Sunday, November 13, 2016

ဖိုလ်ဝင်စားပုံ

ရပြီးသော ဖိုလ်စိတ်မျိုးကို တဖန်ဖြစ်စေလိုလျှင် (ဖြစ်ပြီးသောဖိုလ်စိတ်အစဉ်ဖြင့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်တွေ့သိလျက် ခံစားလိုလျှင်) ဖိုလ်သို့ရောက်ရန်ရည်သန်၍ ဖြစ်ဆဲကိုယ်စိတ်အမူအရာတို့ကို မှတ်မြဲပင်မှတ်အပ်၏။

ဝိပဿနာရှုလျှင် ပုထုဇဉ်မှာ နာမရှုပပရိစ္ဆေဒဉာဏ်မှစ၍ ဖြစ်ပေါ်ခြင်း၊ အရိယာမှာ ဥဒယဘယဉာဏ်မှစ၍ ဖြစ်ပေါ်ခြင်းသည် ဓမ္မတာပင်တည်း။ ထို့ကြောင့် မှတ်စ၌ အဖြစ်အပျက်နှစ်ပါးစလုံးကိုသိလျက် ဥဒယဗ္ဗယဉာဏ်ဖြစ်ပေါ်ပြီးလျှင်
ဉာဏ်စဉ်အတိုင်းတိုးတက်၍ မကြာမီပင် အသိမ်မွေ့ဆုံး အကောင်းဆုံး မှတ်သိမှုဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်သွားလိမ့်မည်။ ထိုဉာဏ်အားပြည့်သောအခါ၌ သင်္ခါရငြိမ်းသော နိဗ္ဗာန်အာရုံသို့ရှေးကလိုပင်ကူးပြောင်းလျက်
ဖိုလ်စိတ်အစဉ်ကိုဖြစ်ပေါ်လိမ့်မည်။ ဤဖိုလ်စိတ်သည် ``ရှေးအဖို့ကအချိန်ကို မပိုင်းခြားဘဲဝင်စားသောသူအချို့မှာ´´တရံတခါ၌ ၅မိနစ်ခန့်၊ ၁၀မိနစ်ခန့်၊ ၁၅မိနစ်ခန့်၊ နာရီဝက်ခန့်၊ တနာရီခန့်စသည်ဖြင့် ကြာမြင့်စွာလဲ ဖြစ်တတ်၏။
အဋ္ဌကထာတို့၌ တနေ့လုံး တညလုံးသော်လဲ ဖြစ်တတ်သည်။ ပိုင်းခြားဓိဋ္ဌာန်ထားသော ကာလပတ်လုံးဖြစ်တတ်သည်ဟု မိန့်ဆို၏။ ထိုနှင့်ညီစွာပင် ယခုကာလ၌လဲ သမာဓိ ၀ိပဿနာထက်သန်သောသူများမှာ ၁နာရီ၊ ၂နာရီ၊
၃နာရီစသည်ဖြင့် ပိုင်းခြားထားသည့်အတိုင်း ကြာမြင့်စွာဖိုလ်၌ တည်တံ့နေသည်ကို တွေ့ကြရ၏။ ဖျက်လိုမှဘဲပျက်ပါစေဟု ရှေးအဖို့ကပိုင်းခြားထားလျှင် အလိုမရှိသောအခါကျမှပင် ကောင်းစွာထ၏။ သို့သော် တစ်နာရီ၊ နှစ်နာရီ
စသည်ကြာလျှင်ကား အကြားအကြား၌ ဆင်ခြင်တဲ့စိတ်များ ဖြစ်တတ်သေး၏။ ထိုစိတ်များကို ၄ချက်၊ ၅ချက်ခန့်မှတ်လိုက်လျှင် ဖိုလ်သို့တဖန် ရောက်သွားပြန်၏၊ ဤနည်းဖြင့်အားရသည့်တိုင်အောင် နာရီပေါင်းများစွာတည်တံ့နေ
သည်ကိုလဲ တွေ့ကြရ၏။ ဤဖိုလ်စိတ်များဖြစ်ပေါ်နေစဉ်၌ သင်္ခါရအလုံးစုံချုပ်ငြိမ်းသောနိဗ္ဗာန်အာရုံမှာသာလျှင် စိတ်သည်တည်တံ့လျက်ရှိ၏။ ထိုမှတပါး ဘယ်အာရုံကိုမျှမသိ။ နိဗ္ဗာန်ဟူသည်မှာလဲ ဤလောက တပါးသောလောက
