တရာချမ်းသာတို့ကို ရည်မှန်း၍ ပြုသင့်လှပေသည်။
ဝေလာမပုဏ္ဏားကဲ့သို့ ထမင်းရည်ချောင်းစီးအောင်လှူသည်ပင်ဖြစ်စေ၊ လောကီင်္ချမ်းသာ၊ လောကီပကာသန တို့ကိုမျှော်၍ပြုလျှင်၊ မစ္ဆာပဋိပဒါ- အသိလွဲအမြင်လွဲ၊ လုပ်နည်းလုပ်ဟန် လွဲမှားခြင်း သာဖြစ်၏။ တစ်ယောက်ချိုမျှ လောက်သော ယာဂုကိုလှူသည်ဖြစ်စေ၊ နိဗ္ဗာန်ချမ်းသာကိုရည်မှန်း၍ လှူဒါန်းလျှင် သမ္မာပဋိပဒါ - အသိမှန် အမြင်မှန်၊ လုပ်နည်း လုပ်ဟန်မှန်ကန်ခြင်းဖြစ်၏။ (သံယုတ် နိဒါနဝဂ္ဂကထာ-ပဋိပဒါသုတ် ၁၈-ရှု့)။ ထိုပြင်ကုသိုလ်ကောင်းမှု ပြုရာ၌ ''ဣဒံမေ ဒါနံ အာသဝက္ခယံ ဝဟံ ဟောတု၊ ငါ၏ ဤဒါနကောင်းမှုသည် အာသဝေါတရား ၄ ပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို ပို့ဆောင်နိုင်ပါစေဟု နှုတ်ဖြင့်ရွတ်ဆို၍ (ရည်မှန်း၍) ပြုလျှင် ဗောဓိဆု ၃ မျိုးကိုပင် အလိုလို ပြီးနိုင်ပါသည်။ ဗောဓိဆု ၃ မျိုးမှာ.....
(၁) သာဝကဗောဓိဆု- သာဝကအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
(၂) ပစ္စေကဗောဓိဆု- ဘုရားငယ်တစ်ဆူအဖြစ်နှင့်အဖြစ်နှင့်သစ္စာလေးပါးကိုသိမြင်ခြင်း။
(၃) သမ္မာ သမ္ဗောဓိဆု- ဗုဒ္ဓအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
မိမိတို့၏ ပါရမီအလျှောက် ဤဗောဓိဆုကြီးများ ပြီးမြောက်နိုင်ကြသည်ဟူလို။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာတွင် ကမ္မဿကတာဥာဏ်၊ ဝိပဿနာဥာဏ်နှင့် ယှဉ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြင့်၎င်း၊ လောဘ ဒေါသစသော အကုသိုလ်တို့ မခြံရံ အထက်တန်းစား တိဟိတ်ကုသိုလ်ဖြင့်၎င်း၊ နိဗ္ဗာန်ကို ရည်မှန်း၍ ကြိုးပန်းအား ထုတ်နိုင်ကြပါစေသတည်း။

ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ်၁၂)

Sunday, January 22, 2017

ထိန မိဒ္ဓ တရား ပယ်ဖျောက်နည်း (၇)ပါး


မြန်မာမှုပြုထားသည့် "ငိုက်မျဉ်းခြင်း"ဟူသော စကားသည် "ထိန မိဒ္ဓ" ဆိုသည့် ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပါ၏။ ထို "ငိုက်မျဉ်းခြင်း"ဆိုသော "ထိန မိဒ္ဓ" တရားနှစ်ပါးသည် ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်သည့် (၆)ပါးသော "နီဝရဏ"ထဲမှ "တတိယမြောက် နီဝရဏတရား"ပင်ဖြစ်ပါ၏။ (ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း) ထိန မိဒ္ဓ နီဝရဏ လွှမ်းမိုးခြင်းကို ခံနေရသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဈာန် မဂ် ဖိုလ် တို့ကို ရရှိခြင်းမှ ဝေးကွာနိုင်ပါသည်။

ထို ဒေသနာကို ဗုဒ္ဓမြတ်စွာဘုရား က မည်သူ့ကို ,မည်သည့်နေရာ, မည်သည့် အချိန် တွင် မည်သည့်အကြောင်းကြောင့်, ဟောကြားခဲ့သည်ဆိုသည်လေးကိုတော့ အကျယ်သဘောအားဖြင့် ပြောပြချင်မိပါသဖြင့်ဤဓမ္မဆောင်းပါး ကို ရေးလိုက်မိပါသည်။ (သိရှိနားလည်ပြီးသူများ ကိုတော့ဖြင့် အနှုးအညွှတ်တောင်းပန်ပါသည်။)

မဟာသက္ကရာဇ် ၁၀၃ခုနှစ် ၊ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်မှာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်ကိုရရှိတော်မူခဲ့ပါသည်။

မဟာသက္ကရာဇ် ၁၀၃ခုနှုစ် ၊ပြာသိုလ် လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ရာဇဂြိဟ်ပြည်သို့ရောက်ရှိပါသည်။ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးစံနေတော်မူခိုက် အရှင်သာရိပုတ္တရာ အလောင်း "ဥပတိဿ"နှင့် အရှင်မဟာမောဂ္ဂလာန်အလောင်း "ကောလိတ" တို့ မြတ်ဘုရားထံသို့ နောက်ပါ တပည့်ပရဗိုဇ် (၂၅၀)နှင့်အတူ ရောက်ရှိလာကြပြီး နောက် "ဧဟိဘိက္ခူ ရဟန်း"အဖြစ်ကို ခံယူကြပါ၏။

အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဗုဒ္ဓထံတော်သို့ရောက်ရှိပြီး သောတာပန်အဖြစ်ဖြင့် ဧဟိဘိက္ခူရဟန်းအဖြစ်ကို ခံယူကြသည့် နေ့ သည် တပို့တွဲလဆန်း (၁) ရက်နေ့ဖြစ်ပါသည်။

ထိုနေ့ မှ စ၍ (၇) ရက်ပတ်လုံးတိုင်အောင် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးက အိပ်စက်ခြင်းမပြုဘဲ (ရာဇဂြိုဟ်ပြည်အတွင်းက တစ်ခုသော “ကလ္လ၀ါဠပုတ္တ” ခေါ်တဲ့ရွာရဲ့အနီး တောအုပ်ကြီးထဲမှာ) တရားအလုပ် အားထုတ်တော်မူနေရင်းဖြင့် (၇) ရက်မျှ မအိပ်မနေ အားထုတ်ခဲ့ရ သဖြင့် ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်တော်မူပြီး စင်္ကြံဦးမှာ ထိုင်လျက်သား ငိုက်မျဉ်းသွားပါသည်။ (တပို့တွဲလဆန်း (၈) ရက်ဆိုတာ မမေ့စေချင်ပါ။)

ထို မဟာသက္ကရာဇ် ၁၀၃ခု၊ တပို့တွဲလဆန်း (၈)ရက်တွင် မြတ်စွာဘုရားသည် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၊ သုသုမာရဂိရမြို့ အနီးတွင်ရှိသော "ဘေသကဠာ" အမည်ရှိ တောအုပ်ထဲတွင် သီတင်းသုံးနေရင်းဖြင့် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် စင်္ကြံဦးမှာ ငိုက်မျဉ်းနေတာကို "ဒိဗ္ဗစက္ခု အဘိဉာဏ်"ဖြင့် မြင်တော်မူလိုက်ပါသည်။

ထိုအခါ ဗုဒ္ဓမြတ်စွာက "ဣဒ္ဓိဝိဓ အဘိဉာဏ်" (စိတ္တဂတိ-စိတ်၏သွားခြင်းကဲ့သို့ လျင်မြန်စွာ)ဖြင့် သွားရောက်ပြီး စင်္ကြံဦးတွင် ငိုက်မျဉ်းနေသည့် အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးဆီသို့ ရောက်ရှိသွားတော်မူပြီးလျှင် အရန်သင့် ခင်းထားတော်မူသည့် နေရာတွင် ထိုင်တော်မူကာ-
"ချစ်သား မောဂ္ဂလာန်..။ သင်.. ငိုက်မျဉ်းနေတာလား……"ဟု မေးမြန်းလိုက်ပါသည်။

ထိုအခါကျမှ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်က-
"မှန်လှပါ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…….။ တပည့်တော် တဒင်္ဂငိုက်မျဉ်းသွားပါတယ် ဘုရား….။" ဟု လျောက်ထားလိုက်ပါသည်။

အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီး၏ အဖြေစကားကို ကြားပြီးသည့် နောက် "ဗုဒ္ဓမြတ်စွာ"က-

"ချစ်သား မောဂ္ဂလာန် …။ ထိန မိဒ္ဓဆိုတဲ့ ငိုက်မျဉ်းခြင်းကို ပယ်ဖျောက်ကြောင်းတရား ခုနှစ်ပါးရှိတယ်"…..အစချီ၍ အောက်ပါအတိုင်း ဟောကြားခဲ့ပါသည်။

၁။ အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်တဲ့ အမှတ်သညာကိုပယ်ဖျောက်ခြင်း။

