Sunday, November 6, 2016

ရဟန်းတစ်ပါး

ရဟန်းတစ်ပါး

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင်သီတင်းသုံးတော်မူစဉ်
မထင်မရှားသောရဟန်းတစ်ပါးသည် ဘုရားရှင်ထံတော်မှ
ကမ္မဋ္ဌာန်းတောင်းပြီးလျှင် တောသို့ဝင်၍ တရားအားထုတ်
သော်လည်း အရဟတ္တဖိုလ်သို့မရောက်နိုင်ပေ။ ထိုရဟန်း
သည် ကမ္မဋ္ဌာန်းတစ်မျိုးကိုတောင်းဦးအံ့ဟူ၍ ဇေတ၀န်
ကျောင်းတော်သို့ ပြန်လာစဉ် လမ်းခရီး၌ တံလှပ်များ
ထနေသည်ကိုတွေ့ရ၏။ တံလှပ်၏သဘောမှာ အဝေးမှာ
ရှိစဉ်က ကတော့လိုလို တောင်လိုလို၊ ရေကန်ကြီးလိုလို
ထင်နေရသော်လည်း အနီးသို့ရောက်သောအခါ ပျောက်သွား
၏။ ထို့နောက်ခရီးပန်းသဖြင့် အစိရ၀တီမြစ်၌ရေချိုးပြီးလျှင်
မြစ်ကမ်းပါး၌ ထိုင်နေလေရာ ကြီးမားလှသောရေမြှုပ်ခဲကြီး
များသည် ရေအဟုန်ကြောင့် ပျက်၍ပျက်၍ သွားနေကြသည်
ကို တွေ့မြင်ရ၏။ ထိုမှတစ်ဆင့် မိမိကိုယ်ခန္ဓာကြီးမှာလည်း
တံလှပ်နှင့်တူစွာ ရေမြှုပ်ရေခဲနှင့်တူစွာ ပျောက်တတ်သော
သဘော၊ ပျက်တတ်သောသဘောကိုဆင်ခြင်လျက် ၀ိပဿနာ
ရှု၏။ ထိုအခိုက်တွင် ဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်
မှာပင် တန်ခိုးတော်ဖြင့်ထိုရဟန်းတော်အား အောက်ပါဒေသနာ
တော်ကို ဟောကြားတော်မူလေသည်။

ဤကိုယ်ခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူ၏ဟုသိ၍ တံလှပ်သဘော
ရှိ၏ဟုဉာဏ်ဖြင့် ထိုးထွင်းသိမြင်လျက် မာရ်မင်း၏ပန်းခိုင်သဖွယ်
ဖြစ်သော ၀ဋ်သုံးပါးတို့ကိုဖြတ်တောက်ပြီးလျှင် သေမင်းမမြင်နိုင်ရာ
နိဗ္ဗာန်သို့သွားရာ၏။

ဒေသနာတော်အဆုံး၌ထိုရဟန်းသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ
အရဟတ္တဖိုလ်သို့ ရောက်လေ၏။

မာဏ၀၊ ဓမ္မပဒ။

No comments:

Post a Comment