ဘုရားကို ယုံ
တရားကို ယုံ
သံဃာကို ယုံ
ငါးပါးသီလ လုံ
အပါယ်မကျကုန်
မှတ်ကြ ယုံသာ ယုံ။
ဝါခင်းကုန်းဆရာတော်ဦးတိက္ခတရားထဲမှာ နာလိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်၊ အဓိပ္ပါယ်ရှိလွန်းလို့ ဖော်ပြပေးလိုက်ပါတယ်။ သောတာပန်ကို ဘာသာရေး လိုက်စားသူ တော်တော်များများ စိတ်ဝင်တစား ရှိနေကြတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အပါယ်ကင်းတဲ့ဘ၀ ဖြစ်နေလို့ပါပဲ။ ဒီတော့ သောတာပန်ဖြစ်အောင်ဆိုရင်ကျင့်မှရမယ်။မကျင့်ရင်မရဘူး။ဉာဏ်အရည်အသွေးထက်မြက်တဲ့သူတွေဆိုရင်တော့နည်းမှန်လမ်းမှန် ညွှန်ပြတတ်

တဲ့ဆရာသမားကောင်းနဲ့တွေ့လိုက်ရင် တစ်ထိုင်တည်းနဲ့ ဖြစ်နိုင်တာပေါ့။
ဆရာဘယ်လောက်ကောင်းကောင်း နည်းမှန်ဖို့လဲ လိုအပ်ပါတယ်။ ယောဂီက
ဉာဏ်ရည်မြင့်မားဖို့လဲ လိုအပ်ပါတယ်။ မဂ် ဖိုလ်ရေးရာတွေဟာ
ဉာဏ်အလုပ်တွေဖြစ်လေတော့ ဉာဏ်ရည်နိမ့်မယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှာပေါ့။
တိဟိတ်ဉာဏ်ဆိုရင် ရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ တကယ်လို့
ဒွိဟိတ်ဖြစ်မယ်ဆိုရင်လဲ အထုံပါရမီရသွားတာပေါ့။ ဒီအထုံပါရမီဆိုတာ
မဂ်ဖိုလ်နိဗ္ဗာန်အတွက်အထောက်အပံ့ဖြစ်သွားတာ၊ဥပနိဿယပစ္စည်းဖြစ်သွားတာပေါ့။အပါယ်ဘေးကို
ကြောက်ကြတာဟာ ကြောက်သင့်လို့ ကြောက်ရတာ အမှန်ပဲ။
ကြောက်လန့်ရာမှသံဝေဂဆိုတာဖြစ်လာတာ။သံဝေဂဆိုတာကိုက
လောကဓမ်တရားတွေကိုထိပ်လန့်တာမဟုတ်လား။အဲဒီထိတ်လန့်မှုလေးကိုက
တကယ်အကျိုးရှိပါတယ်။ဘုရားလောင်းဟာနိမိတ်ကြီးလေးပါး မြင်ပြီးထိတ်လန့်မှုသံဝေဂတွေ ပေါ်လာလို့ ဖြစ်လာလို့ တောထွက်ချင်စိတ်ပေါက်လာခဲ့တာ
လေ။ အဲဒီသံဝေဂဟာ ဘုရားဖြစ်ခြင်းရဲ့ ရှေ့ပြေး အကြောင်းတစ်ချက်ဆိုရင်လဲ မမှားဘူးပေါ့။ ဒီတော့ သံဝေဂဆိုတာလဲ လိုအပ်ပါတယ်။
အပါယ်ကြောက်သူတိုင်း အပါယ်ရောက်မယ့်လုပ်ငန်းတွေကို ရှောင်ကြဉ်၊ အပါယ်လွတ်မယ့်လုပ်ငန်းတွေကို လုပ်ကြမြဲသာ ဖြစ်တယ်။ ဒီအကြောက်တရား သံဝေဂလေးကြောင့် ကောင်းမွန်တဲ့လမ်းပေါ် အမြင်မှန်သမ္မာဒိဋ္ဌိ မဇ္ဈိမပဋိပဒါလမ်းပေါ် ရောက်ကြရပါတယ်။ ဒီအကြောက်တရားကနေ တရားကိုချစ်တတ်တဲ့ အချစ်တရားအဖြစ် ပြောင်းလဲ ယူကြရမှာဖြစ်ပါတယ်။ အစတော့ အပါယ်ကြောက်လို့ လုပ်တာ ဖြစ်ချင်ဖြစ်မယ်ပေါ့။ နောက်ပိုင်း တရားဓမ္မရဲ့ အေးငြိမ်းတဲ့ ချမ်းသာသုခကို ကိုယ်တွေ့ ခံစားလာရတဲ့အခါ အပါယ်ကြောက်တာထက် ကိုယ့်ရှိတဲ့တရားကို ကိုယ်မြတ်နိုးလာတာ၊ ကိုယ်ကျင့်တဲ့တရားကို ကိုယ်ချစ်လာတာ။ ဒီလို တရားကို ချစ်လာ မြတ်နိုးလာပြီဆိုရင် တရားချစ်ခင် သူတော်စင်ဖြစ်လာတာပါပဲ။ တရားချစ်ခင် သူတော်စင်စစ်စစ်ဖြစ်လာပြီဆိုရင် ကိုဖြစ်ချင်တဲ့ သောတာပန် မဖြစ်သည်ထားလိုက်ဦး။ သောတာပန်ပုဂ္ဂိုလ်တွေရဲ့ နေနည်း ထိုင်နည်း သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ စိတ်နေစိတ်ထားကို သိရှိသဘောပေါက်လာရင် အတုမြင် အတတ်သင်ဆိုသလို ကောင်းတဲ့အတုတွေကို ခိုးယူရပါတယ်။ ဒါကို အတုခိုးတယ်လို့ဆိုတာကိုး။ မကောင်းတဲ့အတုတွေတော့ မခိုးလိုက်နဲ့ပေါ့။ ကောင်းတဲ့အတုတွေကိုတော့ ခိုးကောင်းပါတယ်။ ဟန်ဆောင်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ သောတာပန်မဟုတ်ဘဲနဲ့ သောတာပန်လို့ ဟန်ဆောင်တာမျိုးကို ပြောတာပါ။ ဒါမျိုးတွေကလဲ လောကမှာ တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတယ်လ။ ဒါတွေက မလုပ်ကောင်းဘူး။
သောတာပန်ပုဂ္ဂိုလ်က ငါစွဲဒိဋ္ဌိကွာနေတယ်။ အတ္တမကြီးတော့ဘူး။ ငါကောင်းစားရေးအတွက် ရှေ့တန်းမတင်တော့ဘူး။ ဒါဆို ငါ့ကြောင့် သူများဒုက္ခရောက်မယ့်အလုပ် သူမလုပ်တော့ဘူး။ ငါကောင်းစားရေး ကင်းနေတဲ့စိတ်နဲ့ လောကထဲမှာ နေထိုင်လိုက်တဲ့အခါ သူ့ကြောင့် အများချမ်းသာရေးသာ ဖြစ်နေတော့တယ်။ သူ့ကြောင့် အများဒုက္ခရောက်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ဒီလိုမြင့်မြတ်တဲ့စိတ်ထားလေးက လောကငြိမ်းချမ်းရေးကို ကိုယ်စားပြုနိုင်တဲ့ စိတ်ထားလေးပါပဲ။ အတ္တကင်းတဲ့စိတ်ကလေး၊ အများကောင်းကျိုးလိုလားတဲ့စိတ်ကလေး၊ လောကငြိမ်းချမ်းရေးစိတ်ကလေးပေါ်နေတယ်။ ဒီလိုစိတ်ဓာတ်လေးကို သာမန်ပုထုဇဉ်ကလဲ မွေးယူနိုင်ပါတယ်။ မြင့်မြတ်တဲ့သူတော်စဉ်တွေရဲ့ စိတ်ဓာတ်လေးကို အတုယူလိုက်တာပေါ့။ ပြီးတော့ ၀ိစိကိစ္ဆာ သံသယစိတ်ကင်းနေတဲ့အတွက် သဒ္ဓါတရားနဲ့ ဘုရားကို ယုံကြည်တတ်လာတယ်၊ တရား၊ သံဃာကို ယုံကြည်တတ်လာတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်တွေကိုသိ သိတဲ့အတိုင်း ယုံကြည်၊ ရတနာသုံးပါးရဲ့ ကျေးဇူးတွေကိုသိ၊ သိတဲ့အတိုင်း လိုက်နာမှုနဲ့ပေးဆပ် ဒီလိုနေတတ်လာတာ။ ဂုဏ်တွေကိုလဲ ယုံကြည် ကျေးဇူးတွေကိုလဲ သိလို့ ယုံကြည်တဲ့အတိုင်းကျင့်ကြံ သိတဲ့အတိုင်း ကျင့်ကြံမှု လိုက်နာမှုတွေနဲ့သာပေးဆပ်နေတာဟာ မဟာသောတာပန်တို့ရဲ့ မြင့်မြတ်တဲ့အတုယူစရာလေးတွေပါပဲ။ ဒီလိုမြင့်မြတ်တဲ့တရားတွေကိုလဲ အတုယူနိုင်အောင် ကြိုးစားကောင်းပါတယ်။ အတုခိုးယူသင့်ပါတယ်။
ဒီလိုယုံကြည်မှု သဒ္ဓါအား ခိုင်မြဲအားကောင်းနေတဲ့အတွက် ဘုရားမဟုတ်သူက ငါဘုရားပါလို့ လာပြောတောင်မှ သူဟာ ယုံကြည်မှုမပေးနိုင်တော့ပါဘူး။ ဘုရားရှင်အစစ်မှတစ်ပါး အခြားသူ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ဘုရားလို့ လက်ခံယုံကြည်မှုဆိုတာ မရှိတော့ဘူးလေ (အညသတ္ထာရုဒ္ဓေသ)။ ဒီတော့ ဘာသာယုံကြည်မှု စွဲမြဲသွားပြီပေါ့။ သူဟာ ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာ ကူးပြောင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာအစစ်အမှန်ကြီး ဖြစ်သွားပြီဟေ့လို့ ကြွေးကြော်နိုင်ပါပြီ။ ဘာသာခြားတွေက ဒို့ဘာသာဝင်ချင်ဝင် မ၀င်ရင် သတ်ပစ်မယ်ဆိုရင်တောင်မှ အသက်သာ အသေခံမယ်၊ ဘာသာတော့ မပြောင်းဘူးလို့ ရဲရဲရင့်ရင့် ရင်ဆိုင်ရဲလာတယ်။ ရဲရဲရင့်ရင့် ယုံကြည်မှုဟာ သောတာပန်ရဲ့ ယုံကြည်မှုပါပဲ။ ဒီလိုယုံကြည်ထားတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ လိုက်နာရမယ့်စံဖြစ်တဲ့ သီလငါးပါးကိုလဲ ချစ်မြတ်နိုးစွာ စောင့်စည်းနိုင်လာတယ်။ အသက်သေချင်သေပါစေ၊ သီလကိုတော့ အပျက်မခံတော့ဘူးဆိုပြီး သတ္တိကောင်းလာတယ်။ ငါးပါးသီလလုံအောင်စောင့်ထိန်းနေတာဟာ အပါယ်ကြောက်လို့ စောင့်နေတဲ့အဆင့်မဟုတ်တော့ဘူး။ သီလကို ချစ်မြတ်နိုးလို့ စောင့်နေတဲ့အဆင့်ရောက်လာတယ်။ သတ္တိအရင်းခံပြီး အသက်ထက်မြတ်နိုးလာတယ်။ သေတယ်ဆိုတာ သူသတ်လဲ သေရမှာပဲ မသတ်လဲ သေရမှာပဲ၊ ရှောင်လို့မရဘူး။ ခန္ဓာရကတဲက သေတတ်တဲ့တရားကြီးကို သိမ်းပိုက်ပြီး ဖြစ်နေတာ။ အသေတရားဟာ ကိုယ်ပိုင်ပစ္စည်းဖြစ်နေတာ။ ဒီတော့ သေတာဟာ သူ့အတွက် အထူးအဆန်းမဟုတ်ဘူး။ သီလကျိုးပျက်တာကသာ သူ့အတွက် အထူးအဆန်းကိစ္စဖြစ်လာတယ်။ ဒါကြောင့် သေမှာထက် သီလပျက်မှာကို အလေးထားတတ်လာတာဟာ သောတာပန်တို့ရဲ့ ခံယူချက်ပါပဲ။ ဒီလိုခံယူချက်လေးတွေကိုလဲ အတုခိုးသင့်တာပေါ့။