“ချစ်သား….၊ ဒီလို သင်ချစ်သား ငိုက်မျဉ်းနေတယ်ဆိုရင် အဲဒီအငိုက်ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့- မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းနဲ့၊
ကြိမ်ဖန်များစွာ မလေ့လာနှင့်၊ ပယ်ဖျောက်လိုက်ပါ။
အဲဒီလို မငိုက်ခင်က နှလုံးသွင်း ရှုမှတ်တဲ့ အနိစ္စသညာကို နှလုံးမသွင်းဘဲနေမယ်ဆိုရင် သင်ချစ်သားရဲ့ သန္တာန်မှာ အဲဒီငိုက်မျဉ်းခြင်း မိဒ္ဓတရားကို ပယ်ဖျောက်ပြီးသား ဖြစ်လိမ့်မယ်။” ဟု ဟောကြားပါသည်။

ဆိုလိုရင်းမှာ-
မအိပ်ငိုက်ခင်က နှလုံးသွင်းခဲ့သည့် အနိစ္စသညာ ကို ပယ်ဖျောက်ရပါမည်။
ထို သို့ ပယ်ဖျောက်ပြီး ဒုက္ခသညာ သို့မဟုတ် အနတ္တသညာကို ပြောင်း၍ နှလုံးသွင်းရပါမည်။
ထို့အတူ မိမိက ဒုက္ခသညာကို နှလုံးသွင်းနေသည်ဆိုလျှင် ငိုက်မျဉ်းလာသည့် အခါ ထို ဒုက္ခသညာကို ပယ်ဖျောက်ရပါမည်။ အနာပါနသညာကို နှလုံးသွင်းခဲ့သည် ဆိုလျှင်လည်း ထိုသညာကိုပယ်ရပါမည်။ အသုဘသညာကို နှလုံးသွင်းရှုမှတ်ခဲ့သည် ဆိုလျှင်လည်း ဒီငိုက်မျဉ်းကြောင်းဖြစ်စေတတ်တဲ့ ထို သညာကို ပယ်ဖျောက်ရပါမည်။

အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်သည့် အမှတ်သညာ ကို ပယ်ဖျောက်ခြင်း ဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်သည်ဟုဆိုလိုပါကြောင်း ရိပ်စားမိပြီ ထင်ပါသည်။

၂။ မိမိသင်ယူမှတ်သားဖူးသော ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်၊သုံးသပ်၊ဆင်ခြင် နှလုံးသွင်းခြင်း။

"ချစ်သား…၊အဲဒီလို ဒုက္ခသညာအစရှိတဲ့ မူလနှလုံးသွင်းသညာကို ပယ်ဖျောက်ပြီးပေမယ့် ငိုက်မျဉ်းခြင်း မပျောက်သေးဘူးဆိုရင်-
ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းပါ။
အဲဒီလို ချစ်သား…….၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။"

မိမိသင်ယူမှတ်သားဖူးသည့် ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ်ဆင်ခြင် နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၃။ မိမိသင်ယူမှတ်သားဖူးသည့် ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံ၊သရဇ္ဈာယ်အမှု ပြုလုပ်ခြင်း။

"ချစ်သား……. အဲဒီလို ၊ မိမိသင်ယူခဲ့၊ ကြားနာခဲ့ဖူးတဲ့ ပရိယတ်စာပေများကို စိတ်ဖြင့်အကြိမ်ကြိမ် ကြံစည်သုံးသပ် ဆင်ခြင်နှလုံးသွင်းဆင်ခြင်နေလို့မှ ငိုက် မျဉ်းခြင်း မပျောက်သေးဘူးဆိုရင်-
မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်ပါ။
အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

မိမိသင်ယူမှတ်သားဖူးတဲ့ ပရိယတ်စာပေတရားများကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်အမှု ပြုလုပ်ခြင်းဖြင့်လည်းပဲ ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၎။ နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်း။

"ချစ်သား မောဂ္ဂလာန်…….၊ အဲဒီလို မိမိသင်ကြားထားတဲ့ တရားစာပေတွေကို အကျယ်တ၀င့် နှုတ်က ရွတ်အံသရဇ္ဈာယ်နေပေမယ့်လို့ ထိုငိုက်မျဉ်းခြင်းတရား မပယ်ရှား မ ပပျောက်သေးဘူးဆိုရင်-

မိမိရဲ့ နားပျဉ်း နားရွက်နှစ်ဘက်ကို လက်နဲ့ဘယ်ပြန်ညာပြန်ဆွဲပါ။
ဒါမှ ငိုက်ချင်သေးတယ်ဆိုရင် ညာလက်ဖြင့် ဘယ်ဘက်လက်ကို ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို ပွတ်သပ်ပေးပါ။ လက်ဖြင့် ကိုယ်ကိုလည်း ပွတ်သပ်ပေးလိုက်ပါ။

အဲဒီလိုလုပ်လိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

နားနှစ်ဘက်တို့ကို လက်နဲ့ဆွဲခြင်း၊ ကိုယ်ကိုလက်ဖြင့်ပွတ်သပ်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါ၏။

၅။ မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်း။

"ချစ်သား မောဂ္ဂလာန်…..။ ။နားနှစ်ဘက်ကို လက်နဲ့ဆွဲလို့မှ၊ လက်ဖြင့်ကိုယ်ကိုပွတ်သပ်လို့မှ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင်-

ထိုင်ရာကထပြီးတော့ မျက်နှာသစ်လိုက်ပါ။
မျက်နှာသစ်ပြီးတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုတဲ့ တူရှုအရပ်၊ လေးထောင့်ဆိုတဲ့ ဖီလာအရပ်လေးပါး၊ အထက်၊ အောက်ဆိုတဲ့ အရပ်နှစ်ပါးအားဖြင့် အရပ်ဆယ်မျက်နှာကို ဟိုဟိုဒီဒီ ကြည့်ပေးပါ။

ကောင်းကင်မှာရှိတဲ့ နက္ခတ်တာရာတို့ကို မော်ကြည့်ပေးပါတဲ့။

အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

မျက်နှာသစ်ပေးခြင်း၊ ထိုထိုအရပ်တို့ကို ကြည့်ရှုခြင်း၊ ကြယ်တာရာ ကောင်းကင်တို့ကို မော်ကြည့်ခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၆။ အလင်းရောင်ကို နှလုံးသွင်းခြင်း။

"ချစ်သား…မောဂ္ဂလာန်…….။ အဲဒီလို မျက်နှာသစ်ပြီး ထိုထိုအရပ်တို့ကို ကြည့်ရှုပေးပေမယ့်လို သင် ချစ်သားရဲ့ သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓမပျောက်သေးဘူးဆိုရင်-

အလောကသညာပွားပါ။ အလင်းရောင်ကို နှလုံးသွင်းလိုက်ပါ။

ဆိုလိုတာက နေ့ဘက်မှာ အိပ်ချင်ငိုက်မျဉ်းချင်တယ်ဆိုရင် နေ့ဘက်ဆိုရင် နေရဲ့အလင်းရောင်ကို နှလုံးသွင်းကြည့်ရှုပေးရပါမယ်။

ညဘက်မှာ အိပ်ငိုက်ချင်သေးတယ်ဆိုရင် ကြယ်ရောင် လရောင်ကို နှလုံးသွင်းကြည့်ရှု့ပေးရပါမယ်။

အဲဒီလို ကြည့်ရှုပြီးတော့ “အလောကော……အလောကော…”ဆိုပြီးတော့ အလောကကသိုဏ်းကို ၊အလောကသညာကိုပွားများရပါမယ်

အဲဒီလို အလောသညာကို နှလုံးသွင်းပွားများလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

အလင်းရောင်ကို နှလုံးသွင်းခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်ပါသည်။

၇။ စင်္ကြံလျောက်ခြင်း။

"ချစ်သား……..မောဂ္ဂလာန်၊ အလောကသညာကို ပွားများဆောက်တည်ပါသော်လည်း သင် ချစ်သားရဲ့သန္တာန်မှာ ငိုက်မျဉ်းခြင်း မိဒ္ဓတရားတွေ ကျန်သေးတယ်ဆိုရင်၊မပျောက်သေးဘူးဆိုရင်-

မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးပါ။

အဲဒီလို လူးလားခေါက်ပြန် ဣနြေ္ဒခြောက်ပါးကို ချူပ်တည်းပြီး စင်္ကြံလျှောက်ပေးလိုက်မယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

ချစ်သား……..ဒီတရားခုနှစ်မျိုးဟာ ထိန မိဒ္ဓ ငိုက်မျဉ်းခြင်းတရားတွေကို ပယ်ဖျောက်နည်းများ ဖြစ်ပေတယ်…….ချစ်သား မောဂ္ဂလာန်………။

မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ ရုပ်နာမ်တရားတွေပေါ်မှာ စိတ်ထားပြီးတော့ စင်္ကြံလျှောက်ပေးခြင်းဖြင့် ငိုက်မျဉ်းကြောင်း မိဒ္ဓတရားကို ပယ်ဖျောက်နိုင်တယ်။ ချစ်သား…………မောဂ္ဂလာန်………..။
ဒီ ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း တရား(၇)ပါးဟာ ယောဂီသူတော်စင်များအဖို့ မှတ်မိထားရမယ့် ဆောင်ထားရမယ့်တရား ဖြစ်ပါတယ်။ ဈာန် မဂ် ဖိုလ် ရခြင်းကို ပိတ်ပင်တားဆီးတတ်တဲ့ ဒီငိုက်မျဉ်းခြင်း ထိန မိဒ္ဓတရားကို ပယ်ရှားတွန်းလှန်ဖို့ လိုအပ်ပါတယ်။ ဒီခုနှစ်နည်းထဲက တစ်နည်းနည်းနဲ့ တွန်းလှန်ဖယ်ရှားလို့ရပါတယ်။"

