Monday, April 3, 2017

Tuesday, March 14, 2017

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်

_____________________
* လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်တွေက အမြဲနာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး

"သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်"

"အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကိုရမလဲ သားကိုပြောပြပါ"

"ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို သားကို သိလာပါလိမ့်မယ်"

အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီအိုမင်းနေတယ်။ မြင်းက လူငယ်ကို

"လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်" လို့မေးတယ်''

"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"

"လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေးသောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တခြား ဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေကကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလာဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို
ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်"

လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက

"ဘယ်သွားမလဲ" လို့ သူ့ကိုမေးခဲ့တယ်။

"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"

"ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကိုကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက်မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေမှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်"

မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။

"ဘယ်သွားမလို့လဲ.. ကောင်လေး"

"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"

"ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်ကအရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်"

လူငယ်က သဘောပေါက်နားလည်စွာနဲ့ အိမ်ကိုပြန်ခဲ့တော့တယ်။

ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုပါဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်လိုက်တယ်။

ပျော်ရွှင်ခြင်းကိုတောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ကို အရင်စစ်ဆေးပါလို့

မူရင်း--He Yue-Qing (何躍青) ပြုစုတဲ့ စိတ်အာဟာရကြက်ပေါင်းရည် စာအုပ်စာမူကို အနည်းငယ်ပြင်ဆင်ထားပါသည်။

အချစ်နည်းနည်းလျှော့


ဤ၌ အချစ်ဆိုသည်မှာ တဏှာချစ်သာတည်း၊ လောကမှာ တဏှာမကင်းကြသေးသူတိုင်း အချစ်မကင်းကြသေးပေ၊ လူကို ချစ်၍ ပစ္စည်းကို စုံမက်နေကြသည်၊ အမိ အဖ မောင်နှမမို့ ချစ်မဝနိုင် ရှိကြသည်၊ ဇနီးမယားနှင့် သမီးသားမို့ ချစ်အားတွေ ပိုကြပြန်သည်၊ ချစ်မိသည့် လူနှင့် ပတ်ဝန်းကျင်ကို မခွဲနိုင် မခွါရက် ရှိနေကြသည်၊ နေ့ရှိသရွေ့ အချစ်ကဗျာတွေ သီလျက် အချစ်လောကသို့ ချီတက်နေကြသည်။

သို့ပင် အချစ်သည်းနေကြသော်လည်း အချစ်၏ နိဂုံးကိုကား ဆွဲကြည့်မိကြပုံ မရပေ၊ တကယ်သာ အချစ်၏ နိဂုံးကို ဆွဲကြည့်မိမည်ဆိုပါက အချစ်နိဒါန်းပျိုးဖို့ လက်တွန့်မိကောင်း တွန့်မိကြပေမည်၊ အဘယ်ကြောင့်ဆိုသော် အချစ်၏နိဂုံးကား `အပြုံး` မဟုတ်၊ `အငိုအရှိုက်` သာ ဖြစ်နေသောကြောင့်တည်း။

မြတ်ဗုဒ္ဓက `ပိယဇာတိကာ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ = ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာ၊ ချစ်ခြင်းမှ အစပျိုးလာတာ` ဟု ဟောတော်မူခဲ့သည်၊ သို့ရာတွင် `အချစ်ကြောင့် ငိုရသည်` ဆိုသော မြတ်ဗုဒ္ဓ၏ စကားကို လက်မခံပဲ `အချစ်ကြောင့် ပျော်ရွှင်ရသည်` ဟုသာ အချစ်ဆရာကြီးများက ဆိုချင် ကြ၏၊ အချစ်၏ နိဂုံးမှာ အပြုံးသာဟု ထင်မှတ်လျက် ရှိနေကြသည်။

မြတ်ဗုဒ္ဓ၏ `အချစ်ကြောင့် ငိုရသည်` ဆိုသော ဟောမိန့်ချက်နှင့်စပ်၍ သဘောမကျ ကန့်ကွက်ခဲ့ကြသဖြင့် ရှင်းလင်းချေပခဲ့ရပုံ ဇာတ်လမ်းကလေးတစ်ခုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဗုဒ္ဓသည် သာဝတ္တိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးလျက်ရှိ၏၊ ဗုဒ္ဓထံ သာဝတ္တိမြို့မှ ဒကာတစ်ယောက် ရောက်လာသည်၊ ရှိခိုးဝပ်ချ၍ ခပ်မှိုင်မှိုင် ထိုင်နေသည်။

`ဘယ့်နှယ်လဲ ဒကာ မျက်နှာမသာမယာနဲ့ စိတ်ညစ်စရာ တွေ့နေသလား` ဟု ဗုဒ္ဓက မေးတော်မူရာ ....
`ချစ်မဝတဲ့ သားလှကလေးတစ်ယောက် သေဆုံးသွားသဖြင့် ဝမ်းနည်း ပူဆွေး ငိုကြွေးရပါကြောင်း` လျှောက်ထားလေသည်။

`အင်း ... ဒီလိုပဲ ဖြစ်ရမယ်၊ သောကပရိဒေဝ ဒုက္ခဒေါမနဿဥပါယာသ ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲ၊ ချစ်ခြင်းမှ အစပျိုးခဲ့တာပဲ` ဗုဒ္ဓက တရားလမ်းကြောင်းဖြင့် မိန့်သည်။

`ဘယ့်နှယ် အရှင်ဘုရား သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ၊ တပည့်တော် ဒီစကား လက်မခံနိုင်ပါ၊ ချစ်ခြင်းကြောင့် ပျော်ရ ရွှင်ရခြင်းသာ ဖြစ်နိုင်ပါသည်။`

ထိုဒကာသည် ဗုဒ္ဓ၏ စကားကို ကန့်ကွက်၍ ထပြန်သွားလေ၏။ ထိုစဉ်က ဗုဒ္ဓနှင့် မလှမ်းမကမ်း သစ်ပင်ရိပ်အောက်မှာ ကစားသမားအချို့သည် ကြွေပစ်ကစားနေကြသည်။ ထိုဒကာသည် ကစားဝိုင်းသို့သွားပြီး `ရဟန်းဂေါတမက အချစ်ကြောင့် သောကပရိဒေဝ ဖြစ်တယ်၊ အချစ်ကြောင့် ငိုရတယ်` လို့ အမိန့်ရှိပုံ၊ သူက မဖြစ်နိုင်ဟု ကန့်ကွက်ပြီး အချစ်ကြောင့် ဝမ်းသာပျော်ရွှင်မှုသာ ဖြစ်နိုင်ကြောင်း ပြန်ပြီး လျှောက်ခဲ့ပုံတို့ကို ပြောပြရာ ကစားသမားများက သူ့ဘက်မှ ထောက်ခံကြသည်။

ဤသတင်းသည် သာဝတ္တိမြို့တွင်း ပျံ့နှံသွားသည်၊ နန်းတွင်းသို့ပင် ရောက်ရှိသွားသည်၊ ထိုအခါ ပသေနဒီ ကောသလ ဘုရင်ကြီးက မလ္လိကာမိဖုရားကို ခေါ်ပြီး `ငိုရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မင်းရဟန်းဂေါတမက ဟော ဆိုပါလား` ဟု ပြောသည်၊ `မြတ်စွာဘုရားက ဟောတယ်ဆိုရင် မမှားပါဘူး၊ ဒီတိုင်း ဖြစ်မှာပဲ` ဟု မလ္လိကာက အေးအေးဆေးဆေး ပြန်ပြောသည်။

`အေး ... မလ္လိကာကတော့ ဆရာပြောသမျှ မှန်ပါတယ်၊ မှန်ပါတယ် ဆရာ ဆိုတဲ့ တပည့်ကျနေတာပဲ၊ ရဟန်းဂေါတမ ဟောသမျှ အမှန်ချည်းပဲ၊ သွား သွား သွား၊ အလွန်မုန်းစရာကောင်းတဲ့ မလ္လိကာ` ဘုရင်ကြီးက စိတ်ဆိုးဆိုးနဲ့ အော်ငေါက်လွှတ်လိုက်သည်။

ထိုအခါ မလ္လိကာသည် အပြုံးမပျက် ပြန်လာခဲ့ပြီး နာဠိဇင်္ဃပုဏ္ဏားကို အပါးခေါ်ကာ `ဗုဒ္ဓဆီ သွားစမ်းပါ ဗြာဟ္မဏ၊ ကျွန်ုပ်စကားနဲ့ မလ္လိကာက မြတ်စွာဘုရားအား ရှိခိုးလိုက်ပါကြောင်း၊ ကျန်းမာရေး မေးလျှောက်လိုက်ပါကြောင်း လျှောက်ထားပါ၊ ပြီးတော့ ပူဆွေးရ ငိုကြွေးရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောပါသလား လို့လဲ လျှောက်ပါလေ၊ အဲသည်အခါမှာ မြတ်စွာဘုရား အမိန့်ရှိတာကို သေသေချာချာ မှတ်ခဲ့၊ ဘုရားဆိုတာ ဘယ်တော့မှ အမှားမဟောဘူး` ဟု မှာကြားလွှတ်လိုက်သည်။

နာဠိဇင်္ဃပုဏ္ဏားသည် ဗုဒ္ဓထံရောက်၍ မလ္လိကာ မှာလိုက်သမျှတို့ကို လျှောက်ထားသည်။ ထိုအခါ ဗုဒ္ဓက `ပူဆွေးရ ငိုကြွေးရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မှန်တယ်၊ ဒါကို နားလည်အောင် ရှင်းပြမယ်၊ ရှေးက ဒီ သာဝတ္တိမြို့မှာပဲ မိခင်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးဟာ ပူဆွေးသောကရောက်ပြီး `ကျွန်မအမေ မမြင်ဘူးလားရှင်၊ ကျွန်မအမေများ မမြင်ဘူးလားရှင်` ဟု လူတကာ လျှောက်မေးပြီး အရူးမကလေး ဖြစ်သွားဘူးတယ်၊ ဒီလို ပူဆွေးငိုကြွေးရတာဟာ မိခင်အပေါ် ချစ်ခြင်းကြောင့် ဖြစ်တာပဲ မဟုတ်လား။`

`ဒီ သာဝတ္တိမြို့ကပဲ အမျိုးသမီးတစ်ဦးဟာ သူ့အိမ်သားနဲ့အတူ မိဘဆွေမျိုးများထံ သွားလည်တယ်၊ သူ့မိဘတွေက ဒီလူနဲ့ သဘောမတူဘူး၊ ဒီတော့ အတင်းခွဲပြီး သူတို့သဘောတူတဲ့ နောက်လူတစ်ယောက်နဲ့ နေရာချထားပေးဖို့ စီမံကြတယ်၊ အမျိုးသမီးက ဒီအကြောင်း သူ့ယောက်ျားကို ဖွင့်ပြောလိုက်တယ်၊ ယောက်ျားလုပ်သူမှာ ပူဆွေးသောကရောက်ပြီး နောက်ဘဝမှာ ဆုံကြစို့ဟုဆိုကာ သေကြောင်းကြံလိုက်တယ်၊ ဒီအဖြစ်အပျက်က သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ ထောက်ခံနေတယ်` ဗုဒ္ဓက ဤသို့ ရှင်းလင်း မိန့်ကြားတော်မူလေသည်။

နာဠိဇင်္ဃသည် ဗုဒ္ဓ၏ မိန့်ဆိုရှင်းလင်းချက်ကို မလ္လိကာအား ပြောကြားသည်။ မလ္လိကာသည် လိမ္မာဖျတ်လတ်ပါးနပ်သည့် မိဖုရားပီပီ ဘုရင်ကြီးထံ ပြုံးရွှင်စွာ ချဉ်းကပ်၍ ဤသို့ စကားစသည်။

`ဘယ့်နှယ်လဲ အရှင်မင်းတရား ဝဇီရီမင်းသမီးကို ချစ်တယ် မဟုတ်လား`
`ချစ်တာပေါ့ မလ္လိကာ`
`ဒါဖြင့် မပြောကောင်း ပြောကောင်း ခုနေများ ဝဇီရီမင်းသမီး နတ်ရွာစံသွားမယ်ဆိုရင် ပူဆွေး ငိုကြွေးရမှာပေါ့နော်`
`ပူဆွေးရ ငိုကြွေးရရုံ ဘယ်ကမလဲ၊ ငါ့အသက်တောင် ထိခိုက်သွားနိုင်တယ်`
`ခုလို မင်းတရား ပူဆွေး ငိုကြွေးရတယ်ဆိုတာ ဝဇီရီမင်းသမီးကို ချစ်လို့ပဲ မဟုတ်လား၊ ဒါကို ရည်ရွယ်ပြီး မြတ်စွာဘုရားက သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ ဟောခြင်းဖြစ်ပါတယ် အရှင်မင်းတရား`

မလ္လိကာက ခုလိုမေးပြီး လက်တွေ့ ရှင်းပြသောအခါ ကောသလဘုရင်ကြီးသည် သဘောကျကာ ကျေနပ်အားရလှသဖြင့် `အံ့စရာပဲ မလ္လိကာ အံ့စရာပဲ၊ ဗုဒ္ဓဟာ အလွန် ထိုးထွင်းမြင်တတ်ပါပေတယ်၊ ကဲ ... နှုတ်ကျင်းဖို့ ရေ တစ်ခွက်ပေးစမ်း` ဟု ပြောဆို နှုတ်ကျင်းပြီးနောက် ဗုဒ္ဓရှိရာ တရိုတသေ လက်အုပ်ချီလျက် `နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ` ဟု ဝမ်းသာရွှင်မြူး ဥဒါန်းကျူးလိုက်၏။

စာဖတ်သူသည် အချစ်၏ နိဂုံးမှာ အပြုံးမဟုတ်၊ အငိုအရှိုက်သာ ဖြစ်ကြောင်း သဘောပေါက်ပြီးဖြစ်ရာ စိုးရိမ် ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရ ဆိုသည့် ဒုက္ခအဝဝမှ သက်သာရာရလိုပါလျှင် အချစ်နည်းနည်းလျှော့ဖို့ လိုပါသတည်း။ ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၁)၊ အမှတ်(၉)

ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးချင်တာ။
တစ်နာရီ ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချတယ် မဟုတ်လား။
(တင်ပါ့ဘုရား။….)
ကဲ…. ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့။ ကိုယ်တိုင်ကို ပြန်မေးကြရအောင်နော်။ ဟာကွက်လေး ကိုဖြည့်ကြ ရအောင်နော်။

တစ်နာရီ အတွင်းမှာ ငါသေမယ် လို့ထင်ရဲ့လား။
(မထင်ပါဘူး ဘုရား။)
ဒါဖြင့်မသေသေးဘူးပေါ့။
မသေတဲ့ငါ တစ်နာရီ ပြည့်အောင် ထိုင်မယ်ဆိုတော့ ဥပါဒါန်ပါမနေဘူးလား။
(ပါ ပါတယ်ဘုရား။…)
ပါတယ်နော်၊ ဒါဆိုရင် ဝိပဿနာဉာဏ် လမ်းဆုံးကို ရောက်ပါ့မလား။ (မရောက်ပါဘူးဘုရား။)
သေချာတယ်နော်။ -ဟာ-တာကို ဖြည့်ကြနော်။

မိုးကုတ်ဆရာတော်ဘုရားကြီး ပြောခဲ့တဲ့စကားက ဝိပဿနာ ဆိုတာ ကိုယ့်အသေကို ကိုယ် ရှုတာတဲ့ ။ သေသေချာချာ မှတ်ပါ။ မမေ့ပါနဲ့။
တရားထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီတစ်နာရီအတွင်း မှာသေမယ် မထင်ဘူး မဟုတ်လား။
( မထင်ပါဘူး ဘုရား။…)

ဒီတော့မသေမဲ့ ငါဟာ ဒီတစ်နာရီအတွင်းမှာ မဂ်ရအောင်လုပ်မယ်ဆိုရင် ဟုတ်ပါ့မလား။
(မဟုတ်ပါဘူးဘုရား….။)
ဆုံးဖြတ်ချက်ချတာ လွဲမနေဘူးလား။
(လွဲနေပါတယ်ဘုရား)။
ဒီတော့ဥပါဒါန်ပါတာ သေချာနေပြီနော်။ ငါနဲ့ သွားနေတာကိုး။

ဉာဏ်နဲ့ ငါနဲ့ ရော သွားတယ်ခေါ်တယ်။ ဉာဏ်နေရာမှာ ငါရောက်နေတယ် လို့ မှတ်ရမယ်။
သေသေချာချာ မှတ်နော်။ နှစ်ပေါင်းများစွာ တရားကျင့်ပြီး ၊ တစ်ချို့ ခရီးမရောက်တာသည် အဲဒါ ပါပါတယ်။ ကပ်ချော်နေရင် ခရီးမရောက်ဘူး။ နားလည်ကြရဲ့လား။

(ပိုင်းလော့ဆရာတော်ဘုရားကြီး)

“သဲအင်းဂူဆရာတော်ဘုရားကြီး၏ အတိတ်ဝဋ်ကြွေးတော်နှင့် ယနေ့ ခေတ် ဆင်ခြင်ဖွယ်”

သူများဆဲတာကို အပြစ်မပြောဘူး။ ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။ ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခုငါခံ။ အတိတ်အကြောင်း သိချင်လား ဒကာကြီး။

ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင်ဖြစ်ခဲ့တယ်။ ထီးနန်းအုပ်ချုပ်သူ ဘုရင်။ ပိဋကတ်သုံးပုံပြောင်းပြန် ဘယ်ပြန်ညာပြန်လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။ ဘုရင်ကလည်း အကြီးစား၊ ဦးဇင်းအတိတ်က ကံပြောတာ။ သူများကို ဆဲခဲ့တာ ပြောတာ။ကိုယ့်ထက် တတ်တဲ့သူ မရှိဘူးလို့  ဒီလို မာန်မာနတရားတွေ
လက်မကြီးထောင်ခဲ့တယ်။ အစွယ်ကြီးချိတ်ခဲ့တယ်။
မာန်တွေ မာန်တွေ၊ ငါ့ထက်တတ်တဲ့သူမရှိဘူးလို့ ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ ပိဋကတ်သုံးပုံ နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။ ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ သံဃာတော်အရှင်မြတ်များတွေ ကြည့်လိုက်တဲ့ အချိန်ခါကျတော့ ငါ့လောက် စာမတတ်ပါဘူးလို့ ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို။
ငါ့လောက် မတတ်ပါဘူးကွာ၊ ငါမေးလိုက်ချင်တယ်၊
အဲဒီလို ဒကာကြီးရေ။ ငါမေးလိုက်ရင် ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး၊ အဲဒီလို သွားပြီးတော့ ၀စီဗေဒကံ မျက်ခြင်းကြောင့်မလို့ ဦးဇင်းက အတိတ်ကာလတုန်းက သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။

အခုလည်း ဦးပဇင်းကို ဘာတတ်တာလဲကွာဆို အဆဲခံရတာ။ ဦးပဇင်းကံက အတိတ်ကမကောင်းခဲ့လို့  ဦးပဇင်းက ဆဲခဲ့လို့ အခုသူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။ သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးပဇင်းရဲ့ ကံပါ။

ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင် အမေးမခံနိုင်ဘူးပါဘူးဆိုတဲ့ လောဘ ဒေါသ မောဟ မာနတရားတွေ ထောင်လွှားပြီးတော့ လာခဲ့တယ်။

အဲဒီဘ၀က ကျသွားပြန်တော့ ဒကာကြီးရေ ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။ ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။ အဲတော့ သိတော့ ကြောက်တာပေါ့ ဒကာကြီးရာ။

အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။ အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။ လက်ဖက်ရည်ဆိုင်ထိုင်ရောင်းနေတဲ့ ပုဂ္ဂိုလ်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ ဘယ်လောက်ရမလဲ ဒါပဲတွက်ပြီးတော့ နေတာ သေတော့ အပါယ်ဆင်းမှာကို မသိဘူး။ ဘာကြောင့် မသိသလဲဆိုတော့ သွားရာလမ်းကြောင်း မသိဘူး။ မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး နေတာပေါ့။

စာတတ်တဲ့ပုဂ္ဂိုလ်တွေက စာနဲ့ နှိုင်းတယ်။ စာနဲ့ မနှိုင်းနဲ့ ခန္ဓာနဲ့ နှိုင်း။ ထိုင်နေတုန်း ခန္ဓာထဲကြည့်သဘောတွေ့ လိမ့်မယ်။ စာနဲ့ သွားမဟပ်လိုက်နဲ့ ၊ စာက ပညတ်၊ ခန္ဓာက ပရမတ်။ ပရမတ်သဘောတရားကို မြင်အောင်ကြည့်။
ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။

ဘုရားအသိကို အဂ္ဂသာဝက မဟာသာဝက မသိနိုင်ဘူး။ အဂ္ဂသာဝကအသိကို ပကတိသာဝက မသိဘူး။
ပကတိသာဝကအသိကို အနာဂမ်က သိပါမလား။
အနာဂမ်အသိကို သကဒါဂမ်က သိပါမလား။
သကဒါဂမ် အသိကို သောတာပန်က သိပါမလား။
သောတာပန်အသိကို အန္ဓပုထုဇဉ်က သိပါမလား။

အဲ အခုပုဂ္ဂိုလ်တွေက သောတာပန်လည်းမဟုတ် ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ ထောက်လိုက်ကြတာ။
ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး
ပေတံနဲ့ ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။ ခန္ဓာအသိနဲ့ ထောက်လိုက်ရင် သိပ်ကောင်းတယ်။ မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ ထောက်လို့ ရမလား။