တို့နှင့်ဆိုင်သော ရုပ်နာမ်သင်္ခါရတရား ပညတ်တရားတို့မှ အလွတ်သီးခြားသဘောတရားပေတည်း။ သို့ဖြစ်၍ ဖိုလ်ဝင်စားခိုက်၌ မိမိခန္ဓာကိုယ်စသော ဤလောကတပါးသောလောကတို့၏အကြောင်းကို ဘာမှသတိမရပြီ။
မသိပြီ။ ကြံစည်စဉ်းစားမှုအလုံးစုံကင်း၏။ မြင်စရာကြားစရာတွေ့ထိစရာ နံစရာအာရုံများထင်ရှားရှိနေသော်လဲဘာကိုမျှ မသိပြီ။ အပ္ပနာဇ၀နံ ဣရိယာပထမ္ပိ သန္နာမေတိ ဟူသည်နှင့်အညီ ဣရိယာပုတ်လဲခိုင်ခံ့၏။
ထိုင်လျက်ဝင်စားနေလျှင်လဲ ထိုင်မှုကိုယ်အမှုအရာသည် မူလကအတိုင်းပင် တည်တံ့လျက်ရှိ၏။ ယိမ်းယိုင်ခြင်း၊ ညွှတ်ကျခြင်း၊ ယွင်းပျက်ခြင်းမရှိပြီ။ ဖိုလ်စိတ်အစဉ်ပြတ်သွားသောအခါ၌ သင်္ခါရငြိမ်းတဲ့သဘော ထိုငြိမ်းရာသို့
ရောက်သွားတဲ့သဘောများကို ဆင်ခြင်မှုဖြစ်စေ ပုံသဏ္ဍာန်စသော အာရုံတစ်မျိုးမျိုးကို တွေ့မြင်မှုဖြစ်စေ၊ စဉ်းစားမှုဖြစ်စေ ရှေးဦးစွာထင်ရှားဖြစ်တတ်၏။ ထို့နောင်မှတ်မြဲမှတ်ခြင်း၊ ကြည်လင်ခြင်း၊ ဆင်ခြင်ခြင်းစသော
စိတ်တို့သည် ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်၏။ မှတ်မြဲမှတ်သော်လဲ အစ၌ ပီသကြမ်းတမ်းသော အဖြစ်အပျက်ကို သိလျက် ခပ်ကျဲကျဲသာဖြစ်တတ်၏။ ၀ိပဿနာအထူးအားကောင်းလျှင်ကား ဖိုလ်မှထခါစ၌လဲ
အမှတ်မကျဲဘဲ ကောင်းမြဲပင် သိမ်သိမ်မွေ့မွေ့ကောင်းနေသည်လည်း ရှိသေး၏၊ အထူးကားဖိုလ်သို့ မြန်မြန်ရောက်ရန် ဖိုလ်၌ကြာကြာတည်ရန်၊ ဆောက်တည်မှုကို ရှေးအဖို့ကသာပြုအပ်၏။ မှတ်နေစဉ်၌ကား
ထိုဆောက်တည်မှုအတွက် ကြောင့်ကြမှု တောင့်တမှုကို မပြုအပ်။ ၀ိပဿနာအားမပြည့်သေးလျှင် အမှတ်အထူးကောင်းနေစဉ်မှာ ကြက်သီးထခြင်း၊ သန်းခြင်း၊ တုန်လှုပ်ခြင်း၊ ရှိုက်ခြင်းများဖြစ်ပြီးလျှင် အမှတ်ကျဲသွားသည်လည်း
ရှိသေး၏။ အထူးကောင်းလာစဉ်၌ `ရောက်တော့မှာဘဲ´ဟုဆင်ခြင်မိတဲ့အတွက် အမှတ်ကျဲသားသည်လည်း ရှိသေး၏။ မဆင်ခြင်မိစေနှင့် ဆင်ခြင်မိလျှင်လဲ ထိုဆင်ခြင်မှုကို မိမိရရမှတ်ပါလေ။ ဤသို့ကျဲကျဲသွားသည်ကို
အကြိမ်များစွာတွေ့ရပြီးမှ ဖိုလ်သို့ရောက်သူလဲ ရှိ၏။ သမာဓိဉာဏ်အားနဲလျှင် ဖိုလ်သို့မြန်မြန်မရောက်တတ်၊ ရောက်လျှင်လဲ ကြာကြာမတည်တတ်ပေ။ ဤသည်ကား ဖိုလ်ဝင်စားပုံပေတည်း။

မဟာစည်ဆရာတော်၊ ၀ိပဿနာရှု့နည်းကျမ်း။

No comments:

Post a Comment