ဟူ၍ ဗုဒ္ဓမြတ်စွာက "ထိနမိဒ္ဓ ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း" ကို "မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ တပို့တွဲလဆန်း (၈)ရက်နေ့တွင် "အရှင်မဟာမောဂ္ဂလာန်" ကို ဟောကြားခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာ က -

"ထို (၇)ပါးသောနည်းနှင့် မှ ငိုက်မျဉ်းခြင်း မိဒ္ဓတရား မပျောက်သေးဘူးဆိုလျှင်-

"ချစ်သား မောဂ္ဂလာန်..။ အိပ်စက်အနားယူတဲ့အခါမှာ (ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်း) ညာဘက်လက်ကို လဲလျောင်းပြီးတော့ ညာဘက်ခြေကို ခပ်ဆန့်ဆန့်တန်းတန်းထားပါ။
ညာဘက်ကိုစောင်းအိပ်ပါ။
ပြီးတော့ ဘယ်ဘက်ကဒူးကို အဲဒီညာဘက်ခြေရဲ့အပေါ် ရှေနားရောက်အောင်တိုးထားပြီးတော့ အိပ်စက်ပါ။
မအိပ်စက်ခင်မှာလည်းပဲ နံနက် ၄:၀၀နာရီကျရင် ငါအိပ်ရာမှထမယ်။
အဲဒိလို အချိန် နာရီသတ်မှတ်ပြီး ဘယ်ချိန် ဘယ်မိနစ်မှာ ငါအိပ်ရာကထမယ်လို့ နှလုံးသွင်းပြီးမှ သင်ချစ်သား အိပ်စက်ပါ။ လဲလျောင်းပါ။

ချစ်သား…….မောဂ္ဂလာန်။
အဲဒီလို သင်ချစ်သား…အချိန် နာရိသတ်မှတ်ပြီး ခြင်္သေ့မင်းနဲ့တူသော အိပ်စက်ခြင်းပြုပြီး အိပ်စက်ခြင်းမှ နိုးထာလာတဲ့အခါရောက်ရင်လည်း သင် ချစ်သား…….”သေယျသုခ” လို့ခေါ်တဲ့ ပက်လက်လှန်ပြီးတော့ ဖြေပစ်လက်ပစ်ပြုပြီး "လဲလျောင်းရတဲ့ ချမ်းသာကို အားထုတ်ပြီးတော့ ငါမနေဘူး" လို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။

“ပဿသုခ” လို့ခေါ်တဲ့ ဗယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် ဗယ်ပြန် ညာပြန်လှည့်ပြီး တအိအိနဲ့ နေလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။

“မိဒ္ဓသုခ” လို့ခေါ်တဲ့ အိပ်ရာကနိုးပြီတဲ့နောက်မှာ ပြန်ပြီးအိပ်စက်လိုက်ရလို့ မှိန်းလိုက်ရလို့၊ ငိုက်လိုက်ရလို့ဖြစ်တဲ့ ချမ်းသာသုခမျိုးကို အားထုတ်ပြီးတော့ ငါမနေဘူးလို့ အောက်မေ့ကာ သန္နိဌာန်ချပြီး အိပ်စက်ခြင်းမှ မြန်မြန်ထရမယ်။

အဲဒီလို ကျင့်ကြံလိုက်နာမယ်ဆိုရင် သင်ချစ်သားရဲ့သန္တာန်မှာဖြစ်ပွားနေတဲ့ ငိုက်မျဉ်းခြင်း မိဒ္ဓတရားဟာ အလိုလိုပယ်ရှားပြီးသား ဖြစ်ပါလိမ့်မယ်။ ငိုက်မျဉ်းခြင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။"

"အရှင်မဟာမောဂ္ဂလာန်" ကိုယ်တော်မြတ်ကြီးသည် ဖော်ပြပါ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ တပို့တွဲလဆန်း (၈) ရက်နေ့တွင် မြတ်ဗုဒ္ဓဟောကြားသော ထို "ပစလာယမာနသုတ္တန်" ကို နာကြားရ၍ အရဟတ္တဖိုလ်ပေါက် ရောက်ပြီး ရဟန္တာဖြစ်တော်မူခဲ့ပါသည်။

("ပစလာယမာနသုတ်တော်"တွင် ထို ငိုက်မျဉ်းခြင်းတရား ပယ်ဖျောက်နည်း သာ ဟောကြားထားခြင်းတော့ မဟုတ်ပါ။ နော့ပေတဲ့ ဤနေရာတွင်မတော့ အဓိကဖြစ်သည့် "ငိုက်မျဉ်းခြင်းတရား ဖြေဖျောက်နည်း"ကိုသာလျှင် တင်ပြလိုက်ခြင်းဖြစ်ပါသည်။)

“မြတ်စွာဘုရား သာသနာတော်၌ သူတော်ကောင်းတရားတို့ကို ထထကြွကြွ ကြိုးစားအားထုတ်ကြကုန်လော့..။
မဆုတ်မနစ် အားသစ်ကြကုန်လော့..။
ဆထက် ထမ်းပိုး တိုး၍ ရှုမှတ်အားထုတ်ကြကုန်လော့..။
ဆင်ပြောင်ကြီးသည်. ကျူထရံအိမ်ကို နင်းချေဖျက်ဆီးသကဲ့သို့ ကိလေသာရန် မာရ်စစ်သည်အပေါင်းကို ထောင်းထောင်းချေမွ တိုက်ဖျက်ကြကုန်လော………။

အကြင်သူသည် ဤဓမ္မ၀ိနယခေါ် မြတ်စွာဘုရား၏ သာသနာတော်၌ အပ္ပမာဒသတိရှိသော ယောဂီသည်သာလျှင် ဘ၀သံသရာကို ဖယ်လွှဲ၍ ဆင်းရဲခြင်း၏ အဆုံးကို ပြုနိုင်လတ္တံ့ …။"

-မှီခိုရာ ကျမ်းကိုး

-အင်္ဂုတ္တရပါဠိတော်၊ သတ္တနိပါတ်၊ ပစလာယမာနသုတ်
-သဂါထ၀ဂ္ဂပါဠိတော်၊ ဒုတိယ၀ဂ်၊ အရုဏ၀တီိသုတ်
-မင်းကွန်းဆရာတော်ဘုရားကြီး၏ ချိန်ခွင်ကြီးလေးလက် တရားတော်
-ဓမ္မာစရိယ ဦီိးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင် အရိယာများ၊ နှာ ၃၆၈-၃၆၉

ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

ဉာဏ်လင်းမြို့

''လယ်သူမလေးနှင့်နွားကျောင်းသားကလေး''


ဘုရားရှင်လက်ထက်တော်အခါ က.....

အလွန်အမင်း ဆင်းရဲရှာတဲ့ လယ်သူမ လေးတစ်ယောက်ရှိတယ်။ လယ်သူမကလေး ဟာ ဘယ်လောက်ထိ ဆင်းရဲရှာသလဲဆိုရင် လယ်တောကို ထမင်းထုပ်ကလေးတောင်မှ ထုပ်မသွားနိုင်ရှာဘူးတဲ့ကွယ်။ သူ့ရဲ့ တဘက် စုပ်ကလေးရဲ့အစွန်းမှာ ပြောင်းဖူးပေါက်ပေါက် ပွင့်ကလေး လက်တစ်ဆုပ်စာကိုသာ ထုတ်ယူ လာရတာပေါ့။

လယ်ထဲမှာ အလုပ်,လုပ်ရင်း ဆာလာတဲ့အခါ အဲဒီပေါက်ပေါက်ပွင့်ကလေးတွေပဲ စားရသတဲ့။ လယ်သူမလေးဟာ ဆင်းရဲနွမ်းပါးရှာ ပေမယ့် ရတနာမြတ်သုံးပါးကိုတော့ အင်မတန် ကြည်ညိုသတဲ့ကွယ်။ တစ်နေ့ .....