ဦးပဇင်း ၀စီဗေဒကံထိုက်လို့ အခုထက်ထိ စာကို ပါဠိလို မရွတ်တတ်ဘူး။ ဒါကြောင့်မို့ အခုလာရောက်တဲ့ ဒကာဒကာမတွေ ကိုယ်လည်း မသိဘဲနဲ့ သူများ များ ပေတံနဲ့ မထောက်လိုက်နဲ့ ၊ ၀စီဗေဒကံများ မမျက်လိုက်နဲ့ ၊ စာမတတ်တဲ့ကောင်ပဲ သွားမလုပ်လိုက်နဲ့နောက်များ ကိုယ်စာမတတ်ဘဲဖြစ်လိမ့်ဦးမယ်။ ၀စီဗေဒကံ မျက်တိုင်းရှိတယ်။ အဲဒီတော့ မမျက်ကြနဲ့ ။

ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။ ကျင့်တုန်းများ သေသွားနတ်ပြည်သွားတာပဲ။ မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့ ၊ ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့ လည်း သိထားတာပဲလို့ မလုပ်နဲ့ ၊ သေတော့လူးလှိမ့်သေရမယ်သာ မှတ်။

သိလို့ ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်၊
ဒီရုပ်နဲ့ ဒီနာမ်ဖြစ်လာ သေမှာပဲ။ သေပင်သေရငြားသော်လည်း အသိလေးနဲ့ သေရရင် မမြတ်ဘူးလား။ အသိမရှိတဲ့ပုဂ္ဂိုလ် မောဟနဲ့ သေလို့ ရှိရင် လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော မောဟနဲ့ သေမယ်ဆိုလို့ ရှိရင် ရုပ်လည်းမသိ နာမ်လည်းမသိ ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့ လေးဘက်ထောက် လှိမ့်သာချတော့။

လူသေလို့ လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့ လူဖြစ်တာ၊ လူသေလို့ နတ်ဖြစ်တာ၊ လူသေလို့ ဗြဟ္မာဖြစ်တာ၊ လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ စိတ်တွေ။ စိတ်တွေ စိတ်တွေ၊ လူသေလို့ အပါယ်ကျတာ စိတ်တွေပဲ။ အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။ စိတ်ကရှိသေးတယ် ပြိတ္တာစိတ် တိရစ္ဆာန်စိတ် ငရဲစိတ်၊ လူစိတ် နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့ စိတ်နဲ့ သူ ဘုရားက စိတ်ပဲဟောတယ်။

စိတ်ကိုတော့ ဘယ်သူမှမသိဘူး၊ ပညတ်ကြီးကြည့်ပြီးတော့ တောပြော တောင်ပြော မပြောကြနဲ့ ၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့ လုပ်ကြတာ၊ မကျင့်တဲ့သူတွေက တောပြောတောင်ပြော ပြောတော့ မစားရဘဲနဲ့ အပြစ်ခံရမယ်။ ဒီသာသနာကြီး မှီတဲ့အချိန်ခါမယ် မဂ်တားဖိုလ်တားတော့ မခံကြနဲ့ ။ ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်ကသိတယ်လို့ ထင်နေတယ်၊ မသိဘူး၊ သိတယ်ဆိုလို့ ရှိရင် သူများအတင်းမပြောဘူး။
သိရင်ကြောက်တယ် ၊ ကိုယ့်အပြစ်သာပြောတယ်၊
သူများအတင်းမပြောဘူး။

(သဲအင်းဂူဆရာတော်ဘုရားကြီး ၂၆-၃-၁၉၆၉ နေ့ တွင်ဟောကြားတော်မူသော မဂ်လေးပါးတရားတော်မှ)

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

ပျက်စီးခြင်း လေးပါး နှင့် တရားလေးပါး

ထုလ္လကောဋ္ဌိက နိဂုံးမှ အမျိုးကောင်းသား ရဋ္ဌပါလသည် မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊ ရဟန်းအဖြစ်ကို ရပြီး ပြင်းစွာအားထုတ်လျက် ရဟန္တာဖြစ်တော်မူသည်။ ထိုရဟန္တာအသျှင် ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိက နိဂုံး ကောရဗျမင်း၏ မိဂဓီရဥယျာဉ်တွင် သီတင်းသုံးတော်မူစဉ် ကောရဗျမင်းသည် ချဉ်းကပ်ဖူးမြော်ပြီး အသျှင်ရဋ္ဌပါလအား---

“အသျှင်ရဋ္ဌပါလ---အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော မျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်း ဟူသော ပျက်စီးခြင်းလေးပါးနှင့် ပြည့်စုံသောသူ အချို့တို့သည်သာ ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီး လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလ၌ မရှိကုန်၊ အသျှင်သည် အဘယ်အကျိုးကိုသိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း”ဟု လျှောက်၏။

မင်းကြီး---သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် လေးပါးသောတရားအကျဉ်း တို့ကို ညွှန်ပြတော်မူ၏၊ ငါသည် ယင်းတရားတို့ကို သိ၍ မြင်၍ ကြား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အဘယ်လေးပါးတို့နည်း ဟူမူ---
မင်းကြီး---အိုခြင်း သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟူ၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိဟူ၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏-ဟူ၍ လူအပေါင်းတို့သည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ကျွန်တည်း-ဟူ၍ ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ညွှန်ပြ၏”ဟုဆိုပြီး

---“နှစ်ဆယ် အစိတ်အရွယ်က သင်မင်းကြီးသည် ဆင်စီး မြင်းစီး ဓားလှံ လေးအတတ်တို့ တတ်မြောက်ပြီး၍ စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအား ရှိခဲ့ဖူးသည် မဟုတ်ပါလော၊ ယခု ထိုစွမ်းအား ရှိသေး၏လော” ဟုမေး၏၊
---“အရှင်ရဋ္ဌပါလ၊ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့်၍ နောက်ဆုံးအရွယ်ရောက်ပါပြီ၊ ရှစ်ဆယ်အရွယ် ရှိပါပြီ”ဟု လျှောက်၏၊
“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ အိုခြင်း၊ သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟု ဟောတော်မူ၏”
“မင်းကြီးသည် သက်သာရာ မရအောင် နာကျင်သော အနာတစုံတခု ဖြစ်ဖူး၏လော”ဟုမေး၏၊
“ဖြစ်ဖူးပါ၏”ဟု လျှောက်၏၊
“သင်မင်းကြီးသည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို အမောင်တို့ ငါခံစားရသည့် ဝေဒနာ ပေါ့ပါးသက်သာအောင် သင်တို့သည် ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတံ့လော”
“အသျှင်ရဋ္ဌပါလ မရနိုင်ပါ”
“မင်းကြီး---မြတ်စွာဘုရားသည် ဤသို့သဘောရှိသောအကြောင်းကို ရည်ရွယ်၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိ-ဟု ဟောတော်မူ၏၊
“သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားဘိသကဲ့သို့ တမလွန်လောက၌လည်း ထို့အတူသာလျှင်စံပယ်ခံစားရအံ့ဟု သင်မင်းကြီး ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တပါးသောသူတို့သည် ဤစည်းစိမ်ကို သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလော။
“အသျှင်ရဋ္ဌပါလ-ကျွန်ုပ်မှာ ကံအားလျော်စွာသာ သွားရပါမည်”
“မင်းကြီး မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏ဟု ဟောတော်မူ၏။

“မင်းကြီးသည် စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍နေသည် မဟုတ်ပါလော”
“အသျှင် မှန်ပါ၏”
ယုံကြည်သင့်၍ ခိုင်လုံသော စကားရှိသော ယောက်ျားတယောက် တယောက်တို့သည် အရှေ့ အနောက် မြောက် တောင်အရပ်မှ သမုဒ္ဒရာတဖက်ကမ်းမှလာ၍ သင်မင်းကြီးအား ချဉ်းကပ်ပြီး ထိုအရပ်တို့၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ ဆင်-မြင်း-ရထား-ခြေသည် သူရဲအပေါင်းများကုန်သော၊ ဥစ္စာ စပါး ရွှေငွေ ပေါများသော သိမ်းယူသင့်သော မိန်းမလည်း ပေါများသော နယ်ပယ်ကြီးများ ရှိပါ၏၊ စစ်သည် ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် သင်မင်းကြီး အသို့ပြုရာသနည်း”
“အသျှင် ထိုနယ်ပယ်တို့ကိုလည်း ကျွန်ုပ် သိမ်းပိုက်စိုးအုပ်နေကုန်အံ့”

“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း-ဟု ဟောတော်မူ၏”ဟု ဆို၏၊
ထို့ပြင် အသျှင်ရဋ္ဌပါလသည် ဤဂါထာများကို ဟောကြားပြန်၏၊
မင်းကြီး-လောက၌ ဥစ္စာရှိသူတို့ကို ငါမြင်ရသည်မှာ မောဟဖက်၍ ရပြီးဥစ္စာကို မလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍တိုး၍သာ ပြုကြကုန်၏။

မင်းသည်၎င်း အခြား လူအများသည်၎င်း တပ်မက်မှု မကင်းခြင်းဖြင့်သာ သေခြင်းသို့ ရောက်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း၊
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်းပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလှ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟု ဆိုကြကုန်၏၊ လူမိုက်သည်ကား တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်၊
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေးသောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်ကို ပြုမိကြကုန်၏။

မင်းကြီး-ကာမဂုဏ်ငါးပါးတို့သည် ဆန်းကြယ်ကုန်သည်သာတည်း၊ သာယာဖွယ်၊ မွေ့လျော်ဖွယ် ကဲ့သို့ ဖြစ်ကုန်၏၊ အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို မြင်သောကြောင့် ငါသည် ရဟန်းပြု၏၊

မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် ရာဇဝဂ် ရဋ္ဌပါလသုတ်

တရားအားထုတ်ရတာ ပင်ပန်းတယ်ထင်လို့ နေ့တိုင်းမလုပ်ဖြစ်တာလားလို့တောင် မေးလိုက်ချင်တယ်။ တရားအားထုတ်ရတာလောက် အပန်းပြေတာမရှိဘူး။ တရားအားထုတ်ရတာကို အလေ့အကျင့်ရသွားတဲ့လူ...ဟာ ဘယ်လိုပြောလဲဆိုတော့ တပည့်တော်အလုပ်လုပ်လို့ တအားပင်ပန်းလာရင် တရားပဲထိုင်တော့တာပဲတဲ့။ နာရီဝက်လောက်ထိုင်မိတယ်ဆိုရင်ပဲ ပင်ပန်းတာတွေဟာ တဖြည်းဖြည်းနဲ့ ပြေပြီးတော့ ပျောက်သွားတယ်။ ဘယ်လောက်ကောင်းသလဲ။ စဉ်းစားကြည့်စမ်းပါနော်။
မနက်မှာ နာရီဝက်လောက် ထိုင်လိုက်ပါ။ ကောင်းရင်ကောင်း မကောင်းရင်နေပါစေ။. မနက်စောစောဆိုတာ အိပ်ရေးဝပြီးတော့ နိုးတဲ့အချိန် ။ ခန္ဓာကိုယ်မှာ အနားရထားတယ်။ အားတွေပြည့်နေတယ်။ စိတ်ကလည်း အိပ်ရေးဝထားတဲ့အတွက်ကြောင့် ဘာပြောပြော နဲနဲတော့ တည်ငြိမ်မှုရှိတယ်။ စိတ်ထဲမှာ လုပ်စရာကိုင်စရာတွေ ဟိုတွေးဒီတွေးနဲ့ ရှုပ်ထွေးပြီးတော့ ပေါ်မလာသေးဘူး။ အဲဒါကြောင့် စောစောစီးစီးထပြီးတော့ မျက်နှာသစ်ပြီးတော့ ခဏလေးတရားထိုင်ဖို့ကောင်းတယ်။ အလေ့အကျင့် နေ့တိုင်းလုပ်ထားတဲ့သူဆိုရင် အဲဒီခဏလေးဟာ အင်မတန် တန်ဖိုးရှိတယ်။
အလေ့အကျင့်ရနေပြီဆိုရင် တရားထိုင်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ရိုက်သိလို့ရတဲ့ အာရုံရဲ့  သဘာဝလေးတွေကို လွယ်လွယ်ကူကူသိနိုင်တယ်။ ဘယ်အာရုံဖြစ်ဖြစ် တစ်ခုခုကို သိနေရင် ရတာပဲ။ ခန္ဓာကိုယ်မှာ အာရုံ (sensations) ကလွဲလို့ သိလို့ရတဲ့အရာ မရှိဘူး။
မာတာ ပျော့တာ ရုပ်ရဲ့ သဘာဝပဲ။ မာမှန်း ပျော့မှန်း ဘယ်လိုလုပ်သိလဲ ဆိုရင် မာတဲ့အာရုံခံစားမှုအဖြစ်နဲ့သိရတယ်။ ပျော့တဲ့ အာရုံခံစားမှုအဖြစ်နဲ့ သိရတယ်။ အာရုံအဖြစ်နဲ့  ခံစားမှပဲ သိရတာပါ။ အာရုံအဖြစ်နဲ့  မခံစားရရင် မသိနိုင်ဘူး။ အရာရာတိုင်းကို အာရုံအဖြစ်နဲ့ ခံစားပြီးတော့ပဲ သိကြရတာပါ။ ခံစားမှုကလွဲလို့ တခြားဘာကိုမှ သိလို့မရပါဘူး။ တစ်ခုခုကို ထိထားတဲ့နေရာလေးကို အာရုံပြုကြည့်ရင် မာတာသိတယ်၊ ပျော့တာ သိတယ်။ နွေးနေတာ သိတယ်၊ အေးနေတာ သိတယ်။ ဒီထက်ပိုပြီးတော့ သတိထားကြည့်လို့ ရှိရင် လှုပ်ရှားမှုလေးတွေ ရှိတယ်။
အာရုံလေးတွေကို သိဖို့ရာ မခက်ပါဘူး။ ပစ္စုပ္ပါန် တည့်တည့်သိနေရင် ဘာမှ ကြံစည်တွေးတောစရာမရှိဘူး။ ကြံစည်တွေးတောပြီးမှ သိလို့ရတဲ့အာရုံဟာလည်း ပစ္စုပ္ပါန်တည့်တည့် အာရုံမဟုတ်ဘူး။ ပရမတ်လည်းမဟုတ်ဘူး။
စိတ်ကူးနဲ့သိလို့ရတဲ့အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။ ပရမတ်အကြောင်းပင်ဖြစ်သော်လည်း တွေးတဲ့အချိန်ရောက်တဲ့အခါမှာ ပညတ်ပဲဖြစ်သွားတာပဲ။ အတွေးနဲ့ သိသမျှ အားလုံးဟာ ပညတ်တွေပဲ။ မာတဲ့အကြောင်းကို အတွေးနဲ့ထိုင်တွေးနေရင် ပရမတ်မဟုတ်ဘူး။ ပညတ်ပဲဖြစ်သွားတယ်။ တွေးနေတာမဟုတ်ဘဲနဲ့ တကယ်ထိပြီးတော့ သိနေတဲ့အချိန်မှာ ပရမတ်တည့်နေတာပဲ။ ခန္ဓာကိုယ်မှာ မာတာပျော့တာ ပူတာအေးတာ လှုပ်တာ ရှိနေတာပါပဲ။ လှုပ်တယ်ဆိုတာမှာ ကြမ်းကြမ်းတမ်းတမ်းလှုပ်တာလည်းရှိသလို အင်မတန် သိမ်သိမ်မွေ့ မွေ့ လှုပ်တာလည်းရှိတယ်။ သေသေချာချာ သတိထားကြည့်ရင် ဘယ်နေရာဖြစ်ဖြစ် တုန်ခါနေတဲ့သဘောရှိတယ်။ လက်နှစ်ဖက် ထိထားတယ်ဆိုရင် အဲဒီထိတဲ့နေရာလေးကို အာရုံပြုကြည့်စမ်းပါ။ တုန်ခါမှုရှိနေတယ်။ ခန္ဓာကိုယ်မှာ မတုန်တဲ့နေရာရယ်လို့မရှိဘူး။ နေရာမလပ်တုန်နေတယ်။ Vibration သဘောမျိုးရှိနေတယ်။ အဲဒီတော့ တစ်ခုခုထင်ရှားတာ၊ သိလို့လွယ်တာကို focal point အဖြစ်နဲ့ ထားပြီးတော့ အမြဲတမ်းအလေ့အကျင့်လုပ်ဖို့ကောင်းတယ်။
ဘယ်နည်းနဲ့ပဲ အားထုတ်အားထုတ် နောက်ဆုံးသိရတာဟာ အာရုံတွေကိုဘဲ သိရတာပါ။ ဝေဒနာအနေနဲ့ကြည့်မယ်ဆိုရင် ချမ်းသာတဲ့ဝေဒနာ၊ ဆင်းရဲတဲ့ဝေဒနာ။ ဒီနှစ်ခုကို ထင်ထင်ရှားရှားသိနိုင်တယ်။ ဒါလည်းပဲ ခံစားမှုအဖြစ်နဲ့ သိတာပဲနော်။ ခန္ဓာကိုယ်မှာ ချမ်းသာတဲ့ဝေဒနာ၊ ဆင်းရဲတဲ့ဝေဒနာတွေဟာလည်း အချိန်မရွေးအမြဲတမ်းရှိနေတယ်။ ဝေဒနာလုံးဝမရှိဘဲ မဖြစ်နိုင်ပါဘူး။ ဒီနှစ်ခုထဲက တစ်ခုခုကို သိလို့ရတယ်။ သူတို့နှစ်ခုလုံးမရှိရင် ဥပေက္ခာဝေဒနာဖြစ်တော့တာပဲ။
ဥပေက္ခာဝေဒနာဟာ သိမ်မွေ့ လွန်းလို့အစမှာသိဖို့ရာနဲနဲခက်တယ်။ သူ့ကိုသတိလေးနဲ့ကြည့်ပြီး သိနေလို့ရှိရင် ချမ်းသာတဲ့သဘောကိုဆောင်သွားတယ်။ ဘာဖြစ်လို့ချမ်းသာတဲ့သဘောကိုဆောင်သလဲဆိုတော့ ဒုက္ခမရှိလို့ပဲ။ ဒုက္ခမရှိတာကို သိနေတဲ့အချိန်မှာ သက်သာမှုရှိနေတယ်။ မသိရင်တော့ လေးလံမှု ထိုင်းမှိုင်းမှုသဘောမျိုး ဖြစ်နေတယ်။ ဥပေက္ခာဝေဒနာဟာ အင်မတန်သိမ်မွေ့ တဲ့အတွက်ကြောင့် သူ့ကိုမသိလို့ရှိရင် စိတ်ထဲမှာ လှုံ့ဆော်မှုမရှိသလိုဖြစ်သွားတယ်။ စိတ်ထဲမှာ stimulation မရှိသလိုဖြစ်တယ်။ သက်သာမှုဖြစ်နေတာကို မသိရင် သက်သာမှုရှိတယ်လို့ မထင်ဘူး။
သိလွယ်တာ ထင်ရှားတာကိုပဲ အမြဲတမ်းသတိကပ်ပြီးတော့နေမှ။ သတိကောင်းလာရင် အရင်တုန်းက သိဖို့မလွယ်တာ၊ မထင်ရှားတာတွေ တဖြည်းဖြည်း သိလာတယ်။ ဘယ်အချိန်ပဲ ရှုမှတ် ရှုမှတ် မာတာ ပျော့တာ တုန်တာ အေးတာ ပူတာ။ ဒါတွေပဲ ခံစားမှုအဖြစ်နဲ့ သိလို့ရတယ်။
အသက်ရှူတဲ့အခါ တင်းတာ လျော့တာ သိလို့ရတယ်။ ချမ်းသာတဲ့ဝေဒနာ ဆင်းရဲတဲ့ဝေဒနာလည်း ခံစားရတယ်။ အဲဒီတော့ ခန္ဓာကိုယ်ကိုကြည့်ရင် ဒါတွေပဲ တွေ့ ရတယ်။ ဘယ်လိုနာမည်တပ်တပ် ကြိုက်သလိုနာမည်တပ်။ သိစရာတော့ ဒါပဲရှိတယ်။ များသောအားဖြင့်တော့ နာမည်နောက်ကို ပါသွားတတ်တယ်။ နာမည်တွေခဏဖယ်ထားပြီးတော့ အာရုံပေါ်မှာ ခံစားပြီး သိလို့ရတာလေးကိုပဲ သိနေဖို့အရေးကြီးတယ်။
ထွက်လေ၀င်လေ ရှူတဲ့လူဟာ ထွက်လေ၀င်လေမှာ ၀င်လာတဲ့လေ အေးနေတယ်၊ ပြန်ထွက်သွားတဲ့လေဟာ နွေးနေတယ်။ တိုးပြီးတော့ထွက်သွားတယ်၊ ၀င်သွားတယ်။ သူ့မှာ နူးညံ့တဲ့ အတွေ့ရှိတယ်။ နူးညံ့တာကိုသိတယ်။ ပူတာသိတယ်၊ အေးတာသိတယ်။
ဝင်လေအစကနေ ၀င်လေအဆုံးထိ သတိထားကြည့်လို့ရှိရင် တစ်ပိုင်းနဲ့တစ်ပိုင်းမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၀င်လာတဲ့လေဟာ speed မတူဘူး။ အစမှာ speed ကတစ်မျိုး၊ အလယ်မှာ speed တစ်မျိုး၊ အဆုံးမှာ speed တစ်မျိုးပြောင်းသွားတယ်။ ဒီလို speed ပြောင်းသွားလို့ရှိရင် သူနဲ့ပက်သက်ပြီး ဖြစ်ပေါ်လာတဲ့ sensation ဟာလည်း လိုက်ပြီးတော့ပြောင်းသွားတာပဲ။ ၀င်လာတဲ့လေဟာ သိမ်သိမ်မွေ့ မွေ့ လေးဝင်လာတဲ့အခါ ရှိတယ်။ မြန်မြန်ဆန်ဆန်ကြမ်းကြမ်းတမ်းတမ်း ၀င်လာတဲ့အခါလည်း ရှိတယ်။ အဲသလို ၀င်လာတဲ့နှုန်း အင်မတန်သိမ်သိမ်မွေ့ မွေ့ လေးနဲ့ အဆက်မပြတ်ပြောင်းသွားတာပဲနော်။
ဝင်လေထွက်လေမှာ အဲသလို အနှေးအမြန် မတူတာတွေဖြစ်နေတယ်နော်။ မြန်လာပြီးတော့ ပြန်နှေးသွားတယ်၊ ဒီကြားထဲမှာ sensation အပြောင်းအလဲရှိတယ်။ သူ့ ကိုထိရ သိရတဲ့ အာရုံခံစားမှုဟာလည်း မတူတော့ဘူးနော်။ အေးတာပူတာကို သိတဲ့သဘောလေးဟာလည်း အပြောင်းအလဲရှိတယ်။ တိုးထိပြီး ထွက်သွားတဲ့ ၀င်သွားတဲ့သဘောလေးတွေဟာလည်း တစ်ချိန်နဲ့  တစ်ချိန်မတူဘူး။ ဒီလို အသေးစိတ် သတိကပ်ပြီးတော့ သိမှသာလျှင် တရားတိုးတက်နိုင်တယ်။ မတူတာလေးကို သတိနဲ့ကြည့်ဖို့လိုတယ်။ မတူမှန်းသိဖို့လိုတယ်။ မတူမှန်းကို သိနေလို့ရှိရင် သတိပိုကောင်းလာတယ်။ သမာဓိပိုကောင်းလာတယ်။ အာရုံကိုထိထိမိမိသိသွားတဲ့အခါမှာ အာရုံအပေါ်မှာ ပိုပြီး စိတ်ဝင်စားမှုရှိတယ်။
အာရုံကို သေသေချာချာမသိတဲ့အခါ စိတ်ရဲ့ သဘာဝဟာ တခြားအာရုံတစ်ခုခုကို ရှာချင်တယ်။ စိတ်က လက်ရှိအာရုံကို အားမရဘူး။ စိတ်ကအာရုံကို ဖမ်းထားချင်တဲ့အကျင့်ရှိတယ်။ အာရုံကို ဖမ်းထားချင်တယ် ၊ ဆုပ်ထားချင်တယ်။ ဘာအာရုံကိုဖြစ်ဖြစ် ထိထိမိမိ ယူလို့ရရင် အဲဒီအာရုံမှာ အနေများတယ်။ အဲဒါ အာရုံကို ဆုပ်ယူထားတာပဲ။ အဲဒီတော့ အာရုံတစ်ခုကို ထိထိမိမိ မရလို့ရှိရင် နောက်အာရုံတစ်ခုကို ရှာတယ်။ ဒီအာရုံကို စိတ်မ၀င်စားတော့ဘူး။ ဒါဆိုရင် ဘာမှမထူးပါဘူးလို့ ထင်လာတယ်။ တကယ်ထိထိမိမိလုပ်ရင် ရက်ပိုင်းအတွင်းထူးပါတယ်။
အိမ်မှုကိစ္စတွေ အရောင်းအ၀ယ်ကိစ္စတွေနဲ့နေတဲ့ကြားထဲက တချို့ လူတွေဟာ ရသမျှအချိန်တွေမှာ တကယ်စူးစူးစိုက်စိုက်လုပ်တယ်။ အဲတော့ လုပ်တဲ့အချိန်ပင်နည်းသော်လည်း လုပ်သမျှအချိန်မှာ အင်မတန် စူးစူးစိုက်စိုက် ကြိုးကြိုးစားစားလုပ်တဲ့အတွက်ကြောင့် တကယ်ပဲ တိုးတက်နေတာ တွေ့ရတယ်။ ဒါကြောင့် လုပ်တဲ့အခါမှာ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် whole heartedly စိတ်နှလုံးကို အပြည့်ပေးပြီးတော့ လုပ်လိုက်ပါ။ အဲသလိုဆိုရင် လုပ်ရသလောက် အကျိုးများတယ်။ အချိန်နဲ့တန်သလောက် အကျိုးအင်မတန်ရှိတယ်။
လုပ်တော့ လုပ်တယ်၊ စိတ်မပါတပါ လုပ်နေမယ်ဆိုရင် ထင်သလောက်အကျိုးမရှိဘူး။ ထင်သလောက်အကျိုးမရှိတဲ့အခါ ငါလုပ်လို့ရမယ်မထင်ပါဘူးဆိုပြီးတော့ ကိုယ့်ကိုယ်ကို စိတ်ပျက်တတ်တယ်။ ကိုယ့်ကိုယ်ကို အထင်လည်း သေးသွားတတ်တယ်။ အဲဒီအခါ ဟာ.. ဒီအလုပ်ဟာ တော်တော်တော့ မလွယ်ဘူး။ ကောင်းမှန်းတော့ သိတယ်၊ ငါလုပ်လို့ ဖြစ်မယ်မထင်ပါဘူးဆိုပြီးတော့ တွေးမိသွားတယ်။ မဟုတ်ရင်လည်း ငါနောင်အခါကျမှ တစ်နေရာရာသွားပြီး အေးအေးဆေးဆေးသွားပြီးတော့ လုပ်တော့မယ်ဆိုပြီးတော့လည်း စိတ်ကူးမိတတ်တယ်။ သဘောကတော့ အခုမလုပ်ချင်လို့ အချိန်ရွှေ့ တာပဲ။
စိတ်ရဲ့ သဘာဝဟာ သိပ်ဆန်းကြယ်တယ်နော်။ အလုပ်တစ်ခုကို ကောင်းမှန်းတော့သိတယ်၊ အခုမလုပ်ချင်သေးရင် အနာဂတ်မှာ စီမံကိန်းကြီးကြီးထားပြီးတော့ ကိုယ့်ကိုယ်ကို လှည့်စားတယ်။ ဒီလိုဖြစ်ရင် ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ပါ။ အခုမလုပ်ချင်လို့ အနာဂတ်စီမံကိန်းကြီး ဆွဲနေတာလို့ မြင်လိမ့်မယ်။ စိတ်ဝင်စားမှုနည်းတာဟာ မလုပ်တတ်သေးလို့ ထိထိမိမိမလုပ်နိုင်သေးလို့လည်း ဖြစ်နိုင်တယ်။ ထိထိမိမိလုပ်လိုက်လို့ရှိရင် အာရုံရဲ့  သဘာဝဟာ သိပ်ထင်ရှားလာတယ်။ သိပ်ထင်ရှားရင် ပိုပြီးတော့ စိတ်ဝင်စားတယ်။ စိတ်က ထားတဲ့အာရုံကို မိမိရရ ယူလို့ရတဲ့အတွက်ကြောင့် အာရုံနဲ့စိတ်ကပ်ပြီး နေလို့ရတယ်။ အာရုံကို မိမိရရယူလို့မရရင် စိတ်က တခြားအာရုံကိုရောက်သွားလိမ့်မယ်။
ဥပမာ တင်းနစ်ဘောလုံးတစ်လုံးကို ပစ်လိုက်တဲ့အခါ နံရံကိုထိရင် ပြန်ကန်လာတယ်။ တစ်ချက်ပဲထိပြီး ပြန်ကန်ထွက်သွားတယ်နော်။ ဒီတိုင်းပဲ စိတ်က အာရုံကို ထိထိမိမိယူလို့မရတဲ့အတွက် တစ်ချက်ပဲ သိလိုက်တယ်၊ တခြားကိုရောက်သွားတယ်။ သတိ သမာဓိကောင်းလာတဲ့အခါကျရင်တော့ အင်မတန်စေးကပ်တဲ့အရာတစ်ခုကို လုံးပြီး ပစ်လိုက်တဲ့အခါ ထိတဲ့နေရာမှာ သွားကပ်နေသလိုဖြစ်သွားတယ်။ စိတ်နဲ့အာရုံနဲ့ဟာ ကပ်ကပ်ပြီးတော့နေတယ်။
အာနာပါန အားထုတ်တဲ့သူများဟာ သိမ်သိမ်မွေ့မွေ့အပြောင်းအလဲလေးတွေကို ပိုပြီးတော့ အာရုံစိုက်ပါနော်။ နည်းနည်းလေးပြောင်းသွားတာကို ပြောင်းသွားမှန်းသိအောင်ကြည့်ပါ။. သေသေချာချာကြည့်တတ်သွားရင် သိဖို့ရာမခဲယဉ်းပါဘူး။ အသက်ရှူတဲ့အခါ အဆုတ်ထဲမှာ လေဟာ ပြည့်ပြီးတင်းလာတယ်။ တင်းလာတဲ့အခါမှာ တင်းတဲ့ခံစားမှုကို သိလို့ရတယ်။ လေပြန်ထွက်သွားတဲ့အခါ အထဲမှာလျော့သွားတယ်။ လျော့သွားတဲ့ခံစားမှုကို သိလို့ရတယ်။ နာမည်တပ်ဖို့မလိုပါဘူး၊ ဖြစ်လာတာကို တိုက်ရိုက်ထိတွေ့  ခံစားပြီးတော့သိနေလို့ရတယ်။ ခံစားမှုသဘောတစ်ခုအနေနဲ့သိရမှာ၊ အကြမ်းစားနာမည်တပ်ပေးရုံနဲ့ မရနိုင်ဘူး။ တင်းလာတဲ့အခါ တင်းမှုအဆင့်ဆင့်ကို သတိလေးနဲ့ကပ်ပြီးတော့ သိနေပါ။ လျော့တဲ့အခါမှာလည်း လျော့မှုအဆင့်ဆင့်ကို သိနေပါ။
ထိထိမိမိသိနေမယ်ဆိုရင် စိတ်က စိတ်ဝင်စားလာတယ်။ အာရုံပေါ်မှာ စိတ်အနေများတယ်၊ စိတ်အနေများရင် သမာဓိပိုကောင်းတယ်။ သတိ သမာဓိပိုကောင်းလာရင် စိတ်ချမ်းသာလာတယ်။ စိတ်ချမ်းသာလာရင် ပိုပြီးတော့ လုပ်ချင်လာတယ်။ ဒါကြောင့် တရားအားထုတ်ရတာ ပိုပြီးတော့ အဆင်ပြေချင်တယ်ဆိုလို့ရှိရင် ဖြစ်ပေါ်လာတဲ့ခံစားမှုအပြောင်းအလဲလေးတွေကို သတိလေးနဲ့ကပ်ပြီးတော့ကြည့်ပါ။
ခန္ဓာကိုယ်မှာ အာရုံတွေအများကြီးရှိပါတယ်။ ပူတာ အေးတာ လှုပ်တာ ဆင်းရဲတာ ချမ်းသာတာ အမျိုးမျိုးရှုမှတ်လို့ရတယ်။ ပူတဲ့သဘောကိုကြည့်မယ်ဆိုရင် ပူတဲ့နေရာလေးကို သတိလေးနဲ့ကပ်ပြီးတော့ သိလို့ရတယ်။ ခန္ဓာကိုယ်ဟာ အမြဲတမ်း အပူဓါတ်ရှိတယ်။ ဘယ်နေရာဖြစ်ဖြစ် ထိထားလို့ရှိရင် တဖြည်းဖြည်းပူလာတယ်။ အစမှာတော့ သာမာန်ပူတယ်လို့ သိနေတာပဲ။ သတိကောင်းလာရင် ပူတဲ့သဘောက အငွေ့လေးတွေလို ဖြစ်လာတယ်။ အငွေ့တွေ တရှိန်းရှိန်းထွက်နေသလို ခံစားရတယ်။ ဒီအဆင့်က တော်တော်သိမ်မွေ့ တယ်။
အရင်တုန်းကတော့ ငါ့လက်က ထိထားတဲ့နေရာမှာ ပူနေတယ်လို့သိတယ်။ ပစ္စုပ္ပါန်တည့်တည့်သိနေတဲ့အချိန်မှာ ငါဆိုတာလည်း ပေါ်မလာတော့ဘူး။ လက်ဆိုတာလည်း ပေါ်မလာတော့ဘူး။ ပူတာလေးတစ်ခုပဲ သိနေတော့တယ်။ ပူတာတောင် နာမည်မတပ်တော့ဘူး။ ပူတဲ့သဘောကို တိုက်ရိုက်သိနေတာပဲ။
ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ ထင်ရှားတဲ့ ရုပ်ရဲ့ သဘာဝ ၊ ဝေဒနာရဲ့ သဘာဝတွေကို ကြည့်နေတဲ့အခါမှာ ဘာနာမည်မှ မတပ်ပါနဲ့။ နာမည်တပ်တာကြီးက အကျင့်ပါသွားတတ်တယ်။ တချို့ အားထုတ်နေတာ တော်တော်ကြာနေပြီ၊ နာမည်တပ်တာကြီးက အကျင့်ပါနေတော့ နာမည်ကြီးကိုပဲ စိတ်ထဲက လိုက်လိုက်ဆိုနေတုန်းပဲရှိသေးတယ်။ ပညတ်အဆင့်ကနေ ရှေ့ မတက်တော့ဘူး။ ပရမတ်ပေါ်ကို ရောက်မလာဘူး။
ဒကာမကြီးတစ်ယောက်ကပြောတယ်၊ တပည့်တော် တရားအားထုတ်တိုင်း စိတ်ထဲမှာ စကားလုံးတွေ နာမည်တွေ ဆိုနေတယ်။ အဲဒါကြီးက နားထဲမှာ အကျယ်ကြီးကြားသလိုဖြစ်ပြီးတော့ ဆူနေတယ်တဲ့။ ဒီအသံကြီး တိတ်သွားအောင် ဘယ်လိုလုပ်ရမှန်းလည်း မသိဘူး။ တပည့်တော်က တိတ်တိတ်ဆိတ်ဆိတ်လေး တရားအားထုတ်ချင်တော့တာ၊ စိတ်ထဲမှာ ဘာနာမည်မှမတပ်ဘဲ တိတ်တိတ်ကလေး အာရုံကိုကပ်ပြီး သိနေချင်တာတဲ့။
နာမည်တပ်တာပင်ပန်းပါတယ်။ စိတ်က နာမည်တပ်ရတဲ့အပေါ်မှာ အလုပ်ရှုပ်နေတယ်။ စိတ်အလုပ်များတယ်၊ နာမည်တပ်တဲ့အချိန်မှာ ပညတ်ကို အာရုံပြုရတယ်။ ပညတ်ကိုအာရုံပြုရင် အမြဲတမ်းပစ္စုပ္ပါန်မတည့်တော့ဘူး။ အစပိုင်းမှာတော့ နာမည်တပ်တာ အကူအညီရသလိုလိုပဲ။ သို့သော် အကျင့်ပါသွားရင် တော်တော်ကို ဒုက္ခရောက်တယ်နော်။ ကိုယ့်ကိုယ်ကိုသိရတာ တိုက်ရိုက်သိတာပဲ။ ဘာလို့နာမည်တပ်ရမှာလဲ။ သူများကို ပြောပြတာမှ မဟုတ်ဘဲ။ ရိုးရိုးလေး သိနေရုံပဲ။ ပူတာကို သိနေရင် သူ့ဟာသူ ပူနေတာပဲ၊ နာမည်ခေါ်စရာမလိုဘူး။ စိတ်ကအလုပ်နှစ်ခုမလုပ်တော့ဘူး။ တစ်ခုတည်းပဲ လုပ်တော့တယ်။ တစ်ခုတည်းလုပ်ရင် အထိမိဆုံးပဲ။ မြန်မြန်လည်း တိုးတက်တယ်။
အစမှာ ခန္ဓာကိုယ်မှာရှိတဲ့ ထင်ရှားတဲ့ အာရုံတစ်ခုကနေ စရတာပဲ။ တပြိုင်နက်တည်း ခြုံသိဖို့ဆိုတာ အစမှာ မလွယ်ပါဘူး။ ဒါကြောင့် နှာသီးဝက စလို့လည်းရတယ်။ ဒါမှမဟုတ် လက်နှစ်ဖက်ထိထားတဲ့နေရာမှာ ထိတဲ့အာရုံသဘောလေး ရှိတာကို သိနေလို့လည်းရတယ်။ ထိထားတဲ့နေရာလေးမှာ အာရုံလေးတွေရှိတယ်။ တုန်ခါမှုသဘောလေးတွေ၊ သွေးကြောလေးထဲမှာ သွေးတိုးတဲ့ခံစားမှုလေးတွေ သိလို့ရတယ်။ ဒီကနေ တဖြည်းဖြည်းကြာတဲ့အခါ ပိုပြီးတော့ သိမ်မွေ့တဲ့ အပူဓါတ်လေး တငွေ့ငွေ့တရှိန်ရှိန် ဖြစ်နေတဲ့ သဘောလေးကို သိလာတယ်။ ဒီလိုသိရင်းသိရင်းကနေ သတိ သမာဓိကောင်းလာတဲ့အခါမှာ သတိဟာ တကိုယ်လုံး ပျံ့သွားတယ်။ သိတဲ့သဘောဟာ တကိုယ်လုံးမှာ ဖြစ်သမျှကို သိနေတော့တာပဲ။ ဒီကြားထဲ အတွေးလေးပေါ်လာရင် အဲဒီအတွေးလေးကို ကြည့်လိုက်တယ်၊ သိတယ်။
အတွေးကတော့ မပေါ်ဘဲမနေဘူးနော်။ အမြဲတမ်းတွေးတဲ့အကျင့်က ပါနေတာဆိုတော့ တွေးမိနေမှာပဲ။ တွေးတာကိုလည်း စိတ်မပျက်ဖို့၊ စိတ်မညစ်ဖို့လိုတယ်။ အဲဒီအတွေးတွေ ပေါ်တိုင်းပေါ်တိုင်းသာ သိနေမယ်ဆိုရင် နည်းတဲ့အကျိုးမဟုတ်ဘူးနော်။ သိတာအားကောင်းလာရင် အတွေးက တဖြည်းဖြည်းနည်းသွားတယ်။ အတွေးတွေ နှေးလာတဲ့အခါ အတွေးတွေကို ကြည့်ရတာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာတယ်။ အတွေးထဲမှာ စိတ်ကူးနဲ့ ပုံဖော်မှုတွေလည်း ရှိတယ်။ သတိကောင်းလာရင် အဲဒီပုံဖော်မှုတွေလည်း မြင်ရတယ်။ စိတ်ထဲမှာ စကားပြောတာလည်း ကြားရတယ်။ အပေါ်ယံလေး ယှက်ပြီးတော့ သိရုံနဲ့တော့မရဘူး။ တွေးတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ဖြစ်စဉ် process ကို သေသေချာချာစိတ်ဝင်စားပြီးတော့ ကြည့်ပါ။ လောကမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဟာ အတွေးပဲ။ အတွေးဟာ အင်မတန် နက်နဲကျယ်ပြန့်တယ်။ တစ်လောကလုံး ဒီလောက်ဆန်းပြားနေတာ အတွေးကြောင့်ပဲနော်။ ဘယ်လိုအတွေးမျိုးပဲ ဖြစ်ဖြစ် ပေါ်လာတဲ့အတွေးကို သေသေချာချာကြည့်ပါ။ အတွေးရဲ့  သဘာဝကို သိဖို့လိုတယ်။ တချို့ က သမာဓိကို အားပေးတဲ့သဘောနဲ့ အတွေးဝင်လာရင် ချက်ချင်းဖျောက်လိုက်တယ်။ အစမှာတော့ ဖျောက်ချင်ဖျောက်ပေါ့၊ သို့သော် နောက်ပိုင်းကျရင်တော့ ဒီအတွေးရဲ့သဘာဝကို သေသေချာချာမြင်အောင်ကြည့်ပါ။ သူ့ကိုသိဖို့က ပိုတောင် အရေးကြီးသေးတယ်။
အတွေးက အင်မတန်အရာကျယ်တယ်။ အမျိုးမျိုး ခြယ်လှယ်တတ်တယ်။ အမျိုးမျိုးလွှမ်းမိုးတတ်တယ်။ နောက်ဆုံးတရားအားထုတ်လို့ မကောင်းအောင် သူပဲလုပ်တယ်။ ကောင်းအောင်လဲ သူပဲလုပ်တာပဲ။ အဲဒီတော့ သူ့သဘာဝကို အရင်ဆုံးမြင်အောင်ကြည့်ဖို့လိုတယ်။ တွေးတဲ့အခါမှာ အတွေးနဲ့အတူ စိတ်ထဲမှာ ဘယ်လိုခံစားမှုတွေ ဖြစ်လာသလဲဆိုတာ သိအောင်လုပ်ပါ။ ၀မ်းသာတဲ့အတွေးဝင်လာရင် ၀မ်းသာတဲ့ခံစားမှုတွေ ဖြစ်လာတယ်။ စိတ်ထဲမှာ သောမဿနဖြစ်တယ်။ ၀မ်းမြောက်ပြီးတော့ စိတ်ကလေးက မြူးနေတယ်။ ၀မ်းသာစရာ အတွေးတွေကို တစ်လုံးချင်း တစ်လုံးချင်း မြင်အောင်ကြည့်ပါ။ တွေးတာနဲ့ စကားပြောတာနဲ့ဟာ သဘာဝချင်း သိပ်မကွာလှဘူး။ စကားပြောတာက ပါးစပ်က အသံထွက်တယ်၊ တွေးတာက ပါးစပ်က အသံမထွက်ဘူး။ ပါးစပ်ကသာ အသံမထွက်တာ၊ စိတ်ထဲမှာတော့ အသံထွက်တယ်။
စိတ်ထဲမှာ စကားပြောနေတဲ့ ကိုယ့်အသံကိုယ် ပြန်ကြားတယ်။ စိတ်ထဲမှာ ဒေါသဖြစ်နေရင် ဒေါသအသံကြီးကို အကျယ်ကြီးကြားရတယ်။ အဲဒါ သေချာနားထောင်၊ စိတ်ထဲမှာ အသံကျယ်ကြီးနဲ့ ဒေါနဲ့မောနဲ့ပြောနေတာ၊ ဟန်အမူအရာ လက်ဟန်ခြေဟန် အကုန်လုံးကို သေသေချာချာကြည့်ပါ။ ဒေါသကြောင့်ဖြစ်ပေါ်လာတဲ့ ပင်ပန်းမှု၊ မခံမရပ်နိုင်ဖြစ်မှုဆိုတဲ့သဘောတွေကိုလည်း မြင်အောင်ကြည့်ပါ။ တကယ်မြင်ရင် ရပ်သွားလိမ့်မယ်။ နောက်ထပ်ပေါ်လာရင် နောက်ထပ်မြင်အောင် ကြည့်ရုံပဲ။ စိတ်ဝင်စားနေဖို့လိုတယ်။ သိနေလို့ရှိရင် တရားအားထုတ်တာပဲ။
တချို့ကပြောတယ်၊ တပည့်တော်တို့ တရားအားထုတ်တဲ့အခါမှာ၊ ဟိုတွေးဒီတွေး အလွန်ပေါတယ်ဘုရားတဲ့။ လောဘတွေက သိပ်များတာပဲ၊ ဒီလောဘတွေကို ဖြတ်နိုင်မှ တရားအားထုတ်လို့ရမှာလို့ ပြောကြတယ်။ လောဘကို ဖြတ်နိုင်မှ တရားအားထုတ်လို့ ဖြစ်မယ်ဆိုရင်တော့ တရားအားထုတ်လို့ ဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ဘူး။ လောဘဟာ သူ့အလိုလို ပြတ်ဖို့ရာ အကြောင်းမရှိဘူး။ သူ့ရဲ့  သဘောသဘာဝတွေကို သိရင်း သိရင်းနဲ့ အသိဉာဏ်ရင့်ကျက်လာပြီး တဖြည်းဖြည်း သူ့ဟာသူ အားနည်းသွားတာပါပဲ။ အဲဒီတော့ သူ့ရဲ့  သဘောသဘာဝတွေကို သိဖို့က အင်မတန်အရေးကြီးပါတယ်။
လောက မှာ လောဘ ဒေါသဆိုတာတွေဟာ အရာကျယ်ဆုံး အရာတွေပဲ။ အဓိကကျတာ သူတို့နှစ်ခုပဲ။ ဖြည့်ပြောလိုက်ရမယ်ဆိုရင်တော့ မာန၊ က္ကုဿာ မစ္ဆရိယ၊ ဥဒ္ဒစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာ အများကြီးရှိတယ်။ သူတို့က နေရာတကာ ချယ်လှယ်နေတာပဲ။ တစ်ခုဖြစ်မနေရင် နောက်တစ်ခုဖြစ်တယ်။ လောဘဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် ဒေါသဖြစ်တယ်။ သို့မဟုတ်ရင် မာနဖြစ်တယ်။ မဟုတ်ရင် မနာလို ၀န်တိုတဲ့စိတ်တွေဖြစ်တယ်။ ဒါမှမဟုတ်ရင် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စတွေ ပြန်တွေးပြီးတော့ စိတ်မကောင်းဖြစ်နေတယ်။ ဒါတွေဟာ တစ်ခုမဟုတ် တစ်ခု တစ်လှည့်စီဖြစ်နေတယ်။
ဒီကိလေသာတွေဖြစ်လာတဲ့အခါ ချက်ချင်းကြီးဖျောက်ပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ရဲ့  သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော့ သေသေချာချာကြည့်ပါ။ သူတို့နဲ့အတူတူပါလာတဲ့ ဆင်းရဲတဲ့သဘော၊ ပင်ပန်းတဲ့သဘောတွေကိုလည်း တွေ့ ရလိမ့်မယ်။ ဆင်းရဲတဲ့သဘော ပင်ပန်းတဲ့သဘောတွေကို မြင်ပါများလာလို့ရှိရင် ကိလေသာတွေကို ကြာကြာလက်မခံချင်တော့ဘူး။ ဒီလိုသူတို့ကို သိပါများရင် သူတို့အဖြစ်နည်းလာလိမ့်မယ်။ ဖြစ်တဲ့အခါမှာလည်း သူတို့ရဲ့  intensity သူတို့ရဲ့  ပြင်းအားကလည်း နည်းသွားလိမ့်မယ်။ အရင်တုန်းက မသိတဲ့အခါမှာ လောဘဖြစ်စေ၊ ဒေါသဖြစ်စေ ဖြစ်လာပြီဆိုရင် နာရီပေါင်းများစွာ ကြာချင်လည်းကြာမယ်။ သတိနဲ့ဒီလိုကြည့်နေလို့ရှိရင် ဖြစ်လာတဲ့အခါ သိလိုက်လို့ရှိရင် မိနစ်ပိုင်းလောက်ပဲ ကြာမယ်။ ပြီးသွားတယ်။ သတိပိုကောင်းလာရင် စက္ကန့်ပိုင်းလောက်ပဲ ကြာမယ်။ ဒီထက်သတိပိုကောင်းလာရင် ဖြစ်မှန်းသိလိုက်တာနဲ့ မရှိတော့ဘူး။
အဲဒီတော့ လောဘ ဒေါသဖြစ်တဲ့အခါမှာ အင်မတန်ပင်ပန်းတယ်ဆိုတာ ကိုယ်တွေ့ သိအောင် ဖြစ်တိုင်း ဖြစ်တိုင်း သေသေချာချာမြင်အောင်ကြည့်ပါ။ ကိလေသာက အမျိုးမျိုးလှည့်စားတတ်တယ်နော်။ လိုချင်တာလေးရရင် ချမ်းသာမယ်။ ဖြစ်ချင်တာလေး ဖြစ်ရရင် ချမ်းသာမယ်လို့ ထင်နေတာ။ ဒီလိုထင်နေရင်တော့ မှားမယ်။ အဲဒါမိမိစိတ်က မိမိကို လှည့်စားတာပဲ။ အဲဒါ လောဘက လှည့်စားတာပဲ။ ငါလိုချင်တာ ငါဖြစ်ချင်တာတွေ အကုန်လုံးဖြစ်ရရင် စိတ်ချမ်းသာမယ်ဆိုတာ စိတ်ရဲ့  လှည့်စားမှုပါပဲ။ လောကရဲ့  သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေ အများကြီးထဲက နည်းနည်းပါးပါးလောက်ပဲ ဖြစ်မယ်။ ဖြစ်လာတဲ့ ကိစ္စတိုင်းကလည်း ကိုယ့်စိတ်တိုင်းကျ ဖြစ်မှာ မဟုတ်ဘူး။ စိတ်တိုင်းကျ ဖြစ်လာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ့ သဘာဝကိုက ဒီတိုင်းပဲ။ မကျေနပ်ခြင်းဆိုတဲ့ သဘောဟာ စိတ်ရဲ့ သဘာဝပဲ။
စိတ်ရဲ့ သဘာဝကို ကြည့်ကြည့်ပြီးတော့ အဲဒီလို သိလာတယ်ဆိုရင်ကိုပဲ အင်မတန် အသိဉာဏ်နက်နဲတဲ့သူ ဖြစ်လာပြီ။ ဘ၀လမ်းကြောင်းဟာ နည်းနည်းပြောင်းသွားပြီ။ အရာရာကို ပိုပြီးတော့ လေးလေးနက်နက် စဉ်းစားပြီးတော့ လုပ်တော့မှာ။ လောဘ ဒေါသအကြောင်းကို သိတယ်ဆိုရင်ပဲ ဉာဏ်ပညာတော်တော်ရှိတဲ့ ပုဂ္ဂိုလ်၊ ဉာဏ်ပညာ အင်မတန်ရင့်ကျက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီ။ သာမန်လူတွေမှာ ဘာဖြစ်လို့ မရင့်ကျက်သလဲဆိုတော့ လောဘ ဒေါသတို့ရဲ့  လွှမ်းမိုးမှုကို ခံနေရလို့ပဲ။ ဒီကိလေသာတွေကို နည်းနည်းသိတယ်ဆိုရင်ပဲ သူတို့ရဲ. လွှမ်းမိုးမှုကနေ သက်သာရာရပြီ။ သူတို့လုံးဝ အပြီးတိုင် ချုပ်ငြိမ်းမသွားသေးတောင်မှ သူတို့ရဲ့  လွှမ်းမိုးမှုက အများကြီးနည်းသွားပြီ။
ဒီတော့ သိလိုက်တယ်ဆိုရင်ဘဲ တစ်နာရီလောက်ဖြစ်ရမယ့် လောဘ၊ ဒေါသ၊ မာန၊ က္ကုဿာ မစ္ဆရိယရဲ့ ပူလောင်မှုဟာ လေးငါးစက္ကန့်လောက်နှင့် ပြေသွားတယ်။ အဲဒါဆိုရင် ဘယ်လောက်သက်သာနေပြီလဲ။ ရာခိုင်နှုန်းနှင့်ပြောမယ်ဆိုရင် ၉၉ရာခိုင်နှုန်းလောက်သက်သာနေတယ်နော်။
လောဘကြောင့် စိတ်ပင်ပန်းတယ်၊ ဒေါသကြောင့် စိတ်ပင်ပန်းတယ်။ မာနကြောင့် စိတ်ပင်ပန်းတယ်၊ ကိုယ့်ထက် သူများက သာသွားပြီ၊ ကိုယ်ရမယ့် အခွင့်အရေးကို ကိုယ်က မရဘဲနဲ့ သူများက ရသွားပြီ၊ အဲဒါတွေ တွေးတွေးပြီးတော့ အိပ်မပျော်တော့ဘူး။ အင်မတန်စိတ်ဆင်းရဲရတယ်။ မာနဖြစ်နေရင်လည်း ပြိုင်ချင်တယ်၊ ယှဉ်ချင်တယ်။ သားသမီးချင်းလည်း ပြိုင်လိုက်တာပဲ။ လင်မယားချင်းလည်း ပြိုင်လိုက်တာပဲ။ ငါ့ယောကျာ်းက ဘယ်လိုတော်တာ၊ ငါ့မိန်းမက ဘယ်လိုတော်တာ၊ ငါ့သားသမီးက ဘယ်လိုတော်တာ၊ နောက်ဆုံးရောဂါချင်းတောင် ပြိုင်လိုက်သေးတယ်။ ငါ့ရောဂါက မြန်မာပြည်ကဆေးနဲ့ မပျောက်ဘူး၊ ငါ့ရောဂါက အဆင့်အတန်း သိပ်မြင့်တယ်။ ဂျာမနီက လာတဲ့ ဆေးနဲ့မှရတာ။ ငါ့ရောဂါက တော်ရုံတန်ရုံဆရာဝန်နဲ့ ပြလို့မရဘူး။ ဘယ်နိုင်ငံကလာတဲ့ ပါရဂူကို ပြမှဖြစ်မှာ။ အဲဒီလို တွေးပြီးတော့ ပြိုင်ချင် ကြွားချင်တဲ့ သဘောတွေက ဖြစ်တတ်တယ်။ တော်ရုံတန်ရုံ ဆရာဝန်နဲ့ ပျောက်သွားရင်ကိုပဲ သိပ်မကြိုက်ချင်ဘူး။ စိတ်ရဲ့ သဘာဝဟာ ဒီလိုပါပဲနော်။ တခါတလေ တော်တော်ရယ်စရာကောင်းတယ်။ တရားအားထုတ်ရင်တောင်မှ ရိပ်သာချင်းပြိုင်ချင်တယ်။ တော်တော်ကို ပြိုင်ချင်တဲ့စိတ်ပဲ၊ အင်မတန်ဆန်းကြယ်တယ်နော်။