မဟာသောတာပန်တွေက သူတစ်ပါး ချမ်းသာတာကိုမြတ်မြတ်နိုးနိုးကျေနပ်တတ်တယ်။ လောကငြိမ်းချမ်းရေးကိုသာ ကိုယ်စားပြုနေတယ်လေ။ ဒီတော့ လောကချမ်းသာရေးဟာ သူ့ရဲ့ စိတ်ရင်းစေတနာဖြစ်နေတယ်။ ဒါကြောင့် ဘယ်သူဘယ်လောက်ချမ်းသာနေလို့ ဘယ်သူဘယ်လောက် အဆင်ပြေနေလို့မှ မနာလိုတာမဖြစ်တော့ဘူး။ မနာလိုစိတ်တွေ ကင်းနေတယ်။ စာလိုပြောရရင်တော့ ဣဿာရှင်းနေတယ်ပေါ့။ သူအဆင်ပြေနေတာကို အဆင်မပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေး သူ့မှာ မရှိတော့ဘူး။ သူချမ်းသာနေတာ ဘာကြောင့် ညာကြောင့်ပဲ ငါပညာပြလိုက်ဦးမယ်ဆိုတာမျိုးတွေ မရှိတော့ဘူး။ သူက ခေါင်းထောင်လွန်းတယ်၊ ချိုးလိုက်ရဦးမယ်ဆိုတာတွေ သူမလုပ်တော့ဘူး။ သူတစ်ပါးကို ဂျောက်တွန်းတာ ဒေါက်ဖြုတ်တာ ဖိနှိပ်တာ ချိုးနှိမ်တာမျိုးစကားလုံးတွေ သူ့အဘိဓာန်မှာ ချန်မထားတော့ သူ့လုပ်ဆောင်ချက်တွေမှန်သမျှဟာ အများကောင်းကျိုးကိုသာ ဦးတည်နေတော့တယ်။ သူ့ကြောင့် တစ်ယောက်ယောက်ထိခိုက်သွားမယ့်အလုပ် နစ်နာဆုံးရှုံးသွားမယ့်အလုပ်မျိုး သူ့စိတ်ထဲမှာကို မရှိတော့တာ။ ဒါလို မြင့်မြတ်စိတ်ထားလေးတွေကိုလဲ အတုယူကောင်းပါတယ်၊ အတုခိုးကောင်းပါတယ်။
မဟာသောတာပန်တို့မှာ ကိုယ့်ရှိတာလေးကို ပွတ်သပ်သိမ်းဆည်း ဆုပ်ကိုင်ထားခြင်းမျိုးလည်း မရှိတော့ဘူး။ ဒါလေး ပေးလိုက်လို့ သူအဆင်ပြေသွားမယ်ဆိုရင် ပေးလိုက်တယ်၊ ဒါလေးလှူလိုက်လို့ သံဃာတွေ အကျိုးများသွားမယ်ဆိုရင် လှူလိုက်တယ်။ ကိုယ်ကောင်းစားရေး အဓိကထားတဲ့စိတ်တွေ ကင်းနေတော့ သူကောင်းစားရေး အလေးပေးတဲ့စိတ်က အလိုလိုပေါ်နေတယ်။ ဧည့်သည်လာလို့ အင်း ငါတော့ သူ့ကို ထမင်းတစ်နပ်တော့ ကျွေးရတော့မယ်ဆိုပြီး တွန့်တိုစိတ်မျိုးဖြစ်တာတွေ မရှိဘူး။ မစ္ဆရိယကင်းနေပြီလေ။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မြတ်တွေဟာ အလှူခံပုဂ္ဂိုလ်ကို အမြဲမျှော်လင့်နေတာ။ အမြဲကမ်းလင့်ကြိုဆိုနေတာ။ ကိုယ်စားစရာမရှိချင်နေပါစေ၊ သူများကို ပေးနိုင်ကျွေးနိုင်ရင် ကျေနပ်နေတယ်၊ လှူနိုင်တန်းနိုင်ရင် ကျေနပ်နေတယ်။ ဒီလောက်အထိ သဒ္ဓါတရား အားကောင်းလာတာဟာ မဟာသောတာပန်တို့ရဲ့ စိတ်ထားပါပဲ။ ဒီလို စိတ်ကောင်းစိတ်မြတ်လေးတွေကိုလဲ အတုခိုးသင့်တာပေါ့။