လယ်သူမလေး လယ်တောကိုအလာ လမ်းခုလပ်မှာ ဆွမ်းခံကြွလာတဲ့ သံဃာတော် အရှင်မြတ်တစ်ပါးနဲ့ ဆုံတွေ့ဖူးမြော်ရတယ်။ အရှင်မြတ်ရဲ့ ကျက်သရေဟာ တက်နေလိုပဲ တောက်ပနေသတဲ့ကွယ်။ လယ်သူမလေးဟာ သံဃာတော်အရှင်မြတ်ကို ဖူးလိုက်ရတယ်ဆို ရင်ပဲ ရင်ထဲမှာ အေးသွားပြီး သဒ္ဓါကြည်ညိုစိတ် တွေ တဖွားဖွားဖြစ်ပေါ်လာတယ်။ ဆွမ်း လောင်းစရာ သူ့မှာ ဘာမှပါမလာ၊ အို ... ဒါပေမယ့် ပေါက်ပေါက်ပွင့်ကလေးတွေ ပါခဲ့ သားပဲ။

လယ်သူမလေးဟာ နေ့လယ်ဆာလာ ရင် စားစရာ ဘာမှမရှိချင်နေ၊ အငတ်ခံတော့ မယ်ဆိုပြီး အဲဒီအရှင်မြတ်ကြီးကို ပေါက်ပေါက်ပွင့်တွေ လောင်းလှူလိုက်သတဲ့ကွယ်။

လယ်သူမလေး ပေါက်ပေါက်ပွင့် လှူ လိုက်တဲ့ အရှင်မြတ်ကြီးဟာ ဘုရားရှင်ရဲ့ သာ သနာတော်မှာ အင်မတန်ကျော်ကြားတော်၊ ထင်ရှားတော်မူတဲ့ ဓူတင်ဧတဒဂ်ရ ''အရှင် မဟာကဿပ'' အရှင်မြတ်ကြီးတဲ့ကွယ်။

ဓူတင် ဧတဒဂ်ရဆိုတာ ကိလေသာကို ခါထုတ်ပေး တတ်သော အကျင့်မှာ အကျင့်နိုင်ဆုံး အမြတ် ဆုံးဘွဲ့ရ ရဟန္တာအရှင်မြတ်ကြီးပေါ့ကွယ်။ ဒါပေ မယ့် လယ်သူမလေးကတော့ သူပေါက်ပေါက် ပွင့်လောင်းလှူလိုက်တဲ့ သံဃာတော်ဟာ အရှင် မဟာကဿပကိုယ်တော်ကြီးမှန်း မသိရှာပါ ဘူး။

သံဃာတော်ကို ကြည်ညိုလို့ သဒ္ဓါကြည် ညိုစိတ်က နှိုးဆော်၊ စေတနာအရှိန်ကလေး ပွင့်ပေါ်လာတာနဲ့ ချက်ချင်းလောင်းလှူလိုက် ခြင်းဖြစ်ပါတယ်။

လယ်သူမလေးဟာ အဲဒီညမှာပဲ သူ့မှာ စွဲကပ်နေတဲ့ရောဂါနဲ့သေဆုံးသွားရှာတယ်။

ဒါပေမယ့် သူမသေခင်မှာ နံနက်က လောင်း လှူခဲ့တဲ့ သူ့ရဲ့သဒ္ဓါဆွမ်းအပေါ် ကုသိုလ်စိတ် ဖြစ်ပေါ်နေချိန်မှာ သေသွားတာဖြစ်လို့ ဗြုန်း ခနဲဆို ၁၆ နှစ် သမီးအရွယ် နတ်သမီးလေး တစ်ပါး ဖြစ်သွားတော့သတဲ့ကွယ်။ လူ့ပြည်မှာ လယ်သူမဆင်းရဲတဲ့ဘဝနဲ့ နေခဲ့ရပေမယ့် ပေါက်ပေါက်ဆွမ်း လှူရတဲ့အကြောင်းကြောင့် ... တာဝတိံသာနတ်ပြည်မှာ စည်းစိမ်ချမ်း သာ လွန်ကဲစွာနဲ့ နတ်သမီးလေးတစ်ပါး ချက် ချင်းဖြစ်သွားသတဲ့ကွယ်။ ပေါက်ပေါက်ဆွမ်း လှူ ဒါန်းရာက နတ်သမီးလေးဖြစ်လာတာမို့ သူ့ကို ''လာဇာ''နတ်သမီးလေးလို့ နတ်တွေက ခေါ်ကြ သတဲ့ကွယ်။

အရှင်မဟာကဿပဆိုတဲ့ ကျော်ကြား ထင်ရှားတော်မူသော ပုဂ္ဂိုလ်စွဲအပေါ် လှူခြင်း မဟုတ်ဘဲ သံဃာဆိုတဲ့ ဂုဏ်တော်အပေါ်မှာ လှူဒါန်းခဲ့ခြင်းကြောင့် ဒီလိုနတ်သမီးလေးဖြစ် လာခဲ့ရတာပေါ့ကွယ်။

အဲဒီနတ်သမီးလေးလိုပဲ တာဝတိံနတ် ပြည်မှာ နတ်သားဖြစ်လာတဲ့ ''နွားကျောင်းသား ကလေး''တစ်ယောက်ရှိခဲ့ဖူးပါတယ်။

သူဟာ နတ်သားဘဝမရောက်ခင် လူ့ဘဝမှာတုန်းက အင်မတန်ဆင်းရဲတဲ့ နွားကျောင်းသားလေး တစ်ယောက်ပါပဲကွယ်။

သူဟာ ဘယ်လောက် ထိ ဆင်းရဲသလဲဆိုရင် လယ်သူမလေးလို တောင်မှ ပေါက်ပေါက်ပွင့် လှူစရာမရှိဘူးတဲ့ ကွယ်။

သူ့ပတ်ဝန်းကျင်မှာ လူတွေကဖြင့် သွား လိုက်ကြ၊ လာလိုက်ကြ၊ ဖူးလိုက်ကြ၊ လှူလိုက် ကြတာ...။

ဘုရားရှင်တော်ဟာ ဘယ်လောက်ထိ ကြည်ညိုစရာကောင်းပါတယ်ဆိုတာ အားကျ မခံ ပြောကြ၊ ဆိုကြ၊ ပူဇော်ကြနဲ့၊ ဘုရားရှင်ရဲ့ တရားတော်တွေဟာ ဘယ်လောက်ထိ အကျိုး ကျေးဇူးကြီးပါပေတယ်ဆိုတာ ပြောကြ၊ ဆိုကြ၊ ပူဇော်ကြနဲ့၊ ဘုရားရှင်ရဲ့ တပည့်သားသံဃာ တော်တွေဟာ ဘယ်လို ... ဘယ်လိုရိုသေ ထိုက်တယ်ဆိုတာ ပြောကြ၊ ဆိုကြ၊ ပူဇော်ကြနဲ့။

ဒါနပြုသူကပြု၊ ဥပုသ်စောင့်သူကစောင့်၊ တရားအားထုတ်သူက အားထုတ်နဲ့ အားကျ စရာကောင်းလိုက်တာ။ သြော် ... သူတို့များ ဖြင့် ကံကောင်းကြပေစွေ၊ လူဖြစ်ရကျိုးနပ်ပေစွ၊ ငါ့မှာတော့ဖြင့် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ နွားကျောင်းနေရတာနဲ့ပဲ ... ဘုရားလည်း မဖူးနိုင်၊ တရားလည်းမနာနိုင်၊ သံဃာလည်း မပူဇော်နိုင်၊ နွားကျောင်းသားဟာ သူ့ဘဝသူ အဲဒီလို ပြန်တွေ့လိုက်ရပေမယ့် စိတ်ဓာတ်မကျ ဘူး။ အားမငယ်ပါဘူးတဲ့။

နွားကျောင်းသားလေးဟာ နွားတွေကို ကျောင်းနေလျက်ကပဲ ... ဘုရားရှင်ရှိရာ ရည်မှန်းပြီး -
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊

ယနေ့ကို အစပြု၍ ဘုရားကိုသာလျှင် အသက်ထက်ဆုံး ဘေးရန်ဆီးကာ ကိုးကွယ်ရာ အစစ်ဟူ၍ မှီဝဲဆည်းကပ်ပါ၏ အရှင်ဘုရား ... တဲ့။

(တရားတော်၊ သံဃာတော်တို့ကို လည်း အဲဒီလိုပဲ ရည်မှန်းရှိခိုးတယ်)

ဣမေ ပစ္စက္ခန္ဓာ ဗုဒ္ဓဿနယျာဒေမိ၊

ဤရုပ်စဉ်နာမ်စဉ် ခန္ဓာငါးခု အလျဉ်တို့ ကို ဘုရားရှင်အား အပ်နှင်းပါ၏ ဘုရား... တဲ့။ (တရားတော်၊ သံဃာတော်တို့ကိုလည်း အဲဒီ လိုပဲ ရည်မှန်းလှူဒါန်းတယ်)

နွားကျောင်းသားလေးဟာ
၁။ နှုတ်ကလည်းဆို
၂။ ကိုယ်ကလည်း လက်အုပ်မိုး
၃။ စိတ်ကလည်း ရည်မျှော်ကိုး ...
ဒီသုံးမျိုးနဲ့ ထက်ထက်သန်သန် သရ ဏဂုံခံယူ ဆောက်တည်လိုက်ပါတော့တယ်။

နွားကျောင်းသားလေးရဲ့ အဲဒီစေတနာ၊ အဲဒီသဒ္ဓါကြောင့် နွားကျောင်းသားဘဝက သေ လျှင် သေချင်း ချက်ချင်းပဲ နတ်သားလေးတစ် ပါး ဖြစ်လာတော့သတဲ့ကွယ်။ တာဝတိံသာနတ် ပြည်မှာ စည်းစိမ်ချမ်းသာတွေ ခံစားနေလိုက် တာ သံသရာဘဝတစ်လျှောက်လုံး ဒုက္ခဆိုတဲ့ စကား ကြားတောင် မကြားဖူးတော့ဘူးတဲ့ ကွယ်။ နွားကျောင်းသားဘဝက ပင်ပန်းဆင်းရဲ ခဲ့ရပုံတွေနဲ့ မကွာခြားလှပေဘူးလား။

လယ်သူ မလေးလိုတောင်မှ လှူစရာမရှိခဲ့ပေမယ့် သရ ဏဂုံရဲ့ကျေးဇူးကြောင့် နတ်စည်းစိမ်ခံစားခဲ့ရပါ တယ်။ ဒီလိုနဲ့ ဂေါတမမြတ်စွာဘုရားလက် ထက်တော်မှာ ''သရဏဂမနိယ''ဆိုတဲ့ ဘွဲ့တော် နဲ့ သတ္တဝါအများတို့ရဲ့ ကိုးကွယ်အားထားရာ ရဟန္တာတစ်ဆူဖြစ်တော်မူခဲ့ရသတဲ့ကွယ်။

ဒီပုံပြင်မှာ မှတ်သားစရာ
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက-

သံဃာတော်အရှင်မြတ်တို့ရဲ့ ကျေးဇူးနဲ့ သန့်ရှင်းစင်ကြယ်သော အကျိုးပေးကို သာဓက ဆောင်ရာမှာ ''လယ်သူမလေး''ပုံပြင်ကို ထည့် သွင်းရေးသားခဲ့ပြီး ....