(ဆရာတော် ဦးဇောတိက -မဟာမြိုင်တောရ)

“သံသရာ ခရီးဖော်”


သံသရာခရီးက အရှည်ကြီးပါနော်။ရှေ့ဆက်ပြီး ဘယ်လောက်အထိလျှောက်နေရဦးမယ်ဆိုတာလည်း မခန့်မှန်းနိုင်သေးပါဘူး။လျှောက်တာကတော့ လျှောက်နေရဦးမှာပါပဲ။ အဲဒီလို သံသရာခရီးမှာ ကောင်းတာတွေလည်း ကြုံရမယ်၊မကောင်းတာတွေလည်းကြုံရမယ်။ ဒါကို “လောကဓံတရား”လို့ ဆိုပေမယ့် ဒီအကောင်း၊အဆိုးနှစ်ခုကို ကိုယ်ပြုခဲ့တဲ့ “ကံ” ကပဲ ဖန်တီးပေးတာပဲလေ။ဒီအတွက် ဘယ်သူ့၊ဘယ်သူ့အပေါ်မှ အပြစ်တင်နေလို့လည်း မရပါဘူး။တကယ်အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ။ ဒီကံတွေကို ကိုယ်ပဲ ကျေကျေနပ်နပ် နဲ့ ပြုခဲ့တာကိုး။ ဒါကို ကိုယ်က ပစ္စုပ္ပန်ဘဝ၊ ပစ္စုပ္ပန်တည့်တည့် အချိန်မှာ သဘောပေါက်ဖို့ (ဒါမှမဟုတ်)
“အပ္ပမာဒ”ခေါ်တဲ့ သတိတရား ရှိလိုက်ဖို့ပါပဲ။

သံသရာခရီးက အရှည်ကြီး။ဒီခရီးတစ်လျှောက်မှာ အဖော်ဆိုတာလိုအပ်ပါတယ်။ သံသရာခရီးဖော်ပေါ့။ သံသရာကရီးဖော်ဆိုတာ တခြားမဟုတ်ပါဘူး။“ကံ” ဆိုတဲ့ ခရီးဖော်ပါပဲ။အဲဒီ ကံဆိုတဲ့ ခရီးဖော်က သက်ရောက်မှု အားလျှော်စွာ သံသရာခရီးတစ်လျှောက်မှာကိုယ့်ကို ကောင်းတာတွေလည်း ဖန်တီးပေးလိမ့်မယ်။မကောင်းတာတွေလည်း ဖန်တီးပေးလိမ့်မယ်။ဒါကိုကိုယ်က လိမ္မာပါးနပ်စွာနဲ့ ကောင်းတဲ့ခရီးဖော်ကို ရွေးချယ်စီစစ် ခေါ်သွားတတ်ဖို့ပါပဲ။ခရီးဖော် အခေါ်မှားခဲ့ရင် သံသရာခရီးတစ်လျှောက် ပင်ပန်းပါလိမ့်မယ်။

ကံဆိုတာ ခရီးဖော်၊ခရီးဖော် ဆိုတာကံဆိုတော့ ကံတွေကလည်း အများသား။ ဒါနကံ၊သီလကံ၊ဘာဝနာကံ၊စသည်ဖြင့်ပေါ့။ကိုယ်က ဒီဘဝ၊ဒီခန္ဓာ အပြတ်နိဗ္ဗာန်ရအောင်
ကျင့်တော့မယ်၊ရလည်းရမယ် ဆိုရင်တော့ “ဝိပဿနာကံ” တစ်ခုတည်းနဲ့ပဲ သွားလို့ရပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အဆုံးအစ မသိတဲ့ သံသရာဆိုတဲ့ သံသရာဆိုတဲ့ ခရီးရှည်ကြီးကို လျှောက်နေရဦးမယ်ဆိုရင်တော့ခေါ်လို့ အလွယ်ကူဆုံးဖြစ်တဲ့၊ခေါ်လည်း ခေါ်သွားသင့်တဲ့ ခရီးဖော်ကတော့“ဒါနကံ”ဆိုတဲ့ ခရီးဖော်ပါပဲ။ ဘာဖြစ်လို့ ဒီစကားပြောရသလဲဆိုတော့သံသရာခရီးတစ်လျှောက် မပင်ပန်းအောင်လို့ပါ။

ဒါနဲ့ပတ်သက်ပြီး သံသရာခရီးရှည်ကြီးကိုလျှောက်ခဲ့ပြီး နောက်ဆုံး ရဟန္တာဖြစ် နိဗ္ဗာန်ရသွားတာခြင်း တူပေမယ့်၊ဒါနကံပါတဲ့ရဟန်း နဲ့ မပါခဲ့တဲ့ ရဟန်းသူငယ်ချင်းအကြောင်း ပြောပါရစေ။

ကဿပဘုရားရှင် လက်ထက်တော်တုန်းက တရားကျင့်နေတဲ့ သူငယ်ချင်းရဟန်းနှစ်ပါးရှိပါတယ်။ အတူတကွနေကြတယ်ဆိုတော့ တစ်ပါးအပေါ် တစ်ပါးလည်း
တော်တော်လေး သံယောဇဉ်ရှိကြပုံပေါ်ပါတယ်။

အဲဒီနှစ်ပါးမှာ
●တစ်ပါးက “သာရဏီယဝတ်”တရားကိုဖြည့်ကျင့်ပါတယ်။
●တစ်ပါးက “ဘတ္တဂ္ဂဝတ်”တရားကိုဖြည့်ကျင့်ပါတယ်။

●“သာရဏီယဝတ်”ဆိုတာ ဂိလာန၊အာဂန္တု၊ပဉ္စင်းသစ် အစရှိတဲ့ရဟန်းတွေကို ဆွမ်းကိုပိုပိုလျှံလျှံခံပြီး၊လုပ်ကျွေးတာပါ။ကိုယ်ကပိုမှစားတယ်။မပိုရင် ထပ်ဆွမ်းခံစားတယ်။ဒီထက်ပိုလျှံရင် ကျေးငှက်တွေကိုကျွေးမယ်။ဒီလိုပါ။
●“ဘတ္တဂ္ဂဝတ်”ဆိုတာတရားဟောခြင်း၊ရဟန်းကြီးကိုတိုးဝှေ့၍မနေထိုင်ခြင်း၊ရဟန်းငယ်ကိုနေရာဖြင့်
မသတ်မှတ်ခြင်း စတဲ့ ဆွမ်းစားဇရပ်မှာပြုကျင့်ရတဲ့ဝတ်ပါ။

■“သာရဏီယဝတ်”က “ဒါနကံ”ဖြစ်ပြီး၊
■“ဘတ္တဂ္ဂဝတ်”က “သီလကံ” ဖြစ်ပါတယ်။ဒါနပြုတဲ့ရဟန်း နဲ့ သီလဖြည့်ကျင့်တဲ့ရဟန်းပေါ့။

ဒါနကံပြုတဲ့ရဟန်းက သီလကံဖြည့်ကျင့်တဲ့ရဟန်းကိုဘာပြောသလဲဆိုတော့“ငါ့ရှင် ဒါနမပြုတဲ့သူမှာဘာအကျိုးမှမဖြစ်ဘူး။မိမိရတဲ့လာဘ်လာဘကို သူတစ်ပါးကိုလှူပြီးမှသုံးဆောင်သင့်တယ်”တဲ့။

ဒီတော့ သီလကံဖြည့်ကျင့်နေတဲ့ရဟန်းက“ငါ့ရှင် သင်ဘာမှမသိပါလား။ သူတစ်ပါးပေးလှူတဲ့ ပစ္စည်းကို သူတစ်ပါးကိုပြန်ပေးပြီး၊ဖျက်ဆီးခြင်းငှါမသင့်ဘူး။ရဟန်းဆိုတာကိုယ့်အတွက် မျှတရုံလောက်သာ ဆွမ်းခံပြီး၊သီလကံဖြစ်တဲ့ဘတ္တဂ္ဂဝတ်ကိုဖြည့်ကျင့်နေသင့်တယ်” လို့ပြန်ပြောတယ်။

ဒါပေမယ့် ဒီရဟန်းနှစ်ပါးဟာ တစ်ပါးရဲ့အယူကိုတစ်ပါးက မချေဖျက်နိုင်ကြပါဘူးတဲ့။ ဒီလိုနဲ့တရားတွေကျင့်ရင်း စုတေတဲ့အခါ နတ်ပြည်မှာနတ်သားသွားဖြစ်ကြတယ်တဲ့။နတ်ဖြစ်တဲ့အခါ ဒါနပြုတဲ့ရဟန်းက သီလကျင့်ခဲ့တဲ့ရဟန်းထက် အကျိုးငါးပါး” ပိုရပါသတဲ့။

