Friday, December 16, 2016

ဣဿာနှင့်မစ္ဆရိယတရားကိုမည်သည့် မဂ်ကပယ်သတ်ပါသနည်း


(က) အဘိဓမ္မာနည်း၌ပါသော ဣဿာနှင့်မစ္ဆရိယကို သုတ္တန်နည်း၌ ပဋိဃသံယောဇဉ်၌လည်းကောင်း၊
(ခ) ဣဿာနှင့်မစ္ဆရိယတရားတို့ကို ကိလေသာ ၁၀ပါးတွင် ဒေါသကိလေသာ၌လည်းကောင်း သွင်းယူရပါသည်။
၎င်းကို အောက်ပါ (ဂ) အဖြေဖြင့် ထင်ရှားစေပါမည်။
(ဂ) သုတနည်းပါးသူတို့ သိရှိနိုင်ရန် မဂ် ၄ ပါးတို့ပယ်သတ်အပ်သော ကိလေသာနှင့်တကွ စိတ္တုပ္ပါဒ် ဒုစရိုက်တို့ကိုပါ ထည့်သွင်းဖြေဆိုလိုက်ပါသည်။
၁။ သောတာပတ္တိမဂ် ပယ်သတ်အပ်သော ကိလေသာသည် “ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ” ၂ပါး ဖြစ်သည်။ စိတ္တုပ္ပါဒ်ကား ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ပါး၊ ၀ိစိကိစ္ဆာ ၁ ပါး၊ ပေါင်း ၅ပါး ဖြစ်သည်။ ဒုစရိုက်ကား ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ မိစ္ဆာဒိဋ္ဌိ၊ ဤ ၅ ပါး ဖြစ်သည်။
၂။ သကဒါဂါမိမဂ်သည် ပယ်သတ်အပ်သော ကိလေသာကား - ကြမ်းတမ်းသော “ရာဂ၊ ဒေါသ၊ မောဟ” ဖြစ်သည်။ စိတ္တုပ္ပါဒ်ဒုစရိုက်တို့မှာ သောတာပတ္တိမဂ်နှင့် အတူတူပင် ဖြစ်သည်။
၃။ အနာဂါမိမဂ်သည် ပယ်သတ်အပ်သော ကိလေသာကား - “ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ” ဤ ၄ပါး ဖြစ်ပါသည်။ စိတ္တုပ္ပါဒ်ကား - ဒေါသမူဒွေးဖြစ်သည်။ ဒုစရိုက်ကား - ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ ဗျာပါဒ၊ ဤ ၃ပါး ဖြစ်သည်။
၎။ အရဟတ္တမဂ် ပယ်သတ်အပ်သော ကိလေသာကား “လောဘ၊ မောဟ၊ မာန၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟီရိက၊ အနောတ္တပ္ပ” တို့ဖြစ်သည်။ ဒုစရိုက်ကား - သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ တို့ဖြစ်သည်။
မှတ်ချက်။ ။ အနာဂါမိမဂ်သည် ပယ်သတ်အပ်သော ကိလေသာတို့၌ ဣဿာနှင့်မစ္ဆရိယတို့ပါရှိ၍ စိတ္တုပ္ပါဒ်မှာလည်း ဒေါသမူဒွေးကို ကောက်ယူရသည်ကိုထောက်သဖြင့် (က)အဖြေ ‘အဘိဓမ္မာနည်းမှာပါသည်သည့်’ ဣဿာနှင့်မစ္ဆရိယကို “သုတ္တန်နည်း၌” ပဋိဃသံယောဇဉ်မှာသွင်းယူရပုံ။ (ခ) အဖြေ ဣဿာနှင့်မစ္ဆရိယကို “ကိလေသာ ၁၀ ပါးတို့တွင်” ဒေါသကိလေသာ၌သွင်းယူရပုံ ထင်ရှားပါသည်။ အဘယ့်ကြောင့်ဆိုသော် ယှဉ်ဖက်တရားများဖြစ်သောကြောင့်ဖြစ်ပါသည်။
ဤအဖြေများသည် ဘုရားဟောပါဠိတော်နှင့် ဘုရားအလိုတော်ကျ ဖွင့်ပြသည့် အဋ္ဌကထာ၊ ဋီကာဆရာတို့ ၀ါဒကွဲမရှိ၊ အဘိဓမ္မာကျမ်းများစွာမှာ တသဘောတည်း ပါရှိကြပါသည်။
ထို့ပြင် ဣဿာနှင့်မစ္ဆရိယကို အနာဂါမ်ပုဂ္ဂိုလ်က ပယ်သတ်ကြောင်းကို ဘုရားကျောင်းတော်မှ အနာဂါမ် တည်လာသည့် ၀ိသာခသဋ္ဌေးကြီးက သဋ္ဌေးကတော်ဓမ္မဒိန္နာအား ပြောပြပုံများကို သုတ္တန်အပါအ၀င် အင်္ဂုတ္တရ ဧကကနိပါတအဋ္ဌကထာ (၂၇၈) မှာလည်း ဖွင့်ပြထားပါသည်။

မင်းဘူး အရှင်ကဉ္စန

No comments:

Post a Comment