သရဏဂုံတည်ခြင်းရဲ့ အကျိုးကျေးဇူးကို အထူးသိစေလိုရာမှာ ... ''နွားကျောင်းသား ကလေး''ပုံပြင်နဲ့ သာဓကဆောင် ရေးသား ဟော ကြားတော်မူခဲ့ပါတယ်။

လူက ဘယ်လောက်ပင် ဆင်းရဲ ... ဆင်းရဲ ... စေတနာ သဒ္ဓါတရား မဆင်းရဲဖို့က အဓိက၊

ရတနာမြတ်သုံးပါး၏ ကျေးဇူး ကြောင့် ဆင်းရဲသောဘဝဆိုးတို့မှ လွတ်မြောက် ချမ်းသာနိုင်ပုံ-တို့ကို နာကြားမှတ်သား၍ စေ တနာသဒ္ဓါတရားထက်သန်စွာဖြင့် သရဏဂုံ ခံယူ ဆောက်တည်နိုင်ကြပါစေလို့ အလေးအ နက် ဆန္ဒပြုအပ်ပါတယ်။

သာစည်မင်း
အညွှန်း။ ။ ၁၃၅၄ခုနှစ်ထုတ်၊ လား ဟူဗုဒ္ဓဘာ သာသင်ခန်းစာ စာ - ၄ဝ-၄၉/ စာ ၅၂-၅၃

``မဘသ(ဗဟို)Online Media´´

ကြွက်ထောင်ချောက်(ဆရာဖေမြင့်)

တစ်ခါတုန်းက….
ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟ,နေတဲ့နေရာအကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာတွေ့ရတယ်။ အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တ၀ါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကိုရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က၀ယ်လာတဲ့ “ကြွက်ထောင်ချောက်”။
မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်းထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။ အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက်က ခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ
အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစရာယက်ပြီးရှာနေတဲ့ ကြက်မက၊ “ဒီလောက်တောင် အော်မနေနဲ့ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။
ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က- “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့်ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲတတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက်ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။
ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။ “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။
ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေးလို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲသတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာတပ်ထားမယ့် အနံ့ကလည်းမွှေး၊ အရသာလည်းရှိပြီး ကြွက်မှန်သမျှ သွားရည်တများများကျစေမယ့်အစာကို အနားသားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးကရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆတိုက်မိ တယ်ဆိုတာမျိုးမဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။
အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာပေါက်ထွက်လာပြီး ကတည်းက သတ္တ၀ါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက်တစ်ကောင်တော့ သွားရှာပေါ့” လို့ ၀က်က ဆိုတော့ ကြက်မက “စိတ်မ ကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူမစာမနာပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။
နွားကြီးကတော့ “စောစောသေ တော့လည်း ကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ”တဲ့။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှမဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင် မိသလောက် လန့်သွားတာ။ နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့်ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။
မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့ ကြွက်စာအနံ့မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီးသွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။
ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မထွက်လာတာမြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကိုသွားဆွဲတဲ့အခါ မြွေကလှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမားပြေးလိုက်တာတယ်။ မီးအိမ်ပိုလင်းအောင် မီးစာမြှင့်ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီးသေသွားတယ်။
အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော်ခေါင်းနားပန်းကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေလှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။ မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး
ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမ၀င်ရင် ကိုယ်ခံအားနည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ်ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ၀ိုင်းဝန်းအကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ်လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။
လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုးမိတ်သင်္ဂဟတွေ လူမမာသတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်းမပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေမကောင်းတော့ သားချင်းတချို့လည်း အနီးကပ်ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။
အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ၀ယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက် ၀ယ်ဖို့ ခြမ်းဖို့ရော၊ ဆရာဝန်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ဝက်ကိုသတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။
ဆရာဝန်ရော အရပ်ကပါ ၀ိုင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမားမယားဟာ ပြန်နာလန်ထူမလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။
အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။
ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ကြွက်ဟာ အကြီးအကျယ် ထိတ်လန့်အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစား မရနိုင်အောင်ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းကြောက်နေတုန်းက ကိုယ်နှင့်မဆိုင်သလိုနေခဲ့ကြတဲ့ ကြက်၊ ၀က်၊ နွား အပါအ၀င် သတ္တ၀ါ ၅ ဦးအသက်ဆုံးရုံးသွားပြီးတဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်ပိုပြီး အကြောက်ကြီးကြောက်သွားခဲ့တယ်။

ဆရာဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆

ဘုရားရှင်သည် သာဝတ္တိပြည် ပုဗ္ဗာရုံကျောင်း တိုက်တွင် သီတင်းသုံး စံနေတော်မူခိုက် ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို.ချဉ်းကပ်ကာ သူသိလိုသည့် မေးခွန်းများကို မေးမြန်းလျှောက်ထားခဲ့သည်။ ထိုမေးခွန်းများ၏ ဆိုလိုရင်းမှာ---

အရှင်ဂေါတမ၏ သာသနာတော်၌ အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ် ထင်ရှားတည်ရှိပါသလား ဟု မေးမြန်းလျှောက် ထား၏။ ထိုအခါ ဘုရားရှင်က အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ်ကို အကျဉ်းချုပ်ကာ---

၁။ရဟန်းတော်တို. လိုက်နာပြုကျင့်အပ်သည့် ပါတိမောက္ခသံဝရ သီလတည်းဟူသော ဝိနည်းသီလကျင့်စဉ်၊

၂။မျက်စိ နား နှာ လျှာ ကိုယ် နှလုံးတည်းဟူသော ဒွါရ(၆)ပါး၊ တံခါးကြီး(၆)ပေါက်မှ ရာဂ ဒေါသ မောဟ စသည့် ကိလေသာ အညစ်အကြေးတို. ဝင်ရောက်မလာနိုင်အောင် မိမိမ၏ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို အမြဲသွတ်သွင်းထားလျက် ဣနြေ္ဒတို.ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းတည်းဟူသော ဣန္ဒြိယ သံဝရသီလကျင့်စဉ်၊

၃။အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း၊ ပစ္စဝေက္ခဏာဆင်ခြင်လျက် အစာအာဟာရကိုသုံး ဆောင်မှီဝဲခြင်းတည်းဟူသော ပစ္စယသန္တွိဿိတသီလကျင့်စဉ်၊

၎။ညဥ့်သုံးယာမ် တစ်ယာမ်သာ အိပ်စက်လျက် ကြွင်းကျန်သော အချိန်ကာလတို.၌ ကမ္မဋ္ဌာန်းတရားတို.ကို သာလျင် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ဇာဂရိယာနုယောဂကျင့်စဉ်၊

၅။သတိ၏ တည်ရာအာရုံဖြစ်ကြကုန်သော သမထကမ္မဋ္ဌာန်းအာရုံနှင့် ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို.အပေါ်၌ ခိုင်မြဲသော သတိနှင့် ပိုင်းပိုင်းခြားခြားကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်တို.နှင့်ပြည့်စုံအောင် ဖြည့်ကျင့်ရမည့် သတိသမ္ပဇဉ်ပိုင်း ကျင့်စဉ်၊

၆။ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းသို. ချည်းကပ်ကာ ရှေးဦးစွာ သမထကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ဖြည့်ကျင့်ရမည့် ကျင့်စဉ်၊ ထိုသို.ကျင့်ရာ၌---

၇။(က) သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို.အပေါ်၌ လိုလားတပ်မက်ခြင်း ကာမစ္ဆန္ဒနီဝရဏ၊ (ခ)သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို.ကို ပျက်စီးအောင် ဖျက်ဆီးလိုခြင်း ဗျာပါဒနီဝရဏ၊ (ဂ)ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို.၏ တက်တက်ကြွကြွမရှိပဲ လေးလံထိုင်းမှိုင်းနေခြင်း ထိနမိဒ္ဓနီဝရဏ၊ (ဃ)ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို.ကို စုစည်းလို. မရနိုင်ဘဲ ပြင်ပအာရုံ အမျိုးမျိုးပေါ်သို. စိတ်ပျံ.လွင့်နေခြင်း ဥဒ္ဓစ္စနှင့်ပြုပြီးဒုစရိုက် မပြုလိုက်မိသောသုစရိုက်တို.ကို အာရုံပြုကာ နောင်တတစ်ဖန်ပူပန်နေခြင်း ကုက္ကုစ္စတည်းဟူသော နီဝရဏ(ဥဒ္ဓစ္စ+ကုက္ကုစ္စ နီဝရဏ)၊ (ဂ)ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို.အပေါ်၌ သို.လောသို.လော တွေးတောယုံမှားနေခြင်း ဝိစိကိစ္ဆာနီဝရဏ-သမထဈာန်နှင့် ဝိပဿနာဉာဏ်တို.က ဖြစ်ပေါ်မလာအောင် တားမြစ်နှောင့်ယှက် ပိတ်ပင်နေသည့် ဤနီဝရဏတရား၅-ပါးတို.ကို နှိပ်ကိပ်ဖျက်ဆီးကြောင်းဖြစ်သည့် ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်သို. ဆိုက်ရောက်အောင် အားထုတ်ရမည့်ကျင့်စဉ်၊