ဒီလိုနဲ့ ရဟန်းနှစ်ပါးဟာ နတ်ပြည်၊လူ့ပြည်သံသရာကျင်လည်ကြရင်း ဂေါတမဘုရားရှင် လက်ထက်ရောက်လာတော့ သာဝတ္ထိပြည်မှာလူလာဖြစ်ကြပါတယ်။အဲဒီမှာ ထူးခြားတာက ဒါနပြုခဲ့တဲ့ရဟန်းက ကောသလမင်းကြီးရဲ့ မိဖုရားကြီးရဲ့ဝမ်းမှာ ပဋိသန္ဓေယူပြီး၊ သီလဖြည့်ကျင့်ခဲ့တဲ့ရဟန်းကတော့ မိဖုရားကြီးရဲ့ အလုပ်အကျွေးဖြစ်တဲ့ အထိန်းတော်ရဲ့ဝမ်းမှာပဋိသန္ဓေယူပါတယ်။မွေးဖွားတော့လည်း တစ်ရက်တည်း အတူတူပါပဲတဲ့။
အဲဒီကလေးနှစ်ယောက်ကို နာမည်ပေးတဲ့နေ့မှာ ရေချိုးပြီး ကျက်သရေရှိတဲ့ တိုက်ခန်းမှာအိပ်စေလိုက်ပါတယ်။မိဘနှစ်ပါးလုံးကတော့ အပြင်ထွက်ပြီး ကလေးတွေအတွက် တိုင်ပင်နေကြပါတယ်။

အဲဒီအချိန်မှာ ဒါနပြုခဲ့တဲ့ရဟန်းက မျက်လုံးကိုဖွင့်ကြည့်လိုက်ပါတယ်။ခေါင်းပေါ်မှာ ထီးဖြူကြီးမိုးထားတာရယ်၊ကျက်သရေရှိတဲ့ အခင်းတွေနဲ့ ပြုပြင် မွမ်းမံပေးထားတာရယ်တွေကို မြင်လိုက်တော့ မင်းတစ်ပါးရဲ့အိမ်မှာမင်းသားဖြစ်နေပြီဆိုတာ သိလိုက်ရပါသတဲ့။ဘယ်လိုကောင်းမှုကံတွေပြုခဲ့လို့ဒီလိုစည်းစိမ်တွေရပါလိမ့်ဆိုပြီး ဆင်ခြင်လိုက်တော့၊ဒါနပြုခဲ့တဲ့ကံကို သိလိုက်ပါသတဲ့။

နောက်သူငယ်ချင်းရဟန်း ဘယ်မှာဖြစ်နေလဲလို့ ကြည့်လိုက်ပါတယ်။မိမိအနားက နိမ့်တဲ့ခုတင်အိပ်ရာမှာပက်လက်ကလေးအိပ်နေတာတွေ့လိုက်တော့၊“သူဟာ သီလကံပဲ ဖြည့်ကျင့်ခဲ့တယ်။ဒါနပြုပါပြောတဲ့ ငါ့ရဲ့စကားကို လက်မခံခဲ့ဘူး။ယခုအချိန်မှာ ငါသူ့ကိုပြောဖို့အခွင့်သာပြီ”ဆိုပြီးကလေးတွေ အပြန်အလှန်ပြောပုံကိုကြည့်ပါဦး။

“ကိုယ့်လူ သင်ဟာငါ့ရဲ့ စကားကို နားမထောင်ခဲ့ဘူး”
“အို ….ဘာဖြစ်နေတာလဲ”
“ငါ့ရဲ့ပြည့်စုံမှုတွေကို ကြည့်လိုက်စမ်း၊အပေါ်မှာထီးဖြူမိုးထားတယ်။အောက်မှာကျက်သရေရှိတဲ့အခင်းနဲ့၊ကျက်သရေရှိတဲ့ခုတင်နဲ့၊သင်ကတော့ငါ့အောက်နိမ့်တဲ့ခုတင်၊ကြမ်းတမ်းတဲ့အခင်းနဲ့အိပ်နေရတယ်။ဒါ ငါပြုခဲ့တဲ့ ဒါနအကျိုးတွေပဲ။ဒါနပြုပါ ပြုပါ လို့ ပြောတော့ သင်ဟာငါ့ရဲ့စကားကို နားမထောင်ခဲ့ဘူး။ခုတော့ ဘယ်နှယ့်ရှိစ။”

“သင်ဟာ ဒီပြည့်စုံမှုတွေကို မှီပြီးမာနဖြစ်နေတာလား၊ဝါးဇရပ်မှာပဲ နေရနေရ၊ဒီထက်ကောင်းတဲ့ နေရာမှာပဲ နေရနေရ၊ဒါတွေဟာ ပညတ်အားဖြင့်ကွဲချင်ကွဲမယ်။ပရမတ်အားဖြင့်ကြည့်ရင်တော့ အကုန်လုံးပထဝီဓာတ်ချည်းပဲ မဟုတ်လား”

■ကလေးနှစ်ယောက် အပြန်အလှန် ပြောနေကြတဲ့စကားကို ကြားသွားသူက အစ်မဖြစ်သူ သုမနာ မင်းသမီး။ဒီတော့ သုမနာ မင်းသမီးကဘယ်လိုစဉ်းစားသလဲဆိုတော့ “ငါ့ရဲ့ မောင်ငယ်တွေဟာ ဧကန် ရဟန်းနတ်သားဘဝကလာသူတွေ ဖြစ်လိမ့်မယ်။ဒီအကြောင်းတွေကို မိဘတွေကိုသာ ပြောခဲ့ရင် ကလေးတွေကို “ဘီလူးတွေ” လို့ ထင်ကြလိမ့်မယ်။ ဒါကို ဘယ်သူမှ မပြောဘဲ ဘုရားရှင်ဆီသွားမေးတာအကောင်းဆုံးဖြစ်မယ်။” ဆိုပြီး မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။

သုမနာမင်းသမီး မေးပြီး၊မြတ်စွာဘုရား ဖြေပြထားတာလေးတွေက ဒါနချစ်သူတွေအတွက် အားတက်စရာပါ။မောင်ငယ်နှစ်ဦး နဲ့ နွယ်ပြီး သုမနာမင်းသမီး မေးဖြစ်တာလေးပါ။

● “အရှင်ဘုရား …သာသနာတော်မှာ တပည့်သာဝက နှစ်ဦးဟာ သဒ္ဓါ၊သီလ၊ပညာ တူကြပါတယ်။ ဒါပေမယ့် တစ်ဦးက ပေးလှူတယ်။တစ်ဦးက မပေးလှူပါ။ဒီသာဝကနှစ်ဦးသေလွန်တဲ့အခါ နတ်ပြည်ရောက်ပါတယ်။အဲဒီ သာဝကနှစ်ဦး နတ်ဘဝမှာ ထူးခြားမှုရှိပါသလာဘုရား။”

● “သုမန ထူးခြားတယ်။ ပေးလှူသူက မပေးလှူသူထက် အသက်၊အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်း
ငါးမျိုးနဲ့ လွှမ်းမိုးနိုင်တယ်။”

● “အရှင်ဘုရား ထိုသူနှစ်ဦး နတ်ဘဝက စုတေပြီး၊ လူ့ဘဝရောက်ရင်ကောဘုရား”

● “လူ့ဘဝရောက်ရင်လည်း ပေးလှူသူက အကျိုးငါးမျိုးနဲ့ လွှမ်းမိုးနိုင်တယ်။”

● “ရဟန်းပြုခဲ့ရင်ကောဘုရား”

● “ရဟန်းပြုခဲ့ရင်လည်း ပေးလှူသူက အကျိုးငါးမျိုး သာလွန်တယ်။”

● “အရှင်ဘုရား အဲဒီရဟန်းနှစ်ပါး ရဟန္တာ ဖြစ်သွားရင်ကောဘုရား။”

● “ရဟန္တာ ဖြစ်သွားရင်တော့ အရဟတ္တဖိုလ်တစ်ခုနဲ့ အရဟတ္တဖိုလ်တစ်ခု အနည်းငယ်မျှ ခြားနားတယ်လို့
ငါဘုရားဟောတော်မမူဘူး။”

မြတ်စွာဘုရားရဲ့ အဖြေစကားတွေကြားရတော့ သုမနာ မင်းသမီးလည်းတော်တော်လေး သဘောကျသွားပါတယ်။နောက် မြတ်စွာဘုရားကဒါနဟာနတ်ကော၊လူကော၊ရဟန်းကော ကျေးဇူးပြုတတ်တဲ့အကြောင်းဆက်ဟောပေးတယ်။

ဒီနေရာမှာ “ဒါနနဲ့ရဟန်း” ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး “ဗာဟိယဒါရုစိရိယ”အကြောင်းကလည်း သတိထားစရာပါ။သူက ဟိုဘက်ကာလကအနှစ် နှစ်သောင်းလောက် ရဟန်းတရားကျင့်ခဲ့ဖူးတယ်။ဒါပေမယ့် သူ့ခံယူချက်က ဘယ်လိုလဲဆိုတော့ “ရဟန်းဆိုတာ အလှူခံသူသာ ဖြစ်တယ်၊ပေးလှူသူ မဟုတ်ဘူးတဲ့” သူ့ခံယူချက်အတိုင်း ဘယ်ရဟန်းကိုမျှ သပိတ်တစ်လုံး၊ သင်္ကန်းတစ်ထည်၊ မလှူဖူးပါဘူး။ဒီလိုနဲ့ ဂေါတမ ဘုရားရှင် လက်ထက်ရောက်လာတော့ လူ့ဘ၀နဲ့ တရားနာရင်း ရဟန္တာဖြစ်သွားတယ်။ရဟန်းပြုပေးဖို့ ဘုရားရှင်ကိုလျှောက်တော့
သင်္ကန်းပြုစုံပြီလားမေးတာနဲ့ သင်္ကန်းမရခင်မှာ နွားဝှေ့ပြီးလူ့ဘ၀နဲ့ပဲ ပရိနိဗ္ဗာန်ပြုသွားရရှာတယ်။ သင်္ကန်းရစရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံသရာခရီးတစ်လျှောက် ဘယ်ရဟန်းကိုမျှ သင်္ကန်းမပေးလှူခဲ့ဖူးလို့ပါတဲ့။

တကယ်တော့ ဒါနဟာပေးလှူလိုတဲ့ စေတနာရယ် ၊ ပစ္စည်းဝတ္ထုရယ်၊အလှူခံပုဂ္ဂိုလ်ရယ်၊ ဒီသုံးခုပြည့်စုံရင် ဖြစ်သွားတာပါပဲ။ အလှူခံပုဂ္ဂိုလ်ဆိုတာကလည်း ဘုရားကနေ တိရစ္ဆာန်အထိ အလှူခံပုဂ္ဂိုလ် (၁၄)ယောက်တောင် ရှိနေတာဆိုတော့ မရှားလှပါဘူး။ နောက်ပစ္စည်းဝတ္ထု ဆိုတာကလည်း သူ့အတိုင်းအတာနဲ့သူတော့ ရှိတာပါပဲ။ အဲ့ဒီမှာ အဓိက ကတော့ပေးလှူလိုတဲ့စေတနာပါပဲ။နည်းတယ် များတယ်မဟုတ်ပါဘူး။ကိုယ့်ဝန် ကိုယ်အားနဲ့ ညီမျှတဲ့အလှူကို လှူဖြစ်ဖို့ပါ။

-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
ဒီဘ၀ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရသွားမယ်ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် ရဟန္တာ မဖြစ်သေးခင် သံသရာကျင်လည်နေရဦးမယ် ဆိုရင်တော့
“ဒါန” ဟာ ရဟန်းအတွက်ရော၊လူ့အတွက်ရောသံသရာခရီးဖော်ကောင်း တစ်ဦးပါပဲလေ။

【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏ “သံသရာ ခရီးဖော်” စာအုပ်မှ- ကောက်နှုတ်
ကူးယူပူဇော်မျှဝေပါသည်။】

Friday, February 24, 2017

ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား


ဒကာ။ ။ ဝိဇ္ဇာရှစ်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသဉာဏ်၊ အဘိညာဏ် ခြောက်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသအဘိညာဏ်တန်ခိုးနဲ့ ကိုယ်ဖြစ်လာတဲ့ သုံးဆယ့်တဘုံ ဘဝမျိုးစုံကို ကုန်အောင်စုံ သိနိုင်တယ်ဆိုတာ ဟုတ်ပါသလားဆရာတော်။

ဆရာ။ ။ ဟုတ်မှန်တဲ့ ပုဂ္ဂိုလ်လည်း ဟုတ်မှန်တယ်၊ မဟုတ်မမှန်တဲ့ ပုဂ္ဂိုလ်လည်း မဟုတ်မမှန်ဘူး၊ ဒါက လွယ်တဲ့ဉာဏ်အလုပ်မျိုးမှ မဟုတ်ဘဲဟာ။

ဒကာ။ ။ ဆရာတော့်အဖြေစကားကို ဒကာကြီးတို့ နားမလည်ဘူးဘုရား၊ နားလည်နိုင်တဲ့နည်းနဲ့ ရှင်းပြပါလားဆရာတော်။

ဆရာ။ ။ ပုဗ္ဗေနိဝါသဉာဏ် အဘိညာဉ်ဆိုတာ ဘဝရဲ့ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ကို အစဉ်လိုက် အမှီပြုပြီးတော့ သိတဲ့ဉာဏ်၊ သေတာနဲ့ ဖြစ်တဲ့ဘဝကို အဆင့်ဆင့်လိုက်ပြီးတော့ သိတဲ့ဉာဏ်လို့မှတ်ပါ။

အဲသည်လို သိတဲ့နေရာမှာလည်း သေတာနဲ့ ဖြစ်တာကို အာရုံပြုပြီး အစဉ်လိုက်ယူတဲ့အခါမှာ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ခေါ်တဲ့ ဤမှာဘက်မှ သေတဲ့စိတ်နဲ့ ဟိုမှာဘက်၌ စိတ်နာမ်ခန္ဓာတရားတို့ အခြားမရှိဘဲ အဆင့်ဆင့် တစပ်တည်း အစဉ်ဖြစ်ပျက်နေတဲ့ နာမ်ခန္ဓာသဘောအာရုံကိုသာ ယူမှီပြီးတော့ ဘဝများစွာကို သိနိုင်တာဖြစ်တယ်၊ ဒါ့ကြောင့်…..”စေတောပရိယဉာဏံ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ ဥပနိဿယ ပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်း၌ ဟောတော်မူတယ်။

ဘဝဆိုတာက (၁) ရုပ် နာမ် ခန္ဓာ ငါးပါးစုံဘဝလည်းရှိတယ်၊ (၂) နာမ်ခန္ဓာလေးပါးချည်းဖြစ်တဲ့ ဘဝလည်းရှိတယ်၊ (၃) ရုပ်ခန္ဓာတပါးတည်းသာဖြစ်နေတဲ့ ဘဝလည်းရှိတယ်၊ အဲဒါကိုပဲ အဘိဓမ္မာက (၁) ပဉ္စဝေါကာရ ဘဝ၊ (၂) စတုဝေါကာရဘဝ၊ (၃) ဧကဝေါကာရ ဘဝ လို့ ခေါ်တယ်။

အဲဒီလို ဘဝသုံးပါးလုံးကို ပုဗ္ဗေနိဝါသဉာဏ်နဲ့ ကုန်အောင်စုံ အဟုတ်အမှန်သိနိုင်တာက မြတ်စွာဘုရားသခင်သာဖြစ်တယ်၊ ဘုရားမှတပါး ကျန်တဲ့သာဝက ပုဗ္ဗေနိဝါသ အဘိညာဉ်တန်ခိုးရှင် ဟူသမျှတွေဟာ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို အာရုံပြု၍ အစဉ်လိုက်ယူနိုင်ကြပေမယ့် အနန္တရ ပစ္စည်းနဲ့ အစဉ်မပြတ်ဖြစ်နေတဲ့စိတ် နာမ် ဓမ္မနဲ့ စပ်၍သာ လိုက်ယူနိုင်တာဖြစ်တယ်၊ သိနိုင်ကြတာဖြစ်တယ်။

စိတ်နာမ်ခန္ဓာမရှိတဲ့ ရုပ်ခန္ဓာသက်သက်နဲ့ ပဋိသန္ဓေ သွားနေတဲ့ အသညသတ်ဘဝမျိုးကျတော့ သာဝကတွေမှာရှိတဲ့ ပုဗ္ဗေနိဝါသအဘိညာဉ်က မသိနိုင်တော့ဘူး၊ စုတိစိတ်ဖြစ်ပြီးတော့ ပဋိသန္ဓေစိတ်ပြတ်သွားလို့ စိတ်မရှိဘဲ ရုပ်သက်သက်ခန္ဓာတပါးတည်းနဲ့ အသညသတ်ဘုံမှာ မဟာကပ် ၅၀ဝ ကြာအောင် သွားဖြစ်နေတာ၊ ဒါ့ကြောင့် အသညသတ်ဘဝကို သာဝက ပုဂ္ဂိုလ်တွေက ပုဗ္ဗေနိဝါသဉာဏ်နဲ့ အဟုတ်အမှန် မသိနိုင်ဘူးလို့ ပြောတာ၊ ကဲ...နားလည်ပြီလား။

ဒကာ။ ။ ရှင်းလင်းနားလည်သွားပါပြီဆရာတော်၊ ပုဗ္ဗေနိဝါသဉာဏ်က စိတ်နာမ်ခန္ဓာ အစဉ်ကိုသာ လိုက်သိနေတာကိုး၊ သည်လို ကွဲကွဲပြားပြားသိရတာမို့ ကျေးဇူးတင်လိုက်တာ ဆရာတော်။

Thama Meggin

လူဝင်စား ဟူသည်


(ခရစ်နှစ် ၂၀၁၁ ပြည့် မေလထုတ် မြတ်ပန်းရဂုံစာစောင်ပါ
ဥက္ကာ (အင်ကြင်းမြေ)၏ အချို့သော လူဝင်စားများတွင်
ဘ၀ဟောင်းမှ ဥတုဇရုပ်ပေါ်တွင် ရှိခဲ့ဖူးသော အမာရွတ်များ
ပါကြ၏။ အဘယ်အကြောင်း တရားကြောင့် ဖြစ်ကြောင်း
မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်ပါသည်။) လူဝင်စားနှင့်
ပတ်သက်သော မေးခွန်းများကို ခေတ်အဆက်ဆက်မေးမြန်း
ကြသဖြင့် ဆရာတော်မြောက်မြားစွာက အကြိမ်ကြိမ် ဖြေဖူးကြ
လေပြီ။

ဤ၌ ထင်ရှားသော ဆရာတော်ကြီးများ၏ အဖြေများမှ
ထုတ်နှုတ်၍ မေးခွန်းရှင်သိလိုသည်များကို ဖြေပါမည်။
လယ်တီဆရာတော်ဘုရားကြီး၏ နိုင်ငံခြားပုစ္ဆာ အဖြေ
ပေါင်းချုပ်-စာအုပ်မှ ပြင်သစ်ပုစ္ဆာ အမှတ်လေး အဖြေတွင်
လူဝင်စားနှင့်ပတ်သက်သည့်အဖြေကို ရှေးဦးစွာ ထုတ်ပြ
ပါမည်။

မေး။ “လူဝင်စားဟူ၍ လောက၌ ပြောရိုး ဆိုရိုးရှိကြ၏။
ဝင်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင်
သက်ဝင်ခြင်းရှိပါသလား-

ဖြေ။ လူဝင်စားဟူသည် အသီးအခြား တပါးတမျိုး မဟုတ်။
လူ့ဘ၀သို့ ရောက်လာကြသူ အပေါင်းတို့တွင် ရှေးဘ၀ကို
ပြန်၍သိနိုင်သူ အနည်းငယ်မျှသာ ရှိကြ၏။ ထိုသူတို့ကို
လူဝင်စားဟူ၍ ခေါ်ကြ၏။ ထိုသူကို ဗုဒ္ဓ ဘာသာကျမ်းဂန်
တို့၌ `ဇာတိဿရ´ ပုဂ္ဂိုလ်ဟူ၍ ခေါ်၏။ ရှေးဘ၀ကို ပြန်၍
အောက်မေ့နိုင်သောသူ၊ သိနိုင်သောသူ ဟု ဆိုလိုသည်။
ရှေးဘ၀ကို ပြန်၍ မသိနိုင်ခြင်း၊ သိနိုင်ခြင်း အကြောင်းကား -

(၁) လူ့ဘ၀၌ နေ့ရက်ရှည်ကြာ အနာရောဂါ နှိပ်စက် ညှဉ်းပန်း
စိတ်အား ကုန်ခန်း၍ သေရခြင်းတပါး။
(၂) နောက်ဘ၀၌ ဂဗ္ဘသေယျကမျိုး ဖြစ်၍ အလွန်သေးငယ်လှ
သော ကလလရေကြည် အစတည်လျက် နေ့ရှည်ရက်များ
ဖြေးနှေးစွာ ကြီးပွားရသဖြင့် စိတ်အားသေးနုတ် မှေးတုတ်
မိန်းမော၍ နေရခြင်းတပါး။
ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည်
ရှေးဘ၀ကို မေ့ကြကုန်၏။ ထိုမှတပါး-