မဟာသောတာပန်တို့က မာနလဲ အရမ်းမကြီးတော့ဘူး။ အနိမ့်စားမာန်မာနတွေကို အကုန်တွန်းလှန်ပယ်ရှားထားပြီးဖြစ်နေလို့ပေါ့။ သူတို့မှာ မာန်ဆိုလို့ မဖြစ်စလောက်ပဲ ကျန်တော့တာ။ မရှိဘဲနဲ့ ရှိသယောင်ဆောင် မာန်တက်တာမျိုးမရှိတော့ဘူး(အယာထာဝမာန)။သူ့မှာတကယ်ရှိလို့ရှိတဲ့မာန်လောက်တော့ ရံခါဖြစ်တတ်ပါတယ်။သို့သော်အပါယ်ရောက်လောက်တဲ့မာန်မျိုးမဖြစ်တော့ဘူး။ဒီအတိုင်းပဲ ဒေါသလဲအမြစ်ပြတ်မပါယ်သတ်နိုင်သေးတော့ ဒေါသဖြစ်စရာ

ကြုံရင် ဖြစ်တာပါပဲ။ဒါပေမယ့်သူ့ဒေါသသူ ဖြစ်ဖြစ်ချင်းသိလိုက်တယ်။သိလိုက်တာနဲ့ ဒေါသကပဋိစ္စသမုပ္ပါဒ်အဆက်မခံတော့ဘူး။အလျဉ်အမြန်ဖြတ်
လိုက်နိုင်တယ်လေ။ ဒေါသကို
တေးမထားဘူး၊ငြိုးမာန်ဖွဲ့တာမျိုးတွေမလုပ်တော့ဘူး။ကလဲ့စားချေတာတွေမကျင့်သုံးတော့ဘူး။သူ့မှာ
ပေါ်လာတဲ့ဒေါသကိုပဲ
သတိထားတော့တယ်။ဘယ်သူဘယ်ဝါကြောင့်ဆိုတာကိုသူအာရုံမစိုက်တော့ဘူး။ဒီတော့မတတ်သာလို့ ဒေါသဖြစ်လဲခဏပဲ ကျေအေးသွားတယ်။ လောဘ
ကိလေသာလာလဲ ဒီလိုပဲ အမြန်ဖြတ်ပစ်နိုင်တယ်။ ဒါကြောင့်
မိုးကုတ်ဆရာတော်ဘုရားကြီးက သောတာပန်တွေဟာ ကိလေသာ ဖြစ်ကြောတိုတယ်တဲ့။
မပယ်နိုင်သေးတဲ့ ကိလေသာတွေ ရှိနေသေးတာပဲ။ ရှိနေတဲ့အတွက်
အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတာအမှန်ပဲ။ သို့သော် ဒီကိလေသာတွေကို
မျိုသိပ်လက်သင့်ခံထားတာမျိုးမရှိဘူး။ ဖြစ်လျှင်
ဖြစ်ချင်းသိ၊သိတဲ့အတိုင်းအမှန်မြင်အောင်ကြည့်လိုက်တော့
ဖြစ်တော့ဖြစ်လိုက်တာပဲ။ပျက်သွားတဲ့နေရာမှာ
လမ်းဆုံးသွားတယ်။ဒီကိလေသာကအပါယ်မပို့နိုင်တော့ဘူးပေါ့။
သောတာပန်တွေကိလေသာရှိလျက် ဘာကြောင့် အပါယ်မရောက်တော့တာလဲဆိုရင်
ဖြစ်ကြောတိုလို့ပါပဲ။ မသိမှု အ၀ိဇ္ဇာလဲ သောတာပန်တို့မှာ ရှိသေးတယ်နော်။
ဒါပေမယ့် ဒီမသိမှုအ၀ိဇ္ဇာဟာ အပါယ်ရေသောက်မြစ်မဟုတ်တော့ဘူး။
မှောက်မှောက်မှားမှား အပါယ်သွားစေတတ်တဲ့ လုပ်ရပ်တွေ မလုပ်မိတော့ဘူး။
မှားတော့မှားသေးတယ်၊ ဒါပေမယ့် အပါယ်ရောက်လောက်အောင် အမှားမျိုးကို
သူမကြူးလွန်တော့ဘူး။ ဒါကြောင့် သောတာပန်တွေဟာ ကံကြီးငါးပါးဆိုတာ ဘယ်တော့မှ