၈။ထိုစတုတ္ထဈာန် သမာဓိကို ဝိပဿနာဉာဏ်၏ အခြေခံ သမာဓိအဖြစ် ထူထောင်ကာ အရဟတ္တဖိုလ်ပေါက် အဆင့်ဆင့် လိုက်နာပြုကျင့် ရမည့် ဝိပဿနာကျင့်စဉ်-

ဤကဲ့သို.အစဉ်အတိုင်း လိုက်နာပြုကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်တို. ငါဘုရားရှင်၏ သာသနာတော်၌ ထင်ရှားတည်ရှိပါကြောင်းကို ပြန်လည်ကာ မိန်.ကြားတော်မူလိုက်သည်။ ထိုကျင့်စဉ်အရပ်ရပ်တို.ကို အကျဉ်းချုပ်လိုက်လျှင် ထိုကျင့်စဉ်တို.မှာ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော မဂ္ဂင်(၈)ပါး ကျင့်စဉ်တရားတို.သာ ဖြစ်ကြပေသည်။

နိဗ္ဗာန်တရားတော်မြတ်သည်လည်းထင်ရှားရှိတာ မှန်၏။ နိဗ္ဗာန်သွားရာလမ်းသည်လည်း ထင်ရှားရှိတာမှန်၏။ နိဗ္ဗာန်သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် ဘုရားရှင်လည်း ထင်ရှားရှိတာမှန်၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဟာ နိဗ္ဗာန်သို. သွားရာလမ်းကို ဟောကြားပြသတတ်သူ သာ ဖြစ်ပြီး ကိုယ်တိုင်ကျင့်သူတွေသာ သံသရာဝ် ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြမှာဖြစ်ကြပါတယ်

ဖားအောက်တောရဆရာတော် အရှင်ရေဝတ၏ နိဗ္ဗာန်သို.သွားရာ တစ်ကြောင်းတည်းသောလမ်း စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။

ရန်လည်း မဆိုင်၊ မပြိုင်တရား၊ မျိုး ၁၀-ပါး၊ ရှောင်ရှားစရာ အဘယ်နည်း?။ ။

ဤ၌ အမေးပုစ္ဆာပြုသူက ဆယ်ပါးသာ မေးထားသော်လည်း သြ၀ါဒထူးပျို့၌ ၁၁-ပါးမျှ လာရှိ၏၊ ထို့ကြောင့် ၎င်းင်းပျို့စာမူအတိုင်းပင် ဖြေဆိုလိုက်အံ့၊ ရန်မပြုရာ၊ ဆယ့်တစ်မှာကား-
(၁) အာဏာထန်ပြင်း၊ စိုးမင်းတို့အား၊ ရန်ပြုမှားသော်၊ နှောင်ထားပုတ်ခတ်၊ ဘေးတွေ့တတ်၏။
(၂) မှုးမတ်စစ်ကဲ၊ သူရဲဗိုလ်မှူး၊ တပ်မှူးစစ်ကွပ်၊ စစ်ကြပ်မှုထမ်း၊ ရာထမ်းတို့အား၊ ရန်ပြုမှားသော်။
ကြေထွားရိပွတ်၊ ကွပ်ညှပ်ပြင်း၍၊ ချည်နှောင်တွေ့၏။
(၃) နောက်ရှေ့မြင်သီး၊ သူကြီးကြေးကိုင်၊ မြေတိုင်စချီ၊ အစီအရင်၊ ရွာရှင်တို့အား၊ ရန်ပြုမှားသော်၊
ရပ်ခြားမြေရွေ့၊ နှင်ထုတ်တွေ့၏။
(၄) ညဉ့်နေ့ခတ်လည်၊ ရာဇာ့စည်နှင့်၊ မောင်းသည်တို့အား၊ ရန်ပြုမှားသော်၊ ထိပါးမျက်ငွေ့၊ ဆင်းရဲတွေ့၏။
(၅) သိမ်မွေ့အာစာ၊ ခေမာရည်မှန်း၊ ရဟန်းတို့အား၊ ရန်ပြုမှားသော်၊ လေးပါးပါယ်ငွေ့၊ ဆင်းရဲတွေ့၏။
(၆) အလေ့ဘာသာ၊ ယုတ်မာကျင့်ရိုး၊ ကျွန်ဆိုးတို့အား၊ ရန်ပြုမှားသော်၊ လေးစားမထေ၊ မရိုသေလျှင်၊ ပြုလေတုံ၍၊ ကြံစည်မေ့၏။
(၇) ရေမြေ့တံခွန်၊ မင်းကျွန်တို့အား၊ ရန်ပြုမှားသော်၊ လည့်ပြားပတ်ကွေ့၊ကုန်းတိုက်တွေ့၏။
(၈) ကြီးလေ့ဂုဏ၊ မိဘတို့အား၊ ရန်ပြုမှားသော်၊ စကားလောင်ဝေ့၊ မှု ရာတွေ့၏။
(၉) ရွှေငွေအတိ၊ နက်ကျိဖြင်အေး၊ သူဋ္ဌေးတို့အား၊ ရန်မူမှားသော်၊ တရားပြု၍၊ အလျော်တွေ့၏။
(၁၀) ကောင်းစေ့မဟုတ်၊ သူယုတ်တို့အား၊ ရန်ပြုမှားသော်၊ စကားစမည်၊ အရှည်အတို၊ မရိုမသေ၊
အထွေထွေလျှင်၊ ပလွေလွင့်၍၊ ကဲ့ရဲ့တွေ့၏။
(၁၁) ချမ်းမြေ့ယှဉ်မှီး၊ အိမ်နီးချင်းအား၊ ရန်တွေ့မှားသော်၊ ရွာသားရွာသူ၊ ဦးမည်းဖြူတို့၊ ငြူစူစောင်းမဲ၊
ငြီးငွေ့မြဲသည်၊ ဆိုဆဲခံရ မှန်မုချ။

Thursday, January 19, 2017

အသက်မွေးမှုစင်ကြယ်ခြင်း

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ
ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း
ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း
ရှိနေကြ၏။

ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊
မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု
နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ
ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ
ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်
မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။

အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည်
သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အ
နေဖြင့်မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏
အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု
သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။

ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။

စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော ၊ လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသောသမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို
သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်
ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊
ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။

ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာလောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း "မိစ္ဆာဇီဝ" အမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို “ဓမ္မိယလဒ္ဓ” ပစ္စည်း
ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း
ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့်
မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊
ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ
စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။
ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည်
“သမ္မာအာဇီဝ” ဖြင့် အသက်မွေးမှုများပင် ဖြစ်၏။

သို့ဆိုလျင် ယနေ့ခေတ်
ငွေတိုးပေးနေကြသူများ၊
ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊
ကုန်သည်ပွဲစား လုပ်နေကြသူများ၊
ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။

ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည်
အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ
ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင်
သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။

ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။
လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့်
အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည်“ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့်
မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။

သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့်
ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား
မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍
အတိုးစားနေသူများတွင် အစိုးရဘဏ်၊
အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ
ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့်
အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု
ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ
အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ
သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက
မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ
ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။
ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများ” ဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။

မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့်
မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏
အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့်
အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့်
အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က
သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို
ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု
ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။

စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို
“သုတ္တန်အလို သမ္မာအာဇီဝ” နှင့်
“အဘိဓမ္မာအလို သမ္မာအာဇီဝ” ဟူ၍
နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။

တရားသဖြင့် ရအပ်သော ပစ္စည်းများကို
စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း
ပစ္စည်းရှာဖွေခြင်းမျိုးသည် “သုတ္တန်” အလို
သမ္မာအာဇီဝဖြစ်ပြီး ၊မတရားသဖြင့်
ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း
ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ
ရှောင်ကြဉ်နေခြင်းသည် “အဘိဓမ္မာ အလို
သမ္မာအာဇီဝ”ဖြစ်၏။

ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့်
ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း
နားလည်သဘောပေါက်လာသည့်အခါ
ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင်
အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း
ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့်
ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ
အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း
နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာ
ရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား
အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့်
သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း
အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား
ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။

ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင်
တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့်
အသက်မွေးလေ့ရှိသည့် သုတ္တန်အလို
သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို
မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။

အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု
ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့်
အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ
ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော
ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား
အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။
သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့်
အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ
မရနိုင်ဟုကား မမှတ်အပ်ပေ။
အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။
ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍
တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ
စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက်စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ”ဟု
တိုက်တွန်းပေးရခြင်း ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊
ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည်
သူများအောက်ကျို့ကာ သူများအခိုင်းခံများ
ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့်
တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန်
သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ
ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင်
သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။