(၁) အလွန်ငယ်ကလေးက သေခဲ့ကြသောသူ၊ အလွန်အိုမင်း
ထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ၊ ယစ်မျိုးကြူး လှသောသူတို့
သည်၎င်း၊
(၂)နောက်ဘ၀၌အမိသည်ရောဂါသည်မဖြစ်ခဲ့သော်၎င်း၊
(၃)အလုပ်ကြမ်း၊အကိုင်ကြမ်းလုပ်ကိုင်ရသူဖြစ်ခဲ့သော်၎င်း
(၄)ကိုယ်ဝန်ဆောင်မှု၌အလိမ္မာမရှိသူဖြစ်ခဲ့သော်၎င်း၊
(၅)အစောင့်အစည်းမရှိသူဖြစ်ခဲ့သော်၎င်း၊
အမိဝမ်းတွင်း၌ သူငယ်သည် အလွန်ထိတ်လန့်ခြောက်ခြားခြင်း
များသဖြင့်လည်း ရှေးဘ၀ကို မေ့ကြကုန်၏။
(ဤကားရှေးဘ၀ကိုပြန်၍မသိနိုင်ခြင်းအကြောင်းတည်း။)

(၁) ဤလူ့ဘ၀၌ သေလွန်၍ ဥပပတ်နတ်ဘ၀၊ ဗြဟ္မာဘ၀သို့
ရောက်ကြသောသူ၊ ငရဲဘ၀ ပြိတ္တာ ဘ၀သို့ ရောက်ကြသော
သူတို့သည်ရှေးဘ၀ကိုသိနိုင်ကြကုန်၏။
(၂) ဤလူ့ဘ၀၌ အားရှိတုန်းအခါမှာ လက်နက်ဘေး၊ ကပ်၊
ဥပါဒ်ဘေး နှင့် ရုတ်တရက် သေဆုံး ကြကုန်၍ နောက်ဘ၀၌
အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရ
သော သူများသည် ရှေးဘ၀ကို သိတတ်ကြ၏။
(၃) ရှေးဘ၀ကို ပြန်၍ သိရလို၏ - ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်းပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘ၀ကိုပြန်၍သိတတ်ကြ၏။
(၄) ပုဗ္ဗေနိဝါသ အဘိညာဏ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်းကောင်းရှေးဘ၀ကိုသိတတ်ကြကုန်၏။
(ဤကားရှေးဘ၀ကိုပြန်၍သိနိုင်ခြင်းအကြောင်းည်း။)”

ဆရာဝန်ကြီး ဦးနေ၀င်း မေးသဖြင့် တောင်မြို့ဆရာတော်ဖြေဆိုအပ်သော `သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ´ စာအုပ်မှ ယခုဘ၀အထိ ယခင်ဘ၀က အမာရွတ်များ ပါရှိလာခြင်းနှင့်ပတ်သက်သည်အဖြေကို ထုတ်ပြပါမည်။

မေး။ ။ ရုပ်ကကောဘယ်လိုပြောင်းပါသလဲ
ဖြေ။ ။ ရုပ်လည်းမပြောင်းဘူး၊ ရုပ်လည်း မပြောင်းဘူး။ ကံကြောင့်ရုပ်သစ်ဖြစ်။ ။ ဒီဘ၀မှာ လူပင်ဖြစ် သော်လည်း နောက်ဘ၀ပြိတ္တာဖြစ်မယ်ဆိုရင် ပြိတ္တာရုပ်၊ တခြားသပ်သပ် ကံက အကျိုးပေးတယ်လေ။

ကံက၀ိပါက်ဝိညာဉ်ကိုလည်း အကျိုးပေးတယ်။ ခုနက ကမ္မဇကလာပ်သုံးစည်းဟာ သူ့ကြောင့်ဖြစ်ပေါ်လာတာပဲ။ ရုပ်က ဆက်သွားတာ မဟုတ်ဘူး။ သူ့ကြောင့် ပေါ်လာတဲ့အတွက်ကြောင့်မို့လို့၊ ဒီကရုပ်တွေ ပြောင်းသွား
လို့ မဟုတ်ဘူး။ ဒါပေမဲ့ ကံကြောင့် ရုပ်သစ်တွေဖြစ်တယ်။ ဒီဘက်က ဓားခုတ်ရာ ဟိုဘက်မှာပါနေ။ ။ တစ်ခါ ထပ်ပြီးတော့ မေးစရာရှိတယ်။ ဓားခုတ်ရာနဲ့လူဟာ ဟိုဘက်ဘ၀ကျတော့ သူ့မှာ အဲဒီဓားခုတ်ရာပါသွားတယ်။

အဲဒီဟာက ဘုန်းကြီးသိပ်မမီဘူးနော်၊ သိပ်မမီပေမဲ့လို့ စိတ္တဇရုပ်က ဓါတ်ချင်းက ဆက်နေသေးတယ်။ စိတ်က ဟိုသယ်သွားတာတော့ မဟုတ်ဘူး။ မဟုတ်ပေမဲ့လို့ ဓါတ်ချင်းက ဆက်နေတော့ ကလေးမှာ ဓါးခုတ်ရာလေး ဘာလေး တွေ့နေတယ်။ အဲဒီထိအောင်တော့ ဘုန်းကြီး
ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ဘူး။ မပြောနိုင်ပေမယ့် အဲဒီလို ဆက်တဲ့ဥစ္စာ ဒီကရုပ် ပါသွားတာတော့ မဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြု။ ။ ခုဘ၀မှာပဲ ၁၀-နှစ်သားတုန်းက ဓားခုတ်ရာနဲ့လက်ဟာ ၁၁-နှစ်သားကျတော့ ဒီအရာက ပါလာတာမဟုတ်ဘူး၊ ရုပ်သစ်ပဲ။ ဒါပေမဲ့ ဓါတ်ချင်း ဆက်တော့ ဟိုမှာ အရာကလေးက ပါရက်ပါရက်ပဲ။ ဒီက ဓါးခုတ်ရာက ရုပ်တွေက ဟိုမှာ ဓါးခုတ်ရာ အဖြစ်နဲ့ ဆက်တာမဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြုလိုက်တော့ ဒီအရာကလေးနဲ့ဆိုင်တဲ့ ရုပ်ကလေးတွေပဲ ဟိုမှာသွား ပြီးတော့ ဖြစ်တယ်။ ဟိုဘက်ဘ၀ကျတော့ ရုပ်သစ်ပေမဲ့လို့ ဒီက စိတ်ဓါတ်ကတော့ ဆက်ရက်ဖြစ်နေတယ်။ ဓားခုတ်ရာလေး ဘာလေး ပါသွားတယ်ဆိုတာ ဖြစ်နိုင်လောက်တယ်လို့ ၊ ဒီလိုတော့ ဘုန်းကြီးက နားလည်း ထားတယ်။ (နှာ ၆၀-၆၁)”

ဝဏ္ဏကျော်ထင် ဒေါက်တာဦးမြင်ဆွေ မေးမြန်းသဖြင့် မဟာစည်ဆရာတော်ကြီး ဖြေဆိုအပ်သော `ဘ၀ပြဿနာ´ စာအုပ်မှ ထုတ်နှုတ်ပြပါဦးမည်။

“ခွေးဘ၀ကလူ” ။ ။ မြင်းခြံခရိုင်၊ ဧရာဝတီကျွန်းထဲက မိဖုရားရွာ၌ မယ်အိမ်ခေါင်း၏သား (ယခု အသက် ၅၀-ခန့်ရှိ) မောင်တိုက်စိုးဆိုသူသည် ရှေးဘ၀က မယ်မင်းပု+ ဖိုးခိုတို့၏ အိမ်၌ ခွေးမဖြစ်ခဲ့ကြောင်း ၊ခွေးသားကလေးများမွေးလျက် တစ်ညသောအခါမှာ စားစရာ မရှိသောကြောင့် တခြားအိမ်သို့သွား၍ ထမင်းအိုးကို ဖွင့်ကာ ထမင်းချိုးကို ကိုက်စားနေခိုက် အိမ်ရှင်က ခရင်းနှင့် ရင်ဘတ်ကို ထိုးသောကြောင့် ထွက်ပြေးလာခဲ့ရကြောင်း၊ သားကလေးများအနီးသို့ ရောက်သောအခါ လဲကျ၍ သေခဲ့ကြောင်း စသည်ကို ပြောပြ၏။ ထိုသူ၏ ရင်ဘတ်၌
ခက်ရင်းဒဏ်ရာ ထင်လျက်ရှိ၏။ ၎င်းမှာ စွဲလမ်းသော စိတ်ကြောင့်ဖြစ်သည်ဟု ယူသင့်၏။

ဥပမာ အိပ်မွေ့ချထားသောသူအား ဆရာက သံပူနှင့်ကပ်မည်ဟု ပြော၍ ခဲတန်နှင့် ကပ်လိုက်လျှင် စွဲလမ်းမှုကြောင့် ထိုနေရာတွင် မီးလောင်ဖု ပေါ်လာခြင်းမျိုးပင်ဟု မှတ်ရာ၏။” (နှာ -၄၈)

အထက်ပါ ကောက်နှုတ်ချက်အဖြေများအတိုင်း `ယခင်ဘ၀က အမာရွတ်များ ယခုဘ၀အထိပါလာခြင်းမှာ စိတ်စွဲလမ်းမှုကြောင့် စိတ္တဇရုပ်များက ကျေးဇူးပြုသဖြင့် ထင်လာခြင်း´ဟု သဘောကျ မှတ်သားသင့်ပါသည်။

အရှင်ကောဝိဒ (ယော)

"အတုအယောင်(၂)မျိုး"

အဋ္ဌကထာမှာ အတုအယောင်နဲ့ပတ်သက်ပြီး(၂)မျိုးပြထားတယ်။ အဓိဂမသဒ္ဓမ္မ နဲ့ ပရိယတ္တိသဒ္ဓမ္မ။အဓိဂမသဒ္ဓမ္မ -ဆိုတာ တရားဓမ္မကြိုးစားအားထုတ်လို့ ရရိှလာတဲ့ သိရှိလာနိုင်တဲ့ တရားထူး တရားမြတ်တွေကိုခေါ်တယ်။ဆိုလိုတာက ဈာန်တရား မဂ်တရား ဖိုလ်တရား ဝိဇ္ဇာ-၃ပါးဆိုတဲ့ ထူးခြားတဲ့ တရားထူးတရားမြတ်တွေဟာ အဓိဂမသဒ္ဓမ္မ ဖြစ်တယ်။

အဓိဂမသဒ္ဓမ္မ ရဲ့အတုအယောင်တွေက ဘာတွေလဲဆိုတော့ ဝိပဿနာကျင့်စဉ်ကိုကျင့်တဲ့အခါမှာ သမာဓိစွမ်းအားလေးတက်လာပြီး ဖြစ်ပျက်မြင်လို့အသိဉာဏ် ဝင်လာတဲ့အခါမှာ ခန္ဓာကိုယ်ကအလင်းရောင်ထွက်လာတတ်တယ်။သြဘာသလို့-ဆိုတယ်။ ဝိပဿနာစိတ်ကြောင့်ဖြစ်လာတာ။သန့်ရှင်းကြည်လင်သောစိတ်ကြောင့် ခန္ဓာကိုယ်ကအလင်းရောင်တွေထွက်လာတာ။အဲ့ဒါကို တကယ့်တရားထူး တရားမြတ်လို့ယူဆလိုက်လို့ရှိရင်
အဲ့ဒါဟာ အဓိဂမသဒ္ဓမ္မပတိရူပက-ပဲ။တရားအတုအယောင်ပဲ အဲ့ဒါကို ငါမဂ်ဖိုလ်နိဗ္ဗာန်ရပြီ တရားထူးတရားမြတ်ရပြီဆိုပြီး နှစ်သိမ့်ကျေနပ်သွားလို့ရှိရင် ဘာအကျိုးမှ ရမှာမဟုတ်ဘူး။

အဲ့ဒီလို ဝိပဿနာရဲ့အညစ်အကြေးဆိုတဲ့တရားတွေဟာ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာပေါ်လာတတ်တယ်။တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာတော့ဒါမျိုးပေါ်လာမှာမဟုတ်ဘူး။တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေမှာ ဒီလိုတရားတုဆိုတာတွေ့ကြုံလာရတတ်တယ်။

အဲ့ဒီလိုတွေ့ကြုံလာတဲ့အခါ အဲ့ဒီတရားအတုနဲ့ပဲ စိတ်ထဲမှာကျေနပ်သွားပြီးဒီပုဂ္ဂိုလ်ဟာတကယ့်အစစ်အမှန်တရားကို မရဘူး။နောက်ဆုံးသေခါနီးမှာ အချိန်မမှီတော့ဘဲနဲ့ တရားထူးတရားမြတ်မရဘဲနဲ့ ရာဂရှိတဲ့ဘဝနဲ့ပဲ သေဆုံးသွားရတယ်။သံသရာထဲမှာဆက်ပြီးတော့
လည်နေရပြန်တယ်ပေါ့။အဲ့ဒီလိုတရားတုတွေဟာ
ကိုယ်ကျိုးကို ထိခိုက်နစ်နာပျက်စီးစေတတ်တယ်။

ကျင့်သုံးဖို့နဲ့ ပတ်သက်လာတော့ ပဋိပတ္တိဆိုတဲ့တရားအတုကလည်း ရှိသေးတယ်။မမှန်မကန်ကျင့်သုံးမှုတွေ မြတ်စွာဘုရားမဟောဘဲနဲ့ ဟောတယ်ဆိုပြီးတော့ရေးသားထားတဲ့ စာအုပ်တွေဒါမျိုးတွေကလည်း ခေတ်အဆက်ဆက်မှာပေါ်လာတတ်တယ်။အဲ့ဒါတွေကျတော့- ပရိယတ္တိသဒ္ဓမ္မပတိရူပက။သင်ကြားရမယ့်စာအုပ်တွေကလည်း အတုဖြစ်လာတတ်တယ်။ကျင့်သုံးရမယ့်အကျင့်
တရားတွေကလည်း အတုဖြစ်တယ်။အဋ္ဌကထာမှာ ဒီ၂ -မျိုးပြထားတယ်။အဓိဂမသဒ္ဓမ္မပတိရူပက နဲ့ ပရိယတ္တိသဒ္ဓမ္မပတိရူပက လို့ဆိုပြီးတော့ မျက်မှောက်ပြုရမယ့်တရားအတုရယ် သင်ကြားရတဲ့စာပေအတုရယ်-အဲ့ဒ
၂-ခုဟာ အန္တရာယ်တွေကို ဖြစ်စေတတ်တယ်။

ဒီကနေ့ခေတ်မှာ မျက်မှောက်ပြုရမယ့်တရားအတုတင်မကဘူး စာပေအတုတင်မကဘူး အကျင့်တရားနဲ့ပတ်သက်တဲ့အတုတွေလည်း ပေါ်နေတယ်။

ဆိုပါစို့ ဘုန်းကြီးတစ်ပါးကဟောတယ်။သူ့ဆီလာ နာရီဝက်လောက်တရားနာတရားနာရင်း ကြက်သီးမွှေးညှင်းထတယ်။ ပီတိဖြစ်သွားတယ်။သူ့တရားကိုအာရုံစိုက်ပြီးတော့နာ သဒ္ဓတရားရှိရင်လာခဲ့ သူ့တရားကိုနာရီဝက်လောက်ကလေးနာ နာလိုက်တာနဲ့ ကြက်သီးမွှေးညှင်းကလေးထသွားရင် အဲ့ဒါသောတာပန်ဖြစ်ပြီလို့ဟောတယ်။တကယ်မြန်မာပြည်မှာပေါ်ခဲ့တာ။နောက်ဆုံးကြတော့ သောတာပန်ဆိုတဲ့ Certificate တောင်ပေးတယ်နော်။တရားရက်စေ့လို့ရှိရင် တရားထူးတရားမြတ်ကို ကျင့်တဲ့ပုဂ္ဂိုလ်ကရတယ်ပြောပြော မရဘူးပြောပြော သူက လက်မှတ်ပေးတယ်။အဲ့ဒါမျိုးဟာအတုအယောင်လို့ခေါ်တယ်။

မြတ်စွာဘုရားက တရားအစစ်က မဂ်ဖိုလ်နိဗ္ဗာန်ဖြစ်တယ်။ရဖို့ကျင့်ကြံကြိုးကုတ်အားထုတ်ရတယ်။သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်ဖို့ရဟန္တာဖြစ်ဖို့ဆိုတာ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ပြီး အရိုးကြေကြေ
အရေခမ်းခမ်း နည်းမှန်မှန်နဲ့ ကြိုးစားအားထုတ်ရတယ်။
မဟာသီဝမထေရ်ကြီးတို့ဆိုရင်တရားအားထုတ်လိုက်တာ ဝါတွင်းကာလ အဓိဋ္ဌာန်ပြီးတော့ ကြိုးကြိုးစားစား
အားထုတ်တယ်။ဒီတစ်ဝါဖြင့်ရဟန္တာဖြစ်လိမ့်မယ်လို့ ကြိုးစားပေမယ့် ဝါသာကျွတ်သွားတယ်ရဟန္တာမဖြစ်ဘူး။အဲ့ဒီလိုမျှော်လင့်ချက်နဲ့ ဝါတွင်း ဝါတွင်းမှာ အမြဲတမ်း အဓိဋ္ဌာန်ပြီးကြိုးစားလိုက်တာ ဘယ်နှစ်နှစ်ကြိုးစားရတုန်းဆိုရင် နှစ်ပေါင်း-၃၀ ကြိုးစားရတယ်။အဲ့ဒီလိုနှစ်ပေါင်း-၃၀ထိအောင်ကြိုးစားမှ တရားထူးတရားမြတ်ဟာ ရလာတယ်။အင်မတန်မှ ကြိုးစားအားထုတ်ရတယ်။တရားအစစ်ဆိုတာကျတော့လွယ်လွယ်ကူကူနဲ့မရဘူး။ရလို့ရှိရင်လည်း တန်ဖိုးကအပြည့်ရှိတယ်။အဲ့ဒါကို လိုက်တုတဲ့ တရားအတုတွေကတော့ လွယ်လွယ်ကူကူနဲ့
ရနိုင်တယ်။အဲ့ဒီလို တရားအားထုတ်တဲ့နေရာမှာလည်း အတုအယောင်ဆိုတာပေါ်လာတတ်တယ်။

တရားထူးတရားမြတ်ဆိုတာ ကိုယ့်ကျင့်ရင်ကိုယ်ရတာ ကိုယ်သိတာပေါ့။ကိုယ့်စိတ်ထဲမှာဖြစ်တဲ့အရာတွေပဲ။ကိုယ်မသိပဲနဲ့ တခြားလူတစ်ယောက်ကလာပြီးတော့ သောတာပန်ဖြစ်ပြီ သကဒါဂါမ်ဖြစ်ပြီ အနာဂါမ်ဖြစ်ပြီဆိုတော့ သြော် ငါသောတာပန်ပါလား သကဒါဂါမ်လား အနာဂါမ်ပါလားနဲ့ကိုယ့်ကိုယ်ကို အထင်ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း ရှိသေးတာကိုး။ဒါ့ကြောင့်မို့လို့ ဒီနေ့ခေတ်မှာ အတုအယောင်တွေ မရှိဘူးလို့ မအောက်မေ့လေနဲ့အတုအယောင်တွေက အင်မတန်မှပေါတယ်။စာပေနဲ့ပတ်သက်ပြီးတော့လည်းအတုအယောင်တွေ တရားထူးတရားမြတ်ရပုံရနည်းနဲ့ပတ်သက်လို့လည်း အတုအယောင်တွေသောတာပန်အတုတွေ သကဒါဂါမ်အတုတွေ အနာဂါမ်အတုတွေ ရဟန္တာအတုတွေ ဖြစ်နေတယ်။

ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
သဒ္ဓမ္မပတိရူပကတရားတော်မှ ကောက်နှုတ်ချက်
ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေ။
_/\_ _/\_ _/\_
ဤဓမ္မဒါနပူဇော်
ရေးရသောကုသိုလ်တို့ကြောင့်
တိုင်းပြည်နှင့်သာသနာပေါ်မှာကြီးစွာသော
အလုပ်အကျွေးပြုပြီး နိဗ္ဗာန်အတွက်
အထောက်အပံ့ဖြစ်ပါစေ။

Credit

ရဟန်းဒကာ မဖြစ်ခင် ကြောင်အရင်မွေးပါ

ရဟန်းဖြစ်စ ဥပေစ္ဇျာယ် ဆရာတော်ရဲ့
သိမ်ထဲက သြဝါဒလေးပါ ။ (စကားပြောဟန်အတိုင်းရေးပါသည်)
______________________________
''မောင်ပဉ္ဇင်းက မြို့ကြီးမှာ စာဝါလိုက်နေတာ ပထမကြီးတန်းတောင်ရောက်နေပြီဆိုတော့ ၊
အထူးသြဝါဒပေးဖို့ လိုမယ်မထင်ပါဘူး၊
ရှောင်ရန် (၄)ပါးနဲ့ ဆောင်ရန်(၄)ပါးကို
သိတယ် မဟုတ်လား''
''မှန်ပါ့ သိပါတယ်ဘုရား''
''အေးးးဟုတ်ပြီ ၊ရှောင်ရန်(၄)ပါး ဆောင်ရန်(၄)ပါး လိုက်နာပါ ။

သြဝါဒတစ်ခု ပေးလိုက်မယ် ''
''အမိန့်ရှိပါ ဘုရား''
''သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတာ ကိုယ်ပိုင်ဝင်ငွေမရှိဘူး ။ ဒကာ ဒကာမတွေက ကြည်ညိုလို့ လှူမှ ရတာ ၊ ဒကာ ဒကာမတွေ ဆိုတာက ခု ဦးဇင်းလေးရဲ့ ရဟန်းဒကာ ဒကာမတွေနဲ့ ခမည်းတော်မယ်တော် ညီကိုမောင်နှမ ဆွေမျိုးတွေပေါ့ ''
''မှန်ပါဘုရား''

