Monday, November 7, 2016

ခန္ဓာငါးပါး

ရှုပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊
ဝိညာဏက္ခန္ဓာ။

ရုပ်
   ခန္ဓာကိုယ်ကြီးရထားတာဟာ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်လဲ။
ငယ်ရွယ်တဲ့ပုဂ္ဂိုလ်ဆိုရင် အမြဲတမ်းလှလို့ ၀လို့ အမြဲတမ်း
ကျန်းမာလို့ မနေချင်ဘူးလား။ အဲဒီရုပ်ခန္ဓာက  ကိုယ်ဖြစ်ချင်
တိုင်းဖြစ်ရဲ့လား။ မဖြစ်ပါဘူး။. မိတ်ဆွေဆိုတာ ကိုယ့်ရဲ့အလို
ကျလိုက်လျောတယ်။ ရန်သူဆိုတာကိုယ့်ရဲ့ဆန့်ကျင်ဘက်ကို
လုပ်တယ်။ ရုပ်တရားတွေက ဆန့်ကျင်ဘက်လုပ်နေတာ ။
မျက်စိမမှုန်ချင်ဘူး၊ မှုန်တာပဲ။ နားမထိုင်းချင်ဘူး၊ ထိုင်းတာ
ပဲ။ ဆံပင်မဖြူချင်ဘူး၊ ဖြူလာမယ်။ ပါးရေမတွန့်ချင်ဘူး၊ တွန့်
လာမယ်။ ကိုယ်ပြောတာတခုမှမလုပ်ဘူး၊ ဆန့်ကျင်ဘက်လုပ်
တယ်။

နောက်ဆုံးဒီခန္ဓာဟာ ထာဝရမမြဲတဲ့အရာဖြစ်သောကြောင့်
အကြောင်းတစ်ခုခုကြောင့်အကြောင်းမညီညွတ်တော့ဘူး
ဆိုရင် ဒီခန္ဓာကိုယ်ကြီးဟာ သူ့သဘာဝအတိုင်း ရပ်စဲလိုက်
တယ်။ ဒါကြောင့်လူဟာသေရတာပဲမဟုတ်လား။ လူမသေ
ခင်ကပဲ မျက်စိကွယ်သွားတယ်။ နားကန်းသွားတယ်။ လူမ
သေခင်ကပဲ တချို့    ရုပ်တွေ  ပျက်သွားတယ်။  ဒါကြောင့်
မြတ်စွာဘုရားက ၀ဇကံရှုပံ၊ ရုပ်တရားဆိုတာ။ ၀ဇက၊ လူ
သတ်သမားပဲ။ သူပဲလူတွေကိုသတ်တာ။ ဒီ့ပြင့်လူကသတ်
တာမဟုတ်ဘူး၊ အတွင်းလူကသတ်တာ။