သို့သော် မလွယ်သည်ကားမဟုတ်၊
မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။
သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ
စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ
မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့်
အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ်
မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ
အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။
မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊
တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ
အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝ တစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့်ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာမတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့်
အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ်ရွေးချယ်သင့
ကြောင်း၊

မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

သမ္မာအာဇီဝကျကျအသက်မွေးနိုင်ဖို့အတွက်မရောင်းအပ်သော(သို့)အရောင်းအ၀ယ်မလုပ်ကောင်းသောကုန်ပစ္စည်းငါးမျိုးကိုဆက်လက်တင်ပြလိုက်ပါမယ်၊ အဲဒီကုန်ပစ္စည်းငါးမျိုးကတော့ ဗုဒ္ဓမြတ်စွာသည် အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ် ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာ ဥပါသကာတစ်ယောက် အနေဖြင့်
“ မရောင်းကောင်းသော ကုန်စည်မျိုး (၅) ပါး ”ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုငါးပါးတို့မှာ -

(၁) သတ္ထ၀ဏိဇ္ဇာ = အများသေစေကြောင်း လေး၊ မြား
စသော လက်နက်ပေါင်းအမျိုးမျိုးကို ရောင်းခြင်း၊

(၂) သတ္တ၀ဏိဇ္ဇာ = ဆင်၊ မြင်း၊ လူ စသော အစေခံ
သတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၃) မံသ၀ဏိဇ္ဇာ = ၀က်၊သမင် စသော
အသားစားကြောင်း သတ္တ၀ါအပေါင်းကို ရောင်းခြင်း၊

(၄) မဇ္ဇ၀ဏိဇ္ဇာ = သေရည်အရက်အမျိုးမျိုးကို ရောင်းခြင်း၊

(၅) ၀ိသ၀ဏိဇ္ဇာ = အများကို သေစေတတ်သော
အဆိပ်အမျိုးမျိုးကို ရောင်းခြင်းတို့ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်ဘုရားသည် ဓား၊ လှံ၊ လေး၊ မြား စသော
(လူသတ်)လက်နက်တို့ကို မိမိကိုယ်တိုင်
ပြုလုပ်၍လည်းကောင်း၊
တခြားတစ်ပါးသောသူကို ပြုလုပ်ခိုင်း၍လည်းကောင်း၊
သူတစ်ပါး ပြုလုပ်ပြီးသည်ကို
တစ်ဆင့်ဝယ်ယူ၍လည်းကောင်း
ရောင်းဝယ်ခြင်းမပြုလုပ်ရဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့် တားမြစ်ရသနည်းဟူမူ
ဓား၊ လှံ စသော လက်နက်တို့သည်
တစ်ပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ်စက်ကြောင်း
ဖြစ်သောကြောင်း ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် "မိစ္ဆာစာရ " ဖြင့် အသက်မွေးသော
မိန်းမပေါ့ (ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊
လူများကို ကျွန်ဖြစ်စေရန် ရောင်းဝယ်ခြင်း စသော ကူးသန်းရောင်းဝယ်ခြင်းကို မပြုလုပ်ရဟု
တားမြစ်တော်မူပါသည်။ အကြောင်းမှာ
သူ့ကျွန်၏အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် သားသမင်၊ နွား၊
ကြက်၊ ၀က် စသော ဟင်းလျာသတ္တ၀ါတို့ကို မွေးမြူ၍
သားငါးမျိုးကုန် ရောင်းခြင်းကို တားမြစ်တော်မူပါသည်။
အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်းဟူသော
အကြောင်းကြောင့် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် လတ်တလော သေစေတတ်သော
အဆိပ်အမျိုးမျိုး၊ ယုတ်စွအဆုံး
ကိုယ်ဝန်ကျစေတတ်သော ဆေးမျိုး ရောင်းစားခြင်းကို
မပြုမလုပ်အပ်ဟု တားမြစ်တော်မူပါသည်။
အဘယ်ကြောင့်ဆိုသော် အဆိပ်အမျိုးမျိုးတို့သည်
တစ်ပါးသော သတ္တ၀ါတို့ကို သေစေတတ်သောကြောင့်
ဖြစ်ပါသည်။

( လင်္ကာ)
လူနှင့် လက်နက်၊ ကြက်ဝက်၊ ယစ်မျိုး၊
အဆိပ်ဆိုးဟု၊ကောင်းကျိုးမရ၊ အပါယ်ကျသော၊
ဝဏိဇ္ဇငါး၊ မရောင်းစားဘဲ၊
ခုနစ်ပါး ဒုစရိုက်၊ ကြဉ်ဖယ်လိုက်၍၊
အမြိုက်ဘူမိ၊
ရောက်ကြောင်းရှိသော၊
သုစရိကျင့်၊ စိတ်ကောင်းမြင့်လျက်၊
သင့်တင့်ညီစွာ၊ ကုန်သွယ်ပါလျှင်၊ မိစ္ဆာဇီဝါ၊
ကင်းလွတ်ပါလျက်၊ သမ္မာဇီဝါ၊ ပြည့်စုံပါသည်၊
ဥပါသကာ ဇီဝတည်း။
(ဥပါသကဂုဏပကာသနီ)

ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်းမပြုဘဲ ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ရောက်
ကြောင်းဖြစ်သော သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်ပါမည်။

သို့မှသာ ကောင်းမြတ်သောစိတ်ထား ပြည့်ဝပြီး သင့်တင့် ညီညွတ်မျှတသောကုန်သွယ်မှုဖြစ်နိုင်ပါမည်။
ကောင်းသောအသက်မွေးမှုပြုခြင်း ဖြစ်နိုင်ပေမည်။

ဒိုက်ဦးဆရာတော်တစ်ပါးမှတင့်ပြလိုက်ခြင်းဖြစ်ပါတယ်။

ကျော်မိုးလွင်

ဒါနမွန်တရားတော်(ဓမ္မပန်းချီ)

ဒါနနှစ်မျိုးခွဲပြီးပြောရဦးမယ်။ ဒါနနှစ်မျိုးဆိုတာက
(၁) သာသနာပဒါနနှင့် (၂) သာသနာတွင်းဒါနပါပဲ။ သာသနာပဆိုတာ ဘုရားရှင်ရဲ့အဆုံးအမသြ၀ါဒမရှိတဲ့ဌာနမှာလှူတဲ့ဒါနမျိုး၊ ဘုရားမပွင့်တဲ့ကာလမှာလှူတဲ့ ဒါနမျိုးဖြစ်တယ်။ ဘုရားရှင်ရဲ့သြ၀ါဒမသက်ရောက်တဲ့ဌာန၊ ဘုရားမပွင့်တဲ့ကာလမျိုးမှာ သီလ၊ သမာဓိ၊ ပညာကင်းမဲ့တဲ့အတွက် အလှူခံပုဂ္ဂိုလ်တွေဟာ သြဇာမရှိသော မြေနှင့်တူတယ်။ သြဇာမရှိတဲ့ မြေမှာပစ်ချသောမျိုးစေ့ဟာ အောင်အောင်မြင်မြင် ဖွံ့ဖွံ့ထွားထွားမကြီးပွားသလို သာသနာပဒါနဟာလည်း အကျိုးတရားမကြီးပွားဘူးတဲ့။ သာသနာတွင်းကာလဆိုတာ သီလ၊ သမာဓိ၊ ပညာတရားထွန်းကားတဲ့အခါဖြစ်တယ်။ သီလ၊ သမာဓိ၊ ပညာထွန်းကားတဲ့အတွက် အဆီသြဇာရှိသော မြေနှင့်တူတယ်။ အဆီသြဇာရှိတဲ့မြေမှာပစ်ချအပ်သောမျိုးစေ့ဟာ အောင်အောင်မြင်မြင် ဖွံ့ဖွံ့ထွားထွားကြီးပွားအောင်မြင်ရသလို သာသနာတွင်းလှူဒါန်းရတဲ့အလှူဒါနဟာလည်း ကြီးကျယ်ဖွံ့ဖြိုးသော တန်ခိုးဂုဏ်အင်အာနိသင်နှင့်ပြည့်စုံတယ်။ သာသနာတွင်းဒါနအလှူဆိုတာ သာသနာတော်ဝန်ထမ်းရဟန်းတော်များကို လှူဒါန်းတဲ့ဒါနဖြစ်တယ်။

သာသနာတော်ဝန်ထမ်းရဟန်းတော်များမှာ သီလ၊သမာဓိ၊ ပညာဆိုတဲ့ အဆီသြဇာများရှိကြတယ်။ ဒါကြောင့်အဆီသြဇာရှိသော လယ်မြေနှင့်တူပါသတဲ့။ သံဃာတော်များရဲ့ဂုဏ်တော်ကိုးပါးမှာ ပုညက္ခေတ္တံ အနုတ္တရံလို့ ဂုဏ်တော်တစ်ပါး ပါဝင်ပါတယ်။ သံဃော-သံဃာတော်သည်၊ အနုတ္တရံ-အတုမရှိမြင့်မြတ်သော၊ ပုညက္ခေတ္တံ-ကောင်းမှုတည်းဟူသောမျိုးစေ့ကို စိုက်ပျိုးရာလယ်ယာမြေကောင်း ဖြစ်တော်မူပါ၏တဲ့။ သံဃာတော်ဟာ ဒါယကာ ဒါယိကာမများလှူဒါန်းတဲ့ဒါနမျိုးစေ့ စိုက်ပျိုးရာလယ်ယာမြေကောင်းနှင့်တူတယ်။ ဒါကြောင့်သံဃာအား လှူဒါန်းရခြင်းဟာ အလွန်အကျိုးကြီးတယ်လို့ ဆိုလိုပါတယ်။