''အေး သူတို့ စည်းပွားရေးလူမှုရေးတွေနဲ့ ဒေါင်ချာဆိုင်း နေတုန်းမှာ ကိုယ့်ဘက်က နားလည် သည်းခံပေးရမယ်၊ ကိုယ်လိုအပ်တာပဲမကြည့်နဲ့ အဆင်ပြေမှ လှူနိုင်မှာ ၊ မြို့မှာနေတာဆိုတော့ လိုအပ်တာတော့အမှန်ပဲ …

ဘုန်းကြီးတို့တုန်းက ခေတ်နဲ့ခုခေတ်မတူတာအမှန်ပဲ အသုံးအဆောင်ပစ္စည်းတွေက အစ
ဈေးကြီးလာပြီ၊ ဒါကြောင့် မှာချင်တာက
''မရှိခြင်းနဲ့နေတတ်အောင် ကျင့်ပေးပါ ဦးဇင်းလေး''
''နာခံပါ့မယ် ဘုရား''

''ရဟန်းဒကာ ဒကာမတွေ လည်း သြဝါဒ တခု ပေးလိုက်မယ်''
''အမိန့်ရှိပါ ဘုရား''
''ဒကာကြီး''
''ဘုရား''
''အိမ်မှာ ကြောင်မွေးဖူးလား''
''မွေးဖူးပါတယ် ဘုရား''
''ခုရော အိမ်မှာ ကြောင် ဘယ်နှစ်ကောင်မွေးထားလဲ''
''စမွေးတုန်းက သုံးကောင်ပါ
နှစ်ကောင်သေပြီး တစ်ကောင်ကျန်နေပါသေးတယ် ဘုရား''

''ကြောင်စာအတွက် တနေ့ဘယ်လောက်ချက်ရလဲ''
''သီးသန့်မချက်ပါဘူး ကိုယ်စားတဲ့ ထဲကနေပြီး လက်တစ်ဆုပ်စာ ကျွေးလိုက်တာပါဘုရား ''
''တစ်နေ့ဘယ်နှစ်ကြိမ်းကျွေးရလဲ ''
''သုံးကြိမ်ပါ ဘုရား''
''သုံးကြိမ်ကျွေးထားရင် ငြိမ်ရောလား ဆက်မတောင်းတော့ဘူးလား''
''ခဏ ခဏ တောင်းတတ်ပါတယ် ဘုရား''
''စိတ်မပျက်ဘူးလား''
''တခါတလေတော့ စိတ်ပျက်မိပါတယ် ဘုရား''
''ဒါဆို မကျွေးပဲ ထားလိုက်ရောလား''
''မထားပါဘူး ဘုရား''
''ကြောင်ပဲ ခူးခပ်စားတာလား ဒကာကြီးမိသားစုက ကျွေးတာလား''
''တစ်ယောက်ယောက်က ကျွေးပေးရတာပေါ့ ဘုရား''
''အေးကွယ်…တိရစ္ဆာန်ဖြစ်တဲ့ ကြောင်အပေါ်မှာတောင် ဂရုစိုက်နိုင်သေးတာ၊
ကိုယ်ရဟန်းခံထားတဲ့ ဦးဇင်းလေးဆိုတာ
ကိုယ့်သားသမီး ဖြစ်သွားပြီ၊ ရင်နဲ့လွယ်ပြီးမွေးထားတာမဟုတ်ပေမယ့်
ရင်နဲ့လွယ်ပြီးမွေးထားတဲ့ သားသမီးတွေလောက်
မပူဆာတတ်ပါဘူး ။

သူ့မှာ ကိုယ်ပိုင်ဝင်ငွေမရှိဘူးလို
လိုအပ်တာအလှူခံလာခဲ့ရင် စိတ်မပျက်နဲ့
ကြောင်စာလောက်ပဲ အလှူခံလိမ့်မယ် ။

စာသင်သားစာဝါလိုက်နေတာဆိုတော့
ပိုပြီးလိုအပ်မှာ ၊ ပညာသင်တုန်းပဲ
ဒီအချိန်မှာတော့ ရဟန်းဒကာ ဒကာမ က
ကြည့်ရှု့ထောက်ပံ့ရမှာ
ကျောင်းထိုင်ဘုန်းကြီးတို့ တရားဟောဓမ္မကထိကတို့ ဖြစ်လာခဲ့ရင်သူက ပြန်ကြည့်လာပါလိမ့်မယ်''

''မှန်ပါဘုရား''
''ခဏခဏတောင်းနေတာပဲ ၊
အလှူခံနေတာပဲဆိုပြီး စိတ်မပျက်မိစေနဲ…''
''မှန်ပါ ဘုရား''

'' ရဟန်းနဲ့ဒကာ ညီညာစွာ သာသနာပြုကြ''
''သာဓု သာဓု သာဓု ပါ အရှင်ဘုရား''

ဘဝနတ်နန်းစံမြန်းတော်မူသော
ဥပေစ္ဇျာယ်ဆရာတော်ဘဒ္ဒန္တဇိန အား ရှိခိုးကန်တော့ပါ၏ …
အရှင်အာစိဏ္ဏ(မြင်းခြံ)

ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း

မေး ။ ။ Wanna —ကျွန်တော်မေးခွန်းလေး နည်းနည်းလောက်မေးချင်ပါတယ်…အခြားဘာသာဝင်များ အနေဖြင့် ဘုရား၊ တရား၊ သံဃာ တွင်ယုံကြည်ခြင်းမရှိနိုင်သောကြောင့် အပယ်သွားနိုင်ပါသလား။ သို့မဟုတ်.. အခြားဘာသာဝင်များသည် နဂိုကတည်းက ဘုရား၊ တရား၊ သံဃာ ကို ယုံကြည်ခြင်းမရှိသဖြင့် … မယုံကြည်ခြင်းကြောင်ဖြစ်ပေါ်သော အကျိုးကို ခံစားရခြင်း မရှိနိုင် ပါသလား။
ဖြေ ။ ။ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့ မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။ ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်ကို ဖူးရရုံ ၊ နဲ့ ဘုရားရှင်ကို ယုံကြည်နေရုံနဲ့ အပယ်လွတ်မယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်ပြုတဲ့ ကုသိုလ်ကောင်းမှု ၊ အကုသိုလ် မကောင်းမှုတွေ က သာ ကိုယ့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘုရားနဲ့ ညီအကိုလဲတော် ၊ ယောက်ဖလဲဖြစ် ၊ ဘုရားကို သက်ရှိထင်ရှားဖူးတွေ့ရတဲ့ ဒေ၀ဒတ် အ၀ီစိ ကျရတာ ၊ ပုထုဇဉ်တွေထဲမှာ ဘုရားရှင်ကို ယုံကြည် ကိုးကွယ်သူ ကြည်ညို တဲ့ အရာမှာ အမြတ်ဆုံးပါလို့ ဘုရားရှင်ကိုယ်တော်တိုင်ချီးကျူးရတဲ့ အဇာတသတ် သူပြုတဲ့ ပိတုကာရက ကံကြောင့် အပယ် လောကန္တရိတ်ငရဲကျရတာတွေ ဟာ သာဓကတွေ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် ၊ အစ္စလာမ်ဖြစ်ဖြစ် ၊ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ငရုတ်သီးစားရင် စပ်မှာပဲ ၊ သကြားစားရင် ချိုမှာပါပဲ ။
ဒိလိုပဲ ကုသိုလ်လုပ်ရင် ကောင်းမှုအကျိုးခံစားရမယ်။ အကုသိုလ်လုပ်ရင်တော့ မကောင်းမှုအကျိုးခံရမှာပါပဲ ။ ဒီတော့ ကောင်းမှုဆိုတာဘာလဲ ၊ မကောင်းမှုဆိုတာဘာလဲ ဆိုတာကို သေသေချာချာရှင်းလင်းဟောပြောမှုမှာ ဗုဒ္ဓဘာသာက အရမ်းကို စနစ်ကျတယ်။
သီတဂူဆရာတော် ကို အမေရိကန်က ပရောဖက်ဆာကြီးတစ်ဦးက တရားပွဲအပြီးမှာ အခန်းထဲပင့် ၊ တံခါးကို ပိတ်ပြီး မေးတာ ဒီမေးခွန်းပဲ ။ ကောင်းမှုဆိုတာ ဘာလဲ ။ မကောင်းမှုဆိုတာဘာလဲ တဲ့ ။ သူ့ကို ဒါတောင်မသိဘူးလားလို့ ဗုဒ္ဓဘာသာတွေက လှောင်မှာဆိုးလို့ တံခါးပိတ်ပြီးမေးရတာပါတဲ့ ။
ကောင်းမှုဆိုတာ ဗုဒ္ဓအလိုအရ ပုညကိရိယာဝတ္ထု (၁၀)ပါး ၊ မကောင်းမှုကတော့ ဒုစရိုက်(၁၀)ပါးပဲပေါ့ ။
ဒီတော့ နိုင်ငံခြားသာသနာပြုခရီးတွေမှာ ဗုဒ္ဓဘာသာဝင်ပြီးမှာ တရားကျင့်စဉ်တွေ သင်ပေးမယ်လို့လဲ မရှိပါဘူး။ World Buddhist Summit (၂၀၀၅) အပြီးမှာ အီရန်က မွတ်စလင်တွေ သင်ခိုင်းတုန်းကလဲ စစ်ကိုင်းမှာ သင်ပေးတာပါပဲ ။ စိတ်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင် ဘယ်သူဖြစ်ဖြစ်ကျင့်လို့ ရပါတယ်။
ဗုဒ္ဓ ဆိုတာကို ဆုံးမသူ (ဆရာ) အဖြစ်သာ နားလည်ရပါတယ်။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်ဆိုတာနဲ့ ကွာပါတယ် ။ သူက ဒုက္ခအားလုံးတကယ်ချုပ်တာဟာ နိဗ္ဗာန်ဖြစ်တယ်၊ ဒီနိဗ္ဗာန်ကို အသက်ရှင်လျက်မှာပဲ လက်တွေ့ရောက်အောင်ဘယ်လို သွားလို့ ရတယ်ဆိုတာကို ပြောပြတယ် ။ သွားချင်သူတွေ အတွက် မဂ္ဂင်ဖောင်ဆိုတဲ့ လမ်းစဉ်(၈)ပါးချမှတ်ပေးတယ် ။ ပြီးတော့ သွားတဲ့ ခရီးမှာ ဒီကွေ့မှာ အတားအဆီးကို ဒီလိုကျော်ပါ ၊ ဟိုကွေ့မှာ ဟိုလိုကျော်ပါ စသည် စနစ်တကျသင်ကြားပေးတယ်။ လက်ရှိဘ၀မှာတင် နိဗ္ဗာန်ဆိုတာကို မြင်ရအောင် ကျင့်နိုင်ကြတယ်။ ဒီတော့ မဂ္ဂင်ဖောင် ကို ပေးနိုင်တဲ့ ဗုဒ္ဓရဲ့ ပညာ ရယ်၊ အကျင့်သီလပိုင်းရယ်ကို ယုံကြည်ကြတယ်။ လေးစားကြတယ်။ ဒီတော့ သူ့ကို ကိုးကွယ်ကြတယ်။ ဒီမဂ္ဂင်ဖောင်ကို စီးပြီး သွားရာမှာ လှော်ခတ်ဖို့၊ အတားအဆီးတွေမှာ ဗုဒ္ဓပြောသလို ကျော်ဖြတ်ဖို့ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာပါပဲ ။
ဒါကြောင့် ဗုဒ္ဓဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာတစ်ခု အရေးပါနေတယ်။ ဘုရားသခင်ကို ယုံကြည်ယုံနဲ့ ကိစ္စပြီးပြီလို့ လက်ခံသူတွေအတွက် ဒီ အချက်က ရှုပ်သွားစေတယ်။
နောက်တစ်ခု ဗုဒ္ဓဘုရားရှင်ကို မယုံကြည်ဘဲ ကျင့်ရင်လဲ နည်းမှန်အောင်လိုက်ကျင့်လို့ကတော့ တရားထူးကို ရနိုင်ပါတယ်။သနိဋ္ဌိကော ၊ ဧဟိပသိကော စတဲ့ တရားဂုဏ်တော်များက ဒီအချက်ကို သက်သေပြုပါတယ်။
အီဂျစ်နိုင်ငံ မာအတ် ဘုရားကျောင်းက ရှေးဟောင်းခရစ်ယာန်ကြီးတွေဟာ သမထကျင့်စဉ်တွေကို သီဟိုရ်ကနေသင်ပြီး ကျင့်ကြတယ်။ လေလုံအိမ်တွေမှာတောင်နေပြီး သမာဓိကောင်းကောင်းရအောင် ကြိုးစားကြတယ်။ အတော်ဆုံး ဖာသာကြီးတွေ ကမ္ဘာ(၄၀) အထိ ရှေ့ ၊နောက် ဘ၀တွေကို မြင်နိုင်ကြောင်း သက်သေပြနိုင်ကြတယ်။ သူတို့ ကမ္ဘာစပုံ ၊ ပျက်ပုံ တွေ့၇တယ်။ သိရတယ်။ကမ္ဘာစဖြစ်လာနေတဲ့ အချိန်မှာ ဖန်ဆင်းရှုင် ဘုရားသခင်ကို ရှာမတွေ့ကြောင့်တော့ ၀န်ခံရတယ်။ ( The Supreme Science of The Buddha by Egerton C. Baptist) ဒီစာအုပ်မှာ ပါပါတယ်။သူတို့ ကမ္ဘာ(၄၀) ကို ကျော်ပြီးမြင်ချင်ကြတယ်။ မရဘူး။ သီဟိုရ်မှာ ပြန်သွားမေးတယ်။ သီဟိုရ်ဆရာတော်တွေက အထောက်အထားနဲ့ ရှင်းပြရတယ်။ ကိလေသာမကင်းလို့ပါတဲ့ ။ သူတို့ ရတဲ့ အဘိဥာဉ်ဟာ အရှင်အနုရုဒ္ဓါ ရဟန္တာမဖြစ်ခင်ရတဲ့ စွမ်းအားဖြစ်နေပြီနော် ။ သိပ်တော်ကြတယ် ။ဒီမှာကြည့်ရင် ဘုရားရှင် မရှိတော့ ပေမယ့် သူဟောခဲ့ သင်ကြားခဲ့တာတွေကို ဗုဒ္ဓဘာသာမ၀င်ပဲ ကျင့်လဲ ရတယ်ဆိုတာ သေချာနေတယ်။
မြန်မာ ဗုဒ္ဓဘာသာတွေက ဒါန ၊ သီလ ၊ ဘာဝနာ ဒီလို အစဉ်နဲ့ လုပ်တယ်။ အနောက်နိုင်ငံသားတွေက ဘာဝနာ ၊သီလ ၊ ဒါန နဲ့ လုပ်တယ်။ ဘာဝနာလုပ်ကြည့်တယ် သဘောကျပြီးမှ ဗုဒ္ဓဘာသာကို ၀င်တယ်။ သီလဆောက်တည်တယ်။ လှူတာကို နောက်ဆုံးမှ လုပ်တယ်။ ဖားအောက်တောရမှာ တရားကျင့်သွားတဲ့ အမေရိကန် ကျောင်းသားဆိုရင် ဗုဒ္ဓဘာသာမ၀င်ပါဘူး။ ကျောင်းမှာနေပြီး သမထတွေ လုပ်တယ် နတ်၊ဗြဟ္မာ ၊ပြိတ္တာတွေကို သူ့ဟာသူမြင်ရအောင် ကြိုးစားကျင့်တယ်။ ဈာန် သမာပတ်ကို ကောင်းကောင်းနိုင်ပြီ၊ (၃၁)ဘုံကို လက်ခံနိုင်ပြီးမှ ဘာသာပြောင်းပါတယ်။
ဒီတော့ ဗုဒ္ဓဘာသာဟာ ယုံကြည်တယ်ဆိုတာနဲ့မပြီးပါဘူး။ ကျင့်မှ ရတယ်။ ကျင့်ရင် ဘယ်သူမဆို ရနိုင်ပါတယ်။ ကုသိုလ်ကို လုပ်ရင် အားလုံး ကောင်းမှု စံစားရမယ်။ အကုသိုလ်ကို လုပ်ရင် အားလုံး မကောင်းမှု ခံစားရမယ်။ ကံ နဲ့ ကံ၏ အကျိုး ၊ ကံ နဲ့ ၀ဋ်တွေကို ဘယ်သူမှ မလွန်ဆန်နိုင်ကြောင်း ကိုလဲ တော်တော် ရေးထားပြီးသားမို့ ကျေနပ်မယ်ထင်ပါတယ် ။
ချမ်းသာကြပါစေ

နေလင်း (ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း) by Nay Lin (နေလင်း)

အမေး။ ။ဆရာတော်ဘုရား.....ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာ ဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊ ဒါမှမဟုတ် ရှစ်ပါးသီလ ပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။
ရဲလင်း
သထုံ

အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ - ဘယ်အချိန်အထိ စောင့်ထိန်းပါ့မယ် ဆိုပြီး ကာလအပိုင်းအခြားနဲ့ သီလဆောက်တည် မယ်ဆိုရင် ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက် ၆ နာရီအထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို ၆ နာရီအထိသာ သီလရှိပြီး ၆ နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ် ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည်ထားရင်တော့ ငါးပါးသီလ ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။
သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလ ဆောက်တည်ပါ၏” လို့ သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့၊ သီလဆောက်တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါး အားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါးသီလကို အစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။

မှတ်ချက်။ ။မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။
ဓမ္မရံသီ ဘာသာရေးအမေးအဖြေများ မှတဆင့်ပြန်လည်ကူယူဖော်ပြပါသည်။

Friday, February 17, 2017

ဝါးတစ်လုံးနှင့် လူဆယ်ယောက်

ရှေးလွန်လေပြီးသောအခါ မြန်တိုင်းဗာမာဏသီပြည်တွင် အဘိုးအိုတစ်ဦးသည် သားတစ်ကျိပ်နှင့်အတူ ရွာသာယာ၌ နေထိုင်၏။ သူ၏ သားများကား မောင်ရွှေရိုး၊ မောင်ညစ်၊ မောင်ပုပ်၊ မောင်ကတ်၊ မောင်ကျယ်၊ မောင်လည်၊ မောင်ကောက်၊ မောင်ပျင်း၊ မောင်ဖျင်း၊ မောင်သစ္စာ ဟူ၍တွင်၏။
သားအထွေး ပြေးလွှားတတ်သောအရွယ်တွင် အဘိုးအို၏ မယားသည် ကွယ်လွန်၏။ အဘိုးအိုလည်း သားတစ်ကျိပ်ကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေနိုင်လေအောင် ကျွေးမွေးသုတ်သင်သည်။ ဤသို့လျှင် သားတို့သည် လူလားမြောက်လာကြသော ဟူ၏။ သားအကြီးကား မောင်ပဉ္စင်း အရွယ်ရှိသည်။ သားထွေးကား ကိုရင်ဝတ်လျှင် သင်္ကန်းနိုင်သောအရွယ် ရောက်လေပြီ။.
အဘိုးအိုသည် နောင်ရေးကို မျှော်တွေးထောက်ရှု၍ ပစ္စည်းဥစ္စာတို့ကို ကြိုတင်သိုမှီးပြီးလျှင် သားတစ်ကျိပ်တွက် ပဗ္ဗဇိတမင်္ဂလာကို အထိုက်အလျောက် ဆင်ယင်ကျင်းပနိုင်ရန် ပြင်ဆင်လေသည်။ အဘိုးအို၏ သဘာဝကား အဖတို့၌ ရှိသော ချစ်ခြင်းမေတ္တာဖြင့် ၀တ်ကြီးဝတ်ငယ်မှန်သမျှကို သားတို့မပင်ပန်းရလေအောင် မိမိကချည်း ထမ်းဆောင်သော သဘာဝဖြစ်သည်။ သို့သော် ယခုအခါ မိမိသည် အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ မိမိကိုယ်တိုင် အရာရာကို ထမ်းဆောင်ခြင်း မပြုနိုင်သောကြောင့် သားတို့ကို တောက်တိုမယ်ရကိစ္စတို့၌ စေခိုင်းရလေသည်။