ဝေဒနာ
ထို့အတူ ဝေဒနာဆိုတဲ့ ခံစားချက်ကိုကြည့်။ လူတွေက
လူတွေက ခံစားချက်နဲ့ပတ်သတ်လာလို့ရှိရင် ခံစားချက်က
အနည်းဆုံးသုံးမျိုးရှိတယ်။ သုခရယ်၊ ဒုက္ခရယ်၊ အဒုက္ခမ
သုခရယ်။ သုခဆိုတာကိုယ်ချမ်းသာ စိတ်ချမ်းသာ။ ဒုက္ခ
ဆိုတာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ။ အဒုက္ခမသုခဆိုတာ
ချမ်းသာတာလည်းမဟုတ်ဘူး၊ ဆင်းရဲတာလည်းမဟုတ်
ဘူးဆိုတဲ့ ခံစားချက်။ အာရုံပေါ်မှာဒီလိုခံစားချက်သုံးမျိုး
ဟာ တခါတခါလှည့်ပြီးဖြစ်တယ်။ အဲဒီခံစားချက်သုံးမျိုး
သည်တည်မြဲနေတာမဟုတ်ဘူးတဲ့။
ကဲတရားချစ်ခင်သူတော်စင်ပရိသတ်တို့ စဉ်းစားကြည့်။
အစဉ်ထာဝရ ၀မ်းနည်းနေတာမရှိသလို အစဉ်ထာဝရ
ဝမ်းသာနေတာကောရှိရဲ့လား။ ၀မ်းနည်းတာလည်းတစ်
ခဏပဲ။ ၀မ်းသာတာလည်း တစ်ဏပဲ။ လောကမှာလူတွေ
ဝမ်းနည်းစရာရှိရင် ၀မ်းနည်းပြီး အခုငို၊ တော်တော်ကြာ
ရယ်နေကြတာတွေ့ရပြန်တယ်။ အခုရယ်၊ တော်လေး
ကြာငိုတာတွေ့ရပြန်တယ်။ မတွေ့ရဘူးလား။ ဘယ်ဟာမှ
မတည်မြဲဘူးတဲ့။ ဝေဒနာလည်းသူ့သက်တမ်းအရ သေ
သေသွားတာ ဖြစ်သောကြောင့် သူသေရင်လည်းကျန်
တာတွေသေရတတ်ဖြစ်လို့ သူ့ကိုလူသတ်သမား၊ ရန်သူ
တဲ့။ ကိုယ်က၀မ်းသာချင်တယ်။ သူက၀မ်းနည်ူတယ်။
ဝမ်းသာတာကို ၀မ်းနည်းတယ်ဆိုတာ ကိုယ့်အလိုကို
လိုက်တာလား ဆန့်ကျင်တာလား။ ဆန့်ကျင်တာပါ။
ဆန့်ကျင်တဲ့အတွက်ကြောင့်သူ့ကို ရန်သူလို့သတ်မှတ်
တာ။

သညာ
ထို့အတူပဲ သညာ၊ သညာဆိုတာ အာရုံတစ်ခုခုကိုတွေ့
လိုက်တဲ့အခါမှာ   စိတ်ထဲမှာ မှတ်တမ်းတင်လိုက်တာ။
မှတ်လိုက်တယ်။ ဆိုပါစို့  အဖြူ၊  အ၀ါ၊  အနီ၊  အစိမ်း
အရောင်ကိုကြည့်ပြီး  မှတ်လိုက်တယ်။  နောက်တစ်ခါ
တွေ့ရင် အရင်တခါမှတ်လိုက်တဲ့အတိုင်းပဲ ဒါကအဖြူ၊
ဒါကအနီ၊ ဒါကအစိမ်း၊ ဒါကအ၀ါ မသိဘူးလား။  အဲဒါ
သညာကြောင့်သိတာ။     လူဆိုရင်လည်း   မှတ်လိုက်
တယ်လေ။ ပထမစတွေ့တဲ့ဒီလူကို အရပ်ရှည်ရှည် (သို့)
အရပ်ပုပု။ ပိန်ပိန် (သို့) ၀၀။ အသားအရောင်ဖြူတယ်ညို
တယ်။တခါတည်းမှတ်လိုက်တာ။အဲဒီမှတ်ထားတဲ့အတိုင်း
နောက်တစ်ခါပြန်တွေ့တော့မသိဘူးလား။ အဲဒါသညာရဲ့
သဘောတွေတဲ့။ အဲဒီလို   သညာကမှတ်ထားတဲ့ သညာ
ဟာလည်း တည်မြဲတာ  မဟုတ်ဘူးတဲ့။  သူလဲတစ်ခဏ
ပဲဖြစ်ပြီးတော့ တစ်ခဏတည်း  ပျက်သွားတာ ဖြစ်သည့်
အတွက်ကြောင့်ရန်သူပဲ။ ကိုယ်မှတ်ချင်တဲ့အတိုင်းမှတ်
လို့မရဘူး။ သညာပျောက်သွားတာတွေ အများကြီး ရှိ
တယ်။ တစ်ခါတစ်ရံလွဲမှားစွာပြောတာတွေရှိတယ်။
ဒါကြောင့်သညာဟာလည်းကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူး။
ဆန့်ကျင်တတ်လို့ရန်သူလို့ဒီလိုသတ်မှတ်တယ်။