ဒီပုညက္ခေတ္တံ အနုတ္တရံကို သရုပ်ဖော်သောအားဖြင့် ရဟန်းတော်များဝတ်ရုံတဲ့ သင်္ကန်းကိုလယ်ကွယ်သဏ္ဌာန်ချုပ်ကြရတယ်။ ဒီအကြောင်းစကားရောက်ခဲ့လို့ ၀ိနည်းမဟာဝါ စီဝရက္ခန္ဓကမှလာတဲ့ သင်္ကန်းဖွဲ့ပုံအကြောင်းနည်းနည်းပြောရဦးမယ်။

အခါတစ်ပါးဘုရားရှင်ဟာ ညီတော်အာနန္ဒာကို နောက်လိုက်ပြု၍ ဒေသစာရီကြွချီတော်မူရင်း မာဂဓတိုင်းလယ်တောခရီးရောက်တော်မူတယ်။ မိုးရေခံလယ်တောကို ဒေ၀မာတိကလို့ခေါ်တယ်။ ရေသွင်းတဲ့လယ်ကိုတော့ နဒီမာတိကာလို့ခေါ်တယ်။ ဘုရားသခင် ယခုကြွရောက်တော်မူတဲ့လယ်က နဒီမာတိကာလယ်မျိုးဖြစ်တယ်။ နဒီမာတိကာရေသွင်းလယ်မျိုးဖြစ်လို့ လယ်ကိုလေးထောင့်ကျဖွဲ့ပြီး လယ်တစ်ကွက်နှင့်တစ်ကွက်အကြားရေမြောင်းထားတယ်။ ရေမြောင်းနှင့်လယ်ကွက်ဟာ ခရီးဆုံသဏ္ဌာန် လေးကွက်ကျားသဏ္ဌာန်တည်နေတယ်။ မဂဓလယ်ကွက်တည်နေပုံကို မြင်တော်မူတော့ ဘုရားရှင်က ညီတော်အာနန္ဒာ မဂဓတိုင်းသားတို့ရဲ့လယ်ကွက်ကို မြင်ရဲ့လားလို့ မေးတော်မူတယ်။ အရှင်အာနန္ဒာကမြင်ပါတယ်ဘုရားလို့ လျှောက်ထားတော့ အာနန္ဒာ ဤလယ်ကွက်ရဲ့ပုံသဏ္ဌာန်သင်္ကန်းတို့ကို ချုပ်လုပ်နိုင်ပါမည်လောလို့ မေးတော်မူတယ်။ ချုပ်လုပ်နိုင်ပါတယ်ဘုရားလို့ လျှောက်ထားတော့ ချုပ်လုပ်နိုင်လျှင် ချုပ်စမ်းလို့ မိန့်တော်မူတယ်။

ဝေဠုဝန်ကျောင်းတော်ပြန်ရောက်တော့ ဘုရားရှင်ရဲ့အမိန့်အတိုင်း အရှင်အာနန္ဒာက သင်္ကန်းချုပ်ပြီးဘုရားရှင်ထံ သွားရောက်ဆပ်ကပ်တော်မူတယ်။ ဘုရားရှင်ဟာ အရှုင်အာနန္ဒာချုပ်ထားတဲ့ သင်္ကန်းပုံစံကိုကြည့်ပြီး ရဟန်းများကို ``ချစ်သားတို့ကြည့်ကြစမ်း၊ အာနန္ဒာဟာ ပညာကြီးတယ်။ ငါ အကျဉ်းချုပ်ပြောပြအပ်သည်ကို အကျယ်အားဖြင့်သိပြီး အလျားအနားပတ်၊ တစ်လုပ်မြောင်းရှည်၊ တစ်လုပ်မြောင်းငယ်များကို ပြုလုပ်ထားတယ်၊ အိမ်ခန်းကြီး အိမ်ခွဲများကိုလည်း ပြုထားတယ်၊ အလယ်ခေါင် ခေါင်ရုံများကိုလည်း ပြုထားတယ်၊ လည်ခံအနားပတ်ကိုလည်း ပြုထားတယ်၊ မြင်းခေါင်းအနားပတ်ကိုလည်း ထည့်ထားတယ်၊ လက်ထိပ်ကိုလည်း ပြုထားတယ်၊ ဖြတ်သင့်ရာဖြတ်ပြီး စပ်သင့်ရာစပ်ထားတယ်၊ ရဟန်းများအား လျောက်ပတ်သောသင်္ကန်းဖြစ်၍ ငါဘုရားခွင့်ပြုတော်မူတယ်လို့ မိန့်တော်မူတယ်။ အဲဒီအချိန်ကစပြီး ရဟန်းတော်များသင်္ကန်းဟာ မဂဓလယ်ကွက်သဏ္ဌာန် ဖော်ခဲ့ရတယ်။

ဒါဟာ ဘာကိုရည်ရွယ်ပြီး ပုံဖော်တာလည်းဆိုတော့ ``ပုညက္ခေတ္တံ အနုတ္တရံ´´ဆိုတဲ့ သံဃာ့ဂုဏ်တော်တွေကို ပုံဖော်ထားခြင်းဖြစ်တယ်။ ဒီပုံဖော်ထားတဲ့အတိုင်း ဗုဒ္ဓမြတ်စွာသာသနာတော်မှာ သံဃာတော်ဟာ ကောင်းမှုတည်းဟူသောမျိုးစေ့ကို ပစ်ချရာ အလွန်သြဇာထက်သန်တဲ့လယ်မြေနှင့်တူတယ်၊ မြေသြဇာကောင်းတဲ့လယ်များ၌ ပစ်ချသောမျိုးစေ့ဟာ လျင်လျင်မြန်မြန် အပင်ပေါက်ပြီး ကြီးထွားလာသလို သာသနာ့မြေမှာ ပစ်ချတဲ့ ဒါနမျိုးစေ့ဟာလည်း လျင်လျင်မြန်မြန်ပေါက်ရောက်ပြီး ကြီးမားသောအကျိုးကိုပေးသတဲ့။ ဒီအကြောင်းနှင့်ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ ပုပ္ဖ၀ဂ်မှာလာတဲ့ မဟာကဿပထ္ထေရပိဏ္ဍပါကဒိန္န၀တ္ထုမှာ သိကြားမင်းနှင့်မိဖုရားသုဇာတာတို့ဟာ သာသနာတွင်းအလှူဒါန၏အကျိုးကြီးမားပုံကိုသိရှိသောကြောင့် အဖိုးအိုအဖွားအိုဟန်ဆောင်၍ လှူဒါန်းကြပုံသာဓကလေးရှိပါတယ်။

ဒီကနေ့ မိမိတို့ဟာ ဗုဒ္ဓမြတ်စွာဘုရား သာသနာတည်းဟူသော လယ်မြေအတွင်းမှာ ဘာမျိုးစေ့တွေပစ်ချပါသလဲ။ ဘုရားအနေကဇာတင်သဘင်ဆင်ယင်ကျင်းပကြတယ်။ ရဟန်းခံကြတယ်။ ကံထပ်သဘင်ဆင်ယင်ခဲ့ကြတယ်။ ကထိန်သင်္ကန်းလှူဒါန်းပူဇော်ကြတယ်။ ဘုရားအမှူးရှိသောသံဃာတော်အရှင်မြတ်တို့အား ဆွမ်းစသောလှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းပူဇော်ကြတယ်။ ဒီကနေ့အလှူတွေဟာ သာသနာပအလှူတစ်ခုမှမပါဘူး သာသနာတွင်းအလှူဒါနတွေဖြစ်ကြတယ်။ သာသနာတော်တွင်းအလှူဒါနများကြောင့် ဘ၀များစွာသံသရာတစ်ခွင်ကျင်လည်ကြရတဲ့အခါမှာ အောက်တန်းစားဘ၀က မကျင်လည်ကြရဘဲ လူ့ဘ၀ နတ်ဘ၀စသော အထက်တန်းစားဘ၀တွေမှာ ကျင်လည်ရင်း
အာယု=အသက်ရှည်ခြင်း
ဝဏ္ဏ=အဆင်းလှခြင်း
သုခ=ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း
ယသ=အခြွေအရံပရိသတ်ပေါများခြင်း
အာဓိပတေယျ=သူတစ်ပါးအပေါ်လွှမ်းမိုးပြီး တန်ခိုးအာနုဘော်ကြီးခြင်းစသော ဒါနရဲ့အကျိုးတရားများကို ပြည့်ပြည့်၀၀ခံစားရသည်ဖြစ်၍ ဘုရားအစရှိသော အရိယာအရှင်မြတ်တို့သိတော်မူအပ်သော သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားကုန်စင်သိမြင်ပြီးလျှင် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် ပြည်နိဗ္ဗာန်ကိုလျင်မြတ်စွာမျက်မှောက်ပြုရပါလို၏´´လို့ ဆုတောင်းပတ္တနာပြုကြကုန်ရာသတည်း။

ဒါနမွန်တရားတော်(ဓမ္မပန်းချီ)
စာစီစာရိုက်ကုသိုလ်ပြု-ဓမ္မပန်းခင်း