မလုပ်တော့ဘူးပေါ့။ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားဒုက္ခပေး၊ သံဃာတွေ
မသင့်မတင့်အောင်လုပ်တာမျိုးအမှားတွေ မလုပ်မိတော့ဘူးလေ။ ဒီလိုအမှားတွေက
အပါယ်ကို တိုက်ရိုက်ရောက်စေတဲ့အမှားမျိုးတွေပဲ။ မသိလို့ မှားပင်မှားဦးတော့
ဒီလိုမျိုး အပါယ်ရောက်စေတဲ့အမှားမျိုးကိုတော့ သူဟာ ဘယ်တော့မှ
မမှားတော့တဲ့အတွက် အပါယ်တံခါးပိတ်သွားတာပေါ့။ ဒီလိုကောင်းမြတ်တဲ့
အကျင့်စရိုက်တွေကိုလဲ အတုခိုးသင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကိုယ်ကမဟာသောတာပန်ဖြစ်အောင်အားမထုတ်နိုင်စေကာမူမဟာသောတာပန်တို့ရဲ့စိတ်နေစိတ်ထားတွေခံယူချက်တွေအကျင့်စရိုက်

ကောင်းတွေကိုအတုခိုးအတုယူပြီးလိုက်နာစောင့်စည်းနေမယ်၊ကျင့်ကြံနေမယ်ဆိုရင် သောတာပန်နှင့်တူအောင်ကျင့်နေတဲ့သူဖြစ်နေပြီပေါ့။ သောတာပန်
ဖြစ်အောင်မလုပ်နိုင်စေဦးတော့ သောတာပန်နဲ့တူတဲ့သူဖြစ်အောင်တော့ နေလို့ရပါတယ်။ဒီလိုနေမယ်ဆိုရင်မဟာသောတာပန်တို့အပါယ်မကျသလိုပဲကိုယ်
လဲအပါယ်ဘေးကလွတ်မြောက်မယ်ဆိုတာယုံကြည်စိတ်ချလို့ထားလိုက်ပါ။ သောတာပန်နဲ့တူအောင်ကျင့်နေခြင်းဖြင့် သောတာပန်အစစ်မဖြစ်သေးပေမယ့်
အတုတော့ဖြစ်နေပြီပေါ့။အတုမြင်အတတ်သင်ခြင်းဖြင့်အတုလောက်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်ပင်အလွန်မြင့်မြတ်တဲ့လူသားတစ်ယောက်ဖြစ်လာမယ်၊
လောကကောင်းကျိုးပြုပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပါလိမ့်မယ်၊ကမ္ဘာကြီးက တောင့်တနေတဲ့ပုဂ္ဂိုလ်တစ်ယောက်၊ လောကကြီးက မျှော်လင့်နေတဲ့ပုဂ္ဂိုလ်
တစ်ယောက်ဖြစ်လာမယ်လေ။ သေသွားသည့်တိုင် အောက်မေ့တသနေရမယ့်ပုဂ္ဂိုလ်မြတ်တစ်ယောက်အဖြစ်နဲ့ လောကကိုအလှဆင် ကောင်းကျိုးပြုနိုင်
တဲ့စံပြသူတော်စင်တစ်ဦးဖြစ်လာမှာပါ၊ဘယ်လောက်အားကျစရာကောင်းလဲ။ကြိုးစားပြီး နိုင်သရွေ့ဘက်ကနေ သောတာပန်တို့ရဲ့အကျင့်ကောင်းတွေကို
တတ်နိုင်သလောက်ဆွဲယူကျင့်သုံးကြည့်လိုက်စမ်းပါ။အကုန်လုံးမဟုတ်စေကာမူ တစ်စိပ်တစ်ဒေသလောက်တော့ လိုက်နာနိုင်လောက်ပါတယ်။
သောတာပန်နှင့် တူအောင်ကျင့်နိုင်ကြပါစေ။
ဒေါက်တာအရှင်ပါရမီ
သောတာပန်နှင့် တူအောင်ကျင့်နိုင်ကြပါစေ။
ဒေါက်တာအရှင်ပါရမီ
No comments:
Post a Comment