သင်္ခါရ
  ထို့အတူ သင်္ခါရဆိုတာ အတွေးတွေ၊ အကြံတွေ၊ လိုချင်
တာတွေ၊ မုန်းတီးတာတွေစသည်ဖြင့် လူရဲ့စိတ်ထဲမှာဖြစ်
ပေါ်လာတဲ့ ကျန်တဲ့သဘောတရားတွေဟာလည်းပဲတည်
မြဲတယ်ဆိုတာ တစ်ခုမှမရှိဘူး။ ဒီ့ပြင့်ဟာမကြည့်နဲ့ စိတ်
ဆိုးတာပဲကြည့်။ စိတ်ဆိုးတယ်ဆိုတာအမြဲတမ်းဆိုးတာ
လား တစ်ခါတစ်ရံ   ဆိုးတာလား။ တစ်ခါတစ်ရံ ဆိုးတာ
ဟာကိုယ်မကြိုက်တဲ့   အနိဋ္ဌာရုံနဲ့တွေ့လို့ ကိုယ်မကြိုက်
တာဖြစ်ရင်စိတ်ဆိုးတယ်။   ဣဋ္ဌာရုံနဲ့ တွေ့ရင် စိတ်မဆိုး
ပြန်ဘူး။ ဖြစ်လာပြီးတော့လည်း တည်နေတာမဟုတ်ဘူး။
ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ဘူး။ ဆိုင်ရာအာရုံပေါ်မှာကြည့်
ပြီးဖြစ်သည့်အတွက်ကြောင့် ကိုယ့်ဆန္ဒတွေအပေါ်မှာ
မလိုက်လျောလို့ ရန်သူလို့သတ်မှတ်တယ်။ သူလည်းပဲ
သူ့ရဲ့သက်တမ်းအားလျော်စွာ တစ်ခဏလေးဖြစ်ပြီးတစ်
ခဏလေးပျက်သွားတယ်။ သူလည်းလူသတ်သမားတဲ့။

ဝိညာဏ်
နောက်ဆုံးဝိညာဏ်ဆိုတဲ့ အသိစိတ်လေးကလည်းဘယ်
လောက်လျင်မြန်စွာ အာရုံတွေအပေါ်မှာ ပြေးလွှားနေတယ်
ဆိုတာ သာမာန်နေရင်မသိဘူး။ မျက်စိကမြင်လိုက်ရင်မြင်
လိုက်တဲ့အာရုံကိုရောက်သွားတယ်။ နားက အသံကြားရင်
ကြားတဲ့အသံကိုရောက်သွားတယ်။ နှာခေါင်းကအနံ့ရရင်
အနံ့ရတဲ့ဆီရောက်သွားတယ်။    တစ်နေရာတည်းမှာ ရပ်
တည်ပြီး မနေဘူး။ စိတ်ကိုမြတ်စွာဘုရားက မျောက်နှင့်
ဥပမာပေးထားတယ်။ မျောက်ဆိုတဲ့အကောင်ကတောထဲ
မှာသစ်ပင်ပေါ်နေလို့ရှိရင်ဒီသစ်ကိုင်းဆွဲလိုက်ဟိုသစ်ကိုင်း
ဆွဲလိုက်၊ ဟိုဘက်ကူးလိုက်၊  ဒီဘက်ကူးလိုက် ငြိမ်နေတဲ့
အခါဆိုတာမရှိဘူး။

 ထို့အတူပဲ အသိစိတ်ကလေးဟာ မျက်စိနဲ့မြင်တဲ့အာရုံ
နားနဲ့ကြားတဲ့အာရုံ၊ နှာခေါင်းကနံတဲ့အာရုံမျိုးစု့ရောက်
တယ်။ အိမ်မှာနေရင်းနဲ့   မျက်စိကမြင်ရင် မြင်တဲ့ဘက်
စိတ်ကရောက်သွားပြန်ရော။ တစ်နေရာက ဒေါက်ကနဲ
အသံကြားလို့ရှိရင် ကြားတဲ့ဆီရောက်သွားတယ်။ အနံ့
ကလေးနံလာရင် ဘာနံ့လဲလို့စိတ်ကရောက်သွားတယ်။
တရားအားထုတ်ပြီးထွက်လေ ၀င်လေကို   စိတ်ကမှတ်
ကြည့်လိုက် ဘယ်လောက်ကြာအောင်မှတ်နိုင်သလဲလို့။
အကျင့်ရအောင် လုပ်ရတယ်။   အကျင့်မရရင်  ဒီအာရုံ
ကလေးမှာတားလို့ကိုမရဘူး။ ပြေးနေတယ်။ ပြေးနေတဲ့
ဒီသဘာဝတရားသည် ကိုယ်ဖြစ်ချင်တာကိုမဖြစ်ဘူး။
ဖြစ်ချင်တိုင်းလဲမဖြစ်သည့်အတွက် ဒီစိတ်ကလေးဟာ
မိတ်ဆွေမဟုတ်ဘူး။ ရန်သူဖြစ်နေတယ်တဲ့။