တစ်နေ့သောအခါ သားတို့၏ ရှင်ပြုရဟန်းခံအလှူအတွက် ရွာသာယာ၌ မဏ္ဍပ်ထိုးရန်ကိစ္စ ပေါ်ပေါက်လာသည်။ ထိုအခါ အဘိုးအိုသည် သားတစ်ကျိပ်ကို အပါးသို့ခေါ်၍ ဤသို့ဆို၏။
“အမောင်တို့ သင်တို့သည် ၀ါးရုံတောသို့သွား၍ ၀ါးပိုးဝါးကို ခုတ်ကြလော့၊ ၀ါးပိုးဝါးကိုရလျှင် ညီအစ်ကို တစ်ကျိပ် စုပေါင်း ထမ်းရွက်၍ ရွာသို့အရောက် သယ်ဆောင်ခဲ့ပါလော့၊ သားတို့ကို သက်တောင့်သက်သာရှိစေရန် ၀ါးတစ်လုံးကို ဆယ်ယောက်မျှ၍ ထမ်းကြကုန်၊ သားကြီးက ရှေ့ကထမ်း၍ ဦးဆောင်လေ၊ သားထွေးကမူ နောက်ဆုံးမှာ နေရာယူ၍ လမ်းဖြောင့်အောင် ထိန်းမတ်ပေးလေ၊ ကျန်သားရှစ်ဦးတို့ကား ကြီးစဉ်ငယ်လိုက်နေရာယူပြီးလျှင် ၀န်ထုပ်ဝန်ပိုးအပန်းမကြီး စေခြင်းငှာ ညီညာဖျဖျ အလယ်မှလိုက်၍ ထိုက်ရွက်ကြစေ”
သားတစ်ကျိပ်လည်း ဖခင်စေလိုက်သည့်အတိုင်း ၀ါးရူံတောသို့ ခရီးထွက်ကြ၏။ သားကြီးမောင်ရွှေရိုးသည် အလုပ် ကို ရိုးသားစွာ လုပ်ကိုင်တတ်ဘိသကဲ့သို့ သားထွေးမောင်သစ္စာကလည်း လူငယ်ပီပီ သစ္စာရှိရှိနှင့် ဖျတ်ဖျတ်လတ်လတ် ဆောင်ရွက်တတ်၏။ ကျန်သားရှစ်ယောက်ကား အလုပ်ရှိလျှင် ညစ်ပုပ်ကပ်ကျယ်၊ လူလည်လုပ်၍ ကောက်ကျစ်ငြူစူ၊ အပြင်းထူသည့်အပြင် အဖျင်းလည်းနိုင်လှ၏။ ဤသဘာဝကို ဆင်ခြင်မိသော် အဘိုးအိုသည် လုပ်ငန်းတာဝန်တို့ကို အထက်ပါအတိုင်း အသေးစိတ်ညွှန်ကြားခဲ့ရ၏။
ဝါးပိုးဝါးကို ခုတ်ကြသောအခါ သားအကြီးနှင့် သားထွေးတို့သည် အဖေမှာသည့်အတိုင်း ၀ီရိယဖြင့် ဖြောင့်ဖြောင့် မတ်မတ် မခိုမကပ်လုပ်ကိုင်ကြ၏။ ကျန်သားရှစ်ယောက်မူကား မိမိတို့၏ ၀သီအတိုင်း ဆင်ခြေအမျိုးမျိုးပေးကာ ညစ်ပုပ် ကတ်ကျယ်ပြု၏။ ကွေ့ကွေ့ကောက်ကောက်နှင့်အလုပ်ကို ဖြောင့်ဖြောင့်မလုပ်။ အပျင်းထူသူကထူ၍ ညံ့ဖျင်းသူက ညံ့ဖျင်း၏။ သို့သော် သားကြီးနှင့်သားထွေးတို့၏ လုံ့လကြောင့် ၀ါးခုတ်သောလုပ်ငန်းသည် အချိန်မီပြီးမြောက်လေသည်။
ထိုအခါ အဖေမှာသည့်အတိုင်း သားတစ်ကျိပ်သည် ၀ါးပိုးဝါးကိုထမ်း၍ ရွာသို့ ပြန်လာလေသည်။ ၀ါးရုံတောသို့ သွားရာလမ်းကား တောအထပ်ထပ် တောင်အထပ်ထပ်နှင့် လျှိုမြောင်ချောက်ကမ်းပါး ဖြစ်၏။ ခလုတ်ကန်သင်းတို့လည်း ပေါများ၏။ ထို့ကြောင့် အပြန်ခရီးတွင် သားကြီးသည် သတိကြီးစွာဖြင့် ဦးဆောင်ရသည်။ သားထွေးလည်း အစ်ကိုကြီး၏ ရှေ့ဆောင်လမ်းပြမှုကို တစ်သဝေမတိမ်းခံယူ၍ ၀ါးပိုးဝါးကြီးကို ခရီးလမ်းဖြောင့်အောင် ထိန်းပေးသည်။
ကျန်ညီအစ်ကို ရှစ်ယောက်တို့ကား တစ်ဦးက အရှေ့ဟုဆိုလျှင် တစ်ဦးက အနောက်သို့ရောက်အောင်၊ တစ်ဦးက တောင်ဟုဆိုလျှင် တစ်ဦးက မြောက်သို့ရောက်အောင် ရှေးတိုးနောက်ငင် ဘယ်တိမ်းညာရွှေ့ ပြုလုပ်ကြ၏။ စိတ်စေတနာ မဖြူစင်သော မောင်ညစ်သည် ၀ါးပိုးဝါးကို မထမ်းဘဲ တွယ်၍လိုက်လေရာ တစ်ခုသော ချောက်ကမ်းပါးသို့ ရောက်သောအခါ ၀ါးပိုးဝါး လက်မှလွတ်၍ ချောက်ထဲသို့ ဒလိမ့်ခေါက်ကွေး ကျလေသည်။ မနောဆိုးသည် မောင်ပုပ်ကား မောင်ညစ်လိမ့်ကျ သည်ကို အားရ၀မ်းသာဖြစ်၍ ၀ါးလုံးပေါ်ခွ၍ စီးရန် ခုန်တက်၏။ ထိုအခါ အားလွန်၍ မောင်ညစ်နောက်သို့ လိုက်ရလေသတည်း။

ကတ်ပိုးကတ်ဖဲ့လုပ်တတ်သော မောင်ကတ်သည် သူ့ဝန်က ပေါ့သည် ငါ့ဝန်က လေးသည်ဟုတွက်ကတ်ရင်း ၀ါးပိုး ၀ါးကို လက်နှင့်မျှပင် မတို့ဘဲ နမော်နမဲ့နှင့် လိုက်ပါလာခဲ့ရာ အခြားသော ချောက်သို့ရောက်သော် ခလုတ်တိုက်၍ လဲပြီးလျှင် ချောက်ထဲ ကျပြန်သည်။ အော်ကျယ်အော်ကျယ်နှင့် တစ်လမ်းလုံး သြဇာပေး လာသော မောင်ကျယ်ကား မောင်ကတ်ကို တိုက်မိသောကြောင့် မောင်ကတ်သွားရာ လမ်းသို့ လိုက်ပြန်သည်။ မောင်လည်ကား တစ်လမ်းလုံး လူလည်လုပ်၍ လိမ်ဖယ် လိမ်ဖယ်နှင့် လျှောက်လာခဲ့ရာ အခြားနေရာသို့ ရောက်သော် ချောက်ထဲသို့ ချော်၍လဲပြန်သည်။ မောင်ကောက်မှာမူ သူတစ်ပါးကို မည်ကဲ့သို့ အကောက်ကြံရမည်နည်းဟု စိတ်ကူး၍ အပျင်းဆန့်နေသူ မောင်ပျင်းကို နောက်ပေါက် ပေါက် လိုက်ရာ နှစ်ဦးစလုံး ချောက်ထဲ လိမ့်ကျကြလေသတည်း။ အလိုက်မသိသော မောင်ဖျင်းက သူ့အစ်ကို လိမ့်ကျသည်ကို လှမ်း၍ ဆွဲလိုက်သောအခါ သူလည်း ချောက်ထဲသို့ အဆစ်ပါ၍ သွားလေသည်။
မောင်ရွှေရိုးနှင့် မောင်သစ္စာတို့သည် ၀ါးပိုးဝါးပါ ချောက်ထဲမကျရလေအောင် သတိနှင့်သွားနေကြရသည်နှင့် ညီအစ်ကို ရှစ်ဦး ချောက်ထဲကျသည်ကို မည်သို့မျှ မကယ်နိုင်ချေ။ မိမိတို့၏လမ်းကို မိမိတို့မှန်မှန်သွားရင်း၊ အချိန်တန်သော် အိမ်ပြန်ရောက်လေသတည်း။
အိမ်သို့ရောက်သောအခါ သားကြီးနှင့်သားထွေးတို့က အဖအား ဖြစ်သမျှအကြောင်းကို ပြောပြပြီးလျှင်..
“အဖေရယ် သူတို့အတွက် မပူပါနဲ့.. သူတို့ဟာ တောကျွမ်းသူတွေ ဖြစ်လို့ ရွာလမ်းကိုရှာပြီး အိမ်အရောက် ပြန်လာနိုင်လိမ့်မယ်..သူတို့မပါဘဲ ကျွန်တော်တို့နှစ်ယောက်ထဲ အလုပ်လုပ်ရတာ အနှောက်အယှက်မရှိလို့ အလုပ် တွင်ကျယ်ပါတယ် အဖေရဲ့ ” ဟု ဆို၍ နှစ်သိမ့်စေ၏။
အဘိုးအိုလည်း သားတို့၏ဖြစ်အင်ကြောင့် အလှူလုပ်ဖို့ကိစ္စ နှောင့်နှေးမည်ကို စိုးရိမ်ပူပန်မိသည်။ သို့သော် သားကြီးနှင့် သားထွေးတို့က ကိစ္စပြီးမြောက်အောင် ဆောင်ရွက်ပါမည်ဟု ဆို၍ အလှူမဏ္ဍပ်ကို ထိုးလေ၏။
အလှူမဏ္ဍပ်ကြီး ပြီးမြောက်သောအခါ အဘိုးအိုသည် သားရှစ်ယောက်ကို မျှော်လေသည်။ ကံကောင်းထောက်မ၍ အဘိုးအို မျှော်သည့်အတိုင်း သားရှစ်ယောက်တို့သည် မဏ္ဍပ်အတွင်းသို့ အစီအရီ ၀င်လာကြလေသည်။
ဝင်လာသူတို့သည် မောကြီးပန်းကြီးနှင့်မို့ ရုတ်တရက်စကားမပြောနိုင်ကြချေ။ အားလုံးမှာ ညစ်ပတ်ပေရေ၍ အ၀တ်အထည် စုတ်စုတ်ပြတ်ပြတ်နှင့် မြင်မကောင်းရှုမကောင်း ရှိကြသည်။ အဘိုးအိုကား မိဘတို့၏ ချစ်ခြင်းမေတ္တာဖြင့် မဏ္ဍပ်အတွင်း ၀င်လာသော သားတို့ကို ဖက်လှဲတကင်းကြိုဆိုပြီးသောအခါ သားတို့ဖြစ်ရပုံအကြောင်းစုံကို မေးမြန်းလေ၏။
ထိုအခါ မောင်ညစ်က ရှေးဦးစွာ ပြောပြလေသည်။
“မပြောပါနဲ့တော့ အဖေရာ.. ကျွန်တော် ချောက်ထဲကျပေမယ့် မနာပါဘူး.. ရှေ့မှာက ရွာကလေးတစ်ရွာတွေ့လို့ ၀င်ပြီး အကူအညီတောင်းပါတယ်.. ကျွန်တော့်ကို အကူအညီပေးမယ်ပြောပြီး ရွာထဲမှ ထွက်ခွင့်မပေးဘဲ ညစ်ထားကြတာ ကျွန်တော့်မှာပါတဲ့ ပိုက်ဆံလည်း ကုန်တော့မှ ကျွန်တော့်ကို ရွာထဲက နှင်ထုတ်ကြတယ် အဲဒါနဲ့ ကျွန်တော် ခြေကျင် လျှောက်ပြီး ရွာသာယာကို အရောက်ပြန်ခဲ့ရတယ်”
ထို့နောက် မောင်ပုပ်က ဤသို့ အစီရင်ခံလေသည်။
“အဖေရယ် ကျွန်တော်ရောက်တဲ့ရွာမှာ လူတွေဟာ ဘယ်လောက် သဘောပုပ်ပြီး မနော်ဆိုးသလဲဆိုရင် ညီအစ်ကို အရင်းကိုတောင်မှ မလိုတမာနဲ့ အကောင်းမပြောကြဘူး..တစ်ယောက်ကောင်းစားတာကိုမြင်ရင် တစ်ယောက်က မကောင်း ကြံ တော့တာပဲ.. ကျွန်တော် အင်္ကျီကောင်းကောင်းကို ၀တ်လာတာမြင်တော့ ကျွန်တော့်ကို မနာလိုလို့ အင်္ကျီကို ဆွဲလုကြ တာ အင်္ကျီသာပြဲရော သူတို့လည်းမရ ကျွန်တော်လည်း ကျောပြောင်သွားတာပဲ”
”ကျွန်တော် တွေ့တဲ့ရွာသားတွေကတော့ လူကတ်ချည်းပဲဗျာ” ဟု မောင်ကတ်က စကားပလ္လင်ခံ၍ ပြောပြန်သည်။
“ကတ်တာမှ စကားပြောလည်းကတ်တယ်..အလုပ်လုပ်လည်း ကတ်တယ်..ကျွန်တော့်ကို ရွာလိုက်ပို့ဖို့ ပြောတဲ့အခါ ဘယ်ကို လိုက်ပို့ရမလဲ..ဘာကြောင့်လိုက်ပို့ရမလဲ၊ ဘယ်တော့လိုက်ပို့ရမလဲပြောပြီး အချင်းချင်း တွက်ကတ်နေလိုက်ကြတာ တစ်နေ့လည်းမပို့၊ နှစ်နေ့လည်း မပို့၊ ကြာရင် သူတို့ ကျွန်တော့်ပိုက်ဆံ ကပ်ကပ်ပြီးချေးနေလို့ ပိုက်ဆံကုန်ရင် ခရီးစရိတ် ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်လည်း ခြေကျင်လျှောက်လာရတာပါပဲ”
ထိုအခါ မောင်ကျယ်က..
“ငါတွေ့တဲ့ ရွာသားတွေကတော့ လူကျယ်ချည်းပဲကွ မောင်ကတ်ရ..၊ အဖေရယ်.. လူတွင်ကျယ်လုပ်တဲ့
နေရာမှာတော့ ၀ိဇ္ဇာပါပဲ၊ ကျွန်တော့်ကို လမ်းပြပါလို့ပြောတော့ အာကျယ်ပါကျယ်နဲ့ သြဇာပေးတဲ့ လူတွေသာ ထွက်လာပြီး ကျွန်တော့်ကို လမ်းပြမယ့်လူကတော့ တစ်ယောက်မှမရှိဘူးခင်ဗျာ့” ဟု ပြောလေ၏။
“အာကျယ်တာက ခံသာပါတယ် အစ်ကိုရာ၊ လူလည်လုပ်တာကတော့ ခံပြင်းလှတယ်” ဟု မောင်လည်က ပြောပြန်သည်။
“ရွာပြန်ဖို့ လမ်းပြပါလို့ ကျွန်တော်က တောင်းပန်တော့ သူတို့က ကျွန်တော့်ကို လူလည်လုပ်ပြီး အရှေ့က သွားရမှာကို အနောက်ကလှည့်သွားရင် မြန်မြန်ရောက်တယ်လို့ ပြောကြတယ်..သူတို့ ဒီလိုလူလည်လုပ်လာတာကို ကျွန်တော်ခံလိုက်ရလို့ ကိုယ့်ရွာကို စောစော ပြန်မရောက်နိုင်ဘူး အဖေရဲ့ ” ဟု ကတုံးပေါ် ထိပ်ကွက်ခြင်း ခံလိုက်ရတဲ့ မောင်လည်က ငိုကြီးချက်မနှင့် ပြောပြလေ၏။
ထိုအခါ မောင်ကောက်က
“ကျွန်တော်ရောက်ခဲ့တဲ့ရွာက လူတွေဟာ လူလိမ်လူကောက်တွေချည်းပဲ။ ကျွန်တော့်ကို နက်ဖြန်သဘက်နဲ့ အချိန်ဆွဲပြီးထားလိုက်တာ အတန်ကြာမှ ကျွန်တော့်ကို အကောက်ကြံနေမှန်းသိတယ်.. ဒီတော့မှ
ကျွန်တော်လည်း တိတ်တိတ်ထွက်ခွာလာခဲ့ရတယ်” ဟု လိမ်တတ်သူ အညာမိရသည်ကို မခံချင်သော
စိတ်ဖြင့် ပြောလေ၏။
ဤသို့လျှင် မောင်ပျင်းက သူ့ထက်ပျင်းသော ရွာသားတို့နှင့် တွေ့ခဲ့ရကြောင်း၊ မောင်ဖျင်းကလည်း လူဖျင်းများ အကြားတွင် သူသည် လူတော်လူကောင်း ဖြစ်ခဲ့ရသော်လည်း လမ်းမပြတတ်သူ အဖျင်းသမားတို့ကြောင့် ရွာအပြန်မှာ ယောင်လည်လည် ဖြစ်ခဲ့ရကြောင်း အစရှိသည်ဖြင့် အဖေအိုကြီးအား တိုင်တန်းပြောဆိုကြလေသည်။
အဘိုးအိုသည်လည်း သားတို့တိုင်တန်းပြောဆိုကြသော စကားကို ကြားနာပြီးသော် သားတို့ကို မိမိအပါး တွင် ကြီးစဉ်ငယ်လိုက် ၀ိုင်း၍ ထိုင်စေပြီးနောက် အောက်ပါအတိုင်း ဆိုဆုံးမလေ၏။

“ငါ၏ သားတို့ ယခုအခါ သင်တို့သည် လူ့အကြောင်း၊ လောကအကြောင်းကို သိလောက်ပြီ။ ဤ ရွာသာယာ၌ သားတို့သည် မိဘ၏ အရိပ်အာဝါသကို မှီခို၍ မပင်မပန်းအေးချမ်းစွာ နေထိုင်ခဲ့ကြ၏။ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရခြင်း မရှိဘဲ သက်သောင့်သက်သာ နေထိုင်ရသောဘ၀တွင် ကံ၊ ဉာဏ် ၀ီရိယ ဟူသော တရားသုံးပါးကိုမသိ၊ မိမိကိုယ်ကို မိမိ လူပါးလူနပ် လူလိမ္မာကဲ့သို့ အောက်မေ့၍ အချင်းချင်း စေတနာ မေတ္တာမထားကြမူ၍ ပလွှားကာ နေထိုင်ခဲ့ကြ၏။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုသာ မြင်ဖူးသောကြောင့်၊ သူတစ်ပါးတို့ နေထိုင်စားသောက် ကြသော အမူအကျင့် အမျိုးမျိုးတို့ကို နားမလည်ကြ။ မိဘအားကိုးနှင့် လူပေါ်ကြော့ ပြုလုပ်နေကြသည့် အကြောင်းကြောင့် သူတစ်ပါးက ညစ်ပုပ်ကတ်ကျယ် လူလည်လုပ်၍ အကောက်ကြံသမျှကို အမောင်တို့ ခံကြရသည်။ အပျင်းထူသောကြောင့် ဖျင်းအသော ဘ၀၌သာ နစ်မွန်းကြဖို့ ရှိသည်။ သူတစ်ပါးရပ်ရွာတွင် လုံ့လ၀ီရိယကို အရင်းတည်၍ ညီညွတ်သင့်တင့်စွာ ပေါင်းသင်းဆက်ဆံပြီးလျှင် မိမိအကျိုး သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်သော ကောင်းမြတ်သည့် စရိုက်တို့ကိုလည်း အမောင်တို့ ဘာမျှ မသိကြချေ။ လောက၌ သူ့ဖို့ ကိုယ့်ဖို့ဟူ၍ ဖို့နှစ်ဖို့ စိတ်ထားဖြင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း သည်သာလျှင် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းဖြစ်သည်။ မဖြူမစင်သော စိတ်သဘောထားနှင့် သူကောင်းစားလျှင် ငါမနာလိုဟူသော သဘောဖြင့် ခိုကပ်၊ ပျင်းရိ၊ မသိ၊ အဖျင်း၊ အတွင်းကောက်ဉာဏ်၊ မမှန်ဝေ့လည်၊ စွာကျယ်သည်၏ အဖြစ်ကား တိုးတက်ရေးလမ်းစဉ်မဟုတ်။ ညီအစ်ကိုအချင်းချင်း သဘောကြီးကြီးထား၍ တစ်ဦးအကြောင်းရှိလျှင် တစ်ဦးက ကူညီပြီးလျှင် စုပေါင်းလုပ်ဆောင်မှသာ ကြီးပွားရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မည်။ ထို့ကြောင့် ငါ့သားတို့သည် ယခု အဖေ့မှာစကားကို မြေ၀ယ်မကျ နားထောင်၍ အပြီးသတ်စရာ ကျန်နေသေးသော ပဉ္ဇင်းခံ ရှင်ပြူမဏ္ဍပ်ကို တင့်တယ်အောင် ဆောက်လုပ်ကြစေ။ ငါ့သားတို့ကို ရဟန်းအဖြစ်၊ ရှင်အဖြစ်ဖြင့် ငါဖူးလိုသည်။”
ဤစကားကိုကြားသောအခါ မောင်ရွှေရိုးမှအစ၊ မောင်သစ္စာအဆုံးရှိသော ညီအစ်ကိုတစ်ကျိပ်
သည် ညီညာထကြွ၊ ၀ီရိယဖြင့် မဏ္ဍပ်ကြီးကို ဆောက်လုပ်ရာ မိုးထိုးမတ်တတ်ဟိန်း၍နေလေသတည်း။
အဘိုးအို၏ သားတစ်ကျိပ် ရဟန်းခံရှင်ပြုပွဲသည်လည်း အုတ်အုတ်သည်းသည်းနှင့် စည်ကားသိုက်မြိုက်စွာ
ပြီးစီးလေသော် ရွာသာယာရှိသူ အပေါင်းတို့သည် သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုကြလေကုန်သတည်း။ ။

မောင်ထင်
မြတ်လေး မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၇