တစ်ခဏလေးအတွင်းမှာ ဖြစ်ပြီးပျက်သွားတဲ့အတွက်
ကြောင့် သူလည်းလူသတ်သမားပဲတဲ့။ လူ့ရဲ့သန္တာန်မှာ
အသိစိတ်ကလေးဆုံးသွားလို့ရှိရင် ကျန်တဲ့သဘာဝ
တရားတွေလည်းအကုန်ပျက်ဆီးသွားတယ်။ ခန္ဓာငါး
ပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ ငြိမ်းချမ်းတာဟုတ်ရဲ့လား။
ဘာဖြစ်လို့သေရတုန်းဆိုတော့ ဆိုင်ရာအကြောင်း
ကြောင့်ဖြစ်လာတာ။.ဆိုင်ရာအကြောင်းပျက်ဆီးသွား
တာနဲ့ သူတို့လည်းပျက်ဆီးသွားတာပဲ။ စောင်းကလေး
ကိုတစ်ချက်တီးလိုက်ရင် အသံမထွက်လာဘုးလား။
မတီးပဲထားလိုက်ရင် အဲဒီအသံဟာပျောက်သွားသ
လား။ တီးတဲ့အချိန်လေးပေါ်လာတာ။ မတီးလို့ရပ်လိုက်
တာနဲ့ အသံပေါ်ထွက်မလာတော့ဘူး။ အကြောင်းရှိတဲ့
အချိန်ကျမှ ပေါ်လာတာ။ အကြောင်းမရှိတဲ့အချိန် မ
ပေါ်ဘူးဆိုတာ ထင်ရှားတယ်။

ဟေတုံပဋိစ္စ သမ္ဘူတာ၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ အကြောင်း
ရှိရင်ပေါ်လာပြီးတော့ အကြောင်းပျောက်သွားတာနဲ့တစ်
ပြိုင်နက်ဒါတွေဟာလည်းပျောက်သွားတယ်။ မတည်မြဲတဲ့
သဘောလေးကိုပြောတာ။ ဒီဘ၀ဒီဘက်မှာရှိတဲ့ ဘ၀သံ
သရာထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ရထားတဲ့ခန္ဓာငါးပါး
ဖြစ်တယ်။ ခန္ဓာငါးပါးသည် သေတတ်တဲ့သဘောဖြစ်လို့
မြတ်စွာဘုရားက ခန္ဓာငါးပါးကို သူသတ်သမားလို့ဟော
ထားတယ်။ ကိုယ့်အလိုအတိုင်းမဖြစ်လို့ ရန်သူလို့သဘော
ထားတာ။ အဲဒီတော့ခန္ဓာငါးပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ
ငြိမ်းချမ်းတာ ဟုတ်ရဲ့လား။ တကယ်တော့လုံးဝမငြိမ်းချမ်း
ဘူး။ ဟိုကဖြစ်လိုက်ဒီကဖြစ်လိုက်နဲ့လူတွေဒုက္ခရောက်နေ
ကြတယ်။ ခဏတစ်ဖြုတ်ထိုင်နေရင်တရားနာရင်းတောင်
ဟိုနားက နာလိုက်၊ ဒီနားကနာလိုက်နဲ့ ညောင်းလာတာ
တွေတွေ့ရတတ်တယ်။ အမြဲတမ်းဖြစ်နေတာ။ ဒါကြောင့်
အန္တရာယ်ကင်းပြီး ငြိမ်းချမ်းတဲ့နေရာမဟုတ်ဘူး။ ဘဝ
ဆိုတာ ပြဿနာတွေချည်းပဲ။

ဒေါက်တာနန္ဒမာလာဘိဝံသ
ဟိုဘက်ကမ်းကငြိမ်းချမ်းတယ်တရားတော်မှ

No comments:

Post a Comment